part-38
ယွမ်ရှနှင့်စုန့်ထင်ရှန်းတို့လက်ထပ်ခဲ့သည်မှာ လေးနှစ်ကြာမြင့်ခဲ့ပေပြီ။သို့သော်လဲ သူတို့နှစ်ဦးသည်ဘယ်တုန်းကမှဒိတ်မလုပ်ခဲ့ဘူးသလို အတူတူရုပ်ရှင်လဲမကြည့်ဖူးခဲ့ကြပေ။
စုန့်ထင်ရှန်းကထိုကဲ့သို့ဖျော်ဖြေရေးကဏ္ဏများတွင်အချိန်များများသုံးစွဲခဲ့ခြင်းမရှိပေ။သူကတနေ့တာအတွက်အလုပ်များပြီးစီးသွားသည်နှင့်
အိမ်သို့တန်းတန်းမတ်မတ်ပြန်လာကာသူ့သားနှင့်သာအချိန်ဖြုန်းလေ့ရှိသည်။
သူက စီးပွားရေးနှင့်သက်ဆိုင်သည့်ပါတီပွဲများကိုပင်တက်ရောက်ခဲ၏။သို့သော်လဲသူသည် သူ့၏သားကိုခေါ်ကာကလေးများကြိုက်နှစ်သက်သည့်ရုပ်ရှင်များကိုတော့လိုက်ပြဘူးလေသည်။
သူတို့သုံးယောက်သားကညစာကိုပြည့်အင့်သည်အထိစားထားပြီးသားဖြစ်သည်။
ထို့ကြောင့်ရုပ်ရှင်ရုံတွင်ရောင်းသည့် ပေါက်ပေါက် ကိုကာကိုလာ အအေးများကိုစိတ်ဝင်စားမှုမရှိတော့ပေ။
မေမေယွမ်ဝယ်ပေးထားသည့်ရုပ်ရှင်လက်မှတ်က ကလေးများအတွက်သင့်တော်သည့် ရုပ်ရှင်ကားသာဖြစ်သည်။ရုံထဲတွင်လဲကလေးများပြည့်လုနီးပါးဖြစ်နေ၏ မိဘများကသူတို့၏ကလေးများကိုခေါ်ကာလာရောက်ကြည့်ရှုကြသည်။
ဝမ်လေးကယခုအချိန်လေးကို အိပ်မက်အလားပင်ခံစားနေမိသည်။သူ သူ့အဖေနှင့်အမေကြားထဲတွင်ပျော်ရွှင်စွာဖြင့်ထိုင်နေ၏ ရုတ်တရက်သူ့နှုတ်ခမ်းလေးများကိုတင်းတင်းစေ့လိုက်၏။သူတခြားသောကလေးများကိုမနာလိုအားကျစရာဖြစ်စရာမလိုတော့ကြောင်းသတိပြုမိလိုက်သည်။ သူသည်လဲ သူ့မိဘများနှင့်အတူတူရုပ်ရှင်ကြည့်ဖူးလေပြီ။
ယွမ်ရှက မူလအစတွင် သူမထိုရုပ်ရှင်ကားကိုလုံးဝစိတ်မဝင်စားဟုထင်ခဲ့သည်။ သို့သော်လဲဒစ်စနေရုပ်ရှင်ကားက သူမမျှော်လင့်ထားသည်ထက်ပို၍ကောင်းမွန်နေပေသည်။၎င်းကကာတွန်းကား တစ်ကားသာဖြစ်သော်လဲ ဇာတ်လမ်းဇာတ်ကွက်ကတော်တော်လေးကောင်းမွန်ပေသည်။လူကြီးများပင်လျှင်စိတ်မကျေမနပ်ဖြစ်စရာမတွေ့ပေ။
ဒါကြောင့်မို့ .ဒီဇာတ်ကားကဝေ့ပေါ်ပေါ်မှာ တော်တော်လေးအဆင့်ကောင်းနေတာကိုး...
သူတို့ရုပ်ရှင်ပြီးသွားပြီးနောက်ရုံထဲမှလျှောက်ထွက်လာခဲ့ကြသည်။ဝမ်လေးကရုပ်ရှင်ကားထဲတွင်နစ်မြောနေတုန်းပင်ဖြစ်၏။သူကယွမ်ရှ၏လက်ကိုဆုပ်ကိုင်ထားရင်းမေးလိုက်သည်။
"မာမား အဲ့ဒီ့ကျားမိသားစုကလေ ညကျရင်တူတူအိပ်ကြတာလား..."
ကလေးလေးစုန့်၏ပါးစပ်မှထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက်ယွမ်ရှမကောင်းသောစိတ်ခံစားချက်များရရှိလိုက်လေသည်။ဝမ်လေးကသံသယများအပြည့်ဖြင့်ထပ်မံမေးလာလေ၏။
"ပါပါးနဲ့မာမားက ဘာလို့တူတူမအိပ်ကြတာလဲ...အဖိုးနဲ့အဖွားနဲ့ကလဲအိပ်ယာတခုထဲမှာပဲတူတူအိပ်ကြတာ..."
