အပိုင်း ၉
Viewers 171

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၉

 

 

 

 

 

 

ပွဲက ၁၀နာရီခွဲ၌ ပြီးသွားသည်။ ကျိုးလော့ဟွမ် ရောက်လာချိန်၌ ဧည့်သည်များအားလုံး ထွက်ခွာသွားပြီဖြစ်သည်။ အဝေးမှကြည့်လျှင် သန့်ရေးရှင်းသမားများသာ ကျန်တော့၏။

 

 

အခု တည့်တည့်သွားလိုက်တော့....

 

 

ကျိုးလော့ဟွမ်မှာ ခါးနား၌ စိုစွတ်နေသည့် သူမ၏ အဝတ်များကိုကြည့်လိုက်ရာ ၎င်းက သိသိသာသာကို အလုပ်ဖြစ်မည့်ပုံမပေါ်ပေ။

  

 

သူမဟာ ကားပြတင်းကို ဖွင့်၍ ကျီမိသားစု၏ ပုံကို ရိုက်လိုက်ပြီးနောက် ကျန်းဟုန်ထံ သူမ၏ ကွန်ပျူတာကို သုံးကာ မက်ဆေ့ပို့လိုက်သည်။

 

 

[ ကျီယွဲ့ကျစ်က ဘယ်အခန်းမှာ နေတာလဲ? ]

 

 

ကျန်းဟုန် - [... ဒီနေ့က ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားနေ့လေ၊ နင်ဘာလုပ်ချင်လို့လဲ? ]

 

 

သူဟာ မတိုင်ခင်ကိစ္စများအကြောင်း မမေးခဲ့ပေ။ မည်သို့ဖြစ်စေ ယခု ကျိုးလော့ဟွမ် ကျီယွဲ့ကျစ်အကြောင်းမေးလာရန် စိတ်ရှိနေသေးသည်။ သို့သော်လည်း ဒါက သူ့ရဲ့ ကျန်းမိသားစု အချက်အလက်ကို အသုံးပြုရမယ့် ပုံစံမျိုးလား?

  

 

ကျိုးလော့ဟွမ်က နာကျင်မှုကြောင့် စိတ်မရှည်တော့သဖြင့် ထပ်မေးလိုက်သည်။ [ ဘယ်တစ်ခုလဲလို့? ]

 

 

ကျန်းဟုန် - [ တတိယထပ်က ဘယ်ဘက်မှာရှိတဲ့ ဒုတိယအခန်း ]

 

 

ကျိုးလော့ဟွမ်မှာ ကျန်းဟုန် ပြောပြလာသည့် အခန်းကို မော့ကြည့်လိုက်သည်။ ပြတင်းမှဆိုလျှင် အတွင်းဘက်က မှောင်မဲနေ၏။ ဟုတ်သည်၊ သူ့အနေနှင့် အသက်ပြည့်ခြင်း အခမ်းအနားနေ့၌ သူ၏ မိသားစုနှင့် အချိန်အချို့ အတူ ကုန်ဆုံးနေခြင်း ဖြစ်ရမည်။ ထိုအခိုက်၌ ကျီယွဲ့ကျစ်မှာ သူ၏ မိဘများနှင့် အတူရှိနေခြင်း ဖြစ်ဖို့များ၏။

  

 

သူမဟာ နံဘေးရှိ အပြာ၊ အနက်နှင့် ရွှေရောင် လက်ဆောင်ဘူးကို ကောက်ကာ ကျီမိသားစုအစောင့်များကို ကျော်ဖြတ်၍ ‌အပေါ်ထပ်သို့ တိုက်ရိုက်တက်သွားကာ ပြတင်းတံခါးမှ တဆင့် ဝင်ရောက်ပြီး လက်ဆောင်ကို တိတ်တဆိတ် ထားခဲ့ဖို့ ပြင်လိုက်သည်။

 

 

ကျီမိသားစုအစောင့်များက သိသိသာသာပင် စစ်လက်နက်ဒေတာဘေ့စ်အပြင်ဘက်မှ အစောင့်များထက် ပို၍ သတိရှိကြသော်လည်း ကျိုးလော့ဟွမ်ကို ပစ်ခတ်ခဲ့သည့် အစောင့်ထက် များစွာ အားနည်းနေကြဆဲဖြစ်သဖြင့် ဝင်ဖို့ မခက်လှချေ။

  

 

