အပိုင်း ၃၂
Viewers 10k

Chapter 32




သို့သော် သူ၏အကူအညီဖြင့် ဤကမ္ဘာကြီးက ပုံရိပ်ယောင်လောက မဟုတ်တော့သော အရာတစ်ခု ဖြစ်လာနိုင်သည်။

ဤကမ္ဘာက စည်းမျဥ်းစည်းကမ်းများအပြင် ဖြည့်ရမည့် ကွက်လပ်များ ပြည့်နှက်နေရာ လက်တွေ့ကမ္ဘာအား အတုယူနေစရာ မလိုတော့ပေ။ ထို့အစား လက်တွေ့ကမ္ဘာနှင့် အပြိုင်နီးပါး အမှီအခိုကင်းစွာ လည်ပတ်နိုင်သည့် ကမ္ဘာတစ်ခု ဖြစ်တည်လာမည် ဖြစ်သည်။။

ဇာတ်ကောင်တိုင်းက သူတို့၏ရှိရင်းစွဲအမှတ်တရများကို တည်ဆောက်နိုင်ပြီး အမှန်တကယ်အသက်ရှင်နိုင်သည်။ယဲ့ကျား မကျေနပ်ပါက သူ့အနေဖြင့် လက်တွေ့ကမ္ဘာမှ လူများကို ခေါ်ဆောင်လာပြီး သူတို့၏မှတ်ဉာဏ်များကို ဖျက်ပစ်ကာ ယဲ့ကျား၏ စိတ်ကူးကမ္ဘာထဲ၌ ပြီးပြည့်စုံသော ဇာတ်ပို့များနေရာမှ သရုပ်ဆောင်ပေးစေရန် ထည့်သွင်းပေးနိုင်သည်။

သေချာသည်မှာ တစ်စုံတစ်ခုအား ရယူလိုပါက ကြီးမားသော တန်ဖိုးတစ်ခုအား ပေးဆပ်ရမည်ဖြစ်သည်။

သို့သော်လည်း ဤအရာသာ ယဲ့ကျား အမှန်လိုချင်သည့်အရာ ဖြစ်လျှင်...

ကျီရွှမ်သည် ထို့သို့သော ကမ္ဘာကြီးဖြစ်လာကြောင်း သေချာစေရန် အရာအားလုံးပြုလုပ်နိုင်သည်။

စွမ်းအားကြီးတစ္ဆေများနှင့် မကောင်းဆိုးဝါးများ ကင်းစင်နေပြီး ဂိမ်းဟူသည်မရှိ၊ သေဆုံးခြင်းမရှိ၊ ဝမ်းနည်းခြင်း နှင့် နာကျင်မှုမရှိသော ငြိမ်းချမ်းသောကမ္ဘာတစ်ခု။

၄င်းတွင် နွေးထွေးမှုနှင့် ငြိမ်းချမ်းမှုများသာ ရှိပြီး အမြဲထာဝရ တည်ရှိနေလိမ့်မည်ဖြစ်သည်။

ယဲ့ကျားက ဤအကျင့်သိက္ခာရှိပြီး နူးညံ့သိမ်မွေ့သည့်ဇနီးကို ငြီးငွေ့လာပါက သူသည်လည်း သူ၏အကြိုက်နှင့် ပိုမိုလိုက်လျောညီထွေရှိသော အခြားအသွင်အပြင်သို့ ပြောင်းလဲပေးနိုင်သည်။ကျား၊မ စရိုက် မည်သို့ပင်ဖြစ်စေ အရေးမကြီးပါပေ။ သူက တစ်ဖက်လူ၏စိတ်ကူးထဲမှ လက်တွဲဖော်အဖြစ် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပေးမည်။

မှန်ဝိဥာဥ်က သူ့ရှေ့မှ အမျိုးသားကိုကြည့်နေမိသည်။ သူ့နှလုံးသားထဲမှနေ၍ ထိတ်လန့်မှုတစ်ခု တိုးထွက်လာသည်။

