အပိုင်း ၄၂
Viewers 10k

Chapter 42



ကွမ်ထျန်းရီ ဖုန်းကိုင်ထားပြီး မှောင်မည်းနေသော ဗီလာထဲသို့ တစ်ယောက်တည်း ၀င်သွားသည်။

အပြင်ဘက်ရှိ နက်ပြာရောင် ကောင်းကင်ကြီး တဖြည်းဖြည်း ပျောက်ဆုံးလာကာ နောက်ဆုံးလက်ကျန်နေရောင်ခြည်ကလည်း မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ ဖုန်းမှအလင်းရောင်ကို အားပြုကာ ဂရုတစိုက် ၀င်လိုက်သည်။

အမှောင်ထုထဲရှိ ‌ဗီလာက ယခင်ကနှင့် မတူတော့ချေ။ ဖုန်းကို ကိုင်ကာ တံခါးကို ဖြတ်လိုက်သောအခါ ကွမ်ထျန်းရီ နှလုံးသားက တင်းကြပ်လာလေ၏။

အကြောင်းပြချက် အချို့ကြောင့် သူ့နှလုံးက အလွန်လျင်မြန်စွာ ခုန်နေလေသည်။

သူ့နံရိုးများ နာကျင်လာသည့်အထိ နှလုံးက မရပ်မနား ခုန်နေလေသည်။ တဒိတ်ဒိတ်နှလုံးခုန်သံများကို ကြားနေရပြီး သူ့အတွေးများကို နှောင့်ယှက်နေပေသည်။

သူ့၏ ခြေသံများကို ကော်ဇော်ဟောင်းက စုပ်ယူနေသောကြောင့် သူ့နှလုံးခုန်သံမှအပ မည်သည့် အသံမှ မကြားရပေ။ ယင်းက သူ့ကို အခြားကမ္ဘာသို့ ရောက်နေသည်ဟုပင် ထင်မှတ်ရစေလေ၏။

ပျာယာမခတ်နဲ့...

ကွမ်ထျန်းရီ ဖြည်းညှင်းစွာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အသက်ရှူသံက အနည်းငယ် တုန်ရီနေသည်ကို သတိထားမိလိုက်သည်။

သူ သူ့ကိုယ်သူ တည်ငြိမ်အောင် အားပေးနေလေသည်။

စောစောတုန်းက အတွေ့အကြုံ အရမ်းကြောက်စရာ ကောင်းလွန်းလို့ ကြောက်နေသေးတာ ဖြစ်မယ်...

ဒါပေမဲ့ ဒီနေရာက အသုံးမပြုရသေးတဲ့ လူလုပ်သရဲအိမ်ပဲလေ...

ဘယ်လောက် ကြောက်စရာကောင်းနိုင်မှာ မို့လို့လဲ...

ဒီနေရာက ကိရိယာတွေနဲ့ စက်ယန္တရားတွေ နေရာချထားတာထက် မပိုဘူး...သူက သဘာ၀လွန်ဖြစ်ရပ်တွေကို တင်ဆက်တဲ့ ဆိုရှယ်မီဒီယာ ကြယ်ပွင့်ပဲ...အတွေ့အကြုံရှိတဲ့လူပဲ...နာမည်ကြီးတဲ့ စွန့်ပစ်ဆေးရုံတွေ၊ သရဲခြောက်တဲ့ ရွာတွေတောင် သွားခဲ့တာ...ဒီဟာကို သူ ဘာလို့ ကြောက်ရမှာလဲ...

ကွမ်ထျန်းရီ ကိုယ့်ကိုကိုယ် အားပေးပြီး ဖုန်းကို မြင့်မြင့်မြှောက်လိုက်သည်။

မှိတ်တုတ်မှိတ်တုတ်အလင်းရောင်က ကြမ်းပြင်ပေါ်သို့ ထိုးချနေလေသည်။

ကွမ်ထျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး မရင်းနှီးသော ပတ်၀န်းကျင်တွင် တစ်ခုခုကို ရှာဖွေနေ၏။ ထိုသရဲ‌ထောက်လှမ်းနိုင်သော ကိရိယာကို သူနှင့်ရင်းနှီးသော သူငယ်ချင်းထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

