👻 Chapter 37
Viewers 3k

👻Chapter 37




ယဲ့ကျင်းကျီ၏ မျက်နှာတစ်ပြင်လုံးမှာ နီရဲနေခဲ့လေသည်။ သူ၏နားရွက်တို့မှာ သွေးတမျှနီမြန်းလို့နေသည်။ ရှက်လွန်း၍ စကားတစ်ခွန်းမျှမဆိုနိုင်ရှာချေ။ 


ရှီကျား သူ၏ရှေ့သို့ ရှုပ်ထွေးစွာနှင့်လျှောက်လာခဲ့လျှင် ယဲ့ကျင်းကျီမှာ တဖက်သို့ လျှင်မြန်စွာလှည့်သွားပြန်လေသည်။


ရှီကျားမှာ ပို၍ပင် ဝေခွဲမရဖြစ်လာတော့သည်။ 


ထိုအခိုက်အတန့်တွင် ယဲ့ကျင်းကျီ၏အမူအရာမှာပြန်လည်တည်ငြိမ်လာခဲ့ပြီဖြစ်ကာ မျက်နှာသာနီရဲနေတော့သည်။ သူသည်ပါးစပ်ကိုဖွင့်လျက် တဖန်ပြန်ပိတ်လိုက်လေသည်။ အတော်ကာလွန်ဆွဲနေပြီးမှ ခြင်တောင်ပံခတ်သည့်အလား အသံကလေးဖြင့် ခပ်တိုးတိုးဆိုလာခဲ့သည်။


"ကိုယ်..ကိုယ်တံခါးကိုဖွင့်ပြီး၀င်လာတာ..မင်းတစ်ခုခုဖြစ်နေပြီထင်လို့..ကိုယ်တံခါးခေါက်တော့ ဘယ်သူမှပြန်မဖြေဘူးလေ..အဲဒါကြောင့်တံခါးဖွင့်ပြီး၀င်လာလိုက်တာ..မင်း..မင်း.."


ယဲ့ကျင်းကျီမှာနောက်ဆက်တွဲစကားများကို မည်သို့ဆက်ပြောနိုင်ပါမည်နည်း။ 


ရှီကျားကရေချိုးနေတာလေ...


ဟုတ်သားပဲ ရှီကျားကဒီနေ့ရုပ်ရှင်သွားရိုက်ရတာဆိုတော့ပြန်လာတဲ့အချိန်နောက်ကျမှာပေါ့..ခုမှရေချိုးတယ်ဆိုတာပုံမှန်ပဲ...


ဒါပေမယ့်...သူကရေချိုးနေတာလေ...


ထိုမျှသာမက သူ၏အနာဂါတ်ဇနီးလောင်းမှာ အတွင်းမှဘာမျှမပါပဲ ရေချိုး၀တ်ရုံကိုသာ၀တ်ဆင်ထားပြီး သူ၏မျက်စိရှေ့တွင်ရပ်နေခဲ့လေသည်။


ပထမဆုံးအကြိမ်အနေနှင့် သဘာ၀ယင်ယန်မျက်လုံးကိုပိုင်ဆိုင်ပြီး ယင်စွမ်းအင်ကိုမြင်နိုင်သော ဆရာယဲ့မှာ သူသည်ယင်ယန်မျက်လုံးကိုသာပိုင်ဆိုင်ပြီး X-rayအမြင်အာရုံမရှိသည်ကို၀မ်းသာမိလေသည်။ မဟုတ်ပါက သူသည်ကားရှီကျားသည် ရေချိုး၀တ်ရုံကိုသာ၀တ်ဆင်ထားပြီး အတွင်း၀တ်မ၀တ်ထားသည်ကို စိတ်နှင့်သာအာရုံခံမိလိမ့်မည်မဟုတ်ချေ။ ထိုအစား သူ၏အနာဂါတ်ဇနီးလောင်းမှာ ဘာမှမ၀တ်ထားပဲသည်အတိုင်းရပ်နေသည်ကို သူ၏ဗလာမျက်လုံးနှင့် မြင်နေရပေလိမ့်မည်။


