👻 Chapter 41
Viewers 3k

👻Chapter 41



ကျိရင် ကိုယ်ကိုလှည့်လျက် ထိုဓါးကိုရှောင်လိုက်သည်။ 


ယဲ့ကျင်းကျီက ဓါးဖြင့်နောက်တစ်ကြိမ်ထိုးခုတ်လိုက်လေသည်။ သူ၏ကိုယ်ဟန်မှာ သန်မာ၍ ပျံသန်းနေချိန်တွင် လွန်စွာကျော့ရှင်းခန့်ညားလှသည်။ သူ၏ဓါးတစ်ကွက်ချင်းစီတိုင်းမှာ ကျိရင်အားထောင့်ပေါင်းစုံမှထိုးနှက်လာပြီး ပြန်လည်မခုခံနိုင်အောင်ဖြစ်စေသည်။ နောက်ဆုံးဓါးတစ်ချက်မှာ ကျိရင်၏ပါးပြင်ကို ရှပ််ထိသွားခဲ့လေသည်။ ကျိရင်မှာ၄င်းဓါးချက်ကိုရှောင်နိုင်ခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင်မူ ရှရာကြီးကျန်ရစ်ခဲ့လေသည်။


ထိုဒဏ်ရာဆီမှ စီးကျလာသည်တို့မှ သွေးများအစား ယင်စွမ်းအင်များဖြစ်နေခဲ့လေသည်။ နှစ်ပေါင်း ၂၀၀၀ကျော် စုဆောင်းထားခဲ့သော ယင်စွမ်းအင်များမှာ ထိုဒဏ်ရာထံမှ အရူးအမူးလျှံကျလာခဲ့သည်။ 


ရှီကျား မျက်လုံးတို့၀ိုင်းစက်လျက် ထိုမြင်ကွင်းကိုကြည့်နေခဲ့မိလေသည်။ ပထမဆုံးအကြိမ်အနေနှင့် ချင်စန်းရှီပိုင်ဆိုင်သော ယင်စွမ်းအင်များကို သူတွေ့လိုက်ရခြင်းဖြစ်သည်။


သရဲတစ်ကောင်ဖြစ်နေသ၍ ယင်စွမ်းအင်ရှိကိုရှိရမည်ပင်။ ခရမ်းရောင်နဂါးအရှိန်အ၀ါမှ ယင်စွမ်းအင်ကို ဖုံးကွယ်ထားပေးလျှင်တောင် ယင်စွမ်းအင်လုံး၀ရှိမနေသည်မျိုးမှာမဖြစ်နိုင်ချေ။


ယဲ့ကျင်းကျီက အနီးကပ်ဆက်လက်တိုက်ခိုက်နေခဲ့လေသည်။ ရှီကျား၏လက်ထဲမှ ၀ူရှန်းချင်းလီမှာ သူ၏သခင်ဖြစ်သူကိုအားပေးနေသည့်အလား ခုန်ဆွခုန်ဆွလုပ်နေခဲ့၏။


ရွှမ်းရွှယ်လောက၏မျိုးဆက်သစ်များထဲမှ ထိပ်ဆုံးဆရာသခင်မှာ ကျိရင်အား နောက်ဆုတ်စရာမကျန်သည်အထိ ဆက်တိုက်ဖိအားပေးနေခဲ့လေသည်။ ကျိရင်မှာ ခြေချော်လျက် မြေကြီးပေါ်သို့လဲကျသွားလုနီးပါးပင်။ သူသည်ထိုအခွင့်အရေးကို အမိအရယူလျက် မြေကြီးကိုရိုက်ချလိုက်လေသည်။ သူ၏လက်ဖ၀ါးမှာ မြေကြီးကိုထိခတ်သွားသည်နှင့် ဖုန်တစ်လွှာ လွင့်ထလာခဲ့သည်။ ကျိရင်မှာ တစ်ချက်ဟိန်းဟောက်လျက် မြေကြီးထဲမှ ကြေးရောင်ဓါးတစ်ချောင်းကို အမှန်တကယ်ဆွဲထုတ်လာပြီး ယဲ့ကျင်းကျီ၏ ဓါးချက်ကိုခုခံလာခဲ့လေသည်။


ကလန်..


