Chapter35
သဘောတူညီချက်များ အားလုံးလုပ်ပြီးသွားသည့် အချိန်အထိ တစ်နာရီမျှသာ ကြာသည်။
ဝူဆုက ဂနာမငြိမ်ဖြစ်နေပြီဖြစ်သည်။
သူ၏နောက်ကျောက ဖြောင့်တန်းနေပြီး သူ့ကော်လာကို သေသပ်စွာဖြင့် ကြယ်သီးတပ်ထားသည်။ သူဝတ်ထားသည့် ယူနီဖောင်းက ဖုန်မှုန့်များ သို့မဟုတ် အစက်အပြောက်အစွန်းအထင်းများမရှိဘဲ ထူးထူးခြားခြား သပ်ရပ်၍နေ၏။
ဝူဆုက သူ့နာရီကို အထပ်ထပ်အခါခါ ငုံ့ကြည့်နေသည်။ သူက ဒုတိယလက်တံ၏ လှုပ်ရှားမှုကို လိုက်၍ မိနစ်များကို ရေတွက်နေခဲ့သည်။
သူနှင့်မရင်းနှီးသောသူများပင်လျှင် သူမည်မျှထိတ်လန့်ကြောက်ရွံ့နေသည်ကို ပြောပြနိုင်သည်။
သုန့်ကွာက ဘေးမှ အံ့အားသင့်သွားပြီး
"မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ မင်းယောက္ခမနဲ့တွေ့ဆုံမယ့်ပွဲလို့ တခြားသူတွေက ထင်ကြဦးမယ်”
ဝူဆုက သူ့ကို စိုက်ကြည့်ရင်း "မင်းအလုပ်မင်းသာ ဂရုစိုက်စမ်းပါ''
သုန့်ကွာက သူ့ပါးစပ်ကို နာခံစွာပိတ်လိုက်သည်။
တိတ်ဆိတ်မှုက နောက်မှလိုက်လာသည်။ တိတ်ဆိတ်နေသည့် အခန်းထဲ၌ မည်သည့်အသံမှမကြားရတော့ပေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဝူဆုမနေနိုင်တော့ပေ။ သူက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးနောက် တစ်ဖက်သို့ လှည့်လိုက်ပြီး
“ဒါဆို မင်းနဲ့ အေ့စ် အရင်က တွေ့ဖူးတာပေါ့”
သုန့်ကွာ : "အကြိမ်အနည်းငယ်လောက်ပါပဲ"
"မင်းတို့နှစ်ယောက် ရင်းနှီးလား''
သုန့်ကွာက ဟန်ဆောင်ပန်ဆောင် ခေါင်းညိတ်ကာ "ဟုတ်တယ်''
"လိမ်မနေနဲ့''
သူတို့ဘေးမှာထိုင်နေသည့် ခယ့်ကျန်းက မထိန်းနိုင်ဘဲ ဝင်ပြောလိုက်သည်။
“မင်းဘာလို့ ငါတို့ဆီဝင်လာပြီး ကိုယ်ဘာသာဝန်ခံတာလဲဆိုတာ ငါတို့မသိဘူးလို့ ထင်နေလား''
ကိုယ်ကျင့်တရားမရှိသော ကစားသမားတစ်ဦးအား မိမိကိုယ်မိမိ လိုလားစွာ အညံ့ခံလာစေရန် ခြိမ်းခြောက်သူမှာ သူဖီဆန်၍မရသော သူဖြစ်ရမည်။
ဘေးရှိ ဝူဆုကမူ အနည်းငယ် ကြောင်အနေပုံရသည်။ အခြားလူနှစ်ယောက်ကြားရှိ စကားပြောသံကို သူမကြားရသကဲ့သို့ပင်။
၁၀၅ကြိမ်မြောက် သူ့နာရီကို စစ်ဆေးပြီးနောက် သူက သုန့်ကွာအား လှည့်ကြည့်လိုက်သည်။သူက သူ့ကိုယ်သူ အကြာကြီး တောင့်ထားပြီးနောက် ချီတုံချတုံ မေးလိုက်သည်။
“အေ့စ်က ဘယ်လူလိုမျိုးလဲ”
“……..”
