အပိုင်း ၃၄
Viewers 10k

Chapter 34



တံစဥ်းက အနည်းငယ်ရွေ့လျားသွားသည်။၎င်းက စက္ကန့်ပိုင်းနှင့်အမျှ နိမ့်ကျလာပြီး တစ်ဖက်သား၏ အသက်ကို လုံးလုံးလျားလျား အဆုံးသတ်ပစ်တော့မည့်ပုံစံဖြင့် မှန်ဝိဥာဥ်၏ အထက်တွင် ပျံဝဲနေလေသည်။

"မင်းက မင်းကိုယ်မင်း စိတ်အားထက်သန်တယ်လို့ ထင်နေတာမလား''

ဖောက်ထွင်းမြင်ရသောမြွေက ၎င်း၏ခန္ဓာကိုယ်ကို တွန့်လိမ်ကာ မြေပြင်ပေါ်တွင် လှဲနေသည်။သူ၏ ကြည်လင်သော မျက်လုံးတစ်စုံမှာ ဆိုးယုတ်ပြီး ရူးသွပ်နေကာ ၎င်းက တြိဂံပုံခေါင်းကို မြှောက်လိုက်သည်။

"....ငါဖန်တီးခဲ့တာတွေက မင်းရဲ့နှလုံးသားထဲက အစစ်မှန်ဆုံးဆန္ဒတွေပဲ"

“မင်းက အရမ်းသန်မာတယ် မင်းက ငါ့ကို အစကတည်းက ဒီအတိုင်း တွန်းအားပေးဖို့ ရွေးချယ်နိုင်တာပဲမလား"

မှန်ဝိဥာဥ်က ခါးသက်စွာ  ပြုံးလိုက်သည်။

“ဒါပေမယ့် မင်းမလုပ်ဘူး မင်းဒီမှာ သုံးရက်နေဖို့ ရွေးခဲ့တယ် အဲဒီသုံးရက်အတွင်းမှာ မင်းဘာတွေတွေးနေတာလဲ"

၄င်းက သူလွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သိနေသည်။

ထို့ကြောင့်…..နာကျင်နေသော်ငြားလည်း တစ်ဖက်သားကိုပါ သူနှင့် ထပ်တူနာကျင်စေချင်ခဲ့သည်။

မှန်ဝိဥာဥ်၏ ပါးစပ်မှာ ခပ်ကျယ်ကျယ် ဖွင့်ဟနေကာ တစ်ဖက်သား၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို မြည်းစမ်းနေသကဲ့သို့ ၎င်း၏ ဖောက်ထွင်းမြင်ရသော လျှာက ထွက်လာသည်။ ၎င်းက အေးစက်စွာ ရယ်မောလိုက်ပြီး

“မင်းရဲ့ နှလုံးသားထဲမှာ ဒီလို အတွေးမျိုး အရင်က တစ်ခါမှ မရှိဖူးဘူးဆိုတာ သေချာလား ဒီလိုအတုအယောင်တွေ တစ်ခါမှ မဖြစ်ဖူးရင် ဘယ်လောက်ကောင်းမလဲ ဒီကမ္ဘာကြီးက တကယ့်လောကသာ ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့လေ...”

“မင်းက မင်းရဲ့ကိုယ်ပိုင်ဆန္ဒတွေကို စွန့်လွှတ်ခဲ့တယ် မင်းဘယ်တော့မှမရှင်သန်နိုင်တဲ့ဘဝနဲ့ သုံးရက်လောက်နေထိုင်ပြီးသွားတော့ ဘယ်လိုခံစားရလဲ ကျေနပ်လား ဒါမှမဟုတ် စိတ်ပျက်စရာကောင်းလား"

ယင်းက ခေါင်းကို မြှောက်လိုက်ပြီး အထိန်းအကွပ်မဲ့ ရယ်မောလိုက်သည်။ သူ့အသံထဲမှ အငြိုးတို့ကို ဖုံးကွယ်၍ မရပေ။

"နာမည်ကျော် အေ့စ်ရဲ့ ဖုံးကွယ်ထားတဲ့ ဆန္ဒက သာမန်အရေးမပါတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဘယ်သူကထင်မှာလဲ"

