အပိုင်း ၃၉
Viewers 10k

Chapter 39



ချန်စဲကျစ်၏ နှလုံး ချက်ချင်းတင်းမာ လာလေသည်။

ဒီဗီလာကြီးက တကယ်ပြဿနာရှိနေတာလား...

သို့သော် ယဲ့ကျား မျက်လုံးများ မှေးစင်းပြီး အသံကြားရာဆီသို့ လျှောက်သွားလေသည်။

“‌ ဟေး...”

ချန်စဲကျစ် အသံအုပ်အုပ် အော်ခေါ်လိုက်သော်လည်း တစ်ဖက်လူက မြက်ပင်များကြား ပျောက်ကွယ်သွားလေသည်။ သူ အံကြိတ်လိုက်ပြီး ရှေ့တွင် စောင့်နေသော မကောင်းဆိုးဝါးများ တစ္ဆေများကို ဂရုမစိုက်တော့ပေ။ ယဲ့ကျားနောက်သို့သာ လျင်မြန်စွာ လိုက်သွားလိုက်သည်။

“ကျွန်တော့်ကို‌ စောင့်ပါဦး...”

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် မြင်ကွင်းက ကြည်လင်လာလေသည်။

ချန်စဲကျစ် ဗီလာ၀င်ပေါက်တွင် ရပ်နေသော လူငယ်ငါးယောက်ကို မြင်လိုက်သည်။ သူတို့ကတစ်စုံတစ်ခုကို ခေါင်းချင်းဆိုင် ဆွေးနွေးနေကြလေသည်။

ထိုအုပ်စုတွင် ယောကျာ်းလေးသုံးယောက် မိန်းကလေးနှစ်ယောက် ပါ၀င်ပြီး အသက်နှစ်ဆယ်၀န်းကျင်ခန့် ရှိကြကာ စတိုင်ကျကျ ၀တ်ဆင် ထားကြလေသည်။ သူတို့ထဲမှ တစ်ယောက်က ထူးဆန်းသော ကိရိယာတစ်ခု ကိုင်ထားကာ တံခါးကို လေးနက်သော အမူအရာဖြင့် စစ်ဆေးနေလေသည်။

ယဲ့ကျားနှင့် ချန်စဲကျစ် မြက်ပင်များကြားမှ ထွက်လာသည်ကို မြင်သောအခါ သူတို့အားလုံး ထိတ်လန့် သွားကြလေသည်။

ခေါင်းဆောင်က ထိတ်လန့်နေရာမှ လျင်မြန်စွာ သတိပြန်၀င်လာပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

“မင်းတို့လည်း ဒီနေရာ သရဲခြောက်တယ်ကြားလို့ စူးစမ်းရှာဖွေဖို့ လာကြတာလား...”

သူ စိတ်အားထက်သန်စွာ လက်ဆန့်ထုတ်လိုက်ပြီး မိတ်ဆက်လိုက်သည်။

“ငါက ကွမ်ထျန်းရီ...”

ချန်စဲကျစ် : “…..”

ဟမ်...ဒီလိုကြီးလား...

သူ့ခံစားချက် တည်ငြိမ်အောင် လုပ်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

“မင်းတို့က စူးစမ်းရှာဖွေဖို့ လာကြတာလား...”

“ဟုတ်တယ်...”

ကွမ်ထျန်းရီ ခေါင်းငြိမ့်လိုက်သည်။


"ဒါက သရဲခြောက်တဲ့အိမ်မလား..."

သူ့နောက်မှ ယောကျာ်းလေးတစ်ယောက်ကြောက်စရာကောင်းသော အမူအရာနှင့် ခုန်ထွက်လာပြီး ထတ်လန့်နေဆဲ မိန်းကလေး နှစ်‌ယောက်ကို ခြောက်လှန့်လိုက်သည်။ ထိုမြင်ကွင်းကို ကျန်လူများ ဝိုင်းရီနေကြလေသည်။

ချန်စဲကျစ် : “………”

သရဲကားတွေထဲက လူသေပုံစံ လုပ်နေတာလားဟ...