တတိယထပ်ကို ထပ်ပြီးနောက် ကျိုးလော့ဟွမ် မှာ အောက်ဘက်၌ ကင်းလှည့်တော့မည့်ဟန်ပြင်နေသည့် အစောင့်ကို ခေါင်းလှည့်ကြည့်၍ ပြတင်းကို အမြန်ဖွင့်ကာ ဝင်လိုက်သည်။

 

 

ကျိုးလော့ဟွမ်က အမှောင်ထဲ၌ ရပ်ကာ သူ့နံဘေးရှိ စားပွဲထက်တွင် လက်ဆောင်ကို ထားဖို့ ပြင်လိုက်၏။ ယခုတွင် ၁၁:၅၀ ရှိပြီဖြစ်ကာ သူ၏ အသက်ပြည့်ခြင်း အခမ်းအနားကို မကျော်သေးပေ။

 

  

 

တန်ဖိုးရှိသည့် လက်ဆောင်ဘူးကို စားပွဲထက်သို့ အသာတင်လိုက်၏။ သူမအနေဖြင့် ပြတင်းမှ ထွက်တော့မည် အပြုတွင် တစ်ခုခုကို ရုတ်တရတ် သတိရကာ ရုတ်ခြည်း ပြန်လှည့်လိုက်သည်။

  

 

အသက်ပြည့်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောပြီးသည့်နောက် ကျီယွဲ့ကျစ်မှာ ပွဲတွင် ခပ်ကြာကြာ မနေခဲ့ဘဲ သူ၏ အခန်း၌ အနားယူဖို့ အမြန်ပြန်လာခဲ့သည်။ ၎င်းမှာ အသွင်ကူးပြောင်းခြင်းကာလကြောင့် ဖြစ်နေသည့် နေရခက်မှုကြောင့်သာမက နောက်ဆုံးမိနစ်တွင် ထွက်သွားခဲ့သည့် လူကြောင့်လည်းပါ၏။ နှစ်ဦးသားမှာ ပထမနှစ်ဝက်တွင် သူမ၏ အသက်ပြည့်ခြင်း အခမ်းအနား၌ မတွေ့ခဲ့ကြရဘဲ ယခု သူ၏အသက်ပြည့်ခြင်း အခမ်းအနား၌လည်း အဝေးမှသာ ဆုံတွေ့ခဲ့ကြရသည်။

  

 

သူ့အနေနှင့် ခံစားချက်မကောင်းသဖြင့် လည်ကုတ်ထက်ရှိ ဂလင်းများမှာလည်း အနည်းငယ် ယောင်နေသည်။ ကျီရှီးရှို့က သူ့အား နှစ်ကြိမ်လာကြည့်ပြီး နောက်ဆုံးတွင် သူ့အတွက် မီးပိတ်ပေးခဲ့ကာ ကောင်းကောင်းအနားယူဖို့ ပြောခဲ့သည်။

  

 

ကျီယွဲ့ကျစ်မှာ မိမိအိပ်ရာထက်၌ လှဲနေသော်လည်း မအိပ်ပျော်ပါချေ။ သူ၏ ဂလင်းများက ယောင်ယမ်းကာ နာကျင်နေပြီး မျက်လုံးများ မှိတ်လိုက်သည်နှင့် ကျိုးလော့ဟွမ်က သူမ၏ ဝိုင်ခွက်ကို သူ့ထံ မြှောက်ပြလာသည်အား သတိရသွားသည်။ သူမ ‌ဘေးပတ်လည်ရှိ လူများနှင့် ယှဉ်လျှင် သူမဟာ အနက်ရောင်ဝတ်စုံဖြင့် အတော်ကို ပုံမှန်ဝတ်ဆင်ထားပြီး ပွဲတက်လာသည်နှင့်ပင် မတူပေ။ ထိုသို့ဆိုလျှင်ပင် သူမဟာ လူအများကြား၌ ထင်းနေကာ တောက်ပနေပုံက အခြားလူများကို မှေးမှိန်နေစေ၏။

  

 

သူမအနေဖြင့် ပါတီများတက်ရသည်ကို မကြိုက်သဖြင့် သူမ လာခဲ့သည်မှာ အံ့ဩစရာပင်။ အမှောင်ထဲ၌ ကျီယွဲ့ကျစ်၏ မျက်တောင်ရှည်များ တုန်ယင်သွားကာ မိမိကိုယ်ကို သူမကို မြင်ခဲ့ရသဖြင့် အင်မတန် ပျော်ရွှင်နေပါသည်ဟု နှစ်သိမ့်လိုက်၏။