အတွင်း၀တ်မ၀တ်ထားသော ရှီကျားမှာ သူသည်ရေချိုး၀တ်ရုံအောက်တွင် ကိုယ်ဗလာဖြစ်နေသည်ကို ဆရာယဲ့၏အတွေးများထဲတွင် ဖော်ထုတ်ခံလိုက်ရပြီးကြောင်း မသိခဲ့ချေ။


ယဲ့ကျင်းကျီရှေ့၌ပင် ရှီကျားမှာ သူ၏ကိုယ်ကိုလှည့်လျက် အံဆွဲထဲမှ hair dryerကိုရှာဖွေလိုက်လေသည်။


ယဲ့ကျင်းကျီ ၁မိနစ်မျှအတွေးများဂယောက်ဂယက်ဖြစ်နေပြီးနောက် မှော်အစွမ်းကိုသုံးလျက် သူ၏မျက်နှာပေါ်မှ နီရဲနေမှုကို ဖုံးကွယ်လိုက်လေသည်။ သူလှည့်ကြည့်လိုက်သည်နှင့် ရှီကျားမှာ သူ့ကိုကျောခိုင်းကာ ကိုယ်ကိုကိုင်းလျက် ဘာလုပ်နေမှန်းမသိသည်ကိုတွေ့လိုက်ရလေသည်။


ယဲ့ကျင်းကျီ"!!!"


ရေချိုး၀တ်ရုံ၏အနားစမှာ အလွန်ရှည်သည်။ ရှီကျားကိုယ်ကိုကိုင်းထားလျှင်တောင် ဘာကိုမှမမြင်နိုင်ချေ။ သို့သော် အမှောင်ထုထဲတွင်တော့ ဆရာယဲ့မှာ ရှီကျားတစ်ယောက်ဘာကိုမှမ၀တ်ထားသည်ကိုသိနေခဲ့လေသည်။


ဘာမှမ၀တ်ထားဘူး....


ဘာမှ....


မ၀တ်....


ထားဘူး....


ဘန်း...


သူ၏နှာခေါင်းထဲမှ အပူစီးကြောင်းတစ်ခုစီးကျလာခဲ့သည်။ ယဲ့ကျင်းကျီ လျှင်မြန်စွာကျောခိုင်းလျက် သူ၏နှာခေါင်းကိုကာလိုက်လေသည်။ 


ရှီကျား hair dryerကိုရှာတွေ့သွားခဲ့သည်။ သို့သော်သူနောက်ကိုလှည့်ကြည့်လိုက်သည်နှင့်ဆရာယဲ့မှာ အကြောင်းပြချက်တချို့ကြောင့် သူ့အားကျောခိုင်းလျက်ရပ်နေပြန်သည်ကိုတွေ့လိုက်ရလေသည်။


သူအတွေးတချို့၀င်လာခဲ့သည်။ 


သူဒီနေ့တစ်ခုခုဖြစ်နေတာများလား..


မှန်ကိုကြည့်လိုက်မိသည်။ 


အင်း..မျက်နှာလည်းပုံမှန်ပါပဲ..အ၀တ်အစားလည်းသေသေချာချာ၀တ်ထားပါတယ်...ဆရာယဲ့မှာ X rayအမြင်အာရုံရှိနေလို့ သူအောက်ကဘာမှမ၀တ်ထားတာကို သိသွားတာတော့မဟုတ်ပါဘူးနော်...ဟား..ဟား..မဟုတ်သေးပါဘူး..သူအတွင်းခံ၀တ်မထားတော့ရောဘာဖြစ်လဲ..ယောကျာ်းတွေအချင်းချင်းပဲကို ဘာရှက်စရာရှိလို့ ..


ဟုတ်တယ်မလား...


ရှီကျားတွေးလေတွေးလေ..ကိုးရို့ကားယားခံစားလာရလာလေပင်။ 


ရေချိုးခန်းထဲအရင်ပြန်သွားပြီး အတွင်းခံလေးရှာ၀တ်မှနဲ့တူတယ်..


