✨ Chapter 2
ကျီလင်က ပြုံးပြီး သူ့မိဘများနှင့်အတူ ပွဲခန်းမထဲသို့ ဝင်သွားခဲ့သည်။ တံခါးပွင့်သွားသည်နှင့် လူတိုင်း၏မျက်လုံးများက သူ့အပေါ် ချက်ချင်းကျရောက်လာခဲ့လေသည်။
မြို့စားကြီးကျီထင်က လူတိုင်းကို ယဉ်ကျေးစွာကြိုဆိုပြီး လာရောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားကာ ပွဲစတင်ခဲ့သည်။ လူတိုင်းက ကျီလင်ကိုဂုဏ်ပြုရန် သူတို့ပြင်ဆင်ခဲ့သောလက်ဆောင်များ ပေးခဲ့ကြသည်။
ယနေ့ပွဲကို ကျီထင်နှင့် မာရီနာ၏ ရင်းနှီးသောမိတ်ဆွေများနှင့်လက်အောက်ငယ်သားများအပြင် မူလပိုင်ရှင်၏ သူငယ်ချင်းများလည်း လာခဲ့ကြသည်။ ထိုသူငယ်ချင်းများက မူလပိုင်ရှင်၏ သူငယ်ချင်းများသာမဟုတ်ဘဲ နောက်ပိုင်းတွင် ကျီလင်ကို နဉ်ယွီအား ဒုက္ခပေးရန် အကြံပေးသော လက်ပါးစေများလည်းဖြစ်သည်။
သူ့အရှေ့ရှိမီးခိုးရောင်ဆံပင်ဖြင့် လူငယ်လေးက ရို့စ်ဟုအမည်ရပြီး ဝန်ကြီးစင်ကလဲယား၏ အငယ်ဆုံးသားဖြစ်သည်။ သူက မူလပိုင်ရှင်၏ဆိုးဖော်ဆိုးဖက်ဖြစ်ပြီး လူသိများသောနာမည်ဖြင့် အရံဇာတ်ကောင်တစ်ဦးဖြစ်သည်။
ရို့စ်က ကျီလင်၏ပခုံးကို ရင်းနှီးစွာဖက်ပြီး အပြုံးဖြင့်ပြောလာခဲ့သည်။
"ငါတို့ဇာတ်လိုက်ကျော်ကြီးက ဘာလို့ နောက်ကျနေတာလဲ..."
ကျီလင်က သူ့ပုခုံးပေါ်မှ ရို့စ်၏လက်ကိုဆွဲဖယ်ကာ ပတ်ပတ်လည်ကို စိတ်မဝင်စားစွာကြည့်ပြီး မထူခြားဟန်ဖြင့် ပြောလိုက်သည်။
"ကိစ္စတစ်ခုရှိလို့ နောက်ကျသွားတာ..."
ကျီလင်က ကျီထင်နှင့် အခြားလူကြီးများ ခန်းမထဲဝင်သွားသည်ကို မြင်ပြီးနောက် ထိုင်ရန်နေရာတစ်ခု ရှာလိုက်သည်။ သူက ပျင်းရိစွာဖြင့် မေးထောက်လိုက်ပြီး ခန်းမထဲရှိ လူများကိုကြည့်နေခဲ့သည်။
ဒုတိယတန်းကစားသမား ကျီလင်က ဤတစ်ကြိမ်တွင် ပျင်းရိနေရန်သာ ဆုံးဖြတ်ခဲ့သည်။ မူရင်းဝတ္ထုတွင် သူက အရေးမပါသော ဇာတ်ကောင်တစ်ဦးသာဖြစ်သည်။ သူက ဇာတ်လိုက်အတွက် အခက်အခဲများဖန်တီးရန်နှင့် သူ၏ ယုတ်မာကောက်ကျစ်မှုဖြင့် ဇာတ်လိုက်၏ပြီးပြည့်စုံမှုကို မီးမောင်းထိုးပြရန် လိုအပ်လာမှသာ စာရေးဆရာ၏ ရှားရှားပါးပါး တွန့်တိုသော အရေးအသားကို ရရှိခဲ့သည်။ အခြားအချိန်များတွင် သူ ဘာလုပ်လုပ် ကိစ္စမရှိသလို ကန့်သတ်ချက်များလည်း မရှိချေ။