 

 

ဤသို့သော နှစ်သိမ့်မှုက မကြာရှည်လိုက်ဘဲ ကျီယွဲ့ကျစ်မှာ ပြတင်းအပြင်ဘက်မှ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးများက တမုဟုတ်ချင်း ပွင့်သွားကာ အမူအရာက အေးစက်နေ၏။ ပြတင်း ပွင့်မသွားခင်တွင် သူဟာ အိပ်ရာမှ လှိမ့်တင်းကာ ကုတင်ဘေး စားပွဲအောက်မှ ‌လေဆာသေနတ်ကို အမြန်ဆွဲယူ၍ ပြတင်းအပြင်ဘက်သို့ ချိန်လိုက်သည်။

  

 

ဒီလိုအချိန်မှာ သူ့ကို လုပ်ကြံဖို့လာတာလား ပြန်ပေးဆွဲဖို့လား?

 

 

ကျီယွဲ့ကျစ်က ပြတင်းကို စိုက်ကြည့်နေပြီး စိတ်ထဲရှိ ဗဟိုအစိုးရဌာနချုပ်၏ ဘက်ပေါင်းစုံမှ လတ်တလော သတင်းများကို အမြန် စဉ်းစားနေလိုက်သည်။ သူ၏ သဘောထားကွဲလွဲခြင်းက အချို့လူများ၏ လမ်းကို နှောင့်နှေးစေသောကြောင့်လည်း ဖြစ်နိုင်သည်။

  

 

သို့သော်လည်း သူ၏ တွက်ချက်မှုများနှင့် နည်းစနစ်များက ပြတင်းမှ လက်တစ်စုံ ပေါ်ထွက်လာချိန်၌ ပျောက်ကွယ်သွားသည်။ ကျီယွဲ့ကျစ်မှာ ပြတင်းအပြင်မှ လူ ဝင်လာပြီး တစ်ဖက်လှည့်လာသည်ကို ကြည့်လိုက်သော် လရောင်အောက်၌ ထိုလူ၏ သွင်ပြင်ကို သေချာမြင်လိုက်ရ၏။ သူ၏ မတိုင်ခင်က တောင့်တင်းနေသော လက်များမှာ မသိလိုက်ပါဘဲ ပြေလျော့သွားပြီး မောင်းခလုတ်ကို ချိတ်ထားသည့် လက်ချောင်းထိပ်ဖျားများကလည်း ပြေလျော့သွားသည်။

 

 

သူ စိတ်လျှော့လိုက်သည်နှင့် ပြတင်းရှေ့ရှိ လူမှာ ချက်ချင်း တစ်ခုခုမှားနေသည်ကို သတိပြုမိကာ လှည့်လာပြီး ရုတ်ချည်း ကျီယွဲ့ကျစ်ထံ အကြည့်ပို့လာလေသည်။

  

 

ခေါင်းထက်မှ နာကျင်မှုကြောင့် ကျိုးလော့ဟွမ်၏ နိုးကြားမှုက သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်လောက်မည်။ ပထမတွင် သူမဂာ အခန်းထဲ၌ လူရှိသည်ကိုပင် သတိမပြုမိခဲ့ပေ။ သူမ လှည့်၍ ကုတင်အစွန်းထက်မှ သေနတ်နှင့် တစ်ဝက်ပေါ်နေသည့် မျက်နှာ‌ကိုကြည့်လိုက်သည်။ “....ကျီယွဲ့ကျစ်”

 

 

ကျီယွဲ့ကျစ်က ထရပ်လာပြီး မီးဖွင့်လိုက်ကာ အသံက ထူးမခြားနား ဖြစ်နေဆဲပင်။ “ဘာလုပ်နေတာလဲ?”

  

 

ကျိုးလော့ဟွမ်မှာ မျှခြေကို ပြန်ရရန် စက္ကန့်အချို့မျှ ယူလိုက်ပြီး စားပွဲကို မှီ၍ လက်ဆောင်ဘူးကို သာမန်ကာလျှံကာ ပြန်ယူလိုက်သည်။ “နင့်ရဲ့ အသက်ပြည့်ခြင်းအတွက် လက်ဆောင်”

 

 

