အပိုင်း ၄၁
Viewers 10k

Chapter 41



ကွန်မန့်များစွာ စခရင်ပေါ်တွင် ပေါ်လာလေ၏။

【လိုက်စ်စောစော လွှင့်နေတာပဲ... 】

【နောက်ထပ် သရဲခြောက်တဲ့ အိမ်ကို စူးစမ်းဖို့သွားနေတာလား...】

【ထပ်လုပ်ကြပြန်ပြီ...ကမ္ဘာ‌ပေါ်မှာ သရဲ‌တစ္ဆေတွေသာ တကယ်ရှိရင် သူ အခုချိန်ထိ ရှိနေမှာမဟုတ်ဘူး...】

မကောင်းသော ကွန်မန့်များစွာကို တွေ့နေရသော်လည်း ကွမ်ထျန်းရီ ဒေါသမထွက်ပေ။ သူ လေးနက်စွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့ ငါ့ကို မယုံလည်းရတယ်...ဒါပေမဲ့ အခုလို ကြုံရတာ ငါတစ်ယောက်ထဲ မဟုတ်ဘူး...”

သူ ကင်မရာကို အခြားလေးယောက်ဘက်သို့ လှည့်လိုက်သည်။

သူတို့မျက်နှာပေါ်မှထိတ်လန့်မှုများကဟန်ဆောင်နေပုံ မပေါ်ချေ။ အထူးသဖြင့် ဟဲလျန်းက ယောကျာ်းလေးတစ်ယောက်နောက်တွင် ပုန်းနေပြီး ငိုကြွေးလုနီးနီး ဖြစ်နေလေသည်။

"ရိုက်နေတာ ရပ်လိုက်တော့...သွားကြရအောင်...ငါဒီမှာ ဆက်မနေချင်တော့ဘူး..."

စခရင်ပေါ်တွင် ကွန်မန့်များစွာ တက်လာပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ၀င်လာသူများ ပိုများလာလေသည်။

【တကယ်ကြီးလား... 】

【သ‌ရုပ်ဆောင်နေကြတာလား... 】

【ငါ ဝေ့ပေါ် ပေါ်မှာ အဲ့ညီမလေးကို ရှာကြည့်တာ သူက သိမ်မွေ့တဲ့လူပဲ...သူ လိမ်မယ်လို့ ငါမထင်ဘူး... 】

သူ့၏ တိုက်ရိုက်ထုတ်လွှင့်မှုက ပရိသတ်များစွာအား ဆွဲဆောင်နေသည်ကို မြင်သောအခါ ကွမ်ထျန်းရီ စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို ဖိလိုက်လေသည်။

သူ စွန့်ပစ်ဗီလာကို အမိအရ ရိုက်ကူးပြလိုက်ပြီး ချဲ့ပြလိုက်သည်။

“အဲ့‌နေရာပဲ...ဒီဗီလာက Mမြို့ရဲ့ ဆင်ခြင်ဖုံး ရပ်ကွက်မှာရှိပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတယ်...ငါတို့လည်း အစက မယုံခဲ့ဘူး..."

ထိုအချိန်တွင် ကွမ်ထျန်းရီ ဖွင့်ထားသော တံခါးနောက်မှ ထွက်လာသော အရိပ်နှစ်ရိပ်ကို ဖုန်းစခရင်မှ တစ်ဆင့် တွေ့လိုက်ရသည်။

သူ ထိတ်လန့်သွားပြီး ချွေးစီးများ ပြန်လာလေသည်။

အခြားလေးယောက်လည်း ထိတ်လန့်ကာ အော်ဟစ်လာကြစဉ် ထွက်လာသော အရိပ်နှစ်ရိပ် မျက်နှာကို မြင်လိုက်‌ရသောအခါ အော်သံများ လည်ချောင်းထဲတွင် ပိတ်ဆို့သွားကြလေသည်။

သူတို့နှစ်ယောက် မျက်နှာက ပုံမှန်အတိုင်းဖြစ်ကာ ဗီလာထဲမှ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြလေသည်။

သူတို့ကို ကြည့်ရသည်မှာ ကြောက်စရာကောင်းသည့် အဖြစ်အပျက်မျိုး မကြုံခဲ့ပုံ ပေါ်လေသည်။

ကွမ်ထျန်းရီ ထိုလူနှစ်ယောက်ကို စိုက်ကြည့်နေပြီး သူ့လက်ထဲရှိ ဖုန်းက ရိုက်ကူးအသံသွင်းနေဆဲဖြစ်၏။ သူ စကားထစ်စွာ ‌ပြောလိုက်သည်။

"မင်း...မင်းတို့တွေ..."