ယဲ့ကျားက ငုံ့ကြည့်လိုက်သည်။

သူ့အမူအရာက ပုံမှန်အတိုင်းပင်ဖြစ်သည်။သူက ပြီးပြည့်စုံသော မျက်နှာဖုံးတစ်ခုအောက်တွင် သူ၏ခံစားချက်အားလုံးကို ဖုံးကွယ်ထားလေ့ရှိပုံရသည်။

“…..ဟုတ်တယ်”

သူရုတ်တရက်ပြောလိုက်သည်။ သူ့အသံက တစ်ဖက်သား၏ စကားကြောင့် မည်သည့်အကျိုးသက်ရောက်မှုမှ မခံစားရသကဲ့သို့ ငြိမ်သက်နေသည်။သူသည် ဂရုမစိုက်ဟန်ဖြင့် နောက်မှ လိုက်ပြောလိုက်သည်။

''ဘယ်သူက ထင်မှာလဲ''

အလုပ်များသည့်ဘဝတွင်  အသေးအဖွဲကိစ္စများနှင့် ပြည့်နှက်နေပြီး ရေစီးကြောင်းကဲ့သို့ လက်ချောင်းများထံမှ လွတ်ထွက်သွားသော နေ့ရက်များဖြင့် အလွန်တည်ငြိမ်နေခဲ့ရကား အချိန်များကုန်ဆုံးနေကြောင်း သတိထားမိရုံမျှသာ ဖြစ်သည်။

သူဆံပင်များ ဖြူသွားပြီး ဆုံးပါးသွားသည့်တိုင်အောင် ဆက်ဖြစ်နေပေလိမ့်မည်။

အလွန်အေးချမ်းပြီး ငြီးငွေ့ဖွယ်ကောင်းသော ဘဝတစ်ခုပင်။

ဒါပေမယ့် သူ့အတွက်ကတော့ ဒါကြောင့်ပဲ....
ဆွဲဆောင်ခံရလိုက်ရသည်။

ဤအရာများအားလုံးက ပုံရိပ်ယောင်များဖြစ်နေလျှင်ပင် လိုချင်တပ်မက်မှုမှ ရုန်းမထွက်နိုင်လောက်သည်အထိ ဆွဲဆောင်မှုရှိနေသည်။

ယဲ့ကျားမျက်လွှာချလိုက်သည်။ သူက ထက်ရှသော ဓားသွားဖြင့် တုံ့ဆိုင်းခြင်းမရှိ ပိုင်းချလိုက်၏။

အေးစက်စက် အလင်းတန်းတစ်ခု တိတ်တဆိတ် လင်းလက်သွားသည်။ တခဏချင်း၌ပင် မှန်ဝိဥာဥ်၏ အသက်ရှူသံများ ရပ်တန့်သွားသည်။

ဓါးသွား အောက်သို့နိမ့်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်များက အလွန်လျင်မြန်စွာ ကွဲထွက်သွားသည်။

သူ၏လက်ထဲမှ တံစဥ်းလည်း ပျောက်ကွယ်သွားသည်။

ယဲ့ကျားက အမှောင်ထုနှင့်သွေးများအကြား ဆုံရပ်တွင် တစ်ယောက်တည်းရပ်နေပြီး သူ၏သွယ်လျသောရုပ်သွင်မှာ အလွန်အထီးကျန်ဆန်နေပုံရသည်။

သူ့စကားသံက အလွန်တိုးညှင်းလွန်းသဖြင့် ထိုစကားများက သူ့နှုတ်ခမ်းမှ ထွက်သွားသည်နှင့် လေထုထဲတွင် နစ်မျောသွားသည်။

"အတုဆိုတာ အမြဲအတုဖြစ်နေမှာပဲ"

သနားစရာကောင်းချက်။

.

မှန်ဝိဥာဥ် မရှိတော့သဖြင့် ပုံရိပ်ယောင်ကမ္ဘာလည်း ပျောက်ကွယ်သွားသည်။

ယဲ့ကျား၏ မျက်လုံးများ ပွင့်လာပြီး သူ့ လက်ကို အားပြုကာ ဖြည်းညင်းစွာ ထလိုက်သည်။

သူနိုးလာသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ တစ္ဆေစွမ်းအင်များက ထိန်းချုပ်ထားသော သားရဲတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။

