အပိုင်း ၃၆
Viewers 10k


Chapter 36



ဝူဆုက တံခါးအနီးကို စိုက်ကြည့်နေသည်။သူ အာရုံလွဲသွားလျှင် တစ်ဖက်လူနှင့် လွှဲချော်သွားမည်ကို စိုးရိမ်နေသကဲ့သို့ တစ်ချိန်လုံး တစ်ချက်မျှ အကြည့် မလျှော့ဝံ့ပေ။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက တင်းမာနေသည်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ နိုးကြားနေသည့် အခြေအနေ၌ ရှိနေသည်။

ဤအချက်ကြောင့် အပြင်ဘက်မှ မည်သည့်ပြောင်းလဲမှုမဆို ဝူဆုကို ထိတ်လန့်စေခဲ့သည်။

မိနစ်များ ကုန်ဆူံးသွားသည်။

ချိန်းထားသောအချိန်နီးကပ်လာသည်နှင့်အမျှ ဝူဆု၏နာရီကိုစစ်ဆေးသည့်အကြိမ်ရေ တဖြည်းဖြည်းတိုးလာသည်။သူက ရင်တထိတ်ထိတ်ဖြင့် စောင့်နေရင်း နာရီမျက်နှာပြင်တွင် ဖြည်းညင်းစွာ ရွေ့လျားနေသည့် ဒုတိယလက်တံအား ကြည့်နေသည်။

သုံးမိနစ်သာ ကျန်တော့ချိန်တွင်

လမ်းတစ်ခုလုံး ဗလာကျင်းနေသည်။

နှစ်မိနစ်အလိုတွင်

အနီးနားရှိ သစ်ရွက်တစ်ရွက်က လေတိုက်၍ မြေပြင်ပေါ်တွင် ဝေ့ဝဲနေ၏။

ဝူဆု၏နှလုံးသားမှာ တဖြည်းဖြည်း နစ်မြုပ်သွားသည်။

သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော ထင်ကြေးများ တွေးတောနေမိသည်။သုန့်ကွာမှ သတင်းမှားကို ပေးခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်ဖက်လူက စိတ်ပြောင်းသွားခြင်း သို့မဟုတ် မမျှော်လင့်ထားသည့်အရာတစ်ခုကြောင့် နှောင့်နှေးသွားခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ၄င်းက အမှန်တွင် သူ့ကို အာရုံလွှဲရန် သူတို့၏ ပူးပေါင်းကြံစည်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်၏...။

တစ်မိနစ်သာလိုတော့သည်။

ဝူဆုက စိတ်ထဲတွင် တင်းထားသည့် သက်ပြင်းများကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီး သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။

သူ့အနေဖြင့် တစ်ဖက်က အချိန်မီ မရောက်ခဲ့လျှင်ပင် ဤနေရာ၌ အနည်းဆုံး သုံးနာရီခန့် စောင့်ရန် အသင့်ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် ထိုလူက ဂိမ်းကို ရှင်းပစ်ခဲ့သည့် တစ်ဦးတည်းသော ကစားသမားဖြစ်သည်။

ဂိမ်းတွင်ပါဝင်ပတ်သက်သူတစ်ဦးအနေဖြင့် ဝူဆုမှာ ဂိမ်းအတွင်း ဆိုးရွားသောအဖြစ်အပျက်များနှင့် စွမ်းအားကြီးတစ္ဆေများရှိသည်ကို သိရှိနားလည်ခဲ့သည်။ ၎င်းကို ရှင်းလင်းပြီး လက်တွေ့ကမ္ဘာသို့ ပြန်သွားနိုင်သည့် ကစားသမားတစ်ဦး အမှန်တကယ်ရှိခြင်းမှာ သူ့အတွက် မယုံနိုင်လောက်အောင်ပင်ဖြစ်စေသည်။ ရိုးရှင်းစွာပင် ၄င်းက ကောင်းကင်သို့တက်ခြင်းထက် ပို၍ပင်ခက်ခဲသောအရာတစ်ခုဖြစ်သည်။ ထိုအရာကို အောင်မြင်အောင် စွမ်းဆောင်နိုင်သည့်သူသည် မည်မျှ အစွမ်းထက်ပြီး ကြောက်စရာကောင်းကြောင်း သူ တွေးကြည့်၍ပင် မရပေ။

ပိုအရေးကြီးသည်မှာ...

