Chapter 45
ထိုအချိန်တွင် ယဲ့ကျား သူ့တစ်ကိုယ်လုံးရှိ အာရုံကြောများ အော်ဟစ်နေသကဲ့သို့ ခံစားနေသည်။
ပါးစပ်ထဲမှ သွားရည်များစီးကျလာတော့မလိုဖြစ်နေပြီး လည်စိကလည်းအပေါ်အောက်ရွေ့လျားနေလေသည်။ သူ့အစာအိမ်နှင့်လည်ချောင်းထဲတွင် မီးတောက်နေသကဲ့သို့ ခံစားနေရ၏။
သူ အမြန်ခါးပြန်မတ်လိုက်သည်။
ယဲ့ကျား သွေးအရိုးငါးရှေ့မှ ရုတ်တရက် ထွက်သွားလိုက်သည်။
သွေးအရိုးငါးက ယဲ့ကျား၏ လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားလေသည်။
သူ ခေါင်းကို ယဲ့ကျား ထွက်သွားရာဘက်လှည့်လိုက်ကာ မျက်လုံးချိုင့်များကလူငယ်လေးကိုမေးခွန်းထုတ်စွာကြည့်နေ၏။ သူ အဘယ်ကြောင့် တစ်ဖက်လူ ၀မ်းဗိုက်ကို ပွတ်သပ်ပေးနေခြင်း ရပ်သွားသည်ကို နားမလည်နိုင်ပေ။
(ဒီမှာရှင်းပြရရင် သွေးအရိုးငါးရဲ့ ခေါင်းက ဆိတ်ခေါင်းဖြူခွံ ကြီးပါ...ဦးခေါင်းခွံ ဖြစ်တဲ့အတွက် မျက်လုံး မပါပါဘူးနော်...မျက်လုံးနေရာမှာ အပေါက်ကြီးနှစ်ပေါက်ပဲ ရှိပါတယ်ရှင့်...)
ကျီရွှမ်နားမှထွက်သွားပြီးနောက် ယဲ့ကျား၏ အစာအိမ်အတော်အတန်ပြန်တည်ငြိမ်လာ၏။
သူ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီး ထွက်လာခဲ့သည့် လမ်းကို ပြန်လှည့်ကြည့်လိုက်သည်။
ကျီရွှမ်ကလည်း ခါးပြန်မတ်လိုက်ပြီး ဖြည်းညှင်းစွာ မေးလာသည်။
“ဘာဖြစ်လို့လဲ....”
ယဲ့ကျား စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ လေက အဲ့နေရာမှာ ပြင်းတယ်...”
ကျီရွှမ် မျက်ခုံးပင့်လိုက်ပြီး သူ့၏ နီရဲနေသော မျက်လုံးများက ယဲ့ကျားအပေါ် မြဲမြံစွာ ကျရောက်နေပေသည်။ သူ စကားကို ပြန်ကျော့ပြောလိုက်သည်။
"လေက ပြင်းတာလား..."
“………..”
ယဲ့ကျား ကိုယ့်ကိုကိုယ် ပွတ်သပ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်..."
ကျီရွှမ် ယဲ့ကျားနှင့် ပိုမို နီးကပ်အောင် လျှောက်သွားလိုက်သည်။
“အခုရော...”
ကျီရွှမ် သူနှင့် နီးကပ်လာသောအခါ အစာအိမ်က တစ်ဖန် ဆာလောင်လာလေသည်။ ယဲ့ကျား ခန္ဓာကိုယ် အနည်းငယ်တောင့်တင်းလာပြီး အလိုအလျောက်အနည်းငယ်နောက်ဆုတ်လိုက် မိသည်။
“မ...မပြင်းတော့ဘူး...”
ကျီရွှမ်၏ ယဲ့ကျားအပေါ် ခဏလောက် ရစ်ဝဲနေပြီး သူ့၏ နီရဲနေသော မျက်လုံးထဲတွင် ရယ်ချင်နေသော အရိပ်အယောင်များ ရှိနေလေသည်။
သူ အကြည့်ပြန်ရုတ်လိုက်ပြီး သူ့လက်ထဲမှ အနက်ရောင်ဘောလုံးလေးကိုကြည့်ကာ အကြောင်းအရာ ပြောင်းလိုက်သည်။
“ငါထင်ထားတာထက် အများကြီးပိုသေးတယ်...'