ထိုကဲ့သို့ မမျှော်လင့်ထားသော အဖြစ်အပျက်ကို မြင်လိုက်ကြသောအခါ ကွန်မန့်များ တရစပ်တက်လာပြီး ယခင်ကထက် စိတ်အားထက်သန်စွာ မန့် နေကြသည်။

【ဘာဖြစ်နေတာလဲ...】

【ထွက်လာတဲ့ နှစ်ယောက်က ဗီလာထဲက သရဲတွေလား...】

【ဟား...ဟား...ဟား...လူလိမ်တွေကို ပက်ပင်းဖမ်းမိတာပဲ...】

“ဟမ်...”

ချန်စဲကျစ် အံ့ဩသွားကာ အခြေအနေကို ရုတ်တရက် နားလည်လိုက်ပြီး‌ ပြောလိုက်သည်။

"အာ...မင်းတို့ ကြောက်နေကြတာလား..."

???

ငါးယောက်လုံး အံ့ဩသွားကြလေသည်။ သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး တစ်ဖက်လူဆိုလိုချင်သည်ကို နားမလည်ကြပေ။

လွန်ခဲ့သည့် ငါးမိနစ်ခန့်က ဗီလာထဲတွင်...

ယဲ့ကျား ချန်စဲကျစ်အား အခြေအနေကို အတိုချုံ့ ရှင်းပြလိုက်သည်။

သူ ဤခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်က ဂိမ်းထဲမှ ထွက်လာသည်ဟူသော အချက်ကို ဖုံးကွယ်ထားပြီး ဤဗီလာတွင် ချန်စဲကျစ် မတွေ့နိုင်သော အားနည်းသည့်ဝိညာဉ်နှစ်ကောင် ရှိကြောင်းနှင့် သူတို့က လူများကို ခြောက်လန့်သည်မှလွဲ၍ အန္တရာယ်ကင်းကြောင်း ပြောပြခဲ့သည်။

“အဲ့လိုလား...”

ချန်စဲကျစ် ကြောက်လန့်ကာ ထွက်ပြေးသွားသော လူငါးယောက်ကျောကို ကြည့်နေသည်။

"ဒါပေမဲ့ တစ္ဆေတွေ တကယ်ရှိတယ်ဆိုမှ‌တော့ ဗျူရိုကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လူတွေကို ထပ်လွှတ်မှာသေချာတယ်...စောစောက လူတွေဆီက သတင်းပြန့်သွားရင် ဒီဗီလာကြီးက ပြည်သူလူထုနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှုအောက် ရောက်သွားလိမ့်မယ်...ဒါက သိပ်မကောင်းဘူး..."

ယဲ့ကျား မျက်လွှာချထားပြီး အဖြေပြန်မပေးပေ။

ရုတ်တရက် ချန်စဲကျစ် တစ်ခုခုကို တွေးမိသွားပြီး မျက်လုံးများ တောက်ပလာကာ လက်သီးဆုပ်ကာ လက်ဖဝါးကို ထိုးလိုက်ပြီး ပြောလိုက်သည်။

"ငါသိပြီ..."

ဗီလာအပြင်၌...

ချန်စဲကျစ် အပြုံးတု ပြုံးလိုက်သည်။

“ဒီဗီလာပိုင်ရှင်က သရဲခြောက်တဲ့အိမ် လုပ်ဖို့ အစီအစဉ်နဲ့ ဒီဗီလာကို ဝယ်ခဲ့ပုံပဲ...ဒါပေမဲ့ငွေရေးကြေးရေးပြဿနာကြောင့် ဆက်မလုပ်နိုင်ခဲ့ပုံပေါ်တယ်...ငါတို့ ဒုတိယထပ်ကို သွားတော့ခလုတ်တစ်ခုကို မတော်တဆ နှိပ်လိုက်မိတယ်...ပြီးတော့ အောက်ထပ်က မင်းတို့ အော်သံကိုကြားလိုက်ရတော့မှ ငါတို့ စက်ယန္တရားတစ်ခုကို အသက်သွင်းလိုက်မိမှန်း သိလိုက်ရတယ်...ငါတို့ မင်းတို့ကို ခြောက်လှန့်ဖို့ မရည်ရွယ်ပါဘူး...ဆောရီး..."

