Chapter 4
Viewers 89

✨ Chapter 4



အင်ပါယာအထက်တန်းလွှာများက အာဏာအလွန်ရှိပြီး မမျှတသောအာဏာက အကျင့်ပျက်ခြစားမှုနှင့် ယိုယွင်းပျက်စီးမှုများမလွဲမသွေဖြစ်စေသည်။ သူတို့က လူ့အသက်ကို လျစ်လျူရှုပြီး သူတို့၏မျက်လုံးထဲ သာမန်လူများကို ယုတ်ညံ့သောမျိုးနွယ်စုများအဖြစ် သတ်မှတ်ကာ ထိုလူများကို ကျွန်ပြုခြင်းက သာမန်ဟုတွေးခဲ့ကြသည်။ ကျက်သရေရှိသော ကုတ်အင်္ကျီနောက်တွင် မှောင်မိုက်ပြီး အကျည်းတန်သော အမှန်တရားများ ဖုံးအုပ်ထားလျက်ရှိသည်။ သူတို့၏ တည်ရှိမှုကို မနာခံဝံ့သူ မည်သူမဆို အင်အားသုံးပြီး ကိစ္စတုံးပစ်လိမ့်မည်ဖြစ်သည်။


ပြောင်ပြောင်တင်းတင်း ဖိနှိပ်ခြင်း၏ရလဒ်က ခုခံတိုက်ခိုက်ခြင်းသို့ ဦးတည်သွားခဲ့သည်။ 


ဤကဲ့သို့ အခြေအနေမျိုး ဆက်လက်ဖြစ်ပွားနေပါက ယခု သို့မဟုတ် နောင်တွင် တော်လှန်ရေးကြီးပေါ်ပေါက်လာမည်ဖြစ်သည်။ ကျင်းဆွေ့က ထိုသို့ဖြစ်လာမည် သို့မဟုတ် တိုင်းပြည်၏အခြေခံအုတ်မြစ်ယိမ်းယိုင်လာမည်ကို မမြင်ချင်ပေ။ စာရိတ္တပျက်ပြားသောလူများကို မဆိုထားနှင့် နတ်ဘုရားများပင်လျှင် တစ်နေ့ကျဆုံးရမည်ဖြစ်သည်။ 


မည်သူမှ ထာဝရမရှင်သန်နိုင်ပေ။


ထိုအခြေအနေကို ပြောင်းလဲရန် ကျင်းဆွေ့က မျိုးရိုးဗီဇဆင့်ကဲဖြစ်စဥ်အေးဂျင့်၏ စျေးနှုန်းကို လျှော့ချပေးပြီး သာမန်လူများ၏ အခွင့်အရေးများ ပိုတိုးတက်စေကာ အထက်တန်းလွှာနှင့် သာမန်ပြည်သူများကြားရှိ ကွာဟချက်ကို တဖြည်းဖြည်း အားနည်းလာစေခဲ့သည်။ သူက ပိုမိုစည်းလုံးပြီး အားကောင်းသော အင်ပါယာတစ်ခု တည်ဆောက်နိုင်ရန် မျှော်လင့်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ အင်အားက လူအနည်းငယ်အပေါ်တွင်သာအားကိုးရန် မဖြစ်နိုင်ဘဲ သာမန်ပြည်သူများကလည်း လျှော့တွက်မရသော အင်အားတစ်ခုဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။


သို့သော် ကျင်းဆွေ့၏ လုပ်ရပ်များက အင်အားအကြီးဆုံးလူများကို စိတ်မကျေမနပ်ဖြစ်စေခဲ့သည်။ သူတို့က သူတို့၏ အခွင့်အရေးများစွန့်လွှတ်ပြီး သာမန်ပြည်သူများကို သူတို့နှင့်တန်းတူရပ်ရန် သို့မဟုတ် သူတို့၏ခေါင်းပေါ်တက်ခွင့်ပြုရန် ဆန္ဒမရှိကြချေ။


ကျင်းဆွေ့ကို ဆန့်ကျင်သော အထက်တန်းလွှာများက မြို့စားကြီးကားလို့စ်၏ ဦးဆောင်မှုနောက်လိုက်ကြပြီး သူတို့၏ နိုင်ငံရေးအမြင်များဖြင့် ကျင်းဆွေ့ကို နေရာပေါင်းစုံမှ ဆန့်ကျင်ခဲ့ကြသည်။