နောက်ဆုံးတစ်ခေါက်က သူ ဤကမ္ဘာနှင့် မရင်းနှီးသေးဘဲ မစ်ရှင်စည်းမျဉ်းများကို နားမလည်သောကြောင့် သူ တစ်ခုခုထုတ်ဖော်ပြမိမည်ကိုစိုးပြီး အလွန်အမင်းသတိကြီးခဲ့သဖြင့် အလွန်ပင်ပန်းခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ သူ၏စွမ်းအင်များကို အဓိပ္ပါယ်မရှိသောနေရာများ၌ ဖြုန်းတီးမည်မဟုတ်ချေ။
နောက်ဆုံးတွင် သူက အတွေ့အကြုံရှိသူတစ်ယောက်ဖြစ်သည်။
ကျီလင်က မေးထောက်ထိုင်နေရင်း အနည်းငယ်ပျင်းသလိုခံစားခဲ့ရသည်။ တစ်စုံတစ်ဦးက သူနှင့်စကားပြောရန်လာချိန်တွင် သူက ဝတ်ကျေတမ်းကျေမျှသာ တုံ့ပြန်လိမ့်မည်ဖြစ်သည်။ ဤနေရာတွင် အထက်တန်းလွှာဖြစ်ရခြင်း၏ အကျိုးကျေးဇူးများရှိပေသည်။ အခြားသူများက သူ့ကို စိတ်ကျေနပ်စေရန် ကြိုးပမ်းကြလျှင်ပင် သူက လျစ်လျူရှုထားနိုင်ပြီး အခြားသူများက သူ့ကို ဒေါသမထွက်ရဲကြပေ။
ခန်းမအတွင်းရှိ စားပွဲပေါ်တွင် အဖိုးတန်လက်ဆောင်များစွာဖြင့်ပြည့်နေခဲ့သည်။ နောက်ဆုံးတစ်ခေါက်တွင် ၎င်းက နှစ်ဆယ့်တစ်ရာစုမှ လူငယ်လေးကျီလင်ကို ထိတ်လန့်စေခဲ့သည်။ သူက သာမန်မိသားစုမှဆင်းသက်လာသူဖြစ်ပြီး ဤမျှထူးခြားဆန်းပြားသောရတနာများကို မမြင်ဖူးခဲ့ချေ။ ၎င်းက အမှန်ပင် မျက်စိပွင့်စရာဖြစ်ပြီး သူ၏ အသိပညာနည်းပါးမှုကို ထုတ်ဖော်ပြမိလုနီးပါးဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ အလွန်ငြိမ်သက်နေလေသည်။
ငါ့ရဲ့လောကအမြင် တိုးတက်လာပြီပဲ...
အင်ပါယာအတွင်း ကျီမိသားစု၏ အဆင့်အတန်းကြောင့် ဤလက်ဆောင်များလက်ခံရရှိသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ အင်ပါယာအထက်တန်းလွှာများ၏ ကြွယ်ဝချမ်းသာမှုက သူ့စိတ်ကူးထားသည်ထက် ကျော်လွန်ပေ၏။ အထက်တန်းလွှာများက သာမန်လူများ လက်လှမ်းမမီနိုင်သော အဆင့်အတန်းနှင့် ငွေကြေးအာဏာများရှိပြီး စကြဝဠာတစ်ခုလုံးနီးပါး၏ အရေးကြီးသောအရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားသည်။ ထိုလက်ဆောင်များက အဖိုးတန်သော်လည်း နောက်ဆုံးတွင် ၎င်းတို့အားလုံးက ကျီထင်၏ဂုဏ်သတင်းအတွက်သာဖြစ်သည်။ ကျီမိသားစုအတွက်မူ ၎င်းက ဘာမှမဟုတ်ချေ။
ကျီလင် အတိတ်ကိုပြန်တွေးနေခဲ့သည်။
ရုတ်တရက် အိမ်ရှေ့မှ ဆူညံသံထွက်ပေါ်လာပြီး တံခါးစောင့်၏ ကျယ်လောင်သော နှုတ်ဆက်သံကို ကြားလိုက်ရသည်။
"မြို့စားကြီးကားလို့စ် ရောက်လာပါပြီ..."
