အပိုင်း ၃၃
Viewers 10k


Chapter 33




ကျီရွှမ်က မှန်ဝိဥာဥ် ဖန်တီးထားသော လှည့်စားမှုမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

သူ့ပတ်ဝန်းကျင်မှ မြင်ကွင်းက မျက်လုံးမမှိတ်လိုက်မှီကနှင့် အတူတူပင်။

အမှောင်စွမ်းအင်များက အခန်းတစ်ခုလုံးကို တင်းကြပ်နေသည်အထိ ဖြန့်ကျက်ထားပြီး အားနည်းသောလူသားနှစ်ဦးက ကြောက်လန့်တကြားဖြင့် နံရံတွင်ပူးကပ်နေကာ သေခြင်းတရားရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း မျက်နှာများ ဖြူဖျော့ပျက်ယွင်းနေကြသည်။

(မစောပိုင်းက ဇနီးသည်နဲ့ အလုပ်သွားအလုပ်ပြန်အားလုံးက ပုံရိပ်ယောင်ကမ္ဘာနော်)

ကျီရွှမ်က မျက်လွှာချကာ သူ့ရင်ခွင်၌ လဲလျောင်းနေသော ယဲ့ကျားကို ငုံ့ကြည့်လိုက်သည်။

လူငယ်လေး၏ဦးခေါင်းက သူ့ပခုံးအား မှီလျက်ရှိပြီး နက်မှောင်ကာ ချောမွေ့သော ဆံပင်များမှာ သူ၏ခေါင်းစွပ်အောက်မှ တစ်စွန်းတစ်စ ထွက်နေသည်။ သူ၏ မေးစေ့ထိပ်ဖျားက ဖြူဖျော့နေပြီး နူးညံ့သိမ်မွေ့ကာ သတိလစ်နေချိန်၌ပင် လှပသည့် နှုတ်ခမ်းသားများကို တင်းတင်းစေ့ထားလျက် အေးစက်စက်နှင့် လက်လှမ်းအမှီသည့်ပုံရနေသည်။

ကျီရွှမ်က နောင်တသက်ပြင်းအား တိတ်တဆိတ် ရှူထုတ်လိုက်သည်။

မှန်ဝိဥာဥ် ဖန်တီးထားသော ပုံရိပ်ယောင် လောကအတွင်းမှ အချိန်စီးဆင်းမှုသည် လက်တွေ့ဘဝနှင့် ကွဲပြား၏။သူတို့က ထင်ယောင်ထင်မှားတွင် သုံးရက်ပြည့်အောင် နေခဲ့ကြသော်လည်း လက်တွေ့ကမ္ဘာတွင် မိနစ်အနည်းငယ်သာ ကုန်ဆုံးသေးသည်။

ထို့အတွက်ကြောင့် တစ်ဖက်လူအနေဖြင့် မကြာမီ နိုးထလာသင့်သည်။

ကျီရွှမ်က ခေါင်းငုံ့လိုက်လျှင် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော မှန်ကွဲစများထံ အကြည့်ရောက်သွားသည်။ မှိန်ဖျော့ဖျော့ဖျော့ အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲမှ အနက်ရှိုင်းဆုံးနေရာထိ တစ်ချက် ဖြတ်ပြေးသွားသည်။

ကြည့်ရတာ ကောကောက အဲဒီ့ပြီးပြည့်စုံတဲ့ကမ္ဘာ အစီအစဥ်ကို တော်တော်လေး မကြိုက်တဲ့ပုံပဲ။

သို့သော်လည်း အရေးမကြီးပေ။သူ့တွင် အချိန်များစွာရှိသည်။ အနှေးနှင့်အမြန်ပင် သူတို့နှစ်ဦးပိုင်ဆိုင်သော ပြီးပြည့်စုံသည့်အဆုံးသတ်အား သူကိုယ်တိုင် ဖန်တီးနိုင်သည်။

ကျီရွှမ်က နှုတ်ခမ်းထောင့်များကို ကွေးသွားပြီး အိပ်ပျော်နေသည့် လူငယ်လေး၏ နဖူးပေါ်သို့ ငြင်သာစွာ နမ်းလိုက်သည်။

