✨ Chapter 1
Viewers 91

✨ Chapter 1


မစ်ရှင်ကျရှုံးခြင်း






တန်ဖိုးကြီးပြီး ကျယ်ဝန်းသော အခန်း၏ ကြမ်းပြင်တွင် ကြက်သွေးရောင်ကော်ဇောက ကျက်သရေရှိစွာရှိနေခဲ့သည်။ အခန်း၏အလယ်တွင် အနုစိတ်ဒီဇိုင်းများဖြင့် အလှဆင်ထားသော ဥရောပခုတင်ကြီးတစ်ခုရှိနေ၏။ ညာဘက်ခြမ်းတွင် ကြမ်းပြင်မှမျက်နှာကြက်အထိရှည်လျားသော မှန်ပြတင်းပေါက်ကြီးရှိပြီး အဝေးရှိကြယ်တာရာကောင်းကင်ကို ကောင်းစွာမြင်တွေ့နိုင်သည်။




ဆံပင်ရွှေရောင်ဖြင့် ကောင်လေးတစ်ဦးက မြင့်မားသောပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး သူ့ရှေ့ရှိ ကြယ်တာရာ ကောင်းကင်ကြီးကို တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။




သူ့တွင် ကျောက်မျက်ရတနာကဲ့သို့ အပြာနုရောင်မျက်လုံးတစ်စုံရှိပြီး သူ၏ နူးညံ့သော ရွှေရောင်ဆံပင်တို့က ရွှေရောင်အလွှာပါးလေးဖုံးအုပ်နေသကဲ့သို့ တောက်ပနေသည်။ ဆံပင်အချို့က သူ၏ချောမွတ်ပြီး ဖြူဖွေးသော နှာဖူးပေါ်ကျနေခဲ့သည်။ သူ၏နှုတ်ခမ်းများက နှင်းဆီရောင်ဖျော့ဖျော့သန်းနေပြီး သူ့မျက်နှာအသွင်အပြင်က အပြစ်အနာအဆာကင်းမဲ့က အလွန်သိမ်မွေ့ပေသည်။




သူက အနက်ရောင်ကုတ်အင်္ကျီနှင့် အနက်ရောင်လည်စည်း၀တ်ဆင်ထားသည်။ လည်စည်းကို လက်မအရွယ်ရှိသော နက်ပြာရောင်ကျောက်ဖြင့် အလှဆင်ထားပြီး ကျောက်မှအလင်းရောင်က သူ၏အပြာနုရောင်မျက်လုံးကို ထင်ဟပ်နေစေသည်။




ကောင်လေးက ဘာမှမပြောနေသော်လည်း သူ၏ကြည်လင်သောမျက်လုံးများထဲ မြူခိုးတစ်လွှာဖုံးအုပ်နေသည်။ ၎င်းတွင် စိတ်ညှိုးငယ်သောအရိပ်အယောင် ရှိနေပုံရသော်လည်း သူ၏လှပသောအသွင်အပြင်အပေါ် မသက်ရောက်နေချေ။ သူက သေမျိုးလောကသို့ဆင်းသက်လာသော နတ်သားလေးနှင့်တူလှသည်။




သူ့ကို တစ်စုံတစ်ယောက်မြင်ပါက မည်သို့အခက်အခဲများကြုံနေရသောကြောင့် ဤကဲ့သို့အမူအရာဖြစ်နေသည်ကို မတွေးမိဘဲ နေနိုင်မည်မဟုတ်ချေ။ 


                                                                                                                                                                                                                                                                                                        သို့သော် ကျီလင်အတွက် သူ၏လှပသောအသားအရေနှင့် မူလဇစ်မြစ်က အရေးမကြီးနေချေ။ 




'ငါ ဘာလို့ပြန်ရောက်လာတာလဲ...'  


၎င်းက အရေးကြီးဆုံး မေးခွန်းပင်။




သူက နှစ်ဆယ့်တစ်ရာစုတွင် နေထိုင်နေသော ပုံမှန်ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သည်။ သို့သော် မကြာသေးမီက ကားမတော်တဆမှုတစ်ခု၌ သူ သေဆုံးသွားခဲ့သည်။ ထိုအချိန်တွင် စနစ်ဟုခေါ်သော တစ်စုံတစ်ဦးက သူ့ထံချဉ်းကပ်လာခဲ့သည်။ ထိုလူက သူ့ကို စာအုပ်တစ်အုပ်ထဲဝင်ပြီး တာဝန်များပြီးဆုံးအောင်လုပ်ရန် သဘောတူပါက ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။  




သေဆုံးသွားတဲ့ လူတစ်ယောက်အတွက် ပြန်ရှင်နိုင်မယ့် အခွင့်အရေးထက် ဘာက ပိုဆွဲဆောင်နိုင်ဦးမှာလဲ... 




