Chapter 44
ယဲ့ကျား တစ်စုံတစ်ယောက်ကို ကယ်တင်ခဲ့သည်ကို ဖုံးကွယ်ရန်နှင့် ဖြူစင်သော ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်ကို ကာကွယ်ရန် ချန်စဲကျစ်က ကျောက်သုန်နှင့် အခြားလူများကို အရာအားလုံးမပြောပြခဲ့ပေ။ သူ အမှန်တရားကို ပြောခဲ့သော်လည်း အန္တရာယ်အဆင့်ကို နိမ့်ချပြီး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဗျူရိုမှ လူများအတွက် ဤဗီလာက အဆင့်နိမ့်နေရာဖြစ်ပြီး လူများကို ခြောက်လှန့်ရုံသာ ဖြစ်လေသည်။
ထို့ကြောင့် ကျောက်သုန် အချိန်ခဏလောက် စဉ်းစားပြီးနောက် သဘောတူခဲ့သည်။
"ကောင်းပြီ..."
ချန်စဲကျစ် စိတ်ပျက်သွားလေသည်။ သူ ကျောက်တုံးကို မပြီး သူ့ခြေထောက်သူ ပြန်ထုလိုက်သလိုခံစားနေရသည်။
သူ့မှာ အဲ့နေရာမှာ အသက်ရှင်နေနိုင်မဲ့ စွမ်းရည်မရှိဘူး...
ထိုအချိန်တွင် ယဲ့ကျား ကြား၀င် ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေ့က အရမ်းနောက်ကျနေပြီ...ငါတို့အားလုံးလည်း ပင်ပန်းနေပြီ...မနက်ဖြန်မှ သွားရင်ရော..."
ကျီရွှမ်၏ အကြည့်များက ယဲ့ကျား အပေါ် စက္ကန့်၀က်လောက် ရစ်ဝဲသွားပြီး ခေါင်းငြိမ့်လိုက်သည်။
“ ကောင်းပြီ...”
ယဲ့ကျား ချန်စဲ့ကျစ်နှင့် အတူ မြို့ထဲသို့ ပြန်လာလေသည်။
ချန်စဲကျစ် ကားမောင်းနေစဉ် အနည်းငယ် ထိတ်လန့်နေသည်။
"အစ်ကို မနက်ဖြန် ဘယ်လိုလုပ်ရမလဲ...ကျွန်တော်က အဲ့နေရာကို သွားနိုင်တဲ့ အဆင့်မဟုတ်ဘူး....မနက်ပိုင်းသွားမှာဆိုပေမဲ့ ကြောက်နေတုန်းပဲ..."
သူ အနည်းငယ် နောင်တရနေလေသည်
“ဒါ လိမ်ခဲ့လို့ ပြန်ပေးဆပ်ရတာလား...ဟုတ်တယ်...လိမ်ညာမှုတစ်ခုက တခြားလိမ်ညာမှုတွေကို ဆက်ဖြစ်စေတယ်တဲ့...ဝူး...ကျွန်တော်မှားသွားပြီ..."
အကြိမ်များစွာ လိမ်ညာခဲ့ဖူးသည့် ယဲ့ကျား : “…….”
ကံကောင်းစွာနှင့် သူတို့ သုံးယောက် စကားပြောနေစဉ်တွင် ယဲ့ကျား၌ တန်ပြန်ရန် အစီအစဉ် ရှိနေပြီဖြစ်သည်။
သူ ချန်စဲကျစ်ကို ပြောလိုက်သည်။
"စိတ်မပူနဲ့...မနက်ဖြန် ငါ မင်းအစား သွားပေးမယ်..."
“ဟမ်...”
ချန်စဲကျစ် အံ့ဩသွားသည်။
“ဒါပေမဲ့ အဲ့လိုဆို ပိုင်ရှင်က စိတ်ဆိုးသွားမှာပေါ့...”
