✨ Chapter 3
ကားလို့စ်
စနစ်က ခဏခန့် တိတ်ဆိတ်သွားပြီး ပြောလာခဲ့၏။
[ဒီလိုအခြေအနေမျိုးကို မမျှော်လင့်ထားပါဘူး...]
ကျီလင် : [သူက ဒီနေရာမှာ ပေါ်ကိုမလာသင့်တာလေ... အခုက ဇာတ်ကွက်တွေ အများကြီးပြောင်းသွားပြီ...အဲဒါကိုတောင် မမျှော်လင့်ထားဘူးလို့ပဲ ပြောနေတုန်းလား...]
စနစ်က - [ကောင်းပြီ ငါ ဘာတွေဖြစ်နေလဲဆိုတာ သွားစစ်ကြည့်လိုက်မယ်...မင်း သူ့ကို အရင်ထိန်းထားလိုက်...]
ကျီလင် : […]
စနစ်က အားကိုးမရသည်ကို ကျီလင်သိပြီး ယခုတွင် သူ ပြောင်းလဲမှုများကို လိုက်လျောညီထွေနေရန် သာတတ်နိုင်ခဲ့သည်။ ကျီလင်က ကားလို့စ်၏လက်ထဲမှ သူ့လက်ကို သဘာဝဆန်ဆန်ဖြင့် ဆွဲထုတ်ဟန်ဆောင်လိုက်ပြီး သူ့နောက်ကျော၌ တိတ်တဆိတ်ထား၍ စိုးရိမ်သောအမူအရာဖြင့် ပြောလိုက်သည်။
"အန်ကယ်ကားလို့စ်... ဒီလက်ဆောင်က အရမ်းစျေးကြီးလွန်းတယ်...ကျွန်တော် လက်မခံနိုင်ဘူး..."
ကျီထင်လည်း ထိတ်လန့်ရာမှပြန်သက်သာလာပြီး တည်ကြည်စွာ ပြောလိုက်သည်။
"ငါ့သားအပေါ်ထားတဲ့ မင်းရဲ့ကြင်နာမှုကို ငါလက်ခံပါတယ်... ဒါပေမယ့် လက်ဆောင်ကိုတော့ ကျေးဇူးပြုပြီး ပြန်ယူလိုက်ပါ..."
ကားလို့စ်၏ နက်ရှိုင်းသော အညိုရောင်မျက်ဆံများထဲ ဖျော့တော့တော့အပြုံးဖြင့်ပြည့်နေခဲ့သည်။ ထို့နောက် သာယာသော်လည်း မေးခွန်းထုတ်စရာမလိုအောင်ဇွဲကြီးသောလေသံဖြင့် တည်တည်ငြိမ်ငြိမ်ပြောလာခဲ့သည်။
"ဒီနေ့က ရှောင်လင်ရဲ့ အရွယ်ရောက်ပွဲလေ...ပြီးတော့ကျွန်တော်က သူ့ထက်အကြီးပဲဟာ... သူ့ကိုဂြိုဟ်လေးတစ်လုံးလောက် လက်ဆောင်ပေးတာ ဘာမှမမှားဘူးမလား... "
ဂြိုဟ်လေးတစ်လုံးဟုတ်လား... အဲဒါက နာမည်တောင်မရှိတဲ့ ဟိုအမှိုက်ကြယ်တွေနဲ့ မတူဘူးလေ...
ကျီထင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ ခဏခန့်တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"ဒီမှာ တခြားဂျူနီယာတွေရှိတယ်... ငါတို့ အထဲဝင်ပြောကြမလား..."
ကျီထင်က ကားလို့စ်၏ရည်ရွယ်ချက်များကို သေချာမသိပေ။ သူ အဘယ်ကြောင့် ရုတ်ရက်ကြီး ကျီလင်အပေါ် ဤမျှစေတနာကောင်းပြလာသည်ကို ကျီထင် နားမလည်ချေ။
သူ ငါတို့ကို လာဘ်ထိုးချင်နေတာများလား...
