အပိုင်း ၃၈
Viewers 10k

Chapter 38




တစ်ဖက်လူ၏ အမိန့်ကို စောင့်စားနေသော ယဲ့ကျား အံ့အားသင့်သွားလေသည်။ သူ ခေါင်းကို မော့လိုက်ပြီး တစ်ဖက်လူ၏ ခံစားချက်မဲ့သောမျက်နှာကို ကြည့်လိုက်ကာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။


သို့သော် တစ်ဖက်လူက ‌ထိုမေးခွန်း၏ အဖြေကို ရိုးရိုးသားသား သိချင်နေပုံ ပေါ်လေသည်။

ယဲ့ကျား သတ္တိ‌မွေးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“‌‌ ခွေး...‌‌ ခွေးလို့ ထင်တာပဲ...”

ကျီရွှမ် ခေါင်းငြိမ့်လိုက်သည်။

သူ လားရာလမ်းကြောင်း အတိုင်း ပြန်လှည့်ထွက်သွားလိုက်ပြီး သူ့နောက်ကျောကို ကြည့်နေသည့် ယဲ့ကျားကို လက်ဝှေ့ယမ်းပြလိုက်သည်။

“မင်းသွားလို့ရပြီ...”

ယဲ့ကျား တစ်ဖက်လူထွက်ခွာသွားပုံကို ကြည့်နေပြီး သူ့ဦးနှောက်က အချိန်ခဏလောက် အလုပ်မလုပ်တော့ပေ။

ဒါ...ဒါပဲလား...

သူ အခန်းထဲမှ ထွက်လာသည့်တိုင်း အံ့အားသင့်နေသည့် အခြေအနေတွင် ရှိနေလေသည်။

အပေါက်၀တွင် စောင့်နေသည့် အားမီ ယဲ့ကျားထွက်လာသည်ကို မြင်သောအခါ မြန်မြန်ချဉ်းကပ်လိုက်ပြီး တိုးတိုးမေးလိုက်သည်။

“ဘယ်လိုလဲ...ကင်း မင်းကို ခက်ခဲအောင် လုပ်‌သေးလား..."

"မလုပ်ပါဘူး...”

“တကယ်လား...”

အားမီ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေလေသည်။

“ကြည့်ရတာ ဒီနေ့ ကင်း စိတ်အခြေအနေကောင်းနေပုံပဲ...မင်းတကယ်ကံကောင်းတယ်..."

"ငါလည်း အဲ့လိုထင်တယ်...”

လူတစ်‌ယောက်နှင့် တစ္ဆေတစ်ကောင် အတူတူထွက်လာစဉ် အားမီ ဆက်မေးလိုက်သည်။

“ကင်း မင်းကို ဘာအမိန့်ပေးလိုက်သေးလဲ...ငါ့အကူအညီ လိုသေးလား..."

"မ‌ပေးလိုက်ဘူး…”

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

“သူ ငါ့ကို အရမ်းထူးဆန်းတဲ့ မေးခွန်းမေးတယ်...”

“ဘာ‌မေးခွန်းလဲ...”

“ငါ ခွေးကိုကြိုက်လား...ကြောင်ကိုကြိုက်လားတဲ့...”

ယဲ့ကျား၏ မျက်ခုံးများ ပိုတွန့်လာပြီး တစ်ဖက်လူမေးခွန်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သိရှိရန် ကြိုးပမ်းနေလေသည်။

အားမီ ရုတ်တရက် ရပ်လိုက်ပြီး သူ့၏ ဝေဝါးပြီး မသဲကွဲသော မျက်နှာက ချက်ချင်း လေးနက်သွားလေသည်။ သူ ဖြည်းညှင်းစွာ မေးလိုက်သည်။

“မင်းဘယ်လိုပြန်ဖြေလိုက်လဲ...”

ယဲ့ကျား အားမီ၏ သဘောထားကြောင့် အံ့အားသင့်သွားလေသည်။

ဒီမေးခွန်းက မှားဖြေရင် ပြဿနာတက်မဲ့ လှည့်ကွက်တွေနဲ့ မေးခွန်းလား...