လူငါးယောက် အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက် သံသယစိတ်နှင့် ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့မျက်လုံးများက ချန်စဲကျစ်အပေါ် ရောက်သွားကြသည်။

ဟဲလျန်း သူ့ဘေးရှိ ယောကျာ်းလေး၏ အင်္ကျီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

“အခုမှ ကြောက်ပြမနေနဲ့တော့..."

ထို‌ယောကျာ်းလေး ပြောလိုက်သည်။

ယဲ့ကျား သူ့ဘေးတွင် လွင့်မျောနေသော ခြောက်လှန့်ခြင်းဝိညာဉ်များကို ကြည့်နေသည်။

သူတို့ထဲမှ တစ်ကောင်က ချန်စဲကျစ်နှင့် ပူးပေါင်းလိုက်သည်။ ချန်စဲကျစ် စကျင်ကျောက်လုံးကို ထုတ်လိုက်ပြီး တစ်နေရာကို နှိပ်လိုက်သောအခါ မျက်လုံးပုံပေါ်လာလေသည်။

"တွေ့လား...စက်ပစ္စည်းလေ..."

ကွမ်ထျန်းရီ၏ မျက်နှာ အေးခဲသွားလေသည်။ သူ့မျက်လုံးက ပြူးကျယ်သွားပြီး ချန်စဲကျစ်ကို ကြည့်ကာ ဗီလာကို တစ်ဖန်ပြန်ကြည့်လိုက်သည်။

သူ့လက်ထဲမှ ဖုန်းက တိုက်ရိုက်ထုတ်လွှင့်နေဆဲ ဖြစ်လေသည်။

စခရင်ပေါ်တွင် လှောင်ရယ်သော ကွန်မန့်များနှင့် ပြည့်နေလေသည်။

【ဟားးးးဟားးးးးထူးခြားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပဲ...】

【မျက်နှာကို ဖြတ်ရိုက်တဲ့အခန်းက သောက်ရမ်းမိုက်...ငါတို့ အဲ့ဒါကို ဘယ်လိုခေါ်သင့်လဲ...ဟား...ဟား...】

【ဒါ‌ပေမဲ့ အဲ့မျက်လုံးကြီးက အစစ်လိုပဲ...ငါသာ ကြုံခဲ့ရင် ငါလည်း ကြောက်မိမှာပဲ...】

【ဒီသရဲ‌ခြောက်တဲ့အိမ်ကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုပါ့ရစေ... 】

အချို့ ကွန်မန့်များလည်း ထိုကွန်မန့်များနှင့် ရောထွေးတက်လာလေသည်။

【 နောက်ကကောင်လေးချောတာ သတိထားမိတဲ့လူက ငါတစ်ယောက်တည်းလား...】

【အ‌ပေါ်ထပ်က အစ်မ ငါလည်း သတိထားမိတယ်....ဟီးဟီး...ကျိန်းသေပေါက် ပွဲဦးထွက်နိုင်မဲ့ မျက်နှာပဲ...】

ကွမ်ထျန်းရီ ဖုန်းကို ကြည့်လိုက်သောအခါ ထိုကဲ့သို့သော ကွန်မန့်များကိုမြင်လိုက်ရပြီး တင်းမာသောအမူအရာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။

ချန်စဲကျစ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့ရှေ့မှ လူငယ်များ အချင်းချင်း ဆွေးနွေးနေကြစဉ် ဘေးမှ ယဲ့ကျားကို ဆွဲကာ ပြောလိုက်သည်။

"ကောင်းတယ်...အခုပြဿနာမရှိတော့ဘူး..."

သူ လျှိုကျောက်ချန်ကို ဖုန်း‌ခေါ်ရန် ဖုန်းထုတ်လိုက်သည်။

“ကျွန်‌‌တော် ခေါင်းဆောင်ကို ဖုန်းခေါ်ပြီး တိုက်ခိုက်ရေးဌာနခွဲက တစ်ယောက်ယောက်ကို ဒီနေရာ ရှင်းလင်းဖို့ လွှတ်ခိုင်းလိုက်မယ်..."

