အပိုင်း ၃၇
Viewers 10k

Chapter 37



တစ္ဆေတစ်ကောင်ဖြစ်သည့် အားမီ ဤကဲ့သို့သော ၂၄ နာရီကြာ ညှဉ်းပန်းနှိပ်စက်မှုမျိုးကို တစ်ခါမှ မကြုံဖူးပေ။

သူ ကင်း၏ နောက်ဆုံးအကြိမ် ခံစားချက်ဆိုးဝါးချိန်ကို ရှင်းရှင်းလင်းလင်းမှတ်မိပါသေးသည်။ ထိုအချိန်က ကင်း Sအဆင့် စွမ်းအားကြီးတစ္ဆေများ၏ ပိုင်နက်ကို အပြီးသတ် ချေမှုန်းလုနီးပါး ဖြစ်ခဲ့၏။ သူ့ဘက်တော်သားများ ၊ ရန်သူများ အားလုံးကို လျစ်လျူရူထားပြီး ဒေါသများပေါက်ကွဲထွက်ရန်သာ အာရုံစိုက်ခဲ့လေသည်။ သူတို့သေရတော့မည်ဟုတွေးကာ ကြောက်လန့်နေစဉ် ကင်း ရုတ်တရက် ထွက်သွားခဲ့သည်။

အားမီ ကြောက်ရွံ့စွာ စောင့်ဆိုင်းနေခဲ့ပြီး ပျင်းစရာကောင်းသည်ဟု တစ်ခါမှ မတွေးဖူးခဲ့ချေ။

သို့သော် သူ မမျှော်လင့်ထားသည်က ကင်း ပြန်ရောက်လာသောအခါ ကင်း၏စိတ်အခြေအနေ တိုးတက်နေလေသည်။

???

အားမီ ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

သူ ကင်း၏ လက်အောက်မှ စွမ်းအားကြီးတစ္ဆေများနှင့် အဆင့်မြင့်တစ္ဆေများကို လျှို့ဝှက်ဆက်သွယ်လိုက်သောအခါ ၎င်းတို့၏ ပိုင်နက် ကောင်းမွန်နေဆဲဖြစ်ကြောင်း သိလိုက်ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းလည်း မရှိပေ။

ဖုန်းချပြီး‌နောက် အားမီပို၍ပင် စိတ်ရှုပ်သွားလေသည်။

ကဲ...ကင်းရဲ့ စိတ်အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် ဘာလုပ်ရမလဲ...

လက်မြှောက်ပြီး ဒီကလေးကို ချမ်းသာပေးပါလို့ တောင်းဆိုရမှာလား...

တစ်နေ့ သူ အသတ်ခံရမှာကို တွေးကြည့်လိုက်တာနဲ့ ကြောက်စရာကောင်းတယ်...

အားမီ တွေးတောနေစဉ် ကင်း၏ အသံ အပေါ်မှ ပေါ်ထွက်လာလေသည်။ သူ အလွန် အလေးမထားစွာ ပြောလိုက်သည်။

"အရိပ်တ‌စ္ဆေ..."

“ဟုတ်ကဲ့...”

ကျီရွှမ်၏ မျက်လုံး အနည်းငယ် အောက်စိုက်နေကာ မေးလိုက်သည်။

"သူ့ဆီက ဘာသတင်းရသေးလဲ...'

အားမီ ငိုချင်လာလေသည်။

"မရသေးပါဘူး...”

လွန်ခဲ့သည့် နာရီပိုင်းအတွင်း သူ လူသစ်ကို ဆက်သွယ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်လည်းတစ်ဖက်လူက သမုဒ္ဒရာထဲ ပြုတ်ကျသွားသည့်ဟန်‌‌‌ပေါ်ပြီး အကြောင်းပြန်စာ တစ်ခါမှ မရခဲ့ပေ။

အားမီ တစ်ဖက်လူကို မဆက်သွယ်နိုင်လျှင် ကင်း၏ စိတ်အခြေအနေက ထပ်မံဆိုး‌ဝါးလာမည်ဖြစ်ပြီးကင်းကို ကျေနပ်စေရန် လိုအပ်လေသည်။

တစ်ခါတစ်လေတော့လည်း ဒီလိုမျိုး ကျေနပ်စေတာက ကြောက်စရာကောင်းတဲ့ အဆုံးသတ်ဖြစ်သွားပေမဲ့လည်းပေါ့...