သူ ရပ်တန့်သွားပြီး သတိရှိစွာ ပြောလိုက်သည်။

“‌ ခွေးလို့ ထင်တာပဲလို့ ပြန်ဖြေလိုက်တယ်...”

ယဲ့ကျား၏ တည်ရှိမှုက ယခု လူသားတစ်ယောက်ထက် စွမ်းအားကြီးတစ္ဆေတစ်ကောင်နှင့် ပိုတူလေသည်။ တိရစ္ဆာန်များက လူသားများထက် အာရုံခံစားလွယ်သောကြောင့် သူ့ကို ရှောင်ရှားကြလေသည်။

ထို့ကြောင့် သူ အိမ်‌မွေးတိရစ္ဆာန်များ မွေးမြူရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်သည်။

သူ မွေးမြူခဲ့တဲ့ တစ်ကောင်တည်းသော အိမ်မွေးတိရစ္ဆာန်က...

လက်မဲလေးဖြစ်နိုင်တယ်...

သို့သော် လက်မဲလေးက အိမ်မွေးတိရစ္ဆာန်ထက် လွတ်လပ်သည့် အလုပ်သမားနှင့် ပိုတူလေသည်။လက်မဲလေးက ဂိမ်းများတွင် ပိုက်ဆံဖြုန်း‌တီးသည်မှလွဲ၍ သူ့ကို အခြားအနှာင့်အယှက် မပေးချေ။ ထို့အပြင် သန့်ရှင်းရေး လုပ်ပေးရန်လည်း မလိုအပ်ချေ။

အားမီ မျက်နှာ အေးခဲသွားသည်။ သူ ကြည့်ရသည်မှာ ထိတ်လန့်စရာကောင်းသော ကိစ္စတစ်ခုကို ကြားလိုက်ရပုံ ပေ်ပြီး သူ့အကြည့်က ယဲ့ကျားပေါ်သို့ ကျဆင်းလာကာ လုံး၀အံ့အားသင့်နေဟန်ပေါ်လေသည်။

ယဲ့ကျား ဤကဲ့သို့ အကြည့်ခံရသည်ကို အဆင်မပြေသလို ခံစားနေရသည်။ သူ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။

“ဘာ...ဘာဖြစ်လို့လဲ...”

အားမီ ယဲ့ကျားကို ကမ္ဘာကြီး အဆုံးသတ်တော့မည် သကဲ့သို့ ကြည့်နေပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

"မင်း...မင်းက တကယ် ခွေးဂိုဏ်းကလား..."

ယဲ့ကျား : “……….”

သူ အသက်ပြင်းပြင်းရှုလိုက်ပြီး ရှေ့သို့ ဆက်လျှောက်လိုက်သည်။

အားမီ ယဲ့ကျားနောက် မြန်မြန်လိုက်သွားကာ ပေတေပြီး မေးလိုက်သည်။

"ဘာလို့ မင်း ကြောင်လေးတွေကို မကြိုက်တာလဲ...ကြောင်လေးတွေက ဘာဖြစ်လို့လဲ..."

ယဲ့ကျား အံကြိတ်ကာ ပြုံးပြလိုက်သည်။

“ငါ တိရစ္ဆာန်အားလုံးကို မကြိုက်ဘူး...”

“ဒါက မတူဘူး...‌ကြောင်လေးတွေက တခြားတိရစ္ဆာန်နဲ့ ကွာခြားတယ်...ခဏစောင့်...ငါ မင်းကိုပြ..."

သူ စကားမဆုံးခင်တွင်ပင် လူသစ်က တစ္ဆေပိုင်နက်ကို အသက်သွင်းကာ သူ့ရှေ့မှ အရိပ်အယောင်ပင် မကျန် ပျောက်သွားလေသည်။

တစ်ယောက်တည်း ကျန်ခဲ့သည့် အားမီ : “………”

သေစမ်း...

...........

အခန်းထဲတွင်...

