🏡 Chapter 17
သံအိုး
ဒီစက်ရုံမှာ ဖုန်းရီကို ဆက်မနေခိုင်းတာပိုကောင်းမယ်…
ကျန်းလီယွင်ထိုသို့ပြောလိုက်သောအခါ အနားမှလူအားလုံးက အံ့ဩသွားပြီး ရှဲ့ဇူကန်းက လုံးဝမယုံနိုင်ဖြစ်သွားသည်။
ကျန်းလီယွင်က အခုချိန်တွင် ရှဲ့ဇူကန်းတစ်ယောက်အလွန်ဒေါသထွက်နေမည်ကိုသိသော်လည်း သူ့ကိုမကြည့်ဘဲ သူမဘေးမှဖုန်းရီကိုသာ လှည့်ကြည့်လိုက်သည်။
သူမ ခုဏက ရှဲ့ဇူကန်းနှင့်စကားပြောနေသည့်တစ်လျှောက်လုံးတွင် ဖုန်းရီအပေါ် အာရုံစိုက်ထားခဲ့၏။
ရှဲ့ဇူကန်းက ထေ့ငေါ့ပြောလာပြီး 'ဖုန်းရီနှင့်တွဲမလို့လား'ဟုမေးလာသောအခါ ဖုန်းရီကအသံတိတ်သွားပြီး တစ်ခုခုပြောလိုက်ချင်သည့်ပုံစံ ပေါ်နေ၏။
ရှဲ့ဇူကန်းက သူမကို အရှက်မရှိဟု ပြောလာသောအခါ ဖုန်းရီက ဒေါသထွက်သွားပြီး ရှဲ့ဇူကန်းကိုပြေးထိုးရန် အသင့်ဖြစ်နေလေသည်။
သို့သော် သူမသွားနိုင်မီမှာပင် တောင့်တင်းသွားသည်။
ခုဏလေးတင်ဒေါသထွက်နေသည့်ဖုန်းရီက သစ်သားတိုင်ကြီးသဖွယ် တောင့်တင်းသွားပြီး တစ်ကိုယ်လုံးမှကြွက်သားများမလှုပ်ရှားတော့ဘဲ မျက်တောင်ပင် မခတ်တော့ပေ။
ကျန်းလီယွင်က ရယ်ချင်သွားသည်။
ကျန်းလီယွင် ပြန်လည်မွေးဖွားလာသည့်နေ့က အုတ်နှင့်ကြွေပြားစက်ရုံသို့လာခဲ့သည်မှာ ဖုန်းရီနှင့်ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်သောကြောင့် လာရှာခဲ့ခြင်းဖြစ်သည်။
သူမ ကအမြဲပင် လုပ်ချင်သည်များကို ချက်ချင်း ထလုပ်တတ်သည်။
ထိုအချိန်က ဖုန်းရီ၏ပုံစံမှာ အလွန်ငယ်နေသေးသဖြင့် သူ့ကိုပြောပြရန် အလျင်မလိုခဲ့ပေ။ သို့သော် ဤရက်များတွင်ဖုန်းရီနှင့်ပြောဆိုဆက်ဆံခဲ့ပြီးနောက် သူမက ကိစ္စတစ်ခုကို အတည်ပြုနိုင်သွားသည်။
ဖုန်းရီက သူမကို သဘောကျနေ၏။
ဖုန်းရီ ယခင်ဘဝက သူမကိုပြောခဲ့သလိုပင် သူ သူမကိုကြိုက်ခဲ့သည်မှာ အတော်ကြာနေပြီဖြစ်သည်။
ထို့ကြောင့် သူနှင့်စတွဲရန်မှာ မဖြစ်နိုင်ခြင်းမျိုး မဟုတ်ပေ။အထူးသဖြင့် အခုဆိုလျှင် ဖုန်းရီက အရွယ်ရောက်နေပြီဖြစ်သည်။
အသက်20မကျော်သေးသည့် ယောက်ျားများက လက်ထပ်စာချုပ်မလုပ်နိုင်သေးသော်လည်း ကျေးလက်များတွင် မင်္ဂလာဆောင်အခမ်းအနားလုပ်ခြင်းကိုသာ ပိုဂရုစိုက်ကြ၏။ သူတို့ မင်္ဂလာပွဲလုပ်လိုက်ရုံဖြင့်ပင် လက်ထပ်ပြီးပြီဟု ယူဆနိုင်သည်။ ဖုန်းရီတို့လို အရွယ်ယောက်ျားများက မင်္ဂလာပွဲလုပ်ပြီးသာ အိမ်ထောင်ပြုကြသည်။
အဆိုးဆုံးအနေဖြင့် သူတို့က ကလေးမွေးဖွားခွင့်မရရုံလေးသာဖြစ်သည်။ လက်ရှိခေတ်တွင် တင်းကြပ်သည့်မွေးဖွားနှုန်းထိန်းချုပ်မှုရှိကာ ကလေးမွေးဖွားခွင့်မရှိပါက ကလေးယူ၍မရပေ။
မူလက ကျန်းလီယွင် တစ်ဆင့်ချင်းသွားကာ ဖုန်းရီနှင့်အရင်ဆုံး ခံစားချက်များမွေးမြူပြီးမှ တွဲဖို့ပြောရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော်ရှဲ့ဇူကန်းက ရုတ်တရက်ထွက်လာပြီး သူမ၏ဂုဏ်သိက္ခာကို မေးခွန်းထုတ်လာသည့်အပြင် တစ်ဖက်မှဖုန်းရီ၏အမူအရာကိုလည်း မြင်လိုက်ရလေသည်။
သူမသာ တစ်ခုခုမလုပ်ပါက ဖုန်းရီက သေချာပေါက် ရှဲ့ဇူကန်းနှင့် ရန်ဖြစ်တော့မှာဖြစ်သည်။
ကိစ္စများကြီးလာပါက...