လေထဲတွင် လွင့်မျောနေသောခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်က အနည်းငယ် မိုက်မဲသော်လည်း အရူးများ မဟုတ်ကြချေ။

သူတို့ အချင်းချင်း ဖက်ကာ တုန်ရီနေကြလေသည်။

“ရှင်း...ရှင်းလင်းမယ်...ရှင်းလင်းမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ...”

ခြောက်လှန့်ခြင်းဝိညာဉ်လေး မျက်ရည်များ ကျလာလေသည်။

“ဝါး...ဝါး...ငါ မသေချင်ဘူး...”

“၀ါး...ငါလည်း မသေချင်ဘူး...”

ခြောက်လှန့်ခြင်းဝိညာဉ်ကြီးလည်း ငိုလိုက်ကာ သူတို့၏ ဂျယ်လီကဲ့သို့ ခန္ဓာကိုယ်များ တုန်ရီနေလေသည်။

ယဲ့ကျား မျက်လုံးပင့်လိုက်ပြီး သူတို့ကို တစ်ချက် ကြည့်လိုက်ကာ လက်ညှိုးကို အနည်းငယ် မလိုက်သည်။

နောက်တစ်စက္ကန့်တွင် ချန်စဲကျစ် ဂျယ်လီကဲ့သို့ ဖောက်ထွင်းမြင်နိုင်သော တစ္ဆေနှစ်ကောင်ကို တွေ့လိုက်ရပြီး လက်တုန်ကာ ဖုန်းအောက်ပြုတ်ကျလုနီးနီး ဖြစ်သွားလေသည်။

"အဲ...အဲ့ဒါဘာလဲ..."

အခြားလူသားကလည်း သူတို့ကို မြင်နိုင်ကြောင်း သိသောအခါ ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်အေးခဲသွားကြလေသည်။ သူတို့ လေထဲတွင် လွင့်မျောပြီး တစ်ဖက်လူ၏ လက်ကောက်၀တ်ကို ဖက်တွယ်ကာ ကျယ်လောင်စွာ အော်ငိုနေကြသည်။

“၀ါး....ငါတို့က လူတွေကို ခြောက်ရုံပါပဲ...”

ခြောက်လှန့်ခြင်းဝိညာဉ်လေး ရှိုက်ငိုကာ ပြောလိုက်သည်။

“လူ...လူသား‌တွေရဲ့ ကြောက်စိတ်က အရသာရှိတယ်လေ...ဒါ...ဒါပေမဲ့ ငါတို့ လူတွေကို မစားပါဘူး..."

“ဟု...ဟုတ်တယ်...”

ခြောက်လှန့်ခြင်းဝိညာဉ်ကြီးလည်း ရှိုက်ငိုကာ ပြောလိုက်သည်။

“တခြား‌နေရာက ‌တစ္ဆေသရဲတွေက အရမ်းကြောက်စရာကောင်းတယ်...ငါတို့ အစားခံရမှာ ကြောက်လို့ ဒီမှာလာနေကြတာ....ငါတို့ ပတ်၀န်းကျင်က လူတွေကိုပဲ ၀မ်း၀အောင် ခြောက်ကြတာပါ..."

ချန်စဲကျစ် စိတ်ရှုပ်ထွေးနေလေသည်။ သူ ဘာဆက်လုပ်ရမည်မှန်း မသိတော့ပေ။

သူ ဗျူရို၏ သဘာ၀လွန်သတ္တဝါများ အပေါ် သဘောထားကို သိသည်။ ကောင်းသည် ဖြစ်‌စေ ဆိုးသည် ဖြစ်စေ၊ အန္တရာယ်များသည် မများသည်ဖြစ်စေ သူတို့က အားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

အမှန်တွင် သာမာန်ပတ်၀န်းကျင်‌တွင် ခြေဦးတည့်ရာ သွားလာနေသော ဝိညာဉ်များက လူသားများကို အန္တရာယ်မပေးနိုင်ချေ။ ယင်စွမ်းအင် အလွန်များသော နေရာတွင် နေကြသော တစ္ဆေများသာ စွမ်းအားကြီးတစ္ဆေများ ဖြစ်လာနိုင်ကြသည်။ အမြစ်ဖြတ်ချေမှုန်းခြင်းက နောင်‌တွင် ဖြစ်လာမည့်ပြဿနာများကို ရှောင်ရှားရာ ရောက်၏။