သူ့အ‌‌တွေးများကို ပြန်ရုတ်လိုက်ပြီး တင်းမာစွာ သတိပေးလိုက်သည်။

“ဒီနေရာက မင်းတို့ရှိသင့်တဲ့ နေရာမဟုတ်ဘူး...မင်းတို့ ပိုကောင်း..."

ချန်စဲကျစ် စကားမဆုံးခင်တွင်ပင် မိန်းကလေးတစ်ယောက်၏ စကားစဖြတ်ခြင်းကို ခံလိုက်လေသည်။

ဆံပင်တိုနှင့် အလွန်တက်ကြွပုံပေါ်သော မိန်းကလေးက ချန်စဲကျစ်လက်ထဲမှ ကိရိယာကို ကြည့်ကာ မေးလိုက်သည်။

“ဟမ်...ဒါကဘာလဲ...”

‌ယောကျာ်းလေးတစ်ယောက်၏ မျက်လုံးများတောက်ပလာသည်။

“မင်းတို့က ကျွမ်းကျင်တဲ့သရဲဖမ်းသူတွေလား..."

ကွမ်ထျန်းရီလည်း စိတ်လှုပ်ရှားနေလေသည်။ သူလည်း လျင်မြန်စွာ ထင်ကြေးပေးလိုက်သည်။

"ဒါမှမဟုတ် လျှို့ဝှက်အစိုးရအေဂျင်စီကလား..."

ကွမ်ထျန်းရီ ဆက်ပြောမည်ကိုစိုးရိမ်သောကြောင့် ချန်စဲကျစ် အလောတကြီး စကားစဖြတ်လိုက်သည်။

“မဟုတ်ဘူး...ငါ...ငါတို့က...”

သူ အံကြိတ်လိုက်ပြီး အားတင်းကာ ပြောလိုက်သည်။

"ငါတို့က သဘာ၀လွန်ဖြစ်ရပ်တွေရဲ့ ပရိတ်သတ်တွေပဲ..."

“ဟား...”

ကွမ်ထျန်းရီ စိတ်ဓာတ်ကျစွာ အဝေးကို လှမ်းကြည့်လိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။

“ဒါဆို ငါတို့က တူတူပဲလေ...ဘာလို့ တူတူမသွားတာလဲ..."

ချန်စဲကျစ် ထိုစကားဝိုင်းကြောင့် စိတ်ရှုပ်နေပြီဖြစ်ကာ တောင့်တင်းစွာ ခေါင်းငြိမ့်လိုက်သည်။

“‌‌ ကောင်းပြီ...”

ဆံပင်ရှည်နှင့် သိမ်မွေ့ပုံရသော မိန်းကလေး ပြောလိုက်သည်။

"ငါ့နာမည်က ဟဲလျန်း...နင့်နာမည်ကရော..."

သူ့အကြည့်က ဘေးတွင် ရပ်နေသော ယဲ့ကျားဆီရောက်နေလေသည်။

အစကတည်းက ‌ဘေးမှာရပ်နေတဲ့ ကောင်လေးက စကားတစ်ခွန်းမှ ၀င်မပြောဘူး...မျက်လုံးတွေက မှေးစင်းပြီး စွန့်ပစ်ဗီလာကြီးကိုပဲ ကြည့်နေပြီး တစ်ခုခုကို တွေးနေပုံပေါ်တယ်...

နေ့လည်ခင်း နေရောင်ခြည်က ယဲ့ကျားပေါ် ဖြာကျနေသောကြောင့် အညိုဖျော့ဖျော့ ဆံနွယ်များပေါ် ရွှေရောင်ဖျော့ဖျော့ ‌‌တောက်ပနေပြီး ယဲ့ကျား၏ ဖြူဖျော့သော သွင်ပြင်ကို ပေါ်လွင်စေလေသည်။ သူ့ကြည့်ရသည်မှာ စိတ်ကူးယဉ်လောကထဲမှ ထွက်လာသော ချောမောသည့် ဇာတ်ကောင်တစ်ကောင်နှင့် တူလေသည်။

မိန်းကလေး၏ ဖြူဖွေးသော မျက်နှာ နီမြန်းလာပြီး ရှက်ရွံ့စွာ အကြုံပြုလိုက်သည်။

“တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြရအောင်...ငါတို့က သူငယ်ချင်းတွေ ဖြစ်သွားနိုင်တာပဲ..."