သွေးအရိုးငါး သွေးကန်ထဲတွင် ရေကူးနေပြီး သူ့၏ ဦးခေါင်းခွံဖြူပေါ်တွင် အခန်း၏ မှိန်ဖျဖျအလင်းရောင် ထင်ဟပ်နေလေသည်။ သူ ခေါင်းကို မော့လိုက်ပြီး သူ့၏ ချိုင့်၀င်နေသော မျက်လုံးများဖြင့် မလှမ်းမကမ်းမှ သူ့ပိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။ သူ့၏ အမြီးက လှုပ်ယမ်းနေကာ လှိုင်းဂယက်များ ဖြစ်ပေါ်စေလေသည်။

ကျီရွှမ် ထိုင်ခုံပေါ်တွင် ခေါင်းငုံ့ကာ ထိုင်နေပြီး သူ့၏ မြင့်မားရှည်လျား‌သော မျက်ခုံးရိုးများ၏အရိပ် သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေလေသည်။

ထိုစဉ် သူ့၏ မျက်ခုံးများ တွန့်သွားကာ သူ့၏ နီညိုရောင် မျက်လုံးများက မှန်သားပြင်ကို စိုက်ကြည့်ကာ အတွေးနက်နေပုံ ပေါ်သည်

အချိန်ကြာပြီးနောက် သူ မှန်သားပြင်ကို လက်ညှိုးနှင့် ထိလိုက်သည်။

'တင်'ခနဲ မှန်သားပြင်ပေါ်တွင် နိုတီတစ်ခု ပေါ်လာလေသည် : အော်ဒါတင်ပြီးပါပြီ...

ငါးစက္ကန့်အကြာတွင် နိုတီတစ်ခု ထပ်ရောက်လာပြန်သည် : 'သင့်ချစ်သူကို နားလည်ရန် ခွေးလားကြောင်လား 'စာအုပ်ကို ပို့ပြီးပါပြီ...ပါဆယ်ရောက်လျှင် လက်မှတ်ထိုးပေးပါ...

...........

သုံးရက်အကြာတွင် ယဲ့ကျား အငြိမ်မနေနိုင်တော့ပေ။

ကြောင်များ၏ တန်ဖိုးနှင့် ‌ဆွဲဆောင်မှုကို သိရှိရန်ဆိုပြီး အားမီ ချစ်စရာကြောင်ပုံများနှင့် ကြောင်အီမိုဂျီများ ပို့နေသောကြောင့် သူ့ဖုန်းတွင် နိုတီ ၉၉+ဖြစ်နေပြီဖြစ်သည်။

ယခု သူ တစ်ဖက်လူ၏ နာမည်ကို စခရင်ပေါ်တွင် မြင်တိုင်း သူ့မျက်ခုံးများ လှုပ်လာပြီဖြစ်သည်။ သူ တစ်ဖက်လူကို ဘလော့နိုင်မည့် အခွင့်အရေးကို အလေးအနက် စဉ်းစားနေလေသည်။

အထူးသဖြင့် လက်မဲလေးက ဤကိစ္စကို သူ့ထက်ပို၍ အနှောင့်အယှက်ဖြစ်နေလေသည်။ သူက ဖုန်းကို အမှန်တကယ်အသုံးပြုသူဖြစ်ကာ ထိုကြောင်ပုံ အီမိုဂျီများ၏ သားကောင်ဖြစ်နေလေသည်။

သို့သော်ငြားလည်း နောက်ဆုံးတစ်ကြိမ်ကလို အလုပ်ကိစ္စသတိပေးချက် လွတ်သွားမည်စိုးရိမ်သောကြောင့် ယဲ့ကျား အားမီထံမှ မတ်ဆေ့ခ်ျများ ဘလော့ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသောကြောင့် လက်မဲလေး ထိုနိုတီများနှင့် ဂိမ်းဆော့ရန်သာ တတ်နိုင်လေသည်။

လက်မဲလေး မကြာသေးမီကပင် Fight the Landlordဂိမ်းအပေါ် စိတ်၀င်စားမှု ပျောက်ဆုံးသွားပြီး MOBA ဂိမ်းများကို ကစားနေပြီဖြစ်သည်။

King of Glory ဂိမ်းမှစကာ Game for Peaceဂိမ်းအထိ အခြေခံအားဖြင့် ဈေးကွက်ပေါ်မှနှစ်‌ယောက်ဆော့နိုင်သော အွန်လိုင်းဂိမ်းများကို ဒေါင်းလော့ဒ် လုပ်ထားသည်။ တစ္ဆေတစ်ကောင်ဖြစ်သည့် လက်မဲလေးက အိပ်စရာ မလိုသောကြောင့် ဖုန်းနှင့် ၂၄နာရီ အချိန်ဖြုန်းနေလေသည်။

