အပိုင်း ၁၀
Viewers 169

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၁၀

 

 

 

 

 

 

 

“ကျီမိသားစုက ဒီနေ့ ဆရာဝန် ထပ်ခေါ်ခဲ့တယ်လို့ ကြားတယ်။ ကြည့်ရတာ ကျီယွဲ့ကျစ်က မကြာခင် အသွင်ကူးပြောင်းခြင်း အောင်မြင်တော့မယ့် ပုံပဲ။ ဒါပေမယ့် သူ့ရဲ့ အသွင်ကူးပြောင်းခြင်းကာလက တိုလွန်းတယ်။” ကျိုးလော့ဟွမ်၏ မျက်နှာချင်းဆိုင်၌ ထိုင်နေသော ကျန်းဟုန်မှာ သတင်း မျှဝေလာသော်လည်း သူအကြာကြီးပြောခဲ့သည့်တိုင် မျက်နှာချင်းဆိုင်ရှိလူက မတုံ့ပြန်လာခဲ့ပေ။

  

 

မနက်ပိုင်း ပထမဆုံးအတန်းမှ ‌မွန်းလွဲ အတန်းချိန်ဆုံးသည်အထိ သူမကြည့်ရသည်မှာ စိတ်လွင့်နေသလိုပင်။ ကျန်းဟုန်သည် သည်းခံဖို့ ကြိုးစားခဲ့သော်လည်း နောက်ဆုံး၌ မနေနိုင်တော့ပေ။

 

 

“သူသာ အယ်လ်ဖာတစ်ဦးအဖြစ် အသွင်ကူးပြောင်းပြီးရင် သူ ပထမဆုံး ရင်ဆိုင်လာမယ့်လူက နင်ပဲ။ နောက်ကျရင် ပထမစစ်ဘက်ကျောင်းတော်ရဲ့ ကျောင်းသားတွေလည်း ကျီယွဲ့ကျစ်ကို မကြာခင် နားထောင်လာတော့မယ်လို့ ငါထင်တယ်။”

  

 

တစ်နေ့တာလုံးနီးပါး စိတ်လွတ်နေခဲ့သော ကျိုးလော့ဟွမ််မှာ ထိုအခိုက်၌ နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့သည်။ သူဟာ ကျန်းဟုန်ကို မော့ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် မေးလိုက်၏။ “ဘာလို့ သူက သေချာပေါက် အယ်လ်ဖာအဖြစ် အသွင်ကူးပြောင်းမှ ရမှာလဲ?”

 

 

ကျန်းဟုန်က ၎င်းကို ကြားသော် ရယ်မောလိုက်ပြီး သူ၏ စကားလုံးများက ကျိုးလော့ဟွမ်အပေါ် စိတ်ရှုပ်ထွေးဟန်ကို သယ်ဆောင်ထားသည်။ “ကျီယွဲ့ကျစ်က အယ်လ်ဖာမဟုတ်ဘဲ အိုမီဂါတစ်ဦးအဖြစ် ကူးပြောင်းနိုင်မှာလား? နင်က သူ အသွင်ကူးပြောင်းပြီးရင် သူ့ကို မရိုက်နိုင်တော့မှာ ကြောက်လို့လား? ဒါကြောင့် သူ့ကို အိုမီဂါ တစ်ဦးအသွင် ပြောင်းဖို့ ကျိန်ဆဲနေတာလား?”

  

 

ကျိုးလော့ဟွမ်ကမူ မျက်လွှာချကာ ထိုင်ခုံကို ပျင်းရိစွာ မှီလိုက်သော်လည်း ယမန်နေ့ညက သူ၏ ကိုယ်ပိုင်ဖယ်ရိုမုန်းများနှင့် ရောနှောနေခဲ့သော အိုင်းရစ်ပန်းရနံ့လေးကို မနေနိုင်အောင် စဉ်းစားမိလိုက်သည်။ ထိန်းချုပ်ဆေးကို ထိုးသွင်းပြီးနောက် အယ်လ်ဖာနှင့် ဆိုင်သည့် ဖယ်ရိုမုန်းများကို ထုတ်ပယ်လိုက်မည်ဖြစ်ရာ သူ့အနေဖြင့် အဆင်ပြေသင့်သည်။

 

  

မျက်နှာချင်းဆိုင်မှ ကျန်းဟုန်မှာ ကျိုးလော့ဟွမ်ကို စိုက်ကြည့်ရင်း မျက်လုံးများက အကြိမ်ရေ အချို့ ရွေ့လျားသွားသည်။ သူဟာ သူမနှင့် အမြဲ ဆက်ဆံရေးကောင်းရှိခဲ့ရာ သူမ မပြောလျှင်လည်း ၆၀%လောက် နားလည်မှုရှိသည်။ သူ ရုတ်တရတ် တစ်စုံတရာကို သတိရသွားပြီး အမူအရာက အေးခဲသွားကာ အသံကို တိုးလျက် တိုးကပ်လာသည်။ “ကျိုးလော့ဟွမ်၊ မနေ့ညက နင် လက်ဆောင်ပို့ပေးမယ်လို့ ပြောခဲ့တာဆိုတော့ ကျီယွဲ့ကျစ်ကို တစ်ခုခုများ လုပ်ခဲ့တာလား?”