အေးစက်နေသော ပတ်ဝန်းကျင်က ပြန်လည်နွေးထွေးလာပြီး တဖြည်းဖြည်း တောက်ပလာသည်။

အခန်းငယ်က မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

ယဲ့ကျားက သူ၏နားထင်များကို နှိပ်နယ်လိုက်သည်။ သူ့ခေါင်းက တစ်ဆစ်ဆစ်ကိုက်ခဲနေ၏။

သူသည် မျက်လုံးကို ပင့်ကြည့်လိုက်ရာ အခန်း၏ အဝေးဆုံးထောင့်၌ ပုန်းနေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။သူတို့က အလွန်ထိတ်လန့်နေပုံရပြီး ကြောက်ရွံ့ထိတ်လန့်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ရင်း အရူးကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်နေကြသည်။

''မှန်ဝိဥာဥ်လား''

ယဲ့ကျားက အမူအယာမဲ့စွာ ပြောလိုက်သည်။

"မင်းက အဲဒါကိုတောင် တွေးထားခဲ့တယ်ပေါ့''

သုန့်ကွာက ခက်ခက်ခဲခဲ ပြုံးပြလိုက်သော်လည်း ငိုသည်ထက်ပင် ပိုဆိုးသွားပုံပေါ်သည်။

"အစ်ကိုအေ့စ် ဒီဟာက ဒီငပိန် လုပ်လိုက်တာလေ ငါဘာမှမလုပ်ခဲ့ဘူး!"

သူက ကြောက်လန့်တကြား မတ်တပ်ထရပ်ကာ နံရံကို အားပြု၍ မိမိကိုယ်ကို မှီထားရင်း

“ငါ စိတ်ရင်းမှန်နဲ့ တောင်းပန်ကြောင်း ပြဖို့အတွက် ချက်ချင်းသွားပြီး အညံ့ခံလိုက်ပါ့မယ်!”

ဤသဘောထားက အလွန်ကောင်းသည်။

"ဒါဆို မင်းရဲ့ ပစ္စည်းတွေကရော"

ယဲ့ကျားက မျက်လုံးများကို မှေးကျဥ်းကာ သံသယအပြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။

သုန့်ကွာက ကမန်းကတန်းရှင်းပြသည်။

"သေချာတာပေါ့ ငါ သူတို့ကို အားလုံး အပ်လိုက်ပါ့မယ် ငါ့ရဲ့ ငွေစာရင်းစာအုပ်အပါအဝင် ဒီကျိန်စာတွေကို လုပ်နည်းနဲ့ ဖယ်ရှားနည်းတွေကိုရောပေါ့……ငါ့ရဲ့ အမှားတွေအတွက် အပြစ်ခံယူဖို့ ဆန္ဒရှိပါတယ်  တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်”

ယဲ့ကျား၏ အကြည့်က အခြားလူပေါ်သို့ ကျသွားသည်။ သူ့မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေသည်။

"သူကရော.."

ဤပိန်ပိန်ရှည်ရှည်လူ၏ပုံစံမှာ အနည်းငယ်ထူးဆန်းနေသည်။

သုန့်ကွာက အလျင်စလို ဆက်ပြောသည်။

" သူလည်း ဒီလိုပဲ လုပ်မှာပါ သူလည်း ဒီလိုပဲ လုပ်လိမ့်မယ်!”

သူက တစ်ဖက်လူကို ကန်ထုတ်လိုက်ပြီး အမှန်တစ်ဝက်ဖြင့် ပြောလိုက်သည်။

“ဒီလူက အရမ်းကြောက်တတ်တာ သူမင်းကို ကြောက်နေတာလေ အချိန်တစ်ခုကြာပြီးမှ ပြန်ကောင်းလာလိမ့်မယ်"

ဒါမှမဟုတ် သူ ဘယ်တော့မှ ကောင်းမလာတော့တာလည်း ဖြစ်နိုင်တယ်။

ဂိမ်းကစားနေစဥ်အတွင်း သူတွင် စွဲမြဲလာခဲ့သည့် ဗီဇအရ သုန့်ကွာအနေဖြင့် သူ့ရှေ့မှအမျိုးသားငယ်အား ယခုဖြစ်ပျက်ခဲ့သည်များကို သိခွင့်မပြုသင့်ပေ။မဟုတ်ပါက နောက်ဆက်တွဲအကျိုးဆက်များအား မှန်းဆ၍မရနိုင်ကြောင်း သိရှိထားသည်။

.

.