ယဲ့ကျင်းကျီ၏ ဓါးရှည်မှာ ထိုကြေးဓါးနှင့် ထိခတ်မိသွားသည်နှင့် မမျှော်လင့်ထားစွာပင် ကျိုးပဲ့သွားခဲ့သည်။


၀ူရှန်းချင်းလီမှာ ရှီကျားလက်ထဲမှ ယဲ့ကျင်းကျီထံသို့ လျင်မြန်စွာပြန်သန်းသွားခဲ့လေသည်။ သူသည်ယဲ့ကျင်းကျီ၏လက်ဖ၀ါးထဲသို့ကျရောက်သွားလျက် ကျိရင်လက်ထဲမှ ကြေးဓါးကို တိုက်ခိုက်လိုနေခဲ့လေသည်။


ရှီကျားမှာ မျက်လုံးတို့ကျဥ်းမြောင်းလျက် ကျိရင်လက်ထဲမှ ကြေးဓါးကိုကြည့်လိုက်မိသည်။ ထိုဓါးမှာ တိုကာပေါ့ပါးပုံပေါ်သော်လည်း ဓါးဖျားမှာ လေထုကိုပင်ခုတ်ဖြတ်နိုင်စွမ်းရှိလေသည်။ အလွန်အမင်းထက်မြလှသည်။ ထိုဓါး၏အပေါ်တွင် သေးငယ်သော အက္ခရာ၂ခုကိုရေးထွင်းထားလေသည်။ ရှီကျားမှာ ထိုအက္ခရာများကိုကြည့်နေသော်လည်း ၄င်းတို့မှာ မည်သည်ဖြစ်မှန်း နားမလည်ခဲ့ချေ။


ယဲ့ကျင်းကျီမှာ ကျိရင်၏ကြေးဓါးကို လေးနက်စွာကြည့်လိုက်လေသည်။ သို့သော်ခတ္တမျှကြည့်ပြီးနောက်သူသည် အကြည့်လွှဲလိုက်ပြီး သူ၏အကြည့်တို့က ကျိရင်၏ခါးမှ သွေးနီရောင်ကျောက်စိမ်းပြားထံကျရောက်သွားခဲ့သည်။


လွန်ခဲ့သောမိနစ်ပိုင်းကပင် သွေးနီရောင်နဂါးမှ ထိုကျောက်စိမ်းပြားထံမှ ထွက်လာခြင်းဖြစ်သည်။ ထိုနဂါးထံမှ ၀င်တိုက်ခံရသည်နှင့် ၀ူရှန်းချင်းလီ၏ ရွှေအလင်းဓါးများမှာ အမှန်တကယ်ကျိုးပဲ့သွားကြလေသည်။


လေပြည်နှင့်အတူ ကျိရင် သက်ပြင်းကိုတိုးဖွစွာချလိုက်လေသည်။ 


"သခင်လေးက လက်ရှိပြည်ထောင်ရဲ့ မင်းဆရာလား.."


ရှီကျားခတ္တမျှတွေးပြီးနောက် ကျိရင်ဆိုလိုသည်အား နားလည်သွားခဲ့လေသည်။


ချင်ရှီဟွမ်မှာ မင်းဆရာ ရွှီဖူအား အရေးပါသော ရာထူးတစ်ခုပေးထားခဲ့ဖူးလေသည်။ ရွှီဖူပြောခဲ့ပုံအရဆိုလျှင် သူသည် မောင်ထိုင်တောင်သို့ အခမ်းအနားတစ်ခုပြင်ဆင်ရန်သွားခဲ့ဖူးကာ ရွှီဖူအား လူပျိုနှင့် အပျိုစင် အယောက်၂၀၀၀ကျော်ကိုခေါ်လာစေလျက် အရှေ့ဘက်ပင်လယ်သို့ထွက်ခွာကာ ဖန်းလဲ့အမည်ရဒဏ္ဍာရီလာ မသေမျိုးတောင်ကိုရှာဖွေခဲ့သည်ဟုပင်။ 


အဆုံးတွင် ရွှီဖူမှာ မည်သည့်အခါမှပြန်မလာခဲ့သည့်တိုင် ရွှီဖူမှာ သာ့ချင်၏ မင်းဆရာတစ်ပါးဖြစ်နေခဲ့ဆဲပင်။


