အပိုင်း ၄၃
Viewers 10k

Chapter 43



ချန်စဲကျစ် ပခုံး‌ပေါ်တွင်ထိုင်နေသော ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့...”

ချန်စဲကျစ် ထိတ်လန့်သွားကာ နောက်ကြည့်မှန်မှ တစ်ဆင့် အနောက်ခန်းတွင် ထိုင်နေသော လူလေးယောက်ကို ကြည့်လိုက်ပြီး တိုးတိုးမေးလိုက်သည်။

"ဘာလို့ အဲ့လိုပြောတာလဲ..."

“ဒါက သိသာပါတယ်...”

ခြောက်လှန့်ခြင်းဝိညာဉ်လေး လေထဲတွင် လွင့်မျောလာပြီး ချန်စဲကျစ်၏ ကျန်ပခုံးတစ်ဖက်ပေါ် ထိုင်လိုက်ကာ ပြောလိုက်သည်။

“ရုပ်‌ချောတဲ့ကောင်လေး‌တွေက အမြဲတမ်း အဆင်ပြေတယ်လေ..."

ချန်စဲကျစ် : “……..”

ဒီလိုစကားကို ကြားရတာ ဘာလို့ သူ အဆင်မပြေသလို ခံစားနေရတာလဲ...

ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ချန်စဲကျစ်၏ နား နားကပ်ကာ တိုးတိုးပြောလိုက်သည်။

"ငါ ဒီရုပ်ချောတဲ့ကောင်လေးက အရမ်းသန်မာတာကို ခံစားနိုင်တယ်..."

ခြောက်လှန့်ခြင်းဝိညာဉ်လေး တက်ကြွစွာ ခေါင်းငြိမ့်လိုက်သည်။

"အင်း...အဲ့ဒါမှန်တယ်..."

ချန်စဲကျစ် အံ့ဩသွားသည်။

သူ မသိစိတ်အရ အကွာအဝေးရှိ ဗီလာကို လှည့်ကြည့်လိုက်သည်။

အမှောင်ထုထဲတွင် ဗီလာကြီးက မြက်ပင်ရှည်များ ၀န်းရံနေပြီး မည်းမှောင်နေသော ခေါင်မိုးကိုသာ မြင်နိုင်‌ပေသည်။ မြင်ရသည့် မြင်ကွင်းက အလွန်ခြောက်ခြားစရာကောင်း၏။

အရမ်းသန်မာတာလား...

ချန်စဲကျစ် အနည်းငယ် အံ့ဩသွားသည်။

သူ့လုပ်ဖော်ကိုင်ဖက်က အရမ်းလျှို့ဝှက်ဆန်းကြကြယ်ပြီး တစ္ဆေသရဲတွေကို မြင်နိုင်တာ သိပေမဲ့အရမ်းသန်မာတာလား...

ငါးဆားနယ်လို အမြဲပျင်းနေတဲ့ ယဲ့ကျားနဲ့ ‌ဆက်ဆံဖို့ အခက်အခဲတွေ ရှိခဲ့‌ပေမဲ့ အချိန်အကြာကြီးဆက်ဆံပြီးတဲ့နောက်မှာ သူတို့နှစ်ယောက် အံ့၀င်ခွင်ကျ ဖြစ်ပြီလို့ထင်ခဲ့တာ...သန်မာရင် ဘာလို့ တိုက်ခိုက်ရေးဌာနခွဲကို မဝင်တာလဲ...

ချန်စဲကျစ်၏ ဦးနှောက်ဆဲလ်များအားလုံးကို အသုံးချလျှင်ပင် အဖြေမှန်ကို မရရှိပေ။

လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရတဲ့ လုပ်ဖော်ကိုင်ဖက်က သူနဲ့ ပိုဝေးကွာသလို ခံစားရတယ်...

သူ အတွေးထဲ နစ်မောနေခိုက်တွင် သတ္တုတံခါးဆီမှ အသံအချို့ ကြားလိုက်ရသည်။

ထို့နောက် မသဲကွဲသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။

အဲ့ပုံရိပ်က လူတစ်ယောက်ကို တရွတ်တိုက်ဆွဲလာသလိုပဲ...