သူ၏တစ်ခုတည်းသောအလုပ်မှာ သန်းမေ့ဝတ္ထုထဲတွင် ကောက်ကျစ်သောအမျိုးသားဇာတ်ပို့ဇာတ်ကောင်အဖြစ် ဝင်သရုပ်ဆောင်ပြီး ဇာတ်လိုက်gongနှင့် shouကြား အောင်သွယ်တော်လုပ်ပေးရန် ဖြစ်သည်ကိုသိပြီးနောက် ကျီလင် ထိုကမ်းလှမ်းချက်ကို မတုံ့ဆိုင်းဘဲ စိတ်အားထက်သန်စွာဖြင့် သဘောတူခဲ့သည်။




သူ အင်ပါယာကြယ်ဟုခေါ်သော အနာဂတ်ကမ္ဘာဖြစ်သည့် ဤကမ္ဘာကိုရောက်လာပြီးနောက် သူနှင့်နာမည်တူသော အသက် 18 နှစ်အရွယ် မျိုးရိုးမြင့်ကောင်လေး ကျီလင်ဖြစ်လာခဲ့သည်။




မူလပိုင်ရှင်က အသားအရေလှပရုံသာမက အထက်တန်းလွှာနောက်ခံမှ ဆင်းသက်လာသူလည်းဖြစ်သည်။ 




သူ၏ဖခင် ကျီထင်က အင်ပါယာ၌ ထင်ရှားသော မြို့စားကြီးများထဲမှတစ်ဦးဖြစ်ပြီး တော်ဝင်အင်ပါယာမိသားစုပြီးနောက် ရာထူးမြင့်သောအထက်တန်းလွှာတစ်ဦးဖြစ်သည်။ ကျီမိသားစုမှာ မကြာသေးမီက အာဏာလွန်ဆွဲပွဲ၏ဗဟိုမှ ပြောင်းရွှေ့လာခဲ့သော်လည်း သူတို့၏မြင့်မြတ်သော အဆင့်အတန်းကိုမူ ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်သည်။ သူ၏အမေ မဒမ်မာရီနာကလည်း လူသိများပြီး မြင့်မြတ်သောအဆင့်အတန်းဖြင့် သြဇာအာဏာကြီးမားသည့်မိသားစုမှ ဆင်းသက်လာသူဖြစ်၏။ သူမက လက်ရှိဧကရာဇ်၏မိခင်နှင့် ရင်းနှီးသောသူငယ်ချင်းများဖြစ်သည်။




ကျီထင်နှင့် သူ့ဇနီးက နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့ပြီး နောက်ဆုံးတွင် ခက်ခက်ခဲခဲဖြင့် တန်ဖိုးရှိသောသားဖြစ်သည့် မူလပိုင်ရှင်ကိုရရှိခဲ့၏။ 




ထိုကြောင့် မူလပိုင်ရှင်မှာ မွေးကတည်းက အင်ပါယာ၏ထိပ်ဆုံး၌ ရှိနေသည်ဟု ဆို၍ရသည်။ သူက သာမန်လူများ သူတို့ဘဝတစ်သက်တာ၌ မပိုင်ဆိုင်နိုင်သော အရာမှန်သမျှ ပိုင်ဆိုင်နိုင်ပေသည်။ သူ မသေသေးသရွေ့ သူ့ဘဝတစ်သက်လုံး အပူအပင်ကင်းကင်းနေနိုင်ပေသည်။


                                                                                                                                                                                                                                                                                                         သို့သော် မူလပိုင်ရှင်မှာ ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး စည်းပျက်ကမ်းပျက်ဖြင့်ကြီးပြင်းလာခဲ့သည်။ နောက်ပိုင်းတွင် သူက သာမန်အင်ပါယာအထက်တန်းလွှာဖြစ်လာခဲ့သည်။ စာအုပ်ထဲတွင် သူက ကောက်ကျစ်သော အမျိုးသားဇာတ်ပို့နေရာ၌ပါဝင်ထားပြီး ဇာတ်လိုက် shou နဉ်ယွီ၏ အချစ်စစ်သို့လိုက်ရာလမ်းတွင် အကြီးမားဆုံးအတားအဆီး ဖြစ်ခဲ့သည်။ 