အခြားသူများ၏ နှလုံးသားကို ဖတ်ရှုနိုင်သည့် မကောင်းဆိုးဝါးတစ်ကောင်အနေဖြင့် ဤလူ၏နှလုံးသားကို တိုက်ရိုက်ဖတ်နိုင်ရန် လုံလောက်သည့် အစွမ်းမရှိသော်လည်း သူသည် စိတ်ခံစားမှုများအား အာရုံခံစားနိုင်သေးသည် ။

ဤလူမှာ တစ်ခါမှ မကြုံဖူးသော ကြောက်စရာကောင်းသည့် မကောင်းဆိူးဝါးတစ်ကောင်ဖြစ်ကြောင်း သူ၏ဗီဇက ပြောပြနေသည်။

သူ၏ စွမ်းအားပင်ဖြစ်စေ သူ့ဝိညာဉ်ပင် ဖြစ်စေ။

ယင်းက စွဲလမ်းမှုများနှင့် ဖွဲ့စည်းထားသော ချောက်နက်ကြီးတစ်ခုကဲ့သို့ပင်။ မှောင်မိုက်၊ ဆိုးညစ်ပြီး အဆုံးမရှိပေ။ သူ၏ရည်မှန်းချက် အောင်မြင်သည်အထိ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။

သူချစ်ရသူမှာ သူမုန်းရသူနီးနီး ဒုက္ခရောက်ပေလိမ့်မည်။

သူ တုန်လှုပ်သွားရသည်။ ဤလူ၏မျက်လုံးများကို ကြည့်ကာ ပထဆုံးအကြိမ်အနေဖြင့် စာနာမိသွားသည်။

ဘယ်လောက်တောင် ကံဆိုးလိုက်လဲ

ကျီရွှမ်က သက်ပြင်းတစ်ချက်ချလိုက်ကာ “သနားစရာပဲ….”

မှန်ဝိဥာဥ်က အနည်းငယ် တုန်လှုပ်သွားပြီး "ဘာ..ဘာကို စိတ်ပူနေတာလဲ"

“သူက ငါ့ကို ဒီလိုမျိုး ထပ်မလုပ်ဖို့ သတိပေးထားတယ်။”

ကျီရွှမ်၏ မျက်လုံးများတွင် စိတ်ပျက်နေသော အကြည့်များ ပေါ်လာသည်။ မနှစ်မြို့ဖွယ်အမှတ်တရအချို့ကို ပြန်သတိရနေပုံရသဖြင့် သူ့မျက်ခုံးများ တဖြည်းဖြည်း တွန့်ချိုးလာသည်။

သူတို့နှစ်ယောက် ထာဝရလက်တွဲရစေရန် သူ၏နောက်ဆုံးကြိုးစားမှုနောက်မှ အကျိုးဆက်ကို သူ မှတ်မိနေသေးသည်။

တစ်ဖက်လူက ကြောက်လန့်နေရုံတင်မကဘဲ သူကိုယ်တိုင် ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့ရသည်။

ယင်းက နာကျင်စရာသင်ခန်းစာတစ်ခုပင်။

ကျီရွှမ်က ဝမ်းနည်းစွာဖြင့် မှန်ဝိဥာဥ်အား လွှတ်ပေးလိုက်သည်။ ရောင်စုံပုံစံများဖြင့် လေထဲတွင် ပျောက်ကွယ်သွားသော ၎င်း၏ တောက်ပသည့် ခန္ဓာကိုယ်အား သူကြည့်နေမိသည်။

သူက တိုးဖွစွာ ပြောလိုက်သည်။

“ဒါဆို ဒီတစ်ခါတော့ ရာနှုန်းပြည့် သေချာရမယ်”

......