ယဲ့ကျား : ”……….”
ဟုတ်တယ်...သူ နည်းနည်းစားထားလို့လေ...
သွေးအရိုးငါး သူ့နံဘေးသို့ ဖြည်းညှင်းစွာ ကူးခတ်လာပြီး သူ့ခေါင်းနှင့် ယဲ့ကျား လက်ဖဝါးကို ပွတ်သပ်လိုက်ပြန်သည်။
ယဲ့ကျား မသိစိတ်အရခေါင်းကို ပြန်ပွတ်သပ်ပေးလိုက်သည်။
သူ မေးလိုက်သည်။
“ဒါဆို ဒီနေရာကို ယင်စွမ်းအင်ကြောင့် ၀ယ်ခဲ့တာလား...”
“အတိအကျတော့ မဟုတ်ဘူး..."
ကျီရွှမ် အနက်ရောင် ဘောလုံးကို သိမ်းလိုက်ပြီး မျက်လုံးကို မှေးစင်းကာ ပြောလိုက်သည်။
"ဒီနေရာက ယင်စွမ်းအင် အရမ်းနည်းတယ်...ဒါပေမဲ့ တခြားလူလက်ထဲ ရောက်မှာထက် ငါ့လက်ထဲ ရောက်တာ ပိုကောင်းတာပေါ့..."
သူ့အသံက တည်ငြိမ်နေသော်လည်း ယဲ့ကျား သူ့အသံထဲမှ အေးစက်သည့် အရိပ်အယောင်များကို သတိထားမိသည်။
“ဒါဆို ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ...”
အခု ယင်စွမ်းအင်ကို ဖယ်ပြီးလို့ သာမာန်အဆောက်အအုံ ဖြစ်သွားပေမဲ့ ယင်တွင်းဆိုတော့ ယင်စွမ်းအင်တွေက ပြန်ပြည့်လာမှာပဲ...ယင်စွမ်းအင်တွေ ပြန်ပြည့်ဖို့ အချိန်ကြာပေမဲ့ ကျီရွှမ်က ဒါကို ထားခဲ့မယ်လို့တော့ မထင်ဘူး...
“မင်းအကြံပြုချက်က အရမ်းကောင်းတယ်...”
ကျီရွှမ် ပြောလိုက်သည်။
ယဲ့ကျား စိတ်ရှုပ်ထွေးသွား၏။
သူ့...အကြံပြုချက်လား...
“သရဲခြောက်တဲ့ အိမ်လေ...”
ကျီရွှမ် သူ့ကို ပြုံးကာ ပြောလိုက်သည်။
ယဲ့ကျား မနေ့ညက ချန်စဲကျစ် ပြောခဲ့သည့် စကားကို မှတ်မိသွားသည်။
“လူသားတွေက အာရုံစူးစိုက်မှု တကယ် မကောင်းတာပဲ..."
ကျီရွှမ် ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။
"မင်းက သွေးအရိုးငါး ဒါကို စားတဲ့အချိန်တိုင်း လာခဲ့လေ...အကြုံပြုချက်အတွက် စိတ်မပူနဲ့...ငါ့မှာ ငွေအများကြီး ရှိတယ်..."
ယဲ့ကျား : “…………”
ဘာလို့ ဒီလူက အရမ်းအာဃာတထားရတာလဲ...
သူက ချန်စဲကျစ်ပြောခဲ့တဲ့ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ ငွေရေးကြေးရေး ကိစ္စအကြောင်းကိုတောင် မှတ်မိနေသေးတယ်...
ယဲ့ကျား ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် နောက်ဆုံး သူ့၏ သံသယစိတ်များကို မထိန်းနိုင်တော့ပေ။
“ကင်း...မဟုတ်ဘူး...ကျီရွှမ်…”
တစ်ဖက်လူ၏ ခြိမ်းခြောက်သော အကြံအောက်တွင် ယဲ့ကျား စကားလုံးများကို ပြောင်းလဲလိုက်ရသည်။
သူ ပြောမည့် စကားများကို ဂရုတစိုက် ရွေးချယ်လိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ဟိုလေ...လူသားလောကမှာ ဘာလို့ဒီလောက်များတဲ့ပိုင်ဆိုင်မှု ရှိနေတာလဲ..."