သူပြန်ထွက်လာချိန်တွင် ယဲ့ကျင်းကျီ၏အမူအရာမှာတည်ငြိမ်နေပြီး သူ့ကိုကြည့်လာခဲ့သည်။ မည်သည့်ပုံမှန်မဟုတ်မှုမျိုးမှမရှိချေ။ ရှီကျားမှာ တဖက်လူကိုအကြိမ်အနညိးငယ်ကြည့်လျက် သတိမထားမိပဲမနေနိုင်ခဲ့ချေ။


"ဆရာယဲ့..ခင်များနှုတ်ခမ်းထောင့်မှာ သွေးတွေလား"


ယဲ့ကျင်းကျီမှာ သူသုတ်၍မပြောင်ခဲ့သော နှာခေါင်းသွေးများကို ပွတ်သုတ်လိုက်လေသည်။ 


"လမ်း..လမ်းမှာ မကောင်းဆိုး၀ါး၀ိညာဥ်နဲ့တိုးခဲ့လို့လေ..သူ့ဆီကစင်လာတာဖြစ်မယ်"


ရှီကျား တုန်လှုပ်စွာမေးလိုက်မိလေသည်။ 


"မကောင်းဆိုး၀ါး၀ိညာဥ်တွေက ယင်စွမ်းအင်တွေနဲ့ပဲဖွဲ့စည်းထားတာမဟုတ်ဘူးလား..ခန္ဓာကိုယ်ထည်ရှိလို့လား..သူကသွေးလည်းထွက်နိုင်တယ်ပေါ့"


ယဲ့ကျင်းကျီ" အဲ..အဲဒါက ပုံမှန်မဟုတ်တဲ့မကောင်းဆိုး၀ါးဆိုတော့..သွေး..သွေးရှိတယ်"


ရှီကျား"....."


တစ်ခုခုမှားနေသလိုပဲနော်...


ဆံပင်ကိုအခြောက်ခံနေစဥ်တွင် ရှီကျားမှာ အင်ပါယာသင်္ချိုင်းဂူ၏အခြေအနေကိုမေးလာခဲ့ရာ ယဲ့ကျင်းကျီမှာ စိတ်ရှည်လက်ရှည်ရှင်းပြခဲ့လေသည်။

ရှီကျားမှာ ဆံပင်ခြောက်အောင်မှုတ်ပြီးတော့မှာ ပြဿနာတစ်ခုကိုသတိရသွားခဲ့လေသည်။


"အမ်..ဟုတ်သား..ဆရာယဲ့..ဘယ်လိုလုပ်သင်္ချိုင်းဂူကနေ အရင်ဆုံးပြန်လာတာလဲ"


ယဲ့ကျင်းကျီမှာ ယနေ့အဖို့ မန္တာန်ကိုရွတ်ကာ အဆောင်ကိုသန့်စင်ပေးခါနီးပင်။ သူ ရှီကျား၏လက်ကို အသာအယာဆွဲလျက် ရတနာတပါးကဲ့သို့ ဂရုတစိုက်ကိုင်တွယ်လိုက်လေသည်။ နှစ်ပေါင်းများစွာတကိုယ်တည်းဖြတ်သန်းလာပြီးမှ အဆုံးသတ်တွင်ရရှိလာသည့် တစ်ခုတည်းသော ရတနာလေးကိုယဲ့ကျင်းကျီမှာ သူ၏လက်ဖ၀ါးပေါ်ညင်သာစွာတင်လိုက်လေသည်။


"ကိုယ်မင်းအတွက် ဒီအဆောင်ကိုသန့်စင်ပေးဖို့ပြန်လာတာလေ..ပြီးတော့..မင်းဒီနေ့အဆင်ပြေခဲ့ရဲ့လား..မေးရဦးမှာပေါ့"


သူတို့၏လက်ဖ၀ါးများမှာ ကော်နှင့်ကပ်ထားသည့်အလား အတူတကွပူးကပ်နေခဲ့ကြသည်။ 


ယဲ့ကျင်းကျီ၏စကားကိုကြားသော်ရှီကျားမှာ ရုတ်တရက်ခေါင်းထောင်လျက် သူ့ကိုကြည့်လာခဲ့လေသည်။ သူ၏အကြည့်တို့မှာ တဖက်အမျိုးသား၏မျက်လုံးထဲမှ မှည့်ကလေးထံကျရောက်သွားခဲ့လေသည်။