ကားလို့စ်က အလွန်ဇွတ်တရွတ်နိုင်လွန်းသောကြောင့် သူ လူကြားထဲ၌ ဆက်မငြင်းနိုင်ချေ။ ထိုဟာသကို လူမြင်နည်းလေ မလိုအပ်လားအပ်သော ကောလာဟလဆိုးများ ထွက်လာနိုင်ချေနည်းလေဖြစ်သောကြောင့် ကားလို့စ်ကို အထဲ၌စကားပြောရန် သူ တမင်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ကားလို့စ်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ ကျီလင်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ပြီး လှည့်ထွက်ကာ ကျီထင်နောက်သို့ လိုက်သွားခဲ့သည်။
ကားလို့စ်ထွက်သွားပြီးနောက် သူ့အင်္ကျီပေါ်တွင် ချွေးအလွှာပါးလေးရှိနေသည်ကို ကျီလင် သတိထားမိခဲ့သည်။ ကားလို့စ်၏ အသွင်အပြင်က သူ့ကိုသတိကြီးစေခဲ့သည်။
စာအုပ်ထဲရှိ အဓိကဇာတ်ကောင်များအကြောင်းပြောရလျှင် သူ သတိအထားရဆုံးသူတစ်ဦးမှာ ကားလို့စ်ဖြစ်သည်။ ထိုလူ၏ အမူအရာတိုင်းက တင့်တယ်ပြီး ယဉ်ကျေးကာ ချို့ယွင်းချက်ကင်းသော အထက်တန်းလွှာလူတစ်ဦးဖြစ်ပုံရသော်လည်း အမှန်တွင် သူက သူတို့အားလုံးထဲ အကောက်ကျစ်ဆုံးသူဖြစ်သည်။ သူက အပြုံးတစ်ခုဖြင့် သွေးအေးရက်စက်မှုများကို ဖုံးကွယ်ထားတတ်သော ဝမ်းတွင်းမည်းလူစားမျိုးဖြစ်သည်။
အမျိုးသားဇာတ်လိုက်ကျင်းဆွေ့က အင်ပါယာဧကရာဇ်ဖြစ်ပြီး သူ၏စရိုက်က မောက်မာပြီး လျစ်လျူရှုတတ်သူဖြစ်သော်လည်း အများဆုံးက လျစ်လျူရှုပြီး မထီမဲ့မြင်ပြုရုံသာဖြစ်သည်။ ကျီလင် ထိုလူ့ရှေ့၌ မည်မျှပင် ခုန်ပေါက်ပြနေပါစေ သူ့တွင် ကျီလင်ကိုသတ်ပစ်ရန် ရည်ရွယ်ချက်မရှိချေ။ သူက ကျီလင်ကို ဂရုစိုက်ရန်ပင် ပျင်းလှသည်။
ဇာတ်ဆောင် shou နဉ်ယွီက သူ့ထံမှ အကြိမ်ပေါင်းများစွာ အရှက်ခွဲခံခဲ့ရသည်။ သူက သန့်ရှင်းပြီး ကိုယ့်ကိုကိုယ် အားကိုးသော ကြာပန်းဖြူဇာတ်ရုပ်ဖြင့် ပွင့်လင်းရိုးသားသည့် လူကြီးလူကောင်းတစ်ဦးဖြစ်သည်။ ကျီလင်က နဉ်ယွီ သူ့အား လက်တုံ့ပြန်လာမည်ကို လုံးဝမစိုးရိမ်ဘဲ သူ့ကို အနိုင်ကျင့်ရသည့်အတွက်ပင် စိတ်မကောင်းဖြစ်မိသည်။
ဗီလိန်နံပါတ် 2 မာရှယ်ဘရန်ဒန်က တောက်ပပြီး စိတ်သဘောထားပွင့်လင်းကာ ကျင်းဆွေ့၏ သူငယ်ချင်းဖြစ်သည်။