ဖုန်းရီက စက်ရုံအလုပ်မှထွက်ကာ သူမနောက်သို့လိုက်၍ရသည်။ သို့သော် သူမအစ်ကိုကမူ အုတ်နှင့်ကြွေပြားစက်ရုံတွင် အလုပ်ဆက်လုပ်နေဦးမည်ဖြစ်သည်။
ထိုသို့တွေးပြီးနောက် ကျန်းလီယွင်က ကြွေခွက်လေးကိုကိုင်ကာ ကြောင်တောင်တောင်ကြီးရပ်နေသည့် ကျန်းလီဟိုင်ကို တစ်ချက်ကြည့်လိုက်သည်။
ရှဲ့ဇူကန်းက ပထမဆုံးသတိပြန်ဝင်လာသောသူ ဖြစ်သည်။
“မဖြစ်နိုင်ဘူး မင်းပေါက်ကရတွေပြောနေတာပဲ…”
ကျန်းလီယွင်က ဘယ်လိုဖြစ်ပြီး ဖုန်းရီနဲ့တွဲနေနိုင်မှာလဲ…
ကျန်းလီယွင်သာ ဖုန်းရီနဲ့ချစ်သူတွေဆိုရင် ငါက ဖုန်းရီကိုတောင် မယှဉ်နိုင်ဘူးဆိုတဲ့ ပုံစံမပေါက်သွားဘူးလား…
ကျန်းလီယွင်က ဖုန်းရီဘက်လှည့်ပြောလိုက်သည်။
“ဖုန်းရီ ငါ့ကိုပြော နင်နဲ့ငါနဲ့က တွဲနေတာမလား…”
ဖုန်းရီတစ်ကိုယ်လုံးက လောကကြီးထဲမှလွင့်ထွက်သွားသလိုပင် ကျန်းလီယွင်၏စကားများကိုပင် ရှင်းရှင်းလင်းလင်းမကြားနိုင် ဖြစ်နေ၏။
ကျန်းလီယွင်က သူ့လက်မောင်းကို လှမ်းညှစ်လိုက်သည်။
“နင်ငါနဲ့ ချစ်သူတွေဖြစ်ချင်လား…”
ထိုအချိန်မှသာ ဖုန်းရီက သတိပြန်ဝင်လာပြီး ကမန်းကတန်းပြန်ဖြေလာ၏။
“ကျွန်တော် ဖြစ်ချင်ပါတယ်…”
ငါက ကျန်းလီယွင်နဲ့ ချစ်သူဖြစ်ချင်တာပေါ့… အရမ်း အရမ်း၊အရမ်းကိုဖြစ်ချင်တာ…
ဒါပေမယ့် ဒါက အရမ်းရုတ်တရက်ဆန်မနေဘူးလား…
ဖုန်းရီက သူ့ကိုယ်သူ အိပ်မက်မက်နေသည်ဟုပင် ထင်သွားသော်လည်း ကျန်းလီယွင်ကို ပြုံးပြလိုက်ဆဲဖြစ်သည်။
ကျန်းလီယွင်က ပြန်ပြုံးပြလိုက်သည်။
လူနှစ်ယောက်က တွဲနေသည့်အကြောင်းပြောပြီး လက်မောင်းကို လှမ်းညှစ်လိုက်သည်မှာ-ချစ်စရာကောင်းသည့် စုံတွဲတစ်တွဲကဲ့သို့ပင် ဖြစ်သည်။
ကျန်းလီယွင်က တကယ်ကို ဖုန်းရီနဲ့တွဲနေတာပဲ…
အနားက လူအုပ်ကြီးက သူအရှက်ကွဲသည်ကို မျက်မြင်တွေ့သွားကြလေပြီ။
ရှဲ့ဇူကန်းက ဒေါသထွက်သွားသည်။
“အရှက်ကို မရှိဘူး…”
ထိုသို့ပြောပြီးနောက် သူက လှည့်ကာပြေးထွက်သွားသည်။
အုတ်နှင့်ကြွေပြားစက်ရုံက အုတ်ခဲများဖြင့်ပြည့်နေပြီး သူက ပြေးရင်းဂရုမစိုက်မိဘဲ ခလုတ်တိုက်ကာ လဲကျလုမတတ် ဖြစ်သွားသည်။
ထိုအချိန်တွင် ကျန်းလီဟိုင်က ဆတ်ခနဲထရပ်ပြီး ကျန်းလီယွင်ကိုမေးလာ၏။
“နင်တို့နှစ်ယောက်က တွဲနေတာလား ငါကဘာလို့မသိရတာလဲ…”