“ပြတင်းကနေ လက်‌ဆောင် ပို့ပေးတာလား?” ကျီယွဲ့ကျစ်မှာ လက်တစ်ဘက်၌ လေဆာသေနတ်ကိုကိုင်၍ တစ်ဘက်က နောက်ဘက်၌ ထားကာ တင်းတင်းကြပ်ကြပ် လက်ကို ဆုပ်ထားသော်လည်း မျက်နှာကတော့ ပုံမှန်အတိုင်းပင်။

 

 

“အရမ်းနောက်ကျနေပြီမို့လို့ နင့်ကို နှောင့်ယှက်မိမှာ စိုးရိမ်လို့ပါ” ကျိုးလော့ဟွမ်မှာ မျက်လုံးများ ဖွင့်လျက်နှင့်ပင် လိမ်နိုင်သည်။ ၎င်းကလည်း အမှန် နည်းနည်းပါနေသည်ပင်။ ထို့နောက် ကျီယွဲ့ကျစ်၏ လက်ထံသို့ အကြည့်ကို ပို့ကာ အသာရယ်မောလိုက်သည်။ “သေနတ်ကကောင်းသားပဲ။ အခုနက နင့်ရဲ့ စာနာမှုအတွက် ကျေးဇူးပါ၊ ယွဲ့ကျစ်။”

 

 

အခုနက ကျိုးလော့ဟွမ်မှာ အခန်းထဲ၌ တစ်ယောက်ယောက်ရှိကြောင်း သတိမထားမိခဲ့ပေ။ ကျီယွဲ့ကျစ်သာ ပစ်ခဲ့လျှင် သူမအနေဖြင့် သေချာပေါက် ရှောင်နိုင်ခဲ့မည်မဟုတ်။

  

 

“လက်ဆောင် ပြန်ပေးတာ” ကျိုးလော့ဟွမ်က ကျိုးလော့ဟွမ်ထံ လျှောက်သွား၍ မျက်နှာချင်းဆိုင်၌ ရပ်လိုက်ကာ လက်ဆောင်အား လွှဲပေးလိုက်သည်။ “နင် ဖွင့်ပြီး ကြည့်ချင်လား?”

 

 

သူမအနေဖြင့် တစ်ဖက်လူက လည်ပတ်ကို မြင်ချိန်၌ မည်သို့ ထင်မည်ကို သိချင်မိသည်။ ‘စိတ်ဝင်စားဖို့... ကောင်းမှာပဲ’

 

 

၎င်းတို့နှစ်ဦးစလုံးမှာ ယနေ့တွင် အခြေအနေမကောင်းသဖြင့် ကျိုးလော့ဟွမ် နီးကပ်လာချိန်၌ ကျီယွဲ့ကျစ်မှာ တစ်ခုခုမှားနေကြောင်း သတိပြုမိသွားသည်။ သူဟာ ရုတ်တရတ် မျက်လုံးများပင့်၍ ကျိုးလော့ဟွမ်ကို ကြည့်လာ၏၊ “မင်း!”

  

 

၎င်းမှာ ဖယ်ရိုမုန်း ရနံ့ဖြစ်သည်!

 

 

အေးစက်သည့် နှင်း‌နှင့် ရေခဲက မွန်းကြပ်ဖွယ် ပုံရိပ်ယောင်တစ်ခုနှင့် ရောက်လာသည်။ ၎င်းမှာ ကျိုးလော့ဟွမ်၏ ဖယ်ရိုမုန်းဖြစ်၏။ လူအများစုမှာ အနည်းငယ် အနံ့ရပြီးနောက် အသက်ရှူရာ၌ ခက်ခဲလာလိမ့်မည်။ သို့သော်လည်း ထိုအေးစက်စက် ဖယ်ရိုမုန်းကို ကျီယွဲ့ကျစ် အနံ့ရချိန်၌ သူ၏ မျက်နှာက ဖြည်းဖြည်းချင်း မူမမှန်စွာ နီရဲသွားကာ လည်ကုတ်ထက်ရှိ ဂလင်းများက ယောင်ယမ်း နာကျင်၍ ပူလောင်လာ၏။ နောက်ထပ် ဖယ်ရိုမုန်းကလည်း အခန်းထဲ၌ တိတ်တဆိတ် ပေါ်ထွက်လာတော့သည်။

  

 

ကျိုးလော့ဟွမ်မှာလည်း သိသိသာသာပင် တစ်ခုခုမှားနေကြောင်း သတိပြုမိပါ၏။ အခန်းထဲ၌ ဖယ်ရိုမုန်း ရုတ်တရတ် ပေါ်လာခြင်းက သူမအား အံ့ဩသွားစေသည်။ အိုမီဂါ ဖယ်ရိုမုန်းက ဘယ်ကနေ ရောက်လာတာလဲ?