သူက ယဲ့ကျားကို မြေပြင်ပေါ်ပြန်လှဲချလိုက်ပြီး မတ်တပ်ထရပ်ကာ ကြောက်လန့်နေကြသည့် လူသားနှစ်ယောက်ထံသို့ လျှောက်သွားသည်။

သုန့်ကွာမှာ အလွန်အမင်း တုန်လှုပ်သွားပြီး နောက်ဆုတ်လိုက်သော်လည်း သူ့ကျောက နံရံနှင့် တင်းတင်းကြပ်ကြပ် ဖိကပ်မိပြီး ဖြစ်နေသည်။ သူနောက်ဆုတ်ရန် နေရာမရှိတော့ပေ။

သူ့မျက်နှာက စက္ကူကဲ့သို့ဖြူဖျော့နေသည်။ အမျိုးသားက သူ့အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်ကို ကြည့်နေရသည်။ တစ်ဖက်လူ၏ ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုများကြောင့် သူ့အတွက် အသက်ရှူဖို့ရာပင် မတတ်နိုင်တော့ချေ။

သွားပြီ ... ပြီးသွားပြီ... ပြီးဆုံးသွားပြီပဲ။

သုန့်ကွာတစ်ယောက် သူ့နှလုံးသားထဲမှ အော်ဟစ်နေသည်။

သို့သော် မထင်မှတ်ပဲ တစ်ဖက်လူက သူနှင့် ခြေတစ်လှမ်းလောက်အကွာတွင် ရပ်တန့်သွားသည်။

ကျီရွှမ်က သူ့ရှေ့မှ သနားစရာကောင်းပြီး အားနည်းသော လူသားနှစ်ယောက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"သနားစရာပဲ ငါမင်းကို ဒီမှာသတ်လိုက်ရင် ငါဒီမှာရှိနေတဲ့အကြောင်း သူသိသွားလိမ့်မယ်"

နှစ်ယောက်သား အသံ စိုးစဥ်းမျှ မထွက်ရဲကြပေ။ သူတို့က သူတို့အတွက် နောက်ဆုံးစီရင်ချက်ကို စောင့်မျှော်လျက် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ကျီရွှမ်က အပြုံးမဟုတ်သည့် အပြုံးနှင့် မေးလိုက်သည်။

"ဒါကြောင့် မင်းတို့က ငါ့အတွက် လျှို့ဝှက်ပေးထားမယ် မလား"

သုန့်ကွာက အနည်းငယ် အသက်ရှူသွင်းလိုက်သည်။ ရေနစ်နေသည့်လူက သူ့အသက်ကို စောင်မဖို့ရာ တစ်ခုခုကို ဆုပ်ကိုင်ထားသလိုပင်။ သူက ကတိပေးလိုက်သည်။

“ငါ…. ငါ ကတိပေးတယ်၊ ငါ စကားတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး... ဘာမှ မပြောပါဘူး"

အခြား ပိန်ရှည်ရှည်လူကလည်း လျင်မြန်စွာ ကျိန်ဆိုလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူတို့အသံများရုတ် တရက် ရပ်သွားသည်။

၄င်းက ကျမ်းကျိန်လိုက်သကဲ့သို့ပင်။ ထူးဆန်းသော ခံစားမှုတစ်ခုက သူတို့အပေါ် လွှမ်းမိုးသွားသည်။သူတို့ အလိုအလျောက်ပင် သဘောပေါက်လိုက်သည်။ ဤကျိန်ဆိုချက်ကို ဖောက်ဖျက်ပါက အလွန်ကြောက်စရာကောင်းသော အရာတစ်ခု ကျရောက်လိမ့်မည်။

နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။မျက်လုံးချင်းဆုံလိုက်သည်နှင့် ယင်းက ၎င်းတို့၏စိတ်ကူးယဉ်သက်သက်မဟုတ်ကြောင်း ချက်ချင်းသဘောပေါက်လုနီးပါးပင်။

ကျီရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့်…..”
သူက ရုတ်တရက် တစ်ခုခုကို တွေးနေပုံရပြီးနောက် ဆက်ပြောသည် ။

သူက အနည်းငယ်သံရှည်ဆွဲသောလေသံဖြင့် နီမြန်းသည့်မျက်လုံးများဖြင့် တစ်ဖက်လှည့်လာကာ ပိန်ပိန်ရှည်ရှည်လူအား ကြည့်လိုက်သည်။

"မင်းကတော့ မတူဘူး"

သွေးမှန်ထဲ၌ သူမြင်ခဲ့သော အရာများအား ပြန်သတိရလိုက်ရာ ကျီရွှမ်၏ ပတ်ပတ်လည်တွင် သွေးများက တဖြည်းဖြည်း များပြားလာပြီး ဖုံးလွှမ်းသွားသည်။

သူ၏အမူအရာက သိပ်မပြောင်းလဲသွားသော်လည်း သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုနှင့် ဒေါသများ ပြည့်နေသော အကြည့်က တစ်စုံတစ်ယောက်ကို အလိုလို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။

သူက လက်ညိုးထိုးပြလိုက်သည်။

နီမြန်းသော အလင်းတန်းတစ်ခု လင်းလက်လာပြီး ပိန်ပိန်ရှည်ရှည် လူပေါ်သို့ ကျရောက်သွားသည်။ ယင်း၌ ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးအထိ ထိုးကျသွားသည်။

——!!!

ပိန်ရှည်ရှည်လူက ရုတ်တရက် မျက်လုံးပြူးသွားသည်။ သူ၏ မသဲကွဲသောမျက်လုံးများ၌ သွေးများထွက်နေပြီး ရုပ်ဆိုးသောမျက်နှာက ထူးဆန်း၍နေကာ ကြောက်ရွံ့ထိတ်လန့်မှုနှင့်အတူ ပုံပျက်ပန်းပျက်ဖြစ်သွားသည်။

ကျီရွှမ်၏နှုတ်ခမ်းက ပြုံးနေသော်လည်း သူ့မျက်ဝန်းနက်နက်တို့တွင် အပြုံးရိပ်တစ်စွန်းတစ်ခုမျှမရှိပေ။

“ပျော်လိုက်ပါ...”

ပုံရိပ်ယောင်လောကထဲမှာပေါ့။

.....

လခြမ်းပုံသဏ္ဍာန် ဓားတစ်လက်က အောက်သို့ လွှဲယမ်းသွားပြီး တောက်ပသော အလင်းရောင်တစ်ချက်လက်သွားသည်။

လူငယ်လေးက တစ်လှမ်းပြီးတစ်လှမ်း တိုးလာကာ သူ့အောက်ရှိ နီမြန်းသောသွေးများကလည်း သူရွေ့လျားသည်နှင့်အမျှ ပျံ့နှံ့လာနေသည်။ သူ၏ တစ္ဆေပိုက်နက်ကို ထိမိသည့်အရာတိုင်းသည် ပြင်းထန်သော အက်ဆစ်ဖြင့် တိုက်စားခံရသကဲ့သို့ ဖြစ်သွားသည်။ သူတို့အားလုံး လျင်မြန်စွာ တွန့်လိမ်ကြေမွသွားပြီး အနက်ရောင် မီးခိုးလုံးများအဖြစ်သို့ ပြောင်းလဲကာ လေထဲသို့ လွင့်သွားကြသည်။

အထပ်များ၊ အဆောက်အဦများ၊ လမ်းများ၊ ပြီးနောက် ကောင်းကင်ကြီး ...