ယဲ့ကျား : “ငါ မင်းနေမကောင်းလို့ အစားထိုးလာတာလို့ ပြောလိုက်မယ်...တစ်ဖက်လူက မင်းကိုကျပန်းရွေးလိုက်တာဆိုတော့ ဒီလိုလုပ်ဖို့ ပြဿနာ မရှိဘူး...မင်း ငါ့ကို ကူညီပေးခဲ့တာ ကျေးဇူးပဲ..."
ယဲ့ကျား ဗီလာ၏ အခြေအနေကို အဘယ်ကြောင့် ဖုံးကွယ်ထားမှန်း သိသည်။ ထိုသို့ ဖုံးကွယ်ထားသည်ကသာ ကွမ်ထျန်းရီ လွတ်မြောက်လာမှုနှင့်သူ့၏ ပါ၀င်ပတ်သတ်မှုကို ရှင်းပြနိုင်ပေသည်။
ယဲ့ကျား လေးနက်စွာ ပြောလာသောအခါ ချန်စဲကျစ် အနည်းငယ် ရှက်ရွံ့သွားသည်။
သူ အဝေးကို ကြည့်ကာ တောင့်တောင့်ကြီး ပြောလိုက်၏။
“ကျွန်တော် အစ်ကို့အတွက် ဒီလိုလုပ်ခဲ့တာ မဟုတ်ဘူးနော်...ဗျူရိုက သနားစရာကောင်းတဲ့ ဝိညာဉ်နှစ်ကောင်ကို သတ်မှာစိုးလို့သာ...”
စကားပြောနေစဉ် ချန်စဲကျစ် တစ်ခုခုကို သတိပြန်ရသွားလေသည်။
“ ပြောမှပဲ...သူတို့တွေ ဘယ်ရောက်သွားလဲ...ဘာလို့ မတွေ့တော့တာလဲ..."
သူတို့က လုံး၀ ပျောက်ကွယ်သွားတယ်....
ယဲ့ကျား ထိုမေးခွန်း၏ အဖြေကို သိလေသည်။
ကျီရွှမ်ပေါ်လာမှတော့ အဲ့ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် မပြေးရင်သာ ထူးဆန်းမှာ...
ယဲ့ကျား ပခုံးတွန့်လိုက်သည်။
“မသိဘူး...”
ထိုအချိန်တွင် နောက်ခုံမှ အသံတိုးတိုးလေးတစ်သံ ထွက်လာသည်။
"အ...အွမ်..."
ယဲ့ကျား ထိတ်လန့်သွားပြီး နောက်လှည့်ကြည့်လိုက်၏။
သူ ထိုးဖောက်မြင်နိုင်သော ဂျယ်လီကဲ့သို့ ဝိညာဉ်နှစ်ကောင်၏ ခေါင်းကို တွေ့လိုက်ရသည်။
သူတို့ အားနည်းစွာ ပြောလိုက်သည်။
"ငါတို့ဒီမှာ..."
ခြောက်လှန့်ခြင်းဝိညာဉ်လေး ဆို့နစ်ကာ ပြောလိုက်သည်။
“ငါတို့ ပြန်လို့မရတော့ဘူး...တစ္ဆေဘုရင်က ငါတို့နေရာကို သိမ်းပိုက်လိုက်ပြီ..."
ချန်စဲကျစ် ထိုကိစ္စကို အလွန် မစဉ်းစားပေ။
သူတို့လို အားနည်းတဲ့ တစ္ဆေတွေအတွက် သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ ဗျူရိုက တစ္ဆေဘုရင်နဲ့ ညီမျှတဲ့ ဖြစ်တည်မှုလို့ ထင်လိုက်တယ်...
သူ ကရုဏာသက်စွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ဟာ...တခြားရွေးချယ်စရာမရှိဘူး...ဒီဗီလာက အရမ်းထူးဆန်းတယ်...ဗျူရိုက မင်းတို့ကို နေခွင့်ပြုမှာ မဟုတ်ဘူး..."
ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်...ငါတို့အခု အိမ်ယာမဲ့ ဖြစ်သွားပြီ..."