ချန်စဲကျစ် ပို၍ ရှင်းရှင်းလင်းလင်း မြင်ရရန် မျက်လုံးမှေးပြီး ကြည့်လိုက်သည်။ သူ ထိုပုံရိပ်ကို တဖြည်းဖြည်း သဲကွဲစွာ မြင်လာသညါ။

ထူပိန်းနေသော အမှောင်ထုကို ကျောခိုင်းထားသော လူငယ်လေး၏ အမူအရာက တည်ငြိမ်နေဆဲ၊ မယိမ်းယိုင်ဆဲ ဖြစ်လေသည်။ သူ့ မျက်လုံးများက အောက်ကို ကြည့်နေပြီး မြက်ခင်းရှည်များကြားမှ သတိလစ်နေသော လူတစ်ယောက်ကို တရွတ်တိုက်‌ဆွဲခေါ်လာသည်။

နောက်ခုံတွင် ထိုင်နေသော ဟဲလျန်း အလွန်အံ့ဩသွားသည်။

"မြတ်စွာဘုရား..."

သူ ကားတံခါးကို အလောတကြီး ဖွင့်လိုက်ပြီး အပြင်ဘက်သို့ တဟုန်ထိုးပြေးထွက်သွားသည်။ အခြားလူများ သူ့နောက်မှ လိုက်သွားကြလေသည်။

ယဲ့ကျား သတိလစ်နေသော ကွမ်ထျန်းရီကို လွှတ်ချလိုက်သောအခါ ခန္ဓာကိုယ်က ချက်ချင်း မြေပြင်ပေါ်သို့ ပြိုလဲသွားလေသည်။ အခြားလူငယ်လေးယောက် မြေပြင်ပေါ်မှ သူတို့အဖော်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

“သူ ဘာဖြစ်သွားတာလဲ...”

ယောကျာ်းလေးတစ်ယောက် ကြောက်ရွံ့စွာ မေးလိုက်သည်။

“ဗီလာထဲက စက်ယန္တရားတွေ မပိတ်‌သေးလို့ကြောက်လန့်ပြီး သတိလစ်သွားတာ..."

ယဲ့ကျား ပေါ့ပါးစွာ အဖြေပြန်ပေးလိုက်သည်။

လူများ : “………

ထိုအချိန်တွင် ဆံပင်တိုနှင့် မိန်းကလေး နှာခေါင်းပိတ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘာအနံ့ကြီးလဲ..."

လူတိုင်း ထိတ်လန့်သွားပြီး အနံ့ရရာဆီသို့ ကြည့်လိုက်သည်။

ကွမ်ထျန်းရီ စိုစွတ်နေလေသည်။

အားလုံး၏ မျက်နှာပေါ်တွင် ကိုးရိုးကားယားနိုင်သော အမူအရာများ ပေါ်လာ၏။

ထိုအချိန်တွင် ချန်စဲကျစ် ကားပေါ်မှ အလောတကြီး ဆင်းလာလေသည်။ သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းနေသေးခင် ယဲ့ကျားက သူ့ဘက် လှည့်လာပြီး တည်ငြိမ်စွာ ပြောလသည်။

"အရေးပေါ်ကားခေါ်လိုက်..."

ယဲ့ကျား၏ မက်လုံးများ ညတွင် နက်မှောင်နေပုံရပြီး ယခင်ကနှင့် အနည်းငယ် ကွာခြားနေသလို ခံစားနေရသည်။

ချန်စဲကျစ် ခဏလောက် ကြက်သေသေသွားပြီး နောက်ဆုံးတွင် သတိပြန်၀င်လာကာ ဖုန်းကို ထုတ်လိုက်ပြီး ရင်းနှီးနေသော နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

သူ အခြေအနေကို အကြောင်းကြားကာ လိပ်စာပေးပြီးနောက် မသိစိတ်က ယဲ့ကျားကို ကြည့်လိုက်မိသည်။

ယဲ့ကျားက ယခုချိန်တွင် သူ့ထံရောက်နေသော အကြည့်များကို ရုတ်သိမ်းပြီးဖြစ်ကာ လက်ထဲမှကိရိယာမည်းလေးကို ငုံ့ကြည့်နေလေသည်။

ချန်စဲကျစ် ခေါင်းကုတ်လိုက်သည်။

အကြောင်းတချို့ကြောင့် တစ်ဖက်လူက နည်းနည်းကြောက်စရာကောင်းတယ်လို့ ခံစားနေရတယ်...