အားမီ လူသစ်လေးနှင့်အလွန်မရင်းနှီးသော်လည်း တစ်ဖက်လူ ကြောက်စရာကောင်းစွာပျောက်ကွယ်သွားမည်ကို မမြင်ချင်ပေ။

သို့သော် မမျှော်လင့်စွာနှင့် ကင်း ခေါင်းငြိမ့်လိုက်ပြီး နားလည်ကြောင်း အသံပြုလာ‌လေသည်။

ဤတစ်ကြိမ်တွင် အားမီ ခေါင်းကုတ်လိုက်သည်။

ကင်းကို အံ့အားသင့်စွာ ချောင်းကြည့်လိုက်ပြီး စိတ်ထဲ၌ ရေရွတ်‌လိုက်သည်။

ကင်း ထွက်သွားပြီး ပြန်လာကတည်းက စကားပြောရတာ လွယ်လာသလိုပဲ...

အားမီ အံ့ဩနေဆဲဖြစ်ကာ အိမ်မက်မက်နေသလားဟုပင် ထင်မှတ်နေလေသည်။

“သွား‌တော့...”

ကျီရွှမ် စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“သူနဲ့ အဆက်အသွယ်ရရင် လာသတင်းပို့...”

“ဟုတ်ကဲ့...”

အားမီ ကြောက်ရွံ့စွာ ဦးညွှတ်ပြီးနောက် လှည့်ထွက်လိုက်သည်။

သို့သော် သူ ခြေနှစ်လှမ်းသာ သွားရသေးစဉ် ကင်း သူ့ကို ပြောလာလေသည်။

“ခဏ‌နေဦး...”

ကင်း၏ အသံက နိမ့်ပြီး အက်နေလေသည်။ အားမီ နှလုံးက ထိတ်လန့်သွားသောကြောင့် ကူရာမဲ့စွာ တုန်ရီနေသော်လည်း နောက်ပြန်လှည့်ကာ မြန်မြန် ပြန်ဖြေလိုက်သည်။

“‌ ကျေးဇူးပြုပြီး အမိန့်ပေးပါ...”

ကျီရွှမ်၏ မျက်လုံးများ အနည်းငယ် အောက်စိုက်နေကာ ထိုင်ခုံလက်ရန်းပေါ်တွင် တံတောင်ထောက်ထားပြီး လက်ဖမိုးပေါ်တွင် မေးတင်ကာ ခြေထောက်ချိတ်ထားပြီး အလွန်သက်တောင့်သက်သာရှိသော ပုံစံဖြင့် ထိုင်နေလေသည်။

သူ မလှမ်းမကမ်းတွင် ရပ်နေသော အားမီကို အတွေးနယ်ချဲ့စွာ ကြည့်နေပြီး သူ့၏ နီညိုရောင်

မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ ထို ဖိနှိပ်နိုင်သော အကြည့်ကြောင့် အားမီ အလိုအလျောက် ကျုံ့သွားလေသည်။

အားမီ ကြုံတွေ့ရမည့် ကံကြမ္မာကို စောင့်ဆိုင်းနေစဉ် ကင်းက ဖြည်းညှင်းစွာ ပြောလာလေသည်။

“လူတစ်ယောက်ကို ဘယ်လိုနားလည်အောင် လုပ်နိုင်မလဲ မင်းသိလား...”

အားမီ : “……..”
ဟမ်...
သူ နားကြားမှားသွားတာများလား...

“လူတစ်‌ယောက်ကို နားလည်တယ်ဆိုတာ ဘာလဲခင်ဗျာ...”

အားမီ ‌သေချာစဥ်းစားပြီး‌နောက် ဂရုတစိုက် မေးလိုက်သည်။

ကျီရွှမ် ထိုင်ခုံလက်ရန်းကိုလက်ညှိုးထိပ်ဖြင့် ပုတ်နေကာ မျက်လွှာကို တစ်၀က်ချထားပြီး တစ်ခုခုကို စဉ်းစားနေလေသည်။

တကယ်တော့ နောက်ဆုံးတစ်ခေါက်က ကြုံခဲ့ရတဲ့ မှန်ဝိညာဉ်က ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား ပုံရိပ်တွေကို မစဉ်းစားဘဲကို ‌မနေနိုင်ဘူး...