ကျိုးကြောင်းဆီလျော်စွာဆိုရသော် ရွှီဖူမှာလည်း ဆရာသခင်တစ်ပါးဖြစ်ခဲ့ကာ သူသည်သာ့ချင်မင်းဆက်တွင် အစွမ်းဆုံးဆရာသခင်တစ်ပါးဖြစ်ခဲ့လောက်ပေသည်။ အကယ်၍ ယဲ့ကျင်းကျီသာထိုခေတ်တွင်မွေးဖွားခဲ့သော် သူသည်မင်းဆရာတစ်ပါး၏အဆင့်မျိုးရှိပေလိမ့်မည်။ သို့သော် အချိန်ကာလများမှာ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။


 á€›á€žá€Žá€€á€ťá€Źá€¸á€€á€á€Żá€”á€şá€ˇá€•á€źá€”á€şá€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹ 


"ဒီခေတ်မှာ မင်းဆရာတွေမရှိတော့သလို..အင်ပါယာတွေလည်းမရှိတော့ဘူး"


ကျိရင်၏မျက်လုံးများပြူးကျယ်သွားခဲ့လေသည်။


"အင်..ပါယာတွေမရှိတော့ဘူးလား"


ရှီကျားခေါင်းညိတ်လိုက်လေသည်။ 


"အင်း..အခုခေတ်မှာ လူတိုင်းကတန်းတူညီမျှပဲ..တော်၀င်တာတွေ မ၀င်တာတွေ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေမရှိဘူး..မတရားတာအနည်းအကျဥ်းရှိနေသေးရင်တောင် ဘယ်သူကမှ သူ့ကိုယ်သူ အင်ပါယာပါလို့မပြောရဲဘူး"


ခတ္တမျှတန့်သွားပြီးမှ သူသည်ဆိုရိုးတစ်ခုကိုသတိရသွားခဲ့သည်။ ဤနည်းဖြင့် သူသည်ကျိရင်နားလည်အောင် ရှင်းပြပေးနိုင်လေသည်။


"ချန်ရှန်းကတစ်ခါပြောဖူးတယ် ဘုရင်တွေ မူးမတ်တွေ အရာရှိတွေနဲ့ အကြံပေးတွေဆိုတာ မွေးကတည်းကဖြစ်လာတာမဟုတ်ဘူး ကြိုးစားရတဲ့အရာတွေတဲ့..ဒါပေမယ့်ခုတော့ ဘုရင်တွေ မူးမတ်တွေ အရာရှိတွေနဲ့ အကြံပေးတွေလည်းမရှိတော့ဘူး..ကြိုးစားချင်စိတ်ရှိနေသ၍ ဘယ်သူမဆို အောင်မြင်နိုင်တဲ့အခွင့်အရေးရှိတယ်"


ရှီကျားမှာ ရှေးဟောင်းတရုတ်စကားနှင့် မည်သို့ဆိုရမှန်း မသိချေ။ ထို့အပြင် ကျိရင်မှာ ဤစကားများကို နားလည်လိမ့်မည်လားလည်း မသေချာချေ။ အတိုချုံးဆိုရသော် သူ့စကားဆုံးသည်နှင့် ကျိရင်မှာ သူ့အား အကြောင်သားကြည့်နေခဲ့လေသည်။ အချိန်အတော်ကြာပြီးနောက် သူ၏အကြည့်တို့မှာ အစီအရင်အပြင်ဘက်တွင်သွားလာလှုပ်ရှားနေကြသော လူအများထံကျရောက်သွားခဲ့လေသည်။


ရုပ်ရှင်မြို့တော်ထဲတွင် လာရောက်လည်ပတ်သူများမှာ ဓါတ်ပုံများရိုက်ကူးနေကြပြီး ၀န်ထမ်းအဖွဲ့များမှာတော့ အဆုံးမဲ့စွာ အလုပ်များနေခဲ့ကြလေသည်။ သို့သော် သူတို့၏နောက်တွင် မည်သူကမျှ ကြာပွတ်ကိုင်လျက် ဘာလုပ်ညာလုပ်ရန် ကြိမ်းမောင်းမနေခဲ့ချေ။ ထို့အတူ မည်သူမျှ အချောင်ခိုအနားယူမနေကြပဲ လုပ်စရာရှိသည်တို့ကို မိမိစိတ်နှင့်မိမိ ကြိုးစားလုပ်ကိုင်နေကြလေသည်။