အတိအကျပြောရလျှင် ဘရန်ဒန်က ဗီလိန်ဟု မဆိုနိုင်ချေ။ သူက နဉ်ယွီကို တိတ်တဆိတ်ချစ်မြတ်နိုးနေသောကြောင့် ကျင်းဆွေ့နှင့် အနည်းငယ်စိတ်သဘောထားချင်းမတိုက်ဆိုင်ကာ ဒုတိယဇာတ်လိုက်ကဲ့သို့ဖြစ်သည်။ နောက်ပိုင်း သူ၏အချစ် လုယူခံရချိန်၌ ကျင်းဆွေ့နှင့် ပြန်လည်မပြေလည်နိုင်ခဲ့ချေ။
ဗီလိန်နံပါတ် 3 လွှတ်တော်အမတ်ဝမ်ယန်က ယခုချိန်တွင် သာမန်ကောင်စီအဖွဲ့ဝင်တစ်ဦးသာ ဖြစ်နေသေးသော်လည်း နောက်ပိုင်းတွင် နဉ်ယွီ၏ သူငယ်ချင်းကောင်းဖြစ်လာလိမ့်မည်ဖြစ်သည်။ ထိုလူ၏ စိတ်ကနက်နဲပြီး အဆိုးနှင့်အကောင်းရောနေကာ လူများအတွက် အနည်းငယ်နားလည်ရခက်စေသည်။ နောက်ပိုင်းတွင် နဉ်ယွီအတွက် ကျီလင်ကိုသစ္စာဖောက်ခဲ့သည်။ ထိုအရာက သူမျှော်လင့်ထားသောအရာဖြစ်သည်။
ဗီလိန်နံပါတ် 1 မြို့စားကြီးကားလို့စ်ကသာ မျက်နှာပေါ်အပြုံးတစ်ခုဖြင့် မြေခွေးကောင်ကြီးဖြစ်သည်။ အမှန်တွင် သူက သူ၏အောင်မြင်မှုအတွက် မည်သည့်အရာကိုမဆိုလုပ်လိမ့်မည်ဖြစ်သည်။ သူ့မျက်လုံးထဲတွင် လူတိုင်းက ပုစွန်ဆိတ်မျှသာဖြစ်သည်။ သူနှင့်အတူရှိနေမည်ဆိုပါက မည်သို့သေဆုံးသွားသည်ကိုမသိဘဲ အသက်ပျောက်သွားလိမ့်မည်ဖြစ်သည်။ ယခင်ဘဝတွင် ကျီလင်က ကားလို့စ်ကို ရန်မစခဲ့သော်လည်း ကားလို့စ်က အကျိုးအကြောင်းမသင့်စွာဖြင့် သူ့ကို အခွင့်ကောင်းယူပြီး အသက်ဆုံးရှုံးစေခဲ့သည်။
ဤကဲ့သို့ ကြီးမားသောလက်ဆောင်ပေးပြီး မည်သို့ကိစ္စမျိုးလုပ်ချင်သည်ကို သူ မသိချေ။
ဒီလိုအရာမျိုးက အရင်ဘဝတုန်းက မဖြစ်ခဲ့ပါဘူး...
ကျီလင်က ဘာမှားသွားသည်ကိုတွေးနေပြီး ဇာတ်ကြောင်းသွေဖယ်သွားမည်ကို စိုးရိမ်ခဲ့သည်။ ထိုအချိန်တွင် အချိန်အတန်ကြာပျောက်နေသော စနစ်ကပြန်ရောက်လာခဲ့သည်။
ကျီလင်က တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ - [မင်း ဒီထက်နည်းနည်းနောက်ကျပြီးမှပြန်လာမယ်ဆိုရင် ပြန်လာစရာမလိုတော့ဘူး...]
စနစ်- [ဘာလို့လဲ...]
ကျီလင်- [ဘာလို့ဆို ငါသေချာပေါက် တစ်ယောက်ယောက်ဆီကနေ အသတ်ခံရပြီး အစမှတ်ပြန်ရောက်သွားမှာမို့လို့ပဲ... ]
စနစ်- […]
ကျီလင်: [အဲဒီတော့ ဘာမှားနေလဲဆိုတာ ရှာတွေ့သွားပြီလား...]