အားနည်းတဲ့ မကောင်းဆိုးဝါးဖြစ်တဲ့ မှန်ဝိညာဉ် အခုအချိန်ထိ ရှင်သန်နိုင်တဲ့ အကြောင်းရင်းက ပစ်မှတ်ရဲ့ လိုအင်ဆန္ဒတွေကို ငါးစာလုပ်ပြီး ထောင်ချောက်ဆင် ဖမ်းလို့ပဲ...ပစ်မှတ်တွေက အန္တရာယ်ကို သတိထားမိပေမဲ့ ပုံရိပ်ယောင်ထဲ ကျနေတုန်းပဲ...

သူ နောက်ဆုံးတစ်ကြိမ် ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းက ဒါ့ကြောင့်ပဲ...

တစ်ဖက်လူကို နောက်တစ်ကြိမ် မထွက်ပြေးနိုင်အောင် ကာကွယ်ဖို့ သူ့ဗျူဟာပြောင်းလဲရမယ်...

အချိန်ကြာပြီးနောက် ကျီရွှမ်ပြောလိုက်သည်။

“အားလုံးကို သိချင်တယ်...”

ယင်းက အားမီကို ခေါင်းခြောက်စေခဲ့သည်။

သူ ကင်းကို မေးခွန်းအချို့မေးချင်သော်လည်း မမေးရဲပေ။

ကင်းရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို မေးမြန်းတာက သေ‌စေနိုင်လောက်တဲ့ အမှားကြီးပဲ...

အချိန်ခဏလောက် စဉ်းစားပြီးနောက် အားမီ ရုတ်တရက် အကြံတစ်ခုရလာလေသည်။

“ဟုတ်သားပဲ...ကင်း ကျွန်တော် လူသားတွေဆီမှာ ဒီဟာနဲ့ ပတ်သတ်ပြီး ဆက်စပ်‌နေတဲ့ စာအုပ်တွေအများကြီး ရှိတယ်လို့ ကြားဖူးတယ်..."

ကျီရွှမ် မျက်ခုံးကို ပင့်လိုက်ပြီး သူ့နီညိုရောင် မျက်လုံးများက စိတ်၀င်စားမှုနှင့် တောက်ပနေလေသလေ။

“အို...”

........

ဆယ်နာရီကြာပြီးနောက်...

နောက်ဆုံးတွင် ယဲ့ကျား အလောတကြီး ပြန်ရောက်လာလေသည်။

အားမီ : "နောက်ဆုံးတော့ မင်းရောက်လာပြီပဲ...”

အကြောင်းအချို့ကြောင့် ယဲ့ကျား ထိုဝေဝါးသောမျက်နှာပေါ်တွင် စိတ်ဓာတ်ကျမှုများနှင့် ပင်ပန်းနွမ်းနယ်မှုများကို မြင်နေရသည်ကို ခံစားမိလေသည်။

“အဟွတ်...မကြာသေးခင်က ကင်း ငါ့ကိုပေးခဲ့တဲ့ တာ၀န်ကို ပြီးအောင်လုပ်ဖို့ အလုပ်များနေခဲ့တာ...အဟွတ်...အဲ့ဒါ‌ကြောင့် ငါ ဖုန်းအသံပြန်ဖွင့်ဖို့ မေ့သွားတယ်..."

ယဲ့ကျား ချောင်းခြောက်ဆိုးကာ ပြောလိုက်သည်။

အားမီ : “ငါ မင်းကို အလေးအနက် တောင်းဆိုပါတယ်...နောက်တစ်ခါ ဖုန်းကို အသံပိတ်မထားနဲ့..."

ဒီနေ့လို အတွေ့အကြုံ ထပ်မရချင်တော့ဘူး...

“ဒါနဲ့ ကင်းရော...”

ယဲ့ကျား ဤတစ်ကြိမ်တွင် သတိရှိစွာဖြင့် ကျီရွှမ်နာမည်ကို မသုံးခဲ့ချေ။

အားမီ ပိတ်ထားသည့် တံခါးကို ညွှန်ပြလိုက်သည်။

“သွား...ကင်း မင်းကိုစောင့်နေတယ်...”