ယဲ့ကျား : “………”
သူ ရုတ်တရက် ထိတ်လန့်လာသည်။
သူ့အိမ်မှာ နေချင်တယ်လို့တော့ မပြောကြပါဘူးနော်...
နောက်တစ်ခဏတွင် ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် သူတို့ထံ ချဉ်းကပ်လာပြီး ရှက်ရွံ့စွာ မေးလာသည်။
"ငါ...ငါတို့ မင်းနဲ့အတူ ခဏလောက်နေလို့ရလား..."
ချန်စဲကျစ် ၀မ်းသာသွားသည်။
“ငါနဲ့လား…ရ...”
သူ့စကားမဆုံးမီတွင် ခြောက်လှန့်ခြင်းဝိညာဉ်လေး ယဲ့ကျား၏ ထိုင်ခုံအစွန်းတွင် ခေါင်းတင်ကာ မျှော်လင့်ချက် ပြင်းပြသည့် မျက်လုံးလေးနှင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး..."
ချန်စဲကျစ် : “……..”
သူ မာနထိခိုက်သွားပြီ...
ဒီကောင်တွေက ကုမရတော့ဘူးပဲ...
မျက်နှာပဲ ကြည့်တဲ့ကောင်တွေ....သူ့ကိုလည်း စာနာကြပါဦး...
ယဲ့ကျား : “……….”
ဆောရီး...သူ နောက်ထပ်ထူးဆန်းတဲ့ တစ္ဆေတွေ မလိုချင်တော့ဘူး...
သို့သော် သူ မငြင်းဆန်မီ လက်မဲလေး အရင်ပြောလာသည်။
သူ ကျီရွှမ်နှင့်တွေ့သောအခါ သူ့ကိုယ်သူ ယဲ့ကျား၏ အနံ့ထဲတွင် အတတ်နိုင်ဆုံး ပုန်းကွယ်နေခဲ့သည်။ သို့သော် ယခု ပြန်သက်၀င်လှုပ်ရှားလာလေသည်။
"ဟေး...မင်း ဘာတွေပြောနေတာလဲ..."
သူ ယဲ့ကျား၏ ကော်လံကို ကိုင်ကာ ခြိမ်းခြောက်မှု အချို့ လုပ်လိုက်သည်။
"တခြားလူနေရာမှာ ခပ်တည်တည်နဲ့ လာနေချင်တယ်ပေါ့..."
ယဲ့ကျား : “………”
မင်း အဲ့လိုပြောတာ မရှက်ဘူးလား...
ခြောက်လှန့်ခြင်းဝိညာဉ်များ နောက်ပြန်မဆုတ်ပေ။ သူတို့ ပိုမို တိုးကပ်လာသည်။
"ဘာလို့ ငါတို့ နေလို့မရ ရမှာလဲ..."
“အိမ်မက်မက်နေလိုက်...မင်းတို့ နေလို့မရဘူး...”
လက်မဲလေးက ရန်လိုစွာ အော်လိုက်သည်။
တစ္ဆေသုံးကောင် ရန်ဖြစ်ကြတော့မည့် အရေးကိုမြင်သောအခါ ယဲ့ကျား နှာခေါင်းရိုးကို ဖိလိုက်ပြီးပြောလိုက်သည်။
"ရပ်လိုက်..."
ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်နှင့် လက်မဲလေး ငြင်းခုံနေကြသည်ကို ရပ်လိုက်ကာ ယဲ့ကျားကို ကြည့်လာကြသည်။
“မင်းတို့နှစ်ကောင် ငါ့နေရာမှာ ခဏလောက်ပဲ နေလို့ရမယ်..."
ခြောက်လှန့်ခြင်းဝိညာဉ်တွေက အန္တရာယ် မရှိကြတာ မှန်ပေမဲ့ သာမာန်လူတစ်ယောက်က သူတို့နဲ့အတူနေရင် သူတို့ခန္ဓာကိုယ်က ယန်စွမ်းအင်တွေ အားနည်းလာလိမ့်မယ်...သူ ဒီနှစ်ကောင်ကို ချန်စဲကျစ်နဲ့ ထည့်ပေးလိုက်လို့ မရဘူး...