“မင်းဘယ်လိုထင်လဲ...”
ကျီရွှမ် စိတ်၀င်တစား ပြန်မေးလာသည်။
ယဲ့ကျား အနည်းငယ် တွန့်ဆုတ်သွားသည်။
“ဘဏ်ဓားပြတိုက်ထားတာလား...”
ကျီရွှမ် : “……….”
တစ္ဆေက အသက်ရှူစရာ မလိုသော်လည်း သူ ကူရာမဲ့စွာ အသက်ပြင်းပြင်းရှုလိုက်သည်။
“အဲ့လို မဟုတ်ဘူး...”
ယဲ့ကျား၏ စိတ်အထင်လား မသိသော်လည်း တစ်ဖက်လူ ချုပ်တည်းပြောနေသကဲ့သို့ ခံစားနေရသည်။
သူ ပညာရှိစွာဖြင့် ထိုအကြောင်း ထပ်မမေးတော့ပေ။ အကြောင်းအရာပြောင်းပြောလိုက်သည်။
“အို ဟုတ်သား...သရဲခြောက်တဲ့အိမ် လုပ်မယ်ဆို ၀န်ထမ်းလိုမယ်နဲ့ တူတယ်..."
ကျီရွှမ် မျက်ခုံးပင့်လိုက်သည်။
"မင်း တစ်ယောက်ယောက်ကို ထောက်ခံပေးချင်လို့လား...”
..........
“ဝါးးးးးးမသွားချင်ဘူး...”
ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် ယဲ့ကျား၏လက်မောင်းနှစ်ဖက်ကို ဆွဲကာ သနားစဖွယ် ငိုကြွေးနေကြလေသည်။
“ငါတို့ ထွက်မသွားချင်ဘူးလို့...၀ါးးးးးး”
သူတို့ လူချောလေးနဲ့ နှစ်ရက်လောက်တောင် မနေရသေးဘူး...ဘာလို့ထွက်သွားရမှာလဲ...
အရမ်း ရုတ်တရက်ဆန်လွန်းတယ်...
သူတို့ အခုထိ လူချောလေးရဲ့ ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေ မကြည့်ရသေးဘူးလို့...
ယဲ့ကျား သူ့လက်မောင်းနှစ်ဖက်ကို တွယ်ဖက်ထားသည့် လက်များကို ဆွဲဖြုတ်လိုက်ပြီး စိတ်ရှည်စွာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လုံး ဒီသရဲခြောက်တဲ့ အိမ်မှာ မင်းတို့ရဲ့ စွမ်းရည်တွေအကုန် ထုတ်သုံးနိုင်တယ်လေ..."
ခြောက်လှန့်ခြင်းဝိညာဉ်တွေအတွက် သရဲခြောက်တဲ့ အိမ်ထက် ပိုကောင်းတဲ့နေရာ မရှိဘူး...
သူတို့ စက်ယန္တရားတွေ ကိရိယာတွေ ၀ယ်စရာတောင် လိုမှာ မဟုတ်ဘူး...နေရာတစ်ခုလုံးကို ဝိညာဉ်တွေက ထိန်းချုပ်ထားမှာ...ဘယ်လောက်အဆင်ပြေလိုက်လဲ...
ဒါပေမဲ့ လာလည်မဲ့ ဧည့်သည်တွေရဲ့ ကစားချိန်ကို နာရီ၀က်လောက်ပဲ ထားရမယ်...ဒီအချိန်လောက်ပဲဆို ခြောက်လှန့်ခြင်းဝိညာဉ်တွေက ဧည့်သည်တွေရဲ့ ကျန်းမာရေးကိုထိခိုက်စေမှာ မဟုတ်ဘူး...
သူ ဆက်ပြောလိုက်သည်။
“ဒါ့အပြင် အရင်က ဒီစွန့်ပစ်ထားတဲ့ ဗီလာကို လူတွေ လာတာ နည်းတယ်မလား...သရဲခြောက်တဲ့အိမ် လုပ်လိုက်ရင် မင်းတို့ ၀၀လင်လင် စားနိုင်မှာနော်..."
ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်စိတ်ယိမ်းယိုင် သွားကြသည်။
လူချောလေး ပြောတာမှန်တယ်...သူတို့ ဒီဗီလာမှာနေတုန်းက လူတွေ အများကြီး မလာခဲ့ဘူး...သူတို့က အားနည်းလွန်းလို့ အပြင်ထွက်ပြီးလည်း အစာမရှာရဲဘူး...သူတို့ အနီးအနားမှာ နေတဲ့လူတွေ အပေါ် ခြောက်လှန့်မှုလေး နည်းနည်းလုပ်ပြီးမှ ၀မ်း၀ရုံပဲ စားရတယ်...
၀၀လင်လင် စားရမယ်...ဒီစကားက အရမ်း ဆွဲဆောင်မှု ရှိတာပဲ...
ယဲ့ကျား သူတို့ကို ဆက်ဖြားယောင်းလိုက်သည်။
"ပြီးတော့ မင်းတို့ သိတဲ့အတိုင်း ဒီနေရာက တစ္ဆေဘုရင်ရဲ့ ပိုင်ဆိုင်မှုလေ...မင်းတို့ ဒီမှာ နေလိုက်ရင်မင်းတို့ကို သူ့လက်အောက်ငယ်သားလို့ ယူဆလို့ရတယ်...ဘယ်သရဲတစ္ဆေမှ မင်းတို့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး..."
ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် အချင်းချင်း ကြည့်လိုက်ကြသည်။
ဒီဟာက အရမ်းကောင်းတယ်...
ထို့နောက် သူတို့ ရှက်ရွံ့စွာ မေးလိုက်သည်။
"ဒီ...ဒီလိုလုပ်လိုက်ရင် ငါတို့ မင်းကိုတွေ့ရဦးမှာလား..."
ယဲ့ကျား ထိုမေးခွန်းအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
"ဒါပေါ့...ငါ မင်းတို့ဆီ ခဏခဏ လာလည်မှာ..."
သွေးအရိုးငါး အစာစားတဲ့ အချိန်တိုင်းလေ...
ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် မျက်ရည်များကျလာသည်။
"ဝူးးဝူးးကျေးဇူးတင်ပါတယ်...ငါတို့ မင်းကို ချစ်တယ်..."
ယဲ့ကျား နွေးထွေးစွာ ပြုံးပြလိုက်သည်။
"ရပါတယ်..."
နောက်ဆုံးတွင် ကျီရွှမ် သူ့ကို အမြတ် ၅၀%ပေးမည်ဟု ကတိပေးခဲ့သည်။
.......
ဆေးရုံ၌ ....
ကွမ်ထျန်းရီ နိုးလာလေပြီ။
သူ နိုးထလာသောအခါ မျက်နှာကျက်ဖြူကို ဗလာသက်သက် စိုက်ကြည့်နေလေ၏။ သူ မည်သည့်နေရာ ရောက်နေမှန်း သူမသိပေ။
ကွမ်ထျန်းရီ မျက်မှောင် ကြုတ်လိုက်ပြီး တဖြည်းဖြည်း ပြန်စဉ်းစားနေသည်။
သူနဲ့ သူ့သူငယ်ချင်းတွေ Mမြို့ပြင် ဆင်ခြင်ဖုံးရပ်ကွက်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ဗီလာကို စူးစမ်းလေ့လာဖို့ သွားခဲ့တယ်...ပြီးတော့ အဲ့ဒီမှာ စူးစမ်းလေ့လာဖို့ လာကြတဲ့ နောက်ထပ် လူနှစ်ယောက်နဲ့ တွေ့တယ်...
ဗီလာထဲမှာ သူတို့တွေ အခြောက်ခံရပြီး ကြောက်လန့်နေကြပေမဲ့ နောက်တော့ အဲ့နေရာက စက်ယန္တရားတွေ တပ်ထားမှန်း သိလိုက်ရတယ်...
ပြီးတော့ သူ သရဲထောက်လှမ်းရေး ကိရိယာ ကျန်ခဲ့လို့ သွားပြန်ယူတယ်...နောက်တော့...နောက်တော့ရော...