ယဲ့ကျား ရုပ်ဖျက်ထားသည်ကို သေချာစေရန် အကြိမ်အချို့ ပြန်စစ်ဆေးလိုက်ပြီး လုံခြုံပြီးဆိုမှ တံခါးကို တွန်းဖွင့်လိုက်ကာ ၀င်သွားလိုက်သည်။

တွေ့ဆုံသည့် နေရာက ယခင်တစ်ခေါက်လို ခန်းမ မဟုတ်‌ချေ။ လိုက်ကာများကို တင်းတင်းပိတ်ထားပြီး အခန်းက မှိန်ဖျဖျဖြစ်နေသော်လည်း အခန်းထဲရှိ ကောင်းမွန်ပြီး တန်ဖိုးကြီးသော ဇိမ်ခံပစ္စည်းများကို မြင်နိုင်ပေသည်။

ယဲ့ကျား လှည့်ပတ်ကြည့်လိုက်သည်။ သူ ယခင်က တစ်ဖက်လူ သူ့ကိုပေးခဲ့သည့် ဘောနပ်စ်အားရုတ်တရက် ပြန်မှတ်မိသွားသည်။

“………”

သူတို့နှစ်ယောက်လုံး ဂိမ်းတစ်ခုတည်းက ထွက်လာကြပေမဲ့ ငွေရေးကြေးရေးအခြေအနေက ဘာဖြစ်လို့ ဒီလောက်ကွာခြားနေရတာလဲ...

ဒါက သိပ္ပံနည်းမကျဘူး...

ထိုအချိန်တွင် မလှမ်းမကမ်းမှ လှိုင်းခတ်သံကဲ့သို့ အသံဖျော့ဖျော့ ထွက်‌ပေါ်လာပြီး သွေးနံ့ဖျော့ဖျော့လည်း လေထဲတွင် ပြည့်နှလာလေသည်။

ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားသည်။ သူ မျက်လုံးကို ပင့်ပြီး အသံကြားရာဆီသို့ ကြည့်လိုက်သည်။

သူနှင့် ခြေလှမ်းအနည်းငယ်အကွာရှိ ကြမ်းပြင်တွင် ရေကန်ကြီးတစ်ကန်ရှိပြီး ရေကန်ထဲတွင် စေးကပ်နီရဲသော သွေးများဖြင့် ပြည့်နေကာ လှိုင်းဂယက်များ ထနေလေသည်။ ထိုရေကန်မှ သွေးရောင်က မှိန်ဖျဖျအခန်းထဲရှိ မျက်နှာကျက်ပေါ်ပင် ရောင်ပြန်ဟပ်နေ၏။

ယဲ့ကျား ထိုနေရာသို့ လျှောက်သွားလိုက်သည်။

သူ သွေးကန်အတွင်းမှ ဆိတ်ခေါင်းခွံကြီး ‌ဖြည်းညှင်းစွာ ပေါ်လာသည်ကို မြင်လိုက်ရပြီး ချိုင့်ခွက်ထဲရှိ မည်းမှောင်သော မျက်လုံးနှစ်လုံးက သူ့ကို စိုက်ကြည့်နေလေသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်တဖြည်းဖြည်းပေါ်လာပြီး ထိုနေရာမှသွေးစက်များ လှိမ့်ဆင်းနေကာမကြာမီပင်အလွန်ကြောက်စရာကောင်းသော ခန္ဓာကိုယ် တစ်ခု သွေးကန်အတွင်းမှ ပေါ်ထွက်လာလေသည်။

ယင်းက သွေးအရိုးငါးဖြစ်သည်။


သွေးအရိုးငါး၏ အမြီး တဖျပ်ဖျပ်လှုပ်ခတ်နေကာ ကြောက်စရာကောင်းသော ခန္ဓာကိုယ်ကြီး သူ့ထံနီးကပ်လာ‌ပြီး သွေးကန်အတွင်းမှ ခေါင်းက သူ့ကို စိုက်ကြည့်နေလေသည်။

ယဲ့ကျား မျက်လုံးများ မှေးစင်းသွားပြီး သူ့၏ ကြွက်သားများလည်း အလိုအလျောက် တောင့်တင်းသွားလေသည်။

ထိုအချိန်တွင် သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး အခန်းထဲရှိ တင်းမာနေသောလေထုကိုချိုးဖျက်လိုက်သည်။

“သူက မင်းကို သဘောကျနေတာ...”