သူ ပြောနေရင်း ဖက်ထုပ်တစ်ပိုင်းက လည်ချောင်းထဲမဆင်းသွားဘဲ လေပြွန်ထဲဝင်သွားကာ သီးသွား၏။
ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီး ငါတို့က အချင်းချင်းနေ့တိုင်းတွေ့နေကြတာလေ တွဲတာမဟုတ်ရင် ဘာလို့တွေ့နေမှာလဲ…”
အဲ့ဒါလည်းဟုတ်သား…
ကျန်းလီဟိုင်၏စိတ်ထဲ ဗြောင်းဆန်သွားသည်။
ငါက ကျန်းလီယွင် ဖုန်းရီနဲ့အမြဲတူတူရှိနေတာက ဖုန်းရီကအရူးလုပ်ရလွယ်ပြီး သူ့အကူအညီလိုချင်လို့ဆိုပြီး ထင်နေခဲ့တာ…
သို့သော် သေချာတွေးကြည့်မည်ဆိုလျှင် ကျန်းလီယွင်ကဖုန်းရီ၏အကူအညီကိုသာ လိုအပ်ပါက နေ့တိုင်းသူနှင့် ခရုကမ်းစပ်၌ သွားတွေ့နေစရာမလိုပေ။
ဒါဆို....သူတို့က တကယ်ပဲ တွဲနေကြတာပေါ့…
သူက ဖုန်းရီကိုသနားနေခဲ့ခြင်းဖြစ်သည်။
အခုတော့ ဖုန်းရီက ငါ့ညီမနဲ့တွဲနေတယ်တဲ့လား…
ကျန်းလီဟိုင်က ချောင်းဆိုးသည်ကို မရပ်နိုင်တော့ပေ။
ကျန်းလီယွင်က ဖုန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“မြန်မြန်လေးစားကြည့်လိုက် မဟုတ်ရင်အေးသွားလိမ့်မယ်…”
“အိုးး...”
ဖုန်းရီက တုံ့ပြန်လိုက်ပြီး နာခံစွာထိုင်ချကာ စားရန်လုပ်လိုက်သည်။
ဤအချိန်၌ အနားတွင်စားနေသည့် ဝမ်တထိုက ကျန်းလီယွင်ကို မေးလာ၏။
“လီယွင် နင်က တကယ်ပဲ ဖုန်းရီနဲ့ချစ်သူတွေလား…”
“ဟုတ်ပါတယ်…”
ကျန်းလီယွင်က ပြုံးကာပြန်ဖြေလိုက်သည်။
ဝမ်တထိုက မယုံနိုင်ဖြစ်သွားကာ အခြားအလုပ်သမားများကလည်း နားမလည်နိုင်ကြပေ။
အဓိကအချက်မှာ ဖုန်းရီ၏အခြေအနေက အမှန်တကယ်ကိုဆင်းရဲနေသောကြောင့်ဖြစ်သည်။
ဖုန်းရီက လက်ရှိတွင် အတော်လေးအတွေးလွင့်နေပြီး ခေါင်းထဲဘာမှရှိမနေပေ။
ယနေ့ သူ ကျန်းလီယွင်ကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားသွား၏။ နေ့လယ်စာစားချိန်ဖြစ်ကာ သူက ရေမချိုးရသေးသဖြင့် တစ်ကိုယ်လုံးညစ်ပတ်နေပေသည်။
ကျန်းလီယွင်က သူ့ကိုရွံသွားမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် သူ့အတွက်ဖက်ထုပ်များက ကျန်းလီဟိုင်ထက်များနေသည်ကို မြင်သောအခါ အလွန်ပျော်သွားလေသည်။
သူတို့ငယ်ငယ်ကဆိုလျှင်လည်း ကျန်းလီဟိုင်နှင့် ကျန်းလီဖျင်တို့က ကျန်းလီယွင်ဆီမှ တစ်ခုခုတောင်းစားလျှင် သူမက သူ့ကိုသာကျွေးသဖြင့် ပျော်ခဲ့ရ၏။ ယခုလည်းအတူတူပင်။