ဘေးမှ ခယ့်ကျန်းက မကြည့်နိုင်တော့ပေ။
သူတို့၏ ဒုခေါင်းဆောင်နှင့် ပတ်သက်၍ ပြောရလျှင် တခြားအရာအားလုံး ကောင်းသော်လည်း သူ့တွင် လူများကို ကြည်ညိုလွန်းသည့် သဘောထားရှိသည်။။
ဤမေးခွန်းက သုန့်ကွာအား ထိတ်လန့်စေသည်။
သူသည် လူများကို အကဲဖြတ်ရာတွင် ကောင်းမွန်ပြီး အေ့စ်ကို တစ်ကြိမ်ထက်မက မြင်ဖူးသော်လည်း၊ အဆင့်သတ်မှတ်ချက်စာရင်းတွင် ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သောလူက မည်သို့သောလူမျိုးဖြစ်သည်ကို ဖော်ပြရန် တောင်းဆိုသောအခါတွင် အမှန်တကယ်ပင် ခက်ခဲသည်။ဤလူက ခန့်မှန်းရန် အလွန်ခက်ခဲသည်။ သုန့်ကွာကိုယ်တိုင်ပင် တစ်ဖက်သားတွင် မည်သည့်ရည်ရွယ်ချက်တို့ ရှိနေကြောင်း မသိပေ။
သူက မျက်မှောင်ကြုတ်ပြီး အကြာကြီး တွေးနေမိသည်။ အတန်ကြာ ငြိမ်သက်ပြီးနောက်တွင် ထုတ်ပြောလိုက်သည်။
“အိုး……အရမ်းသန်မာတယ်”
တခါတရံမှာ တအားကြောက်စရာကောင်းတယ်။
ဝူဆုနှင့်ခယ့်ကျန်း : ''.....''
“မေ့လိုက်တော့... အခုတော့ မေးမိတာ ဘာအကျိုးရှိလို့လဲး”
နောက်ဆုံးတွင် သုန့်ကွာမှာ သူ့ကိုယ်သူ ခက်ခဲအောင်လုပ်ခြင်းအား ရပ်လိုက်သည်။ သူက ပခုံးတွန့်ပြီး သက်ပြင်းချရင်း
"သူ့ကိုတွေ့တဲ့အခါ မင်းသိမှာပါ"
သုန့်ကွာထံမှ မည်သည့်အချက်အလက်မှ မရနိုင်သည်ကို မြင်လိုက်ရသဖြင့် စိတ်ပျက်လက်ပျက်အရိပ်အယောင်များက ဝူဆု၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
ခယ့်ကျန်းက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတော့ သူက မမေးဘဲမနေနိုင်ပေ။
''အစ်ကိုဝူ မင်းအရမ်းစိတ်လှုပ်ရှားနေတာလား''
ဝူဆုက ခိုင်မာစွာပြန်ဖြေလိုက်သည်။
"ငါ စိတ်မလှုပ်ရှားပါဘူး"
ဘေးမှ သုန့်ကွာက နှာခေါင်းရှုံ့လိုက်သည်။
ဝူဆုက သူ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ခယ့်ကျန်းထံသို့ တစ်ဖန်ပြန်လှည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"အချိန်တွေ အရမ်းနှေးကွေးသွားသလို ခံစားရတယ်"
ဤအကြောင်း ပြောရလျှင် အလွန်ထူးဆန်းသည်။ ယေဘူယျကျကျဆိုရလျှင် လျှို့ဝှက်ဆန်းကြယ်သူများက တွေ့ဆုံခြင်းကို များသောအားဖြင့် ညသန်းခေါင်တွင် ပြုလုပ်လေ့ရှိသည်။
နောက်ဆုံးတွင် တိတ်ဆိတ်သည့်ညက လူစုရန် အသင့်တော်ဆုံးပင်။
သို့သော်လည်း ဤသခင်ကမူ မတူညီသော ချဥ်းကပ်ပုံနှင့် ညနေ၆နာရီ၁၅မိနစ်တွင် ချိန်းဆိုခဲ့သည်။
၄င်းက မိနစ်ပင် အတိအကျဖြစ်၏။
ထို့အပြင် ဝူဆုကို ပို၍ ပဟေဠိဖြစ်စေခဲ့သည့်အရာမှာ ချိန်းဆိုထားသည့် အစည်းအဝေးနေရာမှာ မည်သည့်နေရာ၏အလယ်၊ မည်သည့် လျှို့ဝှက်နေရာမှမဟုတ်ပေ။ ထိုအစား ယင်းနေရာက မြို့၏တစ်ဖက်ခြမ်းမှ နို့လက်ဖက်ရည်ဆိုင်ငယ်လေးဖြစ်နေသည်။
သုန့်ကွာသည်လည်း နို့လက်ဖက်ရည်ဆိုင်၏တည်နေရာအကြောင်းအား ဝူဆုကဲ့သို့ပင် တွေးတောနေခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်မှုမရှိသော လိပ်စာကို သူမြင်သောအခါ ဝူဆု အံ့သြသွားသည်ဟု ပြောလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
ဒါက….ဒီဘော့စ်က ဘယ်လိုလူလဲဟ
.