မှောင်ခိုဈေးကွက်နှင့် အဆက်အသွယ်အချို့ရှိသော သူ့သူငယ်ချင်းက တစ်နေ့ သူ့ဆီ လျှို့ဝှက်ဆန်းကြယ်စွာ ရုတ်တရက် ရောက်လာပြီး ထိုကိရိယာက သရဲထောက်လှမ်းနိုင်ပြီး ကြောက်စရာကောင်းလောက်အောင် တိကျသည်ဟုပြောကာ ဥပမာအချို့ ပြောပြလေသည်။

ကွမ်ထျန်းရီ သတိပြန်၀င်လာချိန်၌ ထိုကိရိယာကို ယွမ်၂၄၀၀ပေးကာ ၀ယ်ခဲ့ပြီးဖြစ်သည်။

အခုတော့ သူ လုံး၀ လှည့်စားခံလိုက်ရတာပဲ...ဒီသရဲအိမ်ကို ပြုတောင် မပြုပြင်ရသေးဘူး...

‌ကြောက်စရာကောင်းနေပြီ...အဲ့ကိရိယာကြောင့်သာ မဟုတ်ရင် သူတို့ ဒီလောက် ကြောက်ခဲ့မှာမဟုတ်ဘူး...ပြီးတော့ အဲ့ဒါကို ပိတ်လို့လည်း မရဘူး...ဘယ်ကုမ္ပဏီက ထုတ်ထားလည်းမသိ...စိတ်ကူးပေါက်ရာ လုပ်ထားတာပဲ...ဒါပေမဲ့ ကိစ္စမရှိပါဘူး...သူ သေချာပေါက် လက်စားပြန်ချေမယ်...

ဖုန်းမှ အလင်းရောင်က အကွာအဝေးတစ်ခုထိသာ လင်း‌စေပြီး အလင်းနှင့်အမှောင်ကြား‌ ဝေဝါးသော နယ်နိမိတ်‌ဖြစ်ပေါ်နေလေသည်။ ယင်းကြောင့် အမှောင်ထုထဲတွင် အမည်မသိ အရာတစ်ခု ပုန်းကွယ်နေသည်ဟုပင် ထင်ရသည်။

ကွမ်ထျန်းရီ အကောင့်ထဲမှ သူငယ်ချင်းများကိုမည်သို့ ရှင်းပြရမည်ကို တွေးနေစဉ် ကောင်းကင်ကြီး လုံး၀ မည်းမှောင်သွားပြီး လထွက်လာပြီဖြစ်သည်။

“ပီ...ပီ...ပီ...ပီ...”

ကျယ်လောင်သော အသံတစ်သံ အရှေ့မှ ရုတ်တရက် ထွက်လာသောကြောင့် ကွမ်ထျန်းရီ လန့်ဖျပ်သွားသည်။

သူ ဖုန်းကို မြှောက်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသော သေတ္တာမည်းလေးကို တွေ့လိုက်ရသည်။ လူသူကင်းမဲ့သော ခန်းမထဲတွင် ကိရိယာတစ်ခုသာလှဲလျောင်းနေသည်မှာ ကြောက်စရာကောင်းလေသည်။

အဲ့မှာပဲ...

ကိရိယာကို တွေ့လိုက်သောအခါ ကွမ်ထျန်းရီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ကိရိယာကို ကောက်ယူလိုက်သည်။

သို့သော် ထူးဆန်းစွာဖြင့် သူ ကောက်ကိုင်လိုက်သည့်အခါ အချက်ပေးသံ ရပ်သွားသည်။

ရုတ်တရက် တိတ်ဆိတ်သွား၏။

ကွမ်ထျန်းရီ သူ့နောက်ကျော အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ ပတ်၀န်းကျင်မှ အပူချိန်ကရုတ်တရက် အေးစိမ့်လာပြီး သူ့ အ၀တ်အစားကို ဖြတ်ကာ အရိုးထဲတွင် အပ်ဖြင့် ထိုးဖောက်နေသကဲ့သို့ ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ရှိ မွေးညှင်းများလည်း ထောင်လာလေသည်။

ဒီခံစားချက်က အရမ်းထူးဆန်းတယ်...