ပထမဆုံးအကြိမ်စတွေ့စဥ်ကပင် ရှီကျားမှာ ထိုမှည့်သည်အလွန်ထူးဆန်းကြောင်းခံစားမိခဲ့ခြင်းဖြစ်သည်။


မျက်လုံးတွင် မှည့်ရှိသူမျိုးမရှိသည်တော့မဟုတ်သော်လည်း အလွန်ရှားလေသည်။ မျက်လုံးအထဲတွင်ဖြစ်နေ၍ပို၍ပင် ထူးဆန်းလေသည်။ သူသည်ဆရာယဲ့အတွက်တံခါးဖွင့်ပေးလိုက်သောနေ့ကိုမှတ်မိနေဆဲပင်။ ထိုမှည့်ကိုမြင်သည်နှင့် သူ၏ခြေဖျားတို့အေးစက်သွားလျက် အေးစက်စက်အရှိန်အ၀ါတစ်ခု သူ၏ခြေဖျားမှ လှိမ့်တက်လာခဲ့လေသည်။ ထိုမှည့်မှာ မိစ္ဆာတစ်မျိုးကိုချိတ်ပိတ်ထားခြင်းတစ်ခုဖြစ်ခဲ့သော ရှီကျား၏ထူးဆန်းစွာခံစားရမှုကိုရှင်းပြနိုင်ပြီဖြစ်သည်။


ထိုကဲ့သို့ သူမတူသောခန္ဓကိုယ်ဖွဲ့စည်းပုံက ယနေ့ငရဲဘုရင်ယဲ့ကိုဆည်ရှိလာစေခြင်းဖြစ်သည်။ သူ၏ဆရာဖြစ်သူမှာ ဆုံးပါးသွားသည်က ကြာပြီဖြစ်သော်လည်း သူသည်ကိုယ်တိုင်လေ့လာသင်ကြားမှုနှင့် လူငယ်မျိုးဆက်တွင် အရည်အချင်းအရှိဆုံး သူတစ်ယောက်ဖြစ်လာခဲ့သည်။ စီနီယာတချို့ကိုပင်ကျော်လွန်ကာ ရွှမ်းရွှယ်လောက၏ထိပ်ဆုံးတွင် ရပ်နေခဲ့လေသည်။


သို့သော်ထိုကဲ့သို့ခန္ဓာကိုယ်ကြောင့်ပင်သူ၏တိုးတက်မှုကို လျင်မြန်စေကာ သူနှင့်ရွယ်တူများကြားတွင် အများထိတ်လန့်ကြောက်ရွံ့ရသူတစ်ဦးဖြစ်လာရ၏။


တစ်ခုကိုရရှိပြီးလျှင်တစ်ခုကိုပြန်ပေးဆပ်ရသည်။ တစ်ခုခုကိုရရှိလိုပါက တစ်ခုခုကိုဆုံးရှုံးရမည်ပင်။


အတိတ်မှအရာများကိုပြန်တွေးလျက် ရှီကျားခေါင်းကိုငုံ့လျက်ဘာမျှထပ်မပြောတော့ချေ။ 


ရှီကျားမှာ မိနစ်အနည်းငယ်အတွင်း ထိုမျှအများအပြားတွေးလိုက်မိခြင်းကို ယဲ့ကျင်းကျီမည်သို့ သိလိမ့်မည်နည်း။ သူသည်ရှီကျားစကားမပြောတော့သည်ကိုတွေ့လျှင်မေးလိုက်သည်။ 


"ဒီနေ့တစ်ခုခုဖြစ်ခဲ့လို့လား"


ရှီကျားခေါင်းခါလိုက်သည်။ 


"ရိုက်ကူးရေးကအဆင်ပြေပါတယ်..ဒါရိုက်တာလီကလည်းကျွန်တော့်ကို ဂရုစိုက်ပေးတယ်လေ"


ခတ္တမျှတန့်လျက် သူကဆက်ပြောလာခဲ့သည်။ 


"ဆရာယဲ့..ကျွန်တော်ဒီနေ့အကုန်အဆင်ပြေခဲ့ပါတယ်..ခင်များကျွန်တော့်အတွက် စိတ်ပူဖို့မလိုဘူး..ကျွန်တော့်ကိုအဲလောက်ထိ ...ကောင်းပေးဖို့မလိုပါဘူး..."