အမှန်တွင် အေ့စ်မှ ထိုနို့လက်ဖက်ရည်ဆိုင်၌ တွေ့ရန် ဆုံးဖြတ်ရသည့် အကြောင်းရင်းမှာ...
သူက သူတို့၏ နို့လက်ဖက်ရည်အား ကြိုက်သောကြောင့်ပင်။
ဤဆိုင်ရှိ အခြားနို့လက်ဖက်ရည်များက သိပ်မထူးခြားဘဲ ပုံမှန်အားဖြင့် ဆိုင်မှာ အလုပ်ရှုပ်ခြင်းလည်းမရှိပေ။သို့သော်လည်း ၎င်းတို့၏ မက်ခါနို့လက်ဖက်ရည်ကိုမူ စမ်းကြည့်သင့်သည်။
ချိုသော်လည်း အဆီမများသည့် ချိုမြိန်ခြင်းမျိုးဖြစ်ပြီး အလွန်လန်းဆန်းစေသည်။ မက်ခါပင်ဖြစ်စေ နို့ပင်ဖြစ်စေ အရသာက အလွန်ပြင်းပြီး ရောစပ်လိုက်လျှင်မူ အရသာက အလွန်ကောင်းသွားသည်။။ယင်းအား ရိုးရှင်းစွာ အလွန်စွဲလမ်းခဲ့သည်။
သို့သော်လည်း ထိုဆိုင်က သူ့နေရာနှင့် အရမ်းဝေးသောကြောင့် ယဲ့ကျားအနေဖြင့် ထိုဆိုင်သို့ သွားရန် အခွင့်အရေး သိပ်မရှိပါပေ။
ထို့အပြင် သူ ညနေ (၆:၁၅)နာရီ၌ ချိန်းဆိုခဲ့ရသည့် အကြောင်းရင်းမှာ
ယဲ့ကျားက ခြောက်နာရီတွင် အလုပ်ဆင်းပြီး နောက်ထပ် ဆယ့်ငါးမိနစ်ခန့်အတွင်း တစ်စုံတစ်ခုဖြစ်သွားနိုင်သောကြောင့်ပင်ဖြစ်သည်။ ဥပမာ- လျှိုကျောက်ချန်မှ သူ့အလုပ်ကို သို့မဟုတ် သူ့နှစ်သက်မှုတို့အား စစ်ဆေးရန် ရုတ်တရက် ရောက်လာခြင်းမျိုးဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူက အဖက်ဖက်တွင် ပြီးပြည့်စုံအောင် ထည့်သွင်း စဥ်စားထားသည်။
ကံမကောင်းစွာပင် သူအလုပ်ဆင်းရမည့် အချိန်မတန်သေးပေ။
ယဲ့ကျားက သူ့ရှေ့ရှိ မပြင်ဆင်ရသေးသော စာရွက်စာတမ်းများ အမြောက်အမြားဖြင့် သူ့အခန်းထဲတွင် နာခံစွာ ထိုင်နေသည်။
သူသည် ထိုနေရာတွင် ယောင်ဝါးဝါးလုပ်ရင်း ထိုင်ကာ သူ၏ငါးဆားနယ်ဇာတ်ရုပ်ကို အားစိုက်ထုတ်ကာ သရုပ်ဆောင်နေသည်။
ရုတ်တရက် ယဲ့ကျားက တစ်ခုခုသတိရသွားပုံရ၏။ နည်းနည်းလောက် တိတ်ဆိတ်မနေဘူးလားလို့။
ယဲ့ကျားက နောက်ဆုံးတွင် သူမေ့သွားသည်ကို သတိရလိုက်သည်။
သူသည်လက်ကို မြှောက်ပြီး သူ့ပခုံးကို ထိလိုက်သည်။
ထို့နောက်သူက လက်မဲလေးအား ဆွဲထုတ်လိုက်သည်။
၄င်းက အားနည်းနေပုံရပြီး သူ့တစ်ကိုယ်လုံးကလည်း အရောင်အနည်းငယ် မှိန်နေသည်။ သူသည် ထိုအချိန်တွင် သတိမေ့မျောနေပြီး တစ်ဖက်လူ၏ ကိုင်လှုပ်လိုက်မည်ကို ကြောက်ရွံ့ပြီး ယဲ့ကျား၏ကော်လာ၌ တွယ်ကပ်နေဆဲပင်။