ယခုအခါတွင် တစ္ဆေတံခါးများ ကျယ်ပြောစွာ ပွင့်နေသောကြောင့် ဂိမ်းအတွင်းရှိ စွမ်းအားကြီးတစ္ဆေများနှင့် မကောင်းဆိုးဝါးများအားလုံး လွတ်လာကြပြီး လက်တွေ့ကမ္ဘာသို့ ဘေးအန္တရာယ်များကို သယ်ဆောင်လာခဲ့သည်။

အေ့စ်ထံမှ အကူအညီရယူခြင်းမှာ သူတို့ အောင် မြင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဒီအခိုက်အတန့်တွင် ဝန်ထမ်းက သူမှာထားသော ကော်ဖီကို သတိထားပြီး သယ်လာ၏။

ခွက်သည် အနည်းငယ်ပြည့်နေပြီး ခြေလှမ်းတိုင်းတွင် လှုပ်ခါသွားကာ အနားစွန်းမှ ကော်ဖီတစ်ချို့ တဖြည်းဖြည်း ဖိတ်ကျလာစေသည်။ကြွယ်ဝသည့်ခါးသီးသောရနံ့သည် ဗလာဖြစ်နေသော စတိုးဆိုင်တစ်လျှောက် ပျံ့နှံ့သွားသည်။

ဝူဆုက သူမကို ခေါင်းညိတ်ပြလိုက်ပြီး စားပွဲကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီမှာထားလိုက်ပါ…”

သူ၏စကားမဆုံးခင်၌ လက်တစ်ဖက်က ဆန့်ထွက်လာသည်။ လက်ချောင်းများက ကောင်းမွန်သောအချိုးအဆစ်များရှိပြီး အသားအရည်မှာ ချောမွေ့ဖြူဖွေးနေသည်။ ၎င်းက ဝန်ထမ်း၏ အတန်ငယ်မတည်မငြိမ်ဖြစ်နေသော လက်ကို တည်ငြိမ်အောင် ထိန်းပေးလိုက်သည်။

“သတိထားပါ”

တစ်ဖက်သား၏ အသံက အနည်းငယ် အေးစက်နေသည်။အေးမြသော နွေဦးကဲ့သို့ နက်ရှိုင်းပြီး ကြည်လင်၏။

သို့သော်လည်း သူ့အသံက သိမ်မွေ့ပြီး ယဥ်ကျေးနေသည်။

"ငါလုပ်လိုက်မယ်"

ဝူဆု၏ မျက်လုံးများ ပြူးကျယ်သွားသည်။သူသည် တုန်လှုပ်စွာဖြင့် ခေါင်းကို လှည့်လိုက်သည်။

ထိုလက်က ဝန်ထမ်း၏လက်ထဲမှ ကော်ဖီကို ညင်သာစွာယူပြီး စားပွဲပေါ်တင်လိုက်သည်ကို သူတွေ့လိုက်ရသည်။

ခွက်အောက်ခြေက စားပွဲကို အသံခပ်တိုးတိုးမြည်ကာ ထိမိသွားသည်။

တစ်ချိန်တည်းမှာပင် စတိုးဆိုင်မှ နာရီပေါ်ရှိ မိနစ်လက်သည် နံပါတ် '၃' သို့ ညွှန်ပြရန် ရွေ့သွားသည်။