ကျီလင် အံ့အားသင့်သွားပြီး မမျှော်လင့်ထားသော မျက်လုံးများဖြင့် ထိတ်လန့်စွာ ထရပ်လိုက်သည်။
အမှန်တွင် ယခုအချိန်၌ ကျီလင် တစ်ယောက်တည်း အံ့အားသင့်နေသည်မဟုတ်ချေ။ ပွဲခန်းမက ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။ လူများက တံခါးကိုကြည့်ရန် ခေါင်းလှည့်လာကြပြီး မကြာမီမှာပင် ပုံစံအမျိုးမျိုးဖြင့် တီးတိုးပြောလာခဲ့ကြသည်။ ထို့ကြောင့် ကျီလင်၏ မူမမှန်ဖြစ်မှုကို မည်သူမျှ သတိမထားမိခဲ့ကြချေ။ အခြားသူများမြင်လိုက်လျှင်ပင် သာမန်ဟု ခံစားကြမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူတိုင်း၏အတွေးထဲ မေးခွန်းတစ်ခုသာရှိနေသည်။-
ဘယ်လိုလုပ်ပြီး မြို့စားကြီးကားလို့စ်က လူကိုယ်တိုင် ရောက်လာရတာလဲ....
ကျီလင်၏စိတ်ထဲတွင်မူ ဤသို့တွေးနေမိခဲ့သည်။
ဝတ္ထုတစ်ခုလုံးမှာ ဧကရာဇ်ကျင်းဆွေ့ရဲ့တစ်သက်တာရန်သူဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်၊ ယုတ်ညံ့၊ ကောက်ကျစ်တဲ့ အကြီးဆုံးဗီလိန် မြို့စားကြီးကားလို့စ်က အခု ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ... ငါ့နောက်ဆုံးဘဝတုန်းက သူ ဒီကိုမလာခဲ့ဘူးဆိုတာ ရှင်းနေတာကို...
မြို့စားကြီးကားလို့စ်နှင့် ကျီမိသားစုက ရင်းနှီးသောမိတ်ဆွေများဟု ယူဆနိုင်ပြီး မူလပိုင်ရှင်က သူ့ကို အန်ကယ်ကားလို့စ်ဟုခေါ်ရသည်။ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအမြင်ကွဲပြားမှုများကြောင့် ကားလို့စ်နှင့် ကျီထင်တို့ တဖြည်းဖြည်းဝေးကွာလာခဲ့သည်။
ကျီလင်က သူ၏ယခင်ဘဝက မှတ်ဉာဏ်များကို ဂရုတစိုက်ပြန်ခေါ်လိုက်သည်။ ယခင်ဘဝတွင် ကားလို့စ်က သူ့အိမ်တော်ထိန်းအန်ဒါဆန်ကိုသာ ဂုဏ်ပြုလက်ဆောင်ပေးပို့ခိုင်းခဲ့သည်။ ကားလို့စ်၏အဆင့်အတန်းကြောင့် ၎င်းက ယဉ်ကျေးရည်မွန်ပြီး စဉ်းစားဥာဏ်ရှိသည်ဟု ယူဆ၍ရသည်။ ကားလို့စ်က ဤကဲ့သို့သော ဂျူနီယာအတွက် အရွယ်ရောက်ပါတီကို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ရန်မလိုပေ။
ကျီလင်မပြောနှင့် ကျီမိသားစု၌ပင် ဤမျှကြီးမားသော ဂုဏ်သတင်းမရှိချေ။
သူက ဧကရာဇ်မင်းနှင့် တန်းတူရပ်နိုင်သောသူဖြစ်သည်။
သူတို့တွင် တူညီသည့်မြို့စားကြီးရာထူးရှိသော်လည်း ကားလို့စ်က အာဏာအရှိဆုံးဖြစ်သည်။ သူ့တွင် တော်ဝင်မိသားစုတစ်ခုလုံးနှင့်ယှဉ်နိုင်သော ချမ်းသာကြွယ်ဝမှုများရှိပေသည်။ သူက အင်ပါယာ၏ အရေးကြီးဆုံးစွမ်းအင်သွေးကြောများကိုထိန်းချုပ်ထားပြီး အင်ပါယာရှိ မရေတွက်နိုင်သော အထက်တန်းလွှာများက သူ၏ဦးဆောင်မှုနောက်လိုက်ကြ၏။ သူက အချမ်းသာဆုံး၊ အာဏာအရှိဆုံးဖြစ်ရုံသာမက စာအုပ်တစ်အုပ်လုံးတွင် ကျင်းဆွေ့နှင့် တိုက်ခိုက်ခဲ့သော ဗီလိန်အကြီးစားလည်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကားလို့စ်က စာအုပ်ထဲတွင် အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ရုံသာမက ကျီလင် အရှောင်ချင်ဆုံးနှင့် အကြောက်ဆုံးလူလည်းဖြစ်သည်။