ယဲ့ကျား ဗီလာပေါ်သို့ ရောက်နေသော သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ပြုံးကာ မိတ်ဆက်လိုက်သည်။

"ယဲ့ကျားပါ..."

ယဲ့ကျားက ပူးပေါင်းဆောင်ရွက်နေသည်ကို မြင်သောအခါ ချန်စဲကျစ် သူ့နာမည်ကို တွန့်ဆုတ်စွာ မိတ်ဆက်လိုက်သည်။

ကွမ်ထျန်းရီ ဗီလာတံခါးရှေ့ လျှောက်သွားကာတံခါးကို တွန်းဖွင့်လိုက်လေသည်။

တံခါးကို သော့ခတ်မထားပေ။ သံ‌ချေးတက်နေသော တံခါးပတ္တာများက အိမ်တွင်းမှ အမှောင်ထုကို မထုတ်ပြမီ တကျွိကျွိ မြည်နေလေသည်။

စိုထိုင်းနေသော သစ်သားနံ့နှင့် ဖုန်နံ့ထွက်လာပြီး အရှေ့ဆုံးမှ လူနှစ်ယောက် အနည်းငယ် နှာချေလိုက်သည်။

ဖုန်မှုန့်များ ငြိမ်သွားပြီးနောက် သူတို့ဗီလာအတွင်းကို မြင်လိုက်ကြရသည်။

ဗီလာက အလွန်မှောင်လေသည်။ ပြတင်းပေါကများမှ ဟိုတစ်စဒီတစ်စ ၀င်လာသော ‌မှိန်ဖျဖျနေရောင်ခြည်များသာ ရှိလေသည်။ ထိုအလင်းရောင်က အခန်းထဲရှိ အမှောင်ထုအချို့ကို ချေမှုန်းနိုင်ပေသည်။

ပထမထပ်ရှိ ဧည့်ခန်းက အလွန်ကျယ်လေသည်။ ပရိဘောဂ အပျက်အစီးများစွာကို တွေ့ရပြီး ၎င်းတို့ပေါ်မှ ဖုန်ထုကို အခြေခံကြည့်လျှင် ဤနေရာတွင် လူမနေသည်မှာ ကြာပြီဖြစ်ကြောင်းသိနိုင်လေသည်။

နံရံပေါ်တွင် ချိတ်‌ဆွဲထားသော ဓာတ်ပုံများစွာရှိပြီး ဓာတ်ပုံများက အရောင်လွင့်နေပြီး ကောက်ကြောင်းလောက်သာ ကျန်တော့သည်။

ဗီလာတစ်ခုလုံး မှောင်မည်း တိတ်ဆိတ်နေလေသည်။ နွေရာသီဖြစ်သော်လည်း ဗီလာထဲရှိ အပူချိန်က အလွန်နိမ့်ကာ အေးစက်သော အထိအတွေ့က သူတို့ အရိုးထဲထိ စိမ့်၀င်လာပြီး သူတို့ကို တုန်ရီစေလေသည်။

“၀ိုး...”
အချိန် အတော်ကြာ တိတ်ဆိတ်နေ‌သော ကွမ်
ထျန်းရီ အံ့ဩစွာ ထအော်လိုက်သည်။

သူ့‌‌မျက်လုံးများ တောက်ပနေပြီး သူ့နောက်မှသူငယ်ချင်းများကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒီလေထုက အံ့ဩစရာမကောင်းဘူးလား..."

ချန်စဲကျစ် မျက်လုံးကို လှိမ့်လိုက်သည်။

သူ ယဲ့ကျားလက်မောင်းကို ဆွဲကာ တိတ်တိတ်လေး ပြောလိုက်သည်။

"ဒုတိယထပ်သွားပြီး ကိရိယာတွေသုံးကြရ
အောင်..."