သူ ဗျူရိုနှင့် ပူးပေါင်းဆောင်ရွက်နေသော ဆေးရုံကို ဖုန်းခေါ်ခဲ့ခြင်းဖြစ်ပြီး သူတို့တွင် ဗျူရိုရှိ ၀န်ထမ်းများအတွက် အထူးသီးသန့်လိုင်းတစ်လိုင်းရှိပြီး ဗျူရိုမှ ၀န်ထမ်းများအပြင် သဘာ၀လွန် ဖြစ်ရပ်များ၏ သက်ရောက်ခြင်း ခံထားရသော သာမာန်လူများကိုလည်း ကုသပေးလေသည်။

ဒီလိုကိစ္စတွေနဲ့ ပတ်သတ်ပြီး သူတို့က ကောင်းကောင်း ကိုင်တွယ်နိုင်တယ်...

သူတို့၏ လက်ရှိတည်နေရာက Mမြို့နှင့် အလွန်ဝေးကွာပြီး ဆေးရုံက မြို့ပြင်နားတွင် ရှိနေလျှင်ပင် အရေးပေါ်ကား ရောက်ရှိရန် အနည်းဆုံး နာရီ၀က်လောက် ကြာမည်ဖြစ်သည်။

ဆေးရုံက ဤအကြောင်းကို ဗျူရိုထံ အကြောင်းကြားလိုက်သည်။

အရေးပေါ်ကားနောက်တွင် အနက်ရောင်ကားများစွာ ပါလာပြီး ကားထဲတွင် ဗျူရိုရှိ ၀န်ထမ်းများပါလာကြသည်။

‌နာရီ၀က်အတွင်းမှာပင် စွန့်ပစ်ဗီလာ ၀င်ပေါက်၌ သက်၀င်လှုပ်ရှားလာကြလေသည်။

ဆေးရုံ အရေးပေါ်ကားနှင့် ဗျူရိုရှိ ၀န်ထမ်းများအပြင် အနီးအနားတွင် နေထိုင်သူများကလည်းလည်ပင်းများ ဆန့်လျက် စပ်စုနေကြသည်။

ချန်စဲကျစ် အနည်းငယ် စိုးရိမ်နေသည်။

သူ ဤဗီလာအပေါ် ခံစားချက် မရှိသော်လည်း အန္တရာယ်မပေးနိုင်သော တစ္ဆေသရဲများအပေါ် ဗျူရို၏ သဘောထားနှင့် ပတ်သတ်ပြီး စိုးရိမ်နေခြင်းဖြစ်သည်။

ချန်စဲကျစ် ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်ကို သူ့နောက်တွင် ဝှက်ထားလိုက်သည်။

ကျောက်သုန် ကားပေါ်မှ ဆင်းလာပြီး ယဲ့ကျားနှင့် ချန်စဲကျစ်ထံ ‌တည့်တည့်လျှောက်လာသည်။

သူ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများ သယ်ထားသော ထမ်းစင်ပေါ်မှ ကွမ်ထျန်းရီကို ကြည့်ကာ ကရုဏာသက်စွာ သက်ပြင်းချလိုက်သည်။

"သနားစရာပဲ...ပြန်ကောင်းဖို့ အချိန်ကြာလောက်တယ်..."

ချန်စဲကျစ် လည်ချောင်းကို ရှင်းကာ ကိုးရိုးကားယားနိုင်စွာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အို...ဟုတ်သား...ဒီသရဲခြောက်တဲ့ အိမ်နဲ့ပတ်သတ်ပြီး အစီအစဉ်က ဘယ်လိုလဲ..."

“အင်း...ငါတို့ တိုက်ခိုက်ရေး၀န်ထမ်းတွေ ပို့ပြီး ရှင်းလင်းခိုင်းရမှာ‌ပဲ...ဒါပေမဲ့ ဒီတစ်ကြိမ်က
ပိုရှုပ်ထွေးနေမှာကို ငါစိုးရိမ်တယ်..."

ကျောက်သုန် ပခုံးတွန့်ကာ ပြောလိုက်သည်။

“ဘာကို ဆိုလိုတာလဲ...”