 

 

ကျိုးလော့ဟွမ်မှာ သူမ၏ သွေးထဲမှ ရည်ရွယ်ချက်မရှိဘဲ ထုတ်လွှတ်မိသော ဖယ်ရိုမုန်းများကို စဉ်းစားကာ စိတ်မလုံသလို ခံစားလိုက်ရ၏။

  

 

ကျိုးလော့ဟွမ်ကို စိုက်ကြည့်နေသည့် ကျန်းဟုန်ကလည်း ၎င်းကို မြင်ဖြစ်အောင် မြင်သွားသည်။ သူဟာ မျက်လုံးများပြူး၍ ဒေါသဖြင့် ပြောလိုက်၏၊ “ငလူး၊ နင်ရူးနေတာလား? ကျီယွဲ့ကျစ်က အသွင်ကူးပြောင်းခြင်း အဆင့်မှာပဲ ရှိသေးတယ်လေ။ နင်က အသွင်ကူးပြောင်းခြင်းအဆင့်မှာပဲ ရှိသေးတဲ့ လူတစ်ယောက်နဲ့ပတ်သက်ပြီး တွက်ကပ်နေတာလား?”

 

 

သူ ဒေါသဖြစ်နေသည်မှာ မဆန်းပေ။ သာမန်လူများထံ၌ ကိုယ်ကျင့်တရားဖြောင့်မတ်မှုရှိသည်။ အသွင်ကူးပြောင်းခြင်းကာလရှိ လူများကို ဖော်ရွေစွာ ဆက်ဆံရမည်မှာ ဗဟိုအစိုးရဌာနချုပ်ရှိ မရေးထားသော စည်းမျဉ်းပါပင်။ ကျိုးလော့ဟွမ်ကမူ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကိုယ်ကျင့်တရားကောင်းရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂နှစ်မှစ၍ ပို၍ ပို၍ စည်းကမ်းမရှိဖြစ်လာသည်။ ကျန်းဟုန် ထိုသို့ ခန့်မှန်းမိသည်က မဆန်းလှ။

 

 

“... မဟုတ်ပါဘူးဟ” ကျိုးလော့ဟွမ်၏ မျက်နှာက နက်မှောင်သွားသည်။ “ငါ အသွင်ကူးပြောင်းခြင်း အခြေအနေမှာ ရှိတဲ့ လူတစ်ယောက်ကို ဘာမှ မလုပ်ပါဘူး”

  

 

ထိုသို့ ပြောပြီးနောက် ကျန်းဟုန်မှာ တစ်ဝက်ယုံကြည်ကာ တစ်ဝက်စိတ်ချသွားသည့်အတွက် အကြောင်းအရာကို ပြောင်းလိုက်၏။ “နင် သတင်းကို မြင်ပြီးပြီလား? စစ်လက်နက်ဒေတာဘေ့စ် တတိယထပ်က နောက်ဆုံးစမ်းသပ်ထားတဲ့ လေဆာသေနတ် အခိုးခံလိုက်ရတယ်တဲ့”

 

 

နှစ်ဦးသားမှာ စစ်လက်နက်ဒေတာဘေ့စ်ကို တိတ်တဆိတ်သွားခဲ့ကြကြောင်း သိကြပါ၏။ ကျန်းဟုန်မှာ ကျိုးလော့ဟွမ်ကို ဖြစ်လာသည့် ကိစ္စများ အကြောင်းသာ ပြောလိုက်သည်။

 

 

“ငါမတွေ့ရသေးဘူး” ကျိုးလော့ဟွမ်မှာ ကျီအိမ်တော်မှ ပြန်လာပြီးနောက် တစ်ညလုံး မအိပ်ခဲ့ရပော သူမ၏ စိတ်မှာ ရှုပ်ထွေးနေရာ သတင်းကို မတွေ့ခဲ့ပေ။ သို့သော် ကျန်းဟုန် ပြောလာပြီးနောက် သူ့ရှေ့၌ အလင်းဦးနှောက်ကို ဖွင့်လှစ်လိုက်ရာ သတင်းကို တွေ့လိုက်ရ၏။

 

 