ဤလူငယ်များရှေ့တွင် ပစ္စည်းကိရိယာများကို
သုံးလျှင် ပြဿနာရှိပေသည်။ သူ မနက်ဖြန်မနက်
ခင်း သတင်းတွင်'သဘာ၀လွန်ဖြစ်ရပ်များကို
ကိုင်တွယ်သည့် လျှို့ဝှက်အစိုးရအေဂျင်စီ Mမြို့
တွင် ပေါ်လာခြင်း' ဟူသောသတင်းကို မမြင်ချင်ပေ။ ထို့ကြောင့် သီးခြားလုပ်ဆောင်လျှင် အကောင်းဆုံးဖြစ်သည်။

ယဲ့ကျား ပခုံးတွန့်လိုက်ပြီး ကွမ်ထျန်းရီလက်ထဲမှ
ကိရိယာကို လှမ်းကြည့်လိုက်သည်။

သူတို့ ခုနစ်ယောက် ဧည့်ခန်းထဲသို့ တစ်ယောက်ချင်းစီ ဆင့်လျှောက် ၀င်သွားကြသည်။ သူတို့
နောက်မှ တံခါးကို အဆုံးထိဖွင့်လိုက်ပြီး နေရောင်
ခြည်က ထိုမှ တိုး၀င်လာလေသည်။ အထဲက အေးစက်ပြီး စွန့်ပစ်ဗီလာကြီး၊ အပြင်ဘက်က နေရောင်တောက်ပနေသော နေ့လည်ခင်းဖြစ်၏။

‌ယောကျာ်းလေးတစ်ယောက် မိန်းကလေးနှစ်ယောက်နား ကပ်ကာ တီးတိုးပြောလိုက်သည်။

“မင်းတို့သိလား...ဒီအိမ်ပိုင်ရှင်ဟောင်းတွေက
လင်မယားတွေလေ...ယောကျာ်းက ဖောက်ပြန်လို့
မိန်းမဖြစ်သူက သူ့ကလေးနှစ်ယောက်ကို လည်
ပင်းညှစ်သတ်၊ ယောကျာ်းကို ဓားနဲ့ထိုးသတ်ပြီး
သူ့ကိုယ်တိုင်လည်း ဆွဲကြိုးချသေခဲ့တာ...အဲ့အချိန်က စပြီး သူတို့ရဲ့ မကျွတ်မလွတ်တဲ့ ဝိညာဉ်
တွေက ဒီအိမ်ထဲမှာ ပိတ်မိနေပြီး တံခါးကို ဖြတ်လာတဲ့ လူတွေကို စောင့်နေတာတဲ့..."

သူ့အသံကို ပြောရင်း ပြောရင်း တိုးသထက် တိုး
လာလေသည်။

မိန်းကလေးနှစ်ယောက်၏ မျက်နှာများ ဖြူဖျော့လာပြီး အချင်းချင်း ဖက်ထားကြလေသည်။ သူတို့နှစ်ယောက်လုံး သရဲပုံပြင်ကို နား‌ထောင်လိုက်
ရသောကြောင့် ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားနေကြ‌
သည်။

ချန်စဲကျစ် ထိုစကားအားလုံးကို ကြားလိုက်သော်
လည်း ခံစားချက်မဲ့နေသော အမူအရာကို ထိန်း
သိမ်းထားဆဲ ဖြစ်သည်။

အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ...

မလာခင်က ဒီအ‌‌ဆောက်အအုံအကြောင်းသတင်းပို့ချက်ဖတ်လာခဲ့တယ်...အိမ်ဆောက်ပြီး
ကတည်းက ဘယ်သူမှ နေခဲ့တာမဟုတ်ဘူး...
ဒီလိုကြောက်စရာကောင်းတဲ့ လူလေးယောက်
အသတ်ခံရမှုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး...

အဲ့လိုကိစ္စသာ တကယ်ရှိခဲ့ရင် ထောက်ပံ့ပို့ဆောင်ရေး၀န်ထမ်းနှစ်ယောက်က ဒီနေရာမှာ ရပ်နေမှာ
မှာ မဟုတ်ဘူး...