ကားလို့စ်ကလည်း အခြေအနေကို ပြောင်းလဲရန် မလိုကြောင်း ယုံကြည်ခဲ့သည်။ ၎င်းက အသင့်တော်ဆုံး ရှင်သန်ခြင်းရလဒ်ဖြစ်ပြီး ယုတ်ညံ့သော သာမန်လူသားများက သူတို့နှင့် တန်းတူရပ်ရန် မထိုက်တန်ချေ။ 


သူတို့၏ မျက်လုံးထဲ ထိုသာမန်လူများက မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များနှင့်တူပေသည်။ သူတို့က ထိုလူများကို ငြိမ်းချမ်းပြီး သက်တောင့်သက်သာရှိသောဘဝပေးထား၍ တိုင်းတစ်ပါးရန်မှ ကာကွယ်ပေးထားသော်လည်း ထိုလူတို့က ကျေနပ်မှုမရှိ အော်ဟစ်ဆဲဆိုနေကြဆဲဖြစ်သည်။ ၎င်းက လူ့သဘာဝဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်မရသော လောဘဖြစ်သောကြောင့် ခွင့်ပြုရန်မသင့်ပေ။


ကားလို့စ်က လောဘကြီးသော ပုရွက်ဆိတ်များနှင့် အပေးအယူလုပ်ရန်မလိုဘဲ အင်ပါယာ၏ အကြွင်းမဲ့လွှမ်းမိုးအုပ်စိုးမှုကို ထိန်းသိမ်းရန် သွေးထွက်သံယိုနှိမ်နင်းမှုကို ထောက်ခံအားပေးခဲ့သည်။


စာအုပ်ထဲတွင် နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်းဖြစ်စေ တိတ်တဆိတ်ဖြစ်စေ တိုက်ခိုက်နေခဲ့ကြသည်။ 


ကျီလင်က ၎င်းမှာ သူကဲ့သို့ လူပွေလူရှုပ်ပါဝင်ပတ်သက်နိုင်သော အရာမဟုတ်ဟု ခံစားခဲ့ရသည်။ ထို့အပြင် သူ့တွင် ဤကမ္ဘာနှင့်ပတ်သက်ပြီး နက်နဲသောခံစားချက်မျိုးမရှိချေ။ သူက သူ့ဇာတ်ရုပ်ကိုကောင်းစွာကစားပြီး တာဝန်များအပြီးသတ်၍ အိမ်ပြန်ရန်ကိုသာ ဂရုစိုက်ခဲ့သည်။ 


ဤကမ္ဘာကြီး မည်မျှကြီးကျယ်ခမ်းနားနေပါစေ သူ၏မူလကမ္ဘာမဟုတ်သလို သူနေချင်သောနေရာလည်း မဟုတ်ချေ။


၎င်းကိုတွေးလျက် သူသက်ပြင်းချပြီး လက်နှစ်ဖက်ကို ခေါင်းနောက်တွင်ထားကာ ကြယ်ရောင်စုံနေသော ကောင်းကင်ကြီးကို မိန်းမောတွေဝေစွာစိုက်ကြည့်နေခဲ့သည်။ ရုတ်တရက် သူ့နားရွက်များလှုပ်ရှားသွားပြီး တစ်စုံတစ်ယောက်က အဝေးမှ သူ့နာမည်ခေါ်နေသံကို ကြားလိုက်ရသည်။ ထိုလူက မူလပိုင်ရှင်၏ သူငယ်ချင်းဖြစ်ပုံရသည်။


သူအပြင်ထွက်လာသည်မှာ ကြာပြီဖြစ်သောကြောင့် ပြန်သွားရန်အချိန်ရောက်ပြီဖြစ်သည်။ 


ကျီလင်က ထထိုင်ပြီး လက်ထောက်ကာ သစ်ပင်ပေါ်မှ အမြန်ခုန်ဆင်းလိုက်သည်။


သူ ဆင်းလာသည်နှင့် တစ်ပြိုင်နက် တင့်တယ်ချောမောသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သစ်ပင်အောက်အရိပ်တွင်ရပ်ပြီး သူ့ကိုအပြုံးတစ်ခုဖြင့် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူ အလွန်ထိတ်လန့်သွားပြီး မတ်မတ်မရပ်နိုင်ဘဲ မြေပြင်ပေါ်လဲကျလုနီးပါးဖြစ်သွားခဲ့သည်။ ရလဒ်အနေဖြင့် သူက ထိုယောက်ျား၏ရင်ခွင်ထဲ ပြေးဝင်သလိုဖြစ်သွားခဲ့သည်။