[ ပြီးခဲ့တဲ့ညက စစ်လက်နက်ကြီး ဒေတာဘေ့စ် အဆောက်အဦမှာ အစောင့်အပြောင်းအလဲကို အခွင့်ကောင်းယူပြီး အဆောက်အဦထဲ ဝင်ပြီး နောက်ဆုံး‌ထုတ် SL-9 သေနတ်ကို သူခိုး ခိုးသွားပါတယ်။ ကျုပ်တို့ရဲ့ စုံစမ်းမှုအရ ဒါဟာ လတ်တလော အမှောင်ဈေးကွက်က ဆုလာဘ်နဲ့ ပတ်သက်မယ့်ပုံရတယ်။ ပြီးပြည့်စုံတဲ့ SL-9 လေဆာသေနတ်က ကြယ်ဒင်္ဂါး ၅သန်းတန်ပါတယ်။ လတ်တလောမှာအစောင့်တွေကိုဖြည့်ထားပါပြီ။ သေနတ်သူခိုးကိုတော့ ဆက်ပြီး ခြေရာလိုက်ကောက်နေမှာပါ! ]

  

 

သတင်းထဲ၌ ပြောနေသူမှာ စစ်လက်နက်ဒေတာဘေ့စ်  အစောင့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူဟာ မီဒီယာကင်မရာများရှေ့၌ ရပ်၍ အလေးအနက်ပြောနေ၏။

 

 

ကျန်းဟုန်မှာ မျက်နှာကိုထောက်၍ သတင်းကိုကြည့်ရင်း ပြောလိုက်သည်။ “ဒါက လှည့်ကွက်ကောင်းပဲ။ မေဂျာအင်အားတွေ အားလုံး SL-9 သေနတ်ကို ဖြုတ်ပြီး လေ့လာချင်နေကြတာ။ သေနတ်သူခိုးက ဘယ်သူမဆို ဖြစ်နိုင်တယ်။” ထို့အပြင် မည်သူကမှ သေနတ်သူခိုး၏ တကယ့်ရည်ရွယ်ချက်ကို မသိကြချေ။

  

 

သတင်းထဲမှ အစောင့်အဖွဲ့၏ ခေါင်းဆောင်မှာ အခိုင်အမာ ဆူပြောနေဆဲပင် - [ .... နောက်ဆုံးပေါ် လေဆာသေနတ်သာ ဂါရှိုအင်ပါယာရဲ့ လက်ထဲကို ကျရောက်သွားရင် ကျုပ်တို့ ဗဟိုအစိုးရဌာနချုပ်အတွက် ဆုံးရှုံးမှုတွေ ဖြစ်နိုင်လာတာမို့လို့ ကျုပ်အနေနဲ့ လူထုကို ပန်ကြားချင်ပါတယ်၊ ခင်ဗျားတို့နားက တစ်ယောက်ယောက် တစ်ခုခုမှားနေတာ တွေ့ရင် ရှင်းလင်းရေးတပ်ကို ဆက်သွယ်ပေးကြပါ ]

  

 

ကျိုးလော့ဟွမ်က လက်ကို အသာမြှောက်၍ အလင်းမျက်နှာပြင်ကိုကြည့်လိုက်၏။ သူမအနေဖြင့် အစောင့်အဖွဲ့၏ ခေါင်းဆောင်ကို မကြည့်နေခဲ့ပေ။ ထိုအစားမျက်လုံးများက ထိုလူနောက်ရှိ လူထံ ကျရောက်သွားခဲ့သည်။ တခြားလူက တူညီသည့် အဝါနှင့် အစိမ်းအစင်းကြား စစ်ယူနီဖောင်းကို ဝတ်ဆင်က နေရောင်ထဲ၌ ဖြောင့်မတ်စွာ ရပ်နေသည်မှာ ချွန်ထက်တောက်ပသည့် ဓားတစ်ချောင်းနှယ်ပင်။

 

 

“တပ်စု၆၇၃က ဟယ်ယွဲ့ မနေ့ညက မြို့တော်ကို ပြန်လာခဲ့တယ်” ကျန်းဟုန်က ကျိုးလော့ဟွမ်၏ အကြည့်နောက်သို့ လိုက်ကာ ပြောလိုက်သည်။

 

 

ဟယ်ယွဲ့.... မှာ သူမ၏ ဂုဏ်သတင်းနှင့် တကယ်ကို ထိုက်တန်ပါ၏။

  

 

ကျိုးလော့ဟွမ်က လက်ကို မြှောက်၍ သူမ၏ ခါးထက်ရှိ ခြစ်ရာကို ဖိကာ စဉ်းစားလိုက်သည်။ “မနေ့ညက စစ်လက်နက်ဒေတာဘေ့စ်မှာရှိတဲ့ အစောင့်သစ်တွေထဲက တစ်ယောက်က ဟယ်ယွဲ့ပဲ”

 

 

