အပိုင်း ၁၁
Viewers 179

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၁၁

 

 

 

 

 

ကျီယွဲ့ကျစ်က အိုမီဂါ အသွင်ကူးပြောင်းသွားတာတဲ့!

   

 

ဤသတင်းက ပထမစစ်ဘက်ကျောင်းတော် တစ်ခုလုံးကို ရေလွှမ်းမိုးနေသလို ပြန့်သွားသည်။

  

 

အစပိုင်းမှာတော့ အမည်မသိဖိုရမ်ရှိ ပို့စ်ကို လူတိုင်းမြင်သည့်အခါ ဟာသတစ်ခုလို့ပဲ ထင်ခဲ့ကြသည်။ ကျီယွဲ့ကျစ်က အိုမီဂါတစ်ဦး အသွင်ပြောင်းသွားတယ်လား? ဒီဟာကို ထုတ်လွှင့်ခဲ့မယ်ဆိုရင် ဒါက ဌာနချုပ်ရဲ့ တစ်နှစ်တာလုံးမှာ အကြီးမားဆုံး သတင်းမှားဖြစ်မှာ သေချာတယ်။

  

 

စီနီယာကျီ၏ ဖန်ကလပ်ရှိ ဂျူနီယာများနှင့် စီနီယာများသည် ကောလာဟလဖြန့်သည့် ပို့စ်တင်သူကို ရှာဖွေလိုကြောင်း ထုတ်ဖော်ခဲ့ကြသည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးကို နှောင့်ယှက်ရန် စီနီယာကျီ မရှိခြင်းကို အခွင့်ကောင်း ယူနေခြင်းဖြစ်သည်။ စီနီယာကျီသာ အိုမီဂါ ဖြစ်ပါက၊ စစ်သင်တန်းကျောင်းတွင် မည်သူမျှ အယ်လ်ဖာ ဖြစ်မည် မဟုတ်ပေ။ ဒါက တကယ်ကို အဓိပ္ပါယ်မရှိဘူး။

  

 

သို့သော်လည်း အမည်မသိဖိုရမ်တွင် အခြားပို့စ်တစ်ခု တိတ်တဆိတ်ပေါ်လာသောအခါတွင် လူတိုင်း ယိမ်းယိုင်သွားကြသည်။

 

 

[ ငါ မှတ်ပုံတင်ရုံးကနေ ပြန်လာခဲ့တာ။ ထွက်လာတဲ့သူက စီနီယာကျီမဟုတ်လား? GIF နှင့်တကွ ]

 

  

ရိုးရှင်းသော အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် ကျီယွဲ့ကျစ်သည် ခြောက်စက္ကန့်ကြာ သက်ဝင်လှုပ်ရှားသည့် ပုံထဲတွင် တံခါးပေါက်မှ ထွက်ပေါ်လာသည်။ သူဟာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး ကင်မရာ၏ ဦးတည်ရာဆီသို့ ရုတ်တရက်ကြည့်ရန် သူ့မျက်လုံးများကို ရုတ်တရက် ပင့်လိုက်ရာ လူများအား သူကိုယ်တိုင် မိမိတို့အားကြည့်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်သွားစေသည်။ ကျဉ်းမြောင်းပြီး လှပသော မျက်လုံးများသည် အနည်းငယ် စူးစူးဝါးဝါး အေးစက်နေသော်လည်း အကြောင်းတစ်ခုခုကြောင့် နားမလည်နိုင်သော ဆွဲဆောင်မှု အရိပ်အမြွက်နှင့် ရောထွေးနေသည်။

  

 

လူတိုင်းသည် သက်ဝင်လှုပ်ရှားသော ရုပ်ပုံကို ပထမဆုံးအကြိမ် နှိပ်လိုက်သောအခါတွင် ၎င်းတို့၏ အာရုံစူးစိုက်မှုမှာ ကျီယွဲ့ကျစ်၏ ဆွဲခေါ်သွားခြင်းကိုခံလိုက်ရပြီး အခြားအရာများကို မမြင်နိုင်တော့ပေ။ သူ၏ နောက်ရှိ တံခါးကို ကြည့်ရှိ အားလုံးကို သတိပေးလာသူက မူလ ပို့စ်တင်သူဖြစ်၏။

 

 

[ အိုမီဂါ မှတ်ပုံတင်ရုံး? မဖြစ်နိုင်တာ! မဖြစ်နိုင်ဘူး !!!]