ဗျူရိုက ဒီနေရာမှာ အသက်သေဆုံးမှု‌တွေ မဖြစ်
ခဲ့တာကြောင့် အန္တရာယ်မရှိတဲ့ နေရာအဖြစ်
သတ်မှတ်ခဲ့ပြီး အန္တရာယ်နည်းပါးတဲ့အမှုအဖြစ်
သတ်မှတ်ခဲ့တယ်...

ချန်စဲကျစ် ပရော်ဖက်ရှင်နယ် အပြုံးတုကို ထုတ်
ပြလိုက်သည်။

“ဒီလိုလုပ်ကြရ‌အောင်...မင်းတို့ အောက်ထပ်ကို
အရင်ကြည့်ကြ...ငါတို့ ဒုတိယထပ် တက်ကြည့်လိုက်မယ်..."


“အွမ်.. .”
ဟဲလျန်း ယဲ့ကျားကို ကြည့်ကာ ပါးပြင်နီရဲလာပြီး
ပြောလိုက်သည်။

“တကယ်တော့ ငါလည်း ဒုတိယထပ်ကို သွားချင်
တယ်..."

ချန်စဲကျစ် ယဲ့ကျားကို ကြည့်လိုက်ပြီး မျက်လုံးများဖြင့် စကားပြောလိုက်သည်။
'အစ်ကို အဲ့လိုဖြစ်အောင် လုပ်တာ...အစ်ကိုကြည့်ရှင်းပေး...'

ယဲ့ကျား ပြုံးလိုက်သည်။ ယင်းက သူ့ကို နူးညံ့
သိမ်‌မွေ့ဟန် ပေါ်‌စေလေသည်။

“ဒီမှာ ဘယ်သူမှ မနေတာကြာပြီ...လှေကားတွေလည်း ဆွေးလောက်ရောပေါ့...ငါတို့ အရင်တက်ကြည့်လိုက်ပြီး အန္တရာယ်မရှိရင် မင်းကိုခေါ်လိုက်
မယ်...ငါတို့ မင်းလို မိန်းမပျိုလေးကို ဒဏ်ရာမရစေချင်ဘူး..."

ဟဲလျန်း မျက်နှာ ပိုမိုနီရဲလာလေသည်။

သူ မိန်းမောကာ ခေါင်းငြိမ့်လိုက်သည်။
"အို...‌ရတယ်..."

ဤတစ်ကြိမ်တွင် သူတို့ကို တားဆီးမည့်သူ မရှိ
တော့ပေ။ ဒုတိယထပ်သို့ ပြဿနာများ မရှိစွာ
တက်လိုက်ခဲ့သည်။

သူတို့အောက်မှ လှေကားထစ်များက တကျွိကျွိ
မြည်နေပြီး အောက်ထပ်များ လူသံများ တဖြည်း
ဖြည်းတိုးလာလေသည်။

ချန်စဲကျစ် ယဲ့ကျားကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“အစ်ကိုယဲ့က အံ့ဩဖို့ကောင်းတာပဲ...”

သူ မနာလိုစွာ သက်ပြင်းချလိုက်သည်။
“မင်းကို လိုက်တဲ့ မိန်းကလေးတွေ အများကြီးပဲ..."

ယဲ့ကျား ပခုံးပေါ်မှ လက်မဲလေး ရေရွတ်လိုက်သည်။
"ဟမ်...သူ့ရဲ့ အသွင်အပြင်ကြောင့် လှည့်စား
ခံ‌နေရတဲ့ တုံးအလိုက်တဲ့ လူသားတွေ..."

ဒီလူရဲ့ မျက်နှာအစစ်ကို ငါပဲသိတယ်...

ယဲ့ကျား : “………”

သူ့မျက်ခွံများ လှုပ်လာကာ လက်ကို မြှောက်လိုက်ပြီး လက်မဲလေးကို တွန်းလိုက်သည်။ ထို့
နောက် ပြီးပြည့်စုံသော အပြုံးကို ထုတ်ဖော်လိုက်သည်။
"မင်း ဒီအထပ်မှာ စစ်ဆေးချင်တယ်ဆို..."