“သူမက ဘယ်မှာ?” ကျန်းဟုန်က တအံ့တဩဖြင့် ကျိုးလော့ဟွမ်ကို အစုန်အဆန်ကြည့်လိုက်သည်။ ဟယ်ယွဲ့၏ လက်ထဲမှ လွတ်မြောက်ပြီးနောက် သူဟာ ကျီယွဲ့ကျစ်ကို လက်‌ဆောင်ပေးဖို့ရန်ပင် စိတ်ထဲရှိနေသေးသည်။

 

 

“SL-9 လေဆာသေနတ်က တကယ်ကို ကောင်းတယ်” ကျိုးလော့ဟွမ်က သတင်းကို ပိတ်လိုက်၏။ “ဟယ်ယွဲ့က ဒီတစ်ခေါက် ပြန်လာချိန်မှာ ချင်သောက်စစ်တပ်ကို ဝင်လောက်တယ်။”

  

 

ကျန်းဟုန်မှာ အံ့ဩသွားကာ၊ “ငါ မက်ဆေ့မရခဲ့ဘူး”

 

 

“မကြာခင်ပေါ့” ကျိုးလော့ဟွမ်က ထူးမခြားနားစွာ ပြောလိုက်၏။ “ဟယ်ယွဲ့က စစ်ထဲ ဝင်ကတည်းက စိတ်ထဲ အဲ့အတွေး ရှိပြီးသားပဲ”

  

 

ရှင်းလင်းရေးတပ်မှာ ဗဟိုအစိုးရဌာနချုပ်ရှိ အခြားစစ်တပ်များနှင့် ကွာခြားသည့်။ ၎င်းက အခြားစစ်တပ်များကို လုံးဝ မမှီခိုထားသော အဖွဲ့ဖြစ်ပြီး သစ္စာဖောက်များနှင့် သူလျှိုအားလုံးကို ရှင်းလင်းရေးအတွက် တာဝန်ယူထားပြီး တစ်ခါတရံ စစ်တပ်မျိုးစုံရှိ အရေးကြီးပုဂ္ဂိုလ်များကိုပင် တိုက်ရိုက် တိုက်ခိုက်တတ်သေးသည်။ သို့သော်လည်း ဗဟိုအစိုးရဌာနချုပ်က နှစ်များစွာ တည်ငြိမ်နေခဲ့ပြီး ကျားရှစ်လော့အင်ပါယာကို တစ်ဖန်ပြီး တစ်ဖန် ဖိနှိပ်ထားခဲ့သည်။ ရှင်းလင်းရေးတပ်မှာ ယခုတွင် ယခင်ကထက် များစွာ ပိုအားနည်းသွားကာ ကျဆင်းနေပြီပင်။ ၎င်းတို့အနက် အများစုက သီးခြားစစ်အုပ်စုတစ်ခုနှင့် မသက်ဆိုင်သည့် စစ်လက်နက်ဒေတာဘေ့စ်ကဲ့သို့သော နေရာများအတွက် တာဝန်ယူထားကြပြီး အင်မတန် အချောင်ခိုကြ၏။

 

 

“သူမက အမြဲတမ်း တပ်စု ၆၇၃မှာပဲ နေခဲ့ပြီး တပ်စု ၁၇ကို မပြောင်းခဲ့တာ မဆန်းတော့ပါဘူး။” ကျန်းဟုန်မှာ ချင်သောက်စစ်တပ်ကို ဝင်ရောက်ခြင်းအတွက် အခြေနေများက ပြင်းထန်သည်ကို နားလည်လိုက်သည်။ ဘွဲရပြီးနောက် ရွေးချယ်ရသူများမှ လွဲလျှင် အခြားစစ်အုပ်စုများမှာ ထက်မြတ်သည့် ကိုယ်ရေးအကျဉ်းရှိလျှင်ပင် မဝင်ရောက်နိုင်ပေ။ ၆၇၃စစ်တပ်မှာ တပ်စု ၁၇နှင့် ပေါင်းစည်းထားသော်လည်း ၎င်းက တိုက်ရိုက်လိုင်းနှင့် အတော်ဝေးသေးသည်။

 

……

 

ကျီမိသားစုတွင်....