ယဲ့ကျားက လက်မဲလေးကို လှုပ်နှိုးလိုက်သည်။ သူ့ရင်ထဲတွင် ရှားရှားပါးပါး အပြစ်ရှိသည့် ခံစားချက်လေး ပေါ်လာသည်။
သူ သတိလစ်နေချိန်တွင် သူထုတ်လွှတ်လိုက်သည့် တစ္ဆေစွမ်းအင်က မည်မျှ အစွမ်းထက်ကြောင်း သူသိသည်။လက်မဲလေးက သူနှင့် အနီးဆုံးသူဖြစ်သောကြောင့် ၎င်းမှာ ပထမဆုံး တိုက်ခိုက်ခံရမည့်သူ ဖြစ်နိုင်သည်။
၄င်းသည် တိုက်ရိုက်ထိုးနှက်ချက်အား ခံလိုက်ရပုံရပြီး သတိပြန်မရသေးပေ။
ယဲ့ကျားက သူ့ကို ယင်စွမ်းအင် အနည်းငယ် ထည့်ပေးလိုက်သည်။
အားနည်းနေသေးသော်လည်း လက်မဲလေး၏ အရောင်က ပြန်လည်ကောင်းမွန်လာခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် လက်မဲလေးက သတိလည်လာသည်။
သူက ယဲ့ကျားကိုမြင်လိုက်သည်နှင့် ကျယ်လောင်စွာ ငိုကြွေးပြီး အထွန့်နက်လာ၏။
"ဘော့စ်.... မင်းအရမ်းရက်စက်တာပဲ!"
ယဲ့ကျား : "... အဟွတ် တောင်းပန်ပါတယ်"
လက်မဲလေးက ယဲ့ကျား၏ လက်ကို ကိုင်ထားပြီး
"ကျွန်တော်သေရတော့မယ်လို့ ထင်နေတာ''
ယဲ့ကျားက ခဏတာ တိတ်ဆိတ်နေသော်လည်း နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဖြည်းညင်းစွာ ပြောလိုက်သည် ။
"ဒါပေမယ့်လည်း တစ်နည်းအားဖြင့်ဆို... မင်းကသေပြီးသားလေ''
လက်မဲလေးမှာ စကားဆက်မပြောနိုင် ဖြစ်သွားသည်။
သူက ဒေါသတကြီးဖြင့်
“မင်းက ဒီလိုအချိန်မျိုးမှာ ငါ့စကားထဲက အမှားတွေရှာဖို့ ကြိုးစားနေတုန်းပဲလား ကိုယ်ချင်းစာစိတ်ရော ရှိရဲ့လား"
ယဲ့ကျား၏ စိတ်အခြေအနေက ကောင်းမွန်နေသည်။
''ငါမှားတာပါ''
…..ယင်းက ဝါဂွမ်းလုံးကို ထိုးလိုက်ရသလိုပင်။
လက်မဲလေးမှာ မည်သည့်နေရာကမှ ဒေါသ မထွက်နိုင်တော့ပေ။၄င်းက စိတ်ဆိုးစွာ နှာမှုတ်ပြီး အင်တင်တင်ဖြင့် ပြောလိုက်သည်။
“…… နောက်ကျရင် ဖုန်းဆော့ချင်တယ်”
ယဲ့ကျားက စိတ်ထားကောင်းစွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး
"'ကောင်းပြီ''
''သုံးနာရီကစားလို့ရတယ်''
''ဟုတ်ပြီကွ''
"ဂိမ်းထဲမှာ ပဲစေ့တွေဝယ်ဖို့ ပိုက်ဆံသုံးချင်တယ်"
လက်မဲလေးက လောဘကြီးလာသည်။
ယဲ့ကျားက ဒေါသထွက်ခြင်းမရှိဘဲ ခေါင်းယမ်းလိုက်သည် ။
"အိပ်မက်မက်နေလိုက်"
“……” လက်မဲလေးက ပို၍ပင် စိတ်ဆိုးသွားပြီး
“မင်း... မင်း… လစာတစ်ဝက်ပေးမယ်လို့ ပြီးခဲ့တဲ့ အကြိမ်က ကတိမပေးခဲ့ဘူးလား!”