လွှမ်းမိုးခံလိုက်ရသည့် အရာအားလုံးက ကြောက်မက်ဖွယ်ကောင်းသော အမည်မသိ စွမ်းအားများဖြင့် ဖြိုခွဲခံရပုံပေါ်နေပြီး အေးစက်နေသော နေရာလွတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အမှောင်ထုနှင့် ရဲရဲနီနေသောအရာများ ရောနှောသည့် ဤနေရာတွင် အမျိုးသားငယ်၏ရုပ်သွင်မှာ ထက်ရှသောသဏ္ဌာန်တစ်ခုကဲ့သို့ဖြစ်နေပြီး ကမ္ဘာကြီးအား ပုံရိပ်ယောင်မှ အတင်းအကြပ်ခွဲထုတ်ပစ်လိုက်သည်။

ဓါးသွားသည် တောက်ပနေ၏။၎င်းမှာ ကြီးမားသော စက်ဝန်းပြတ်ပုံစံ ရွေ့လျားသွားပြီး ပျက်စီးခြင်းနှင့် စိတ်ကူးယဉ်ကမ္ဘာကြား နယ်နိမိတ်ကို ဖြတ်တောက်ပစ်လိုက်သည်။

အရာအားလုံးက ဆွေးမြေ့ပုပ်သိုးသွားသကဲ့သို့ လျင်မြန်စွာဖြင့် ပျောက်ကွယ်လုဆဲဆဲဖြစ်နေသည်။

ရုတ်တရက်ပင် တိုက်စားမခံရသေးသော ဧရိယာတွင် အပြောင်းအလဲတစ်ခုဖြစ်သွားသည်။

ချန်စဲကျစ်၊ လျိုကျောက်ချန်နှင့် ကျီရွှမ်တို့၏ ရင်းနှီးသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

"အစ်ကိုယဲ့လား မင်းဘာလုပ်နေတာလဲ"

ချန်စဲကျစ်က စိုးရိမ်စိတ်ဖြင့် သူ့ကိုကြည့်ကာ

"မင်းဘယ်သွားမလို့လဲ"

"ယဲ့ကျား အပြင်မှာ ဘာလုပ်နေတာလဲ"

လျှိုကျောက်ချန်က မျက်မှောင်ကြုတ်ကာ

"မနက်ဖြန် မင်းမှာ အလုပ်ရှိသေးတယ်နော်"

ကျီရွှမ်က ရှေ့သို့ ဖြည်းညင်းစွာ တိုးလာသည်။

သူ့အမူအရာက တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့နေကာ နက်မှောင်သော မျက်လုံးများတွင် စိုးရိမ်မှုတို့ဖြင့် လင်းလက်နေသည်။

သူကပြောသည်။

''စီနီယာ ငါတို့နောက်ဆုံးတွေ့ခဲ့တာ အတော်ကြာခဲ့ပြီနော် ငါတို့ရဲ့အရင်တုန်းက အချိန်တွေကို ပြန်သတိမရချင်တော့ဘူးလား''

''ငါတို့တွေ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ဖူးတယ်လေ''

ကျီရွှမ်က အနည်းငယ်ပြုံးလိုက်သည်။

''ငါဘယ်တော့မှ မင်းရဲ့ရန်သူ ဖြစ်လာတော့မှာ မဟုတ်ဘူး''

ယဲ့ကျား၏ အကြည့်များက ဤပုံရိပ်ယောင်အသွင်အပြင်များကို ဖြတ်ကျော်သွားခဲ့သည်။

သူ့နောက်မှ တဝေါဝေါဖြင့်လာနေသော သွေးများက မညှာမတာ ရှေ့သို့ဆက်တိုးလျက်ရှိသည်။

ထိုပုံရိပ်များသည်လည်း လျင်မြန်စွာ တိုက်စားခံလိုက်ရသည်။

''...ရှောင်ကျား''

ထိုအချိန်တွင် တိုးညင်းသောအသံတစ်ခု အခြားဦးတည်ရာမှ ထွက်ပေါ်လာသည်။

ယဲ့ကျား၏ မျက်လုံးများထဲမှ အကြည့်က အနည်းငယ် ယိမ်းယိုင်သွားသည်။ သူက အသံကြားရာသို့ လှည့်ကြည့်လိုက်သည်။