ဝူဆုမှာ အသက်ရှုရပ်သွားသလို ခံစားလိုက်ရသည်။

အမျိုးသားငယ်က ကြောင်တစ်ကောင်ကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ဝင်လာခဲ့သည်။ သူက ဝူဆုရှေ့သို့ အရိပ်တစ်ခုပမာ ပေါ့ပေါ့ပါးပါး ပေါ်လာပြီး လျှင်မြန်ဆိတ်ငြိမ်စွာဖြင့်  ဆန့်ကျင်ဘက်တွင် ဝင်ထိုင်နေသည်။

သူက ပေါ့ပေါ့ပါးပါး ပြောလာသည်။

“ဒီဆိုင်ရဲ့ မက်ခါနို့လက်ဖက်ရည်က ကော်ဖီထက် ပိုကောင်းတယ် နောက်တစ်ခါ စမ်းသောက်ကြည့်လိုက်"

ဝူဆုမှာ သူ၏နှလုံးခုန်နှုန်းက တစ်မိနစ်လျှင် အကြိမ် ၂၀၀ အထိ တိုးလာသည်ဟု ခံစားခဲ့ရသည်။သူ၏ နားစည်ထဲတွင် သူ့နှလုံးခုန်သံကို သူပြန်ကြားနေရပြီး ပတ်ဝန်းကျင်မှ အထူးဆူညံသံများကို ကြားနေရသည်။

သူ့စိတ်တို့ ရှုပ်ထွေးနေသည် ။သူက ရှင်းရှင်းလင်းလင်း မတွေးနိုင်ခဲ့ပေ။ သူ့ဦးနှောက်ထဲတွင် စကားလုံးအနည်းငယ်မျှသာ လှည့်ပတ်နေသည်။

အဲဒါအေ့စ်၊ အဲဒါအေ့စ်၊ အဲဒါအေ့စ်--

အား!!!!

ဝူဆုက သူ့လည်ချောင်းကို ရှင်းလိုက်သည်။တစ်ချို့သော အချက်များကြောင့် သူ့အသံက အက်ကွဲလာပြီး
"အခု အချိန်က ကပ်နေပြီနေ၊ မင်းလာတာမမြင်သေးတော့ ငါထင်တာက....

သူက တည်ငြိမ်ဟန် ဆောင်နေသော်လည်း သူ့စကားများက ရှုပ်ထွေးနေသည်။

“ငါကအချိန်မှန်တာကို ကြိုက်တယ်”

လူငယ်လေးက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

သူ့တွင် ထူးဆန်းသည် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ သူနှင့် စကားပြောသည့်သူများက ချက်ခြင်း အပန်းပြေသွားသကဲ့သို့ပင်။

ဝူဆုက ဖြည်းညင်းစွာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော အေ့စ်ကို မတုန်မလှုပ်ဖြင့် ကြည့်လိုက်သည်။

သူက ရိုးရိုးရှင်းရှင်းနှင့် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော်လည်း သူ၏ သွယ်လျကာ ရှည်လျားသည့် ခြေတံများနှင့် ဖြောင့်စင်းသည့် ကိုယ်ဟန်အနေအထားကို ပေါ်လွင်စေသည်။သူ၏ခေါင်းစွပ်မှ အရိပ်သည် တစ်ဖက်လူ၏ မျက်နှာကို ဖုံးကွယ်ထားကာ သူ၏ ပါးလျသည့်မေးနှင့် လှပသည့် နှုတ်ခမ်းသဏ္ဍာန်များကို ထင်ရှားသွားစေသည်။

တွေးနေစရာပင်မလိုဘဲ တစ်ဖက်လူက သူ့အသွင်အပြင်ကို ဖုံးကွယ်ရန် အထူးနည်းလမ်းကို အသုံးပြုထားကြောင်း ဝူဆုသိသည်။

အမှန်တွင် တစ်ဖက်လူက သူ့အသွင်အပြင်အစစ်နှင့် သူ့ကိုလာတွေ့လိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။