“ဒီနေရာက ပုဂ္ဂလိကနယ်မြေလေ...ငါတို့ လူတွေ မလွှတ်ခင် ပိုင်ရှင်နဲ့ အရင်ဆက်သွယ်ရမှာ..."

“ဒီ‌နေရာက တကယ်ကြီး ပိုင်ရှင်ရှိတာလား..."

ချန်စဲကျစ် အနည်းငယ် အံ့ဩသွားသည်။

"သူတို့နဲ့ ဆက်သွယ်ပြီးပြီလား..."

သူ ဤနေရာကို မူလက စွန့်ပစ်ထားသော နေရာတစ်ခုဟု ထင်ခဲ့ပြီး ပိုင်ရှင်က ဤနေရာကို မေ့နေပြီဟုပင် ထင်ခဲ့သည်။

ဘာဖြစ်လို့ လာ‌မနေလဲ ရှင်းပြဖို့တော့ လိုပြီ...

“အင်း...စာရွက်စာတမ်းတွေ ပြင်ဆင်ပြီးတာ လ၀က်လောက်ရှိပြီ..."

ခဏနေပါဦး...ဒီလိုနေရာကို တကယ် ၀ယ်တဲ့လူရှိတယ်ပေါ့...

ချန်စဲကျစ် ပိုအံ့ဩသွားသည်။

အဲ့လူ အလိမ်ခံရတာလား...

ကျောက်သုန် လက်ပတ်နာရီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ပိုင်ရှင်က ဒီနေရာကို လာတော့မယ်...ငါတို့..."

စကားမဆုံးမီတွင် လမ်းထိပ်မှ အင်ဂျင်သံတစ်သံ ထွက်လာပြီး ရှေ့မီးရောင်က အမှောင်ညကို ဖြတ်တောက်လိုက်သည်။

ပြိုင်ကားတစ်စီး သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။ ချန်စဲကျစ် ထိုကားကို သတိထားမိလိုက်သည်။

ဒီလိုကားမျိုးကို သူ နှစ်တစ်ရာလောက် မအိပ်ဘဲ အလုပ်လုပ်ရင်တောင် မ၀ယ်နိုင်ဘူး...

သူ ကူရာမဲ့စွာ ကားကို မနာလိုအကြည့် ကြည့်မိနေလေသည်။

ကားတံခါး ပွင့်လာပြီး ‌အမျိုးသားတစ်ယောက် ဆင်းလာသည်။

ရိုးရှင်းတဲ့ ရှပ်အင်္ကျီအဖြူ ၊ အနက်ရောင် ဘောင်းဘီရှည်၊ ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်၊ ဖြူဖွေးနေတဲ့ အသားအရေ နဲ့ မဟူရာ မျက်လုံး....ဒီလူက ထိပ်တန်းရုပ်ရှည်ရှိတာပဲ...

ဝိုးးးးး

ချန်စဲကျစ် ထိုအခိုက်အတန့်တွင် ခြောက်လှန့်ခြင်းဝိညာဉ်များ၏ လွှမ်းမိုးမှု ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့အတွင်းစိတ်၌ ကူရာမဲ့စွာ ချီးမွမ်းနေမိသည်။

ထိပ်တန်းအဆင့် လူချောလေးပဲ...

သူတို့ ထိုကဲ့သို့သော ပုံစံကို ကြိုက်လားဟု ဟာသလုပ်ရန်အတွက် သူ့နောက်မှ ခြောက်လှန့်ခြင်းဝိညာဉ်များကို လှည့်ကြည့်လိုက်သည်။

သို့သော် နောက်လှည့်ကြည့်‌လိုက်သည့် အခိုက်အတန့်တွင် ချန်စဲကျစ် ကူရာမဲ့စွာထိတ်လန့်သွား၏။

သူ့နောက်မှာ အလွတ်ကြီး...

ဟမ်...

ကောင်‌ချောလေးတွေကိုမြင်ရင် ထိန်းမရသိမ်းမရ ဖြစ်နေတဲ့ ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် ဘယ်မှာလဲ...