အရေးအကြီးဆုံးက...ဟင်း...

ခင်များကသိပ်ဂရုစိုက်လွန်းလို့ ကျွန်တော်အမြဲထူးဆန်းသလိုခံစားရတယ်..ကျွန်တော်တို့ကသူစိမ်းတွေပဲ..တစ်ခုခုမှားနေလိုအမြဲခံစားနေရတယ်..


ယဲ့ကျင်းကျီမှာ သူကြားလိုက်ရသည်ကိုနားမလည်ခဲ့ချေ။ 


"?"


ရှီကျား၂ကြိမ်ခန့်ချောင်းဟန့်လျက်ရှင်းပြလိုက်လေသည်။


"ကျွန်တော်ပြောချင်တာက ခင်များတို့သရဲဖမ်းနေရတာနဲ့တင်ပင်ပန်းနေပါပြီ..ကျွန်တော့်ကိစ္စတွေကိုစိတ်ပူနေဖို့မလိုပါဘူး..ကျွန်တော့်ကိုယ်ကျွန်တော်ဂရုစိုက်နိုင်ပါတယ်လို့"


ယဲ့ကျင်းကျီ တန့်သွားခဲ့မိသည်။


ဒါကဆရာပြောခဲ့သလိုမျိုးမဟုတ်ဘူးလေ...


မနှစ်က 'ghosts know'သည် ရီလင်းကျစ်၏ အတင်းအဖျင်းအထူးစပါယ်ရှယ်ကို တင်ခဲ့လေသည်။ ထိုညတွင် သတင်း၄ပုဒ်လုံးမှာ ရီလင်းကျစ်တစ်ယောက် သူငယ်ရွယ်စဥ်က ရိုးရိုးသားသားတာအိုဆရာမလေးများ၏နှလုံးသားကိုမည်သို့ လိမ်လည်လှည့်ဖျားကာ ကစားခဲ့ကြောင်းအတင်းအဖျင်းများဖြစ်လေသည်။


ထိုစဥ်ကဖေးယွီပြောခဲ့သည်မှာ ထိုအတင်းအဖျင်းများတက်လာစဥ်က ယဲ့ကျင်းကျီသည် ၀ူရှန်းချင်းလီကိုဆွဲလျက် 'ghosts know'၏ဌာနချုပ်ကို၀င်ဖြိုကာ ဆရာဖြစ်သူ၏ဂုဏ်သတင်းကိုကာကွယ်ရန်အလို့ငှာ တိုက်ပွဲဖြစ်ခဲ့သည်ဟုပင်။ သူ၏တွန်းအားကြောင့်ပင် 'ghosts know'မှာထိုသတင်း၄ပုဒ်လုံးကိုဖျက်ပစ်ခဲ့ရသည်။ သို့သော် စီနီယာများက သူတို့၏ဂျူနီယာများကိုထိုအကြောင်းပြောသောအခါတိုင်း ရယ်မောကာဆိုကြသည်။


"အဲဒါရီလင်းကျစ်မရှိတော့လို့ပေါ့..သူသာရှိသေးရင်တော့လား..သူက'ghosts know'ကိုအဲဒီသတင်းတွေမဖျက်ခိုင်းတဲ့အပြင်..သူရဲ့စွမ်းစွမ်းတမံ စွမ်းဆောင်မှုတွေကို ကမ္ဘာကသိအောင်ဆိုပြီးဆက်တောင်တင်ခိုင်းနေဦးမှာ"


ရီလင်းကျစ်ကိုယ်တိုင်မှာ လူထူးလူဆန်းတစ်ဦးဖြစ်သည်။ သူက playboyတစ်ဦးဟုလည်းဆိုကြသည်။ ၄င်းမှာ သူ့အားမမျှမတဆက်ဆံနေခြင်းမျိုးမဟုတ်ချေ။ သို့တိုင်အောင်အနည်းငယ်မျှတော့မှားယွင်းနေသေးလေသည်။