သူ ၎င်းကိုစဉ်းစားရန် အချိန်မရှိသေးမီ သူ့အရှေ့ရှိလူအုပ်ကြီးက အလိုအလျောက် ကွဲထွက်ပြီး လမ်းတစ်ခုပေါ်လာခဲ့၍ ဆံပင်အညိုရောင်၊ မျက်လုံးအညိုရောင်ဖြင့် ကြော့ရှင်းသော လူတစ်ယောက်က ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူ့တွင် ချောမောပြေပြစ်သော မျက်နှာရှိပြီး ရည်မွန်စွာ ပြုံးနေခဲ့၏။ သူ၏နှုတ်ခမ်းထောင့်များက ကော့ညွှတ်နေကာ သူ၏အညိုရောင်မျက်လုံးများထဲ အပြုံးဖျော့ဖျော့တစ်ခုရှိနေသည်။ သူက အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး ဘယ်လက်တွင် ငွေရောင်နှင့်အနက်ရောင်တုတ်တစ်ချောင်းကိုင်ထားပြီး ညာလက်တွင် အပြာရောင်ကတ္တီပါသေတ္တာတစ်ခုကိုင်ထားသည်။ သူက လူအုပ်အဝေးမှနေပြီး ကျီလင်ကိုကြည့်နေကာ သူ၏ကွေးညွှတ်နေသော နှုတ်ခမ်းပါးက အနည်းငယ်နက်ရှိုင်းလာခဲ့သည်။
ထိုမျက်လုံးများနှင့် ဆုံလိုက်ရစဉ် ကျီလင် ထိတ်လန့်တကြားဖြင့် ခြေတစ်လှမ်းဆုတ်လုနီးပါးဖြစ်သွားသော်လည်း သူ့စိတ်ထဲရှိ ထိတ်လန့်မှုကို လျင်မြန်စွာ ပြန်ထိန်းနိုင်ခဲ့သည်။ သူက ခင်မင်ရင်းနှီးစွာ ရှေ့သို့ လှမ်းပြီး သံသယစိတ်ဖြင့် ပြောလိုက်သည်။
"အန်ကယ်ကားလို့စ် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ..."
ကျီထင်လည်း သတင်းကြားပြီး သူ့ကို နှုတ်ဆက်ရန် အမြန်ထွက်လာခဲ့သည်။ ကားလို့စ် လူကိုယ်တိုင်လာမည်ဆိုသော သတင်းကို သူ မရရှိခဲ့ချေ။
ပြီးတော့ ကားလို့စ်က သူ့အိမ်တော်ထိန်းကို လက်ဆောင်တွေပို့ဖို့ အမိန့်ပေးထားပြီးပြီမဟုတ်ဘူးလား...အခု ရုတ်တရက် ရောက်လာတာက ဘာကိုဆိုလိုတာလဲ...
ထိုကဲ့သို့လူမျိုး၏ လှုပ်ရှားမှုတိုင်းတွင် လေးနက်သောအဓိပ္ပါယ်ရှိသောကြောင့် ကျီထင်က သူ၏သတိထားမှုကို ဖြေလျှော့ရန် မဝံ့ရဲချေ။ သူက ကျီလင်၏ ရှေ့တွင် တိတ်တဆိတ်ရပ်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ဒါက ငါ့သားရဲ့မွေးနေ့လေးပါပဲကွာ... မင်း ကိုယ်တိုင်လာစရာမလိုပါဘူး..."
ကားလို့စ်က ပြုံးပြီး ခေါင်းကိုခါပြလိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက အနည်းငယ်နက်မှောင်သွားပြီး တည်ငြိမ်သောလေသံဖြင့် ပြောလာခဲ့သည်။
"ရှောင်လင်က ကျွန်တော့်ကို အန်ကယ်လို့ ခေါ်တယ်မလား...ကျွန်တော်က သူ့အရွယ်ရောက်ပွဲကို ဘယ်လိုလုပ်မလာဘဲနေရမှာလဲ... ဒါက သူ့အတွက် ကျွန်တော့်လက်ဆောင်ပါ..."