ယဲ့ကျား ခေါင်းကို ငုံ့ကာ သူ့လက်ထဲမှ သရဲထောက်လှမ်းရေးကိရိယာကို စစ်ဆေးနေသည်။

သူ့၏ ထင်မြင်ချက် မမှားပေ။ ဤကိရိယာက တကယ် ဂိမ်းထဲမှ ကိရိယာဖြစ်သည်။

ဗီလာထဲတွင် အလွန်အကျွံစားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက် မပျောက်ကွယ်သေးပေ။ သူ ယခုထိ ဆာလောင်နေဆဲဖြစ်ပြီး သူ့နောက်မှ ယင်တွင်းက သူ့ကို အလွန် ဆွဲဆောင်နေလေသည်။ ဗီလာအတွင်း အမှောင်ထုထဲမှ တစ်စုံတစ်ရာက သူ့ကို ခေါ်နေသကဲ့သို့ ခံစားနေရသည်။

ယဲ့ကျားတွင် အာရုံပြောင်းကာ သူ့၏ ထိုနေရာသို့ တစ်ဖန် ပြန်သွားချင်နေသည့် ဆန္ဒကို ထိန်းချုပ်ရန်မှ လွဲ၍ ရွေးချယ်စရာ မရှိပေ။

ရုတ်တရက် ပိုသန်မာသော တည်ရှိမှုတစ်ခု သူ့ထံ ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။

ယင်တွင်းနှင့် ထိုတည်ရှိမှုကို နှိုင်းယှဉ်ကြည့်လျှင် ယင်တွင်းက မမွှေးတော့ချေ။

သူ့အာရုံ ချက်ချင်းပြောင်းသွားလေသည်။

ယဲ့ကျား၏ လက်ချောင်းများ တောင့်တင်းလာကာ အာခေါင် ခြောက်လာလေသည်။

သူ ခေါင်းကိုမော့ကာ မသိစိတ်အရ အနံ့ထွက်‌ပေါ်နေ‌သော နေရာသို့ ကြည့်လိုက်သည်။

ပြိုင်ကားတစ်စီး လူတိုင်းနှင့် မလှမ်းမကမ်းတွင် ရပ်လာလေသည်။

ယဲ့ကျား ရုတ်တရက် ခံစားချက် မကောင်းတော့ပေ။

ကားတံခါးပွင့်လာသည်။

ခံစားချက်က ပိုပြီး‌ မကောင်းတော့ဘူး...

ယဲ့ကျား : “……….”

သူ့ကို ဒီလို မလုပ်ပါနဲ့...

သူ့ရဲ့ လူသားအနံ့ကို ဖုံးကွယ်ဖို့ အချိန်အလုံအလောက်ရှိပြီး အခုမှ ယင်စွမ်းအင်တွေ ပြည့်နေတဲ့ ဗီလာထဲက ထွက်လာလို့ ဖုံးကွယ်ဖို့ မခက်ခဲဘူး...

ဒါပေမဲ့ သူ ထွက်ပြေးဖို့ နောက်ကျသွားလိမ့်မယ်..

အထူးသဖြင့် တစ်ဖက်လူက ဒီဘက်ကို လျှောက်လာတဲ့ အချိန်မှာပေါ့...

‌ထိုအ‌မျိုးသား၏ မဟူရာမျက်လုံးက အနည်းငယ် မှေးစင်းနေပြီး ပတ်၀န်းကျင်မှ လူများအားလုံးကို စစ်ဆေးပြီးနောက် အကြည့်ပြန်ရုတ်လိုက်သည်။

သူ လက်ဆန့်ကာ ပြောလိုက်သည်။

"ကျီရွှမ်..."

“‌ ကျောက်သုန်ပါ...”

ကျောက်သုန် သတိလက်လွတ် လက်ကိုဆန့်လိုက်ပြီး တစ်ဖက်လူ၏ လက်ကို စိတ်အားထက်သန်စွာ လှုပ်ယမ်းကာ ပြောလိုက်သည်။

"ဟဲလို...ဟဲလို...မင်းက ဒီနေရာရဲ့ ပိုင်ရှင်လား..."

ကျီရွှမ် : "ဟုတ်ကဲ့...”

ချန်စဲကျစ်လည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ချန်စဲကျစ်ပါ...မင်္ဂလာပါ..."

ယဲ့ကျား : “……….”