ယဲ့ကျား အံ့ဩသွားပြီး အသံကြားရာဆီသို့ လှည့်ကြည့်လိုက်၏။

ထိုအခါ ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအနက်ရောင် ၀တ်ဆင်ထားသော ကျီရွှမ်က သူ့‌နောက် မနီးမဝေးတွင် လက်ပိုက်ပြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။ မှိန်ဖျဖျအခန်းထဲတွင် သူ၏ နီမြန်းနေသော မျက်လုံးအစုံက ရွှန်းစိုနေကာ သွေးကန်ထဲတွင် ရောင်ပြန်ဟပ်နေလေသည်။ သူ့၏ ခန္ဓာကိုယ်ကလည်း လျစ်လျူရှုရန်ခက်ခဲသော သန်မာသည့် တည်ရှိမှုကို ပေးစွမ်းနေလေသည်။

သူ ယဲ့ကျားဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ကြမ်းပြင်ပေါ်ရှိ ကော်ဇောထူထူက သူ့၏ ခြေသံများကို စုပ်ယူထားရာ သူ့ကြည့်ရသည်မှာ တစ္ဆေတစ်ကောင် လွင့်မျောလာဟန်နှင့် တူလေသည်။

“မင်း သူ့ကိုထိလို့ရတယ်...”

ကျီရွှမ် အေးဆေးစွာ ပြောလိုက်သည်။

ယဲ့ကျား : “………”

???

ကျီရွှမ် ယဲ့ကျားနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်လေသည်။ သူတို့နှစ်‌ယောက်ကြားတွင် အကွာအဝေးတစ်ခု ရှိနေသော်လည်း ယဲ့ကျား သူ့ထံမှထွက်လာသော ဖိနှိပ်မှုများကို ခံစားနေရဆဲဖြစ်သည်။

သူ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ခေါင်းကို လှည့်ကာ သူ့နောက်ရှိ သွေးအရိုးငါးကို ကြည့်လိုက်သည်။

လူတစ်‌ယောက်နှင့် ဦးခေါင်းခွံကြီးတစ်ခု အပြန်အလှန် စိုက်ကြည့်နေကြလေသည်။

ယဲ့ကျား ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ထိစရာ မလိုပါဘူး...”

ကျီရွှမ် ခပ်တည်တည်နှင့် ရှေ့တိုးလိုက်ကာ သူနှင့် ယဲ့ကျားကြားရှိ အကွာအဝေးကို လျှော့ချရန် ကြိုးစားလိုက်သည်။

ယဲ့ကျား တစ်ဖက်လူ ခန္ဓာကိုယ်မှ ထွက်လာသော အနံ့ကို ရနေလေသည်။

လေအေးများက ခပ်ဖျော့ဖျော့ သွေးနံ့နှင့်အတူ နာကြည်းခါးသီးမှုအချို့ကိုလည်း သယ်ဆောင်လာလေသည်။

ကျီရွှမ်၏ အသံက နိမ့်ကျနေပြီး ထိုအသံထဲရှိ ခံစားချက်များကို ပြောပြရန် ခက်ခဲသည်။ သူ မည်သည့် ညှိနှိုင်းဆွေးနွေးမှုမှ ခွင့်မပြုပုံ ပေါ်သည်။

“ထိကြည့်လိုက်...”

ယဲ့ကျား : “………..”

ထိဆိုလည်း ထိကြတာပေါ့...

ယဲ့ကျား သူ့ကို စိုက်ကြည့်နေသော သွေးအရိုးငါးဆီ လျှောက်သွားလိုက်ပြီး သူ့လက်ကို ဦးခေါင်းခွံကြီးဆီသို့ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ဖြူဖျော့‌သေးသွယ်သော လက်ချောင်းများက တည်ငြိမ်နေဟန် ပေါ်‌သော်လည်း အနည်းငယ်တောင့်တင်းနေသော လက်ဆစ်များက ပိုင်ရှင်၏သတိထားနေမှုကို ဖော်ပြနေသည်။