ထို့နောက် ရှဲ့ဇူကန်းရောက်လာသည်။
သူ အနည်းငယ်စိုးရိမ်သွားမိ၏။
ကျန်းလီဟိုင်ထံမှတစ်ဆင့် ကျန်းလီယွင်က ရှဲ့ဇူကန်းနှင့်အတူရှိလိုစိတ်မရှိကြောင်း သိထားသော်လည်း ရှဲ့ဇူကန်းကအခြေအနေအရပ်ရပ်၌ အလွန်ကောင်းမွန်ပြီး အနည်းဆုံးတော့ သူ့ထက်များစွာသာနေသည်ကို သတိထားမိပေသည်။
ကျန်းလီယွင်က စိတ်ပြောင်းသွားပြီး ရှဲ့ဇူကန်းနှင့်လက်တွဲလိုစိတ်ပြန်ဖြစ်လာမည်ကို သူ စိုးရိမ်၏။
သို့သော် သူ မထင်ထားလောက်အောင်ပင် ရှဲ့ဇူကန်းက ကျန်းလီယွင်ကို ထေ့ငေါ့ပြောလာ၏။
ဖုန်းရီက ချက်ချင်းဒေါသထွက်သွားသော်လည်း ထိုအချိန်မှာပင် ကျန်းလီယွင်က သူနှင့်တရားဝင်တွဲနေကြောင်းကြေညာလိုက်လေသည်။
ဖုန်းရီက သူ့ဝေစုကိုစားရင်း မထိန်းနိုင်ဘဲ တဟီးဟီးရယ်လိုက်မိသည်။ ထို့နောက် ကျန်းလီဟိုင်က တစ်ဖက်မှသူ့ကိုစိုက်ကြည့်နေသည်ကို မြင်သွား၏။
ဖုန်းရီက ကျန်းလီဟိုင်ကို ရယ်ပြလိုက်သည်။
ကျန်းလီဟိုင်က ချောင်းမဆိုးတော့ပေ။ သူက နားမလည်နိုင်ဖြစ်နေ၏။
ကျန်းလီယွင်က ပိုက်ဆံကို တော်တော်ကြိုက်တဲ့သူပါ… ဘယ်လိုဖြစ်ပြီးများ ဖုန်းရီကို စိတ်ဝင်စားရတာလဲ…
“ဖုန်းရီ ဖက်ထုပ်အိုးကပ်ကြော်ကိုလည်းစားဦး… ငါကိုယ်တိုင်လုပ်လာတာ ကောင်းမကောင်းမြည်းကြည့်…”
ကျန်းလီယွင်က ထပ်ပြောလိုက်သည်။
အစောပိုင်းက ဖုန်းရီ စားမည့်ချိန်တွင် ရှဲ့ဇူကန်းရောက်လာသဖြင့် ဘာမှမစားလိုက်ရပေ။
ကျန်းလီယွင်ပြောသည်ကို ကြားသောအခါ ဖုန်းရီကချက်ချင်း ဖက်ထုပ်ကိုတူဖြင့်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။
ဖက်ထုပ်အောက်ခြေက ကြွပ်ရွနေပြီး အပေါ်ပိုင်းကအိနေကာ အဆာသွပ်က ဆီများဖြင့်ပြည့်နှက်နေ၏။
ဖုန်းရီက အံ့သြတကြီးအမူအရာ လုပ်ပြလိုက်သည်။
“အစ်မလီယွင် ဒါက ကျွန်တော့်ဘဝတစ်လျှောက်စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ…”
ကျန်းလီယွင်က ဖုန်းရီပေါကြောင်ကြောင်လေးလုပ်ပြတိုင်း အမြဲပျော်ရကာ အခုလည်း ရယ်မိသွားပြန်သည်။
“ဖုန်းရီ အဲ့ဒါက တကယ်ပဲ အရသာရှိတာလား ငါတို့လည်းပေးမြည်းပါဦး…”
“ဟုတ်တယ် မင်းက အခုဆို ကောင်မလေးတောင်ရသွားပြီ… ငါတို့ကိုတစ်ဝိုင်းကျွေးသင့်တယ်နော်…”
“အဲ့ဒါက ဘာလဲ ပေါက်စီလေးတွေလား ဖုန်းရီ ငါ့ကိုလည်းတစ်ခုပေးမြည်းပါဦး…”
...