ယဲ့ကျားက မနက်စာကို လျင်မြန်စွာပင် စားပြီးလာခဲ့သည်။

ဤ 'ဇနီး' ၏ ကိုယ်ရည်ကိုယ်သွေးမှာ အနည်းငယ် ထူးဆန်းပြီး သူ့အပေါ် အလွန်စွဲလမ်းနေသော်လည်း သူမ၏ ချက်ပြုတ်မှုက ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။ယဲ့ကျား၏ အကြိုက်များနှင့် ကွက်တိကျလုနီးပါး ဖြစ်နေသည်။ မှန်ဝိဥာဥ်က မျှော်လင့်ထားသည့်အတိုင်း ဤသို့သောအိမ်ထောင်ဖက်ကို သူ့အတွက် ရွေးချယ်ပေးခဲ့သည်။

ထမင်းစားပြီးသည်နှင့် သူ့ဖုန်းမြည်လာသည်။

ဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် ဖုန်း၏ တစ်ဖက်စွန်းမှ ချန်စဲကျစ်၏ အသံကထွက်ပေါ်လာသည်။

“အစ်ကိုယဲ့၊ ဘာလို့ မလာသေးတာလဲ အကြီးအကဲလျှိုက ထပ်ပြီး ဒေါသ ထွက်နေလိမ့်မယ်”

ယဲ့ကျား အံ့အားသင့်သွားပြီး

"....လျှိုကျောက်ချန်လား''

''ဟုတ်တယ်လေ''

ယဲ့ကျား ခဏတုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်။

"ငါ အဲ့ဒီကို မကြာခင်ရောက်တော့မယ်"

မှန်ဝိဥာဥ်က သူ၏ 'မိသားစု' တွင် ပုန်းမနေသောကြောင့် ၎င်းအစား သူ့အလုပ်ပတ်ဝန်းကျင်တွင် ပုန်းနေနိုင်သည်။

ယဲ့ကျားက ချန်စဲကျစ်ထံမှ လိပ်စာ တောင်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကုမ္ပဏီ၏လိပ်စာသည် လက်တွေ့လောကမှ သဘာဝလွန်ဆိုင်ရာကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရိုနှင့် အတူတူပင်။

သူက လက်တွေ့ဘဝမှတည်နေရာအတိုင်း အငှားကားစီးကာ ရင်းနှီးနေသော ဗျူရိုထံသို့ ရောက်လာခဲ့သည်။

အလားတူစွာပင် 'Recycling Clean Energy' ဟူသော ဆိုင်းဘုတ်ကို တံခါးတွင် ချိတ်ဆွဲထားသည်။ သန့်စင်ထားသော မှန်တံခါးမှတစ်ဆင့် အတွင်းပိုင်းအပြင်အဆင်နှင့် ပရိဘောဂများမှာ လက်တွေ့နှင့် လုံးဝကွဲပြားသည်ကို မြင်တွေ့နိုင်သည်။

၄င်းသည် လျှို့ဝှက်အစိုးရဌာန မဟုတ်တော့ ပေ။ ယင်းအစား ၎င်းက လုပ်ငန်းလိုင်စင်ရှိသော ပုဂ္ဂလိကလုပ်ငန်းဖြစ်နေသည်။

ယဲ့ကျား၏ အကြည့်မှာ ထိုဆိုင်းဘုတ်ပေါ်တွင် တခဏမျှ ကြာသွားသည်။ သူ့ခြေလှမ်းများ ရပ်သွားကာ မှန်တံခါးကို တွန်းဖွင့်ရန် လက်လှမ်းလိုက်သည်။

ကုမ္ပဏီထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ကျိန်စာမိုးရွာကာ နှုတ်ဆက်ခံလိုက်ရသည်။

လျှိုကျောက်ချန်၏မျက်နှာမှာ ဒေါသကြောင့်နီမြန်းနေပြီး သူ၏ပြောင်နေသောခေါင်းက ခါတိုင်းထက်ပိုမိုတောက်ပနေသည်။ နံရံပေါ်ရှိ အချိန်ဇယားကို သူညွှန်ပြလိုက်သည်။

"ယဲ့ကျား၊ ဒီလ ဘယ်နှစ်ခါ နောက်ကျခဲ့လဲဆိုတာ ကြည့်လိုက်ဦး မင်းရဲ့နှစ်ကုန်ဘောနပ်စ်ကို မလိုချင်တော့ဘူးလား"

ယဲ့ကျား ''....''