 

 

[ ငါမယုံဘူး ဒီ GIF ကို ပြုပြင်ထားတာပဲ]

 

 

[ တင်တဲ့သူက ငါတို့ကို လှည့်စားဖို့ ပုံအတုကို သုံး‌နေတာ ]

 

  

ဌာနချုပ်သည် အသွင်ကူးပြောင်းသည့်ကာလပြီးနောက် လူများအား ၎င်းတို့၏ ကွဲပြားမှုရလဒ်များကို မှတ်ပုံတင်ရန်အတွက် ဂြိုဟ်တစ်ခုစီရှိ မှတ်ပုံတင်ရုံးသို့ သွားဖို့ တိုက်တွန်းထားသည်။ မှတ်ပုံတင်ရုံးတွင် အယ်လ်ဖာ၊ ဘီတာ နှင့် အိုမီဂါတို့ မှတ်ပုံတင်ရန်အတွက် သီးခြားအခန်းများရှိပြီး ၎င်းတို့ကို ရောနှော၍မရပါ။ အယ်လ်ဖာတစ်ဦးသည် အိုမီဂါ မှတ်ပုံတင်ရုံးသို့ ဝင်ရောက်ရန် နည်းလမ်းတစ်ခုသာ ရှိပြီး ၎င်းမှာ တံခါးပေါက်မှ ကန်ထုတ်ခံရခြင်းသာ ဖြစ်သည်။

  

 

ယခု သက်ဝင်လှုပ်ရှားသော ရုပ်ပုံရှိ၊ ကျီယွဲ့ကျစ် ထွက်လာရာ တံခါးနောက်ဘက်မှ အဖြူရောင် နောက်ခံတွင် စာလုံးမည်းဖြင့် စာလုံးကြီးကြီးများ ရှိနေသည်၊ ‘အိုမီဂါ မှတ်ပုံတင်ရုံး’

  

 

ထိုသို့ဆိုလျှင်တောင်မှ ငြင်းဖို့ ရုန်းကန်နေရသူများ ထက်ဝက်ကျော် ရှိနေဆဲဖြစ်ပြီး ဤရုပ်ပုံက တကယ့်အစစ်အမှန်ဖြစ်သည်ကို မယုံကြချေ။ ကျီယွဲ့ကျစ်က အသွင်မကူးပြောင်းခင်ကတောင် ရှန်းချိန်ပင်းကို ကန်ထုတ်နိုင်ခဲ့တာ။ သူသာ ထိပ်တန်း အယ်လ်ဖာ မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ။

  

 

ကျီယွဲ့ကျစ် အတန်းပြန်တက်လာသောကြောင့် အငြင်းအခုံက မကြာလိုက်ပေ။

  

 

ကျီရှီးရှို့သည် စစ်ဘက်ဆိုင်ရာ ကော်မတီသို့ မသွားမီ သူ၏ လူများကို ကျောင်းတံခါးသို့ အတိအကျ စေလွှတ်ခဲ့သည်။ ကျီယွဲ့ကျစ် ယနေ့ အတန်းတက်တော့ အချိန်ဇယားကို ပြန်ကြည့်ဖို့ရန် မျက်လွှာကို ချထားလိုက်ပြီး လမ်းတလျှောက်က လူတော်တော်များများက သူ့လည်ပင်းကို စိုက်ကြည့်နေသည်ကို ဂရုမစိုက်နေပေ။

  

 

အသွင်ကူးပြောင်းကာလ ပြီးဆုံးသွားပြီပင်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း၊ ကျီယွဲ့ကျစ်၏ ဖယ်ရိုမုန်းများကို လုံး၀ ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် သူသည် အကာအကွယ်ကပ်ခွာများကို မသုံးတော့ပေ။ လမ်းပေါ်ရှိလူများသည် ၎င်း၏ဖယ်ရိုမုန်းများကို အနံ့မခံနိုင်ကြတော့ရာ အိုမီဂါ သို့မဟုတ် အယ်လ်ဖာ ဟုတ်မဟုတ် မပြောနိုင်ကြပေ။