ဝတ္ထုထဲရှိ မူလပိုင်ရှင်က မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပြီးနောက် ကျီလင်က သူ့နေရာ၌ အစားထိုးဝင်ရောက်ခဲ့သည်။ ကျီလင်၏ အခန်းကဏ္ဍမှာ အင်ပါယာဧကရာဇ်ကိုစွဲလမ်းပြီး ဇာတ်လိုက် shou အတွက် အခက်ခဲများစွာဖြစ်စေသော ဇာတ်ပို့ဇာတ်ကောင်အဖြစ် ဇာတ်လမ်းကို ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်။




ကျီလင်က သဟဇာတရှိသော လူ့အဖွဲ့အစည်း၌ မွေးဖွားခဲ့ပြီး ကြီးသူကိုရိုသေ၊ ငယ်သူကိုသနားကာ ငယ်စဉ်ကတည်းက အလုပ်ကို ဇောက်ချလုပ်ကိုင်တတ်သူဖြစ်သည်။




သူက လူတိုင်းထံမှ ချီးကျူးခံရပြီး ကောင်းမွန်သည့်လူငယ်တစ်ဦးဖြစ်ခဲ့သော်လည်း ဤနေရာသို့ရောက်လာချိန်မှစ လူတိုင်းကို စက်ဆုပ်ရွံရှာစေသော အနိုင်ကျင့်ခြင်းကဲ့သို့အရာများကို အထူးပြုလုပ်ရန်လိုအပ်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူသတ်သေခဲ့ရသည်။




သူ အိမ်ပြန်နိုင်ရန်အတွက် ထိုအရာများအားလုံးကို သည်းခံခဲ့သည်။




သူက အဓိကဇာတ်လိုက် gong ကျင်းဆွေ့၏ အမာခံပရိသတ်ဖြစ်ပြီး သူ၏ဇာတ်ရုပ်ကို ရိုးသားမှုအပြည့်ဖြင့် သရုပ်ဆောင်ခဲ့သည်။ သို့သော် သူက ဇာတ်လိုက် shou နဉ်ယွီအတွက် ဒုက္ခဖြစ်စေမည့် မည်သည့်အခွင့်အရေးကိုမဆို လက်လွှတ်မခံဘဲ ဇာတ်လိုက်gong ၏ အချစ်ရေးတွင် အခက်အခဲများဖန်တီးပေးရန် ဗီလိန်အင်အားကို တတ်နိုင်သမျှစုစည်းခဲ့သည်။




ကံကောင်းစွာပင် သူက ကောက်ကျစ်သော ရည်ရွယ်ချက်များဖြင့် မျက်နှာဖြတ်ရိုက်ခံရမည့် ကံကြမ္မာရှိသော အမြှောက်စာဇာတ်ကောင်ဖြစ်သည်။ သူ၏ ကောက်ကျစ်သော အကြံအစည်များ အောင်မြင်ခါနီးတိုင်း နဉ်ယွီကို သဘောကျသူများက သူ့အကြံအစည်များကို ပျက်ပြားစေပြီး 'မအောင်မြင်သော ရာဇ၀တ်မှု' ဟူသော ခံစားချက်ကို ခံစားရစေခဲ့သည်။ သို့သော် သူ့အတွက် ၎င်းက နှစ်သိမ့်မှုဟုဆိုနိုင်သည်။




ကျီလင်က နဉ်ယွီ၏ ပြီးပြည့်စုံသော မြင့်မြတ်မှုကို မီးမောင်းထိုးပြရန် သူ၏ မိုက်မဲမှုနှင့် ကောက်ကျစ်မှုတို့ကို ထပ်ခါထပ်ခါအသုံးပြုပြီး သူ့ဇာတ်ရုပ်ကိုလေးလေးနက်နက် သရုပ်ဆောင်ခဲ့သည်။ ၎င်းကြောင့်ပင် သူ့ကို လူတိုင်းရွံရှာခဲ့ကြပြီး နဉ်ယွီနှင့် ကျင်းဆွေ့တို့၏ အိမ်ထောင်ရေးဆီသို့ ဦးတည်လုနီးပါး ဖြစ်လာသောဆက်ဆံရေးကို စောင့်ကြည့်ခဲ့ကြသည်။ ကျီလင် မျက်ရည်များကျပြီး သူတို့၏ ခလုတ်ကန်သင်းများသော အချစ်ကို ချီးမွမ်းဂုဏ်ပြုချင်ခဲ့သည်။