လူတိုင်းမှာ ကိုယ်နှင့်သက်ဆိုင်သည်တို့ကို လုပ်ကိုင်နေခဲ့ကြသည်။ ဒါရိုက်တာဖြစ်စေ သရုပ်ဆောင်များဖြစ်စေ အနားငယ်မျှ အနားယူခြင်းမရှိခဲ့ကြ။


တိုက်တိုက်ဆိုင်ဆိုင်ပင် မတော်တဆမှု၂ကြိမ်ကြုံတွေ့ရသော ရိုက်ကူးရေးအဖွဲ့တွင် ဒါရိုက်တာမှာ settingအဖွဲ့အား ဒေါသတကြီးကျိန်းမောင်းနေချိန်ဖြစ်လေသည်။ ကျိရင်၏အကြည့်တို့မှာ ထိုသူတို့အပေါ်တွင်ရပ်တန့်သွားခဲ့ပြီး ဤကမ္ဘာမှာ သူနေထိုင်ခဲ့သောကမ္ဘာကဲ့သို့သာဖြစ်ကြောင်း မျှော်လင့်ချက်ရောင်ခြည်ခပ်ရေးရေးသန်းလာခဲ့လေသည်။


သို့သော် သိပ်မကြာလိုက်ခင်မှာပင် ထို settingအဖွဲ့မှတာ၀န်ရှိသူမှာ သူ၏အ၀တ်အစားများကိုလွှင့်ပစ်လျက် ဒေါသတကြီးပြန်လည်ဟိန်းဟောက်လာခဲ့လေသည်။


"လောင်ကျစ်ထွက်တယ်ကွာ..မင်းဘာနားလည်လို့လဲ..မင်းသိတာလူတွေကို သောက်ဖိအားပေးဖို့ပဲ..ငါတို့လုပ်တဲ့ settingမှာဘာပြဿနာမှမရှိဘူး..နှစ်ကြိမ်လုံးငါတို့ဘာအမှားမှမလုပ်ခဲ့ဘူး..သူ့ဟာသူဘယ်လိုပြိုကျလာလဲဆိုတာ ငါတို့ဘယ်လိုသိမှာလဲ..ငါတို့လည်းဒီသောက်မျက်နှာကျက်ကို ပြိုကျစေချင်တယ်များထင်နေလား..မင်းကဖိအားပေးဖို့ကလွဲပြီး ကျန်တာနားမလည်တော့ဘူးလား..ငါထွက်တယ်..မင်းဟာမင်းကြိုက်တဲ့ကောင်သွားရှာ..သောက်ကျိုးနဲ"


ယခုလေးတင် သူ့ကိုယ်သူဆရာကြီးနှယ်ကျိန်းမောင်းနေသော ဒါရိုက်တာမှာ setting အဖွဲ့မှ တာ၀န်ရှိသူမှာ ဒေါသတကြီးထွက်ခွာသွားသည်ကို အကြောင်သားကြည့်နေခဲ့လေသည်။


ကျိရင်မျက်လုံးထဲမှ နောက်ဆုံးသော မျှော်လင့်ချက် ရောင်ခြည်လေးမှာလည်း မှိန်ဖျော့သွားခဲ့လေတော့သည်။


အင်ပါယာ.. မူးမတ်.. အရာရှိတွေနဲ့ အကြံပေးတွေက မွေးလာတာမဟုတ်ဘဲ ဖြစ်လာတာပေါ့..