ဖုန်းရီက သူ့ဖက်ထုပ်အိုးကပ်ထည့်ထားသည့် ကြွေခွက်လေးကို တင်းတင်းဆုပ်လိုက်မိသည်။
ကျန်းလီယွင်က ဝင်ပြောလိုက်သည်။
“ဒါက ဖက်ထုပ်အိုးကပ်ကြော်ပါ… ကျွန်မ ဒီနေ့နည်းနည်းပဲယူလာမိတယ် အဲ့ဒါကြောင့် လူတိုင်းကိုတော့ ကျွေးလို့ရမှာမဟုတ်ဘူး… နောက်တစ်နေ့ကျမှထပ်လုပ်ပြီး ဒီကိုယူလာခဲ့ပေးပါ့မယ်…”
စာအုပ်ထဲတွင်မိဘများက ကလေးများအား သူတို့ကြိုက်သည့်အရာကို အခြားကလေးများနှင့်မျှစားရန် ဖိအားမပေးသင့်ကြောင်း ပြောထား၏။ ဖုန်းရီက ဖက်ထုပ်ကြော်ကြိုက်သဖြင့် သူ့ကိုသာစားခိုင်းလိုက်ပြီး နောက်တစ်ခါကျမှ လူတိုင်းအတွက် ယူလာပေးရမည်။
“မလိုပါဘူး ငါတို့က ဒီအတိုင်းပြောရုံပါ…”
ဝမ်တထိုက လျင်မြန်စွာပြန်ပြောလိုက်သည်။ စောဏက သူပါ ဝင်စလိုက်သော်လည်း ကျန်းလီယွင်လုပ်ပေးသည့်ဖက်ထုပ်ကြော်များစားရန်ကိုမူ နေရခက်ပေသည်။
ဤနေရာ၌ လူများစွာရှိရာ လူတိုင်းအတွက်ဆိုလျှင် ကျန်းလီယွင်က အများကြီးလုပ်ရမည်ဖြစ်ပြီး ပိုက်ဆံလည်းတော်တော်ကုန်လိမ့်မည်။
“ကျွန်မက လုပ်ပေးချင်တာပါ… ဒါပေမယ့် ဖက်ထုပ်ကြော်ဖို့ သင့်တော်တဲ့ဒယ်အိုးကို အခုထိမဝယ်ရသေးဘူး… ဒယ်အိုးရောက်တာကို အရင်စောင့်ရဦးမယ်…”
ကျန်းလီယွင်က ရှင်းပြလိုက်သည်။
“အိမ်မှသုံးနေကျအိုးတွေနဲ့ဘဲ ဖက်ထုပ်ကြော်ဖို့က အဆင်မပြေဘူးလေ… တစ်ခါကြော်ရင်နည်းနည်းစီပဲ လုပ်လို့ရတော့ အရမ်းဒုက္ခများတယ်…”
“လီယွင် နင်ကဖက်ထုပ်ကြော်ဖို့အတွက်ပဲ သီးသန့်ဒယ်အိုး ဝယ်မလို့လား…”
ဝမ်တထိုက မေးလိုက်သည်။
“ဟုတ်တယ် ကျွန်မက မြို့ထဲမှာဖက်ထုပ်ကြော်ရောင်းဖို့လုပ်ထားတာ… လုပ်ငန်းသေးသေးလေးလုပ်မလားလို့လေ…”
ကျန်းလီယွင်က မြို့ထဲတွင် ဖက်ထုပ်ကြော်ရောင်းချင်သည့်အကြောင်း ပြောပြလိုက်သည်။
အုတ်နှင့်ကြွေပြားစက်ရုံ၌ လူများစွာရှိသဖြင့် ဤအကြောင်းသာ သတင်းပြန့်သွားပါက မြို့ထဲမှသူများကလည်း သူမ၏ဖက်ထုပ်ကြော်များကို ဝယ်ချင်လာလိမ့်မည်။
လက်ရှိအချိန်တွင် စိတ်အပန်းဖြေရေးဆိုင်ရာ ရွေးချယ်မှုများက အကန့်အသတ်ရှိပြီး ကျေးလက်မှသူများအကြိုက်ဆုံး အရာများထဲမှတစ်ခုမှာ မြို့ထဲသို့ဈေးဝယ်သွားရခြင်းဖြစ်သည်။
သူတို့က တစ်ခါမှမမြင်ဖူးသေးသည့် ဈေးမကြီးသောအရာများအားဝယ်ရသည်ကို သဘောကျကြ၏။ ကျန်းလီယွင်က ဖက်ထုပ်ကြော်တစ်ခုလျှင် တစ်ဆင့်နှင့်ရောင်းရန်ဆုံးဖြတ်ထား၏။ ၎င်းက ဈေးသိပ်မကြီးသလို ဝယ်နိုင်သေးသည့်အထဲ ပါဝင်သဖြင့် သေချာပေါက်ပင် လူအများစုက စိတ်ဝင်စားကြလိမ့်မည်။
ထိုသို့တွေးလိုက်ပြီးနောက် ကျန်းလီယွင်က ထပ်ပြောလိုက်သည်။