ထိုအချိန်တွင် ဇာတ်လမ်းက အဆုံးသတ်နားသို့ရောက်လာခဲ့သည်။ ဇာတ်လိုက်က အနားယူရန် အဆင်သင့်ဖြစ်လုနီးပါးဖြစ်လာချိန်တွင် အဓိကရန်သူဖြစ်သည့် မြို့စားကြီးကားလို့စ်က ကျင်းဆွေ့ကို ခြိမ်းခြောက်ရန် နဉ်ယွီကိုပြန်ပေးဆွဲခဲ့၏။ ကျီလင်က ကားလို့စ်နှင့် ရင်ဆိုင်ရန်ဆုံးဖြတ်ပြီး နဉ်ယွီကိုအနိုင်ပေးကာ ထွက်ပြေးလွတ်မြောက်ရန် ရည်ရွယ်ချက်ရှိရှိကူညီခဲ့သည်။ နောက်ပိုင်းတွင် နဉ်ယွီကို ကယ်တင်ရန် ကျင်းဆွေ့ရောက်ရှိလာပြီး သေစေနိုင်လောက်သော တိုက်ခိုက်မှုခံရချိန်တွင် ကျီလင်က ကျင်းဆွေ့အစား ၎င်းကိုခံယူကာ ဂုဏ်သရေရှိစွာဖြင့် သူ့ကိုယ်သူစတေးခဲ့သည်။




ကျီလင် မျက်လုံးများမှိတ်လိုက်ချိန်တွင် အလွန်အမင်းပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများခံစားခဲ့ရသည်။




ငါ နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ်...




ကျီလင်က အလုပ်ကြိုးစားသူဖြစ်ပြီးအလုပ်တိုင်းကို အမြဲအလေးအနက်ထားလုပ်ခဲ့သည်။ သူ စနစ်မှပေးလာသမျှ တာဝန်တိုင်းကို ပြီးပြည့်စုံစွာ အပြီးသတ်ရန်အတွက် အစားလွတ် အအိပ်လွတ်ဖြင့် ဇောက်ချလုပ်ကိုင်ခဲ့ပြီး ဝတ္ထု၏ ဇာတ်ကွက်တိုင်းကို ပြီးမြောက်စေခဲ့သည်။ သူက ကြုံလာသမျှအခက်အခဲများကို အရှုံးမပေးခဲ့ချေ။ ယင်းအစား သူက ထိုစိန်ခေါ်မှုများကို သူ၏စိတ်ရောကိုယ်ပါအပ်နှံပြီး ကျော်လွှားခဲ့သည်။ သူက သေခါနီးအချိန်၌ပင် ဇာတ်ကောင်ထဲအပြီအပြင်မုဒ်သွင်းပြီး နောင်တရရန် မမေ့လျော့ခဲ့ချေ။ သူက ဒေါသ၊မနာလိုမှုများကို စွန့်လွှတ်ပြီး gongနှင့် shouကြားရှိအချစ်ကို ကောင်းချီးပေးခဲ့သည်။




သို့သော် သူ့မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် သူက တူညီသောနေရာ၌ ရပ်နေဆဲဖြစ်သည်ကိုတွေ့ပြီး အံ့ဩသွားခဲ့သည်။ 




ဒီအရမ်းရင်းနှီးတဲ့အခန်း...




ငါ ပြန်ရောက်လာပြန်ပြီ...




သူ အိမ်ပြန်ရန် ကျရှုံးခဲ့ရုံသာမက ဤကမ္ဘာကြီးရှိ သူ၏ခရီးအစသို့ ပြန်ရောက်သွားခဲ့သည်။