သုန့်ကွာက ကောင်းကင်ကို ညွှန်ပြပြီး ဗျူရို၏ စုံစမ်းစစ်ဆေးမှုတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ကျိန်ဆိုလာသည်။ သူက ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေနိုင်သည့် အခြားကျိန်စာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီပေးမည်ဟုပင် ထုတ်ဖော်ပြောဆိုလိုက်သေးသည်။ သူက မဆိုင်းမတွပင် နက်ရှိုင်းသောချောက်တွင်းသို့ မိမိကိုယ်ကို ပစ်ချလိုက်လေ၏။

တစ်ဖက်လူ၏ ဆောင်းရာသီဖရဲသီးကဲ့သို့ ပုတိုတိုရုပ်သွင်မှာ သဘာဝလွန်ကိစ္စရပ်များဆိုင် စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲရေးဗျူရို၏ တံခါးပေါက်မှ ဖြတ်၍ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ယဲ့ကျားက သူ့ကိုယ်သူ ပြောင်းလဲနိုင်သည့် တစ်ဖက်သား၏ ရိုးသားမှုကို အမှန်တကယ် ယုံကြည်ခဲ့သည်။

ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။

ယဲ့ကျားက သုန့်ကွာ၏ စွမ်းအားအပြောင်းအလဲများနှင့်အညီ လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်စွမ်းအကြောင်း ယခင်ကတည်းကကြသိခဲ့သော်လည်း ယခုကဲ့သို့ သဘောထားကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
(အင်အားကြီးတာငယ်တာကိုလိုက်ပြီး သဘောထားပြောင်းတာကိုပြောတာပါ၊ ကြီးနိုင်ငယ်ညှင်းပြီး အားကြီးရင်တော့ ကြောက်တဲ့သဘော)

အဆောက်အဦးအပြင်ဘက်ထောင့်တစ်နေရာတွင်...

ခေါင်းစွပ်ဝတ်ထားသော လူငယ်တစ်ယောက်က အမှောင်ထဲတွင် ငြိမ်သက်စွာ ရပ်နေပြီး သူ၏ သွယ်လျသောရုပ်သွင်မှာ သူ့ပတ်ဝန်းကျင်ရှိ အရိပ်များနှင့် ရောယှက်လုနီးပါး ဖြစ်နေသည်။

ယဲ့ကျားက မဝေးသောနေရာမှ ဗျူရိုအဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ရှုပ်ထွေးသောအကြည့်တစ်ခု သူ့မျက်လုံးများတွင် ဖျတ်ခနဲ လက်သွားသည်။

ယခုအချိန်အထိ ထိုအရာအား သတိမပြုမိခဲ့ပေ။ သို့မဟုတ် သူသတိပြုမိသော်လည်း ဝန်မခံလိုခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဂိမ်းကို ရှင်းလင်းပြီးကတည်းက သူလုပ်သမျှ အရာအားလုံးမှာ 'သာမန်လူတစ်ယောက်၏ သာမန်ဘဝ'နှင့်တူသည်ဟု သူထင်မြင်ထားသည့်ဘဝဖြင့် နေထိုင်ခွင့်ရရန် လုပ်နေခဲ့ခြင်းဖြစ်သည်။

မသေမသပ်နှင့် ခက်ခဲကြမ်းတမ်းပြီး တစ်ခါတစ်ရံကျရှုံးလေ့ရှိသည်။သို့သော်လည်း မည်သည့်အခါမှ ပင်ပန်းသည်ဟု မညီးတွားခဲ့ပေ။

နှစ်အနည်းငယ်ကြာပြီးနောက် သို့မဟုတ် ဆယ်စုနှစ်တစ်ခုကြာပြီးနောက်တွင် မည်သည့်အရာမျှမဖြစ်ခဲ့ပါက ယဲ့ကျားအနေဖြင့် သူအိပ်မက်မက်ခဲ့သော အေးချမ်းသည့် သာမန်ဘဝတွင် အမှန်တကယ်နေထိုင်နိုင်မည်ဖြစ်သည်။

သို့သော် လက်တွေ့ဘဝက ရက်စက်ခဲ့သည်။

အတိတ်ကို သူ့နောက်တွင် ထားခဲ့ကာ အောင်အောင်မြင်မြင် လွတ်မြောက်ခဲ့ပြီးနောက် ဂိမ်းပျက်သွားပြီး တစ္ဆေတံခါးများ ပွင့်သွားသည်။စွမ်းအားကြီး တစ္ဆေများ မကောင်းဆိုးဝါးများ…မည့်သည့်အခါမှ မတွေ့ရတော့ဟု ထင်ထားခဲ့သည့် သူနှင့် သိကျွမ်းဖူးသည့် လူများပင် သူ့ရှေ့၌ တယောက်ပြီး တယောက် ပေါ်လာခဲ့သည်။ သူတို့က သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ထိုအိမ်မက်ဆိုးထဲသို့ ပြန်ဆွဲသွင်းရန် ကြိုးစားကြသည်။ သူ့နားထဲသို့ ခပ်တိုးတိုး ပြောနေကြသည်မှာ...