ထို့ကြောင့် အားမီထံမှ မတ်ဆေ့ခ်ျများက သူ့ကိုသေလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။

နောက်ဆုံးတွင် ဂိမ်းဆော့နေစဉ် စခရင်ပေါ်တွင် ပေါ်လာသော နိုတီမတ်‌ဆေ့ခ်ျများက သူ့၏ အနိုင်ရနိုင်ချေကို သိသိသာသာ ထိခိုက်စေလေသည်။

သို့သော် အရင်းရှင်တစ်ယောက်ဖြစ်သည့် ယဲ့ကျားက သူ့အလုပ်သမား၏ စိတ်အခြေအနေကို ဂရုမစိုက်ချေ။

လက်မဲလေး skins၀ယ်ရန် ပိုက်‌‌ဆံမ‌တောင်းသရွေ့ ဂိမ်းဆော့သည်က သူ့အတွက် ပြဿနာမရှိချေ။

ဒါ‌ပေမဲ့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ တစ်ခုတည်းသော အရာက...

“သွား...သွား...သွား...သွား...မင်းက ရွှေတံဆိပ်နဲ့ ‌ထောက်ပို့သမားမလား...မင်းကို မကောင်းတဲ့မှတ်ချက်ပေးပြီး ပိုက်ဆံလျှော့ပစ်မှာကို မကြောက်ဘူးလား...မင်းဘာလို့ သောက်သုံးမကျတဲ့ buffတွေ သုံးနေတာလဲ..."

လက်မဲလေး၏အော်သံကတိုက်ခန်းတစ်လျှောက်ပဲ့တင်ထပ်နေလေသည်။

“ငါတို့စ‌နေပြီ...ငါတို့ စနေပြီ...လီပိုင် မင်းဘယ်မှာလဲ...တောထဲမှာ ရူခင်းကြည့်ရတာကို ပျော်နေတာလား...ဟမ်..."

ချန်စဲကျစ် သူ့အကြံကို ပြန်ရုတ်လိုက်ပြီး ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာပြောလိုက်သည်။

``အစ်ကို့မိသားစုရဲ့ တစ္ဆေက အရမ်း ခေတ်မီတယ်နော်..."

ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး နှာခေါင်းရိုးကို လက်ဖြင့် ညှစ်ကာ ပြောလိုက်သည်။

“မင်းဘာပြောချင်လို့ ရောက်လာတာလဲ...”

“အို...ဟုတ်သားပဲ...”

ချန်စဲကျစ် လာရင်းကိစ္စကို သတိရသွားပြီး လေးနက်စွာပြောလိုက်သည်။

“မကြာ‌သေးမီက Mမြို့အပြင်ဘက်က ဆင်ခြင်ဖုံးရပ်ကွက်တွေမှာ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေတယ်လို့ အစီရင်ခံစာတွေရတယ်...အဲ့ဖြစ်ရပ်တွေထဲမှာ ဗီလာတစ်လုံးကိစ္စပါ ပါဝင်နေတယ်...အဲ့ဒီမှာ လူအင်အားမလောက်တော့လို့ ကျွန်တော်တို့ အဲ့ဒီကို သွားရ..."

ချန်စဲကျစ်၏ စကား မဆုံးခင်တွင်ပင် လက်မဲလေး၏ အော်သံကြောင့် စကားစပြတ်သွားလေသည်။

“သွား...သွား...သွား...လိုင်းကို အမြန်ဆုံး ရှင်းပစ်...သလင်းကျောက်ကို ဖြိုချလိုက်..."

ချန်စဲကျစ် : “……….”

ယဲ့ကျား : “…….”

ယဲ့ကျား လက်ဖက်ရည်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အန္တရာယ်ကင်းပြီး နူးညံ့သောအပြုံးကို ထုတ်ဖော်လိုက်သည်။

ကလေးတွေ အင်တာနက်စွဲနေရင် ဘာလုပ်သင့်လဲ...