သူ့အမြင်အာရုံ မည်းမှောင်သွားသည်။

ထိုအမျိုးသား၏မျက်လုံးက အနည်းငယ် ပြောင်းလဲသွားကာ နှုတ်ခမ်းကို တွန့်လိုက်ပြီး သူ့အသံကအဓိပ္ပာယ် ပြည့်၀နေလေသည်။

"မင်္ဂလာပါ..."

သူ တစ်နေ့ ဒီလို ဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ချန်စဲကျစ်နာမည်ကို သုံးပြီး လိမ်ခဲ့မှာ မဟုတ်ဘူး...

သူ့ရှေ့မှာ အခြေအနေကြောင့် မူးဝေနေစဉ် ကျီရွှမ်၏ အကြည့်က သူ့အပေါ် ကျဆင်းလာလေသည်။

သူ့မျက်လုံးကို စိုက်ကာ ကြည့်နေသောကြောင့် သူ့၏ မဟူရာမျက်လုံးက အနက်ရောင် ချောက်နက်ကြီး သဖွယ် ထင်ရသည်။

“ဒီဘက်က‌ရော...”

ယဲ့ကျား လက်ရှိ လူသုံးယောက်တွင် သူပဲ မိတ်မဆက်ရသေးကြောင်း သိလိုက်သည်။

ကျီရွှမ်၏ လက်ချောင်းများက ဖြူဖျော့ သေးသွယ်ကာ သူ့၏ လက်ဆစ်များက အလွန်လှပပေသည်။

သူ့လက်ကို ယဲ့ကျားရှေ့သို့ ဆန့်လိုက်သည်။

ယဲ့ကျား တစ်ဖက်လူ၏ လက်ကို ‌‌တောင့်တင်းနေသော ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“ယဲ့ကျား...”

ကျီရွှမ်၏ လက်က အလွန်အေးစက်နေပြီး လက်ဖဝါးက ခြောက်သွေ့နေကာ လက်ဆွဲနှုတ်ဆက်သည့် ဖြစ်စဉ်တွင် ခွန်အားအချို့လည်း ပါလာပေသည်။

သူ အခြားလူနှစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်စဉ်က ယဉ်ကျေးမှုအရ တိုတိုတုတ်တုတ် လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု သူ့လက်ချောင်းများတွင် အားထည့်ထားသောကြောင့် လက်ဖဝါးနှစ်ခုက အလွန်ကပ်နေပြီး လက်မကို သုံးကာ တစ်ဖက်လူ၏ လက်ကိုပင် ညင်သာစွာ ပွတ်သပ်လိုက်သည်။

ယဲ့ကျား ပြန်မတုံ့ပြန်မီ ကျီရွှမ် လက်ကို လွှတ်လိုက်သည်။

သူ့အကြည့်က ကျောက်သုန်ထံ တစ်ဖန် ပြန်လည်သွားသည်။

"ဒါဆို...ဘာဖြစ်တာလဲ..."

သူ့အမူအရာက တည်ငြိမ် ရိုးသား‌နေပြီး သရဲခြောက်တဲ့ အိမ်ကို မတော်တဆ ဝယ်ခဲ့မိသောသာမာန်လူတစ်‌ယောက်လိုပင်...

ယဲ့ကျား ထိုအခိုက်အတန့်တွင် အရူးလုပ်ခံ မိလုနီးပါး ဖြစ်သွားသည်။

တကယ်တော့...

တစ္ဆေဘုရင်က ဗျူရိုရဲ့ စောင့်ကြည့်မှု အောက်မှာ မရှိတဲ့ မြို့ထဲက ယင်တွင်းပိုင်နေတယ်...

ဒါကြီးက ကင်းရဲ့ ပိုင်ဆိုင်မှုဖြစ်မှန်း သူ သိတောင်မသိလိုက်ဘူး...