ကွမ်ထျန်းရီ ပိုစဉ်းစားလေလေ ပိုခေါင်းကိုက်လာလေလေ ဖြစ်သည်။ သူ မည်မျှပင် ကြိုးစား စေကာမူ နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို မမှတ်မိတော့ချေ။
နောက်ဆုံးတွင် သူ စဉ်းစားနေသည်ကို စွန့်လွှတ်လိုက်ပြီး ကုတင်ဘေးရှိ စားပွဲပေါ်မှ ဖုန်းကို ယူလိုက်သည်။
သူ ဖုန်းဖွင့်လိုက်သောအခါ သူ့ဖုန်းက တုန်ရီလာပြီး အသံမြည်လာလေသည်။ ထို့နောက် wechatတွင် သူငယ်ချင်းတစ်ယောက် ပို့ထားသော မက်ဆေ့ခ်ျကို မြင်လိုက်ရသည်ာ
"အစ်ကို လူကြိုက်များတဲ့ ရှာဖွေမှုကို ကြည့်ကြည့်လိုက်..."
ကွမ်ထျန်းရီ ခဏလောက် စိတ်ရှုပ်ထွေးသွားပြီး သံသယရှိစွာဖြင့် ဝေ့ပေါ်ကို ဖွင့်ကြည့်လိုက်၏။
နောက်တစ်ခဏတွင် သူ့ထဲ၌ ပေါ်လာသော နိုတီအရေအတွက်ကို မြင်လိုက်ပြီး အံ့ဩသွား၏။
တစ်ညတည်းနှင့် သူ့တွင် ဖော်လိုဝါ တစ်သိန်းလောက် ရှိနေပြီး မရေမတွက်နိုင်သော ကိုယ်ရေးကိုယ်တာ မတ်ဆေ့ခ်ျများလည်း ရောက်နေလေသည်။
ကွမ်ထျန်းရီ ပီတိ ဖြစ်သွားသည်။
သူ လူကြိုက်များသော ရှာဖွေမှုကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သောအခါ နံပါတ်ဆယ့်နှစ်၌ သူမြင်လိုက်ရသည်က...
#အင်တာနက်ကြယ်ပွင့်၏ သဘာ၀လွန်ဖြစ်ရပ်တိုက်ရိုက်ထုတ်လွှင့်မှု#
ကွမ်ထျန်းရီ၏ လက်များ တုန်သွားလေသည်။
တုန်နေသော လက်များနှင့် ၎င်းကို နှိပ်ကြည့်လိုက်သောအခါ သူ့၏ တိုက်ရိုက်ထုတ်လွှင့်မှုက မနေ့ညကတည်းက တိုက်ရိုက်ထုတ်လွှင့်မှု ထိပ်ဆုံးတွင် ရောက်နေပြီး တကူးတက သွားကြည့်စရာပင် မလိုချေ။ ဝေ့ပေါ်က ရုပ်ချည်းသက်သက် ဗီဒီယိုကို တိုက်ရိုက် ဖွင့်ပေးလာလေသည်။ သူမြင်လိုက်ရသည်က သူ့၏ ထိတ်လန့် စိတ်လှုပ်ရှားနေသောမျက်နှာဖြစ်ပြီး တံခါး၀တွင် ပုံရိပ်နှစ်ခုပေါ်လာသောအခါ သူတို့၏ စိတ်အနှောင့်အယှက် ဖြစ်သွားသော မျက်နှာများ ဖြစ်သည်။
ကွမ်ထျန်းရီ : “…….”
သူ့၏ တုန်နေသော လက်ချောင်းများက မှတ်ချက် ကဏ္ဍကို မတော်တဆ နှိပ်မိသွားလေသည်။
ထိုအခါ ရယ်မောလှောင်ရယ်နေသော ကွန်မန့်များက သူ့ကို ခေါင်းကိုက်စေလေသည်။
ထို့အပြင် ထိုသရဲခြောက်သော ဗီလာလိပ်စာ လိပ်စာကို ရှာဖွေနေကြသူများရှိပြီး သရဲခြောက်သော အိမ် ဖွင့်လှစ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသော လူများလည်း ရှိလေသည်။
"ငါ ငါးမိနစ်အတွင်း လူချောလေးရဲ့ အချက်အလက်လိုချင်တယ်..."ဟူသော ကွန်မန့်မှာ လူကြိုက်အများဆုံး ဖြစ်သည်။
ထိုကွန်မန့်ကို အလှအပ ဘလော့ဂါတစ်ဦးဖြစ်သော 'အားလျန်းလျန်းလျန်း'မှ ပြန်ရှယ်ထားလေသည်။
"ငါလည်း လိုချင်တယ်(ခွေးခေါင်း အီမိုဂျီ)..."