နောက်ဆုံးတွင် ဝူဆုသည်လည်း မုန်းတီးမှုအဆင့်သတ်မှတ်ချက်စာရင်းကို ကြားဖူးသည်။

ပြောစရာမလိုအောင်ပင် ကြောက်စရာကောင်းသည့် သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများက သူ့ကို ဆုကြေးနှင့် လဲလှယ်ရန် ကြိုးစားကြသည်။ ကစားပွဲမှ လွတ်မြောက်နိုင်ခဲ့သော ကစားသမားများတွင် အများစုမှာ လူကောင်းများ မဟုတ်ကြပေ။ သူတို့က စွမ်းအားကြီးတစ္ဆေများထက်ပင် ပို၍အန္တရာယ်များပြီး မှန်းဆ၍မရနိုင်ပေ။

အေ့စ်မှ သူ့ကိုတွေ့ချင်စိတ်ရှိခြင်းကပင် ကြီးမားသောအရာတစ်ခု ဖြစ်နေပြီဖြစ်သည်။

၄င်းအား သူ ကြားလိုက်ရစဥ်က လုံးဝ အံ့အားသင့်သွားခဲ့သည်။

ယခုထိပင် ဝူဆုမှာ မယုံနိုင်သေးပေ။ သူက နို့လက်ဖက်ရည်ဆိုင်တွင် အေ့စ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေကြသည်ကို မယုံနိုင်ပါချေ။

ယဲ့ကျားက မက်ခါနို့လက်ဖက်ရည်တစ်ခွက်ကို မှာလိုက်သည် ။

ဝန်ထမ်း ထွက်သွားသံကို ကြားပြီးနောက် သူက ခေါင်းကို ပြန်လှည့်လာပြီး ဝူဆုကို ကြည့်လိုက်သည်။ သူ့အသံက တည်ငြိမ်ပြီး ပျော့ပျောင်းနေသည်။

"ငါတို့ အခု လွတ်လွတ်လပ်လပ် ပြောလို့ရပြီ ထင်တယ်"

ဝူဆုက သူ့နောက်ကျောကို တည့်တည့်မတ်မတ်ထားလိုက်သည်။လက်နှစ်ဖက်က ဒူးပေါ်တွင်တင်ထားပြီး သူ၏ပုံစံမှာ အိမ်သို့ သူတို့၏ဆရာ အလည်လာစဥ် ကျောင်းသားများဖြစ်နေပုံထက်ပင် ပို၍လေးနက်ပုံ ပေါ်နေသည်။

"ဒါဆို ဂိမ်းထဲမှာ ဘာဖြစ်ခဲ့တာလဲ"

ယဲ့ကျားက တည့်တိုးပင် မေးလိုက်သည်။

''ငါမသိဘူး''

ဝူဆုက ခေါင်းယမ်းလိုက်သည်။

''တစ်စက္ကန့်အတွင်းမှာ ဂိမ်းက ငါတို့ရဲ့ နောက်ထပ်လုပ်ရမယ်အရာတွေကို အစီရင်ခံနေသေးတယ် နောက်တစ်စက္ကန့်မှာပဲ စနစ်ကတုံ့ပြန်မှုမရှိတော့ဘူး ကစားသမားတွေက လုပ်စရာမရှိ ယောင်လည်လည်နဲ့ လျှောက်ပတ်သွားနေရင်း တစ်လလောက်ကြာတော့ ပွင့်နေတဲ့တံခါးကို တွေ့လိုက်ရတာပဲ''

ယဲ့ကျားမှာ မူလက ဤမေးခွန်းအတွက် အဖြေကို မမျှော်လင့်ခဲ့ပေ။

သူက ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည်။

“ဘယ်တုန်းက ဖြစ်တာလဲ”

“လွန်ခဲ့တဲ့ တစ်လ ဒါမှမဟုတ် တစ်လခွဲလောက်ကပေါ့”