ကျောက်သုန် အ‌ခြေအနေကို အသေးစိတ် ရှင်းပြလိုက်ပြီး ချန်စဲကျစ်လည်း ရံဖန်ရံခါ ၀င်ရောက် ရှင်းပြလေသည်။

ယဲ့ကျား စိတ်ရှုပ်ထွေးနေသည်။

သူ့လက်မှာ တစ်ဖက်လူရဲ့ အအေးဓာတ် ကျန်သေးပြီး လက်ဆွဲနှုတ်ဆက်တုန်းက အားကိုလည်း ခံစားနေရသေးတယ်...ဒီလို ပျောက်ကွယ်မသွားတဲ့ ထင်ယောင်ထင်မှား ခံစားချက်က သူ့အရေပြားပေါ်မှာ ကပ်တွယ်နေသေးတယ်...

သူပိုဆာလာသလိုပဲ...

မထိန်းချုပ်နေသေးသည့် သူ့၏ အာရုံငါးပါးက တစ်ဖက်လူ၏ အနံ့နှင့် လေထဲတွင် ပျံ့လွင့်နေသော စွမ်းအင်ကို လောဘတကြီး စုပ်ယူနေလေသည်။

ဒီလို ထူးဆန်းတဲ့ ဂနာမငြိမ် ခံစားချက်က သူ့အတွက် အဆင်မပြေဘူး...

ကျီရွှမ် ဒီအချိန်မှာ ပေါ်လာတာက ဆိုးရွားလွန်းတဲ့တိုက်ဆိုင်မှုပဲ...

သူ့ဆာလောင်မှုကို ဖိနှိပ်နေရစဉ် ကမ္ဘာပေါ်တွင် အရသာအရှိဆုံးဟု ယူဆ၍ရသော အရာတစ်ခုနှင့် မျက်နှာချင်းဆိုင်နေရသည်။ ဤအရသာက သူ့ မြည်းစမ်းခဲ့သမျှထဲတွင် အကောင်းဆုံး အရသာဖြစ်သည်။ ထိုအရာနှင့် သူနီးကပ်ချင်ပြီး အားလုံးစားလိုက်ချင်သည်။

သူ ခေါင်းငုံ့ကာ သူ့ခြေထောက်သူ စိုက်ကြည့်နေလိုက်၏။

ထိုအချိန်တွင် သူ့၏ ကျန်အာရုံများက ပို၍ ထိလွယ်ရှလွယ် ‌ဖြစ်နေလေသည်။

သူ တစ်ဖက်လူ၏ အရေပြားပေါ်မှ အေးစက်သောအနံ့ ရနေပြီး တစ်ဖက်လူ စကားသံ ကြားမှ သိမ်မွေ့သော တုန်ခါမှုကိုလည်း ခံစားမိနေလေသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ မွှေးကြိုင်သော အနံ့များကိုလည်း ရရှိနေ၏။

“အင်း ပြောခဲ့သလိုပဲ...စူးစမ်းရှာဖွေကြတဲ့ လူငယ်တွေကို ဒီသရဲခြောက်တဲ့ အိမ်က ငွေရေးကြေးရေး ပြဿနာရှိလို့ ရပ်ထားပြီး စက်ယန္တရားတွေ၊ ကိရိယာတွေ အထဲမှာ ကျန်သေးလို့ လို့ပြောထားတယ်..."

“‌ ငွေရေးကြေးရေး ပြဿနာ...”

ကျီရွှမ် မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။

သူ့အသံက တည်ငြိမ်ပြီး မကျေနပ်ချက် တစ်စုံတစ်ရာ မရှိသော်လည်း အကြောင်းအချို့ကြောင့်ထိတ်လန့်စရာ ကောင်းနေလေသည်။

ကျောက်သုန် အခြေအနေကို ပြန် အဖက်ဆယ်ရန်ကြိုးစားလိုက်သည်။

"အဲ့လို မဟုတ်ဘူး...အဲ့လို မဟုတ်ဘူး...ရှောင်ချန်က သတင်းပေါက်ကြားမှု မဖြစ်အောင် ကာကွယ်ဖို့ ရွေးချယ်စရာ မရှိခဲ့လို့ပါ..."

ကျီရွှမ် သိမ်မွေ့စွာ ရယ်မောလိုက်သည်။

“အဲ့လိုလား...”

“ကျွန်တော် ဒီနေရာကို ဘာလုပ်ရမလဲ စိုးရိမ်နေတာ...မစ္စတာချန်ကိုပဲ ဒီအကြံဉာဏ်အတွက် ကျေးဇူးတင်ရမှာပဲ..."