  

 

ကျီယွဲ့ကျစ် ကျောင်းတံခါးသို့ လျှောက်လာချိန်မှစ၍ ပထမစစ်ဘက်ကျောင်းတော်၏ အမည်မသိ ဖိုရမ် ပေါက်ကွဲထွက်သွားကာ သူ၏ အပ်ဒိတ်များကို အရူးသဖွယ် တိုက်ရိုက်ထုတ်လွှင့်လာခဲ့ကြသည်။[ ကျီယွဲ့ကျစ်က အယ်လ်ဖာပဲ ဖြစ်ရမယ် ]

 

 

[ တကယ်လို့ ကျီယွဲ့ကျစ်က အိုမီဂါ အသွင်ကူးပြောင်းသွားတာဆိုရင်၊ .... ဘယ်လိုလုပ် ကျိုးလော့ဟွမ်ကို အနိုင်ယူတော့မှာလဲ? ]

 

 

[..... ငါ အချိန်အကြာကြီး ကျိုးလော့ဟွမ်နဲ့ ပတ်သက်လို့ မပျော်မရွှင် ဖြစ်နေခဲ့တာလေ။ ကျီယွဲ့ကျစ်က သေချာပေါက် အယ်လ်ဖာပဲ နေမှာပါ ]

 

 

ကျန်းဟုန်သည် ဖိုရမ်ပို့စ်များကို လှန်လှောကြည့်နေသည်။ သူ့တွင် ကျန်း မိသားစု၏ သတင်းအချက်အလက် ကွန်ရက်ရှိ၍ ကျောင်းရှိ ၎င်းကို လူများထက် စောစောသိခဲ့သည်။ ကျီယွဲ့ကျစ် မြို့တော်ရှိ အိုမီဂါမှတ်ပုံတင်ရုံးသို့ ဝင်ရောက်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သူဟာ ၎င်းသတင်းကို ရရှိခဲ့သည်။ သူ့အနေဖြင့် လုံးဝ အံသြသွားခဲ့၏။

  

 

အယ်လ်ဖာတစ်ယောက်က အိုမီဂါ အဖြစ် ဘယ်လို အသွင်ပြောင်းသွားတာလဲ?

 

  

ကျန်းဟုန်သည် ကျီယွဲ့ကျစ်၏ အသက်ပြည့်ခြင်း အခမ်းအနားညကို မတွေးဘဲ မနေနိုင်ပေ။ ကျိုးလော့ဟွမ်က လက်ဆောင်ပို့ချင်တယ်ဟု ညလယ်တွင် ပြောခဲ့သည်။ သူဟာ ပိုသိချင်သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမက အတန်းကိုမလာသဖြင့် အဆက်အသွယ်မရခဲ့ပေ။ သူမ ဘယ်ရောက်နေမှန်း မသိပါချေ။

  

 

“ဘာလုပ်နေတာလဲ?” ကျိုးလော့ဟွမ် စာသင်ခန်းထဲကို မ၀င်လာခင်၊ ကျန်းဟုန်သည် သူ့လက်တော့ပ်ကို စိုက်ကြည့်နေပြီး နံရံနှင့် ခေါင်းကို ထိတော့မည်ကို မြင်လိုက်ရသောကြောင့် သူ့ကို သတိပေးရန် ကြင်နာစွာ ပြောလိုက်သည်။

 

  

ကျန်းဟုန်က သူမကိုမြင်သောအခါ ချက်ချင်း သူမကို ဆွဲခေါ်လိုက်ပြီး အသံကို လျှော့လိုက်သည်။ “ဘာဖြစ်နေတာလဲ? ကျီယွဲ့ကျစ်က ဘာလို့ အိုမီဂါ ဖြစ်လာတာလဲ!”