သူက တစ်ဖက်လူ၏ တံတွေးများနှင့် မထိမိစေရန် တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။

ခနနေပါဦး

သူက ပုံရိပ်ယောင်လောကထဲမှာ မဟုတ်ဘူးလား။

ယုတ္တိကျကျပြောရလျှင် သူ၏ကိုယ်ပိုင်ဇာတ်ကောင်အရ အထက်လူကြီးမှနှစ်သက်ပြီး သူ၏လုပ်ဖော်ကိုင်ဖက်များကလည်း သဘောကျသည့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်သင့်သည်မဟုတ်လား။ နှစ်ကုန် ဘောနပ်စ်ကို မပြောနှင့် သူ့အား ရာထူးတိုးခြင်းနှင့် လစာတိုးပေးခြင်းများပင် ပြုလုပ်ပေးသင့်သည်မဟုတ်ပါလား။

သူက ဘာလို့ အခြေခံဝန်ထမ်းအဖြစ်ပဲ ရှိနေရသေးတာလဲ။

ယဲ့ကျားက ဤမှန်ဝိဥာဥ်၏စွမ်းရည်ကို လေးလေးနက်နက် မေးခွန်းထုတ်လိုက်မိသည်။


ကုမ္ပဏီရှိလူအားလုံးကို စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် ယဲ့ကျားတစ်ယောက် မှန်ဝိဥာဥ်က ဤနေရာတွင်လည်း ပုန်းမနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခု လွဲချော်နေသလားဟုပင်  သိချင်နေမိသည်။

မကြာခင်၌ အလုပ်ဆင်းချိန်သို့ ရောက်လာခဲ့သည်။

ယဲ့ကျားက ချန်စဲကျစ်၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပြီး အိမ်ကို သူ့ကိုယ်သူ ဘတ်စ်ကားစီးပြန်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်တွင် လှပသော နှင်းဆီနီရောင်ဆည်းဆာက ခြယ်မှုန်းထားပြီး လူများသည် အရှိန်အဟုန်ဖြင့် ဖြတ်ကျော်ကာ သူတို့၏ဦးတည်ရာသို့ သွားနေကြသည်။ ဆူညံသံများအားလုံးက ဟင်းသီးဟင်းရွက်ဈေးကဲ့သို့ အသက်ဝင်နေပုံရသည်။

ယဲ့ကျားက သူ့ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေသည်။ အပြင်ဘက်နေရောင်က သူ့မျက်နှာတစ်ဖက်ကို နီရဲနေစေသည်။သူ့မျက်လုံးတွေကို ထိလိုက်သည်နှင့် ယင်းက သူ၏တောက်ပသည့်မျက်လုံးများအား ကြည့်ကောင်းသည့်ခရမ်းရောင် အလွှာဖြင့် ဖုံးအုပ်ထားသည်။

သူက အကြည့်များကို ပြန်ရုတ်ကာ သူ၏ထိုင်ခုံအား ကျောမှီ၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။

အိမ်ပြန်ရောက်သောအခါ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။ နက်ပြာရောင်နှင့် ရွှေအိုရောင်တို့သည် မိုးကုတ်စက်ဝိုင်းတွင် ပေါင်းစပ်သွားကြသည်။

ယဲ့ကျားက သော့ကို ထုတ်ပြီး တံခါးအား ဖွင့်လိုက်သည်။

ပြင်းပြသည့် အစားအသောက်နံ့များ ထွက်လာသည်။ဧည့်ခန်း အပြင်ဘက်တွင် အနည်းငယ် လင်းနေသေးသည်။ မီးဖိုချောင်မှ ဟင်းချက်သံများကို ဆူညံစွာ ကြားနေရသည်။သူ၏ အိမ်နေရာသည် နေ့စဉ်ဘဝ၏ သာမန်အသံများဖြင့် ပြည့်နှက်နေသည်။