ကွမ်ထျန်းရီ ခံစားချက်မဲ့စွာ သူ့၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ခ်ျboxကို ဖွင့်လိုက်သောအခါ ပထမဆုံး မြင်ရသည့် မက်ဆေ့ခ်ျမှာ: နင် သရဲခြောက်တဲ့ ဗီလာက ထွက်လာတဲ့ လူချောလေးရဲ့ ဝေ့ပေါ်ကို သိလား....သိရင် ပြန်မျှဝေပေးဖို့ တောင်းဆိုပါရစေ...ကောင်းမှုကုသိုလ်လုပ်တဲ့ လူတွေက ကောင်းကောင်းနေရပါတယ်...
“……..”
ကွမ်ထျန်းရီ ဖုန်းကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
သေစမ်း...
.........
PIAMB ထောက်ပံ့ပို့ဆောင်ရေးဌာန၌...
ချန်စဲကျစ် ယဲ့ကျားဆီသွားကာ ဖုန်းကို ခိုးကြောင်ခိုးဝှက်ပြလိုက်သည်။
''အစ်ကိုယဲ့ အစ်ကို နာမည်ကြီးနေပြီ..."
ယဲ့ကျား : “……..”
ဒါနဲ့ဆို သူ့ကို လာပြောတာ ငါးယောက်ရှိပြီ...
ချန်စဲကျစ် ကွန်မန့်များကို ကြည့်လိုက်ပြီး ခါးသီးစွာ သက်ပြင်းချလိုက်သည်။
"ထူးဆန်းလိုက်တာ...ကျွန်တော် ကိုယ့်ကိုကိုယ် ကြည့်ကောင်းတယ်လို့ ထင်တာပဲ...ဘာလို့ ကျွန်တော့်ကို မချီးကျူးကြတာလဲ..."
သူ ခေါင်းငုံ့ကာ ရုံးတွင် တစ်နေကုန် ထိုင်ရာမှ ရရှိလာသော ဗိုက်ကို ဖိလိုက်သည်။
"ကျွန်တော် gymသွားလိုက်သင့်လား..."
ယဲ့ကျား အသက်ပြင်းပြင်း ရှူလိုက်ပြီး ခံစားချက်မဲ့စွာ မေးလိုက်သည်။
"မင်းအလုပ်ပြီးပြီလား..."
ချန်စဲကျစ် :"....."
သူ ခဏလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"အစ်ကိုယဲ့ အလုပ်ကို စိတ်အားထက်သန်နေတာ ပထမဆုံး မြင်ဖူးတာပဲ...အစ်ကို ပြောင်းလဲသွားပြီ...ကျွန်တော် နည်းနည်းတောင် ကြောက်လာပြီ..."
ယဲ့ကျား : “………”
တစ်ဖက်လူ၏ ပေါက်ကွဲထွက်တော့မည်ဆဲဆဲ အခြေအနေကို မြင်လိုက်သောအခါ ချန်စဲကျစ် ပညာရှိစွာ ရှောင်ထွက်လိုက်သည်။
"ကျွန်တော် အစီရင်ခံစာ ပြီးအောင် သွားလုပ်လိုက်ဦးမယ်...တာ့တာ အကိုယဲ့..."
ချန်စဲကျစ်၏ ထွက်သွားသော ပုံရိပ်ကို ကြည့်ပြီး ယဲ့ကျား နားထင်ကို နှိပ်လိုက်သည်။
ဆိုရှယ်မီဒီယာက တော်တော် စိတ်ရှုပ်ဖို့ ကောင်းတဲ့ အရာပဲ...
ယဲ့ကျား စားပွဲအောက် ခေါင်းငုံ့ကြည့်လိုက်သည်။
"ဘယ်လိုလဲ..."
စားပွဲအောက်တွင် ဖုန်းစခရင်က လင်းနေလေသည်။ လက်မဲလေး ဖုန်းကို လျင်မြန်စွာ နှိပ်နေသည်။
"ပြီးတော့မယ်..."