လက်မဲလေး : “!”
အအေးရိုက်ခံရသော ခရမ်းသီးကဲ့သို့ လက်မဲလေး တစ်ကိုယ်လုံး နွမ်းလျ ကျသွားသည်။
သို့သော် ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် စိတ်မလှုပ်ရှားမီ ယဲ့ကျား စကားနှစ်လုံးကို ဖိပြောလိုက်သည်။
"ယာယီနေတာနော်..."
ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်၏ စိတ်ဓာတ်ကျနေသော မျက်နှာများကို မြင်သောအခါ လက်မဲလေး ခံစားချက် ပြန်ကောင်းလာလသည်။
သူ နှစ်ချက်လောက် ရယ်မောလိုက်ပြီး ယဲ့ကျား ပခုံးပေါ် ၀င်ခွေ နေလိုက်သည်။
ချန်စဲကျစ် ကားမောင်းစဥ် ယဲ့ကျား ပခုံးပေါ်တွင် သက်တော့သက်သာ ထိုင်နေသော လက်မဲလေးကို တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
ငါ မသေသေးသရွေ့ မင်းတို့အားလုံး ကိုယ်လုပ်တော်တွေပဲ...
အမ်...သူ့အတွေးက လမ်းကြောင်းမှားနေပြီ...
ချန်စဲကျစ် သက်ပြင်းချကာ ပြောလိုက်သည်။
"မင်းရဲ့တစ္ဆေကံကြမ္မာက အရမ်းကောင်းတာပဲ..."
ယဲ့ကျား : “ငါကတော့ ဒီကံကြမ္မာကို မင်းကိုပေးလို့ ရရင် အရမ်းကျေးဇူးတင်မိမှာ..."
ထိုအချိန်တွင် ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် တိတ်တဆိတ် ရွေ့လာပြီး ခြောက်လှန့်ခြင်းဝိညာဉ်ကြီးက ယဲ့ကျား လက်ကောက်၀တ်ကို တွယ်ဖက်ထားကာ ခြောက်လှန့်ခြင်းဝိညာဉ်လေး ယဲ့ကျား လက်ဖဝါးကို ညှစ်လိုက်သည်။
ယဲ့ကျား မသိစိတ်အရ ပြန်ညှစ်လိုက်မိ၏။
အေးစက်တယ်...နူးညံ့တယ်...ချောကျိကျိကြီး...
ဂျယ်လီလိုပဲ...
ခြောက်လှန့်ခြင်းဝိညာဉ်လေး၏ ထိုးဖောက်မြင်နိုင်သောမျက်နှာက ထူးဆန်းစွာနီရဲလာလေသည်။
ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ပြောလိုက်သည်။
"ဟေ့...ငါလည်း အညှစ်ခံချင်တယ်လေ..."
ယဲ့ကျား ပခုံးပေါ်မှ လက်မဲလေး နှစ်ထောင်းအားရ ဖြစ်သွားသည်။
"ချ...ချ...ချ..."
ယဲ့ကျား : “……….”
သူ့ဆုံးဖြတ်ချက်ကို နောင်တရနေပြီ...
........
နောက်တစ်နေ့တွင်...
ယဲ့ကျား သူ့အနံ့ကို ပြောင်းကာ သူ့မျက်နှာကို ဖုံးကွယ်ပြီးနောက် တစ္ဆေပိုင်နက်ကို အသက်သွင်းပြီး ဗီလာသို့ ထပ်သွားခဲ့သည်။
သူ့ကို အံ့ဩစေသည်က ကျီရွှမ်က ကြိုရောက်နေပြီ ဖြစ်သည်။
သူ စွန်းထင်းနေသော နံရံကို မှီကာ ခြေတံရှည်များကို ကွေးထားပြီး ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားနေ၏။
အကွာအဝေးတစ်ခုတွင် ကားတစ်စီး ရပ်ထားလေသည်။
ယဲ့ကျား ကားမော်ဒယ်လ်ကို မသိသော်လည်း ကားဆီမှ ပိုက်ဆံအနံ့ရနေပေသည်။
သူ ဒီကားက မနေ့က ကားနဲ့ မတူတာတော့ ပြောနိုင်တယ်...