  

 

“ဒီကိစ္စ...” ကျိုးလော့ဟွမ်က ကျန်းဟုန်ကို မော့ကြည့်ကာ သူ့လက်ကို ဆွဲဖြုတ်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ပြောလိုက်သည်။ “ငါက ဘယ်လိုသိမှာလဲ။”

  

 

“နင်က မသိဘူး!” ကျန်းဟုန်မှာ ကျီယွဲ့ကျစ်အား ကျိုးလော့ဟွမ် တစ်ခုခုလုပ်ခဲ့ကြောင်းကို ကျီရှီးရှို့က ရှာတွေ့သွားလျှင် ဖြစ်လာမည့် အကျိုးဆက်အား တွေးရင်း ထုံကျင်လာသည်။ သူ့အသံက မသိလိုက်ပါဘဲ ပိုကျယ်လာပြီး “မင်း! ကျိုးလော့ဟွမ်၊ မင်း မလုပ်ရဲတဲ့ အရာများ ဒီလောကမှာ ရှိလို့လား”

  

 

ကျိုးလော့ဟွမ်သည် အနောက်တံခါးဆီသို့ လျှောက်လာရင်း ခေတ္တရပ်လိုက်ပြီး ကျန်းဟုန်ကို လှည့်ကြည့်လိုက်သည်။ သူ့အား အကြာကြီး စိုက်ကြည့်ရင်း လျှာဖျားပါးစောင်တစ်ဖက်ကို ထိုးလျက် ရုတ်တရက် ပြုံးပြလိုက်သည်။ “ဘာလို့ အရမ်းစိတ်ပူနေတာလဲ။ ဌာနချုပ်မှာ လူတစ်ယောက်ကို အယ်လ်ဖာကနေ အိုမီဂါအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဆေးရှိလို့လား?”

  

 

ကျန်းဟုန်၏ အမူအရာမှာ ရုတ်တရက် လန့်နိုးသွားသလိုပင်။ သူသည် မိမိတို့ကိုကြည့်နေသော အတန်းဖော်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးလော့ဟွမ် အနီးသို့ တိုးလာပြီး အသံကို လျှော့လိုက်သည်။ “ကျီရှီးရှို့ နင့်ကို အထင်လွဲသွားမှာ ငါကြောက်တယ်၊ ဒါဆို ငါတို့အားလုံး အဆုံးသတ်သွားလိမ့်မယ်”

  

 

ဤသည်မှာ အမှန်ပင်။ ကျီရှီးရှို့သည် သူ၏ ဒဏ်ပေးမှုနှင့် နက်နဲသော အကြံအစည်ကြောင့် နာမည်ကြီးသည်။ ဤအချိန်တွင်၊ ဂါရှို အင်ပါယာ၌ အကျယ်ပြန့်ဆုံးသော စကားမှာ – ‘တပ်စုကို တိုက်ခိုက်တာထက် ဆောင်းရာသီစစ်တပ်ရဲ့ ရန်သူဖြစ်ရတာ ပိုကောင်းတယ်’ ဟူ၍ပင်။

  

 

တူညီသည့် အဓိပ္ပာယ်က ဗဟိုဌာနချုပ် စစ်ဘက်ကော်မရှင်ံလည်း လူပြောများ၏။ ထိပ်တန်း ခေါင်းဆောင်များမှာ ကျီရှီးရှို့ထံမှ မှတ်မိခံရမည့်အစား ကျိုးသိဟုန်ကို တိုက်ခိုက်လိုက်မည်ပင်။

  

 

“ငါ့ရဲ့ ဖယ်ရိုမုန်းတွေနဲ့ လူတစ်ဦးကို ဇောက်ထိုးလှန်ပစ်နိုင်အောင် ငါလည်း အဲ့လောက် အစွမ်းမထက်ပါဘူး။” ကျိုးလော့ဟွမ်သည် စားပွဲပေါ်ရှိ ဖောင်များကို အမှုမဲ့ အမှတ်မဲ့ ထိုင်ကြည့်နေသည်။ ယနေ့က လရဲ့အစဖြစ်သဖြင့် တရားဝင်သင်တန်း ရွေးချယ်မှုဖောင်ကို ဖြည့်ရမည်။ ဆရာက ကျောင်းသားတွေကို အရင်ဝေပေးဖို့ တောင်းဆိုထားပြီးသားပင်။

  

 