သွေးအရိုးငါး၏ မျက်လုံးချိုင့်များက ယဲ့ကျား၏ အနောက်ကို စိုက်ကြည့်နေပြီး တစ်ခုခု၏ ဖိနှိပ်ခံရပုံ ပေါ်လေသည်။

သူ့ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ပြီး တစ်ဖက်လူ၏ ရနံ့ကို ရှူသွင်းနေလေသည်။

ထို့နောက် သွေးအရိုးငါး၏ အမြီးက ဆတ်ခနဲ ရိုက်လိုက်သောကြောင့် လှိုင်းထသံတစ်သံ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပေါ်ထွက်လာသည်။

ယဲ့ကျား၏ လက်ချောင်းများ အနည်းငယ် တောင့်တင်းသွားလေသည်။

သို့သော် နောက်တစ်ခဏတွင် သွေးအရိုးငါးက သူ့ခေါင်းကို နိမ့်လိုက်ပြီး ယဲ့ကျား၏ လက်နှင့် ထိလိုက်သည်။ ယင်းက သူ့၏ ချစ်ခင်မှုကို ဖော်ပြနေဟန် ပေါ်လေသည်။

ယဲ့ကျား အနည်းငယ် အံ့ဩသွားသည်။

သူ သွေးအရိုးငါး၏ ဦးခေါင်းခွံကို ထိလျက် ခြေလှမ်း အနည်းငယ်လောက် မဝံ့မရဲ ဆက်လှမ်းလိုက်သည်။

သွေးအရိုးငါး တစ်ဖက်လူ၏ လက်ကို ပွတ်သီးပွတ်သပ်လုပ်ကာ ခံစားချက်ကောင်းသောကြောင့် သွေးကန်ထဲတွင် ပတ်နေလေသည်။ သူ့ ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက သက်ရောက်မှု ကြီးမားသောကြောင့် သွေးကန်ထဲရှိ ရေများ လျှံထွက်လာလေသည်။

ယဲ့ကျား သူ့လက်ကို မြှောက်လိုက်ပြီး သူ့ပါးပေါ်ရှိ သွေးများကို သုတ်လိုက်၏။

သွေးအရိုးငါး သွေးကန်ထဲတွင် ပြောင်းပြန်ပေါလောပေါ်နေပြီး မျက်လုံးချိုင့်ကြီး နှစ်ခုဖြင့် ယဲ့ကျားကို စိုက်ကြည့်နေလေသည်။

ယဲ့ကျား : “……”

ဘာလို့ သူ့ဗိုက်ကို ကုတ်စေချင်တယ်လို့ ခံစားနေရပါလိမ့်...

သူ ဗိုက်ကို မကုတ်ချင်ပါဘူး...

တစ်ဖက်မှ ကျီရွှမ် ထိုမြင်ကွင်းကို အနည်းငယ် အံ့ဩသွားသည်။ သူ မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။

“ဒီ‌ကောင်က ငါ့ထက် တခြားတစ်ယောက်ကိုကြိုက်တာ ပထမဆုံး မြင်ဖူးတာပဲ...

ယဲ့ကျား : “တကယ် ချစ်ဖို့ကောင်းတယ်...”

“မင်းလိုချင်လား...”

ကျီရွှမ် ယဲ့ကျားကို အစွဲအလမ်းကြီးစွာ ကြည့်ကာ မေးလိုက်သည်။

ယဲ့ကျား ခေါင်းမြန်မြန် ခါလိုက်ပြီး ငြင်းလိုက်၏။

“မလိုချင်ဘူး...ကျွန်တော် အဲ့လိုဆိုလိုချင်တာ မဟုတ်ဘူး...”

တကယ်တော့ သူ ကျီရွှမ်ကို တွေ့ဖို့ လာတဲ့လမ်းမှာ သူ နောက် ဘာဆက်လုပ်ရမလဲ စဉ်းစားခဲ့တယ်...