“ဦးလေးဝမ် ဒီဖက်ထုပ်အိုးကပ်ကြော်ဆိုတာက အရှေ့မြောက်ဘက်က စားစရာလေ… ကျွန်မတို့စက်ရုံက စီရင်စုမြို့ကို ဆိုဖာသွားရောင်းတဲ့အချိန်မှာ အရှေ့မြောက်ပိုင်းသားတစ်ယောက်ဆီကသင်ခဲ့တာ… သူက ဒီနည်းလမ်းကိုသင်ပေးခဲ့ပေမယ့် တကယ်လုပ်တတ်ဖို့ကို တော်တော်လေး လေ့ကျင့်လိုက်ရတယ်…”
အမှန်တွင် ဖက်ထုပ်အိုးကပ်ကြော်များကို နေရာတိုင်းတွင်တွေ့နိုင်သော်လည်း သူမ ရောင်းမည်ဖြစ်သဖြင့် လူများကိုဖမ်းစားနိုင်သည့်နာမည်တစ်ခု ပေး၍ရပေသည်။ လက်ရှိကာလတွင် တောင်ပိုင်းမှလူများက အရှေ့မြောက်ပိုင်းအား ကောင်းမွန်သည်ဟုထင်ကြကာ ထိုနေရာနှင့်လည်း အလှမ်းဝေးလေသည်။ ဖက်ထုပ်အိုးကပ်ကြော်များအား အရှေ့မြောက်ဘက်မှ အစားအစာဟုပြောပါက လူများပိုစိတ်ဝင်စားလိမ့်မည်။
“အရှေ့မြောက်ဘက်ကလား…”
ဝမ်တထိုက အစောပိုင်းတည်းက ဖက်ထုပ်အိုးကပ်ကြော်ကိုစားကြည့်ချင်နေခဲ့ပြီး အခုအရှေ့မြောက်ပိုင်းစာမှန်းသိလိုက်ရသောအခါ ပို၍ပင်စားကြည့်ချင်သွားသည်။
အခြားသူများက မေးလာ၏။
“ဖက်ထုပ်ကြော်ကိုဘယ်လောက်နဲ့ရောင်းမှာလဲ…”
ကျန်းလီယွင် :“တစ်ခုကို တစ်ဆင့်နဲ့ ရောင်းဖို့လုပ်ထားတာပဲ…”
ဖက်ထုပ်ကြော်တစ်ခု တစ်ဆင့်သည် အသားအဆာသွပ်နှင့် အိုးကပ်ကြော်သည်ကို ထည့်စဉ်းစားပါက ဈေးကြီးသည်ဟုမယူဆနိုင်ပေ။ သူတို့စက်ရုံတွင် ဝက်သွေးစွပ်ပြုတ်တစ်ပွဲဆိုပါက ငွေနှစ်ဆင့်ကျသင့်၏။
သူတို့စက်ရုံမှ ဝက်သွေးစွပ်ပြုတ်က အနည်းငယ်ဈေးကြီးသော်လည်း စက်ရုံက တစ်ဖက်တွင်လည်း ထမင်းအတွက်ပိုက်ဆံမယူထားပေ။
ကျန်းလီယွင်က စီးပွားရေးလုပ်ရာ၌ အတွေ့အကြုံရှိ၏။သူမ ယခင်ဘဝတွင် ဆိုင်ဖွင့်ခဲ့ပြီး စားသုံးသူများနှင့်ပြောဆိုဆက်ဆံခဲ့ဖူးပေသည်။ မြို့ထဲတွင် အားလုံးက ရင်းနှီးနေသည့်မျက်နှာများနှင့် စီးပွားရေးလုပ်ရခြင်းဖြစ်သည်။ သူမသာ လူများအပေါ် ကောင်းကောင်းမဆက်ဆံတတ်ပါက အခြားသူများကလည်း သူမဆီမှ လာဝယ်ကြမည်မဟုတ်ပေ။
ယခုတွင် သူမက အုတ်နှင့်ကြွေပြားစက်ရုံမှလူများနှင့် လိုက်လျောညီထွေလုပ်နေခြင်း ဖြစ်သည်။
ဝမ်တထိုတို့က ကျန်းလီယွင်၏ ကျွမ်းကျင်လိမ်မာသောစကားပြောပုံကြောင့် လက်ဖျားခါသွားကြသည်။
သူက ကလေးမလေးပုံစံနဲ့ နည်းနည်းမှကို တူမနေဘူး…
သို့သော် လက်တလောနှစ်များ၌ ကျန်းလီယွင်ကသာ ကျန်းမိသားစုကိုဦးစီးခဲ့ရသည်ကို တွေးကြည့်ပါက သူတို့နားလည်သွားသည်။
ဖုန်းရီကို လှမ်းကြည့်လိုက်သောအခါ ဘေးတွင်ဖက်ထုပ်ကြော်ကို ပျော်ပျော်ကြီးစားကာ တစ်ချက်တစ်ချက်ကျန်းလီယွင်ကို ခိုးခိုးကြည့်နေပုံစံက အတော်လေးရယ်စရာကောင်းပြီး ကျေနပ်အားရနေသည့်သားမက်လေးသဖွယ် ဖြစ်နေပေသည်။