သူ့ရှေ့တွင် ထူပိန်းသော အမှောင်ထုသာ ရှိနေပြီး တစ်ခုတည်းသော အလင်းရောင်မှာ သူ့ဖုန်းမှ အလင်းရောင်သာ ဖြစ်သည်။

သူ ပတ်၀န်းကျင်ကို မမြင်ရသော်လည်း ခံစားနိုင်ဆဲ ဖြစ်သည်။ အမှောင်ထုထဲမှ တစ်စုံတစ်ရာက သူ့ထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာလေသည်။

ကွမ်ထျန်းရီ၏ မျက်နှာ တစ္ဆေတစ်ကောင်သဖွယ် ဖြူဖျော့လာလေသည်။ ‌သူ ကြောက်ကြောက်ရွံ့ရွံ့နှင့် တံထွေးမျိုချလိုက်၏။ သူ ရုတ်တရက် အလွန်ထိတ်လန့်သွားသောကြောင့် ခြေတစ်လှမ်း ခက်ခက်ခဲခဲ လှမ်းလိုက်သည်။

သူ့ သူငယ်အိမ်များ တင်းကြပ်လာကာ မျက်တောင်ပင် မခတ်ဝံ့ချေ။

သူ ဖုန်းကို ဖြည်းဖြည်း ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ဖုန်းမှ ဓာတ်မီးရောင်က အရှေ့မှ အမှောင်ထုကို အလင်းထွန်းညှိပေးလိုက်သည်။

“အားးးးးးးးးးးး”

ယဲ့ကျား ခြေလှမ်းများ ရပ်သွားလေသည်။

သူ ဗီလာထဲမှ ဝိုးတဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။ တစ်ဖက်လူက သူနှင့် ခြေလှမ်းတစ်ဒါဇင်လောက်သာ ကွာဝေးကြောင်း သိသာသော်လည်း ထို‌ထိတ်လန့်စရာအော်သံက သူနှင့် မိုင်ပေါင်း တစ်ထောင်လောက် ဝေးသော နေရာမှ ထွက်လာသည်နှင့် တူလေသည်။

သူ့ရှေ့မှ ဗီလာတံခါး ပွင့်နေပြီး ဗီလာထဲ၌ မှောင်ပိန်းနေလေသည်။ ယင်းက သားကောင်အသစ်ကို

စောင့်ဆိုင်းနေသော မကောင်းဆိုးဝါးပါးစပ်နှင့်ပင် တူလေသည်။ ယဲ့ကျား မတုံ့မဆိုင်း အထဲသို့၀င်သွားလိုက်သည်။

ခြေလှမ်းတိုင်းတွင် သူ့ခန္ဓာကိုယ် ပတ်လည်မှ လေထု ပြောင်းလဲနေလေသည်။

ထူထပ်အေးစက်သော တစ္ဆေစွမ်းအင်များ ယဲ့ကျား ပတ်၀န်းကျင်တွင် လှိမ့်တက်လာလေသည်။ သူ တံခါးကို ရောက်သောအခါ လူ၏ ရနံ့ အရိပ်အယောင်ကို မရပေ။

သူ တံခါး၀သို့ ၀င်လိုက်သည်နှင့် လေထုက ကြီးမားသော အပြောင်းအလဲအချို့ ဖြစ်ပေါ်လာလေသည်။ နွေရာသီည၏ ‌နွေးထွေးသော လေထု‌နေရာတွင် အေးစက်မှုန်မှိုင်းသော ယင်စွမ်းအင်က ချက်ချင်း အစားထိုးနေရာယူလိုက်သည်။ သူ့ပတ်၀န်းကျင်ရှိ အမှောင်ထုက အကျွဲအချိများကဲ့သို့ သူ့ကို ၀န်းရံလာလေသည်။

ယဲ့ကျား ဗီလာထဲတွင် အလင်းရောင်ဖျဖျကို မြင်ရသည်။ သူ အမှောင်ထုထဲမှ တတွတ်တွတ်ပြောသံများကိုလည်း ကြားနေရပေသည်။

ယင်းက သက်ရှိများ၏ ဘာသာစကားမဟုတ်ချေ။ သူ သူတို့ ပြောနေသည့် စကားများကို နားမလည်သော်လည်း ယင်းစကားသံများမှ မနာလိုစိတ်များနှင့် လောဘများကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ယဲ့ကျား ခြေလှမ်းများကို မရပ်တန့်ပေ။

မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

ဒီခံစားချက်က ထူးဆန်းတယ်...