ယဲ့ကျား မေးခွန်းတစ်ခုကို လေးနက်စွာ တွေးဆလိုက်သည်။
နှစ်ယောက်လုံး ဂိမ်းထဲက လာကြပေမဲ့ ဘဏ္ဍာရေး အခြေအနေက ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ...
ကျီရွှမ် မျက်လုံးကို ပင့်ကာ ယဲ့ကျားရှိရာဆီသို့ ကြည့်လာသည်။
သူ့၏ မဟူရာမျက်လုံးများက ထူးဆန်းစွာဖြင့် နီညိုရောင် မျက်လုံးအဖြစ်ပြောင်းသွားပြီဖြစ်၏။
“မင်း ပုံစံပြန်ပြောင်းလိုက်ပြီ..."
သူ လေသံဖျော့ဖျော့ ပြောလိုက်သည်။
ယဲ့ကျား တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလိုပုံစံက ပိုအဆင်ပြေတယ်လေ...”
ကျီရွှမ် ကားထဲမှ ထွက်လာကာ ယဲ့ကျားဆီလျှောက်သွားလိုက်သည်။
သူ မျက်လုံးကို အောက်စိုက်ထားပြီး နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေးကို ချိတ်ဆွဲထားသည်။။
“မင်း လူသားပုံစံ ရုပ်ဖျက်ထားတာ အရမ်းတော်တယ်...ငါ မင်းရဲ့အနံ့တောင် မရဘူး..."
ယဲ့ကျား : “……..”
ဘယ်ရမလဲ...သာမာန်လူတစ်ယောက် ဖြစ်တဲ့ ချန်စဲကျစ်ကို အနံ့ရတယ်ဆို တော်တော်ထူးဆန်းနေမှာ...
သို့သော် ယဲ့ကျား အမူအရာ ပြောင်းလဲခြင်းမရှိ ပြောလိုက်သည်။
“ဒီလောက်ကတော့ မပြောပလောက်ပါဘူး...”
“ဒါဆို ကင်း ဒီနေရာကို ဘာလုပ်ဖို့ စီစဉ်ထားလဲ...”
ဒီနေရာက Mမြို့မှာ တစ်ခုတည်းသော ဗျူရိုရဲ့ စောင့်ကြည့်မှုအောက် မရှိတဲ့နေရာပဲ...စွမ်းအားကြီးတစ္ဆေတွေအတွက် အရမ်းအဖိုးတန်တဲ့နေရာ...
တွေးစရာတောင် မလိုဘူး...ကျီရွှမ် ဒီနေရာကို စွန့်လွှတ်မှာ မဟုတ်ဘူး...
ဒါကြောင့် တစ်ဖက်လူရဲ့ အနာဂတ်ရည်မှန်းချက်ပေါ် မူတည်ပြီး သူ ဒီနေရာကို ရှင်းလင်းရမလား မရှင်းလင်းရဘူးလား ဆုံးဖြတ်ရမှာ...
ကျီရွှမ် : “မင်း ငါ့ကို ကင်းလို့ ခေါ်စရာမလိုဘူး...”
ယဲ့ကျား ထိတ်လန့်သွားသည်။
သူ မသိစိတ်အရ ခေါင်းကို မော့ပြီး ကြည့်မိသောအခါ တစ်ဖက်လူ၏ နီညိုရောင် မျက်လုံးများနှင့် ဆုံသွားပြီး ယင်းက ချောက်နက်ထဲမှ အမည်မသိလှိုင်းလုံးကြီး တလှိမ့်လှိမ့် တက်လာသည်ဟုပင် ထင်ရလေသည်။
ကျီရွှမ် ပေါ်ပေါ့ပါးပါး ပြောလိုက်သည်။
“ဒီအတိုင်း ငါ့နာမည်ခေါ်...”