စနစ်က အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။-
[တောင်းပန်ပါတယ် ဒီကမ္ဘာက တစ်ကြိမ်ပျက်စီးသွားတော့ ဒေတာဘေ့စ်တွေအားလုံးပျက်သွားတယ်...အဲဒါကြောင့် ကားလို့စ်ရဲ့ မူမမှန်ဖြစ်နေတဲ့ အကြောင်းအရင်းကို လောလောဆယ် အဖြေမရှာနိုင်သေးဘူး... ]
သူက ခဏခန့်စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။-
[ကမ္ဘာကြီးပျက်စီးသွားတော့ ငါတို့မမျှော်လင့်ထားတဲ့ အပြောင်းအလဲတချို့သေချာပေါက်ဖြစ်နိုင်လောက်တယ်... ဒါပေမယ့် ကိစ္စတော့မရှိပါဘူး...မင်းရဲ့ မစ်ရှင်က အရင်ကနဲ့အတူတူပဲ... မင်းမစ်ရှင်တွေကိုအပြီးသတ်နိုင်သရွေ့ ပြန်သွားလို့ရတယ်... ]
တကယ်ကြီးလား...ဘာလို့ ဒီအဖြေက ဝတ်ကျေတမ်းကျေဖြစ်နေတယ်လို့ ခံစားနေရပါလိမ့်... ဇာတ်ကွက်က ဘယ်လောက်ပြောင်းသွားလဲဆိုတာ ဘယ်သူသိမှာလဲ...အဲဒါတောင် မစ်ရှင်ပြီးအောင်လုပ်နိုင်ဦးပါ့မလား...
သို့သော် စနစ်ကပင် အကြောင်းအရင်းကို မသိသောကြောင့် ကျီလင်လည်း ရွေးချယ်စရာမရှိဘဲ ဇာတ်ကွက်များစွာ မပြောင်းသွားရန်ကိုသာ မျှော်လင့်ခဲ့သည်။ ကံကောင်းစွာဖြင့် သူက ကားလို့စ်နှင့် ရင်းနှီးနေသေးဆဲဖြစ်သောကြောင့် ဒုက္ခရောက်ဦးမည်မဟုတ်ချေ။
ကားလို့စ်နှင့် ကျင်းဆွေ့တို့က နိုင်ငံရေးသဘောထားကွဲလွဲခဲ့ကြပြီး ကားလို့စ်က ကျင်းဆွေ့၏နေရာကို အစားထိုးဝင်ရောက်ရန် အမြဲတမ်း ရည်မှန်းခဲ့သူဖြစ်သည်။ သူက လုပ်သမျှအရာအားလုံးကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ပြီး ကျီလင်၏ အရွယ်ရောက်ပွဲကို အထူးတလည် လာရောက်သည်မှာ မဖြစ်နိုင်ချေ။ ယနေ့ ကားလို့စ်က သူ့အဖေကျီထင်ကြောင့် ဤနေရာသို့ရောက်လာခြင်းဖြစ်နိုင်သည်။
ကျီမိသားစုက အခြေခံအုတ်မြစ်ကောင်းကောင်းရှိသည့် အထက်တန်းလွှာဖြစ်ပြီး အင်ပါယာအထက်တန်းလွှာများကြား ကျော်ကြားပေသည်။ သူတို့က ကြားနေအဖွဲ့ခွဲ၏ ကိုယ်စားလှယ်ဖြစ်သည်။ ကားလို့စ်က ကျီမိသားစုအား အနိုင်ယူလိုသည်ကို ကျီလင်နားလည်နိုင်၏။ တိုတိုပြောရလျှင် ထိုရှုပ်ထွေးသော အာဏာလွန်ဆွဲပွဲထဲ သူ့အဖေကို ကိုင်တွယ်ဖြေရှင်းရန် ထည့်မည်ဖြစ်သည်။
ငါ့တာဝန်ငါ ပြီးအောင်လုပ်ဖို့ပဲ အာရုံစိုက်တာ ပိုကောင်းပါတယ်လေ...
ကျင်းဆွေ့နဲ့ နဉ်ယွီလက်တွဲပြီး ပျော်စရာအဆုံးသတ်ရှိလာသရွေ့ ငါအိမ်ပြန်နိုင်လောက်တယ်...