ယနေ့က မူလပိုင်ရှင်၏ ၁၈ နှစ်ပြည့် မွေးနေ့ပွဲဖြစ်သည်။ သူ မတက်ရောက်ရန် ရွေးချယ်ခဲ့သော်လည်း အပြင်၌ ကြီးကျယ်ခမ်းနားသော ပွဲကျင်းပနေသည်ကို သတိပြုမိခဲ့သည်။ မြို့စားကြီးကျီထင်၏ တစ်ဦးတည်းသောသားဖြစ်သည့်အလျောက် သူ၏အရွယ်ရောက်ပွဲကို ကြီးကြီးမားမားကျင်းပရန်လိုအပ်သည်။ အင်ပါယာကြယ်ရှိ အထက်တန်းလွှာလူများက ဂုဏ်ပြုလက်ဆောင်များပေးပို့ခဲ့ကြပြီး ယနေ့ည၏အဓိကဇာတ်လိုက်ကို စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြသည်။




ကျီလင်က ပွဲတက်ရန် စိတ်အားထက်သန်မှုရှိမနေဘဲ ဆိုးရွားသောစိတ်အခြေအနေဖြင့် စနစ်ကိုလှမ်းခေါ်လိုက်သည်။




ကျီလင်: [စနစ် မင်းဘယ်မှာလဲ... စနစ် ငါ့ကိုရှင်းပြစမ်းပါ... ငါ ဘာလို့ပြန်ရောက်လာတာလဲ...]




စနစ်က သေချင်ယောင်ဆောင်ရန် မဖြစ်နိုင်သည်ကိုသိပြီးနောက် ဖြည်းညှင်းစွာတုံ့ပြန်ခဲ့သည်။- 


[မစ်ရှင် ကျရှုံးသွားလို့ပါ...အဲဒါကြောင့် မင်းအစကနေ ပြန်လုပ်ရပါမယ်...]




ကျီလင်က ထိုတုံ့ပြန်မှုကို မကျေနပ်ဘဲ မေးလိုက်၏။  


[မစ်ရှင် ကျရှုံးတယ်ဟုတ်လား...ငါ ဘယ်နားမှားသွားလို့လဲ... ဇာတ်ကြောင်းကချောချောမွေ့မွေ့တိုးတက်ခဲ့တယ်မဟုတ်ဘူးလား...]




စနစ်က 'ငါလည်းမသိဘူး...ငါ ဘာမှားသွားလဲဆိုတာသိရင် ဒီလိုမျိုးအပြစ်ရှိစိတ်နဲ့ သေချင်ယောင်ဆောင်ဖို့လိုနေဦးမလား' ဟု ပြောချင်ခဲ့သည်။ 




စနစ်က စက္ကန့်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပုံမှန်စက်ရုပ်အသံဖြင့် ပြောလာခဲ့သည်။- 


[မစ်ရှင်ကျရှုံးတဲ့အကြောင်းရင်းကိုတော့ အခုထိမဖြေရှင်းနိုင်သေးဘူး...အတည်ပြုနိုင်တဲ့ အချက်တစ်ခုက မင်းသေဆုံးပြီးတော့ ဇာတ်လိုက်gong နဲ့ shou တို့ အတူမရှိကြဘူးဆိုတာပဲ.... အဲဒါကြောင့် ကမ္ဘာက ပြိုလဲသွားပြီး မစ်ရှင်ကျရှုံးတယ်လို့ ယူဆသွားတာ...]




ကျီလင်က မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ 


[သူတို့ အတူမရှိကြဘူးလား...]




 စနစ်- [ဟုတ်ပါတယ်...]




ကျီလင် : [ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဘာလို့လဲ...]




စနစ်- [အကြောင်းအရင်းကို မသိသေးဘူး... ဒီကမ္ဘာပြိုကျသွားတော့ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကို ခဏလောက်ဝင်ကြည့်လို့မရဖြစ်နေတယ်... ]


                                                                                                                                                                                                                                                                                                       ကျီလင်က မကျေမနပ်ဖြင့်ပြောလိုက်သည်။


[ဒီတော့ မင်းက ဘာဖြစ်သွားမှန်းမသိတာတောင် ငါ့ကိုမစ်ရှင်ထပ်လုပ်စေချင်တယ်ပေါ့လေ... အဲဒါက ငါ့အချိန်တွေဖြုန်းနေတာပဲ...ငါ အခုအိမ်ပြန်ရတော့မှာလေ... ]




စနစ်- [စိတ်မကောင်းပါဘူး... ဒါပေမယ့်  မစ်ရှင်အောင်မြင်မှပဲ ဆုထုတ်ယူနိုင်မှာပါ...]