ယဲ့ကျားက စင်္ကြံတွင် မိန်းမောပြီး အေးခဲစွာရပ်နေမိသည်။

နောက်တစ်စက္ကန့်တွင် မီးဖိုချောင်တံခါးပွင့်လာပြီး သူ့ဇနီးက အစာအစာများ သယ်ကာ ထွက်လာသည်။ တံခါးဝတွင် ယဲ့ကျား ရပ်နေသည်ကိုတွေ့ရာ သူမ အနည်းငယ် အံ့သြသွားသည်။

"ဒီနေ့ အစောကြီး ပြန်လာတာလား"

သူမက သက်တောင့်သက်သာရှိသောအ၀တ်အစားများကို ပြောင်းဝတ်ထားပြီး သူမ၏ခါးတွင် ပတ်ထားသော ခါးစည်းကြိုးအပြင် ကလေးဆန်သော အဝါရောင် ဘဲပုံ မီးဖိုချောင်သုံး လက်အိတ်တစ်ရံကိုလည်း သူမ၏လက်တွင် ဝတ်ဆင်ထားသည်။

သူ့ဇနီးက စားစရာများကို ချပြီး အခြားတစ်ခုကို လှမ်းပေးကာဖြင့်

“ အမေ့ကို သွားပေးလိုက်ဦး”

ယဲ့ကျားက လက်ခံရန်ပြင်လိုက်သော်လည်း တစ်ဖက်လူက ရှောင်လိုက်သည်။

သူ့ဇနီးက သူ့ကိုစိုက်ကြည့်ကာ
''အပူလောင်မှာမကြောက်ဘူးလား လက်အိတ်ဝတ်ဦးလေ''

ယဲ့ကျားသည် ခဏမျှ နှုတ်ဆိတ်သွားပြီး “အိုး….”

ငါးမိနစ်အကြာတွင် ယဲ့ကျားက အဝါရောင် ဘဲပုံ မီးဖိုချောင်သုံး လက်အိတ်ကို ဝတ်ထားပြီး စားစရာအား သူ့အမေ၏ အခန်းသို့ ယူဆောင်လာခဲ့သည်။

သူက ညစာစားရန်ဖိတ်ခေါ်နေသည့် တစ်ဖက်လူ၏ နွေးထွေးသော ဖိတ်ခေါ်မှုကို ခက်ခက်ခဲခဲ ငြင်းဆန်ခဲ့ပြီး သူ့အမေက သူ့ကို အတင်းပေးလိုက်သည့် ဟင်းသီးဟင်းရွက်ကြော် ပန်းကန်အသစ်နှင့်အတူ အိမ်ပြန်လာခဲ့သည်။

သူ့ဇနီးက သူမ၏ ရှေ့ဖုံးခါးစည်းကို ချွတ်ထားသည်။

ထမင်းစားသည့်စားပွဲအား အကွက်ဖော်ထားသော စားပွဲခင်းဖြင့် ဖုံးအုပ်ထားပြီး အိမ်ချက်ဟင်းလျာများနှင့် ပြည့်နေသည်။ မီးများအားလုံးကို ဖွင့်ထားသောကြောင့် ထိုမြင်ကွင်းသည် ပြီးပြည့်စုံသော စိတ်ကူးယဉ်အိပ်မက်တစ်ခုကဲ့သို့ ဖြစ်စေသည်။