ကျီလင်က ပွဲခန်းမထဲ ခဏခန့်နေပြီးနောက် အနည်းငယ်ပင်ပန်းလာသလို ခံစားရသောကြောင့် လေကောင်းလေသန့်သွားရှုရန် အကြောင်းပြချက်ရှာခဲ့သည်။
သူ မစ်ရှင်တစ်ခါလုပ်ခဲ့ဖူးပြီးဖြစ်သောကြောင့် ဤနေရာကို သူ့ကိုယ်ပိုင်အိမ်ကဲ့သို့ ရင်းနှီးပေသည်။ ပွဲခန်းမ၏ နောက်ဘက်ရှိ ပန်းခြံက အလွန်လှပ၏။ ကျီလင်က သစ်ပင်တစ်ပင်ပေါ်တက်ကာ သစ်ပင်ခွကြားတွင် သက်တောင့်သက်သာလှဲလျောင်းပြီး အင်ပါယာကြယ်၏တောက်ပနေသော ကြယ်များဝန်းရံထားသည့် ညကောင်းကင်ယံကိုမော့ကြည့်လိုက်သည်။ လှပပြီးအရောင်အသွေးစုံလင်သော ကြယ်ကိုးလုံးက ကောင်းကင်ရံပေါ်တွင် ကျောက်မျက်ရတနာများ ချိတ်ဆွဲထားသကဲ့သို့ တောက်ပနေခဲ့သည်။
၎င်းတို့က အင်ပါယာကြယ်၏ ဂြိုဟ်တုကိုးလုံးဖြစ်ပြီး တစ်ခုချင်းစီတိုင်းက ဂြိုဟ်အသေးစားမျှအရွယ်အစားရှိသည်။ ဤနေရာမှကြည့်ပါက အလွန်လှပပြီး အန္တရာယ်ကင်းပုံရသော်လည်း အမှန်တွင် ၎င်းက ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည့် စစ်လက်နက်တစ်ခုဖြစ်ပြီး မည်သည့်တိုက်ခိုက်မှုကိုမဆိုခုခံနိုင်ကာ ရန်သူများကို မြေမှုန်များအဖြစ် ပြောင်းလဲနိုင် ၏။ ၎င်းက အင်ပါယာကြယ်၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် အင်ပါယာ၏အုပ်ချုပ်ရေးကိုထိန်းသိမ်းရန် အရေးကြီးသော အဟန့်အတားတစ်ခုဖြစ်သည်။
ကျီလင်က ကောင်းကင်ကို မော့ကြည့်ပြီးအတွေးထဲ နစ်မြောသွားခဲ့သည်။
ကားလို့စ်နှင့် ကျင်းဆွေ့တို့ကြားရှိ ပဋိပက္ခက အချိန်အတော်ကြာရှိနေခဲ့ပြီး ၎င်းကို စာအုပ်ထဲတွင် အသေးစိတ်ကျကျအထူးဖော်ပြထားသည်။
ဤစာအုပ်၏ လောကအမြင်က အလွန်ကြီးမားသည်။ ကမ္ဘာမြေပေါ်ရှိလူသားများက ဆဋ္ဌမမြောက်သိပ္ပံနှင့်နည်းပညာတော်လှန်ရေးအပြီးတွင် အာကာသနယ်ပယ်ထဲသို့ တရားဝင် ဝင်ရောက်ကာ ကျယ်ပြန့်သော ဆင့်ကဲဖြစ်စဉ်အဆင့်သို့ ရောက်ရှိခဲ့သည်ဟုပြောထားသည်။ နှစ်ထောင်ပေါင်းများစွာ ဖွံဖြိုးတိုးတက်ချဲ့ထွင်ပြီးနောက် သူတို့က စကြဝဠာ၏ အရှင်သခင်ဖြစ်လာခဲ့သည်။
စကြဝဠာကြီးထဲရှိ အသိဉာဏ်ရှိသော သက်ရှိမျိုးစုံများနှင့် အစွမ်းထက်သောမျိုးစိတ်များကို ရင်ဆိုင်ရချိန်၌ လူသားများ ယနေ့ထိတိုင် ခိုင်မြဲစွာရပ်တည်ပြီး သူတို့၏လက်ရှိအဆင့်အတန်းများကို ထိန်းသိမ်းထားနိုင်သည်မှာ လူသားများကို မဟာတီထွင်မှုများမှ ခွဲခြားမရသောကြောင့်ဖြစ်သည်။
၎င်းက မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်ဖြစ်သည်။