သို့သော် ဤဖြစ်စဉ်တွင် ချန်စဲကျစ် အန္တရာယ်မရှိသော ဝိညာဉ်နှစ်ကောင်ကို မြင်လိုက်သောအခါ ကူရာမဲ့စွာ စိတ်ယိမ်းယိုင်သွားလေသည်။

သူ ခေါင်းမော့ပြီး ယဲ့ကျားကို အကူအညီတောင်းရန် ကြည့်လိုက်သည်။

ယဲ့ကျား ပခုံးတွန့်ကာ ပြောလိုက်သည်။

"သူတို့ ကြည့်ရတာ မင်းကို ပြောစရာ ရှိကြပုံပဲ..."

ချန်စဲကျစ်: “…….”

သွားပြီ...အခု‌တော့ ပိုတောင် စိတ်ရှုပ်ရတော့မယ်...

ခြောက်လှန့်ခြင်းဝိညာဉ်လေး ချန်စဲကျစ်ကို လက်ကောက်၀တ်ကို ဖက်တွယ်ကာ ပြောလိုက်သည်။

"ဒါ့အပြင် တစ်ယောက်ယောက်လာတိုင်း ငါတို့ သူ့ကိုခြောက်ပြီး နေမ၀င်ခင် ပြန်လွှတ်ပေးတယ်..."

“ဟုတ်တယ်...ဟုတ်တယ်..."

ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ငါတို့က သူတို့ကို ကာကွယ်ပေးနေတာပါ..."

ယဲ့ကျား ရပ်တန့်သွားသည်။

သူ စကားဝိုင်းကို ပြန်မှတ်မိသွားသည်။

ထိုအချိန်က ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် သူကြားနိုင်မြင်နိုင်မှန်း မသိကြသေးခင် သူတို့ ထိုစကားများကို ပြောခဲ့ကြသေးသည်။

"ငါတို့ သူတို့ကို နေမ၀င်ခင် ပြန်လွှတ်ပေးဖို့ လိုတယ်..."

ယခု ထိုစကားကို ဒုတိယအကြိမ် ကြားရခြင်း ဖြစ်၏။

ယဲ့ကျား မျက်လုံးမှေးစင်းလိုက်ပြီး ရုတ်တရက်မေးလိုက်သည်။

"နေ၀င်ရင်....နေ၀င်ရင် ဘာဖြစ်မှာလဲ..."

ခြောက်လှန့်ခြင်းဝိညာဉ်လေး ပြန်ဖြေလိုက်သည်။

"နေ၀င်ရင် ဗီလာက အသက်၀င်လာမှာ..."

သူ့အမူအရာက အပြစ်ကင်းစင်နေသောကြောင့် ထိုစကားများက ကြောက်စရာပိုကောင်းသွားလေသည်။

အားလုံး၏ ‌နောက်တွင် နေမင်းကြီး တဖြည်းဖြည်း၀င်သွားကာ ကောင်းကင်ကြီးက နက်ပြာရောင်သန်းလာပြီး အလင်းရောင်ဖျော့ဖျော့သာ ကျန်တော့သည်။

ခြောက်လှန့်ခြင်းဝိညာဉ်လေး၏ စကားဆုံးသွားသည်နှင့် အလင်း‌ရောင်များ အားလုံး ဝါးမျိုခံလိုက်ရကာ မှောင်မည်းနေသော ကောင်းကင်ကြီးသာ ကျန်တော့သည်။

ချန်စဲကျစ်၏ နောက်ကျော အေးစိမ့်လာပြီး ‌ဗီလာကို ပြန်လှည့်ကြည့်လိုက်သည်။

မှောင်မိုက်သောညတွင် စွန့်ပစ်ထားသော သုံးထပ်ဗီလာကြီးရှိ မည်းမှောင်နေသော ပြတင်းပေါက်များက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားရစေသည်။ အေးစက်ပြီး ခြောက်ခြားစရာကောင်းသော လေထုက စွန့်ပစ်ဗီလာကြီးကို လွှမ်းခြုံနေပြီး ပေါင်းပင်မြက်ပင်ရှည်များဖြင့် ၀န်းရံထားနေသောကြောင့် အလွန်ကြောက်စရာကောင်းသော မြင်ကွင်းဖြစ်နေလေသည်။