သူက ထိုသို့ပြောပြီးနောက် လက်မြှောက်ကာ သူ့လက်ထဲရှိကတ္တီပါသေတ္တာကိုဖွင့်လိုက်သည်။
ကျီလင်က သူနှင့် ဆက်ဆံရေးကောင်းဟန်ရှိနေသော ထိုသူ၏ပုံရိပ်ကိုကြည့်ပြီး ယခင်ဘဝက ဖြစ်ပျက်ခဲ့သည့်အရာများကို သတိရမိသွားသည်။ သူ့မျက်နှာပေါ်၌ ပြုံးနေသော်လည်း စိတ်ထဲတွင်မူ လှိုင်းထန်နေခဲ့သည်။
သူ့ကိုအန်ကယ်လို့ခေါ်တာ မှတ်မိလို့ထင်တယ် သူ့ကိုယ်ပိုင်ပန်းတိုင်အတွက် ငါ့ကို သေအောင်တွန်းပို့ဖို့ မတွန့်ဆုတ်ခဲ့ဘူးပဲနော်... သူ့လက်ထဲကလာတာဆို ဘာမှကောင်းတာရှိမှာမဟုတ်ဘူး...
ခင်ဗျားကို ဗီလိန်လို့ပြောတာက ဘာမှမှားမနေဘူး...
သူ့စိတ်ထဲ ထိုသို့တွေးနေသော်လည်း ကျီလင်က ကားလို့စ်၏လက်ထဲရှိ သေတ္တာကို အပြုံးဖြင့်ကြည့်ကာ လက်ဆောင်ရ၍ ပျော်နေဟန် ဖမ်းထားလိုက်သည်။
သေတ္တာ၏အလယ်တွင် မျက်ရည်စက်ပုံသဏ္ဍာန်ရှိသော အပြာရောင်ကျောက်တစ်ခုရှိနေခဲ့သည်။ အပြစ်အနာအဆာမရှိဘဲ ဖောက်ထွင်းမြင်နေရသောအပြာနုရောင်က ရေလှိုင်းများရှိနေသကဲ့သို့ ကြည့်သည့်ထောင့်ပြောင်းသွားသည်နှင့် လုံးလုံးကွဲပြားသွားပုံရသည်။
ကျီလင်က ၎င်းကို ချက်ချင်းမှတ်မိသွားခဲ့သည်။ ၎င်းက ပင်လယ်ပြာကြယ်၏ ဖဲယ်လ်ဆာရေကန်အောက်ခြေရှိ ကျောက်မျက်ရတနာဖြစ်သည်။ နှစ်ပေါင်းသောင်းနှင့်ချီအောင် အနည်ကျပြီးမှသာ ဤကဲ့သို့ လှပသောအရောင်အသွေးဖြင့် ကျောက်ရနိုင်မည်ဖြစ်သည်။
၎င်းက အဖိုးတန်သော်လည်း လက်ခံနိုင်သောအတိုင်းအတာဖြစ်သည်။
ကျီထင်လည်း ၎င်းကို မှတ်မိသွားပြီး အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ ၎င်းက လှည့်ကွက်တစ်ခုဖြစ်လာမည်ကို သူစိုးရိမ်သည်။ ကျောက်မျက်ရတနာဆိုပါက ဘာကိစ္စမှမရှိချေ။ သူ ကားလို့စ်၏ ရည်ရွယ်ချက်ကို တွေးတောနေစဉ် ကားလို့စ် ပြောလာသည်ကို ကြားလိုက်ရသည်။
ကားလို့စ်က ကျီလင်၏မျက်လုံးများကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီး သူ၏ သာယာသော လေသံနိမ့်နိမ့်က ခန်းမတစ်ခုလုံး ရှင်းလင်းစွာ ပျံ့နှံ့သွားခဲ့သည်။
"ဖဲယ်လ်ဆာရေကန်ရဲ့နီလာတွေက မင်းမျက်လုံးလိုပဲလှတယ်...ကိုယ် အများကြီးစဉ်းစားပြီးတော့ အဲဒါက မင်းနဲ့အသင့်တော်ဆုံးလက်ဆောင်လို့ ခံစားရတယ်... အဲဒါကြောင့် ကိုယ် မင်းကို - ကြယ်ပြာငါးပေးဖို့ ဆုံးဖြတ်လိုက်တယ်...မင်း ကြိုက်မယ်လို့မျှော်လင့်တယ်...ကောင်လေး.."
"ကျေးဇူး...ဘယ်လို..."