လူသားများက ကျယ်ပြောသော စကြဝဠာကြီးကို ရင်ဆိုင်ရချိန်တွင် အလွန်သေးငယ်စွာဖြင့် ဆက်လက်နေထိုင်ရန် ဆန္ဒမရှိခဲ့ကြပေ။ သူတို့က ပြင်ပစွမ်းရည်များကိုအားကိုးနိုင်သော်လည်း သူတို့၏အားနည်းချက်ကြောင့် စကြဝဠာအတွင်းရှင်သန်နေထိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူတို့က ကြမ်းတမ်းသောနေထိုင်မှုပတ်ဝန်းကျင်အမျိုးမျိုးကို ကြီးကြပ်စီစဉ်နိုင်စွမ်းမရှိသည်အပြင် အခြားမျိုးစိတ်များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ချေရှိသည်။
ထိုကြောင့် လူသားမျိုးနွယ်က သူတို့၏ စွမ်းရည်ကိုမြှင့်တင်ရန် ဘယ်သောအခါမှ အရှုံးမပေးခဲ့ချေ။
လူသားများက မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် စတေးမှုများလုပ်ပြီးနောက် နောက်ဆုံးလွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာတွင် စကြဝဠာအတွင်းရှိ အထူးဒြပ်စင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကိုသုံးပြီး ပေါင်းစပ်ထုတ်လုပ်ထားသော မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်က 99.99%ထပ်ပို၍ အသုံးချနိုင်သည်။ ထိုအချိန်မှစပြီး လူသားများ၏ ဆင့်ကဲဖြစ်စဉ်တံခါးက လုံးလုံးပွင့်လာခဲ့သည်။
စဉ်ဆက်မပြတ်ဆင့်ကဲပြောင်းလဲခြင်း၊ မျိုးပွားခြင်းနှင့် မျိုးဆက်တစ်ခုမှ တစ်ခုပေါင်းစည်းခြင်းများမှတစ်ဆင့် ယနေ့ခေတ် လူသားများက ယခင်နှင့်မတူတော့ချေ။
သူတို့၏အသွင်အပြင်က ယခင်ထက် များစွာမပြောင်းလဲသွားသော်လည်း သူတို့၏ ကြံ့ခိုင်သောကိုယ်လုံးကိုယ်ပေါက်နှင့် သာလွန်ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာစွမ်းအင်များက ယခင်ကနှင့် လုံးလုံးကွဲထွက်သွားခဲ့သည်။ သူတို့ ကမ္ဘာမြေပေါ်ရှိစဉ်ကနှင့် ယှဉ်လျှင် မျိုးစိတ်သစ်တစ်ခုနီးပါးဖြစ်သွားခဲ့သည်။
သို့သော် မြင့်မားသော ယဉ်ကျေးမှုနှင့် ဆင့်ကဲဖြစ်စဉ်များက လူသားများကြားရှိ ပဋိပက္ခများနှင့် မညီမျှမှုများကို ဖယ်ရှားပေးနိုင်ခဲ့သည်လား။
အဖြေက မဟုတ်ဟုပင်။
ထိုအစား ဤဆင့်ကဲဖြစ်စဉ်က လူသားများကြားရှိ လူတန်းစားကွာဟမှုနှင့် ပဋိပက္ခများကို ပို၍တိုးပွားစေခဲ့သည်။
မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့် ပထမမျိုးဆက်က ထုတ်လုပ်ရန်ခက်ခဲပြီး စျေးကြီးပေသည်။ ၎င်းက လူသားများအားလုံးအတွက် အသုံးချရန်ဖြစ်သော်လည်း ၎င်း၏ ရှားပါးသော ထုတ်လုပ်မှုကြောင့် လူအနည်းငယ်ကိုသာထောက်ပံ့ပေးနိုင်ခဲ့သည်။ ဆင့်ကဲဖြစ်စဉ်ကို ဖြတ်ကျော်နိုင်သော လူသားများက ပို၍သန်မာသောခွန်အားများရရှိကြလိမ့်မည်ဖြစ်သည်။ ပို၍ အားကောင်းလာလေလေ အဆင့်အတန်းပိုမြင့်လာလေလေဖြစ်ပြီး ၎င်းတို့ ထိမ်းမြားလက်ထက်ခြင်းမှ မွေးဖွားလာသော ကလေးများကလည်း သာမန်လူသားများထက် ပို၍အားကောင်းပေလိမ့်မည်။ တဖြည်းဖြည်းနှင့် ပို၍မြင့်မားသော ဆင့်ကဲဖြစ်စဉ်လူတန်းစားတစ်ရပ် မွေးဖွားလာခဲ့သည်။ ၎င်းက ယနေ့ခေတ်အထက်တန်းလွှာ၏ ရှေ့ပြေးပုံစံဖြစ်သည်။