 

 

အေးစက်သည့် နှင်းနှင့် ရောနေသော အိုင်းရစ်ပန်း၏ ချိုအီအီရနံ့က လေထဲ ပြည့်သွားသည်။ ဖယ်ရိုမုန်းနှစ်ခုက အချင်းချင်း အာနိသင်ပြယ်သွားစေပြီး စိုစွတ်မှု အရိပ်အမြွက်အနည်းငယ်နှင့်အတူ လတ်ဆတ်သည့်ရနံ့ချိုချိုအဖြစ် ပြောင်းသွားသည်မှာ နွေဦးမိုး ရွာပြီးနောက် ကျန်ခဲ့သော တောအုပ်ရနံ့လေးလိုပါပင်။

  

 

အသွင်ကူးပြောင်းပြီးသား အယ်လ်ဖာနှင့် အသွင်ကူးပြောင်းနေဆဲ အယ်လ်ဖာတို့၏ အိုမီဂါ ဖယ်ရိုမုန်းများအပေါ် တုံ့ပြန်မှုမှာ ကွာခြားချက်ကြီးတစ်ခုရှိသည်။ ကျီယွဲ့ကျစ် တမင်သက်သက် အိုမီဂါ ဖယ်ရိုမုန်းအား သုံးလာခြင်းအပေါ် ကျိုးလော့ဟွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမကို ဆန့်ကျင်နေသည်ဟုပင်။ သို့ရာ၌ သူမ မတုံ့ပြန်နိုင်ခင်တွင် ဆန့်ကျင်ဘက်ရှိ ကျီယွဲ့ကျစ်က ရုတ်တရတ်  ပျော့ခွေလာပြီး ကြမ်းပြင်သို့ လဲကျလုနီးပါးဖြစ်နေသည်။ သူမမှာ မသိလိုက်ပါဘဲ သူ့အား ဖက်မိသွား၏။

 

 

နှစ်ဦးသားမှာ နီးကပ်နေရာ ကျိုးလော့ဟွမ်က တစ်ခုခုမှားနေကြောင်း နောက်ဆုံး၌ သဘောပေါက်သွားသည်။ ချိုမြိန်သော အိုင်းရစ်ပန်းရနံ့က ကျီယွဲ့ကျစ်၏ ဂလင်းများမှ လာခဲ့ခြင်းပင်။ သူမအနေဖြင့် ၎င်းကို အကာအကွယ်ကပ်ခွာမှ တဆင့်ပင် ရနံ့ခံနိုင်နေ၏။ ၎င်းက ထိုနေ့က အတန်းထဲ၌ ဖြတ်သွားသည့် ဖယ်ရိုမုန်း ရနံ့နှင့် လုံးဝ ကွဲပြားသည်။

 

 

ဤသည်မှာ အသွင်ကူးပြောင်း ပြီးလုနီးနီး အိုမီဂါ ဖယ်ရိုမုန်းပင်။

  

 

ကျီယွဲ့ကျစ်မှာ ခိုင်ခိုင်မြဲမြဲ မရပ်နေနိုင်တော့ဘဲ ယခုတွင် ကျိုးလော့ဟွမ်၏ လက်များကို မှီတွယ်ထားရသည်။ သူ့အား ရေခဲနှင့် နှင်းတို့ဖြင့် ဖုံးကွယ်ခံထားဟန် ပေါ်နေပြီး သူ၏ ခန္ဓာကိုယ်က နူးညံ့ကာ ပူလောင်လျက် စိတ်တို့က ထွေပြားနေသည်။ သူဟာ ထရန် ရုန်းကန်လိုက်ချင်သော်လည်း ၎င်းက သူ၏ မျက်နှာနှင့် သူမအား ပွတ်သပ်လိုက်သည်နှင့် ပိုတူနေသည်။ အချိန်ကြာ ကြိုးစားပြီးနောက် သူဟာ မျက်နှာကို မော့လိုက်တော့သည်။ သူ့ မျက်ဝန်းကျဉ်းလေးများ၏ အနားသတ်မှာ မက်မွန်တောအုပ်ကဲ့သို့ အနီရောင် သန်းနေသည်။ သူ၏ အသံကမူ ကြည်‌လင်မှုကို ရှာတွေ့လို့ မရနိုင်လောက်အောင် တုန်ယင်နေပါ၏။ “မင်းရဲ့ ဖယ်ရိုမုန်းကို .... သေချာထိန်းလိုက်”