သူမရောက်လာပြီး ယဲ့ကျားထံမှ ဟင်းပန်းကန်ကို လက်ခံရယူပြီး ရှေ့သို့ ကိုင်းလာ၏။

ယဲ့ကျား ရှောင်ရန်ကြိုးစားသော်လည်း လုံးလုံးမလွတ်မြောက်နိုင်ပေ။

အေးမြသော အနမ်းတစ်ခုက သူ့နှုတ်ခမ်းထောင့်သို့ ကျဆင်းသွားသည်။

နှစ်ယောက်သား အလွန်နီးကပ်နေကြသည်။ယဲ့ကျားက သူမထံမှ သင်းပျံ့သော ဟင်းရနံ့များကို ရနေသည်။

သူ့ဇနီးက ပြုံးပြကာ နောက်သို့ပြန်ခွာလိုက်သည်။

"မြန်မြန်စားရအောင်”

ယဲ့ကျားက မျက်လွှာချပြီး ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။

တိတ်ဆိတ်ငြိမ်သက်သော ထမင်းစားခန်းထဲတွင် ပန်းကန်များနှင့် အသုံးအဆောင်များ ထိခတ်သံကိုသာ ကြားနေရသည်။

သူ့ဇနီးက ထုံးစံအတိုင်း နေ့ခင်းဘက်တွင် ဖြစ်ပျက်ခဲ့သည့် ရယ်စရာဟာသများအား ပြောပြနေခဲ့သည်။

ယဲ့ကျားက ငြိမ်သက်စွာ နားထောင်နေသည်။ သူ့မျက်နှာ၌ မည်သည့်အမူအရာမှမရှိသော်လည်း သူ့မျက်လုံးများက တောက်ပနေသည်။

ထမင်းစားပြီးနောက် ပန်းကန်များကို ဆေးကြောရန် စတင်လုပ်ဆောင်ခဲ့သည်။

ညမိုးချုပ်လာသည်နှင့်အမျှ အပြင်ဘက် ကောင်းကင်ကြီးသည် ပို၍ မှောင်လာသည်။

အမှောင်ခန်းထဲတွင် ကျီရွှမ်က သူ့ရင်ခွင်ထဲ၌ အိပ်ပျော်နေသော လူငယ်လေးကို ငုံ့ကြည့်နေသည်။သူက ခေါင်းငုံ့ပြီး သူ၏ အေးစက်နေသော နှုတ်ခမ်းများနှင့် တစ်ဖက်သား၏ ပျော့ပျောင်းသည့် ဆံသားများသို့ ဖိကပ်လိုက်သည်။ တိတ်ဆိတ်နေသော အခန်းထဲတွင် သူ၏ ခပ်နိမ့်နိမ့်အသံက ထွက်ပေါ်လာသည်။

'' ကောကော ဒါကမင်းလိုချင်တာလား''

သူ့မေးခွန်းကို မည်သူကမှ ပြန်မဖြေခဲ့ပေ။

လူငယ်လေးမှာ မျက်လုံးများကိုမှိတ်ထားပြီး ရှည်လျားသော မျက်တောင်များက ဖြာကျနေသည်။ အိပ်ပျော်နေချိန်၌ပင် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် အိပ်ပျော်နေသကဲ့သို့ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေသေးသည်။

သုံးရက်မြောက်သောနေ့သည် ငြိမ်သက်တိတ်ဆိတ်စွာရောက်ရှိလာသည်။

အရာအားလုံးက အရင်နေ့များနှင့် အတူတူပင်။

ယဲ့ကျားက အိပ်ယာထပြီး အဝတ်အစားလဲကာ အလုပ်သို့သွားသည်။

သူကုမ္ပဏီသို့ အချိန်မီရောက်သွားပြီး လျှိုကျောက်ချန်က အနည်းငယ် အံ့သြနေသည်။ အချိန်မီရောက်မည်ကို သူမျှော်လင့်ထားပုံမပေါ်ပေ။

ဤနေ့တွင် ယဲ့ကျားက ဤကမ္ဘာ၌ ကျီရွှမ်အား တွေ့လိုက်သည်။

ဤပြီးပြည့်စုံသောကမ္ဘာတွင် ကျီရွှမ်က သူ၏တက္ကသိုလ်မှ ဂျူနီယာဖြစ်သည်။သူနှင့် မတွေ့ရသည်မှာ နှစ်အတော်ကြာပြီးနောက် တစ်ဖက်လူမှာ ပြိုင်ဘက်ကုမ္ပဏီ၏CEO ဖြစ်ကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရသည်။