သုံးရက်သုံးညလုံး ငတ်နေတဲ့လူတစ်ယောက်ကို စားသောက်စရာတွေ အပြည့်ထည့်ထားတဲ့ ဂူထဲ ပစ်ထည့်လိုက်သလိုပဲ...

ထိုခံစားချက်ကြောင့် ယဲ့ကျား အနည်းငယ် အာရုံပျံ့လွင့်သွားသည်။

သူ့ခန္ဓာကိုယ်‌ပေါ်က ချွေးပေါက်တိုင်း အော်ဟစ်နေကြသလိုပဲ...

ဗိုက်ဆာတယ်....အရမ်းဗိုက်ဆာတယ်...စားချင်တယ်...စားချင်တယ်...

သူတို့ ယင်စွမ်းအင်ကို လောဘတကြီး ဝါးမျိုနေကြပြီး ‌ဝါးမျိုလေလေ ပိုပို လောဘကြီးလာလေလေ ဖြစ်သည်။ သူတို့ မြေဆီလွှာမှ အစိုဓာတ်ကို စုပ်ယူနေသော အပင်များကဲ့သို့ ပတ်၀န်းကျင်မှ ယင်စွမ်းအင်ကို သည်းသည်းမဲမဲ စုပ်ယူနေကြသည်။

ယဲ့ကျား သူ့ခန္ဓာကိုယ်ထဲမှ ယင်စွမ်းအင်ကို ခံစားမိပြီး ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။

သူ့ခန္ဓာကိုယ်က မ‌မောမပန်း ဆက်စားရန် တိုက်တွန်းနေသော်လည်း ယခု အချိန်မကျသေးပေ။

သူ ‌ဆာလောင်မှုကို ဖိနှိပ်ကာ ရှေ့ဆက်လျှောက်သွားလိုက်သည်။

အထဲရှိ ယင်စွမ်းအင်က သူ့ကို ဝါးမျိုလာသော်လည်း သူ့ခန္ဓာကိုယ်မှ တစ္ဆေစွမ်းအင်များ အလွန် ပြင်းထန်သည်ကြောင့် ဖြစ်နိုင်သည်။ ထို ယင်စွမ်းအင်နှင့် ခွန်အားတူတူလောက်ရှိပြီး ဗီလာက သူ့ ဖြစ်တည်မှုကို မငြင်းပယ်ခဲ့ချေ။ ယင်းက သူ့ပိုင်နက်ထဲရောက်လာသော မည်သည့်သားကောင်မဆို ဝါးမျိုသော်လည်း သူ့ကို မတိုက်ခိုက်ခဲ့ပေ။

ယဲ့ကျား ဗီလာထဲသို့ တည်ငြိမ်စွာ ၀င်လိုက်သည်။

သူ ယခု 'ဗီလာက အသက်၀င်လာလိမ့်မယ်'ဟုပြောသော ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်၏စကားကို နားလည်ပြီဖြစ်သည်။

ဤကား သရဲခြောက်သော ဗီလာနှင့်ကွာခြားသည်။

ဗီလာတစ်ခုလုံး ကြီးမားသော သက်ရှိသတ္တဝါကြီး ဖြစ်လာသလို ထင်ရသည်။ အုတ်များ၊ အုတ်ကြွပ်များ ၊ နံရံများ၊ ကြမ်းပြင်များ၊ ပရိဘောဂများနှင့် ဖုန်မှုန့်များပင်လျှင် ကိုယ်ပိုင်အသိဉာဏ်များ ရှိလာပုံရပြီး ယင်စွမ်းအင်၏ သက်ရောက်မှုကြောင့် အချို့ကြောက်စရာကောင်းသောသတ္တဝါများသဖွယ် ဖြစ်လာလေသည်။ ၎င်းတို့က သူတို့ပိုင်နက်ထဲသို့ ရောက်လာသော မည်သူမဆိုကို ရက်စက်စွာ ဝါးမျိုကြမည်ဖြစ်သည်။