“ဟုတ်သားပဲ...”

ချန်စဲကျစ် ခေါင်းငြိမ့်လိုက်သည်။ သူ ကော်ရစ်တာ ကြမ်းပြင်ပေါ်တွင် ကိရိယာများ တပ်ဆင်လိုက်ပြီး ညွှန်ကြားချက်ကို ဖတ်လိုက်သည်။

ယင်စွမ်းအင်တွေက ပုံမှန်ထက် စုစည်းနေရင်
အဲ့နေရာက အန္တရာယ်ရှိတယ်တဲ့...

ချန်စဲကျစ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲမှ ပစ္စည်းများကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ဒါက...”

ပုံမှန်လား...ပုံမှန်မဟုတ်တာလား...

လက်ပိုက်ကာ တံခါး‌‌ဘောင်ကို မှီ‌နေသည့် ယဲ့ကျား ထိုမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေလေသည်။

ချန်စဲကျစ် ထပ်မံကြိုးစားနေစဉ် မျက်လုံးများ‌ကို
မှေးစင်းလိုက်ပြီး တစ်နေရာကို ကြည့်လိုက်သည်။

ဒီဗီလာမှာ သရဲ‌တစ္ဆေတွေ တကယ်ရှိတယ်...

ပြီးတော့ သူတို့လည်း ဂိမ်းထဲက ထွက်လာကြတာပဲ...

ဒါက ခြောက်လှန့်ခြင်းဝိညာဉ်လို့ခေါ်တဲ့ Dအဆင့်
တ‌စ္ဆေပဲ...

‌တစ္ဆေအများစုက လူသားတွေရဲ့ မကောင်းမြင်
စိတ်ခံစားချက်တွေအပေါ် မှီခိုပြီး ကြီးထွားပေမဲ့
ခြောက်လှန့်ခြင်းဝိညာဉ်ကတော့ လူသားတွေရဲ့ကြောက်ရွံ့မှုအပေါ် မှီခိုပြီး ကြီးထွားတဲ့ တစ္ဆေပဲ...

သူတို့က လူတွေရဲ့ အကြောက်တရားတွေကို နှစ်သက်ပြီး အဆင့်နိမ့်ဖြစ်စဉ် တချို့မှာ ပေါ်လာ
တတ်တယ်...သူတို့က တစ်ယောက်တည်းမနေသရွေ့ အရမ်းအန္တရာယ်မရှိဘူး...သူတို့နဲ့
အကြာကြီး မနေသရွေ့ အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ဘူး...

သတင်းပို့ချက်မှာပါတဲ့ သူတို့ မြင်ခဲ့ကြားခဲ့ရတဲ့
ဗီလာထဲက ထူးဆန်းတဲ့ အသံတွေနဲ့ ပုံရိပ်တွေက
ဒီခြောက်လှန့်ခြင်းဝိညာဉ် လုပ်ခဲ့တာဖြစ်နိုင်တယ်

ယဲ့ကျား ကွမ်ထျန်းရီ ကိုင်ထားသော ကိရိယာပေါ်
အာရုံစိုက်နေဆဲဖြစ်သည်။

သူထင်တာမမှားရင် ဒီကိရိယာက ဂိမ်းထဲကပဲ...

ယင်းကိရိယာက ကစားသမားများ အန္တရာယ်ရှိမရှိ ကြိုတင်ထောက်လှမ်းသည့် တစ္ဆေထောက်
လှမ်းရေး ကိရိယာဖြစ်သည်။ ဤကိရိယာအဆင့်
က လွန်စွာ မမြင့်မားပေ။ အမှတ် လေးငါးရာလောက်နှင့် လဲလှယ်နိုင်ပေသည်။ သို့သော်
၎င်း၏ တိကျမှုမှာ ဗျူရိုရှိကိရိယာများထက်
ပိုသာသည်။

ဒါကို သူ စောစောရိပ်မိသင့်တယ်...ဂိမ်းထဲက
ကျိန်စာပစ္စည်းတွေကို မှောင်ခိုထုတ်လာတဲ့သူ
ရှိမှာတော့ တခြားကိရိယာတွေကိုလည်း ခိုးထုတ်လာတာတွေ ရှိမှာပဲ...သူတို့က မှောင်ခိုဈေးကွက်
ထဲမှာ ပျံ့နှံ့နေလောက်ပြီ...