ကားလို့စ်က သူ့ရင်ခွင်ထဲ ကိုယ်တိုင်ကိုယ်ကျ ပြေးဝင်လာသော ဆယ်ကျော်သက်ကောင်လေးကိုကြည့်ပြီး သူ့ပုခုံးတစ်ဝိုက်ကို လက်ဖြင့်ထိန်းပေးကာ ပြုံး၍ အသံနိမ့်ဖြင့်ပြောလိုက်သည်။ 

"သတိထားလေ..." 


ကျီလင်၏ စိတ်ထဲတွေးလိုက်မိသည်။ 


အဲဒါ ခင်ဗျားခြောက်လိုက်လို့မဟုတ်ဘူးလား... ဟူး အေးအေးဆေးဆေးနေ... မထိတ်လန့်နဲ့...


ထို့နောက် ကားလို့စ်၏ ရင်ခွင်ထဲမှ မျက်လွှာပင့်ကြည့်ပြီး နုံအကာ အံ့အားသင့်သောအကြည့်ဖြင့် မေးလိုက်သည်။ 

"အန်ကယ်ကားလို့စ်... ဘာလို့ဒီရောက်နေတာလဲ..."  


ကားလို့စ်က ကောင်လေး၏အပြာရောင်မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် ရှုပ်ထွေးသော လွမ်းဆွတ်မှုမျိုးရှိနေပုံရသည်။ ခဏအကြာတွင် သူပြောလာခဲ့သည်။ 

"ကိုယ် မင်းအဖေနဲ့စကားပြောပြီး ဒီနားကဖြတ်လာတုန်း မင်းကိုတွေ့လိုက်လို့..."


သူ့စကားက လမ်းတစ်ဝက်၌ ရပ်သွားခဲ့သည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ကော့တက်လာပြီး အလိုလိုက်သောလေသံဖြင့်ပြောလာခဲ့သည်။ 

"ကောင်လေးတစ်ယောက် အဲဒီသစ်ပင်ပေါ်မှာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ ကိုယ်ကြည့်နေတာ..." 


ကျီလင် : "... " 


ဒါဆို ခင်ဗျားကြည့်နေတာ ကြာပြီပေါ့...


ကံကောင်းထောက်မစွာဖြင့် ကျီလင်တွင် သူ့ကိုယ်သူစကားပြောတတ်သော အလေ့အကျင့်ဆိုးမရှိချေ။ သူက ကားလို့စ်၏ နူးညံ့သိမ်မွေ့ပြီး အလိုလိုက်ဟန်ရှိသော အမူအရာကိုကြည့်ရင်း သူ့ခြေဖဝါးမှ နားမလည်နိုင်သော ထိတ်လန့်ဖွယ်ခံစားချက်များမြင့်တက်လာသည်ကိုခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က မနေနိုင်ဘဲ အနည်းငယ် တောင့်တင်းသွားခဲ့သည်။


ကားလို့စ်က ကျီလင်၏ မသက်မသာဖြစ်မှုကိုခံစားမိပြီး တောင်းပန်စကားဆိုလာခဲ့သည်။ 

"ကိုယ်တောင်းပန်ပါတယ်... မင်းကိုခြောက်မိသွားလား..."  


ကျီလင်က သူ့အောက်နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းခါပြခဲ့သည်။ 


ဒီမြေခွေးအိုကြီးရှေ့မှာ စကားများများပြောရင် အမှားတွေပိုလုပ်မိလောက်တယ်... အဲဒါကြောင့် စကားမပြောဘဲ အမူအရာနဲ့တုံ့ပြန်တာက အကောင်းဆုံးပဲ.... 