သူတို့က မကောင်းဆိုးဝါး၏ အစာအိမ်ထဲတွင် ပေါက်ရောက်နေသော အပင်များကဲ့သို့ ယှဉ်တွဲနေထိုင်နေကြပြီး ပြီးပြည့်စုံသော ဂေဟစနစ်ဖြစ်နေသည်။

ယဲ့ကျား အတွေးများ လမ်းလွဲသွားပြန်သည်။

တကယ်တော့ ဒီနေရာက သူ့ကို ဂိမ်းထဲပြန်ရောက်သွားသလို ခံစားရစေတယ်...

ယင်စွမ်းအင်က ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေ ဖြစ်တဲ့ မကောင်းဆိုးဝါးတွေကို မွေးမြူထားပြီး တစ်ကောင်နဲ့ တစ်ကောင် ပြန်သတ်ခိုင်းတယ်...တစ်ခါတစ်လေ ၀င်လာတဲ့ သားကောင်တွေကို အတူ တိုက်ခိုက်ခိုင်းပြန်ရော...

ဒါပေမဲ့ ကွာခြားချက်က ဂိမ်းထဲက မကောင်းဆိုးဝါးတွေက ပိုကြောက်စရာကောင်းပြီး ပိုရက်စက်ကြတာပဲ...

ယဲ့ကျား အတွေးများကို ပိုတည့်မတ်လိုက်သည်။

အရှေ့တွင် အရိပ်တစ်ခု ကြမ်းပြင်ပေါ်သို့ ပုံကျနေလေသည်။ ကွမ်ထျန်းရီ၏ ခန္ဓာကိုယ်ထဲမှအရိုးများ ထုတ်ခံလိုက်ရသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပျော့ခွေကျနေခြင်းဖြစ်သည်။ သူ့ဖုန်းမျက်နှာပြင်ကလင်းနေဆဲဖြစ်ကာ သရဲထောက်လှမ်းရေး ကိရိယာကလည်း သူ့ဘေးတွင် ရှိနေလေသည်။ ထိုအလင်းရောင်က သူ့၏ ဖြူဖျော့သော မျက်နှာနှင့် တစ်နေရာသို့ လှမ်းကြည့်နေသော သွေးရောင်သန်းနေသည့် မျက်လုံးများကို ပေါ်လွင်စေပေသည်။ သူ စိတ်ဓာတ်ကျနေပြီး အကြောက်တရားများထဲ လုံး၀နစ်မွန်းနေလေသည်။

သူ့ပါးစပ်ကို ဟလိုက်သောအခါ တံထွေးများက နှုတ်ခမ်းထောင့်မှ စီးကျလာပြီး သူ့ခန္ဓာကိုယ်က ဆန့်တငင်ငင်ဖြစ်နေလေသည်။

သာမာန်လူတစ်ယောက်က ယင်တွင်းထဲသို့ မတော်တ‌ဆ၀င်မိလျှင် ကံကောင်းပြီး ယင်းတို့ကိုမမျိုချမိလျှင်ပင် သူတို့အပေါ် သက်ရောက်လာသော အကြောက်တရားများကြောင့် ကုသမရစွာ ရူးသွပ်သွားနိုင်ပေသည်။

ကံကောင်းစွာနှင့် ငါးမိနစ်သာ ကြာသေး၏။

ကွမ်ထျန်းရီ ပြန်လည်ကောင်းမွန်လာရန် အခွင့်အရေး ရှိပေသည်။

ယဲ့ကျား ခါးကိုင်းကာ သူ့၏ အေးစက်စက် လက်ချောင်းများကို တစ်ဖက်လူ၏ နဖူးပေါ် တင်လိုက်သည်။

ထိုအခါ အနက်ရောင်အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး လက်ချောင်းထိပ်တွင် ပြန်လည်ပျောက်ကွယ်သွားလေသည်။