 

 

ကျိုးလော့ဟွမ်ကလည်း အတန်ငယ် ထိန်းချုပ်မှုကင်းမဲ့နေသည်။ ကျီယွဲ့ကျစ် ခါးနားတစ်ဝိုက်ရှိ သူမ၏ လက်မှ အားမှာ အသေအချာကို အတော်လေး သန်မာနေသည်။ အမြဲတမ်း ပြုံးရိပ်သန်းနေသည့် သူမ၏ မျက်လုံးများကလည်း အောက်ခြေအထိ နစ်မြုပ်နေ၏။ သူမဟာ အစမှ အဆုံးထိ မည်သည့် ဖယ်ရိုမုန်းကိုမှ မထုတ်လွှတ်ရသေးသဖြင့် မည်သို့များ ထိန်းနိုင်မည်နည်း?

 

 

မဟုတ်၊ ဖယ်ရိုမုန်း ထုတ်လွှတ်ထားသည်မှာ သူမ မဟုတ်ဘဲ သူမ၏ သွေးထဲရှိ အင်မတန် နည်းပါးသော ဖယ်ရိုမုန်း ပမာဏပါပင်။

  

 

ကျိုးလော့ဟွမ်၏ ခါးထက်၌ ခြစ်ရာတစ်ခုရှိရာ သူမ၏ အဝတ်များက မလွဲဧကန် သွေးများစွန်းနေသည်။ သူမဟာ ပြတင်းမှ တွယ်တက်လာပြီး သူ့ထံ ပေါ်တင်ချဉ်းကပ်ခဲ့ကာ ကျီယွဲ့ကျစ်က တကယ်တမ်း အိုမီဂါအသွင်ပြောင်းခဲ့ကြောင်းကို မသိခဲ့ပေ။ ထိပ်တန်း အယ်လ်ဖာတစ်ဦး၏ ဖယ်ရိုမုန်းများမှာ အကြွင်းမဲ့ဖိနှိပ်မှုကို ယူဆောင်လာနိုင်ရုံမက အိုမီဂါများထံ ကြီးမားသည့် ဖျားယောင်းနိုင်စွမ်းလည်း ရှိ၏။

 

 

ဘာဖြစ်နေမှန်း နားလည်သွားပြီးသည့်နောက် ကျိုးလော့ဟွမ်၏ မျက်နှာက မှောင်မိုက်သွားသည်။ တစ်ယောက်ယောက်၏ အသက်ပြည့်ခြင်း အခမ်းအနားညတွင် ထိုသို့သော အရာမျိုး လုပ်ဆောင်ခြင်းက တကယ်ကို......

  

 

ကျိုးလော့ဟွမ်မှာ တစ်ဖက်လူကို အိပ်ရာထက်၌ ချက်ချင်းချကာ ထိန်းချုပ်ဆေးတစ်ခုကို ရှာလိုက်လိုသော်လည်း အိပ်ရာထက်ရှိ ကျီယွဲ့ကျစ်က ခေါင်းမရှင်းတော့သဖြင့် မသိလိုက်ပါဘဲ သူမ၏ လက်ကို ဆွဲလာကာ သွားခွင့်မပေးချေ။

 

 

ထိုအခိုက်တွင် ကျိုးလော့ဟွမ်၏ မျက်နှာမှာ ခေါင်းကိုက်နေသလို ကြည့်ရဆိုးလာ၏။ သူမဟာ ကျီယွဲ့ကျစ်၏ လက်ကို အဝေးသို့ ပို့လိုက်ပါသော်လည်း မသိစိတ်က သူမ၏ အားအင်တို့ကို ရုတ်သိမ်းထားပြီးဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက အင်မတန် တင်းကြပ်စွာ ဆွဲကိုင်ထားသည်မှာ သူမအား လွှတ်ပေးလိုက်လျှင် မရှာတွေ့နိုင်တော့မည်ကို ကြောက်ရွံ့နေသည့်အလားပါပင်။ “ငါ ထိန်းချုပ်ဆေး သွားယူမလို့”

  

 

တစ်ဖက်လူက ကိုင်ထားသည်ကို အနည်းငယ် ဖြေလျှော့လိုက်သော်လည်း တင်းကြပ်နေဆဲပါပင်။

 

 