(TN-မွေးကတည်းကဖြစ်လာတာမဟုတ်ဘဲ ဖြစ်အောင်ကြိုးစားလို့ရတဲ့အရာလို့ပြောတာပါ)


ထိုစကားလုံးအား အပြည့်အ၀နားလည်သွားခဲ့လေသည်။ ဤကမ္ဘာကြီးတွင် တော်၀င်မျိုးနွယ်များ ဇာတ်နိမ့်များဟူ၍မရှိတော့ချေ။ လူ့အသိုင်းအ၀ိုင်းအတွင်း အဆင့်အနည်းငယ်ပိုမြင့်ကောင်းမြင့်ကာ အလုပ်ခွင့်တွင် ရာထူးအနိမ့်အမြင့်ကွာကောင်းကွာလိမ့်မည်။ သို့သော် မည်သူကမျှ မည်သူ၏ကံကြမ္မာကိုသော်လည်းကောင်း သေခြင်းရှင်ခြင်းကိုလည်းကောင်းမဆုံးဖြတ်ပေးနိုင်ချေ။


ကျိရင် ဘာပြောရမှန်း မသိခဲ့ချေ။ ယဲ့ကျင်းကျီ၏ အစီအရင်မှာ သူ့အားပြင်ပကမ္ဘာထံမှ ခွဲခြားထားလျက် အတွင်း၌ချုပ်နှောင်ထားခဲ့လေသည်။ သူသည်သင်္ချိုင်းဂူထံမှထွက်ပြေးလာစဥ်ကပင် မမြင်ရသော နံရံတစ်ခုမှာ သူ့ရှေ့တွင် ကာဆီးနှင့်ပြီးသားဖြစ်နေခဲ့လေသည်။


သူသည်ဤ ကမ္ဘာပေါ်တွင် ခြေဦးတည့်ရာလျှောက်သွားနေခဲ့သည့်တိုင် ဤကမ္ဘာမြေနှင့်မူ ဘယ်တော့မှ ရောနှောပေါင်းစပ်နိုင်လိမ့်မည်မဟုတ်ချေ။


ကျိရင်၏မျက်၀န်းတို့မှာ အတန်ငယ်နီမြန်းလာခဲ့လေသည်။ သူသည်ရုတ်ချည်းကျောခိုင်းလိုက်ပြီး ဓါးကိုမြှောက်လိုက်လေသည်။ ယဲ့ကျင်းကျီမှာ ရှေ့သို့လှမ်းလျက် သူ့အားတားရန်ပြင်လိုက်သော်လည်း ထိုဓါးမှာ ၀ူရှန်းချင်းလီချထားသော မှော်အစီအရင်အား အသာအယာပင် ဖွင့်ဖောက်လိုက်နိုင်သည်အားတွေ့လိုက်ရလေသည်။ ကျိရင်မှာ အစီအရင်ထဲမှ လျှောက်ထွက်သွားလျက် ရှီကျားနှင့် ယဲ့ကျင်းကျီရှေ့မှပျောက်ကွယ်သွားတော့သည်။


၀ူရှန်းချင်းလီမှာ သူ၏အစီအရင်မှာအလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်ကို မယုံနိုင်သည့်အလား အဆက်မပြတ်တုန်ခါနေခဲ့လေသည်။ ကြေးအံစာတုံးလေးမှာ အလွန်စိတ်တိုကာမခံမရပ်နိုင်ဖြစ်နေလေသည်။ သူသည်အနိုင်ကျင့်ခံရသလိုခံစားရလျက် ရှီကျားလက်ဖ၀ါးထဲသို့ ပျံသန်းလာလျက် နှစ်သိမ့်မှုကိုတောင်းခံလာ၏။


ယဲ့ကျင်းကျီမှာ ရှီကျားကိုလှည့်ကြည့်လာခဲ့လေသည်။ သူ၏လက်ချောင်းတို့ကိုလှုပ်ရှားလိုက်သည်နှင့် ရွှေတြိဂံအစီအရင်မှာ ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။


ရှီကျားမှာ ၀ူရှန်းချင်းလီကိုကိုင်လျက် မေးလိုက်လေသည်။


"ကျိရင်လက်ထဲကဓါးကအရမ်းစွမ်းတဲ့ပုံပဲ..ဆရာယဲ့ အဲဒီဓါးကိုများသိလား..ကျွန်တော်ဓါးရဲ့အပေါ်မှ အင်းကွက်လို အက္ခရာ၂ခုထွင်းထားတာကိုတော့တွေ့လိုက်ပေမယ့် ဘာတွေမှန်းတော့မသိဘူးရယ်"