ဆင့်ကဲဖြစ်စဉ်၏ ပထမမျိုးဆက်များက ကြီးမားသောအကျိုးကျေးဇူးများကို တဖြည်းဖြည်းသဘောပေါက်လာပြီး မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းကို စတင်ထိန်းချုပ်ခဲ့ကာ ထိပ်တန်းသိပ္ပံနှင့်နည်းပညာရပ်များကိုအခိုင်အမာထိန်းချုပ်၍ လူသားများ၏ကံကြမ္မာကို အဆင့်ဆင့်ထိန်းချုပ်ခဲ့သည်။
သန်မာသူများက ပို၍သန်မာလာပြီး အားနည်းသူများက ပို၍အားနည်းလာခဲ့သည်။
နှစ်ထောင်ပေါင်းများစွာ ဖွံဖြိုးတိုးတက်မှုအပြီးတွင် ဆင့်ကဲပြောင်းလဲမှုလူတန်းစားက စကြဝဠာရင်းမြစ်များကို တဖြည်းဖြည်းခိုင်မြဲစွာအသုံးပြုလာပြီး နောက်ဆုံးတွင် ယနေ့ခေတ် အင်ပါယာအထက်တန်းလွှာဟုခေါ်သော သာမန်လူများနှင့် လုံးဝကွဲပြားသည့် အဆင့်အတန်းမြင့် မျိုးနွယ်စုအသစ်ကိုတည်ထောင်ခဲ့ကြသည်။
ယခုအချိန်တွင် စကြဝဠာထဲရှိ မည်သည့်ဖြစ်တည်မှုကမှ အင်ပါယာ၏တည်ရှိမှုကို မခြိမ်းခြောက်နိုင်တော့ချေ။ သူတို့၏ အကြွင်းမဲ့လွှမ်းမိုးအုပ်စိုးမှုကို ထိန်းသိမ်းရန် အထက်တန်းလွှာများက မျိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်များ၏ ဖွံဖြိုးတိုးတက်မှုနှင့် အသုံးပြုမှုကို လက်ဝါးကြီးအုပ်ထားခဲ့သည်။ သာမာန်လူများက ၎င်းကိုဝယ်ရန် မိုးထိမြင့်သော အခကြေးငွေပေးဆောင်ရန် လိုအပ်ပြီး အဆင့်မြင့်မျိုးရိုးဗီဇ အေးဂျင့်များကို သာမန်အရပ်သားများအား ရောင်းချရန်လုံးဝတားမြစ်ထားသည်။
အထက်တန်းလွှာများက သူတို့ကိုယ်သူတို့ ဆက်လက်ဆင့်ကဲပြောင်းလဲခဲ့ပြီး သူတို့နှင့်တူညီသော လူတန်းစားများကိုသာ ထိမ်းမြားခဲ့ကြသည်။ ဆင့်ကဲပြောင်းလဲလာသော လူသားများက ပိုအားကောင်းလာလေလေ သားသမီးများမွေးဖွားရန် ပိုခက်ခဲလေလေဖြစ်သော်လည်း သူတို့က သာမန်လူများနှင့် လက်ထက်ထိမ်းမြားရန် တွန့်ဆုတ်ခဲ့ကြသည်။ ၎င်းက သူတို့၏ အနာဂတ်မျိုးဆက်သစ်များအတွက် မျိုးရိုးဇီဇ ညစ်ညမ်းစေမည်ဟု ယုံကြည်ထားကြသည်။
တစ်ချိန်က အရေခြုံတရားမျှတမှုအောက်တွင် ဖုံးကွယ်ထားခဲ့သော ခွဲခြားဆက်ဆံမှုနှင့် မညီမျှမှုများက သူတို့၏ ရက်စက်ကြမ်းကြုတ်သောဘက်ခြမ်းသို့ တဖြည်းဖြည်းပေါ်လာခဲ့သည်။