ယဲ့ကျား : "မကောင်းဘူးလားလို့....”
ကျီရွှမ် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဘာမကောင်းတာလဲ...ငါက သူတို့တွေကို ကင်းလို့ ခေါ်ခိုင်းထားတယ်လို့ ထင်နေတာလား..."
ယဲ့ကျား : “………..”
ဟုတ်ပါတယ်...
ကျီရွှမ် သူ့ကို ကင်းလို့ခေါ်ဖို့ မပြောခဲ့ပေမဲ့ စွမ်းအားကြီးတစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေက သူ့နာမည်ကို တိုက်ရိုက်မခေါ်ရဲကြဘူး...သူ့ကို ကြောက်ရွံ့ပြီး လေးစားတမူနဲ့ ကင်းလို့ပဲ ခေါ်ကြတယ်...အဲ့လိုတွေဖြစ်လာတော့လည်း သူ အဲ့နာမည်ကို လက်ခံဖို့ပဲ တတ်နိုင်တော့တယ်...
နောက်ဆုံးတော့ တစ္ဆေဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ရလာပြီး ထူးခြားတဲ့ တည်ရှိမှု ဖြစ်လာခဲ့တယ်...
ယဲ့ကျား ငြင်းဆိုခါနီးတွင် တစ်ဖက်လူက ပေါ့ပါးစွာ ပြောလာသည်။
“မင်း ငါ့ကို သဘောကျတယ်မလား...”
ယဲ့ကျား : “…………”
“မင်းကို ငါ့နာမည်ရင်း တိုက်ရိုက်ခေါ်ခိုင်းတာနော်...မင်း ဂုဏ်မယူဘူးလား..."
ကျီရွှမ်၏ အပြုံး ပိုမိုနက်ရှိုင်းလာသော်လည်း အသံက တည်ငြိမ်နေဆဲဖြစ်သည်။
ယဲ့ကျား : ”…………”
သူ အံကြိတ်လိုက်သည်။
ဒီကောင်လေးကတော့...
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ကို သတ်ချင်ခဲ့တယ်ဆိုတဲ့ အချက်ကို ဘေးဖယ်လိုက်ရင် အဲ့တုန်းက ပိုပြီး ချစ်စရာကောင်းတယ်...
သူ တွန့်ဆုတ်စွာ စကားလုံးနှစ်လုံးကို သွားကြားမှ အတင်း ညှစ်ထုတ်လိုက်သည်။
"ကျီရွှမ်..."
သူ လိုချင်သည်ကို ရပြီးနောက် ကျီရွှမ် ကျေနပ်စွာ လှည့်ထွက်သွားပြီး သူ့၏ ဖြူဖျော့သေးသွယ်သော လက်ကို မြှောက်လိုက်သည်။
လေးလံသော သံချိန်းကြိုးက မြေပေါ် ချက်ချင်းပြုတ်ကျသွားပြီး သံချေးတက်နေသော သတ္တုတံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။
ကျီရွှမ် အထဲ၀င်လိုက်သည်။
ယဲ့ကျား ထိုအချိန်တွင် ကြက်သေသေနေပြီး အနည်းငယ် ပဟေဋ္ဌိ ဖြစ်နေလေသည်။
ကျီရွှမ် နောက်လှည့်ကာ ပြောလိုက်သည်။
"ငါ့နောက် လိုက်ခဲ့..."
“ဘာလုပ်ဖို့ စီစဉ်ထားလဲဆို...”