“သူက အတန်းထဲရောက်ခါနီးနေပြီ” ကျန်းဟုန်သည် ဖိုရမ်ပို့စ်ရှိ အပ်ဒိတ်များကို ကြည့်ရင်း မနေနိုင်အောင် ပြောလာ၏။

  

 

“သူ” ဆိုသည့် နာမ်စားကို ကြားသည်နှင့် ၎င်းက ဘယ်သူလဲဆိုတာ သူမ သိသည်။ ကျိုးလော့ဟွမ်မှာ ဘောပင်တစ်ချောင်းကို ထုတ်ကာ အဖြေမပေးလိုက်ဘဲ တရားဝင်ဖောင်တွင် မိမိနာမည်ကို ရေးလိုက်သည်။

  

 

တစ်မိနစ်အကြာတွင် ကျီယွဲ့ကျစ်သည် စာသင်ခန်းရှေ့တံခါးမှ ဝင်လာပြီး သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ခဏတာကြာအောင် အတန်းဖော် တစ်ယောက်မှ စကားမပြောရဲကြပေ။

  

 

ကျီယွဲ့ကျစ်၏ လည်ပင်းတွင် အကာအကွယ်ကပ်ခွာမရှိတော့ရာ သူ၏အသွင်ကူးပြောင်းမှုသည် အောင်မြင်ကြောင်း ထင်ရှားသည်။ သူက အယ်လ်ဖာအသွင်ကူးပြောင်းသွားရင် ပြဿနာမရှိပါပေ။ ဒါပေမယ့် သူသာ တကယ် အိုမီဂါအသွင် ကူးပြောင်းသွားတာဆိုရင် သူ့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အားလုံးက သူ့ကို အယ်လ်ဖာလို သဘောထားနေကြတာ ကြာပြီပင်။

  

 

သို့သော်လည်း အတန်းဖော်များက ကျီယွဲ့ကျစ်မှာ ပုံမှန်အတိုင်းဖြစ်နေသည်ကို မြင်ရသောအခါတွင် တဖြည်းဖြည်း ရဲတင်းလာကြသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မဝံ့မရဲနှင့် မေးလာ၏၊ “အတန်းဖော်ကျီ၊ နင်က အယ်လ်ဖာအသွင် ကူးပြောင်းသွားပြီ မဟုတ်လား၊ ဂုဏ်ယူပါတယ်! လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တစ်ယောက်ယောက်က နင့်ကို အိုမီဂါ လို့ ကောလာဟလတွေ ဖြန့်နေတာလေ။”

  

 

ကျီယွဲ့ကျစ်သည် ကျောင်းလွယ်အိတ်ထဲမှ လှပသော ရေပြာရောင်ဖောင်တိန်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဖြူသွယ်သွယ်လက်ချောင်းများဖြင့် ဘောပင်ကိုကိုင်၍ တရားဝင်ဖောင်ကိုဖွင့်ကာ သူ့နာမည်ကို ချောမွေ့စွာဖြည့်သွင်းရင်း မျက်လုံးကိုပင့်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလာသည်။ “ငါက အိုမီဂါပါ”

 

  

စာသင်ခန်းထဲတွင် ရုတ်တရတ် ပင့်သက်ရှိုက်သံများထွက်လာခဲ့သည်။ ဒါက... ကာယကံရှင်ကိုယ်တိုင်က ဝန်ခံတာပဲ။

  

 

မေးခွန်းမေးသူသည် တုန်လှုပ်သွားပြီး ထိုင်ခုံဆီသို့ ပြန်လာခဲ့သည်။

  

 

ပထမ စစ်ဘက်ကျောင်းတော်၌ အိပ်မက်ကောင်လေး မရှိတော့ပေ။ ပျောက်သွားပြီ! အိုမီဂါအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

  

 

၎င်းက ကြားတဲ့သူတိုင်းကို ဝမ်းနည်းပြီး ငိုစေ၏!!!