အကယ်၍ ၎င်းတို့၏ ရင်းမြစ်ကို ခြေရာခံမိလျှင်
ဂိမ်းကိရိယာများစွာကို သိမ်းဆည်းနိုင်မည်ဖြစ်
သည်။ ထိုအခါ သူ ထိုကိရိယာများကို ကောင်းမွန်
သောနေရာ၌ အသုံးပြုနိုင်မည်ဖြစ်သည်။

ယဲ့ကျား မျက်လုံးကိုစိုက်ကာ အတွေးနက်နဲနေပြီး
သူ့အကြည့်က ဖုန်ထူသော ကြမ်းပြင်ပေါ်သို့ ရောက်နေကာ အက်ကြောင်းများကို စစ်ဆေးနေပုံပေါ်လေသည်။

အောက်ထပ်၌...

သူတို့ငါးယောက် ဗီလာကို အုပ်စုခွဲကာ စစ်ဆေး
နေကြလေသည်။ သူတို့ စိတ်လှုပ်ရှားမှုတစ်၀က်၊
ကြောက်ရွံ့မှုတစ်၀က်နှင့် အခန်းများကို စစ်ဆေး
နေကြသည်။

ခြေထောက်အောက်မှ ကြမ်းပြင်က သူတို့၏ အလေးချိန်ကြောင့် အက်ကြောင်းများ ထင်လာ
လေသည်။ လေထုက စိုထိုင်းနေပြီး ဆွေးမြည့်
နေသော သစ်သားအနံ့များဖြင့် ပြည့်နှက်နေကာ
နံရံပေါ်မှ ဆေးများက အလိပ်လိုက် ကွာကျနေပြီ
ဖြစ်သည်။

"ဘုတ်...''
တစ်ခုခု အပေါ်ထပ်မှ ပြုတ်ကျလာသံ...

"ကလောက်...ကလောက်...ကလောက်..."
တစ်ခုခု ကြမ်းပြင်ပေါ်တွင် လှိမ့်နေသော အသံ...

ကွမ်ထျန်းရီ ခေါင်းကိုမော့ကာ ကြည့်လိုက်သည်။

အပေါ်ထပ်မှ လူနှစ်ယောက် တစ်ခုခု လုပ်နေပုံ
ရလေသည်။

သူ ယင်းကို အာရုံမစိုက်တော့ပေ။ ခေါင်းငုံ့ပြီး
ခြေထောက်ကွေးကာ စန္ဒယားကို ဂရုတစိုက် စစ်ဆေးနေလေသည်။ ခလုတ်များပေါ်တွင် ဖုန်များထူပိန်းနေပြီး မူရင်း အဖြူအမည်းခလုတ်များကိုပင် ကွဲကွဲပြားပြား မမြင်ရလုနီးပါး ဖြစ်နေလေသည်။

သူ ခလုတ်များကို မဝံ့မရဲ နှိပ်ကြည့်လိုက်သည်။

တိုးညှင်းနေသော အသံတစ်သံက တိတ်ဆိတ်နေသော အခန်းကို ဖျက်ဆီးလိုက်လေသည်။

ဆံပင်တိုနှင့် မိန်းကလေး ကွမ်ထျန်းရီကို ပြောလိုက်သည်။

“ဟေး... လူတွေကို ခြောက်တာရပ်လိုက်တော့...”

ကွမ်ထျန်းရီ ပြုံးကာ လက်ကိုမြှောက်လိုက်ပြီး
အသနားခံလိုက်သည်။
"ဆောရီး...ဆောရီး...ငါမှားသွားတယ်..."