သို့သော် ကားလို့စ်၏ မျက်လုံးများက ရုတ်တရက်နက်မှောင်သွားပြီး တစ်စုံတစ်ခုကိုနက်ရှိုင်းစွာထိန်းချုပ်နေသကဲ့သို့ သူ့ပခုံးကိုကိုင်ထားသည့်လက်များက ပိုတင်းကျပ်လာခဲ့သည်။


ကျီလင်က ကားလို့စ်၏မျက်ဝန်းများကို နားမလည်သော်လည်း အကြောင်းအချို့ကြောင့် သားကောင်အဖြစ်အကြည့်ခံနေရသကဲ့သို့ခံစားရပြီး အနည်းငယ် စိတ်မသက်မသာဖြစ်လာခဲ့သည်။ သူက စိတ်မသက်မသာဖြစ်စွာ မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ 

"ဟို... ကျွန်တော့် သူငယ်ချင်းခေါ်နေလို့..."


ကားလို့စ်၏ အမူအရာက မပြောင်းမလဲရှိနေဆဲဖြစ်သည်။


ကျီလင် အနည်းငယ်ကြောက်ရွံ့လာချိန်တွင် ကားလို့စ်က သူ၏လက်များကို ဖြည်းညှင်းစွာလွှတ်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်ပေးခဲ့သည်။ သူ့မျက်လုံးများထဲရှိ အမှောင်ထုက ပျောက်ကွယ်သွားပြီး နူးညံ့သော အပြုံးတစ်ခု ထုတ်ဖော်လာခဲ့သည်။ 

"သွားလေ သူတို့ကိုစောင့်မနေစေနဲ့..."  


ကျီလင်က လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ခေါင်းညိတ်ပြီး ပြောလိုက်သည်။ 

"ဒါဆို ကျွန်တော်အရင်သွားလိုက်ဦးမယ်... နောက်မှတွေ့မယ်နော် အန်ကယ်ကားလို့စ်..." 


ကျီလင်က ထိုသို့ပြောပြီး အမြန်လှည့်ထွက်သွားကာ လမ်းတစ်လျှောက် နောက်ပြန်မကြည့်ရဲခဲ့ချေ။


သူနောက်လှည့်ကြည့်ပါက ထိုလူ၏ မျက်လုံးများနှင့်ဆုံသွားနိုင်သည်ဟု ခံစားခဲ့ရသည်။


နောက်ဆုံးတွင် ကျီလင် ရို့စ်၏ ဝိုင်းစက်နေသော မျက်နှာကိုမြင်ခဲ့ရသည်။ သူက အပြုံးတစ်ခုဖြင့် ဘယ်သွားနေလဲဟု မေးလာခဲ့သည်။ ကျီလင် နောက်ဆုံးတွင် ရင်းနှီးသောဆူညံသံများကို နှုတ်ဆက်နိုင်ခဲ့ပြီး အသက်ရှူကျပ်ဖွယ်ရာပတ်ဝန်းကျင်မှ လွတ်မြောက်လာခဲ့သည်။ သူပထမဆုံးအနေဖြင့် ဆီရွဲနေသောခေါင်းနှင့် ပန်းရောင်မျက်နှာဝိုင်းဝိုင်းက အနည်းငယ်ချစ်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။


အနည်းဆုံး ရို့စ်က ကားလို့စ်ထက် ပို၍ကိုင်တွယ်ရလွယ်ကူပေသည်။ 


ကားလို့စ်က ကျီလင်၏ထွက်သွားသော ပုံရိပ်ကိုကြည့်ပြီးနောက် လှည့်ကာ အိမ်ကြီးထဲမှထွက်လာခဲ့သည်။


သူ၏ အိမ်တော်ထိန်းအန်ဒါဆင်က အပြင်တွင်စောင့်နေပြီး တလေးတစားဦးညွတ်ကာ သူ့အတွက် ကားတံခါးဖွင့်ပေးလာခဲ့သည်။ အန်ဒါဆင်က ခဏခန့်တုံ့ဆိုင်းနေပြီး မနေနိုင်ဘဲမေးလာခဲ့သည်။ 

"ကျွန်တော် ညွှန်ကြားထားတဲ့အတိုင်း ဂုဏ်ပြုလက်ဆောင်ကြိုပြင်ပြီး ပို့လိုက်ပါတယ်... သခင် ဘာလို့ လူကိုယ်တိုင်လာရတာလဲမသိဘူး..."