  

 

ကျီယွဲ့ကျစ်သည် ချောမောပြေပြစ်သောအသွင်အပြင်၊ သွယ်လျသောရုပ်ရည်နှင့် အဆင့်အတန်းကောင်းမွန်ပြီး တိုက်ခိုက်ရေး ကောင်းသူတစ်ဦးဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးလည်း ဖြစ်ပါ၏။ သူဟာ ပထမစစ်ဘက်ကျောင်းတော်ရှိ မရေမတွက်နိုင်သော အိုမီဂါများကို ဆွဲဆောင်ထားနိုင်ပြီး သူနှင့် AA ဆက်ဆံရေးကို လိုချင်သော အယ်လ်ဖာများပင် ရှိသည်။

  

 

သည်နေ့ သည်အချိန်ကစပြီး လူတိုင်း၏ အိပ်မက်တွေ ပြိုပျက်သွားပြီဖြစ်သည်။[သတင်းထူး - ရှေ့တန်းက အစီရင်ခံပါတယ်၊ ကျီယွဲ့ကျစ် ကိုယ်တိုင် အိုမီဂါ အသွင်ကူးပြောင်းသွားတာလို့ ဝန်ခံခဲ့တယ်! ]

 

 

[ ငလူး ငလူး ငလူး! ဘယ်လိုလုပ် ကျီယွဲ့ကျစ်က အိုမီဂါ ဖြစ်လာနိုင်မှာလဲ? ငါ့အမေတောင် သူ့ရဲ့ မျိုးရိုးဗီဇ စစ်ဆေးမှုက အယ်လ်ဖာလို့ ပြကြောင်း သေချာပြောခဲ့သေးတယ်။ ]

 

 

[ ငါ OO ဆက်ဆံရေးအတွက် အဆင်မပြေသေးဘူးနော်... ဒါပေမယ့် စီနီယာကျီဆို‌ရင်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး ~ ရှက်နေ- ပုံနှင့်တကွ]

 

 

[ အာ ဒါဆို ဘယ်သူက ကျိုးလော့ဟွမ်ကို တိုက်ခိုက်မှာလဲ? ]

 

 

[ အပေါ်ထပ်က ဘယ်သူလဲ? နင့်ကို အစောတုန်းက ပို့စ်မှာ တွေ့ခဲ့တယ်နော်။ ကျိုးလော့ဟွမ်က နင့်ရဲ့ အမှတ်တွေကို လုသွားလို့လား? ]

 

 

[ ဒါပေမယ့် ပထမစစ်ဘက်ကျောင်းတော်မှာ ကျိုးလော့ဟွမ်ကို အနိုင်ယူနိုင်မယ့် အယ်လ်ဖာ ရှိသေးလို့လား? ]

 

  

 

  

ထိတ်လန့်စရာကောင်းတဲ့စကားတွေပြောပြီးနောက် ကျီယွဲ့ကျစ်ဟာ ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေကိုမပြဘဲ သူ့ရဲ့သင်တန်းရွေးချယ်မှုဖောင်ကို တိတ်တဆိတ်ဖြည့်သွင်းခဲ့၏။ ဤဖောင်ကို ဖြည့်စွက်ပြီးပါက ဆရာသည် ၎င်းကို စကင်န်ဖတ်ကာ ကျောင်းကွန်ရက်သို့ တင်သွင်းမည်ဖြစ်သည်။ ထို့နောက် အတန်းတက်ရန် ကျောင်းကွန်ရက်ရှိ သက်ဆိုင်ရာသင်တန်း၏ နည်းပြကို ရွေးချယ်နိုင်သည်။

  

 

သူဟာ မနက်အစောကြီးကတည်းက ရလဒ်ကို ဆုံးဖြတ်ပြီးသားဖြစ်သကဲ့သို့ တစ်ခဏမျှ မရပ်ဘဲ ရွေးချယ်မှုကို အလွန်လျင်မြန်စွာ ပြုလုပ်ခဲ့သည်။

  

 