ခြောက်လှန့်ခြင်းဝိညာဉ်များ၏ ပြဿနာဖြေရှင်းပြီးနောက် ဆေးရုံကို သွားကာ ကွမ်ထျန်းရီ လက်ထဲရှိ ဂိမ်းကိရိယာနှင့် ပတ်သက်ပြီး ရှာရန် လှည့်ကွက် အချို့ သုံးခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ယဲ့ကျားကို ခေါင်းကိုက်စေသော အရာမှာ ယင်းက အွန်လိုင်းမှောင်ခိုဈေးကွက် ဖြစ်နေခြင်း ဖြစ်၏။
သူက အွန်လိုင်းကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ရန် မကျွမ်းကျင်ချေ။
ထို့ကြောင့် လက်မဲလေးနှင့်သာ လွှတ်ထားပေးလိုက်သည်။
လက်မဲလေး လိပ်စာအတုဖန်တီးပြီး အကောင့်သစ်ဖွင့်ကာ မှောင်ခိုဈေးကွက်ထဲသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ရောင်းသူကို ရှာဖွေနိုင်ခဲ့၏။ လုပ်ငန်းစဉ် တစ်ခုလုံးကို ချောချောမွေ့မွေ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်သွားခဲ့သည်။
ယဲ့ကျား အံ့အားသင့်သွားသည်။
ဒါက အရမ်းကို ကျွမ်းကျင်မနေလွန်းဘူးလား...
ငါးမိနစ်ကြာပြီးနောက် လက်မဲလေး စားပွဲခုံအောက်မှ ချောင်းကြည့်လိုက်ပြီး ယဲ့ကျားထံ ဂုဏ်ယူစွာဖြင့် ဖုန်းကို လှမ်းပေးလိုက်သည်။
"ပြီးပြီ..."
ယဲ့ကျား : "ပြီးပြီလား..."
“အင်း...”
လက်မဲလေး အဖြပြန်ပေးလိုက်သည်။
"ဒါက လိုင်းပေါ်က အရောင်းအ၀ယ် မဟုတ်ဘူး...လိပ်စာက စခရင်ပေါ်မှာ..."
ယဲ့ကျား ဖုန်းကို လှမ်းယူလိုက်ပြီး ကြည့်လိုက်သည်။
လိပ်စာက အလွန် အသေးစိတ်ကျပြီး အိမ်နံပါတ်ပါ ပါ၀င်ကာ အချိန်းအချက် ပြုလုပ်ထားချိန်ကယနေ့ည သန်းခေါင်ယံဖြစ်သည်။
ယဲ့ကျား : “………”
အံ့ဩစရာပဲ...
သူ ခေါင်းမော့ကာ လက်မဲလေးကို ကြည့်လိုက်ပြီး ရက်ရောစွာ ပြောလိုက်သည်။
"ငါ မင်းကို ဂိမ်းskin ဆုချမယ်..."
(ဒီမှာ ခေါင်းမော့ကြည့်တာက ဖုန်းကြည့်နေရင်း ခေါင်းမော့ကြည့်တာနော်...မျက်လုံးထဲ မမြင်မှာစိုးလို့ပါ...လက်မဲလေးက စားပွဲအောက်မှာပဲရှိသေးတယ်...)
လက်မဲလေး ယဲ့ကျား၏ ခြေသလုံးကို ဖက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဝိုး...ကျေးဇူးတင်ပါတယ်...ဘော့စ်..."
အလုပ်ချိန်က နှေးကွေးစွာ ကုန်ဆုံးသွားပြီး အလုပ်ဆင်းချိန်သို့ ရောက်ရှိလာလေသည်။
ဤနှစ်ရက်အတွင်း လျှိုကျောက်ချန် ဌာနတွင် ပေါ်လာခဲသည်။
ယဲ့ကျား ထိုကိစ္စနှင့် ပတ်သတ်ပြီး အသေးစိတ်အများကြီး မသိသော်လည်း လျှိုကျောက်ချန်က ဝူဆု၏အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းကို သိလေသည်။
မည်သို့ပင် ဖြစ်စေကာမူ လျှိုကျောက်ချန် ဌာနကို အချိန်ပြည့် ကြည့်မနေနိုင်သည့်အတွက် ၀န်ထမ်းများ ပေါ့ပေါ့ဆဆ နေနေကြသည်။
ထိုအရာက ယဲ့ကျား အတွက်လည်း ကောင်းလေသည်။
အနည်းဆုံး သူ သရဲတစ္ဆေများနှင့် ရင်ဆိုင်ရလျှင် ဌာနမှ လစ်ထွက်ရန် မလိုတော့ချေ။
ယဲ့ကျား နို့လက်ဖက်ရည်ဝယ်ပြီး တိုက်ခန်းသို့ ဖြည်းဖြည်း ပြန်လာလေသည်။
ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာပြီး အပြာနုရောင် ကောင်းကင်ကြီးမှ နက်ပြာရောင်ကောင်းကင် ထိုမှတစ်ဆင့် နောက်ဆုံးတွင် မှင်နက် နှင့် တူသော အမည်းရောင် ကောင်းကင်သို့ ပြောင်းသွားလေသည်။
ယဲ့ကျား ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ထို့နောက် ကျောကို ဆန့်ကာ ဖုန်းမှ အချိန်ကို တစ်ချက် စစ်ကြည့်လိုက်သည်။
အချိန် နီးလာပြီ...