သူတို့ကို ရိုက်သင့်တယ်...

.......

ယဲ့ကျား နို့လက်ဖက်ရည်ခွက် နှစ်ခွက်ကိုင်ကာ ကားတံခါး ဆွဲဖွင့်ပြီး ကားထဲကို ၀င်လိုက်သည်။

ယဲ့ကျား တစ်ခွက်ကို ချန်စဲကျစ်ထံ လှမ်းပေးလိုက်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

“အဲ့ဗီလာက ဘာဖြစ်လို့လား...”

ချန်စဲကျစ် : “အစ်ကိုယဲ့ သတင်းပို့ချက်ကို မဖတ်ဘူးလား... ”

ယဲ့ကျား ကောက်ရိုးကို ထည့်သည့် လှုပ်ရှားမှုကိုသုံးလိုက်သည်။ သူ့မျက်နှာအမူအရာ မပြောင်းမလဲ ပြောလိုက်၏။

“ရှည်လွန်းလို့...”

ချန်စဲကျစ် : “…….”

မျှော်လင့်ထားသလိုပဲ...ထားလိုက်ပါ...သူလည်း အဲ့လိုပဲကို...

သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ဗီလာက ဆင်ခြင်ဖုံးရပ်ကွက်မှာ ရှိနေတာ... ရောင်းပြီးသွားတာကြာပြီ...ဒါပေမဲ့ တစ်ယောက်မှ ပြောင်းမလာတော့ လူမနေတာ ခုနစ်နှစ် ရှစ်နှစ်လောက်ရှိပြီ...အခုဆို စွန့်ပစ်နေရာလုံးလုံး ဖြစ်နေရောပေါ့..."

ယဲ့ကျား နို့လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“လူချမ်းသာတွေပဲ...”

‌၀ယ်ပြီး လာမနေကြဘူး...သူဌေးတွေက‌တော့ ဒီလိုကြီးပဲ...

ချန်စဲကျစ် ယဲ့ကျား သဘောထားကို သဘောတူသောကြောင့် ခေါင်းငြိမ့်လိုက်သော်လည်း ဆက်ပြောလိုက်သည်။

“အဲ့လိုမဟုတ်ဘူး...”

“မကြာသေးခင်က အဲ့အနီးအနား‌မှာနေတဲ့လူတွေ ညဘက်တွေမှာ စွန့်ပစ်ဗီလာကြီးက ထူးထူးခြားခြားအသံတွေနဲ့ ပုံရိပ်တွေကို မြင်ရကြားရတယ်တဲ့...ဒါပေမဲ့ နေ့ဘက်ကျရင် အားလုံးပုံမှန်ပြန်ဖြစ်ပြီး လူနေထားတဲ့ အရိပ်အယောင်မရှိပြန်ဘူး...ရလဒ်အနေနဲ့ အဲ့ဗီလာက အတော်လူသိများတဲ့ သရဲခြောက်တဲ့အိမ် ဖြစ်လာတယ်...အဲ့ပတ်၀န်းကျင်က လူတွေထဲမှာ ဗျူရိုနဲ့အဆက်အသွယ်ရှိကြတဲ့ လူတွေက ဒီကိစ္စကို သတင်းပို့လာကြတယ်လေ..."

ပြည်သူများထံမှ ‌သတင်းပို့ချက်များ ရသောအခါ ဗျူရိုအနေနှင့် အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်ပေသည်။

ပထမအဆင့်အနေနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ၀န်ထမ်းများကို သက်ဆိုင်ရာ ကိရိယာများနှင့် လွှတ်ကာ ဖြစ်စဉ်၏ အန္တရာယ်အဆင့်ကို စစ်ဆေးခိုင်းသည်။

ဒုတိယအဆင့်အနေနှင့် တစ္ဆေသရဲများ ပါ၀င်နေကြောင်း အတည်ပြုပြီးပါက တိုက်ခိုက်ရေးဌာနခွဲမှ ၀န်ထမ်းများကို လွှတ်မည်ဖြစ်သည်။