ကျီလင်၏အမြင်အရ ယနေ့ခေတ် အင်ပါယာကြယ်၌နေထိုင်သော အထက်တန်းလွှာများက မသေမျိုးကမ္ဘာတွင်နေထိုင်သော အမတများနီးပါးတူသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုအရ အနာဂတ်နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းပေါင်းများစွာကြာပြီးနောက်တွင် သူတို့ကို အင်ပါယာအထက်တန်းလွှာဟု မခေါ်ဘဲ အင်ပါယာနတ်ဘုရားမျိုးနွယ်ဟုပင် ခေါ်ဆိုရတော့မည်ဖြစ်သည်။
ကျီလင်က <စကြာဝဠာထဲရှိ နတ်ဘုရားမျိုးနွယ်မွေးဖွားမှု> ဟုခေါ်သော thesis ရေးနိုင်သည်ဟုပင် ခံစားခဲ့ရသည်။
လက်ရှိအင်ပါယာတွင် သာမန်လူများအတွက် ဆင့်ကဲပြောင်းလဲပြီး ဖွံဖြိုးတိုးတက်ရန် ခက်ခဲသည်။ သူတို့ နေ့ချင်းညချင်းချမ်းသာလာသည်မဟုတ်ပါက သူတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏အလိုတော်ဖြစ်သည်။
ငြိမ်းချမ်းမှုအောက်ခြေတွင် အမှန်တကယ်မှောင်မိုက်နေသည်။ မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်အေးဂျင့်အပေါ်လက်ဝါးကြီးအုပ်မှုနှင့် အင်အားကြီးသူများ၏ အခွင့်ထူးများက လူအများ၏ မကျေနပ်မှုကို တဖြည်းဖြည်းနှိုးဆွလာခဲ့သည်။
အချို့က အကျင့်ပျက်ခြစားသော အထက်တန်းလွှာများထံ လက်အောက်ခံလိုစိတ်မရှိတော့ဘဲ အင်ပါယာ၏ စည်းကမ်းဥပဒေသကို စိန်ခေါ်ရန် ခုခံရေးစစ်တပ်ပင်ဖန်တီးခဲ့ကြသည်။ သို့သော် အင်ပါယာ၏ ပြင်းထန်သောဖိနှိပ်ချုပ်ချယ်မှုနှင့် လူထုသဘောထားထိန်းချုပ်မှုတို့ကြောင့် ပုန်ကန်ထကြွမှုအရေအတွက်က မများခဲ့ချေ။
အင်ပါယာရှိလူအများစုက ငြိမ်းချမ်းပြီး သက်တောင့်သက်သာရှိသောဘဝရှိသည်ကို ကျီလင်နားလည်၏။ လူ့အဖွဲအစည်းတွင် မညီမျှမှုအချို့ရှိသော်လည်း အင်အားကြီးအင်ပါယာကို ဆန့်ကျင်ရန် မည်သူမှအသက်စွန့်လိုစိတ်မရှိကြချေ။ သမိုင်းတစ်လျှောက်တွင် တော်လှန်ရေးများက ရမ်းကားကြမ်းတမ်းသောအခြေအနေသို့ တွန်းပို့ခံခဲ့ရသည့် လူများထံမှ တွန်းလှန်ခံခဲ့ရသည်။ လက်ရှိအင်ပါယာ လူဦးရေက ထိုအခြေအနေသို့ရောက်ရန် ဝေးကွာလွန်းသည်။ ကျီလင်၏ လူ့အဖွဲ့အစည်း၌ လူအနည်းငယ်က ကြွယ်ဝချမ်းသာမှုများကို လက်ဝါးကြီးအုပ်ထားပေသည်။ ထိုလက်များထဲ မညီမျှမှုများက မထင်မရှားဖြစ်လာခဲ့သည်။
သို့ရာတွင် အင်ပါယာ၏ဧကရာဇ်ဖြစ်သူ ကျင်းဆွေ့က ယနေ့ခေတ်အင်ပါယာ၏ သာယာဝပြောမှုသာမက ကြီးမားသောလျှို့ဝှက်အန္တရာယ်ကိုလည်း မြင်ခဲ့သည်။ ယနေ့ခေတ် တော်လှန်ရေးစစ်တပ်က အားနည်းနေသေးပုံရသော်လည်း တော်လှန်ရေးစစ်တပ်၏မွေးဖွားမှု မီးပွားကို မထိန်းချုပ်နိုင်ပါက နောက်ဆုံးတွင် မီးတောက်ဖြစ်လာမည်ဖြစ်သည်။
✨✨✨