နောက်တစ်ခဏတွင် ကွမ်ထျန်းရီ၏ ပုံပျက်ပန်းပျက် နာကျင်နေသော အမူအရာ တည်ငြိမ်သွားပြီး မျက်လုံးများ မိန်းမောနေသေးသော်လည်း မျက်လွှာက တဖြည်းဖြည်းချလာ‌‌လေသည်။ ဆန့်တငင်ငင်ဖြစ်နေသော ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း တည်ငြိမ်လာပြီး အသက်ရှုသံ ငြိမ်သက်လာလေသည်။

ထိုအချိန်တွင် ဗီလာတစ်ခုလုံး စတင်လှုပ်ခါလာ၏။

သူတို့ လွှတ်ပေးလိုက်သော ကျူးကျော်သူက သူတို့အစာကို လုယူသွားကြောင်း သတိပြုမိပုံရ၏။

ခွင့်မလွှတ်နိုင်ဘူး...

ပတ်၀န်းကျင်ရှိ အမှောင်ထု ရေများ ဆူပွက်သကဲ့သို့ ပွက်ပွက်ဆူလာပြီး ခန်းမအလယ်တွင် ရပ်နေသော လူငယ်လေးဆီ တိုး၀င်လာလေသည်။

ဒါက သောင်းနဲ့ချီတဲ့ ပိုးကောင်တွေ သူ့ဆီ စူးစူးရှရှ အော်ဟစ်ပြီး ပြေးလာသလိုပဲ...

ကြမ်းပြင်ပေါ်ရှိ ဖုန်းမှ မှိန်ဖျဖျ အလင်းရောင်ပိတ်ချသွားပြီး အမှောင်ထုက ချက်ချင်းဖုံးလွှမ်းသွားသည်။

လူငယ်လေး၏ ဖြူဖျော့ဖျော့မျက်နှာကို အမှောင်ထုက လွှမ်းခြုံထားလေသည်။

ယခု ဗီလာထဲတွင် ကျန်ရှိနေသည်မှာ ‌ဒေါသတကြီး ဟိန်းဟောက်သံ၊ ကြမ်းပြင်တုန်ခါနေသံ၊လှေကားထစ်များ တကျွိကျွိမြည်သံ၊ ဖုန်တက်နေသော ပရိဘောဂများ ပွတ်တိုက်‌နေသံများ ဖြစ်သည်။

ရုတ်တရက် တောက်ပနေသော အလင်းတန်းတစ်ခုက အမှောင်ထုကို ထိုးဖောက်လိုက်သည်။

ထိုအလင်းတန်းက သိပ်သည်းနေသော ယင်စွမ်းအင်ကို ဖြတ်တောက်လိုက်ပြီး‌နောက် ကြမ်းပြင်ပေါ်ရှိ ဖုန်း တစ်ဖန် ပြန်လင်းလာလေသည်။ ၎င်းဖုန်းအလင်းရောင်က အနည်းဆုံး ဗီလာထဲရှိ သေးငယ်သော ဧရိယာလေးကို အ‌လင်းပေးနိုင်သည်။

ယဲ့ကျား ‌နောက်ဆုံးတွင် ပတ်၀န်းကျင်အခြေအနေကို ကောင်းကောင်းမြင်ရပြီဖြစ်သည်။

အမှောင်ထုက ဟာရီကိန်းမုန်တိုင်းကဲ့သို့ ခန်းမ၏အလယ်သို့ တဟုန်ထိုး တိုး၀င်လာလေသည်။ ၎င်းတို့၏ လမ်းကြောင်းရှိ အတားအဆီးမှန်သမျှကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အမှောင်ဟာရီကိန်းမုန်တိုင်း၏ အလယ်တွင် လူငယ်တစ်ဦးရှိနေလေသည်။

သူက ပင်လယ်ပြင်အလယ်မှ မီးပြတိုက်ကဲ့သို့တည်ငြိမ်စွာ ရပ်နေလေသည်။

လေနှင့် မိုး မည်မျှပင် ကြမ်းတမ်းပါစေ မတုန်လှုပ်သော မီးပြတိုက်ကဲ့သို့ပင်ဖြစ်သည်။

သူ့လက်ထဲတွင် လခြမ်းသက္ဍာန် တံစဉ်းကို ကိုင်ထားပြီး ၎င်းက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ရွေ့လျားသွားကာ ယင်စွမ်းအင်ကို တိကျစွာ ပိုင်းဖြတ်လိုက်လေသည်။