ကျီလင် : [ဒါပေမယ့် ငါ ဘာလို့ မစ်ရှင်ကျရှုံးတာလည်းဆိုတာ မသိဘူးလေ... မင်း ငါ့ကို ဘာအချက်အလက်မှတောင် မပေးနိုင်ဘဲနဲ့ မစ်ရှင်ပြန်လုပ်ခိုင်းလို့ မရဘူး... ဟုတ်တယ်မလား...]




စနစ်က စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ပြောလာခဲ့သည်။- 


[မင်း ငြင်းဖို့သေချာပြီဆိုရင် တာဝန်တွေထပ်မလုပ်ဖို့ကို ရွေးလို့ရတယ်...]




ကျီလင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ 


[ မင်း ငါ့ကို အိမ်ပြန်ခွင့်ပြုမှာလား... ]




စနစ်- [ငါ့မှာ မင်းကို အိမ်ပြန်ပို့ခွင့် မရှိဘူး...ဒါပေမယ့် မင်းကို မနာကျင်တဲ့နည်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်သေခိုင်းလို့တော့ရတယ်... ပြီးရင်တော့ ငါက အစနေရာကိုပြန်သွားပြီး ဒီမစ်ရှင်ကိုထမ်းဆောင်မယ့် နောက်ထပ်ပိုင်ရှင်သွားရွေးလိုက်မယ်... ]




ကျီလင်: […]




ခဏအကြာတွင် ကျီလင်က တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။- 


[ငါ ပြန်စဉ်းစားကြည့်လိုက်တော့ ငါကောင်းကောင်းမလုပ်နိုင်ခဲ့တာတစ်ခုခုရှိလို့ ဒီလိုမျိုးရလဒ်ဖြစ်လာတာလို့ထင်တယ်...ငါ ဒီတစ်ခါ မစ်ရှင်ကို ကောင်းကောင်းပြီးအောင် လုပ်မယ်ဆိုရင် ရလောက်တယ်...မင်း ပိုင်ရှင်အသစ်ထပ်ရွေးတာမျိုး လုပ်စရာမလိုပါဘူး...]




စနစ်က သံသယဖြစ်စွာဖြင့်ပြောလိုက်သည်။- 


[မင်း သေချာရဲ့လား...]




ကျီလင်က အခိုင်အမာပြောလိုက်သည်။ - 


[ဒါပေါ့ ငါ့ထက်ပိုပြီး ဘယ်သူက ဒီမစ်ရှင်နဲ့ ရင်းနှီးမှာလဲ...ငါက ဒီဇာတ်လမ်းတစ်ခုလုံး ဖြတ်လျှောက်ဖူးတဲ့သူပဲဟာ... ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေကို ငါကောင်းကောင်းသိတာပေါ့...မစ်ရှင်ပြီးဖို့ဆိုတာ ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး...ငါဒီတစ်ခေါက် အောင်မြင်လောက်တယ်... မင်း စိတ်ပူစရာမလိုဘူး...]




စနစ်က နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ အမှန်တွင် သူလည်း ပိုင်ရှင်အသစ် မရှာချင်ခဲ့ပေ။ နောက်ဆုံးတွင် ကျီလင်ကဲ့သို့ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသော ပိုင်ရှင်တွေ့ရန် ရှားပါးလွန်းသည်။- 


[မင်း ဒီလိုမျိုးတွေးနိုင်ရင်တော့ အရမ်းကောင်းတာပေါ့... ဒါဆို အခု အပြင်ထွက်တော့လေ...]




ကျီလင်က သူ၏ကံကြမ္မာကို တွန့်ဆုတ်စွာလက်ခံပြီး ဂိမ်းထဲ၌ ကျရှုံး၍ ပြန်လည်စတင်ရန်လိုအပ်သလိုဟု တွေးကာ ကိုယ့်ကိုကိုယ်နှစ်သိမ့်ခဲ့သည်။ 




အာ ဒီဂိမ်းတစ်ခုလုံး ရှင်းပစ်ဖို့အတွက် ငါက နုံအနေသေးတယ်...




မူလပိုင်ရှင်၏မြေခွေးသူငယ်ချင်းအုပ်စုနှင့် ရင်ဆိုင်ရန် အပြင်ထွက်ရမည့်အရေး တွေးလိုက်မိချိန်တွင် ကျီလင် အနည်းငယ်ခေါင်းခဲသွားခဲ့သည်။ 




ငါနဲ့ အဲဒီမြေခွေးအုပ်စုက တကယ်မတူဘူး...