“မင်းရဲ့ စားပွဲပေါ်က တရားဝင်သင်တန်းရွေးချယ်မှုဖောင်ကို တွေ့ပြီးပြီလား။” ဆရာက ဝင်လာပြီး ရှေ့ဆုံးတန်းရှိ ကျီယွဲ့ကျစ်ကို ကြည့်လိုက်ပြီးနောက် စင်မြင့်ပေါ်၌ ရပ်ကာ ပြောလေသည်။ “ဒီအတန်းမှာ ဖောင်ဖြည့်လိုက်။ အတန်းပြီးရင် လာကောက်လိုက်မယ်။ နေ့လည်ပိုင်းမှာ နည်းပြသင်တန်းတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ်။ ဒါ့အပြင် ဒီနှစ်မှာ တပ်မတော်က ထူးချွန်တဲ့ နည်းပြဆရာသူ အများကြီးကိုလည်း ကျောင်းအတွက် ဖိတ်ကြားထားသေးတယ်။ ဒီ အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်နော်။”

  

 

အသွင်ကူးပြောင်းပြီးနောက်တွင် အယ်လ်ဖာ၊ ဘီတာနှင့် အိုမီဂါတို့ အားလုံးမှာ Cမှ Sအထိ သက်ဆိုင်ရာ အဆင့်များ ရှိကြသည်။ နည်းပြဆရာများသည်လည်း အဆင့်များပါရှိပြီး ပင်မသင်တန်းများအတွက် သက်ဆိုင်ရာအဆင့်ရှိ ဆရာများကိုသာ ရွေးချယ်နိုင်သည်။ သို့သော် စာသင်နှစ်ဝက် တစ်ခုစီ၏ အဆုံးတွင် ပင်မသင်တန်းများအတွက် ပြိုင်ပွဲတစ်ခုရှိသည်။ ၎င်းက မိမိထံတွင် လုံလောက်သည့် ကြံ့ခိုင်မှုရှိပါက နည်းပြများကို ပြောင်းလဲဖို့ အခွင့်အရေးရစေသည်။

  

 

“ဟယ်ယွဲ့ ပါတယ်။ သူက သေနတ်ပစ်သင်ပေးမှာ။” ဖောင် ဖြည့်သွင်းနေစဉ် ကျန်းဟုန်က အချက်အလက်မျှဝေလာသည်။ “ကွပ်ကဲမှုဌာနမှာ အသန်မာဆုံးနည်းပြက ကျားဟိုင်လန်ဖြစ်နေတုန်းပဲ။”

  

 

ကျိုးလော့ဟွမ်က နောက်ဆုံးတွင် ပြောလာခဲ့သည်။ “ကျီရှီးရှို့ရဲ့ ကွပ်ကဲရေးကိုတက်ဖို့ အခွင့်အရေးမရှိဘူး”

  

 

ကျန်းဟုန်မှာ ဆွံ့အသွားသည် - “...ကျီရှီးရှို့က နည်းပြဆရာလား? သူက ဥက္ကဌဖြစ်လာဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ သူက ပထမစစ်ဘက်ကျောင်းတော်မှာ နည်းပြဆရာဖြစ်ခွင့် ဖြစ်နိုင်မလား။”

  

 

“နှမျောစရာပဲ။” ကျိုးလော့ဟွမ်က နံရံကို မှီပြီး ပျင်းရိစွာ ပြောလိုက်၏။

  

 

အတန်းပြီးခါနီးတွင် ဆရာသည် အတန်းထဲမှ တရားဝင်သင်တန်းရွေးချယ်မှုဖောင်များကို တစ်ခုပြီးတစ်ခု ကောက်ယူသည်။ သူတို့တင်မကဘဲ ဒုတိယနှစ် သင်ကြားရေး အဆောက်အဦတစ်ခုလုံးက ထိုသို့ လုပ်နေကြ၏။

  

 

ဆရာသည် ရွေးကောက်ခံအရေအတွက်ကို နှစ်ကြိမ်ရေတွက်ပြီး နောက်ဆုံးတွင် ပြောလာသည်။ “ကောင်းပြီ၊ အတန်းသိမ်းလိုက်တော့”

  

 

“ဒီနေ့ နေ့လည်မှာ အချက်အလက်သင်တန်းအတွက် နည်းပြဆရာကို သေသေချာချာ ရွေးရမယ်...” ကျန်းဟုန်သည် နေ့ခင်းပိုင်းတွင် နည်းပြရွေးချယ်မည့် အကြောင်းအား ကျိုးလော့ဟွမ်နှင့် ဆွေးနွေးလိုသော်လည်း သူ့စကားမဆုံးခင်တွင် သူ့ဘေးကလူက သူ့ကိုထားခဲ့ပြန်၏။

 

 

ကျန်းဟုန်မှာ ပျောက်ကွယ်သွားသော သဏ္ဍာန်ကို ကြည့်ပြီး စိတ်ထဲ တွေးတောလိုက်သည်။ “ ငါက စိတ်ရှုပ်ဖို့ ကောင်းနေလို့လား?”