သူ့ခေါင်းစွပ်၏ အရိပ်အောက်တွင် ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။

တကယ့်ကို အချိန်ကိုက်လွန်းနေတာပဲ။

ထိုအချိန်တုန်းက ဗျူရို၌ အလုပ်ပမာဏ သိသိသာသာ တိုးလာကာ မီဒီယာများမှ ထူးဆန်းသော ပျောက်ဆုံးမှုများနှင့် သေဆုံးမှုများ ဖြစ်ပွားနေကြောင်း သတင်းများထုတ်လွှင့်ကြသည်။

မက်ခါနို့လက်ဖက်ရည် ရောက်လာသည်။

ယဲ့ကျားက ပူနွေးနေသောခွက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ဖြည်းညင်းစွာမေးလိုက်သည်။

"အဲဒီတစ္ဆေဘုရင် မင်း သူ့အကြောင်း တစ်ခုခုသိလား"

"နည်းနည်းလောက်ပဲ သိပ်မသိဘူး"

ဝူဆုက ရိုးရိုးသားသားဖြေသည်။

ယဲ့ကျားက လွန်ခဲ့သော နှစ်နှစ်က ဂိမ်းကို ရှင်းလင်းခဲ့သည်။သူထွက်သွားပြီး မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးတစ္ဆေတစ်ကောင် ရုတ်တရက် ပေါ်လာသည်။ သူ မည်သည့်နေရာမှ လာကြောင်း မည်သည့်ကစားသမား သို့မဟုတ် မည်သည့်တစ္ဆေကမှ မသိကြဘဲ ၄င်းက မည်သို့မကောင်းဆိုးဝါးမျိုးဖြစ်ကြောင်းကိုလည်း မည်သူမှ မသိကြပေ။ သူနေသည့် နေရာမှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ထိုသူက အလွန်ရက်စက်ကာ လူတိုင်းကို မည်သူမည်ဝါဟု မခွဲခြားဘဲ တိုက်ခိုက်သည့်အထိ ရူးသွပ်နေခဲ့သည်။ သူပေါ်လာပြီး မကြာခင်၌ မျိုးစိတ်ပေါင်းများစွာကို သုတ်သင်ပစ်လိုက်သည်။

ကပ်ပါးကောင်များကလည်း သူတို့ထဲမှ တစ်အုပ်စုပင်ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးတွင် သူက S အဆင့်သို့ လျင်မြန်စွာ တက်လာခဲ့သည်။သူ့ကို ရန်စရဲသည့် သတ္တိမရှိကြပေ။

ထိုအချိန်မှစ၍ သူ၏ တန်ခိုးအာဏာမှာ ဆက်လက်ပြီး ကြီးထွားလာခဲ့သည်။ သူက အခြားသော Sအဆင့် စွမ်းအားကြီးတစ္ဆေများ၏ နယ်မြေများကို မသမာစွာ သိမ်းပိုက်ခဲ့ပြီး သွေးထွက်သံယို စစ်ပွဲများစွာ ပြီးဆုံးသွားသည့် တစ်နေ့တွင် ဂိမ်းထဲရှိ အမုန်းတရား ဦးဆောင်သူစာရင်းဇယားပေါ်၌ အနီရောင်တောက်တောက် စာသားတစ်ကြောင်း ပေါ်လာပြီး တစ္ဆေဘုရင် မွေးဖွားခြင်းကို ဂုဏ်ပြုခဲ့သည်။

ထိုနေ့တွင်ပင် အေ့စ်၏အမည်က ထိုမုန်းတီးမှုအဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်တွင် ပေါ်လာသည်။

"ဒါပေမယ့် ငါ လက်တွေ့ဘဝထဲပြန်ရောက်ပြီးကတည်းက ဒီတစ္ဆေဘုရင်အကြောင်း သိပ်မကြားမိဘူး"