ကျီလင်၏ စကားကတစ်ဝက်တစ်ပျက်ရပ်သွားပြီး ရုတ်တရက် မျက်လုံးများပြူးကျယ်လာကာ ကားလို့စ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
နီလာမဟုတ်ဘဲနဲ့ ကြယ်ပြာငါးလား...
ကြယ်ပြာငါးက အချင်း 12,000 ကီလိုမီတာရှိသည့် သေးငယ်သောဂြိုဟ်တစ်ခုဖြစ်သည်။ အရွယ်အစားမကြီးမားသော်လည်း ကျော်ကြားမှုက မသေးချေ။ လူတိုင်းသိကြသည့်အတိုင်း အင်ပါယာက မရေမတွက်နိုင်သော ကြယ်နယ်ပယ်များကို စောင့်ရှောက်သော်လည်း အချို့သေးငယ်သောဂြိုဟ်အမျိုးမျိုးက ရေတွက်ရန် ခက်ခဲပြီး ဂြိုဟ်များစွာ၌ နာမည်မရှိဘဲ ဂဏန်းများဖြင့်သာ အမည်မှတ်ခံထားရသည်။ သို့သော် ကြယ်ပြာငါးက လုံးဝကွဲပြားပြီး ကျော်ကြားသည်။
ယခုနှစ် နောက်ဆုံးပြည်သူ့ဆန္ဒခံယူပွဲတွင် ကြယ်ပြာငါးက စကြဝဠာရှိ အလှပဆုံး ဂြိုဟ်ဆယ်ခုအနက်မှ တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၎င်းက နာမည်ကြီးသော ရှုခင်းသာနေရာဖြစ်ပြီး လူတိုင်းသွားလိုသည့် နံပါတ်တစ်ဂြိုဟ်အဖြစ် သုံးနှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရပြီး ဂုဏ်သတင်းကျော်ကြားပေသည်။ ထိုနေရာ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် လွယ်ကူပါက နေ့စဉ်နှင့်အမျှ ငွေရှာရန်လွယ်ကူပြီး ၎င်းကို အဖိုးမဖြတ်နိုင်သော အရာအဖြစ် ဖော်ပြလျှင်ပင် ချဲ့ကားပြောဆိုနေသည် မဟုတ်ချေ။
ကြယ်ပြာငါးက မြို့စားကြီးကားလို့စ်၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်ပြီး ငွေကြေးများ၏အရှင်သခင်ကားလို့စ်က ဂြိုလ်ကို ခရီးသွားဖွံ့ဖြိုးရန် အများပြည်သူထံဖွင့်မပေးသောကြောင့်သာ ကြယ်ပြာငါးက လှပသောဂြိုလ်ဆယ်ခုအနက်မှ အဆန်းကြယ်ဆုံးဖြစ်ပြီး လူအများသွားချင်သော်လည်း မသွားနိုင်ဆုံးနေရာတစ်ခုဖြစ်သည်။ ၎င်း၏ပုံစံကိုမြင်ရန် လူများက စတားကွန်ရက်ပေါ်ရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကိုသာ အားကိုးနိုင်သည်။
ဖဲယ်လ်ဆာရေကန်အောက်က နီလာတစ်လုံးတောင် စတားကွန်ရက်မှာ ဈေးကမိုးထိုးနေတာ...ဂြိုဟ်တစ်ခုလုံးဆိုမပြောနေနဲ့တော့...
ဒီလက်ဆောင်က... အရမ်းများလွန်းတယ်မဟုတ်ဘူးလား...
ကျီလင်၏ ဦးနှောက်က အလုပ်မလုပ်တော့ချေ။
ထို့ကြောင့် ကားလို့စ်က သူ့ညာလက်ကို ကိုင်ပြီး လက်ဖမိုးကို အသာအယာ နမ်းလာခဲ့ချိန်တွင် ကျီလင် တောင့်တင်းပြီး လှုပ်ရှားရန် မေ့နေပြီဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် ကျီလင်၏ မျက်တောင်များ တဖျတ်ဖျတ်ခါလာပြီး သူ၏မျက်လုံးများက ကားလို့စ်၏ နက်ရှိုင်းသောမျက်လုံးများနှင့် ဆုံမိသွားကာ အနည်းငယ်တုန်ရီသွားခဲ့သည်။
ကျီလင်၏စိတ်ထဲ ရူးသွပ်စွာ အော်ဟစ်လိုက်သည်-
[စနစ်ရေ... စနစ်... ထွက်လာပြီး ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါ...]
✨✨✨