ယဲ့ကျား သူ့ကိုယ်သူ ကျွမ်းကျင်စွာ ရုပ်ဖျက်လိုက်သည်။
တစ်ဖက်လူက လူလား စွမ်းအားကြီးတစ္ဆေလား သေချာ မသိသောကြောင့် သူ နှစ်ခုလုံး ပြင်ဆင်ခဲ့သည်။ သူ့မျက်နှာကို ဖုံးကွယ်ရုံသာမကသူ့၏ အနံ့ကိုလည်း သာမာန်လူ တစ်ယောက်နှင့်တူအောင် ကြိုးစား ဖုံးကွယ် ခဲ့လေသည်။
မကြာမီ သူ ဖုန်းထဲမှ လိပ်စာနေရာသို့ ရောက်သွားသည်။
လိပ်စာပါ နေရာက သာမာန်လူနေရပ်ကွက်တွင် ဖြစ်လေသည်။
အနီးအနားရှိ လမ်းမီးများက အမှောင်ထုအချို့ကို ပျက်ပြယ်စေပြီး မှိန်ဖျဖျအဝါရောင်မီးရောင်များက သူ့၀န်းကျင်ရှိ လူသွားလမ်းကို တောက်ပစေသည်။ အဖွဲ့အစည်းကို ဘ၀များစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အထပ်အနည်းငယ်ခန့် ရှိသော အဆောက်အအုံများရှိ ပြတင်းပေါက်များက တောက်ပနေပြီး ၎င်းတို့ကို ဖြတ်၍ အထဲမှ ပုံရိပ်အချို့ကို ဝိုးတိုးဝါးတား မြင်နိုင်ပေသည်။
ယဲ့ကျား အမှောင်ထဲတွင် ရပ်ကာ စစ်ဆေးလိုက်သည်။
သူ့ကို အံ့ဩသည်မှာ ဤနေရာတွင် ပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျ မရှိချေ။
ယဲ့ကျား၏မျက်လုံးများ မှေးစင်းသွားပြီး အတွေးနက်နဲနေလေသည်။
သူ သူ့၏ ခရီးပန်းတိုင်ဆီသို့ သွားလိုက်ပြီး တံခါးဘဲလ်ကို တီးလိုက်သည်။
ထိုအခါ ပျင်းရိကြမ်းတမ်းသော အသံတစ်သံ အထဲမှ ထွက်လာလေသည်။
"ဟဲလို...ပစ္စည်း၀ယ်ဖို့ လာတယ်ဆို...အထဲ၀င်ခဲ့ပါ..."
တစ်ဖက်လူက ခဏရပ်တန့်သွားပြီး ဆက်ပြောလာသည်။
"အို...ဟုတ်သား...ဓာတ်လှေကားပျက်နေတယ်...လှေကားနဲ့ တက်ခဲ့ပေါ့..."
ထိုသို့ ပြောပြီးသည်နှင့် တတီတီ မြည်သံနှင့်အတူ သူ့ရှေ့မှ တံခါးပွင့်လာသည်။
ယဲ့ကျား : "......."
သူ စိတ်ကူးထားတာနဲ့ မတူဘူး...
ယဲ့ကျား အသက်ပြင်းပြင်းရှူကာ အထဲသို့ ၀င်လိုက်သည်။
Xxxx