အဲ့ဒါက မပြီးသေးဘူး

မင်းက ငါတို့ထဲက တစ်ယောက်ဖြစ်နေတုန်းပဲ

လူသားအသွင်ဆောင်ထားတဲ့ အပေါ်ယံအလွှာကို ခြုံထားရုံနဲ့ အရာအားလုံးကို မေ့ပစ်လို့ရပြီလို့ မထင်လိုက်နဲ့

အိမ်မက်မက်နေတာရပ်လိုက်တော့

ငြိမ်သက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ အရိပ်အယောင်မှာ ရေကန်ထဲတွင် လရောင်ပြန်ဟပ်နေသကဲ့သို့ပင်။ အဝေးမှသာ ကြည့်နေနိုင်ပြီး ၄င်းကိူ မည့်သည့်အခါမှ မထိတွေ့နိုင်ပေ။ သူ့အနေဖြင့်  ၄င်းအား လေးလေးနက်နက် နားလည်နေပြီဖြစ်သည်။

ယဲ့ကျားက မျက်လွှာများအား ချထားလိုက်သည်။

ပထမဆုံး ဂိမ်းထဲကို ဆွဲခေါ်ခံရသည့်အချိန်က သူမည်မျှအထိတ်တလန့် ဖြစ်ခဲ့ရကြောင်းကို မှတ်မိနေသေးသည်။ ထိုအန္တရာယ်ရှိသော အခြေအနေတွင် အသက်ရှင်ရပ်တည်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရသည်။

သို့သော် ယခုတွင်မူ

အရာအားလုံး ခြားနားနေပြီဖြစ်သည်။

ကမ္ဘာကြီးပင်ဖြစ်စေ ဂိမ်းပင်ဖြစ်စေ သူကိုယ်တိုင်ဖြစ်စေ။ အရာအားလုံးက ယခင်ကကဲ့သို့မဟုတ်တော့ပေ။

ယဲ့ကျားက မျက်လုံးပင့်လိုက်သည်။သူက အဝေးမှ ကောင်းကင်ကို မော့ကြည့်ရင်း သူ့မျက်လုံးတို့မှာ တောက်ပနေသည်။ သူ့မျက်လုံးထဲတွင် တိမ်များက ရောင်ပြန်ဟပ်နေသည်။ထိုနေရာ၌ မြို့ပေါ်သို့ မိုးသည်းထန်စွာ ရွာချခဲ့သည်။

ယခုထက်ပို၍ မသေချာနိုင်တော့ပေ။ သူ၏လက်ရှိအေးချမ်းသော ဘဝလေးမှာ အန္တရာယ်များနေ၏။ သူယင်းကို လွှတ်ထားလိုက်ပါက ထိုဘဝမှာ ထပ်မံ၍ ကြာရှည်တော့မည်မဟုတ်ပေ။

သူ့အနေနှင့်  ရှောင်လွှဲ၍မရသောကြောင့် ရှောင်ရန် ကြိုးစားမည် မဟုတ်တော့ပေ။

ယဲ့ကျား သူ့လက်ကို မြှောက်လိုက်သည်။ ဖြူဖျော့ပြီး သွယ်လျနေသောလက်ချောင်းများဖြင့် သူခေါင်းစွပ်အား ဆွဲတင်လိုက်ပြီး အေးစက်သော မျက်လုံးများကို ဖုံးကွယ်ထားလိုက်၏။

ယင်းမှာ သူကျွမ်းကျင်သောအလုပ်ဟောင်းကို ပြန်လုပ်ရမယ့် ကိစ္စမျှသာဖြစ်သည်။

သူက ဖြည်းညင်းစွာ နောက်သို့ ဆုတ်လိုက် ပြီး သူ၏ပုံရိပ်မှာ သူ့နောက်မှ အဆုံးမဲ့အမှောင်ထုထဲသို့ ချက်ချင်း ပျောက်ကွယ်သွားသည်။

.