မြို့စားကြီးကားလို့စ်၏ ယနေ့အပြုအမူကြောင့် အန်ဒါဆင် အလွန်အံ့သြပြီး သူ၏ရည်ရွယ်ချက်ကို နားမလည်ခဲ့ချေ။ ယခင်က မြို့စားကြီးကားလို့စ်ထံမှ ကြယ်ပြာငါးကို ငွေအမြောက်အမြားဖြင့် ဝယ်လိုသောလူအချို့ရှိခဲ့သော်လည်း မြို့စားကြီးက ၎င်းတို့ကိုအမြဲလျစ်လျူရှုခဲ့သည်။ သို့သော် ယနေ့တွင် ၎င်းကို ကျီလင်အား ရုတ်တရက် ပေးခဲ့သောကြောင့် အန်ဒါဆင် ပို၍ရှုပ်ထွေးသွားခဲ့သည်။


ကားလို့စ်က သူ့ကို ပြန်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ 

"ငါ့မှာ ငါ့ကိုယ်ပိုင်အစီစဉ်ရှိပြီးသား..." 


အန်ဒါဆင်က ထိုအကြည့်ကြောင့် ထိတ်လန့်သွားပြီး ခေါင်းအမြန်ငုံ့ကာ ပြောလိုက်သည်။ 

"တောင်းပန်ပါတယ်... ကျွန်တော် စကားများမိသွားတာပါ..." 


မြို့စားကြီး ထိုသို့လုပ်ရမည့် အကြောင်းရင်းရှိပေလိမ့်မည်။ မြို့စားကြီးက ဘာမှမပြောလာသေးသောကြောင့် သူ မမေးလိုက်သင့်ပေ။ အန်ဒါဆင်က သူ့စိတ်ထဲရှိစူးစမ်းလိုစိတ်ကို ဖိနှိပ်ပြီး ကားလို့စ်အတွက် ကားတံခါးကို လေးစားစွာပိတ်ပေးလိုက်သည်။   


ကားလို့စ်က ကားထဲတွင်ထိုင်ကာ လက်များကိုယှက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။


သူ့မျက်လုံးထဲပေါ်လာသည်မှာ ကောင်ငယ်လေး၏ သစ်ပင်ပေါ်မှခုန်ချစဉ် သေမျိုးလောကသို့ကျလာသော နတ်သားလေးကဲ့သို့ သူ့ရင်ခွင်ထဲ ထိတ်လန့်တကြားပြုတ်ကျလာသည့် မြင်ကွင်းဖြစ်၏။ ထိုကြည်ပြာရောင်မျက်လုံးများက ရောင်ပြန်ဟပ်နေပြီး တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးမြင်နိုင်ပေသည်။ 


ကျီလင်က အသက်ရှင်နေဆဲဖြစ်ပြီး သူ့ကို အန်ကယ်ကားလို့စ်ဟု ခေါ်နေသေးသည်။ 


'အန်ကယ် ကားလို့စ်' ဟုခေါ်သံက သူ့နှလုံးသားအား မည်မျှတုန်လှုပ်သွားစေသည်ကို ဘယ်သူမှသိမည်မဟုတ်ချေ။ 


သူ ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ ဤနေရာသို့လာပြီး သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် ထိုကောင်လေးကောင်းကောင်း‌ရှိနေသေးသည်ကို ကြည့်ရန်ဖြစ်သည်။ ယခင်ဘဝက သူနောက်ဆုံးမြင်ခဲ့ရသော မြင်ကွင်းကဲ့သို့မဟုတ်ဘဲ ထိုကောင်လေးက တက်ကြွလန်းဆန်းနေဆဲဖြစ်သည်။ ယခင်ဘဝတွင် သူက ကျင်းဆွေ့၏ ရင်ခွင်ထဲ၌ လှဲလျောင်းနေရင်း သူ၏ သွေးစွန်းနေသော လက်မောင်းများက အားနည်းစွာလဲပြိုကျသွားကာ သူ၏နောက်ဆုံးထွက်သက်ကို ဖြည်းညှင်းစွာ ဆုံးရှုံး၍ အေးစက်ပြီး အသက်မဲ့သောအလောင်း ဖြစ်လာခဲ့သည်။