  

 

ကျီရှီးရှို့မှာ သူ့သား၏ အသွင်ကူးပြောင်းရေးကာလက နောက်ဆုံးအဆင့်သို့ အမြန် ဝင်ရောက်မည်ဟု ထင်မထားခဲ့သော်လည်း အသက်ပြည့်ခြင်း အခမ်းအနားပြီး တစ်ညအကြာတွင် ဖယ်ရိုမုန်းများက ဖြစ်ပွားခြင်းကာလထဲ ဝင်ရောက်လာသည်။ သူ့လို အယ်လ်ဖာတစ်ဦး ဝင်သွားဖို့ မလွယ်သဖြင့် သူ ဆရာဝန်ကိုသာ လေ့လာခွင့်ပြုထားနိုင်သည်။

 

 

ဘီတာများမှာ ယနေ့ခေတ်တွင် အဆင်အပြေဆုံး ဆရာဝန်များ ဖြစ်ကြသည်။ ခွဲစိတ်ရာ၌ဖြစ်စေ တစ်ခုခုအတွက်ဖြစ်စေ ဘီတာများမှာ လူနာ၏ ဖယ်ရိုမုန်းသက်ရောက်မှုကို ခံရသည်မှာ နည်းပါ၏။

 

 

ထို့ကြောင့် ဆရာဝန်မှာ ဝင်သွားချိန်တွင် အံ့ဩနေမိသည်။ အတွင်းရှိ ဖယ်ရိုမုန်းမှာ ဝိုင်ထဲ၌ စိမ်ထားသည့် အိုင်းရစ်ပန်းရနံ့ကဲ့သို့ အင်မတန် ပြင်းထန်လှသည်။

“မနေ့ညက ထိန်းချုပ်ဆေး ထိုးခဲ့တာလား?’ ဆရာဝန်မှာ ကုတင်‌ဘေးစားပွဲထက်ရှိ ဆေးထိုးအပ်နှစ်ခုကိုကြည့်ကာ ဖယ်၍ ရေခွက်အလွတ်ကိုယူကာ သူ၏ ဆေးသေတ္တာကို တင်ထားလိုက်သည်။ “အရမ်းကောင်းတယ်။ အရင်ဆုံး အကာအကွယ်ကပ်ခွာကို ခွာလိုက်ပါ။ ဆရာက ဂလင်းဆိုင်ရာ အသွင်ကူးပြောင်းခြင်းကို စစ်ဆေးဖို့ ကူညီပေးမယ်။”

 

 

ကျီယွဲ့ကျစ်မှာ အဖျားအနည်းငယ် ရှိနေရာ သူ၏ မျက်ဝန်းထောင့်များက ပုံမှန်ထက်ပိုနီရဲနေပြီး ပါးများကလည်း ပူ‌လောင်လျက် ကုတင်ခေါင်းရင်းသို့ မကြည်လင်သော အမြင်ဖြင့် မှီထားသည်။ သို့သော် သူဟာ လည်ကုတ်ထက်ရှိ အကာအကွယ်ကပ်ခွာကို ခွာဖို့ လက်ကို မြှောက်လိုက်ဆဲပင်။

  

 

၎င်းကို ခွာလိုက်သည်နှင့် အခန်းထဲရှိ အိုင်းရစ်ပန်းရနံ့က တမုဟုတ်ချင်း ပိုမိုပြင်းထန်ကာ ချိုမြလာသည်။

 

 

ဆရာဝန်က ကိရိယာတစ်ခုထုတ်ယူ၍ ငုံ့ကိုင်းကာ ကျီယွဲ့ကျစ်၏ လည်ပင်းကိုထိလိုက်ပြီး အတန်ငယ် အံ့အားသင့်သွားသည်။ “မင်းရဲ့ ဂလင်းတွေက တော်တော်ကို အဆင်ပြေပြေ အသွင်ကူးပြောင်းခဲ့တာပဲ။” အရမ်းကောင်းတယ် ရက်နည်းနည်းပဲရှိသေးတာကို?”

 

 

“ဆရာ ပြဿနာရှိလို့လား?” ကျီယွဲ့ကျစ် မေးလိုက်၏။ သူ၏ ပုံမှန် ကြည်လင်၍ ထူးမခြားနားသော အသံက အနည်းငယ် အက်ကွဲနေသည်မှာ ဖုန်တက်နေသော ပုလွေသံကဲ့သို့ ဖြစ်နေသော်လည်း ဆွဲဆောင်မှုတော့ ရှိပါ၏။

“ကိစ္စတော့ မရှိပါဘူး” ဆရာဝန်က ရေရွတ်လိုက်သည်။ “မင်းတို့လို လူငယ်တွေက ဒီလိုနေ့တွေမှာ အရမ်းကောင်းတဲ့ ခန္ဓာကိုယ်အခြေအနေ ရှိကြလို့ ဖြစ်နိုင်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာ အဆင်ပြေသွားမှာပါ”

 

 

ထိုဆရာဝန်က ရက်အနည်းငယ်အတွင်း အသွင်ကူးပြောင်းရေးကာလပြီးဆုံးခဲ့သည့် အခြားလူနာတစ်ယောက်ကိုလည်း စောင့်ကြည့်ဖူးသည်။

 

 