အမျိုးသား၏ နက်မှောင်သော မျက်လုံးများက အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။ မြင့်မားသော ခြေတံရှည်များက သူ့ဆီသို့ ရောက်ရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။ ထိုသူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခုရှိနေသည်။

''စီနီယာ ဒီမှာလာဆုံမယ်လို့ မမျှော်လင့်ထားဘူး''

သူ့မျက်လုံးတွေက ရှင်းလင်းနေသည်။ထိုမျက်လုံးများတွင် ကြက်သီးထလောက်သည့် မှောင်မိုက်သော အရိပ်အမြွက်များအား တစ်ခုပင်မတွေ့ရပေ။ယဲ့ကျား၏ မှတ်ဉာဏ်ထဲမှ သူ့ကို ကောကောဟုခေါ်ကာ သူ၏ အဝတ်အစားထောင့်များကို ဆွဲထားတတ်သော ကလေးငယ်ကဲ့သို့ပင်။

သူက ဖိတ်ခေါ်လာသည်။

''ဒီည ညစာအတူ စားကြရအောင်လား''

ယဲ့ကျားသည် တစ်ဖက်လူကို စေ့စပ်စွာ ကြည့်လိုက်သည်။သူ့ရှေ့ရှိ ဤလူသည် စိတ်အပြောင်းအလဲလွယ်သော မကောင်းဆိုးဝါးဘုရင်နှင့် မည်သို့မျှ မဆိုင်ကြောင်း အတည်ပြုပြီးနောက် သူက ပြုံးပြီး တစ်ဖက်လူ၏ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်သည်။

"တောင်းပန်ပါတယ် ဒီည အိမ်ပြန်ရမှာ''

မကြာမီပင် အလုပ်ဆင်းချိန်သို့ ရောက်လာသည်။

ယဲ့ကျားက ကုမ္ပဏီမှ ထွက်ခွာပြီး ဘတ်စ်ကားဖြင့် အိမ်ကို ပြန်လာခဲ့သည်။

သူ့ဇနီးက သူ့ကို ပြုံးပြုံးလေး နှုတ်ဆက်သည်။ သူမက သူ၏ ပုခုံးများကို လက်နှစ်ဖက်နဲ့ ပွေ့ဖက်ပြီး "ယောက်ျား ပြန်လာပြီလား"

ယဲ့ကျားက ဤတစ်ကြိမ်၌ မရှောင်ခဲ့ပေ။ တစ်ဖက်သားကို နမ်းခွင့်ပေးလိုက်သည်။။

ဇနီးဖြစ်သူ၏ နှုတ်ခမ်းပေါ်မှ အပြုံးမှာ နက်ရှိုင်းလာသည်။

သူမက ကုလားထိုင်ကို ဆွဲထုတ်ပြီး စင်္ကြံတွင် ရပ်နေဆဲဖြစ်သည့် ယဲ့ကျားအား လှည့်ကာ မေးလိုက်သည်။

“ထမင်းစားတော့မယ်မလား''

ယဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်လိုက်သည်။

''မစားဘူး'' သူကပြောလိုက်သည်။

ဇနီးသည်၏မျက်လုံးထဲတွင် အနီရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ သူမက ခေါင်းကို ငုံ့ထားသော်လည်း နှုတ်ခမ်းပေါ်ရှိ အပြုံးမှာ ပြီးပြည့်စုံနေသေးသည်။

''ဘာဖြစ်လို့လဲ ဒီနေ့ဗိုက်မဆာသေးဘူးလား''