ယဲ့ကျား မျက်လုံးများ မည်းမှောင်သွားသည်။

သူ့ရှေ့မှ ဗီလာကို အနံ့ခံလိုက်သောအခါ နေ့လည်ပိုင်းက အနံ့နှင့် လုံး၀ကွဲထွက်နေလေသည်။

မြို့ထဲတွင် ယင်စွမ်းအင် အများအပြား စုဝေးနေသော နေရာများရှိပြီး ၎င်းတို့က ပတ်၀န်းကျင်မှ ယင်စွမ်းအင်များကို အလိုအလျောက် စုစည်းနေသောကြောင့် ထိုနေရာများက အလွန်ထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျစရာကောင်းလေသည်။ ထိုကဲ့သို့‌သော နေရာများကို ယင်တွင်းဟု ခေါ်၏။

Mမြို့ထဲတွင် ယင်တွင်း သုံးခုရှိပြီး ၎င်းတို့ကို ဗျူရိုက အမြဲစောင့်ကြည့်နေကာ ထိုနေရာကို ရှင်းလင်းရန်အတွက် လူများလွှတ်လေ့ရှိသည်။

ယခုနေရာက အလွန် လူသူကင်းမဲ့ပြီး လူများနှင့်လည်း ဝေးကွာလေသည်။ ထို့အပြင် ညဘက်တွင်သာ လှုပ်ရှားသောကြောင့် ဗျူရိုက ရှာမတွေ့သည်မှာ သဘာ၀ကျပေသည်။

ဤဗီလာကို စွန့်ပစ်ထားသော အချိန်ကာလကို စဉ်းစားကြည့်လျှင် ဤနေရာတွင် ယင်စွမ်းအင် မည်မျှစုနေကြောင်း တွက်ချက်နိုင်ပေသည်။

“ဗီလာက အသက်၀င်လာလိမ့်မယ်..."

ဒါက ချဲ့ကားပြောနေတာ မဟုတ်ဘူး...

ချန်စဲကျစ်၏ အမူအရာ လေးနက်လာလေသည်။

သူ လူငယ်ငါးယောက်ဆီ မြန်မြန်လျှောက်သွားလိုက်ပြီး ခက်ထန်စွာ ပြောလိုက်သည်။

"မင်းတို့ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ...ထွက်မသွားကြသေးဘူးလား..."

နောက်တစ်ခဏတွင် ချန်စဲကျစ် စကားပြော‌နေသည်က ရပ်သွားလေသည်။

ယဲ့ကျား ချန်စဲကျစ် ကြည့်နေသော နေရာကို ကြည့်လိုက်သောအခါ လူငါးယောက်အုပ်စုက လေးယောက်သာ ရှိ‌တော့သည်ကို တွေ့လိုက်ရ၏။

ကွမ်ထျန်းရီ မရှိတော့ဘူး...

ချန်စဲကျစ်၏ အမူအရာ ရုပ်ဆိုးလာလေသည်။ သူ ယောကျာ်း‌လေးတစ်ယောက်ကို အားနှင့်ဆွဲထုတ်လိုက်သောကြောင့် သူ့လက်ချောင်းများ ဖြူဖျော့လာလေသည်။

"ကျန်တဲ့တစ်‌ယောက် ဘယ်မှာလဲ..."

ဆွဲထုတ်ဆုပ်ကိုင် ခံထားရသော ယောကျာ်းလေး နာကျင်နေပြီး ချန်စဲကျစ်၏ အမူအရာကြောင့် ကြောက်ရွံ့နေလေသည်။

"သူ...သူပြန်သွားပြီ..."

ချန်စဲကျစ် စိတ်သက်သာရာရစွာ သက်ပြင်းမချမီမှာပင် အခြားတစ်ယောက်က ပြောလာလေသည်။

"ဟုတ်တယ်...သူပြောတာက သူပိုက်ဆံအများကြီး ပေးထားရတဲ့ သရဲထောက်လှန်းတဲ့ ကိရိယာ အထဲမှာ မတော်တဆကျန်ခဲ့လို့တဲ့...သွားပြန်ယူတယ်..."