သူ့အမေက သူ့ကို အဝေးကနေ လှမ်းကြည့်​​​နေသည်။

သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများနှင့် သူမ၏ နားထင်ရှိ ဆံပင်ဖြူများ ပျောက်ကွယ်နေသည်။ အဝါရောင်ဖျော့ဖျော့ ၀တ်စုံကို ဝတ်ဆင်ထားပြီး သူမအကြိုက်ဆုံးပုလဲကို လည်ပင်းတစ်ဝိုက်တွင် ဆင်ယင်ထားကာ ဆံပင်ရှည်များကို ပိုနီတေးပုံစံ ခပ်မြင့်မြင့် စည်းနှောင်ထားသည်။ သူမပုံစံက အလွန်နုပျိုပြီး လှပနေသည်။

သူမက သိမ်မွေ့စွာ ပြုံးလိုက်သည်။

သူမကိုကြည့်ရသည်မှာ သူမမသေဆုံးခင်ညကအတိုင်းပင်။

ယဲ့ကျားက သူမအား ခံစားချက်ကင်းမဲ့စွ ကြည့်လိုက်သည်။ ဓားမြှောင်လက်ကိုင်နားတစ်ဝိုက်ရှိ သူ၏ လက်ချောင်းများမှာ အနည်းငယ်တင်းကြပ်လာသည်။

သူ့အမေက ညင်သာစွာပြုံးပြီး လက်ကို ဖြည်းညင်းစွာ ဆန့်လိုက်သည်။

"မင်း ငါတို့နဲ့ မနေချင်ဘူးလား"

သူမက နူးညံ့စွာ ပြောလာသည်။

“အမေနဲ့အတူနေပါ အမေ မင်းကို ဘယ်တော့မှ ထားမသွားတော့ဘူး"

ယဲ့ကျားက နေရာတွင် ငြိမ်သက်စွာ ရပ်နေသည်။ မုန်တိုင်းမတိုက်ခင် ကောင်းကင်တွင် လှိုင်းထန်နေသည့် တိမ်များကဲ့သို့ သူ့မျက်လုံးများ၏ နက်ရှိုင်းသောတစ်နေရာတွင် ခံစားချက်တစ်ခု လှည့်ပတ်နေသည်။

သူက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

“အရှက်မရှိဘူး”

ယဲ့ကျားက ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီး သူ့အသံမှာ တည်ငြိမ်နေသည်။

"အဲ့ဒီဂိမ်းထဲက ဘော့စ်ဘယ်နှစ်ယောက်က ဒီလှည့်ကွက်ကိုသုံးဖို့ ကြိုးစားဖူးလဲဆိုတာ မင်းသိလား"

သူက အသာအယာပင် မေးလိုက်သည်။

''ငါဘာလုပ်ခဲ့လဲဆိုတာမင်းသိလား''

ဂိမ်းထဲတွင် သာမာန်မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများက သူတို့၏ ဆာလောင်မှုနှင့် သတ်ဖြတ်လိုစိတ်များအတွက် ကျေနပ်မှုရစေရန် သူ့ကို လိုက်ရှာခဲ့ကြသည်။သူတို့က သူ၏ဘဝကို လိုချင်နေကြသကဲ့သို့ သူသည်လည်း သူတို့အား အလိုရှိပေသည်။

အချုပ်အားဖြင့်ဆိုရသော် ၄င်းက သူတို့၏ သေဆုံးမှုအတွက် အဖွဲ့နှစ်ခုကြားမှ တိုက်ပွဲတစ်ခုမျှသာဖြစ်ပြီး အခြားသီးသန့် ရန်ငြိုးများ မရှိပေ။

သို့သော်လည်း ဤတစ္ဆေအမျိုးအစားကမူ သူ၏မှတ်ဉာဏ်များကို ဖတ်ရန်ကြိုးစားခဲ့ပြီး သူ၏အားနည်းချက်အား ရှာဖွေကာ သူ့အမေပင်ပါဝင်ပက်သက်စေခဲ့သည်။