မူလပိုင်ရှင်က အလွန်အဓိပ္ပာယ်မဲ့ပြီး ကိုယ့်ကိုကိုယ်မသတ်သေခဲ့ပါက သူလည်း သူ့နေရာကိုအစားထိုးပြီး တာဝန်များအပြီးသတ်ရန်မလိုချေ။ သို့သော် အကယ်၍ မူလပိုင်ရှင်က ကိုယ့်ကိုကိုယ်မသတ်သေခဲ့လျှင် သူလည်း ပြန်လည်ရှင်သန်ရန်အခွင့်အရေးရမည်မဟုတ်ချေ။ 




ထိုနည်းဖြင့်တွေးကြည့်ပြီးနောက် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ 




ကျီလင် ခဏရပ်ပြီး အသက်ပြင်းပြင်းရှူကာ တံခါးတွန်းဖွင့်လိုက်သည်။




ယခုအချိန်၌ ဝတ္ထု၏ဇာတ်ကွက်က တရားဝင်မစတင်သေးဘဲ ဇာတ်လိုက် shou နဉ်ယွီက နာဒိုဂလက်ဆီတွင် ဇာ့ဂ်များကို တိုက်ခိုက်နေဆဲဖြစ်သည်။




နဉ်ယွီ အောင်ပွဲခံပြန်လာချိန်မှသာ မူရင်းဝတ္ထု၏ဇာတ်ကွက်က စတင်ခဲ့သည်။ ယခုက ဇာတ်ကြောင်းစရန် တစ်လခန့်လိုနေသေးပြီး နဉ်ယွီပြန်လာချိန်မှသာ ကျီလင်က ဇာတ်ကြောင်းအတိုင်းစတင်လျှောက်၍ ကောက်ကျစ်သော အမြှောက်စာအမျိုးသားဇာတ်ပို့အဖြစ်သရုပ်ဆောင်သွားမည်ဖြစ်သည်။




၎င်းမတိုင်မီ ဇာတ်ကွက်ဖော်ပြချက်မရှိသောကြောင့်  ကန့်သတ်ချက်များစွာမရှိချေ။ ကျီလင်က မူလပိုင်ရှင်၏ဇာတ်ရုပ်ကို မပြိုပျက်စေဘဲ ဤကမ္ဘာ၏ မူလဥပဒေများကို လိုက်နာရန်သာ လိုအပ်သည်။                                                                                                                                                                                                                                                   




ကျီလင်က မူလပိုင်ရှင်၏မှတ်ဉာဏ်များကိုလက်ခံပြီးနောက် အရွယ်ရောက်ပွဲသို့ ချက်ချင်းသွားခဲ့သည်။ ယခုတစ်ကြိမ်တွင် ကျီလင် ပို၍သက်တောင့်သက်သာရှိပေသည်။ ယခုဇာတ်ကွက်၌ အဓိကဇာတ်ကောင်များပေါ်လာမည်မဟုတ်သောကြောင့် ကိုင်တွယ်ရလွယ်ကူပေသည်။




ဒုတိယတန်းကစားသမားတစ်ဦးအနေဖြင့် ကျီလင်က သူသရုပ်ဆောင်ရမည့်ဇာတ်ကောင်နှင့် အံဝင်ခွင်ကျဖြစ်နေပြီဟု ခါးသီးစွာပြုံးရင်း တွေးလိုက်သည်။ 




သူက ရှည်လျားလှသော ကော်ရစ်ဒါကိုဖြတ်လျှောက်ပြီးနောက် လမ်းတစ်ဝက်၌ မူလပိုင်ရှင်၏မိဘများနှင့် တွေ့ခဲ့ရသည်။




မြို့စားကြီးကျီထင်က အလွန်အရပ်ရှည်ပြီး ခံ့ညားထည်ဝါသောသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကာ ခိုင်မာသောမေးရိုး၊ နက်ရှိုင်းသောအသွင်အပြင်ဖြင့် သူ၏ရွှေရောင်ဆံပင်များကို ခေါင်းနောက်ဘက်သို့ ဂရုတစိုက်ဖီးထား၍ ကျီလင်ကို နက်ပြာရောင်မျက်လုံးများဖြင့် ကြင်နာစွာ ကြည့်လာခဲ့သည်။ မဒမ်မာရီနာက သွယ်လျပြီး သူမ၏မျက်နှာက အပြစ်အနာဆာကင်းကာလှပပေသည်။ သူမ၏ မျက်လုံးအရောင်ကပိုဖျော့ပြီး သူမ၏လှုပ်ရှားမှုများက တင့်တယ်ပြေပြစ်၏။ သူမက မြို့စားကြီးကျီထင်၏ဘေး၌ ရပ်နေချိန်တွင် အလွန်သေးသွယ်နေပုံရသည်။