ဝူဆုက ပဟေဠိဖြစ်နေဟန်ဖြင့် သူ့ခေါင်းကို ကုတ်လိုက်သည်။

"အခု အလုပ်မှာ Aအဆင့် ဒါမှမဟုတ် အဲ့ထက်နိမ့်တဲ့ စွမ်းအားကြီးတစ္ဆေတွေနဲ့ ဆက်ဆံရတာများတယ်"

တစ်ဖက်သား၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ယဲ့ကျားက ခေါင်းငုံ့ကာ နို့လက်ဖက်ရည်ကို သောက်လိုက်သည်။ သူ့မျက်လုံးထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်လာသည်။

ပင့်ကူဘုရင်မနောက်ကွယ်၌ ရှိနေသည့် စွမ်းအားကြီးတည်ရှိမှုအကြောင်း တခြားအရိပ်တစ္ဆေများကို အားမီမှ စစ်ဆေးမေးမြန်းနေသည့် အချိန်အား သူမှတ်မိနေသေးသည်။

ရှင်းနေသည်မှာ စွမ်းအားကြီးတစ္ဆေများကြားမှ လျှို့ဝှက်ချက်များက မျှော်လင့်ထားသည်ထက် ပိုမိုရှုပ်ထွေးနေပေလိမ့်မည်။

ယဲ့ကျားက နို့လက်ဖက်ရည်ကို စားပွဲပေါ်တင်လိုက်ပြီး သူ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည့် ဝူဆုကို မော့ကြည့်လိုက်သည်။

"ငါ မင်းကို ကူညီဖို့ ဆန္ဒရှိပါတယ်"

ဝူဆု၏ အမူအရာမှာ ဖုံးကွယ်၍မရအောင်ပင် ပျော်ရွှင်မှုသွားကြောင်း ထင်ရှားသည်။

ယဲ့ကျားက "မင်းမဖြေရှင်းနိုင်တာရှိရင် ငါ့ကို ဆက်သွယ်လို့ရတယ်"

သူပြောပြီးသည်နှင့် တပြိုင်နက် သူ့ပခုံးနောက်မှ လက်မည်းလေး ထွက်လာပြီး စာရွက်တစ်ရွက်ကို ဖြည်းညင်းစွာ တွန်းပေးလိုက်သည်။

၄င်းမှာ ဂိမ်းထဲမှ ကစားသမားများ ဆက်သွယ်သော နည်းလမ်းတစ်ခုပင်။ သူတို့ပြောချင်သည့် မက်ဆေ့ခ်ျကို ချရေးပြီး စက္ကူကြိုးကြာပုံစံ ခေါက်ကာ မီးရှို့လိုက်သည်နှင့် စက္ကူကြိုးကြာက ပြုလုပ်ထားသူ၏ လက်ထဲသို့ သဘာဝအတိုင်း ပြန်ရောက်သွားမည်ဖြစ်သည်။

ရုတ်တရက်ပေါ်လာသော လက်မည်းလေးကို မြင်လိုက်ရသဖြင့် ဝူဆု အံ့သြသွားသည်။ သူ၏ လက်များမှာ မသိစိတ်ဖြင့် လက်သီးဆုပ်ထားမိသည်။

ဒါက... တစ္ဆေထိန်းချုပ်မှုပဲ။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသော တားမြစ်ထားသည့် ကျွမ်းကျင်ပညာရပ်တစ်ခုဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်အား အမိန့် နာခံရန် တွန်းအားပေးခြင်းဖြစ်သည်။

သို့သော် လုံလောက်သည့် ကျွမ်းကျင်မှုမရှိသူများမှာ သူတို့မွေးမြူထားသော စွမ်းအားကြီးတစ္ဆေများ၏ ပြန်လည် ဝါးမျိုခြင်းကို ခံရမည်သာဖြစ်သည်။