ကျိုးလော့ဟွမ်မှာ သူ၏ လက်ကို အခြားတစ်ဖက်ဖြင့် အုပ်လိုက်ကာ “နာခံပါ ကျီယွဲ့ကျစ်”

 

 

ကျီယွဲ့ကျစ်မှာ အိပ်ရာထက်၌ လှဲလျောင်းနေ‌ကာ သူ၏ နဖူးထက်ရှိ ဆံပင်များက ချွေးဖြင့် စိုနေ၏။ သူဟာ မျက်လုံးများဖွင့်ရန် ခက်ခဲစွာ ကြိုးစား၍ ကျိုးလော့ဟွမ်ကို အချိန်ကြာကြည့်လာပြီးနောက် လက်လွှတ်ပေးလိုက်တော့သည်။

  

 

ကျိုးလော့ဟွမ်မှာ ချက်ချင်း ကုတင်ဘေးစားပွဲ၏ အံဆွဲကို ဖွင့်ကာ သက်ပြင်းချလိုက်မိ၏။ သေချာသည်မှာ ထိုနေရာ၌ ရှိနေသည်က အသွင်ကူးပြောင်းရေး အခြေနေရှိ အိုမီဂါ တစ်ဦးလိုအပ်သော အရာရာအားလုံးဖြစ်သည်။ သူမဟာ အိုမီဂါ ထိန်းချုပ်ဆေးတစ်ခုနှင့် အာဟာရကို ထုတ်ကာ ကျီယွဲ့ကျစ်အား ကူညီ၍ ဆေးထိုးပေးလိုက်၏။

 

 

အိပ်ရာထက် လှဲလျောင်းနေသော ကျီယွဲ့ကျစ်၏ မူလက အေးစက်ဖျော့တော့နေသည့် မျက်နှာလေးမှာ အနည်းငယ် နီရဲလာပြီး မျက်ဝန်းများက စိုစွတ်လာပါ၏။ သူဟာ ကျိုးလော့ဟွမ်ကို တိတ်တဆိတ်ကြည့်၍ သူ၏ လက်ထံ ဆေးထိုးခွင့်ပြုထားရသည်။

  

 

ကျိုးလော့ဟွမ်မှာ သူ၏ ကြည်လင်စိုစွတ်သော မျက်ဝန်းများနှင့် အမှုမဲ့အမှတ်မဲ့ ဆုံသွားကာ ရေဆာလာပြီး မျက်လုံးများက မသိလိုက်ပါဘဲ ဂနာမငြိမ်ဖြစ်နေတော့သည်။ “ထိန်းချုပ်ဆေး သုံးပြီးပြီမို့လို့ ကောင်းကောင်းအိပ်‌နော်”

 

 

ကျီယွဲ့ကျစ်က သူမကို ကြည့်နေဆဲပင်။ ကျိုးလော့ဟွမ်မှာ မနေနိုင်ဘဲ ငုံ့ကိုင်း၍ သူ၏ မျက်လုံးများအပေါ် လက်တင်လိုက်သည်။ “မျက်လုံးမှိတ်ပြီး အိပ်တော့”

 

 

သူမ၏ လက်ကို ပြန်ဖယ်လိုက်ချိန်၌ ကျီယွဲ့ကျစ်က တကယ်ကို နာခံစွာ မျက်လုံးများ မှိတ်ထားခဲ့သည်။

  

 

ထိန်းချုပ်ဆေးကြောင့် ကျီယွဲ့ကျစ်၏ အခြေအနေက ဖြည်းဖြည်းချင်း တည်ငြိမ်လာသော်လည်း ကျိုးလော့ဟွမ် ဤနေရာ၌ ရှိနေသရွေ့ ၎င်းက ဖုံးကွယ်ထားသည့် အန္တရာယ်ပင်။ သူမ အခန်းထဲရှိ သန့်စင်ရေးစနစ်ကို ဖွင့်လိုက်သည်၊ ဤနေရာရှိ ဖယ်ရိုမုန်းများ မကြာခင် ပျောက်ကွယ်သွားလိမ့်မည်။

 

 

ယခုတွင် ဤအိပ်ခန်းမှ မြန်မြန်ထွက်သွားဖို့သာ လို၏။

  

 