အတိတ်တွင် ရီလင်းကျစ်မှာ ငယ်ရွယ်ကာ ဂုဏ်မောက်သည့်အပြင် ထူးချွန်ပြီးပေါ့ပျက်ပျက်နိုင်သော်လည်း မော့သို့အဆင့်ဇယားတွင် နံပါတ်၁ဖြစ်၏။ သူသည်ချောမောကာ သန်မာပြီး မိန်းကလေးများကို မည်သို့ဆက်ဆံရမည်ကိုကောင်းကောင်းသိလေသည်။ တာအိုဆရာမကလေးအများစုမှာ သူ့ကြောင့် ရင်ထဲတွင်လိပ်ပြာကလေးများပျံခဲ့ဖူးကြသည်။ သူမည်သည့်မြို့သို့သရဲဖမ်းရန်သွားပါစေ ထိုမြို့တွင် တာအိုဆရာသခင်မလေးအဖော်တစ်ဦးတော့ရှိမှာပင်။ သူသည်ကားရွှမ်းရွှယ်လောက၏ နံပါတ်၁ အဖွန်ဆုံးဖြစ်ခဲ့လေသည်။


နောက်ပိုင်းနှစ်များတွင် ရီလင်းကျစ်မှာသူ၏အတိတ်မှ ချစ်ရေးချစ်ရာအတင်းအဖျင်းများကိုသိပ်ဂရုမစိုက်ခဲ့ချေ။ ထိုအစားသူ၏ တပည့်ငယ်လေးရှေ့တွင်ပင် ကြွား၀ါနေခဲ့သေးသည်။


"ကျင်းကျီ မင်းမိန်းကလေးတွေကို ဘယ်လိုဆက်ဆံရမလဲသိလား..သူ့အပေါ်ကောင်းပေးရမှာ..သူကနှစ်တစ်ရာမကောင်းဆိုး၀ါး၀ိညာဥ်ကိုလိုချင်တယ်ဆိုရင် မင်းကသူ့အတွက် နှစ်တစ်ရာမကောင်းဆိုး၀ါး၀ိညာဥ်ကိုဖမ်းပေးရမယ်..သူကနှစ်ငါးရာဖုတ်သရဲအလောင်းကို ရတနာသန့်စင်ဖို့လိုချင်ရင်လည်း မင်းကသူ့အတွက် နှစ်၅၀၀ဖုတ်သရဲအလောင်းကို၀ယ်ပေးရမယ်...သူဘာပဲလိုချင်လိုချင်မင်းကပေးရမယ်..သူကကောင်းကင်ကကြယ်ကိုလိုချင်ပါတယ်ဆိုရင်တောင် မင်းကကြယ်ကိုခူးပေးရမယ် ...ဒီလိုဆို အဲဒီမိန်းကလေးက မင်းမှမင်းပဲတမ်းတမ်းစွဲပြီပဲ"


ထိုစဥ်က ယဲ့ကျင်းကျီမှာ ၄ ၅နှစ်မျှသာရှိသေးသည်ပင်။ သူ၏ဆရာစကားများကို ခေါင်းညိတ်ရုံကာတတ်နိုင်သော်လည်း သူကထောက်ပြရန်လည်းမမေ့ချေ။


"ဆရာ..ကျင်းကျီက ကြယ်ကိုမခူးနိုင်ဘူး"


ရိုမီယိုမှာ သံကစတီးဖြစ်မလာသည်ကို ကြိတ်မနိုင်ခဲမရနှင့်ဆိုလာခဲ့သည်။


"အရူးလေး..မင်းကကြယ်ကိုမခူးနိုင်ဘူးဆိုတာ မင်းဆရာသိတာပေါ့..မင်းဆရာငါတောင်ကြယ်ကိုမခူးနိုင်ဘူး..သူတို့ကလည်းကြယ်တကယ်လိုချင်တာမို့လား..သူတို့ကမင်းကိုသူတို့အတွက်ဘာမဆိုလုပ်စေချင်တာ..မင်းကမင်းတွေးနိုင်သမျှအကုန်သူ့အတွက်လုပ်ပေးနိုင်သမျှလုပ်ပေးနေသ၍ သူကလည်းမင်းကိုကြယ်ခူးခိုင်းနေမှာမဟုတ်ဘူး..နားလည်ရဲ့လား"