“ဆရာက ကျိုးလော့ဟွမ် အကြောင်း ပြောနေတာများလား?” ကျီယွဲ့ကျစ်က မျက်လုံးဖွင့်ကာ မော့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

 

 

“ဟုတ်တယ်” ဒေါက်တာက ထိုစဉ်က ဘာဖြစ်ခဲ့ကြောင်းကို ပြန်စဉ်းစားပြီး မနေနိုင်အောင် ခေါင်းခါမိလိုက်သည်။ “အဲ့တုန်းက သူမကိုယ်တိုင်ရဲ့ အသွင်ကူးပြောင်းခြင်း အခြေအနေကိုတောင် သတိမထားမိခဲ့တဲ့ အယ်လ်ဖာတစ်ယောက်ကို တွေ့ခဲ့ရတဲ့ ပထမဆုံးအကြိမ်ပဲ။ သူမက နောက်ဆုံးအခြေနေထိ ရှင်သန်ဖို့ လုပ်ခဲ့ပြီးနောက်မှ မေ့မျောသွားတော့တာပဲ။”

 

 

အယ်လ်ဖာ အသွင်ကူးပြောင်းခြင်းမှာ အိုမီဂါ အသွင်ကူးပြောင်းခြင်းထက် ပိုမိုနာကျင်ရသည်။ အစပိုင်းတွင် လည်ကုတ်ရှိ ဂလင်းများမှာ ဖြည်းဖြည်းချင်း ချည့်နဲ့လာက နာကျင်လာလိမ့်မည်။ နောက်ပိုင်းအဆင့်များ၌ ပို၍ပင် နာကျင်လာရပြီး အဆင့်ပိုအကောင်းလေ နာကျင်မှုက ပိုမို ပြင်းထန်လေ‌ပင်။

 

 

“သူမကို အဲ့နေ့က ဆေးရုံ ခေါ်လာတော့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးထင်ခဲ့တာ။ အနည်းဆုံးတော့ သူမ နိုးလာရင်တောင် ဖျားနာပြီး ရူးသွားမယ်လို့ပေါ့။”

 

 

 ဆရာဝန်မှာ ခဏတာ စဉ်းစားနေလိုက်သည်။ “ဒါပေမယ့် သူမက သည်းခံနိုင်နေတုန်းပဲ။ အံ့ဩစရာကောင်းတယ်”

 

 

ကျီယွဲ့ကျစ်မှာ ဆရာဝန်ကို ဖြတ်မပြောဘဲ မျက်လွှာချ၍ ဂရုတစိုက် နားထောင်နေသည်မှာ ‌ဆရာဝန်ပြောသည့် သူမအကြောင်းကို စကားလုံးလေးတစ်လုံးပင် လွဲချော်သွားမည်အား စိုးရိမ်နေသည့်အလားပင်။

  

 

ဆရာဝန်က ကျီယွဲ့ကျစ်ကို စမ်းသပ်ကာ ဆေးထိုးပေးလိုက်သည်။ “တစ်ရက် နှစ်ရက်နေရင် မင်းရဲ့ အသွင်ကူးပြောင်းခြင်းကာလ လုံးဝ ပြီးသွားမယ်လို့ ခန့်မှန်းမိတယ်၊ ဒီတော့ အခုကစပြီး.... မင်းက အိုမီဂါ ဖြစ်လာလိမ့်မယ်”

 

 

“အင်း”

 

 

ဆရာဝန်မှာ ကျီယွဲ့ကျစ်က ညင်သာစွာ တုံ့ပြန်လာသည်ကို ကြားသော် သူ့အနေနှင့် အိုမီဂါ အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ စိတ်ပျက်နေဆဲဖြစ်သည်ဟု ထင်မိသွားကာ နှစ်သိမ့်လိုက်၏။ “မင်းအနေနဲ့ အိုမီဂါတစ်ဦးအဖြစ် အသွင်ပြောင်းသွားရင်တောင် မင်းရဲ့ အဆင့်က အရမ်းမြင့်တယ်လေ။ ဗဟိုအစိုးရဌာနချုပ်တစ်ခုလုံးမှာ မင်းရဲ့ ဖယ်ရိုမုန်းအဆင့်ကို ယှဉ်နိုင်မယ့်လူ များများစားစားမရှိဘူးလို့ ခန့်မှန်းမိတယ်။”

  

 

ပြောနေရင်း ဆရာဝန်က တစ်ခု သတိရသွားသည်။ “မေဂျာဗိုလ်ချုပ်ကြီး ဟယ်ယွဲ့က မြို့တော်ကို ပြန်လာပြီ။ အစဉ်အလာအရ သူမကို ပထမစစ်ဘက်ကျောင်းတော်ဆီ ညွှန်ကြားရေးအဖြစ် ခေါ်ခံရလိမ့်မယ်လို့ ထင်တာပဲ။ မင်း အဲ့အခါကျ သူမကို အကြံတောင်းကြည့်ပေါ့”