ကားလို့စ်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ အညိုရောင်မျက်ဆံများက အေးစက်မှုနှင့် သွေးဆာမှုများဖြင့် အုံ့မှိုင်းသွားခဲ့သည်။


သူ၏ယခင်ဘဝတွင် ကျင်းဆွေ့ နှင့် ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ပြီး အဆုံးတွင် သူ၏ပေါ့လျော့မှုကြောင့် ရှုံးနိမ့်သွားခဲ့သည်။ သို့သော် ထိုအချိန်က သူနောင်တအရဆုံးအရာမှာ သူ၏ ရှုံးနိမ့်မှုမဟုတ်သည်ကိုတွေ့ရှိခဲ့၏။ ထိုအစား ကျင်းဆွေ့နှင့်တိုက်ခိုက်ရာတွင် အပြစ်ကင်းစင်သောကောင်လေးကို ပါဝင်ပတ်သက်စေမိသည့်အတွက်နောင်တရခဲ့သည်။ သူ၏ ပေါ့လျော့မှုကြောင့် နဉ်ယွီထွက်ပြေးလွတ်မြောက်သွားသည်ကို နောင်တရမိသည်။ သူ သတိမပြုမိဘဲ ကောင်ငယ်လေးကို သူ့လက်ဖြင့်ကိုယ်တိုင်သတ်မိသည့်အတွက် နောင်တရမိသည်။ 


လူငယ်လေးက ကျင်းဆွေ့၏ အရှေ့တွင် ပြတ်ပြတ်သားသား မတ်တတ်ရပ်ပြီး တဖြည်းဖြည်းချင်း လဲကျသွားသော မြင်ကွင်းက သူ့ရင်ထဲ ဆူးတစ်ခုကဲ့သို့စိုက်ဝင်ကာ သူ့စွန့်ပစ်ထားသော နိမ့်ပါးသောလူသားများ၌သာရှိသည့် သူရဲဘောကြောင်မှု၊ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှုစသည့်ခံစားချက်များအလွယ်တကူ ထိုးဖောက်ဝင်ရောက်လာစေခဲ့သည်။


သူ အရှုံးဟူသည်ကို ထိုအချိန်မှ ပထမဆုံးသိခဲ့သည်။


သူ့ကိုအားကိုးသော ဖြူစင်ရိုးရှင်းသည့် လူငယ်လေးက သူသစ္စာဖောက်ပြီး စွန့်ပစ်သွားသည်ကို သိသော်လည်း သူ့ကိုယုံကြည်ရန်ရွေးချယ်ခဲ့ပြီး ထိုအပြစ်ကင်းစင်သောမျက်လုံးများဖြင့်ကြည့်နေခဲ့သည်။


သူက အရမ်းအပြစ်ကင်းစင်ပြီး ရူးမိုက်တာလား...


မဟုတ်ချေ။ ကျီလင်က သူ့ကိုယုံကြည်ပြီး ဂရုစိုက်သောကြောင့်ဖြစ်သည်။ 


သို့သော် တစ်ချိန်က သူ ထိုယုံကြည်မှုကို မျက်ကွယ်ပြုကာ ၎င်းကို အလျှော့အတင်းလုပ်သည့်ချစ်ပ်ပြားတစ်ခုအဖြစ်ပင် အသုံးပြုခဲ့သည်။ သူ့ကိုယ်ပိုင်ပန်းတိုင်ရရှိရန် ထိုကောင်ငယ်လေးကို အဝေးတွန်းထုတ်ကာ ကျင်းဆွေ့နှင့် သူ့ကိုယ်ပိုင်ပဋိပက္ခကြားမှ သားကောင်ဖြစ်လာစေခဲ့သည်။ သူနောင်တရမည်မဟုတ်ဟု ထင်ခဲ့သော်လည်း ထိုဖြူစင်ပြီး အားနည်းသော လူငယ်လေးကိုအသုံးပြု၍ စွန့်ပစ်ခဲ့သည့်အတွက် နောင်တရပေသည်။


ထိုအေးစက်သောညက လူငယ်လေးသူ့ရှေ့၌ သံသယများဖြင့်ပေါ်လာခဲ့ချိန်တွင် သူ ရုတ်တရက်သဘောပေါက်သွားခဲ့သည်။ 


ငါ ကောင်လေးရဲ့ယုံကြည်မှုကို စက်ဆုပ်ရွံရှာခဲ့လား...ဟင့်အင်း...