ဝူဆုက ဤမျှ အံ့သြဖွယ်ကောင်းသည့် အရာတစ်ခု သူ့ထံရောက်လာလိမ့်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ထားခဲ့ပေ။

သူက စာကြည့်တိုက်ရှိ ကျိန်စာများအကြောင်း အချက်အလက်များကို ရှာဖွေရန် အလုပ်ရှုပ်နေချိန်တွင် အရပ်ပုပြီး ထွားကြိုင်းသော အမျိုးသားတစ်ဦးမှ ဗျူရို၏ တံခါးကို တွန်းဖွင့်လိုက်သည်။

အမျိုးမျိုးသော ကျိန်စာပစ္စည်းများဖြင့် ပြည့်နေသော ကတ်ထူသေတ္တာကြီးကို သူ့လက်ထဲတွင် ကိုင်ထားသည်။

"ငါ့နာမည်က သုန့်ကွာ"

သုန့်ကွာကပြောလိုက်သည်။

"မင်းရဲ့ ခေါင်းဆောင်ကို ခေါ်လိုက်ပါ"

သုန့်ကွာ၏ အမည်မှာ အလွန်ရင်းနှီးနေသည်။

ဤလူက ဂိမ်းထဲမှ လူတစ်ယောက် ဖြစ်သည်။ သူက ကျိန်စာများကိုခံနိုင်ရည်ရှိပြီး တစ်ချိန်က ထိုစွမ်းအားကို အခွင့်ကောင်းယူကာ ညစ်ပတ်သောအလုပ်အချို့တွင် ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကြသည်။ နောက်ပိုင်းတွင် သူ့လက်ကို ဆေးကြောသန့်စင်ခဲ့သော်လည်း ဂိမ်းတွင် အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် ဝူဆုမှာ သူ့လိုလူက မည်သူနှင့်မျှ ခင်မင်ရင်းနှီးလိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။

ဝူဆုက ချက်ချင်းပင် သတိအပြည့်ကပ်လိုက်ပြီး သူက အတတ်နိုင်ဆုံး အမြန်ဆုံး စစ်ကြောရေး အခန်းထဲသို့ ပြေးသွားခဲ့သည်။။

သူ မမျှော်လင့်ထားသည့်အရာမှာ....

တစ်ဖက်က အမှန်ပင် သူ့ကိုယ်သူ ပေးအပ်လာခဲ့သည်။

သုန့်ကွာက သူ့အိမ်ငှားလိပ်စာ၊ သော့များနှင့် သူ ဂိမ်းထဲမှ ခိုးယူထားသည့် ပစ္စည်းအားလုံးကို နာခံစွာပေးပြီး သူတို့ရောင်းခဲ့သော ကျိန်စာပစ္စည်းများ၊ ဝယ်ယူသူ၏ အသေးစိတ်အချက်အလက်များကိုပင် ပေးအပ်ခဲ့ရာ ဝူဆုမှာ ထင်ယောင်ထင်မှားဖြစ်နေသည်ဝုပင် ခံစားလိုက်ရသည်။

ဒါ .. ဒါက ...

သူ့ကို စစ်မေးစရာတောင် မလိုတော့ဘူးလား...။

ဒီလောက် ရိုးရှင်းတယ်လား။

ဝူဆု စိတ်ရှုပ်ထွေးနေစဥ်မှာပင် သုန့်ကွာက သူ၏အကြည့်များကို သတိထားမိပုံရသည်။

သူက ဝဖိုင့်သော မျက်နှာကို မော့ကာ သူ့ထံသို့ တည့်တည့် လျှောက်လာသည်။

''ဝူဆုလား''

ဝူဆု အနည်းငယ် အံ့သြသွားသည်။ တစ်ဖက်လူက သူ့ကို သိနေမည်ဟု မမျှော်လင့်ထားပေ။ သူက ခေါင်းညိတ်ပြလိုက်၏။

“ ငါပဲ”

"အေ့စ်က မင်းဆီ စကားပါးလိုက်တယ်"

သုန့်ကွာ၏အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ဝူဆု၏နားထဲတွင် မိုးခြိမ်းသံများကဲ့သို့ ထွက်ပေါ်လာသည်။

"သူက မင်းနဲ့ စကားစမြည်ပြောချင်နေတယ်"



Xxxx