 

  

  

 

ကျိုးလော့ဟွမ်မှာ မသိလိုက်ပါဘဲ ကျီယွဲ့ကျစ်နောက် လိုက်သွားမိ၏။ သူမဟာ သူမအနေဖြင့် အိုမီဂါလည်ပတ်ကို ပေးလိုခဲ့ခြင်း မဟုတ်ကြောင်း ပြောပြချင်သော်လည်း သူမဟာ ထိုလက်‌ဆောင်ကို ထို‘ရည်ရွယ်ချက်’နှင့် မဟုတ်ဘဲ အခြား ‘ရည်ရွယ်ချက်’ ဖြင့် ရည်ရွက်ချက်ရှိရှိ ပေးခဲ့ခြင်းပင်။

  

 

သူ့ နောက်ကိုလိုက်သွားပြီးနောက် ကျီယွဲ့ကျစ်မှာ အရိပ်အယောင်ကိုသတိပြုမိပြီး သူမထံကို လှည့်ကြည့်လာသော်လည်း ကျိုးလော့ဟွမ်... မှာ ရပ်တန့်နေခဲ့သည်။

  

 

ကံကောင်းထောက်မစွာဖြင့် ကျိုးလော့ဟွမ်သည် အပြင်ပန်းတွင် ငြိမ်သက်ယောင် ဟန်ဆောင်နေခဲ့သည်။ ကျီယွဲ့ကျစ်သည် ထူးထူးခြားခြား ဘာမှ သတိမထားမိပေ။ သူက လှပသော မျက်လုံးများဖြင့် သူမကို အေးစက်စွာ ကြည့်လာသည်။ “ဘာကိစ္စလဲ?”

  

 

ပုံမှန်အားဖြင့် ကျိုးလော့ဟွမ်သည် သူ့ကို ပေါ့ပေါ့ပါးပါး နှုတ်ဖြင့် ရန်စလေ့ရှိသော်လည်း ယနေ့တွင်မူ ထိုသို့မလုပ်ခဲ့ပေ။

  

 

“မနေ့ညက ဖယ်ရိုမုန်း အဖြစ်အပျက်အတွက် စိတ်မကောင်းပါဘူး။” ကျိုးလော့ဟွမ်က လေးနက်စွာပြောခဲ့သည်။

  

 

ကျိုးလော့ဟွမ်၏ မျက်လုံးထဲတွင် ကျီယွဲ့ကျစ်သည် ယခင်အတိုင်း သူမနှင့် ဝေးကွာပြီး ထူးမခြားနား ရှိဆဲဖြစ်ကာ ခေါင်းညိတ်ကာ တုန့်ပြန်လာသည်။

  

 

နှစ်ယောက်သား မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြပြီး ကျီယွဲ့ကျစ်က ရုတ်တရတ် ပြောလေ၏ “မင်းရဲ့လက်ဆောင်ကို ငါတွေ့ပြီးပြီ”

  

 

“……” ကျိုးလော့ဟွမ် လှည့်ထွက်သွားချင်နေပြီ၊ အိုမီဂါထံ ရမ္မက်နိုးကြွစေသည့် လည်ပတ်ကို ပေးခြင်းက သူမ ယခင်က မတွေးထားခဲ့ဖူး‌‌သည့် အရာပင်။

  

 

ကျီယွဲ့ကျစ်သည် ကျိုးလော့ဟွမ်ကို လှပသော မျက်လုံးများဖြင့် ကြည့်ကာ တည်ငြိမ်စွာ ပြောလာသည်။ “ငါတို့သာ အဲ့တုန်းက ကျောင်းမှာဆိုရင် အတန်းဖော်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် မင်းဆီက ဆယ်မှတ်ကို ငါ နုတ်ယူနိုင်တယ်။”