ကျိုးလော့ဟွမ်မှာ ကျီယွဲ့ကျစ်ကို စောင်ဖြင့် ခြုံပေးပြီး ကုတင်ဘေးစားပွဲထက်၌ ရေတစ်ဖန်ခွက်ချပေးခဲ့သည်။ ထို့နောက် ခြေလှမ်းအနည်းငယ် ဆုတ်ကာ အခန်းထဲမှ မီးများကို မှိတ်၍ အမှောင်ထဲ‌၌ တီးတိုးရေရွတ်လိုက်သည်။ “တောင်းပန်ပါတယ်”

 

 

တတိယထပ်မှ ကားထံသို့ ပြန်ထွက်လာချိန်အထိ ကျိုးလော့ဟွမ်မှာ မိမိမည်သို့ ထွက်လာသည်ကိုပင် မမှတ်မိတော့ပေ။ သူမ၏ ခေါင်းနှင့် ခါးထက်ရှိ နာကျင်မှုမှာ အချိန်ကြာ မေ့လျော့ခံထားရပြီး အတွေးများက တောင်စဉ်ရေမရ ဖြစ်နေသည်။

  

 

ကျိုးလော့ဟွမ်မှာ ကားစတီယာရင်ဘီးထက် လက်တင်လိုက်ရင်း သူမ၏ ခန္ဓာကိုယ်ထက်၌ ချိုမြသော အိုင်းရစ်ပန်းရနံ့ကို ရနိုင်သေးပုံပေါ်နေသည်။

 

 

..... ကျီယွဲ့ကျစ်က တကယ်ပဲ အိုမီဂါ အသွင်ကူးပြောင်းသွားတာပဲ။

 

 

ဤအချက်က ကျိုးလော့ဟွမ်ကို အင်မတန် ရှော့ခ်ရသွားစေ၏။ သူက ဘယ်လိုလုပ် အိုမီဂါ ဖြစ်လာနိုင်တာလဲ? အယ်လ်ဖာ အသွင်ကူးပြောင်းသင့်တာ မဟုတ်ဘူးလား?

 

 

အချိန်ကြာ ရပ်နားပြီးနောက် ကျိုးလော့ဟွမ်မှာ နောက်ဆုံးတွင် တစ်ခုကို သတိရသွားသည်။ ‘လက်ဆောင်ပြန်ယူလာဖို့ မေ့ခဲ့တယ်’

  

 

ယခင်က လည်ပတ်ကို ပေးပို့ခြင်းမှာ လက်ဆောင်ပြန်ပေးသည့် ဟာသတစ်ခုထက် မပိုသော်လည်း ယခုတွင် ကျီယွဲ့ကျစ်က အိုမီဂါတစ်ဦးအသွင်ပြောင်းသွားရာ ဤလက်ဆောင်က လုံးဝ မသင့်တော်ပေ။

 

 

သူမအနေဖြင့် ကျီယွဲ့ကျစ်အား အိုမီဂါတစ်ဦးအသွင်သို့ ကူးပြောင်းရန် မျှော်လင့်ထားသော ရည်ရွယ်ချက်ဖြင့် လည်ပတ်ကို သုံးခဲ့ခြင်းမဟုတ်ပေ။ ထိုအချိန်က သူ့အား အယ်လ်ဖာတစ်ဦး အသွင်ကူးပြောင်းမည်ဟုသာ ထင်ခဲ့သည်။

  

 

ကျိုးလော့ဟွမ်လည်း မနေနိုင်အောင် ကျောင်း၌ ယူနီဖောင်းဝတ်ထားပြီး တစ်ကိုယ်‌လုံး အေးစက်စက်ရောင်ဝါ ရှိနေတတ်သော ကျီယွဲ့ကျစ်ကို တွေးမိသွားသည်။ သူ အိုမီဂါတစ်ယောက် အသွင်ကူးပြောင်းခဲ့တာကို သိပြီးတော့ သူ့ရဲ့ တုံ့ပြန်မှုက ဘယ်လိုနေလောက်မလဲ?

 

 

ယခုတွင် လက်ဆောင်ကို ပြန်သွားယူဖို့က အင်မတန် နောက်ကျနေပြီပင်။ ၎င်းက ကျီယွဲ့ကျစ်၏ ဖယ်ရိုမုန်းများအား တစ်ဖန် ပေါက်ကွဲထွက်လာစေရုံသာ ရှိသည်။ ကျိုးလော့ဟွမ်မှာ ကားထဲ၌ နောက်ကျောကို မှီ၍ နဖူးကို လက်ချောင်းဖြင့် နှိပ်လိုက်သည်။ ဒီည ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမ၏ မျှော်မှန်းချက်များကို‌ ကျော်လွန်နေပါ၏။