ယဲ့ကျင်းကျီမှာသူ၏ခေါင်းကိုခါလိုက်လေသည်။ 


"ကိုယ်လည်း အင်းကွက်တွေနဲ့ပတ်သက်ပြီး သိပ်မသိဘူး..ဒါပေမယ့် ကိုယ့်မိတ်ဆွေတစ်ယောက်ကတော့ သိလောက်တယ်"


ပြောပြောဆိုဆိုနှင့်ပင် ယဲ့ကျင်းကျီမှာ သူ၏ဖုန်းကိုဖွင့်လျက် Wechatထဲကို၀င်ကာ နာမည်တစ်ခုကိုရိုက်လိုက်လေသည်။ ထို့နောက် ပုံတစ်ပုံကိုသုံးလျက် အက္ခရာ၂လုံးကိုရေးဆွဲလျက် ရှီကျားကိုပြသလာခဲ့သည်။


ရှီကျားခေါင်းအသာညိတ်လိုက်လေသည်။


"အင်း..ဒီအက္ခရာ၂ခုပဲ..ဒီပုံပဲ"


ယဲ့ကျင်းကျီမှာထိုပုံကို လှမ်း၍ပို့လိုက်လေသည်။


ရှီကျားမှာ ယဲ့ကျင်းကျီ၏ဖုန်းမျက်နှာပြင်ပေါ်မှာ Wechatအမည်ကိုလှမ်း၍မြင်လိုက်လေသည်။


"...တိုင်းတာမှု (တုလျန်ဟောင်)..??"


(TN- တရုတ်လိုဆို တုလျန်ဟောင်က တိုင်းတာမှု/ အတိုင်းအတာလို့အဓိပ္ပါယ်ရပါတယ်)


ယဲ့ကျင်းကျီကဆိုလာသည်။


"သူကထျန်းကုန်းပွဲကြည့်စင်က အကြီးဆုံးတပည့်..တိုင်းတာမှုလို့ခေါ်တယ်"


ရှီကျား"...."


ခတ္တမျှနှုတ်ဆိတ်သွားပြီးနောက် သူမမေးပဲမနေနိုင်ခဲ့ချေ။ 


"ခင်များအသံထွက်က ကျွန်တော်တွေးနေတာနဲ့အတူတူပဲဆိုပေမယ့်လေ..ကျွန်တော်..ဒီတိုင်းတာမှုဆိုတာက ကျွန်တော်တွေးနေတဲ့ တိုင်းတာမှုဆိုတာနဲ့ အဓိပ္ပါယ်အတူတူပဲလားဆိုတာ သိချင်လို့ရယ် .."


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်လေသည်။ 


"အင်း..သူအရင်ကတော့ဒီနာမည်မဟုတ်ဘူး..ဒါပေမယ့်သူငယ်ငယ်တုန်းက မှော်ရတနာတွေသွန်းတာကိုသင်ရတဲ့အချိန် အလျားတွေအနံတွေအတိုင်းအတာတွေမှာ အမြဲအမှားတွေလုပ်တတ်တယ်..အဲကတည်းကစပြီး သူ့ဆရာက သူ့ရဲ့တာအိုနာမည်ကို တိုင်းတာမှု( တုလျန်ဟောင်) ဆိုပြီးပြောင်းလိုက်တာပဲ"


ရှီကျား"...."


လုံး၀လိုရင်းတိုရှင်းနဲ့ပြည့်စုံနေရောပဲဟ..


သိပ်မကြာလိုက်ခင်မှာပင် တိုင်းတာမှုမှာ စာပြန်လာခဲ့လေသည်။


: 【 ထိုက်ဟော်? မင်းဘယ်တုန်းကစပြီး အင်းကွက်တွေ လေ့လာနေတာလဲ..တာအိုရောင်းရင်းလေးယဲ့ မင်းအခုတလော စိတ်၀င်စားနေတဲ့နယ်ပယ်တွေတော်တော်များတာပဲနော်..တို့တွေကတော့ သင်္ချိုင်းဂူကနေမလွတ်နိုင်သေးဘူး..မင်းကတော့ အင်းကွက်တွေအကြောင်းမေးဖို့အချိန်တောင်ရှိနေသေးတယ်နော်.. တကယ်ပဲလေးစားမိပါတယ်..လေးစားမိပါတယ် 】