ယခင်က သူ့ကိုအထင်ကြီးစေလောက်သည်အထိ လှပသောအရာမျိုး မမြင်ဖူးခဲ့ချေ။


သို့သော် သူ ၎င်းကိုမြင်ပြီးနောက် မည်မျှအဖိုးတန်သည်ကိုသိခဲ့ရသည်။  


သို့သော် သူ နောက်ဆုံး သဘောပေါက်ချိန်တွင် ၎င်းကို ဆုံးရှုံးသွားခဲ့ရသည်။ 


ငါ သူ့ကိုမတော်တဆ သတ်ခဲ့မိတယ်...


ကားလို့စ်၏ ပါးလွှာသော နှုတ်ခမ်းများက တင်းတင်းစေ့သွားပြီး သူ့တစ်ကိုယ်လုံး အေးစက်မှုရောင်ဝါများဖုံးလွှမ်းလာကာ သူ၏လက်များကို ဖြည်းညှင်းစွာ တင်းကျပ်လိုက်သည်။


ကျင်းဆွေ့ကြောင့်သာ မဟုတ်ရင် မင်းအမှားတစ်ခုကိုထပ်ခါထပ်ခါလုပ်မိမှာမဟုတ်ဘူး...ပြီးတော့ နောက်ဆုံးမှာ သူ့အတွက်နဲ့ မင်းအသက်ဆုံးရှုံးရမှာမဟုတ်ဘူး...


အဲဒီလူက မင်းထင်ထားတာထက် ပိုပြီးရက်စက်တယ်...သူက မင်းကို ချစ်ဖို့နေနေသာသာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး... ဒါပေမယ့် မင်းကတော့ သေတဲ့အထိ အဲဒါကိုနားမလည်ခဲ့ဘူး... မင်းရဲ့နှလုံးသားက ဒီလိုမျိုးမလေးမစားပြုခံရတာတောင် သူ့အတွက်အသက်စွန့်ဖို့ ဆန္ဒရှိနေတုန်းပဲ...


အဲဒီလူက မင်းအချစ်ကို ရဖို့လုံးဝမထိုက်တန်ဘူး...


ဒါပေမယ့် ငါပြန်ရောက်လာခဲ့ပြီ...


ဤတစ်ကြိမ်တွင်မူ သူ အင်ပါယာကိုသာမက သူ့ကိုရိုးရှင်းစွာကြည့်ပြီး အန်ကယ်ကားလို့စ်ဟု ပြုံးပြုံးရွှင်ရွှင်ခေါ်သော ထိုကောင်လေးကိုလည်း ပိုင်ဆိုင်ချင်ပေသည်။ 


ဤတစ်ကြိမ်တွင် ထိုအပြစ်ကင်းစင်သောမျက်လုံးများ ဘယ်သောအခါမျှ ဖုန်မှုန့်မဖုံးအုပ်သွားဘဲ ထိုကောင်လေး၏အပြုံးက ဤကဲ့သို့အမြဲတောက်ပနေပြီး သူ့ကို ယုံကြည်ကာ နောက်တစ်ကြိမ် အားကိုးလာနိုင်မည်ဟု မျှော်လင့်သည်။ 


သူ ကျီလင်ကို တစ်ဖန်ပြန်တွေ့ရချိန်တွင် လုံးဝမတုံ့ဆိုင်းနေတော့ချေ။


ဤပြန်လည်မွေးဖွားလာခြင်းက သူ့နောင်တများကို ပြန်လည်ပြင်ဆင်နိုင်ရန်ဖြစ်သည်။ 


ကားလို့စ်၏ မျက်လုံးထဲရှိအကြည့်က တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။


မင်းက အရမ်းလှပအပြစ်ကင်းတယ်...မင်းက ထူးခြားတဲ့ကြယ်ပြာငါးထက် အဆတစ်သန်းပိုတောက်ပတယ်... 

                                                                                                                               

မင်းက ကိုယ့်ရဲ့အလှဆုံးရတနာဖြစ်လာရလိမ့်မယ်...



✨✨✨