ယဲ့ကျား သတိပြန်၀င်လာပြီး တစ်ဖက်လူနောက် လိုက်သွားလေသည်။
သူတို့ ဗီလာထဲ ရောက်သွားကြသည်။
စွန့်ပစ်ထားသော ဗီလာကြီးက ပေါင်းပင် မြက်ပင်ရှည်များကြားတွင် တိတ်ဆိတ်စွာ တည်ရှိနေလေသည်။ ညဘက်နှင့် မတူသည်က နေ့ခင်းတွင် ဗီလာကြီးက ယိုယွင်းပျက်စီးနေလေသည်။
ယင်တွင်းတစ်တွင်းစီ၏ အရည်အချင်းနှင့် အဆင့်အတန်းက မတူညီပေ။ ရှင်းလင်းစွာပင် ဤနေရာ၏ အရည်အချင်းက နေ့နှင့်ည အလွန်ကွာခြားလေသည်။
ကျီရွှမ် လက်ညှိုးကို အနည်းငယ် မလိုက်သည်။
ထိုအခါ ကြမ်းပြင်က ဖောင်းပွလာပြီး မကြာမီ နီရဲလာလေသည်။
ဆိတ်ခေါင်းဖြူခွံကြီးတစ်ခု ကြမ်းပြင်ပေါ်တွင် ပေါ်လာပြီး မကြာမီ ကြီးမားသော ခန္ဓာကိုယ်ကြီး ဆက်ပေါ်လာလေ၏။
“သွား...”
ကျီရွှမ် ပြောလိုက်သည်။
သွေးအရိုးငါးက ဗီလာအနက်ပိုင်းထဲသို့ ရိုကျိုးစွာ ကူးခတ်သွားလေသည်။ အမြီးက ရှေ့သို့ ဆတ်ခနဲဆတ်ခနဲ လှုပ်ကာ ကူးခတ်နေပြီး တံခါးရှေ့မှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။
အဆောက်အအုံ အတွင်းပိုင်းမှ ရှင်းပြ၍မရနိုင်သောအော်သံတစ်သံ ပေါ်ထွက်လာလေသည်။
ဗီလာကြီးတစ်ခုလုံး အော်ဟစ်နေသလို ဖြစ်နေလေသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ကျား မနေ့က ယင်စွမ်းအင်များစွာကို စားသုံးခဲ့သောကြောင့် နေ့ခင်းဘက်တွင်ပင် ဗီလာတွင်းရှိ အပြောင်းအလဲများကို အာရုံခံနိုင်လေသည်။
ဗီလာအတွင်းရှိ စွမ်းအင်များ ပြင်ပစွမ်းအားအချို့ကြောင့် ကုန်ခမ်းလာကာ ယင်တွင်းရှိ ယင်စွမ်းအင်များ လျင်မြန်စွာ လျော့ပါးလာကာ လုံး၀ပျောက်ကွယ်သွားပြီး သာမာန် အဆောက်အအုံတစ်ခုလို ဖြစ်လာလေသည်။ ဗီလာတွင် အသက်ဓာတ် မကျန်တော့ပေ။
မကြာမီပင် သွေးအရိုးငါး တံခါး၀၌ ပြန်ပေါ်လာလေသည်။
သူ ဖြည်းညှင်စွာ ကူးခတ်လာပြီး ကျီရွှမ်ဆီသို့ ရောက်ရှိရန် စက္ကန့်များစွာ ကြာလေ၏။
ကျီရွှမ် ရှေ့သို့ ရောက်သည်နှင့် သွေးအရိုးငါးက ခေါင်းမော့လာပြီး ကျီရွှမ်၏ လက်ဖဝါးပေါ်တွင်လက်သီးဆုပ်အရွယ် အနက်ရောင်ဘောလုံးလေးတစ်လုံးကို တင်ပေးလိုက်သည်။ ဘောလုံး၏ အလယ်တွင် တိမ်မည်းများ ဖြည်းညှင်းစွာလှည့်ပတ်နေပုံ ပေါ်လေသည်။
ရင်းနှီးနေသော အနံ့ကြောင့် ယဲ့ကျား အစာအိမ် လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။
ကျီရွှမ် သွေးအရိုးငါး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"လိမ္မာလိုက်တဲ့ ကလေး..."