'နှစ်ဖက်အေးဂျင့်'က ယာယီရပ်တန့်သွားလျှင် ယင်းက သူ့အတွက် အကျိုးကျေးဇူးရှိပေသည်။

နောက်ဆုံးတွင် ဝူဆုနှင့် ညှိနှိုင်းဆွေးနွေးခဲ့စဉ်က တစ်ဖက်လူပြောသော အကြောင်းအရာတစ်ခုက သူ့ အာရုံကို အမှတ်တမဲ့ ဆွဲဆောင်နိုင်ခဲ့သည်။

လက်ရှိတွင် စွမ်းအားကြီးတစ္ဆေနှင့် မကောင်းဆိုးဝါး အများစုမှာ Aအဆင့် သို့မဟုတ် ထိုအဆင့်ထက် နိမ့်ကြလေသည်။ ကြောက်မက်ဖွယ် အကောင်းဆုံး ဘေးအန္တရာယ်များကို သယ်ဆောင်လာသည့် Sအဆင့် စွမ်းအားကြီးတစ္ဆေများက ပျောက်ကွယ်သွားပုံရသည်။ မျိုးပွားချိန်တွင် ယဲ့ကျား၏ ဖမ်းဆီးသုတ်သင်ခြင်းကို ခံရသည့် တစ္ဆေမျက်နှာ ပင့်ကူများမှလွဲ၍ အခြား Sအဆင့်စွမ်းအားကြီးတစ္ဆေများ၊ အထူးသဖြင့် အစာကွင်းဆက် ထိပ်ဆုံးနေရာတွင်ထိုင်နေသော ‌တစ္ဆေများ ဗျူရို၏ ရေဒါအတွင်းမှပုန်းကွယ်နေကြလေသည်။

ထို့အပြင် ထိုကိစ္စများ၏ အောက်တွင် လျှို့ဝှက်ပူးပေါင်းကြံစည်ချက်အချို့ ရှိပုံပေါ်သည်။

သူ အောက်ခြေမှ အမှန်တရားကို သိချင်လျှင် သူ သူတို့နှင့် နီးကပ်ရန် အခွင့်အရေးရှာရပေမည်။

ဤသို့ဖြင့် တစ္ဆေလောကတွင် စွမ်းအားအကြီး‌ဆုံးကျီရွှမ်က သူ့ပစ်မှတ် ဖြစ်လာခဲ့သည်။

သူတို့နှစ်ယောက်ကြားတွင် နက်ရှိုင်းသော ရန်ငြိုးအချို့ ရှိသော်လည်း ယဲ့ကျား သူ့ရည်ရွယ်ချက်အောင်မြင်ရန် စွန့်စားရမည်ဖြစ်သည်။

ထို့ပြင် ကျီရွှမ်က လူသားများ၏ PIAMBတွင် လျှို့ဝှက်အေးဂျင့်တစ်ယောက် ထည့်ချင်သောကြောင့် သူ ထိုဇာတ်ရုပ်တွင် ပါဝင်ကပြနေသည်က ပိုကောင်းသည်။ အနည်းဆုံး သူ ၀င်လာသည့် သတင်းအချက်အလက်များကို ထိန်းချုပ်နိုင်ပြီး အရာအားလုံးအတွက် သော့ချက်ဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် သူ့သူဌေး၏ အိမ်‌မွေးတိရစ္ဆာန်ကို လိုချင်စိတ်မရှိပေ။

“အဲ့လိုလား...”

ကျီရွှမ် အကြည့်ပြန်ရုတ်လိုက်ပြီး နောင်တရသော အရိပ်အယောင်အချို့ သူ့မျက်လုံးတွင် ထင်ဟပ်နေလေသည်။

ယဲ့ကျား အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့တာ၀န်တိုးတက်မှုအား ကျီရွှမ်ဆီ အစီရင်ခံလိုက်သည်။

“အခု ကျွန်တော် ဗျူရိုထဲကို အောင်မြင်စွာ စိမ့်၀င်နိုင်ခဲ့ပြီး အဖွဲ့၀င်အချို့ရဲ့ ယုံကြည်မှုနဲ့အသိအမှတ်ပြုမှုလည်း ရထားပါတယ်..."

ဒါက သူလိမ်နေတာတော့ မဟုတ်ဘူး...

အချက်အလက်နည်းနည်း ဝှက်ထားရုံပဲ...

ကျီရွှမ် သွေးအရိုးငါး၏ ဦးခေါင်းခွံကို ပွတ်ကာ လွန်စွာ အလေးအနက်မထားစွာ နားထောင်နေလေသည်။

ကျီရွှမ် : “မင်းက အခု ဘယ်ဌာနမှာလဲ...”