ထိုဖြစ်စဉ်ကို ရှင်းလင်းပြီးသောအခါ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ၀န်ထမ်းများက ပစ္စည်းကိရိယာများနှင့် ထပ်သွားကာ ထိုဖြစ်စဉ်၏ နောက်ဆုံးဒေတာအချက်အလက်များနှင့် ရလဒ်များကို စုဆောင်းရမည်ဖြစ်သည်။

အမှန်တွင် ယခုတာ၀န်ကို သူတို့လုပ်စရာမလို‌‌သော်လည်း ထောက်ပံ့ပို့ဆောင်ရေးဌာနက လူအင်အား‌နည်းနေပြီး ‌ကျောက်သုန်က ဆေးရုံဆင်းစဖြစ်သောကြောင့် ငါးဆားနယ်ဖြစ်သည့် ယဲ့ကျားနှင့် ဗျူရိုသို့ ၀င်ခါစလူသစ်လေး ချန်စဲကျစ်သာ ကျန်တော့သည်။

ယဲ့ကျား ယခုကဲ့သို့ စစ်ဆေးမှုမျိုးကို အကြိမ်များစွာ ပြုလုပ်ခဲ့ဖူးပေသည်။

အမှန်တွင် သတင်းပို့လာသည့် ဖြစ်ရပ်တိုင်းက သဘာ၀လွန်ဖြစ်ရပ်များ မဟုတ်ချေ။ တစ်ခါတစ်ရံ မြေအောက်ပိုက်လိုင်းအပူလွန်ကဲမှုကြောင့် ထူးဆန်းသော အသံများ၊ အလင်းရောင်နှင့်အရိပ်များ ပြောင်းလဲမှုကြောင့် ထူးဆန်းသော မြင်ကွင်းများ ဖြစ်ပေါ်လေ့ရှိရာ ၉၉ရာခိုင်နှုန်းလောက်က ဒုတိယအဆင့်သို့ သွားရန်မလိုချေ။ တိုက်ခိုက်ရေးဌာနခွဲ၀န်ထမ်းများလည်း ပါ၀င်ရန် မလိုချေ။ အမှန်တွင် ယဲ့ကျား အစီရင်ခံစာရေးရမည်ကို အလွန်ပျင်းရိလေသည်။ ထို့ကြောင့် သူ့ကို ထိုသို့ကွင်းဆင်းလေ့လာရန် လွှတ်လိုက်တိုင်း သဘာ၀လွန်ဖြစ်ရပ် ဖြစ်နေလျှင်ပင် သူတစ်ယောက်တည်း ဖြေရှင်းပြီး သဘာ၀လွန်ဖြစ်ရပ် မဟုတ်ကြောင်း အစီရင်ခံမည်ဖြစ်သည်။ ဤသို့ဖြင့် သူ ပြဿနာများစွာ ဖြေရှင်းနိုင်ပေသည်။

ယဲ့ကျား ခေါင်းကို ငုံ့လိုက်ပြီး နို့လက်ဖက်ရည်တစ်ငုံ့သောက်လိုက်ကာ အပြင်ဘက်မှ မြင်ကွင်းများကို မျက်လုံးမှေးစင်းလျက် ကြည့်နေလိုက်သည်။

သူ့၏ အတွေ့အကြုံအရ ဤတာ၀န်ကို နှစ်ရက်အတွင်း ဖြေရှင်းနိုင်ပေသည်။

သို့သော် ထိုအချိန်၌ ထူးဆန်းသော ငိုသံတစ်သံ ကားနောက်ခန်းမှ ထွက်ပေါ်လာလေသည်။

“ဟင့်...ဟင့်...”

ယဲ့ကျား၏ အမူအရာ ပြောင်းလဲမသွားပေ။ သူ ဘာမှမကြားသလိုပင် ဖြစ်သည်။

ချန်စဲကျစ် နောက်ကြည့်မှန်မှတစ်ဆင့် ကားနောက်ခန်းကို ကြည့်လိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ဒါက...”

ယဲ့ကျား : “ဟမ်...”

“ဘာ...ဘာဖြစ်‌လို့လဲ..."