၄ ၅နှစ်အရွယ်ယဲ့ကျင်းကျီလေးမှာ ထိုစကားများကိုအဘယ်နားလည်ပါအံ့နည်း။ သူသည်သူ၏ဆရာထံမှပို့ချချက်များကို မှတ်စုလေးထဲတွင် ဂရုတစိုက်ချမှတ်လျက် သူနေ့စဥ်လေ့ကျင့်မှတ်သားရန်လိုအပ်သော မန္တာန်များနှင့် ကျင့်ကြံရေးနည်းလမ်းများနှင့်အတူ မှတ်သားခဲ့လေသည်။


သူ့ဘ၀တစ်လျှောက်လွတ်လပ်ပေါ့ပါး၍ အချုပ်အနှောင်ကင်းမဲ့စွာနေထိုင်လာသူ ရီလင်းကျစ်အဖို့ တစ်ခုတည်းသောနောင်တမှာ ယခင်ကသူနှင့်သရဲအတူဖမ်းခဲ့ဖူးသော တာအိုဆရာမလေးများအားလုံး အိမ်ထောင်ကိုယ်စီပြုလျက် တပါးသူဇနီးမယားများဖြစ်သွားကြခြင်းပင်။ သူတစ်ယောက်တည်းသာ တစ်ကိုယ်တည်းကျန်ရစ်လျက် အထီးကျန်လမ်းစဥ်ကိုလျှောက်လှမ်းနေခဲ့လေသည်။


ထို့ကြောင့် သူ၏တပည့်ဖြစ်သူကိုသင်ကြားပေးသောအခါတိုင်း ရီလင်းကျစ်မှာ အမြဲသတိပေးတတ်သည်။ 


"မင်းမှာ ဇနီးမရှိလည်း အားလုံးအိုကေတယ်..မင်းဆရာကိုအတုယူပြီး မင်းရဲ့ငယ်ရွယ်မှုကိုအသုံးချပြီး လွတ်လွတ်လပ်လပ်နေလို့ရတယ်..မင်းလက်ထပ်ပြီး ဇနီးတစ်ယောက်ရှိလာတဲ့အခါကျရင် မင်းအလေးအနက်ထားရတော့မယ်..အပြင်လောက မိန်းမတွေဆိုတာ အာပလာပဲ..မင်းရဲ့ဇနီးတစ်ယောက်ကပဲ စစ်မှန်ပြီးအတုအယောင်မဟုတ်ပဲ အရေးအကြီးဆုံးသူပဲ..မင်းမှတ်ထားရမယ်..ဇနီးကမင်းကိုယ်တိုင်ထက်တောင်အရေးကြီးတယ်..ဇနီးက အသားစား မင်းကစွပ်ပြုတ်ရည်ပဲသောက်..ဇနီးအိပ်ရင် မင်းကယပ်ခပ်ပေးရမယ်..နားလည်ရဲ့လား.."


ယဲ့ကျင်းကျီလေးမှာ အလေးအနက်ချရေးထားခဲ့လေသည်။


『 ဇနီးအပေါ်ကောင်းပေးရမယ်..ဇနီးအတွက် နှစ်၁၀၀မကောင်းဆိုး၀ါး၀ိညာဥ်ဖမ်းပေးရမယ်..နှစ်၅၀၀ဖုတ်အလောင်း၀ယ်ပေးရမယ်..ကောင်းကင်ကကြယ်ကိုခူးပေးရမယ်..ငါကစွပ်ပြုတ်ရည်ပဲသောက် ဇနီးကအသားစား..ငါကယပ်ခပ်ပေး ဇနီးကအိပ် 』


သူအသက်၆နှစ်ပြည့်သောနှစ်တွင် ယဲ့ကျင်းကျီကလေးမှာ အခန်းသန့်ရှင်းရေးလုပ်နေတုန်းတန်းလန်းဖြစ်သည်။ သူသည်သူ့အရပ်ထပ်ရှည်သော တံမြက်စည်းကိုကိုင်လျက် အလေးအနက် လှည်းကျင်းနေခဲ့လေသည်။ ထိုစဥ်ရီလင်းကျစ်က တံခါးကို ဗြုန်းခနဲဖွင့်လျက်၀င်လာခဲ့ပြီး ရယ်မောရင်းဖြင့်ပင် သူ့ထံသို့မောက်ထိုင်ကျောက်ကိုပစ်ပေးလာခဲ့သည်။