ယဲ့ကျားက သူမအား မျက်လုံးပင့်ကာ ကြည့်လိုက်သည်။

သူ၏မျက်လုံးတွေက ပေါ့ပါးပြီး အေးစက်နေသည်။ လူသားများ၏ စိတ်ခံစားမှုအားလုံးကို ဖြတ်တောက်ပစ်လိုက်သကဲ့သို့ပင်။ သူ့မျက်လုံးထဲ၌ နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး အရာအားလုံးကို လျစ်လျူရှုကာ အဝေးတွင်ရှိနေသကဲ့သို့ပင်။

ယဲ့ကျားက တစ်ဖက်လူကို တိုက်ရိုက်ကြည့်နေသည့်ပုံပေါက်သော်လည်း သူ့ရှေ့ရှိ အမျိုးသမီးကို မမြင်ရဘဲ သူ့ရှေ့က လွတ်နေသောနေရာတစ်ခုကို စိုက်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

သူ၏မျက်လုံးများက တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းကာ အဝေးတစ်နေရာသို့ ဦးတည်နေသည်။

သူ့အသံက တိုးညင်းပြီး သူ့ကိုယ်သူ ပြောနေသကဲ့သို့ မပီပြင်မသဲကွဲစွာ ထွက်လာသည်။

''...လုံလောက်ပြီ''

သူ့လက်ဖဝါးမှ အနက်ရောင် တံစဥ်းကြီး ပေါ်လာသည်။ စူးရှပြီး အေးစက်သော အလင်းရောင်သည် အခန်းကျဉ်းလေးထဲတွင် လင်းလက်သွားသည်။

ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းကဲ့သို့ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ နက်နဲသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအင်များ ပျံ့နှံ့လာသည်။

တစ်စက်၊ နှစ်စက်၊ သုံးစက်။

သွေးများ မြေပြင်ပေါ်သို့ ကျလာသည်။

ယဲ့ကျား၏ခြေဖဝါးအောက်ရှိ ရဲရဲနီနေသော သွေးများက တုန်လှုပ်ချောက်ချားဖွယ် ပျံ့နှံ့သွားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး မြင်ကွင်းတစ်ခုအဖြစ် မြေပြင်တွင် အဆုံးသတ်သွားကြသည်။ အပူချိန် လျင်မြန်စွာ ကျဆင်းလာပြီး အေးစက်မှုက သူ့ရှေ့မှ ကမ္ဘာကြီးကို ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ရေခဲနှင့် နှင်းခဲများထဲသို့ စိမ့်ဝင်နေသော လေထုထဲ၌ ရေခိုးရေငွေ့သံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

ကျီရွှမ်၏ အကြည့်များက ပြောင်းလဲသွားသည်။

ဤသည်မှာ တစ္ဆေပိုင်နက်တစ်ခုဖြစ်သည်။

တစ်ဖက်လူမှာ ဤအကြိမ်၌ အလွန်လေးနက်နေသည်။

ထို့အပြင် အေ့စ်အလေးအနက် ထားခဲ့သည့် တစ္ဆေ ပိုင်နက်မှာ သူကိုယ်တိုင်ပင် ရင်ဆိုင်ချင်စိတ်မရှိသော အရာဖြစ်သည်။

အမှန်တွင် ယင်းက မည်မျှကြောက်စရာကောင်းကြောင်း ဤလောကရှိ မည်သူကမျှ သူ့ထက်ပို၍ မသိနိုင်ပေ။

ယဲ့ကျားက သွေးမလွှမ်းဘဲကျန်နေသည့် နေရာလွတ်အား သူ့မျက်လုံးများဖြင့် ပင့်ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်များအား တွန့်ချိုးကာ နွေးထွေးမှုမရှိသည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက ဖြည်းညင်းစွာ တိုးတိုးလေးပြောလိုက်သည်။

''မင်းဆက်ပြီးပုန်းနေဦးမှာလား မင်းပုန်းစရာနေရာတောင်မရှိတော့မှ ငါ့ကိုအပြစ်မတင်နဲ့နော်''

Xxxx