ချန်စဲကျစ် အကြည့်ကို ပြန်ရုတ်လိုက်ပြီး စိတ်ရှုပ်ထွေးနေလေသည်။

ကားနောက်ခန်းတွင် လက်မဲလေးကို ထိုင်ခုံခါးပတ်ဖြင့် ချည်ထားသောကြောင့် လက်မဲလေးက အရှေ့ခန်းတွင် ထိုင်နေသူများ၏ အာရုံကို ဆွဲဆောင်ရန် လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းကာ ငိုကြွေးနေလေသည်။

"ဟင့်င့်င့်င့်င့်..."

ယဲ့ကျား တည်ငြိမ်စွာ နို့လက်ဖက်ရည်သောက်လိုက်ပြီး ပြောလိုက်သည်။

“အင်တာနက်စွဲလမ်းတာကို ဖျက်ရတဲ့ လုပ်ငန်းစဥ်က အမြဲနာကျင်တယ်..."

အထူးသဖြင့် လက်မဲလေး သူ့စုဆောင်းငွေတွေကို ခိုးသုံးခဲ့တာ သိပြီးနောက်ပေါ့...

သူ ခေါင်းကိုငုံ့ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ငါ့ရဲ့ ငွေပေးချေမှု စကားဝှက်ကို တကယ်ပြောင်း‌‌တော့မယ်...”

ချန်စဲကျစ် တစ်ခုခုကို သတိပြုမိလိုက်ပြီး ခေါင်းလှည့်ကာ မေးလိုက်သည်။‌

"အရင်စကားဝှက်က ဘာလဲ..."

ယဲ့ကျား : “၁၂၃၄၅၆...”

ချန်စဲကျစ် : “……..”

သူ မအံ့ဩတော့ပါဘူး...

ကားက မြို့ပြင်သို့ တဖြည်းဖြည်းရောက်ရှိလာပြီး ပတ်၀န်းကျင်က ပိုမို ခြောက်ကပ်လာလေသည်။သုံးနာရီကြာ မောင်းပြီး‌နောက် သတင်းပို့ချက်တွင် ဖော်ပြထားသော ဆင်ခြင်ဖုံးရပ်ကွက်သို့ ရောက်လာကြသည်။

ဗီလာက အချိန်အတော်ကြာ လူမနေသောကြောင့် စွန့်ပစ်နေရာ ဖြစ်နေလေသည်။

မြင့်မားသော သတ္တုတံခါးမှတစ်ဆင့် ခြံ၀န်းထဲရှိ ဗီလာကို လှမ်းမြင်နေရပေသည်။ဗီလာက အထပ်သုံးထပ်ရှိကာ အပြင်ဘက်နံရံတွင် ရှုပ်ထွေးပြီးအနုစိတ်သောဒီဇိုင်းများ ပုံဖော်ထားသော်လည်း ကံမကောင်းစွာနှင့် အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် မျက်နှာပြင်က မည်းမှောင်စွန်းထင်းလေသည်။ အပြင်ဘက်ရှိ သတ္တုတံခါးများတွင် သံချေးများတက်နေပြီး ချိန်းကြိုးဖြင့် တံခါးနှစ်ခြမ်းကို တွဲချည်ထားသော်လည်း လူ၀င်ရန်နေရာလွတ်ရှိသေးလေသည်။

ယဲ့ကျားနှင့် ချန်စဲကျစ် ကားပေါ်မှဆင်းကာ ခြံ၀န်းထဲသို့ လှမ်းကြည့်လိုက်သည်။

သတ္တုတံခါးနောက်တွင် ကျယ်၀န်းသာ ခြံ၀န်းကြီးရှိနေပြီး ပေါင်းပင်မြက်ပင်များက ခါးလောက်ရှိနေလေသည်။ ကြည့်ရသည်မှာ အလွန် ပျက်စီးခြောက်ကပ်နေလေသည်။ ဗီလာကြီး၏ ပြတင်းပေါက်များက ညစ်ပတ်ပေကျံနေကာအပြင်ဘက်မှ အလင်းရောင်များပင် အထဲသို့ မထိုးဖောက်နိုင်ချေ။ လူမနေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလေသည်။

"ဟင့်...”