ကျီရွှမ် စကားလုံးများက သိမ်မွေ့ပြီး အပြုံးရိပ်လေး ရှိနေလေသည်။

"မစ္စတာချန်...ကျွန်တော် ကျေးဇူးတင်ပါတယ်..."

ထိုအချိန်တွင် ကျောက်သုန် ထိတ်ထိတ်ပျာပျာ ၀င်ပြောလိုက်သည်။။

"ခဏလေး...မင်း ဒီနေရာကို စီးပွားရေး လုပ်ဖို့ စီစဉ်နေတာလား.. ဒီနေရာက မကောင်းဘူးလို့‌ ရှင်းပြခဲ့တယ်လေ...မင်း ၀ယ်ထားတဲ့ နေရာကသရဲခြောက်တဲ့ နေရာပဲ..."

ယဲ့ကျား သတိပြန်၀င်လာသည်။

သူ့ခေါင်းကို ငုံ့ထားဆဲ ဖြစ်သော်လည် လူသုံးယောက်၏ စကားဝိုင်းကို အာရုံစိုက်နားထောင်နေလေသည်။

ဗျူရိုမှလူများ ဤနေရာက ယင်တွင်းဖြစ်ကြောင်း မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကသူ့လို ယင်စွမ်းအင်ကို အာရုံခံနိုင်သော စွမ်းရည် မရှိသောကြောင့် ဖြစ်သည်။ သူတို့အတွက် ယင်စွမ်းအင် စုဝေးမှုကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးစမ်းသပ်ပြီးမှသာ ကောက်ချက်ချသည့် အဆင့်ရောက်မည်ဖြစ်သည်။ ယခုအချိန်တွင် ဤဗီလာက သူတို့အတွက် သရဲခြောက်သော နေရာတစ်ခုထက် မပိုချေ။

“ဟုတ်တယ်...”

ချန်စဲကျစ် ဝင်ပြောလိုက်သည်။

"ဒီနေရာက ဘယ်လောက်အန္တရာယ်များမှန်း မသိဘူးလား..."

ယဲ့ကျား : “…….”

နောက်တစ်ခါ တာ၀န်တိုးတက်မှုအကြောင်း သတင်းပို့မဲ့အခါ ချန်စဲကျစ် ဇာတ်ကောင်ကိုဘယ်လို ကယ်တင်ရမလဲ စဉ်းစားဖို့လိုပြီ...

ကျီရွှမ် အထင်အမြင်သေးစွာ ပြောလိုက်သည်။

“ကျွန်‌တော်က စီးပွားရေးသမား ...ဒီဘက်ကလူတွေရဲ့ စစ်ဆေးမှုတွေ လှုပ်ရှားမှုတွေက ကျွန်တော့် အချိန်စာရင်းကို ၀င်နှောင့်ယှက်နေတယ်...ပြီးတော့ ဒီနေရာက မလိုလားတဲ့ အာရုံတွေကို ဆွဲဆောင်နေရင် ကျွန်တော့်အတွက် ဆုံးရှုံးမှူတွေ ဖြစ်လာနိုင်တယ်..."

စီးပွားရေးအမြင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤစကားများက ကျိုးကြောင်းဆီလျော်ပြီး နားလည် လွယ်ပေသည်။

သို့သော် နောက်တစ်ခဏတွင် ကျီရွှမ် ‌ဖြည့်ပြောလိုက်သည်။

"ဒါပေမဲ့..."

ထိုစကားက လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ကျီရွှမ် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒီလိုမျိုးစစ်ဆေးရမှာကို ကျွန်တော် စိတ်၀င်စားတယ်...”

“ဒီဘက်က ၀န်ထမ်းတစ်‌ယောက်ကို ကျွန်တော်နဲ့ အတူ စစ်ဆေးဖို့ လွှတ်လိုက်လို့ ရတယ်..."

သူ အကြည့်က လူသုံးယောက်ပေါ် ရောက်သွားပြီး နောက်ဆုံး ချန်စဲကျစ်ပေါ် ရောက်သွားသည်။

"မစ္စတာချန် လိုက်ခဲ့မလား..."

ချန်စဲကျစ် အေးခဲသွားသည်။

ဘာ...ဘာလို့ သူလဲ...


Xxxxxx