သွေးအရိုးငါးက လေချဉ်တက်လိုက်သည်။
နောက်ဆုံးတွင် သူ ယဲ့ကျား၏ တည်ရှိမှုကို သတိထားမိသွားပုံရသည်။
သွေးအရိုးငါးက ယဲ့ကျားဆီသို့ ကူးခတ်လာလေသည်။ ထို့နောက် သူ့ခေါင်းကို ယဲ့ကျား၏ လက်ဖဝါးနှင့် ရင်းနှီးစွာ ပွတ်သပ်လိုက်ပြီး သွေးများ၊ အရိုးများဖြင့် ဖွဲ့စည်းထားသော သူ့၏ ၀မ်းဗိုက်ကို လှန်ပြလိုက်သည်။
ယဲ့ကျား ခဏလောက် တွန့်ဆုတ်သွားပြီး ခါးကိုင်းကာ သွေးအရိုးငါး၏ ၀မ်းဗိုက်ကို ပွတ်သပ်ပေးလိုက်သည်။
၀မ်းဗိုက်က အေးစက်နူးညံ့ပြီး မျက်နှာပြင်က စိုစွတ်နေသော ဘောလုံးတစ်လုံးသဖွယ် ဖြစ်နေလေသည်။ ယင်းက အလွန်ထူးဆန်းသောကြောင့် ယဲ့ကျား သူ့လက် နစ်မ၀င်သွားစေရန် ဂရုတစိုက် ပွတ်သပ်နေရသည်။
နောက်ဆုံးတွင် ဆန္ဒပြည့်၀သွားသော သွေးအရိုးငါးက ကြီးမားလှသောအမြီးကို ပျော်ရွှင်စွာလှုပ်ခတ် နေသောကြောင့် ယဲ့ကျားပေါ်သို့ သွေးများ စင်လုနီးပါးဖြစ်သွားလေသည်။
ယဲ့ကျား သူ့နှင့် ရင်းနှီးနေသော အရာတစ်ခု ရုတ်တရက် နီးကပ်လာသည်ကို ခံစားလိုက်မိသည်။
ကျီရွှမ် သူ့နောက်တွင် ခါးကိုင်းလာပြီး သန်မာသော တည်ရှိမှုက ယဲ့ကျား၏ ကိုယ်ပိုင်နေရာသို့ကျူးကျော်လာလေသည်။
သူ့၏ တိုးညှင်းရွှင်ပျသောအသံ ယဲ့ကျားနားထဲသို့ ၀င်လာသည်။
“ပြည့်သွားပြီ...”
ယဲ့ကျား၏ စိတ်များ ဝေဝါးသွားပြီး သူ့၏ ခြေလက်များ ချက်ချင်း တောင့်တင်းလာလေသည်။
ဘာကြောင့်မှ မဟုတ်ပါဘူး...အဲ့ဒါကြောင့်ပဲ...
အနံ့က အရမ်းကောင်းတယ်...
အနက်ရောင်ဘောလုံးလေးက သူ့၏ ဖိနှိပ်ထားသော ဆာလောင်မှုကို နှိုးဆွနေလေသည်။ ၎င်းက သူ့ပတ်၀န်းကျင်မှ ယင်စွမ်းအင်များကို မနေ့ညကလို အထိမခံ ဖြစ်စေလေသည်။
ယဲ့ကျား သူ့လျှာဖျားကို သွားဖြင့် ဖိလိုက်သည်။ သူ့အံသွားများက စားချင်လွန်း၍ ယားယံနေပြီဖြစ်သည်။
ထူးဆန်းသော နှိုးဆွမှုတစ်ခုက သူ့စိတ်ထဲတွင်ရုန်းကန်နေလေသည်။
သူ အဲ့ဒါကို ခုန်အုပ်ပစ်လိုက်ချင်တယ်...
Xxxx