ရှီကျားမှာ'ထိုက်ဟော်'ဟူသော အမည်အား အလွန်ရင်းနှီးနေသလိုခံစားရသော်လည်း မည်သည့်နေရာမှလာမှန်းကိုမူတွေးမရချေ။


ယဲ့ကျင်းကျီမှာ တိုင်းတာမှုကိုစာမပြန်ပဲ ထိုအစား ရှီကျားကိုမော့ကြည့်လာခဲ့လေသည်။ သူ၏အမူအယာမှာ တဖြည်းဖြည်းနှင့် လေးနက်လာခဲ့လေသည်။


"ထိုက်ဟော်ဓါးက နာမည်အကျော်အမော်ဓါးတွေထဲကတစ်ချောင်းပဲ..ထိုက်ဟော်ဓါးက ချူပြည်ထောင်ရဲ့ နိုင်ငံတော်ရတနာပဲ...သိရတာကတော့ ပထမအင်ပါယာက ၆ပြည်ထောင်ကို ကျူးကျော်သိမ်းပိုက်တဲ့အချိန် ဒီဓါးကိုတွေ့ပြီး အားဖောင်နန်းတော်ရတနာတိုက်ထဲမှာ သိမ်းထားခဲ့တာပဲ..ပြီးတော့ ဒီဓါးဟာလည်း ပထမအင်ပါယာနဲ့အတူတူပဲ မြှုပ်နှံခံလိုက်ရတာ.."


ရှီကျားမှာ ဤအခြေအနေ၏လေးနက်မှုကို အဆုံးတွင်နားလည်သွားခဲ့လေသည်။


ညနေခင်းတွင် ရိုက်ကူးရေးရှိနေသေးသဖြင့် ထိုကိစ္စရပ်များကိုဘေးဖယ်ထားလျက် ရိုက်ကူးရေးအဖွဲ့ထံသို့ပြန်ရန်သာတတ်နိုင်ခဲ့လေသည်။ 


ယဲ့ကျင်းကျီက သူနှင့်အတူ ရိုက်ကူးရေးအဖွဲ့ထဲသို့လိုက်လာခဲ့လေသည်။ အဖွဲ့သား၀န်ထမ်းများမှာ ယဲ့ကျင်းကျီအား စိတ်၀င်စားစွာ လှမ်းကြည့်လာခဲ့ကြလေသည်။ ရှီကျားနားထဲသို့ ၀င်ရောက်လာသော မှတ်ချက်များမှာ ဤသို့သာဖြစ်လေသည်။


"ယဲ့ကျင်းကျီကအရမ်းချောတာပဲ.."


သို့မဟုတ်...


"သူကလည်းနာမည်ကြီးပဲလား"


ဟူ၍ဖြစ်သည်။


ရှီကျားမှာ သူ၏သုံးခန်းကိုရိုက်ကူးပြီးသည်နှင့် ဆရာယဲ့ရှိနေရာထံ လှမ်း၍တစ်ချက်ကြည့်လိုက်မိလေသည်။


ဆရာယဲ့က အမှန်တကယ်ချောမောလွန်းလှသည်ကို သူ၀န်ခံရပေမည်။ သို့သော်တချိန်တည်းမှာပင် တဖက်အမျိုးသားမှာ အလွန်အေးစက်ကာ တည်တံ့လွန်းနေပြန်သည်။ သူသည်ရိုက်ကူးရေးအဖွဲ့ထဲတွင် ဤမျှကြာကြာရပ်နေခဲ့ပြီးသည့်တိုင် အမြဲပျော်ပျော်ရွှင်ရွှင် စနောက်တတ်သော ထိုမိန်းကလေးများမှာ သူ့ကို စကားမပြောရဲကြချေ။


ရိုက်ကူးရေးပြီးဆုံးသည်နှင့် ရှီကျားမှာ သူ၏အ၀တ်အစားနှင့် မိတ်ကပ်များကို ဖျက်လျက် ရိုက်ကူးရေးအဖွဲ့ထဲမှ ထွက်လာခဲ့ပြီးယဲ့ကျင်းကျီနှင့်အတူ ရုပ်ရှင်မြို့တော်အတွင်းအတူလျှောက်လာခဲ့ကြလေသည်။