 

 

ဆရာဝန်အနေဖြင့် ၎င်းကို သိသည်မှာ ယမန်နေ့က ဟယ်ယွဲ့၏ ဆေးစစ်ချက်ကို လက်မှတ်ထိုးပေးခဲ့ခြင်းကြောင့်ပင်။

 

 

ကျီယွဲ့ကျစ်၏ မျက်လုံးများ လှုပ်ခတ်သွားသည်၊ ဟယ်ယွဲ့မှာ နောက်ဆုံးတွင် ချင်သောက်စစ်တပ်ကို ဝင်ရန် အသင့်ဖြစ်နေပြီဖြစ်၏။

 

 

“ဒါတွေက အိုမီဂါတွေ လိုတာအားလုံးပဲ။ နီးနီးကပ်ကပ်ကြည့်ကြည့်ပါ။ သူတို့တွေက အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်။” ဆရာဝန်က ပစ္စည်းပုံထဲမှ တစ်ဝက်ကို ယူလိုက်သည်၊ “တားမြစ်ကိရိယာနဲ့ အကာအကွယ်ကပ်ခွာတွေကိုလည်း သိမ်းထားလိုက်ပါဦး”

  

 

တားမြစ်ကိရိယာများအား အိုမီဂါများ၏ ကာမတောင်းဆိုသည့် ကာလကို ဖိနှိပ်ဖို့ အသုံးပြုရသည်။ ဗဟိုအစိုးရဌာနချုပ်၏ တိုးတက်မှုကြောင့် အိုမီဂါများမှာ ကာမတောင်းဆိုသည့် ကာလအတွင်း အယ်လ်ဖာများအပေါ် မှီခိုနေဖို့ မလိုတော့ပေ။ တားမြစ်ကိရိယာများက ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ပုံမှန်ဘဝကို ရရှိစေနိုင်သည်။ အကာကွယ်ကပ်ခွာကမူ အယ်လ်ဖာ အကာအကွယ်ကပ်ခွာနှင့် ဆင်တူပါ၏။ ယေဘုယျအားဖြင့် အိုမီဂါများမှာလည်း ၎င်းတို့၏ ဖယ်ရိုမုန်းများ စိမ့်ထွက်ခြင်းကို ထိန်းချုပ်နိုင်စွမ်း အားကောင်းလာနိုင်သည်။ သို့သော်လည်း ထူးကဲသည့်အခြေအနေများက အမြဲရှိပြီး အကာအကွယ်ကပ်ခွာများကို ကိုယ်နှင့် မကွာ ‌ဆောင်ထားရပေမည်။

  

 

ဆရာဝန်က ကျီယွဲ့ကျစ်ကို နောက်ထပ် အာဟာရပျော်ရည်တစ်ခွက် ပေးလိုက်ပြီးနောက် ပစ္စည်းများသိမ်းကာ ထွက်သွားလိုက်သည်။ “မင်း ကောင်းကောင်း အနားယူသင့်တယ်”

 

 

သူ ဝင်လာသည့်အချိန်မှ ပြန်ထွက်သွားသည်အထိ ဆရာဝန်မှာ ကိရိယာများနှင့် ကျီယွဲ့ကျစ်ကိုသာ ကြည့်ရှုခဲ့သည်။ သူ့အနေဖြင့် အခန်းထဲရှိ အခြားနေရာများကိုပင် မကြည့်လေသဖြင့် မူမမှန်သည့် တစ်ခုကိုမှ သတိမပြုခဲ့မိပေ။

  

 

ဆေးသောက်ပြီးနောက် ကျီယွဲ့ကျစ်မှာ များစွာပို၍ တည်ငြိမ်လာသည်။ သူဟာ ကုတင်ခေါင်းရင်းကို ငေးမောကာ မှီလိုက်ရင်း သူ၏ ဆံပင်က မျက်ခုံးရှေ့၌ ဝဲကျလျက် မျက်တောင်ရှည်နက်နက်များက တုန်ယင်နေသည်။ ‌မနေ့ညတုန်းက ... အိပ်မက်များလား?