ယင်းက ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးဖွဲ့လိုက်ခြင်းပင်။

ယဲ့ကျား၏ နှုတ်ခမ်းက ပြုံးနေသော်လည်း သူ့မျက်လုံးများကမူ နှင်းခဲကဲ့သို့ အေးစက်နေ၏။

"မင်းရဲ့ သေဆုံးခြင်းကို  တတ်နိုင်သမျှ စိတ်မချမ်းမြေ့စရာဖြစ်အောင် ငါလုပ်ပေးမယ်"

သူ့နောက်ရှိ သွေးပင်လယ်အား ထိန်းချုပ်ထားခြင်းမရှိတော့ပေ။ ရူးသွပ်သွားသကဲ့သို့ တဟုန်းဟုန်းတောက်လောင်လာကာ ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းနစ်မြုပ်သွားခဲ့သည်။

အဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

ရောင်စုံပုံစံများဖြင့် ဖောက်ထွင်းမြင်ရသော မြွေတစ်ကောင်ပေါ်လာ၏။

"အား....!!"

သူ့ကိုယ်သူ ထုတ်ဖော်ရန် အတင်းအကျပ် ခိုင်းစေခံရပြီးနောက် မှန်ဝိဥာဥ်မှာ သူ၏ တွက်ချက်မှု မှားယွင်းနေကြောင်း ထိုအခိုက်အတန့်တွင် သဘောပေါက်သွားခဲ့သည်။

အစောပိုင်းမှ ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမှ သူ့အား ဖမ်းမိသွားချိန်တွင် မူလက သူသေတော့မည်ဟု တွေးထားသော်လည်း တစ်ဖက်လူမှာ နားမလည်နိုင်သော စကားအနည်းငယ်ကို ပြောကာ လွှတ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။

မှန်ဝိဥာဥ်မှာ ထိုအချိန်က သူတို့ကြားတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို နားမလည်သော်လည်း ၎င်းနှင့်ပတ်သက်၍ သေချာသောအချက်တစ်ခုရှိသည်။

သူမည်သည်ကိုလုပ်ရန် စီစဉ်နေပါစေ ထိုတန်ခိုးကြီးပြီး ကြောက်စရာကောင်းသော တည်ရှိမှုက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ထို့ကြောင့် မှန်ဝိဥာဥ်အနေဖြင့် မရိုးမသားပြုမူမိခဲ့သည်။

အေ့စ်၏ ဂုဏ်သတင်းကို ကြားသိခဲ့ရပြီးနောက် ဤလူမှာ သွားထိသင့်သော ပုဂ္ဂိုလ်မဟုတ်ကြောင်း သိထားသည့်တိုင် သူ့အနေဖြင့် ဤလူထံမှ ထွက်လာသော အစွမ်းထက်ပြီး စွဲမက်ဖွယ်ကောင်းသည့် ရနံ့ကြောင့် စွန့်စားကြည့်ရန် ဆွဲဆောင်ခံခဲ့ရသည်။

နောက်ဆုံး၌….. အေ့စ်မှာ မည်သို့ပင် အံ့သြစရာကောင်းနေပါစေ သူသည် လူသားတစ်ယောက်အဖြစ်သာ ရှိနေသေးသည်။

သူလူသားဖြစ်နေသရွေ့ အားနည်းချက်များနှင့် အလိုဆန္ဒများ ရှိနေလိမ့်မည်ဖြစ်သည်။သူကလည်း ထိုဆန္ဒကို မွေးမြူသည့် သတ္တဝါဖြစ်၏။ အချိန်ပေးသရွေ့ သူ့အနေဖြင့် ထိုလူသား၏ဝိညာဉ်ကို ယူကာ သူ၏ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်သည်။

ဒါပေမယ့် သူ့သေတွင်းသူတူးမိလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ..

သူ့မျက်လုံးများသည် စဥ်းလဲစွာ လှည့်ပတ်သွားခဲ့သည်။ ထို့နောက် သနားညှာတာမှုအား တောင်းခံလိုက်သည်။

“အကိုကြီး၊ ငါ့ကို ခွင့်လွှတ်ပါ ငါမလုပ်ရဲတော့ဘူး! ငါကတိပေးပါတယ်!"