ချန်စဲကျစ်၏မျက်နှာမည်းမှောင်သွားပြီး အသက်ပင် မရှူနိုင်တော့ချေ။

သူ လက်လွှတ်ပေးလိုက်ပြီး လူ့လောကကြီးကို စိတ်ကုန်သွားလေသည်။

သူ အထိတ်တလန့်ဖြစ်နေစဉ် သူ့‌နောက်မှ တည်ငြိမ်သော အသံကို ကြားလိုက်ရသည်။

"မင်းသူတို့ကို ကားဆီခေါ်သွားလိုက်..."

ချန်စဲကျစ် လှည့်ကြည့်လိုက်သောအခါ ယဲ့ကျားက သူနှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး သူ့ကို ကြည့်နေလေသည်။

တဖြည်းဖြည်း ထွက်လာသော လရောင်က သူ့မျက်နှာပေါ် ဖြာကျနေပြီး သူ့ပခုံးကို နှင်းသဖွယ်ဖြူဆွတ်စေလေ၏။

ယဲ့ကျား၏ အမူအရာက ထူးကဲစွာ တည်ငြိမ်နေပြီး မည်သည့်အခါမှ မကြောက်ရွံ့တတ်ပုံ ပေါ်လေသည်။

သူ့၏ တောက်ပသော မျက်လုံးတွင် လရောင် ထင်ဟပ်နေပြီး အကြောင်းအချို့ကြောင့် လူများက သူ့အပေါ် ထူးဆန်းသော ယုံကြည်မှု ရှိလာသည်။

ယဲ့ကျား တိုးတိုးပြောလိုက်သည်။

“မင်း ဗျူရိုကို အကြောင်းကြားစရာ မလိုဘူး...ငါ မကြာခင် ပြန်လာခဲ့မယ်..."

ချန်စဲကျစ် အသိစိတ်ပြန်၀င်လာကာ အံကြိတ်လိုက်ပြီး လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။

သူ ဒါက စည်းကမ်းနဲ့ မညီ‌တာကို သိပေမဲ့ အကြောင်းတချို့ကြောင့် ယဲ့ကျားရဲ့ စကားကို သူ ယုံတယ်...မှော်စွမ်းအားတွေရှိနေသလိုပဲ...သူ ယဲ့ကျား ဖြေရှင်းနိုင်မှန်း ယုံကြည်နေတယ်...

ယဲ့ကျား ကွမ်ထျန်းရီ၏ ခြေသံ မကြားရပေ။ သူ မြက်ပင်ရှည်များကြား ပျောက်ကွယ်သွားပုံရ၏။

ယဲ့ကျား မျက်လုံးကို ပင့်ကာ သူ့ရှေ့မှ ဗီလာကို ကြည့်လိုက်သည်။

သူ မျက်လုံးများကို မှေးစင်းလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ အေးစက်ပြီး စိုထိုင်း‌သောလေထုက သူ့ရင်ဘတ်ထဲထိ စိမ့်၀င်လာပြီး သူ့ကို အနည်းငယ် တုန်ရီစေလေသည်။

ယဲ့ကျား အဲ့ဒါကို ခံစားနိုင်တယ်...

သူ့ရှေ့က ဗီလာဆီကနေ အရမ်းဆွဲဆောင်မှု ရှိတဲ့အမွှေးနံ့ ထွက်နေတယ်...

ထိုဆွဲဆောင်မှုရှိသောရနံ့အောက်တွင် သူ့ ခန္ဓာကိုယ်အတွင်းတွင် ငြိမ်သက်နေသော ‌တစ္ဆေစွမ်းအင်များ တဖြည်းဖြည်း ပြန်ကြွလာလေသည်။ သူ့နားထဲတွင် တိုးညှင်းသောလှုံ့ဆော်သံတစ်သံ ကြားလိုက်ရ၏။

"ဗိုက်ဆာတယ်...အရမ်းဗိုက်ဆာတယ်..."

ဗီလာပေါ်ရှိ သူ့အကြည့်များကို ပြန်ရုတ်လိုက်ပြီး ဗီလာထဲသို့ ၀င်သွားလိုက်သည်။


Xxxxx