အဆုံးသတ်၌ကလေးငယ်လေးသည်။ သူ့မိဘများ၏ဆက်ဆံရေးတွင် တစုံတရာလွဲမှားနေကြောင်းသတိပြုမိသွားလေပြီ။လူသားများ၏သာမာန်အလေ့အထများအရ ခင်ပွန်းသည်နှင့် ဇနီးသည်တို့သည် တူတူသာအိပ်စက်ကြမည်ဖြစ်သည်။လက်ထပ်ထားသည့်ဇနီးမောင်နှံက အိပ်ယာခွဲအိပ်ဖို့ဆိုလျှင်...ပုံမှန်အားဖြင့် သူတို့၏အသက်၇၀ ၈၀လောက်မှသာဖြစ်ပေလိမ့်မည်။
ထိုမေးခွန်းကိုယွမ်ရှမည်သို့ဖြေရမည်မသိသလို စုန့်ထင်ရှန်းကိုယ်တိုင်လဲမဖြေတတ်ပေ။
ပါပါးနဲ့မာမားက အမည်ခံလင်မယားပဲ...တယောက်နဲ့တယောက်ခံစားချက်မရှိဘူးလို့ပဲသူမဖြေလိုက်သင့်လား...
ထိုသို့ပြောဖို့ကမဖြစ်နိုင်ပေ။ယွမ်ရှကဆရာကျလွန်းသည့်လူလိမ်တယောက်သာ ဖြစ်နေသေးသည်။သူမကောင်းမွန်သည့်အကြောင်းပြချက်တခုကို လျင်လျင်မြန်မြန်ပင်ထုတ်သုံးလိုက်၏။
"အဲ့ဒာ ဘာလို့လဲဆိုတော့...မာမားကနောက်ကျမှအိပ်တတ်တယ် ပြီးတော့လဲလေမနက်ပိုင်းနေမင်းကြီးမထွက်လာခင်ထိမထချင်ဘူး...ပါပါးကမနက်ပိုင်းတွေမှာ မာမားကိုနှိုးမိသွားမှာကိုကြောက်နေတာလေ ဒါကြောင့်မို့သူကပေါင်ပေါင်နဲ့တူတူအိပ်နေတာပေါ့..."
သူမခဏမျှစဉ်းစားလိုက်ပြီးနောက်ထပ်ပေါင်း၍ပြောလိုက်သည်။
"ဝမ်လေးကလဲ ပါပါးလိုမျိုး...တွေးတောပေးတတ်တဲ့သူဖြစ်အောင်သင်ယူရမယ်နော်...ဘာလို့လဲဆိုတော့ မင်းလေးကမာမားကိုမနက်တိုင်းအစောကြီးနှိုးနေတဲ့အတွက် မာမားမျက်လုံးအောက်တွေမှာကြည့်ပါဦး...ဝက်ဝံမျက်ကွင်းတောင်ဖြစ်တော့မယ်..."
ဝမ်လေးသည် ငယ်ရွယ်သေးသောကလေးငယ်လေးသာဖြစ်သောကြောင့် သူ့ကိုအရူးလုပ်ရသည်ကလွယ်ကူပေသည်။သူက သူ့ကိုယ်သူ လက်ညှိုးထိုး၍မေးလိုက်သည်။
"အဲ့ဒာကသားသားက မားမားကိုနှိုးမိလို့လား...အဲ့တာကြောင့်မို့မာမားက တူတူမအိပ်ချင်တာလား..."
ယွမ်ရှသူမ၏မေးစေ့ကိုပွတ်ရင်းပြောလိုက်သည်
"အင်း...ဒီအကြောင်းပြချက်ကြောင့်ဖြစ်နိုင်တယ်..."
သူမ ကလေးလေးကိုအများကြီးလိမ်ပြောဖို့မစီစဉ်ထားပေ။ ပြောရမည်ဆိုလျှင်သူက သူမ၏အိပ်ချိန်အား တကယ့်ကိုအနှောင့်အယှက်ဖြစ်စေပေသည်။ကံကောင်းထောက်မစွာဖြင့်သူမသည် တစုံတယောက်ကအိပ်ယာလာနှိုးခြင်းအပေါ်မှာအလွန်အမင်းဒေါသထွက်သောင်းကျန်းလိုခြင်းမရှိပေ။
စုန့်ထင်ရှန်းသည် ကလေးလေးစုန့်ကိုကောင်းမွန်စွာပြုစုပျိုးထောင်သင်ကြားပေးထားလေသည်။အနဲဆုံးတော့သူကဒီပြဿနာကိုသေချာစွာစဉ်းစားတွေးတောနေလေ၏။သူတို့ကားပေါ်တက်ပြီးသည်နှင့်ကလေးလေးက စိတ်ရင်းမှန်ဖြင့်တောင်းပန်စကားဆိုလာသည်။
"မာမား အားလုံးကပေါင်ပေါင်ရဲ့အမှားပါပဲ နောက်ဆိုရင်မာမားကိုမနက်အစောကြီးမနှိုးတော့ပါဘူးနော်...ဒါပေမဲ့ ပေါင်ပေါင်မာမားနဲ့တူတူအိပ်လို့ရသေးလား...မာမားရဲ့အနံ့လေးကအရမ်းမွှေးတာပဲ..."
ကလေးလေးကပင် အလျော့ပေးနေပြီဖြစ်သောကြောင့် ယွမ်ရှအနေဖြင့် သူ့၏ သူမနှင့်ရင်းနှီးချင်သောဆန္ဒလေးကိုငြင်းပယ်ရန်အကြောင်းမရှိပေ။
"ကောင်းပြီ ဒါပေမဲ့...ပေါင်ပေါင်ရဲ့စကားကိုတည်ရမယ်နော်..."
"ဟုတ်..."
xxxxxxxxxx