ယဲ့ကျင်းကျီက ချင်စန်းရှီ၏ ခြေရာများကိုရှာဖွေရန်အစီအစဥ်ရှိလေသည်။ ရှီကျားမှာမူ ဖုန်းကိုဖွင့်လျက် 'ထိုက်ဟော်'ဓါးအကြောင်းကိုရှာဖွေလိုက်လေသည်။


ယဲ့ကျင်းကျီပြောခဲ့သလိုပင် ထိုက်ဟော်ဓါးမှာ လက်မှုအကျော်အမော် ဆရာအိုးရဲကျစ်နှင့် ကန်ကျန်းတို့မှ စစ်ပွဲအတောအတွင်း အတူတကွသွန်းလုပ်ခဲ့ကြခြင်း ဖြစ်လေသည်။ ၄င်းမှာ ချူပြည်ထောင်၏ နိုင်ငံ့ရတနာတစ်ပါးဖြစ်ခဲ့ဖူးကာ ဝေ့ထောင်ဓါးဟုအမည်တွင်လေသည်။ နောက်ပိုင်းတွင် ချင်ရှီဟွမ်ကထိုဓါးကိုသိမ်းယူခဲ့ပြီး သူနှင့်အတူတကွမြှုပ်နှံခံ ရတနာပစ္စည်းဖြစ်လာခဲ့လေသည်။


ကျိရင်မှာ သင်္ချိုင်းဂူထဲမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်လေရာ ထိုထိုက်ဟော်ဓါးကိုရရှိခဲ့သည်မှာလည်း မဖြစ်နိုင်သည်တော့မဟုတ်ချေ။


သတင်းစာမျက်နှာကိုပိတ်လိုက်ပြီးနောက် ရှီကျားကဆိုလိုက်သည်။ 


"ဒီဓါးက ခင်များရဲ့ဓါးကိုတောင်ပိုင်းနိုင်ပြီး ၀ူရှန်းချင်းလီရဲ့အစီအရင်ကိုတောင်ဖောက်ဖွင့်နိုင်တယ်ဆိုမှတော့ ဆရာယဲ့ ခင်များတို့သတိထားသင့်တယ်"


ယဲ့ကျင်းကျီ "ဒီဓါးကစွမ်းတယ်ဆိုပေမယ့် ကိုယ်တို့အကြောက်ရဆုံးအရာတော့မဟုတ်သေးဘူး"


ရှီကျားမှာတန့်သွားလျက် ခတ္တမျှတွေးလိုက်မိလေသည်။ 


"ကျိရင်ကိုယ်တိုင်က ဓါးထက်ပိုစွမ်းနေတာလား.."


ကျိရင်မှာ မကောင်းဆိုး၀ါး၀ိဥာဥ်တစ်ကောင်နှင့်မတူသော်လည်း သူသည်ဤနှစ်ပေါင်းများစွာအတွင်း သင်္ချိုင်းဂူထဲတွင် နေထိုင်လာခဲ့ခြင်းဖြစ်သည်။ သူကမည်သည့်လူသားတစ်ဦးကိုမှမစားဖူးလျှင်တောင် ထိုနှစ်ပေါင်းများစွာသော ယင်စွမ်းအင်များဖြင့်ပင် ဘုရင်ခံအဆင့်မျှပင်ရှိလောက်သည်။ ထို့ကြောင့် သူသန်မာသည်ဆိုသည်ကဖြစ်နိုင်လေသည်။


ယဲ့ကျင်းကျီကဆိုလိုက်သည်။ 


"သူ့ခါးမှာဆွဲထားတဲ့ ကျောက်စိမ်းပြားက..ကိုယ့်အထင် ဟယ့် ရှီ ပေ့ ထင်တယ်"


ရှီကျား"...."


 (TN- ဟယ့်ရှီပေ့ဆိုတာကလည်း သမိုင်းထဲသူ့ရာဇ၀င်နဲ့သူရှိတဲ့ ကျောက်စိမ်းပြားပါပဲ..ချင်ရှီဟွမ်သိမ်းခဲ့တဲ့ရတနာတွေထဲကတစ်ခုပါ)



👻