ဝူဆုက ဤကျွမ်းကျင်မှုအား တတ်မြောက်သော ကစားသမားများစွာကို မြင်ဖူးသော်လည်း အနှီသရဲတစ္ဆေမှနေ၍ အလွန်နာခံစွာဖြင့် လုံးလုံးလျားလျား အထွန့်တက်ခြင်းမရှိဘဲ အမိန့်လိုက်နာသည်ကိုတော့ဖြင့် မတွေ့ဖူးပေ။

သူက ရှေ့မှ လူငယ်လေးအား လေးစားသထက်လေးစားစွာ ကြည့်နေမိသည်။

နောက်ပြန်ဆုတ်နေပြီဖြစ်သော လက်မည်းလေးက မျက်ရည်များကို တိတ်တဆိတ် ပြန်သိမ်းလိုက်သည်။

ထိုဂိမ်းမှ ကစားကွက်များမှာ လူတစ်ဦး၏ ယင်စွမ်းအင်ကို မကြာခဏ အသုံးပြုရန် လိုအပ်သည်။ ထိုယင်စွမ်းအင်မှတဆင့် အခြားလူများ သူ့အကြောင်း သတင်းအချက်အလက်များ ရရှိသွားမည်စိုးသောကြောင့် ယဲ့ကျားက ပိုမိုရိုးရှင်းသောနည်းလမ်းကို ရွေးချယ်ခဲ့သည်။ ဥပမာ ...လက်မည်းလေးမှတဆင့် ဆက်ဆံခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ပစ္စည်းများကို တစ်စုံတစ်ယောက်က လုယူသွားလျှင်ပင် သူတို့ရနိုင်သည့် အချက်အလက်အားလုံးက ဤအားနည်းသော တစ္ဆေကလေးနှင့်သာ သက်ဆိုင်သည်။

လက်မဲလေးမှာ သူ၏ အရောင်ဖျော့နေသည့် ခန္ဓာကိုယ်ကို ကြည့်ကာ သက်ပြင်းချမိပြန်သည်။

ယုတ်မာတဲ့ အရင်းရှင်ပဲ။

“ဒါပေမယ့် ဒီလို ကူညီမှုမျိုးက အပြန်အလှန်ပဲ”

ယဲ့ကျားက အလျင်မလိုစွာ ပြောလိုက်သည်။

“တချို့နေရာတွေမှာ မင်းက ငါ့ကို ကူညီရမယ်''

'' ပြဿနာမရှိဘူး!" ဝူဆုက ပြောသည်။

"ပထမအချက်က ဟိုးအရင်တုန်းက အရေခွံခွာတဲ့ ကိစ္စပဲ"

ထိုသရဲဘတ်စ်ကား ပျောက်ကွယ်သွားပြီးနောက် ထိုအရေခွာသည့် ကိစ္စမှာလည်း ရပ်ထားလိုက်ရသည်။

ဤပျောက်ဆုံးမှုက သူ အစိုးရိမ်ရဆုံးပင်ဖြစ်သည်။

"နောက်တစ်ခုကတော့ တစ္ဆေမျက်နှာ ပင့်ကူတွေရဲ့ အသိုက်ပဲ"

ယဲ့ကျားက ခေတ္တရပ်လိုက်ပြီး ဖြည်းညှင်းစွာ ဆက်ပြောသည်။

“အဲဒီအသိုက်ရဲ့ လက်မတိုင်းကို လိုက်ရှာပြီး သဲလွန်စတွေကို လျစ်လျူမရှုမိပါစေနဲ့ တစ်ခုခုတွေ့တာနဲ့ ချက်ချင်းဆက်သွယ်ပါ"

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ကြား စကားဝိုင်းက ပြီးသွားသည်။

လမ်းခွဲခြင်းမပြုမီ နောက်ဆုံးတွင် ဝူဆုက သူ၏ပြင်းပြသော သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။

''အိုး ဟုတ်သားပဲ''

လူငယ်လေးက သူ့ခြေလှမ်းများကို ရပ်လိုက်သည်။ သူက ပြန်လှည့်ကြည့်လိုက်ပြီး

"ဟမ်?"