လက်မဲ‌လေး၏ ငိုရှိုက်သံများ ကားနောက်ခန်းမှထွက်ပေါ်နေဆဲဖြစ်သည်။

ယဲ့ကျား ပျင်းရိစွာ သူ့ကို ကြည့်လိုက်ပြီး ကြိုးချည်ထားသည်ကို ဖြည့်ပေးလိုက်သည်။

လက်မဲလေး ငိုကြွေးရင်း ယဲ့ကျားပခုံးပေါ်သို့ တွားသွားတက်လာလေသည်။

ယဲ့ကျား ကရုဏာမဲ့စွာ ပြောလိုက်သည်။

"နောက်လအတွက် မင်းရဲ့ ဂိမ်းစရိတ်ကုန်သွားပြီ..."

လက်မဲလေး အံ့ဩထိတ်လန့်သွားပြီး တစ်ကိုယ်လုံး နွမ်းလျကျသွားကာ ယဲ့ကျား ကော်လံကို ဆုပ်ကိုက်လျက် ကျယ်လောင်စွာ အော်ငိုလေသည်။

“ဝူးးးး၀ူးးးး”

အစေ့တစ်စေ့ယူလိုက်တာ ဖရဲသီးတစ်လုံး ဆုံးရှုံးသွားပြီ...

အမှိုက်ဂိမ်းပဲ...သူ့တစ္ဆေဘ၀ကို ဖျက်ဆီးနေတာ...ဘာလို့ skins ကို ၀ယ်လိုက်မိတာလဲ...

ချန်စဲကျစ် ‌သေတ္တာကို ဖွင့်လိုက်ပြီး လက်ဆွဲကိရိယာအချို့ကို ထုတ်လိုက်သည်။ ထို့နောက် ယဲ့ကျားဘက်လှည့်ကာ ပြောလိုက်သည်။

“သွားရ‌အောင်...”

လူနှစ်ယောက် သတ္တုတံခါးကြားမှ နေရာလွတ်သို့ တစ်ယောက်ပြီးတစ်‌ယက် တိုး၀င်ကာ ပေါင်းပင်မြက်ပင်များဖြင့် ဖုံးလွှမ်းနေသော ခြံ၀န်းထဲသို့ ၀င်လိုက်သည်။

ပေါင်းပင်မြက်ပင်များက အလွန်များပြားလှပြီး ခြေလက်များနှင့် ထိတွေ့မိလျှင် စပ်ဖျဉ်းဖျဉ်းခံစားရစေသည်။

ရံဖန်ရံခါ ထူးဆန်းသော ပုံသဏ္ဍာန်‌ရှိသည့် ချုံပုတ်ရှည်များကို တွေ့ရပေသည်။ သူတို့ ခြံ၀န်းထဲ ၀င်လိုက်သည်နှင့် သူတိူ့ အမြင်အာရုံကို ယင်းတို့က ပိတ်ဆို့ထားကြပြီး ခေါင်မိုးပေါ်ရှိပျက်စီးယိုယွင်းနေသော အုတ်ကြွပ်ပြားများနှင့် အပေါ်ထပ်ရှိ ညစ်ပတ်ပေကျံနေသော ပြတင်းပေါက်များကိုသာ မြင်နိုင်ပေသည်။

သူတို့ ရှေ့သို့ ကြိုးစားသွားနေစဉ် ချန်စဲကျစ် မကျေမနပ် ပြောလိုက်သည်။

"Mမြို့က စိုစွတ်တာ ကျွန်တော်သိပါတယ်...ဒါပေမဲ့ဒီလောက်များတဲ့ ပေါင်းပင်မြက်ပင်တွေကတော့ အရမ်းလွန်လွန်းတယ်..."

ယဲ့ကျား မျက်လုံးကို မှေးစင်းလိုက်ပြီး သူ့ကို ရုတ်တရက် တိတ်ခိုင်းလိုက်သည်။

“ရှူး...”

ချန်စဲကျစ် ထိတ်လန့်သွားသည်။ သူ ရုတ်တရက်ရပ်လိုက်ပြီး အသက်ပင် မရှူကာ နားထောင်လိုက်သောအခါ တစ်ယောက်ယောက် တီးတိုးပြောနေသံလိုလို မြက်ပင်များ ပွတ်တိုက်သံလိုလို အသံဖျော့ဖျော့ကို ကြားလိုက်ရသည်။



Xxxxxx