သူတို့ပြောနေချိန်တွင် တစ်စုံတစ်ယောက်က ပြေးလာပြီး အော်ပြောလာ၏။
“စီရင်စုမြို့ကိုသွားတဲ့လှေ ပြန်ရောက်လာပြီဟေ့…”
သူ့အတွေးနှင့်သူ ပျော်နေသည့် ဖုန်းရီက ထိုသတင်းကို ဘာမှ မတုံ့ပြန်လာချေ။ သို့သော် ကျန်းလီယွင်က သတိရသွား၏။
“ဖုန်းရီ ငါမှာထားတဲ့ဒယ်အိုးပါလာလား ကြည့်ဖို့ခေါ်သွားပါဦး…”
ဖုန်းရီက စွင်းကျင်ရှန်းကို အောက်ခြေပြားဒယ်အိုးကြီးတစ်လုံးဝယ်လာပေးရန် အကူအညီတောင်းထားခဲ့ခြင်းဖြစ်သည်။
“ဟုတ်ပြီ ဟုတ်ပြီ…”
ဖုန်းရီက လျင်မြန်စွာထရပ်လိုက်သည်။
သူက ထမင်းနှင့်ဝက်သွေးစွပ်ပြုတ်ကို စားပြီးသွားပြီဖြစ်ကာ ဖက်ထုပ်ကိုလည်း သုံးခုလောက်သာ စားလိုက်သည်။ဖက်ထုပ်အားလုံးကို တစ်ခါတည်းမစားလိုက်ချင်ပေ။ ယခုချိန်တွင် သူ၏ဦးစားပေးမှုမှာ ကျန်းလီယွင် ဒယ်အိုးကြည့်ရန်အတွက် ခေါ်သွားပေးရန် ဖြစ်သည်။
ကျန်းလီယွင်ထံတွင် ဒယ်အိုးရှိသွားသည်နှင့် သူတို့ဆိုင်ဖွင့်နိုင်ပြီဖြစ်သည်။
သူတို့နှစ်ယောက်က စက်ရုံဆိပ်ကမ်းသို့ လျင်မြန်စွာရောက်ရှိလာကြသည်။
လှေက ကမ်းကပ်ပြီးသားဖြစ်ကာ လူများက လမ်းလျှောက်နိုင်ရန် သစ်သားချပ်များဖြင့် လှေနှင့်ဆိပ်ကမ်းကိုဆက်ထားပြီး ထိုနေရာတွင်သုံးသော ပျဉ်ချပ်မျိုးကို လှေကုန်းဘောင်ဟုခေါ်ကြသည်။
လှေကုန်းဘောင်က သေးသေးလေးဖြစ်ပြီး ထိုပေါ်တွင်လျှောက်ကာ အုတ်များကို အလွယ်တကူသယ်ပို့ကြ၏။သို့သော် ကျန်းလီယွင်က ထိုပျဉ်ချဉ်များကို တစ်ချက်ကြည့်ပြီးသည်နှင့် သူမ မလျှောက်နိုင်ကြောင်း ဆုံးဖြတ်လိုက်မိသည်။
သူမက တုံ့ဆိုင်းနေသော်လည်း ဖုန်းရီကမူ ဖက်ထုပ်ကြော်ပန်းကန်လေးကိုကိုင်ပြီး လှစ်ခနဲပြေးတက်သွားကာ အော်ပြောလိုက်သည်။
“အစ်ကိုစွင်း အစ်ကိုစွင်းရေ ကျွန်တော်မှာတဲ့ ဒယ်ပြားဝယ်လာခဲ့ပေးလား…”
စွင်းကျင်ရှန်းက ပန်းပွင့်ရိုက်အင်္ကျီနှင့်ခေါင်းလောင်းဘောင်းဘီ ဝတ်ထားပြီး ဆံပင်ကို သေသပ်စွာဖီးထား၏။ သူက စက်ရုံခေါင်းဆောင်ပိုင်းမှသူများနှင့် အဆက်အသွယ်အချို့ရှိသော်လည်း အလွန်မနက်ရှိုင်းပေ။လှေဖြင့်ထွက်သွားပြီးနောက်တွင် အလုပ်ကြမ်းမျိုးစုံလုပ်ရကာ လူတိုင်းလိုပင်အုတ်သယ်ရပြီး အလုပ်လုပ်ရင်း ဖုန်များလူးကုန်သည်။
သို့သော် စက်ရုံသို့ပြန်ရောက်ခါနီးသည်နှင့် သူကရေချိုး၊ခေါင်းလျှော်ပြီး အဝတ်အစားသစ်များကို လဲလိုက်သည်။
“ဒီနားမလာနဲ့…”
စွင်းကျင်ရှန်းက ဖုန်တလူးလူးဖြစ်နေသည့် ဖုန်းရီအား လက်ပြကာ တားလိုက်သည်။