"တပည့်လေး..ဆရာကမင်းအတွက် ဇနီးလောင်းရှာပေးခဲ့ပြီ..အခုကစပြီးမင်းမှာဇနီးတစ်ယောက်ရှိလာတော့မယ်...ဆရာက ရှီရှန်းကိုအရင်သွားပြီး ရှေးဟောင်းသင်္ချိုင်းကိုသွားရှာလိုက်ဦးမယ်..အထဲမှာ နှစ်၆၀၀မကောင်းဆိုး၀ါးရှိတယ်လို့သတင်းကြားတာပဲ..ဆရာပြန်လာတာကိုစောင့် အဲကျမှမင်းနဲ့မင်းဇနီးအကြောင်းပြောကြတာပေါ့"


ယဲ့ကျင်းကျီကလေးမှာ မောက်ထိုင်ကျောက်ကိုတင်းတင်းဆုပ်ထားခဲ့သည်။ ထို့နောက် သူ၏ဆရာဖြစ်သူမှာ မျက်တောင်တခတ်အတွင်းမှာပင် ထွက်ခွာသွားခဲ့လေသည်။


ထို့နောက်တွင် ရီလင်းကျစ် ဘယ်တော့မှပြန်မလာတော့ချေ။ ရှေးဟောင်းသင်္ချိုင်းဂူထဲရှိနေသည်မှာ နှစ်၆၀၀မကောင်းဆိုး၀ါးမဟုတ်ပဲ..နှစ်၁၀၀၀မိစ္ဆာဖြစ်နေခဲ့သည်။ ၄ယောက်အဖွဲ့ထဲတွင် ချီရှန်းတောက်ရန်တစ်ယောက်သာ ကံကောင်း၍လွတ်မြောက်ခဲ့လေသည်။ ရီလင်းကျစ်မှာ အဆုံးတွင်သူ့ကိုယ်သူရင်း၍ မိစ္ဆာကိုဆွဲခေါ်သွားခဲ့တော့သည်။ 


ချီရှန်းတောက်ရန် ထိုသတင်းကိုအသိပေးရန်သွားချိန်တွင် ယဲ့ကျင်းကျီကလေးမှာ တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်ပြီး၍ အရသာရှိသော ပူပူနွေးတစ်နပ်စာကိုချက်ထားပြီးဖြစ်သည်။ သူသည်ခုံပေါ်တွင်ထိုင်လျက် မောက်ထိုင်ကျောက်ကို ဂရုတစိုက်ပွတ်သုတ်လျက် သူ၏ဆရာဖြစ်သူပြန်လာမည်ကို စိတ်လှုပ်ရှားစွာစောင့်နေခဲ့လေသည်။


ထို့နောက်သူ၏ဆရာမှာ အပြီးထွက်ခွာသွားလျက် သူ့ထံတွင် ဇနီးတစ်ယောက်သာကျန်ရစ်လေသည်။ 


ထို့နောက်တွင် ၁၉နှစ်ကြာပြီးနောက် သူ၏ဇနီးမှာလည်း မရှိတော့ပြန်ဘဲ သူတစ်ယောက်တည်းသာကျန်ရစ်လေ၏။


ထို့နောက်တွင် ဇနီးမှာပြန်လည်ရောက်ရှိလာပြီး

"သူ့ကိုဂရုစိုက်စရာမလိုပါ"ဟုဆိုလာသည်။ 


ဆရာယဲ့ အလွန်၀မ်းနည်းသလိုခံစားရတာ ဘာပြန်ပြောရမှန်းမသိခဲ့ချေ။ အတော်ကြာပြီးမှ သူကခပ်တိုးတိုးဆိုလိုက်သည်။


"မင်းအတွက် မန္တာန်ရွတ်ပေးမယ်"



👻