 

 

သို့သော်လည်း ကျီယွဲ့ကျစ်မှာ ထိုလူ၏ ကိုယ်ပိုင်ဟော်မုန်းများဖြင့် ရစ်ပတ်သွားသော ခံစားချက်ကို စဉ်းစားမိတိုင်း နှလုံးသားအောက်ခြေမှ နေ၍ တုန်ယင်လာမိသည်။ ဖိနှိပ်ထားသည့် ပူလောင်မှုက တစ်ဖန် နိုးကြွလာပြီး လည်ကုတ်ထက်ရှိ ဂလင်းများကလည်း ဖူးယောင်နာကျင်လာပါ၏။

  

 

ကျီယွဲ့ကျစ်မှာ မိမိ၏ မျက်ဝန်းကျဉ်းများကို ဖြည်းညင်းစွာ ပင့်လိုက်ပြီး တစ်ခန်းလုံးကို စေ့စပ်စွာ ကြည့်ရှုလိုက်ကာ နောက်ဆုံး၌ ပြတင်းနံဘေးရှိ စားပွဲတွင်ရပ်သွားသည်။

 

 

——အဲ့နေရာမှာ သူမရဲ့ သေနတ်နဲ့ ထူးဆန်းပြီး ရင်းနှီးနေတဲ့ လက်ဆောင်ဘူးတစ်ခု ရှိနေတယ်။

 

 

သူမ ရှိခဲ့တာက အိပ်မက်မဟုတ်ပါပေ။

 

 

ကျီယွဲ့ကျစ်၏ မျက်ဝန်းထောင့်များမှာ နီရဲလာပြီး နှုတ်ခမ်းများကို စေ့ကာ ထရပ်ဖို့ မိမိကိုယ်ကို တွန်းအားပေးလိုက်ပြီး စားပွဲထံ ဖြည်းဖြည်းချင်းလျှောက်သွားကာ သေနတ်နှင့် လက်ဆောင်ဘူးကို ယူ၍ ကုတင်ဆီ ပြန်လာလိုက်သည်။

  

 

သူဟာ သေနတ်ကို မကြည့်ဘဲ ကုတင်ဘေးစားပွဲအောက်သို့ ထားလိုက်၏။ ထိုသို့လုပ်ပြီးနောက် ကျီယွဲ့ကျစ် မူးဝေနေပြီပင်။

 

 

လက်ဆောင်ဘူးက အင်မတန်ကောင်းမွန်ရာ လက်ထဲ၌ ကိုင်လိုက်ချိန်၌ ၎င်းအား တန်ဖိုးရှိသည့် ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း ပြောနိုင်၏။ ကျီယွဲ့ကျစ်က လက်ဆောင်ဘူးကို ထိလိုက်ရာ သူ၏ လက်ချောင်းထိပ်များက ပူလောင်လာသည်။ သူဟာ နှုတ်ခမ်းများကို စေ့၍ အထဲ၌ ဘာရှိမလဲကို ခန့်မှန်းလိုက်သည်။

 

 

အမှန်တွင် သူ ဘာမှန်းခန့်မှန်းနိုင်သည်။

  

 

လက်ဆောင်ဘူးကို လက်ခံရသည့် အခိုက်တည်းက ကျီယွဲ့ကျစ်မှာ ၎င်းက ထိုဆိုင်မှ အထူးလက်ဆောင်ဘူးမှန်း သတိပြုမိပါ၏။ ၎င်းတို့မှာ ညာဘက် အောက်ထောင့်တွင် ပုံစံလေးတစ်ခု အမြဲ ရေးဆွဲထားတတ်သည်။

 

 

ကျီယွဲ့ကျစ်ဟာ လက်ဆောင်ဘူးကို ဂရုတစိုက် ဖွင့်ကြည့်လိုက်ပြီး မျက်လုံးများက ဘူးအတွင်းရှိ လက်ဆောင်ပေါ် ကျရောက်သွားသည်။ သူဟာ စိတ်ကို ပြင်ဆင်ပြီးဖြစ်ပါလျှင်သော်မှ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိုအခိုက်၌ ပူလောင်သွားပုံရ၏။

 

 

အနုစိတ် အနက်ရောင်ဇာကွက်ကို လုံးဝန်း နက်မှောင်သည့် သတ္တုချောင်းတစ်ဝိုက် ရစ်ပတ်ထားသည်။ နီးနီးကပ်ကပ် ကြည့်လိုက်လျှင် အနက်ရောင် သတ္တုချောင်းကို ရွှေချည်မျှင်များ မြှုပ်၍ ပုံစံဖော်ထားကြောင်း မြင်ရလိမ့်မည်။

 

 

နူးညံ့၍ မာကျောသော လည်ပတ်မှာ အနက်ရောင်ဇာကွက်၏ အပြင်ဘက်ဆုံးအပိုင်းကြောင့် တစ်သီးတစ်သန့် ရမက်နှိုးဆွလိုဟန် ပေါ်နေသည်။ ၎င်းကိုသာ သွယ်လျနူးညံ့သည့် အိုမီဂါတစ်ဦး၏ လည်တိုင်ထက်၌ ဝတ်ဆင်လိုက်လျှင်.... ၎င်းက အယ်လ်ဖာ၏ စိုးမိုးလိုသော ဆန္ဒကို နှိုးဆွပေးရုံသာရှိ၏။