ယဲ့ကျား : "ထောက်ပံ့ပို့ဆောင်ရေးဌာနမှာပါ...”

“ဪ...မင်းရဲ့ လက်ရှိ လူနာမည်ကရော..."

“ချန်စဲကျစ်...”

ယဲ့ကျား မတုံ့မဆိုင်း ပြန်ဖြေလိုက်သည်။

လက်ရှိအခြေအနေအရ သူက အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်သည်။

ချန်စဲကျစ်က မကြာသေးမီကပဲ ဗျူရိုသို့ ၀င်ရောက်လာသူဖြစ်သောကြောင့် အချိန်ကိုက်ညီပြီးဒါရိုက်တာ၏ ဆွေမျိုးဖြစ်သောကြောင့်ကိုယ်ရေးအချက်အလက်များကို ရှာဖွေရန် ခက်ခဲ့သည်။ကျီရွှမ်တွင် ဗျူရို၌ အခြားထောက်ပံ့ရေး အင်အားစုများ ရှိလျှင်ပင် အချက်အလက် ရှာဖွေရန် ခက်ခဲသည်။

ထို့ထက် အရေးကြီးသည်မှာ ချန်စဲကျစ်က သူ့၏ဒုတိယအထောက်အထားကိုသိသော လူနည်းစုများထဲမှ တစ်ယောက်ဖြစ်သည်။ သူ တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင် တစ္ဆေစွမ်းအင် အနည်းငယ် ထည့်သွင်းထားပြီး ချန်စဲကျစ်ကို သူ့စောင့်ကြည့်မှူအောက်တွင် ရှိနေကြောင်း သေချာစေ‌လေသည်။

ကျီရွှမ် ခေါင်းငြိမ့်လိုက်ပြီး ထိုကိစ္စ ဆက်မလိုက်တော့ပေ။

ကျီရွှမ် လက်ကို ပြန်ရုတ်လိုက်ပြီး သွေးအရိုးငါးက သွေးကန်ထဲသို့ တဖြည်းဖြည်း ပြန်၀င်သွားကာ ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပြန်၀င်သွားပြီးနောက် သွေးကန်က သွေးအရိုးငါး ဘယ်ချိန်ကမှ မပေါ်လာခဲ့သလို တည်ငြိမ်သွားလေသည်။

ယဲ့ကျား ခေါင်းကို ငုံ့လိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။

“ကင်းမှာ အမိန့်ပေးစရာများ ရှိသေးလားခင်ဗျာ...”

ဒီအမိန့်တွေ၊ ညွှန်ကြားချက်တွေထဲက တစ်ခုက သူ့ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ပေးမှာပဲ...

သူ တစ္ဆေဘုရင်ဖြစ်တဲ့ ကျီရွှမ်ရဲ့ လူ့လောကထဲ ၀င်ရတဲ့ ရည်ရွယ်ချက်ကို သိဖို့ လိုအပ်တယ်...

ကျီရွှမ် သူ့ရှေ့မှ လူကို စိုက်ကြည့်နေသည်။ သူ့၏အေးစက်နီရဲနေသော မျက်လုံးအစုံ မှေးစင်းနေပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖုံးကွယ်ထားသော ယင်အလွှာများကို ထိုးဖောက်ကာ ဝိညာဉ်ထဲထိ ထိုးဖောက်ကြည့်နေပုံ ပေါ်‌‌လေသည်။ ထိုအကြည့်ကတစ်ဖက်လူကို အဆင်မပြေ ဖြစ်စေလေသည်။

ယဲ့ကျား တိတ်ဆိတ်စွာ စောင့်စားနေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျီရွှမ် သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“‌ ခွေးလား...‌‌ ကြောင်လား...”

ယဲ့ကျား : “........”

သူ အသက်ပြင်းပြင်းရှုလိုက်ပြီး နားကြားမမှားကြောင်း အတည်ပြုပြီးနောက် မေးလိုက်သည်။

"ဟမ်...”

ကျီရွှမ် စိတ်ရှည်စွာ ထပ်မေးလိုက်သည်။

“ခွေးကြိုက်လား...ကြောင်ကြိုက်လား...”

ဟင်...

ဒါက ဘယ်လိုမေးခွန်းကြီးလဲ...


Xxxxx