အပေါ်ယံအသွင်အပြင်အရ မူလပိုင်ရှင်က မြို့စားကြီးကျီထင်၏ ရွှေရောင်ဆံပင်ကို အမွေဆက်ခံထားသော်လည်း သူ၏မျက်လုံးအရောင်ကမူ သူ၏မိခင်နှင့်ပိုတူပေသည်။ ၎င်းက အလွန်ကြည်လင်သော ရေပြာရောင်ဖြစ်သည်။ သူ၏ မျက်နှာအသွင်အပြင်က သူ့အမေနှင့် ပိုတူပြီး လှပသည်။ သူ၏ ထူးခြားသောမောက်မာမှုက သူ့ကို ပိုတောက်ပစေသည်။ 




မြို့စားကြီးကျီထင်က သူ၏လက်အောက်ငယ်သားများရှေ့တွင် အလွန်တရာ ခံ့ညားတည်ကြည်သော်လည်း သူ၏ အဖိုးတန်သားရှေ့တွင်မူ ခါတိုင်းမျက်နှာနှင့်မတူချေ။ သူက ပုံမှန်ထက်များစွာနူးညံ့သောအသံဖြင့် ရယ်ကာ ပြောလာခဲ့သည်။ 


"ဘာလို့အခုမှထွက်လာတာလဲ... သား သူငယ်ချင်းတွေတောင် အပြင်မှာစောင့်နေကြပြီ..." 




ကျီလင်က နာခံစွာပြန်ဖြေလိုက်သည်။ 


"အဝတ်အစားလဲတာ ကြာနေလို့ပါ..." 




မဒမ်မာရီနာက သူ၏နူးညံ့သော ရွှေရောင်ဆံပင်တိုကို ပွတ်သပ်ပြီး သာယာသောအသံဖြင့်ပြောလာခဲ့သည်။ 


"မေမေတို့ကလေးလေးတောင် ဒီနေ့အရွယ်ရောက်လာပြီပဲ... အနာဂတ်မှာ လူကြီးဖြစ်လာတော့မှာ...သား ဘာ လက်ဆောင်လိုချင်လဲ..." 




ကျီလင်က သူ့မိဘများကို ရှက်ပြုံးလေးပြုံးပြလိုက်သည်။ သူ၏ ဇာတ်ရုပ်က အပြင်တွင် ချမ်းသာပြီး အပျော်အပါးလိုက်စားသော သားတစ်ယောက်ဖြစ်သော်လည်း သူ၏မိဘများရှေ့တွင် အလွန်နာခံတတ်သူဖြစ်သည်။ သူက ကျီထင်နှင့် မာရီနာထံမှ အလွန်အချစ်ခံရပေသည်။ သူတို့က သူတို့၏သားကို အလွန်အမင်းအလိုလိုက်ပြီး အခြားသူများမည်သို့မြင်ပါစေ သူ့ကို ဘယ်သောအခါမှမစွန့်ပစ်ကြချေ။




သူ ဤအခြေအနေကို တစ်ခါကြုံဖူးပြီးဖြစ်သော်လည်း ရိုးသားစွာဖြင့်ပြောလိုက်သည်။ 


"ကျေးဇူးပါ ဖေဖေနဲ့ မေမေ...ဖေဖေတို့ဆီက လက်ဆောင်မှန်သမျှ ကျွန်တော်ကြိုက်ပါတယ်..." 




မဒမ်မာရီနာက ၎င်းကိုကြားချိန်တွင် သူမ၏သားကို ပိုချစ်ခင်မြတ်နိုးစွာကြည့်ကာ နဖူးကိုနမ်းပြီး ပြောလိုက်သည်။ 


"ဒီပါးစပ်လေးက အရမ်းချိုတာပဲ... ကောင်းပြီ ဒီနေ့ သားက အဓိကဇာတ်လိုက်လေးဆိုတော့ မေမေတို့သားကို နှောင့်နှေးအောင်မလုပ်တော့ဘူး..." 






✨✨✨