ယဲ့ကျားက ပြောလိုက်သည်။ ''အမှန်ပဲ''
သူကထပ်ပေါင်း ပြောလိုက်သည်။
''နောက်လမှလေ''
လက်မဲလေး “…..” ၄င်းအား သေချာစဉ်းစားပြီးနောက် တကယ်ဖြစ်ပုံရသည်။
သူ၏ တွက်ချက်မှု မှားယွင်းခဲ့သည်။
ယဲ့ကျားက အသေအချာတွေးလိုက်ပြီး တဖန်ထပ်ပြောလိုက်သည်။
"တကယ်လို့ နောက်လ အပိုဘောနပ်အနှုတ်မခံရရင်တော့ မင်း လစာရဦးမယ်လို့ ထင်တာပဲလေ"
လက်မဲလေး : ''.....''
မင်းတို့လူသားတွေ အားလုံးက ဝက်ငတုံးတွေပဲ။
သူက ယဲ့ကျား၏လက်မှ ဒေါသတကြီး ရုန်းထွက်လိုက်ပြီး သူ့အိတ်ကပ်ထဲသို့ ပြေးဝင်သွားသည်။
ယဲ့ကျား ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ မှန်ဝိဥာဥ်ကြောင့် ထိခိုက်သွားသော စိတ်က ယခု ပိုကောင်းလာသည်ဟု သူခံစားမိသည်။
သူက ခေါင်းကို မော့ပြီး ရုံးနံရံတွင် ချိတ်ထားသော နာရီကို ကြည့်လိုက်သည်။။
5:55
မကြာခင် အလုပ်ဆင်းချိန်ရောက်မည်ဖြစ်သည်။
ယဲ့ကျား၏ စိတ်အခြေအနေက ပိုကောင်းလာသည်။
သူသည် စားပွဲပေါ်တင်ထားသော စာရွက်စာတမ်းများကို ထုပ်ပိုးပြီး တစ်ခုခုကို တိတ်တဆိတ် စောင့်ဆိုင်းနေသကဲ့သို့ ထောက်ပံ့ပို့ဆောင်ရေးဌာန၏ တစ်ဝက်ပွင့်နေသော တံခါးကို စိုက်ကြည့်လိုက်သည်။
ရွေ့လျားနေသော မိနစ်လက်က '12' တွင်ရပ်လိုက်သည့်အခိုက်တွင် ယဲ့ကျားက ကျယ်လောင်စွာထရပ်ပြီး သူအရင်ကအကြိမ်ပေါင်းထောင်ချီလုပ်ခဲ့သည့်အတိုင်း တံခါးဆီသို့ ကျွမ်းကျင်စွာ ပြေးထွက်သွားသည်။
လျှိုကျောက်ချန်မှာ သူ၏ပြောင်နေသော ခေါင်းပေါ်မှ ဖြတ်တိုက်သွားသော လေအေးအား ခံစားလိုက်ရသည်။
သူ့ခေါင်းကို မော့ကြည့်လိုက်ရာ ယဲ့ကျား၏ ထိုင်ခုံက ဗလာဖြစ်နေပြီး သူ့ပုံရိပ်က တံခါးအပြင်ဘက်သို့ ရောက်သွားသည်မှာ ကြာပြီဖြစ်သည်။
လျှိုကျောက်ချန် : ''.....''
လိုအပ်သည်ထက် တစ်စက္ကန့်ပိုကြာအောင် အလုပ်မလုပ်တတ်သည့် စိတ်ဓာတ်နှင့်အတူ သူဌေးသတိမထားမိခင် ရုံးအပြင်သို့ ထွက်ပြေး ပျောက်ကွယ်သွားပြန်သည်။
၄င်းအား ထူးခြားသော အတတ်ပညာတစ်ခုအဖြစ် မှတ်ယူနိုင်သည်။
......