"အဲ့ဒီကောလဟာလလေ... အမှန်ပဲလား"

ဝူဆုက သတိကြီးစွာဖြင့် မေးလိုက်သည်။

ယဲ့ကျားက သံသယအပြည့်ဖြင့် မျက်မှောင်ကြုတ်ကာ ...

"ဘာကောလဟာလလဲ"

“အဲဒါ…”

ဝူဆု အနည်းငယ်ရှက်သွားသည်။ မုတ်ဆိတ်မွေးအောက်မှ သူ့မျက်နှာက ရှက်ရွံ့နေပြီး

“အဲဒါ မင်းက ကင်းရဲ့ ခံစားချက်တွေကို လှည့်စားနေတယ်ဆိုတဲ့ဟာလေ…”

ယဲ့ကျား : “…………………………………”

သူက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ဖြည်းညင်းစွာ အသက်ပြင်းပြင်းရှူပြီး တစ်ချိန်တည်းမှာ စကားကို ဖြည်းညင်းစွာ ပြောလိုက်သည်။

“သရဲ များများဖမ်းပြီး အတင်းအဖျင်းတွေ နားထောင်တာကိုလျှော့''

ထိုစကားကို ပြောပြီးနောက် သူက လှည့်ပင်မကြည့်ဘဲ ပြန်သွားသည်။

ဝူဆုက ထိုပုံရိပ်ကို ကြည့်ရင်း ဗလာကျင်းနေရာမှ ရပ်လိုက်သည်။ သူက ခေါင်းကုတ်လိုက်သည်။

၄င်းက သူစိတ်ထင်ခြင်းလား မသိသော်လည်း တစ်ဖက်လူမှ ယခုပင် အံကြိတ်ပြီး ဤစကားများကို ပြောသွားပုံပေါ်သည်ဟု အဘယ်ကြောင့် ခံစားရနေသည်လဲ။

ပြီးတော့း...

အေ့စ်ကလည်း ဤမေးခွန်းကို ယခုထိ ရှင်းရှင်းလင်းလင်း မဖြေနိုင်သေးပေ..။

သူသည် မယုံနိုင်လောက်စရာ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယဲ့ကျားက မှောင်မိုက်နေသောအမူအရာဖြင့် ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် လက်မဲလေးက သူ့ပုခုံးပေါ်သို့ တက်လာကာ မျှော်လင့်တကြီး မေးသည် ။

"ဖုန်းဆော့လို့ရပြီလား"

ယဲ့ကျားက အသက်ပြင်းပြင်းရှူလိုက်သည်။ နောက်ဆုံးတွင် သူ့စိတ်များ ငြိမ်သက်သွားပြီဟု ခံစားလိုက်ရချိန်မှ အိတ်ကပ်ထဲကို လှမ်းနှိုက်လိုက်ကာ ဖုန်းကို ထုတ်လိုက်သည်။

“…..ဒီမှာ”

ဖုန်းကိုထုတ်လိုက်ပြီးနောက် မျက်နှာပြင်က အလိုအလျောက်ပွင့်လာသည်။

ယဲ့ကျား အကြည့်များက ဖန်သားပြင်ပေါ်သို့ ရောက်သွားပြီး သူ့လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။

သူက အားမီထံမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှု ဆယ့်ငါးခုနှင့် မဖတ်ရသေးသော မက်ဆေ့ခ်ျ ရှစ်ဆယ့်နှစ်စောင်ကို ကြည့်ကာ ငြိမ်သက်သွားခဲ့သည်။

ဒီနေ့က……

ဖြစ်နိုင်တာက ဖြစ်နိုင်တာက...

ဒီနေ့က သူ ကျီရွှမ်ကို ပြန်အစီရင်ခံရမယ့်နေ့လား


Xxxxxx