ဖြတ်တောက်ခံလိုက်ရသော ယင်စွမ်းအင်များက အစာဝါးမျိုနေသကဲ့သို့ လူငယ်လေး၏ ခန္ဓာကိုယ်ကို စုပ်ယူနေကြလေသည်။

ယဲ့ကျား မျက်လုံးကို မှေးစင်းလိုက်သည်။

ကြမ်းပြင်ပေါ်မှ အလင်းရောင်က သူ့၏ လှပသွယ်လျသော မေးရိုးနှင့် ဖြူဖျော့သော ပါးပြင်ကို အလင်းပေးနေလေသည်။

မျက်တောင်ထူများအောက်မှ ပယင်းရောင် မျက်လုံးများ တဖြည်းဖြည်း နက်မှောင်လာလေသည်။ယင်းက မှင်နက်တစ်စက် ကျသွားသကဲ့သို့ ဖြစ်ကာ အမှောင်ထုက သူ့မျက်လုံးထဲတွင် ရေဝဲသဖွယ် လှည့်ပတ်ပြည့်နှက်လာလေသည်။

အချိန်ကြာနေပြီ...သူ မ၀သေးဘူး...

သူ လူ့လောကထဲ ပြန်လာကတည်းက သူ့၏ဆာလောင်မှုကို ဂရုတစိုက် ထိန်းချုပ်ခဲ့သည်။

သူ အရမ်းမစားသင့်ပါဘူးလေ...

ယဲ့ကျား အတွင်းစိတ်တွင် ရုန်းကန်နေရလေ၏။ တံစဉ်းကိုင်ထားသော သူ့လက်ချောင်းများက စိတ်ကို ထိန်းချုပ်ထားရသောကြောင့် ဖြူဖျော့နေပြီဖြစ်သည်။

သူ အများကြီး မစားသင့်ဘူး...

သူ့လက်နက်က သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူ မတားဆီးသရွေ့ ပြိုင်ဘက်၏ စွမ်းအားကို စားမည်ဖြစ်သည်။

များများစားလေ ပိုသန်မာလာလေ...များများစားလေ လူသားဖြစ်ဖို့ ခက်ခဲလာလေလေပဲ...

ယဲ့ကျား တစ်ကြိမ်ကြုံဖူးသည်။ ထိုစဉ်က သူ အငမ်းမရစားခဲ့သော်လည်း အကန့်အသတ် မရောက်ခဲ့ပေ။ သူ့ခန္ဓာကိုယ်က ဘယ်သောအခါမှ မပြည့်နိုင်သည့် တွင်းသဖွယ် ထင်ရလေသည်။

သူ ဒါကို မစမ်းသပ်ချင်ဘူး...

ဗိုက်‌ပြည့်အောင် စားလိုက်ရင် သူ ဘယ်လို မကောင်းဆိုးဝါး ဖြစ်လာမလဲ မသိဘူး...

ယဲ့ကျား တုန်ရီစွာ အသက်ပြင်းပြင်းရှူလိုက်၏။ သူ့မျက်လုံးထဲရှိ ရေဝဲကို ပြင်းထန်စွာ ဖိနှိပ်ထားလိုက်သည်။

သူ ခါးကိုင်းကာ ကြမ်းပြင်ပေါ်မှ သရဲထောက်လှမ်းရေး ကိရိယာကို ကောက်လိုက်ပြီး ကျန်လက်တစ်ဖက်က ကွမ်ထျန်းရီကော်လံကို ဆုပ်ကိုင်လိုက်ကာ တရွတ်တိုက် ဆွဲလိုက်သည်။

ကွမ်ထျန်းရီက အလွန်ပေါ့ပါးနေလေသည်။ ဗီလာက သူတို့ကို တားရန် ကြိုးစား‌လိုက်သော်လည်းသူ့စွမ်းအားက သိသိသာသာ အားနည်းသွား‌လေသည်။ သူ့တိုက်ခိုက်မှုက ယဲ့ကျားကို ထိခိုက်စေမည့်အစား အစာကျွေးနေသည်နှင့် တူလေသည်။

ပထမဆုံးအကြိမ် ဤယင်တွင်းမှ ယင်စွမ်းအင်များ လျင်မြန်စွာ ကျဆင်းသွားသည်။

သတ္တုတံခါးအပြင်၌...