အုပ်ချုပ်ရေး အဆောက်အဦး၏ အောက်တွင်။
ယဲ့ကျား ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်အောက်၌ ရပ်နေစဉ် အနက်ရောင်ကားတစ်စီးက အဆောက်အအုံအောက်ရှိ ကားပါကင်နေရာမှ ဖြည်းညင်းစွာ မောင်းထွက်လာခဲ့သည်။
ကားထဲမှ ခယ့်ကျန်းက သူ့ကိုတွေ့သွားသည်။
"ဟေး အစ်ကိုဝူ ဒါက အရင်က ထောက်ပံ့ပို့ဆောင်ရေးဌာနက ဝန်ထမ်းမဟုတ်ဘူးလား''
ဝူဆုမှာ မတိုင်မီကထက် ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။
သူက ခယ့်ကျန်း ညွှန်ပြသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်အောက်တွင် ရပ်နေသော လူငယ်ထံသို့အရောက်တွင်း မျက်လုံးများအား ခဏရပ်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် တစ်ဖက်လူက ဝူဆုအား အနည်းငယ် စိတ်ရှုပ် ထွေးစေသည်။
လူငယ်လေးသည် အရပ်ရှည်ကာ သွယ်လျပြီး သူ့အသားအရည်မှာ အလွန်ဖြူစင်သည်။ နေဝင်ချိန်၌ မတ်တပ်ရပ်နေပုံက သူ၏အာရုံအား အထူးဖမ်းစားနေ၏။ အကြောင်းရင်းကို မသိရသော်လည်း ထိုလမ်းကြောင်းကို လှမ်းကြည့်သူတိုင်းက သူ့အား ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။သူ၏ပတ်ဝန်းကျင်တွင် ဤကမ္ဘာနှင့်မသက်ဆိုင်သကဲ့သို့သော ထူးဆန်းသောလေထုတစ်ခု ရှိနေသည်။ ၎င်းက လူအုပ်ကြားတွင် သူ့ကို ထင်ရှားစေခဲ့သည်။
ဝူဆုက သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး ကားကို ဆက်မောင်းရန် ယာဉ်မောင်းကို တိုက်တွန်းလိုက်သည်။
"နောက်တစ်ခါမှ သူ့ကို ကျေးဇူးဆပ်တော့မယ် လောလောဆယ် အရေးကြီးတဲ့ ကိစ္စ ရှိနေသေးတယ်”
အေ့စ်နှင့်တွေ့ဆုံရန်ဖြစ်သည်။
.
6:10.
လမ်းထောင့်ရှိ နို့လက်ဖက်ရည်ဆိုင်တွင်။
ဝူဆုတံခါးဖွင့် ပြီး ဝင်သွားချိန်၌ ဆိုင်က အလွန်တိတ်ဆိတ်နေသည်။ သူမှလွဲ၍ အခြားမည်သူမျှမရှိပေ။
သူက ခေတ္တရပ်လိုက်ပြီး သူ့မျက်လုံးများက ဗလာဖြစ်နေသော ဆိုင်ခန်းတစ်ဝိုက်အား ကြည့်နေလိုက်သည်။
သူသည် ဤနေရာတွင် တစ်ဦးတည်းသော ဖောက်သည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝူဆုသည် သူ့မျက်နှာတွင် ခဏတာ ပေါ်လာသည့် စိတ်ပျက်မှုအား ဖုံးကွယ်ကာ ကော်ဖီတစ်ခွက်ကို ပေါ့ပေါ့ပါးပါး မှာကြားလိုက်ပြီး ပြတင်းပေါက်နားတွင် ထိုင်လိုက်သည်။
ဒီခုံမှ မြင်ကွင်းက အကောင်းဆုံးပင်။
သူထိုင်နေသည့် နေရာမှနေ၍ အပြင်ဘက်ရှိ ဝေးကွာသောနေရာမှ ပင်မဝင်ပေါက်အထိ လမ်းတစ်ခုလုံးကို မြင်နေရသည်။
ကားတစ်စီးက ဤလမ်းပေါ်သို့ မောင်းလာလျှင် သို့မဟုတ် တစ်စုံတစ်ယောက်က ဤလမ်းကြောင်းအတိုင်း လျှောက်လာမည်ဆိုပါက ချက်ချင်းမြင်နိုင်မည်ဖြစ်သည်။
Xxxx