ထို့နောကိ သူ နံရံဆီသို့ လျှောက်သွားလိုက်သည်။

သူ နံရံပေါ်မှ ပန်းချီများကို ကြည့်နေစဉ် စန္ဒယား
သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ဟမ်...”
ကွမ်ထျန်းရီ ရယ်မောလိုက်ပြီး လှည့်ပြောလိုက်သည်။
“ဒိီလို လှည့်ကွက်လေးကို ငါကြောက်မယ် ထင်နေတာလား..."

“နင်ထပ်လုပ်ပြန်ပြီလား…”
အခြားလူများ ဒေါသတကြီး လှည့်လာလေသည်။

သူတို့ အသံများက တစ်ချိန်တည်းတွင် ထွက်ပေါ်
လာခြင်းဖြစ်ပြီး တစ်ဖက်လူက ထိုသို့ပြောလာမည်ကို မမျှော်လင့်ထားကြသောကြောင့် တစ်ယောက်ကို တစ်‌ယောက်ကြည့်လိုက်ကြလေသည်။

ထို့နောက် ငါးယောက်လုံး စန္ဒယားကို ကြည့်လိုက်ကြသည်။

စန္ဒယားက နံရံတွင် ကပ်လျက်ရှိနေဆဲဖြစ်ကာ
ခလုတ်များလည်း ဖုန်တက်နေဆဲဖြစ်ပြီး စန္ဒယား
နားတွင်လည်း တစ်ယောက်မှ မရှိချေ။

ကွမ်ထျန်းရီ ချွေးအေးများ စီးကျလာပြီး တည်
ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
" ကောင်းကောင်းလုပ်ခဲ့တာပဲ...ငါသာ ဒီလှည့်
ကွက် မလုပ်ခဲ့ရင် အခုလောက်ဆို ကြောက်နေလောက်ပြီ..."

ကျန်လေးယောက် တစ်ယောက်မျက်နှာ
တစ်ယောက် သံသယစိတ်ဖြင့် ကြည့်နေကြလေသည်။ ယင်းက သူငယ်ချင်းတစ်ယောက်၏
နောက်ပြောင်မှုဟုတ်မဟုတ် သူတို့မသေချာပေ။

“ဘုတ်...”
ကြမ်းပြင်ပေါ်သို့ လေးလံသောတစ်စုံတစ်ရာ
ပြုတ်ကျသံ ထပ်မံပေါ်ထွက်လာလေသည်။
ယင်းအသံက အလွန် တိုးညှင်းပြီး အခန်း၏
တစ်ဖက်ခြမ်း၌ ကြားပင်မကြားရလောက်ချေ။

သို့သော် ယခုအသံက အောက်ထပ်မှ ထွက်ပေါ်
လာခြင်းဖြစ်သည်။

အမှောင်ထုအတွင်းမှ တစ်ခုခု လှိမ့်လာပြီး ယောကျာ်းလေးတစ်ယောက်၏ ခြေထောက်ကို
လာရိုက်လေသည်။

ထိုယောကျာ်းလေး ခဏလောက် ထိတ်လန့်သွား
ပြီး အောက်ကို ငုံ့ကြည့်လိုက်သောအခါ ခြေ
ထောက်နားတွင် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော
မီးခိုရောင်စကျင်‌ကျောက်တစ်လုံးကို တွေ့လိုက်ရပေသည်။

သူ စိတ်မသက်မသာ ခံစားလိုက်ရသည်။

ထိုစိတ်မသက်သာမှုက သူ့ကို ကြက်သီးများ ထစေလေသည်။

ယောကျာ်းလေး တံထွေးမျိုချလိုက်ပြီး ‌‌နောက်သို့
ဆုတ်ကာ စကျင်ကျောက်နှင့် ဝေးဝေးနေရန် ကြိုးစားလိုက်သည်။

သို့သော် သူ ခြေထောက်သာကြွ‌ရသေးစဉ် စကျင်
ကျောက်က သူ့ဘက်လှည့်လာပြီး မျက်လုံး တစ်
လုံး ပေါ်လာလေသည်။


Xxxx