“ဒယ်အိုးဝယ်လာတယ် မင်းလိုချင်တဲ့အရွယ်က မရှိလို့ တစ်ဆိုဒ်ကြီးတာနဲ့တစ်ဆိုဒ်သေးတာ နှစ်လုံးဝယ်လာခဲ့တယ်… မင်းကြိုက်တဲ့တစ်လုံးကိုယူလိုက် ကျန်တာငါယူလိုက်မယ်…”
စွင်းကျင်ရှန်းက စက်ရုံအလုပ်မှထွက်ပြီး စီးပွားရေးတစ်ခုခုလုပ်ရန်တွေးနေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။စက်ရုံ၏သယ်ယူပို့ဆောင်ရေးအဖွဲ့လစာက မြင့်သော်လည်း အတော်လေးပင်ပန်းကာ လစာကလောက်ငှသည်ဟုသာဖြစ်ပြီး ချမ်းသာနိုင်သည်အထိမဟုတ်ပေ။
မြို့ထဲတွင် အချို့သူများက စီးပွားရေးလုပ်ရင်းချမ်းသာလာကြရာ စွင်းကျင်ရှန်းလည်း ပိုက်ဆံရှာချင်လာသည်။
သူက ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး စားစရာရောင်းရန်တွေးထား၏။ သူကိုယ်တိုင်မဖွင့်လျှင်ပင် သူ့မိသားစုကိုဦးစီးခိုင်း၍ရပေသည်။
မီးသွေးမီးဖိုတစ်လုံးနှင့် ဒယ်အိုးတစ်လုံးရှိရုံနှင့်ပင် မြို့ထဲ၌ အကုန်အကျ မများဘဲ ပန်ကိတ်ရောင်းနိုင်ရာ အတော်လေးကောင်းလှသည်။
ဖုန်းရီက မကြာမီမှာပင် ဒယ်အိုးများကို ရှာတွေ့သွားသည်။သူက ဒယ်အိုးများကိုထပ်လိုက်ကာ အပေါ်ဆုံးတွင်ဖက်ထုပ်ကြော်ပန်းကန်လေးကိုထည့်လိုက်ပြီး လှေပေါ်မှ ပြန်ဆင်းလာခဲ့သည်။
ကျန်းလီယွင်က ဒယ်အိုးနှစ်လုံးကို တန်းမြင်သွားသည်။
အသေးတစ်လုံးက အချင်း40cmခန့်ရှိကာ အကြီးကအချင်း60cmခန့်ရှိမည်။ နှစ်ခုလုံးက ပြောစရာမလိုလောက်အောင် ကောင်းကောင်းပြုလုပ်ထားပြီး ထူထဲကာ သေချာဂရုတစိုက်သုံးပါက နှစ်တစ်ရာခန့် အသုံးခံနိုင်လိမ့်မည်။
“ကျွန်မ နှစ်ခုလုံးယူလိုက်မယ်…”
ခေါင်းလောင်းဘောင်းဘီစကိုမကာ လှေကုန်းဘောင်ပေါ်မှဆင်းလာသည့် စွင်းကျင်ရှန်းအားကြည့်ကာ ကျန်းလီယွင်က ပြောလိုက်သည်။
လှေပေါ်မှဆင်းလာပြီးနောက် မြေကြီးပေါ်၌ဖုန်များပြည့်နေသည်ကိုမြင်သောအခါ စွင်းကျင်ရှန်းက ခဏခန့်တုံ့ဆိုင်းသွားသည်။ သို့သော် သူက ဘောင်းဘီကို လက်နှစ်ဖက်လုံးဖြင့် မ'ထားလိုက်ဆဲဖြစ်သည်။
ကျန်းလီယွင်က တွေးလိုက်မိသည်။
‘စွင်းကျင်ရှန်းရဲ့ခေါင်းလောင်းဘောင်းဘီက နည်းနည်းရှည်နေပြီး မြေကြီးမှာတောင်ဒရွတ်တိုက်နေတယ် ဆိုဒ်ကလည်းကြီးနေသေး... သူသာ လမ်းလျှောက်နေတုန်းမ'မထားရင် သူ့ဘောင်းဘီစသူနင်းမိပြီး ချော်လဲသွားမှာပဲ…’
ပြီးရင် သူ့ဘောင်းဘီက ခဏလေးအတွင်းမှာပဲ ဖုန်လူးသွားလိမ့်မယ်…
သူမက စွင်းကျင်ရှန်းမှာ ဤပုံစံမျိုးဟု မထင်ထားခဲ့ပေ။
ကျန်းလီယွင်က စွင်းကျင်ရှန်းအကြောင်း သိ၏။ သူ့ဘဝကအတော်လေး ကြမ်းတမ်းခဲ့သည်။
🏡🏡🏡