ယဲ့ကျားက ၎င်းကို ထူးမခြားနားပင် ငုံ့ကြည့်လိုက်သည်။

သူ့မျက်လုံးတွေက အေးစက်ပြီး အလှမ်းကွာနေပုံရသည်။ သူက သူ၏ခြေဖဝါးအောက်မှ အရေးမပါသော အမှုန်အမွှားတစ်ခုကို ကြည့်နေသကဲ့သို့ အပေါ်မှ အောက်သို့ ငုံ့ကြည့်နေသည်။

မှန်ဝိဥာဥ်၏ နှလုံးသားမှာ ပြိုလဲသွားသည်။သူ့စိတ်ထဲ၌ ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

ဤလူမှာ စကားလုံးများဖြင့် ပြောဆို၍ရမည့် လူမျိုး မဟုတ်ပေ။

၄င်းက တုန်လှုပ်ခြောက်ခြားကာ အလိုလို လှည့်ထွက်ပြေးသွားမိသည်။

သို့သော် ခြေလှမ်းအနည်းငယ်ထက်ပိုမလှမ်းရသေးမီ မြေပြင်ပေါ်ရှိ ကိုယ်ပိုင်အသိဥာဏ်ရှိပုံရသော စေးပျစ်ပျစ်သွေးများက မှန်ဝိဥာဥ်အား သွေးလှိုင်းလုံးများနှင့်  ရစ်ပတ်လိုက်ကြသည်။

“အား——-!!!”

နာကျင်စွာ အော်လိုက်သည့်အသံသည် အမှောင်ထုနှင့်အနီရောင်သွေးများဖြင့် ဖုံးလွှမ်းထားသော ကမ္ဘာကြီးအား ဖောက်ထွက်သွားခဲ့သည်။

မှန်ဝိဥာဥ်မှာ သွေးအိုင်ထဲသို့ တလိမ့်လိမ့်ကျရောက်သွားသည်။ ၎င်း၏ သေးသွယ်သော ခန္ဓာကိုယ်က တွန့်လိမ်ရင်း ထူးဆန်းသောပုံစံများအဖြစ် ပြောင်းလဲနေကာ ဤလူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုအား သည်းခံနေရပုံပေါ်သည်။ဤကဲ့သို့ ကြောက်စရာကောင်းသော ခံစားချက်မျိုးအား တစ်ခါမှ မကြုံဖူးပေ။ နာကျင်မှုက ပြင်းထန်လွန်းသောကြောင့် နာကျင်မှုဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ပင်ပျောက်သွားပုံရသည်။ ပြိုကျလုနီးနီးဖြစ်နေသည့်အစွန်းတွင် ရုန်းကန်နေရပြီး တိကျစွာ ထိန်းချုပ်ထားသော နာကျင်မှုဖြင့် နှိပ်စက်ခံခဲ့ရသည်။ ၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တဖြည်းဖြည်း ကွဲကွာသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုအာရုံခံစားမှုသက အနည်းဆုံး အဆတစ်ရာမျှ ပိုတိုးလာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် နောင်တရခြင်း နှင့် ကြောက်ရွံ့ခြင်းတို့ နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။

သို့သော် ယဲ့ကျားက ဘေးတွင်ရပ်၍ ငြိမ်သက်စွာ နားထောင်နေသည်။သူ့ကိုကြည့်ရသည်မှာ  လှပသော တေးသွားတစ်မျိုးမျိုးအား တန်ဖိုးထားနေသကဲ့သို့ပင်။ သွေးစွန်းနေသော မြင်ကွင်းရှေ့၌ သူရပ်နေချိန်တွင် ပယင်းရောင်မျက်လုံးများက တစ်ဝက်ခန့်မှေးထားကာ ရက်စက်ပြီး ရန်လိုနေပုံပေါ်သည်။

အချိန်အတော်ကြာပြီးနောက်၊ ထိုဝမ်းနည်းဖွယ်ငိုကြွေးသံများမှာ နောက်ခံဆူညံသံများ၏ တစ်စိတ်တစ်ပိုင်းနှင့် တူလာခဲ့သည်။


Xxxxx