ချန်စဲကျစ် လေးယောက်လုံးကို အနောက်ခန်းထဲသို့ ဖိညစ်ထည့်ပြီးနောက် ဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေလေသည်။ ယခင်ကတည်းက ကျပ်ကြပ်နေသော ကားမှာ ယခု ပိုမို ကျပ်ညပ်နေပြီဖြစ်သည်။

သူ နာရီကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး မိနစ်လက်တံကို အနည်းငယ်ရွှေ့ လိုက်သည်။

ဒီလေးယောက်ကို အဝေးကို ခေါ်သွားဖို့က အရမ်းလွယ်တယ်...

သူတို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးက ကွမ်ထျန်းရီဖြစ်ပြီး ထွက်ပြေးပြီး‌နောက် ရပ်နေရဲကြသည့်အကြောင်းမှာလည်း ကွမ်ထျန်းရီ၏ တည်ရှိမှုကြောင့် ဖြစ်သည်။

တကယ်တော့ သူတို့ ‌တစ်နေ့လုံး ထိတ်လန့်နေရတာကြောင့် ပင်ပန်းပြီး ဗိုက်ဆာနေကြပြီ...

ဒီဗီလာက တကယ်ပဲ သရဲခြောက်တာပဲဖြစ်ဖြစ်၊လူလုပ်တာပဲ ဖြစ်ဖြစ် ဒီလိုကြောက်စရာကောင်းတဲ့နေရာမှာ ညဘက်ဆက်မနေချင်‌တော့ဘူး...

ချန်စဲကျစ်က သူတို့ကို ကားပေါ်အရင်တက်ခိုင်းပြီး သူ့လုပ်ဖော်ကိုင်ဖက်က သူတို့ သူငယ်ချင်းကို သွားကယ်မည့် အကြံပြုချက်ကို သူတို့ မတုံ့မဆိုင်း သဘောတူခဲ့တယ်...

ဒါ‌ပေမဲ့ အချိန်အချို့ကြာပြီးနောက် လူငယ်လေးယောက် တစ်ခုခု မူမမှန်ကြောင်း သတိထားမိလာလေသည်။

နောက်ခုံမှ ဟဲလျန်း တွန့်ဆုတ်စွာ ‌မေးလိုက်သည်။

"ဘယ်...ဘယ်တော့ပြန်မှာလဲ...”

“ခဏ‌‌နေရင်...”

ချန်စဲကျစ် ယောင်ဝါးဝါး ပြန်ဖြေလိုက်သည်။

သို့သော်လည်း သူ အထဲမှအခြေအနေကို သေချာ မသိပေ။

သူ့ဖုန်းကို ဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးမှ ချွေးစေးများက ဖုန်းမျက်နှာပြင်ကိုပင် စွန်းထင်းစေလေသည်။

ချန်စဲကျစ် စိတ် အလွန်ရှုပ်ထွေးနေလေသည်။

သူ ယဲ့ကျားကို မသိစိတ်က ယုံကြည်နေသော်လည်း ယဲ့ကျားထွက်သွားပြီးနောက် သံသယအချို့ ဖြစ်ပေါ်လာလေသည်။

သူ အသက်၀င်လာတဲ့ ဗီလာကြီးက ဘယ်လောက် အစွမ်းထက်လဲ မသိဘူး...အရမ်းအစွမ်းထက်နေပြီး ယဲ့ကျား တွက်ချက်မှုက မှားယွင်းသွားရင် သူ အထက်လူကြီးကို ချက်ချင်း အကြောင်း မကြားမိတဲ့အတွက် သူ့သူငယ်ချင်း ဒုက္ခရောက်လာမှာလား...


Xxxxxxx