အပိုင်း ၄၆
Viewers 10k

Chapter 46



ဤနေရာက အ‌တော်ဟောင်းနွမ်းနေသည့် အဆောက်အအုံဖြစ်ပြီး ဖုန်များ ၊ ဆီနံ့များနှင့် အမှိုက်နံ့များက အတော် စိတ်မသက်မသာ ဖြစ်စေလေသည်။

ဓာတ်လှေကားက စုတ်ပြတ်နေပြီး ခလုတ်များကလည်း မည်းနေလေသည်။ ပျက်နေကြောင်း သိသာလှသည်။

ယဲ့ကျား လှေကားဆီ မသွားမီ ဓာတ်လှေကားကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

လှေကားရှိ မီးများလည်း ပျက်နေသော်လည်းပြတင်းပေါက်မှ တစ်‌ဆင့်၀င်လာသောလမ်းမီးရောင်များမှ လှေကားထစ်ကိုမြင်နိုင်ပေသည်။

သို့သော် ယဲ့ကျားအတွက် အမှောင်ကပြဿနာမရှိပေ။

သူ တက်နေစဉ်လမ်းတစ်၀က်လောက်တွင်ရပ်သွားပြီး သူ့ပခုံးပေါ်မှလက်မဲလေးကို ဆုပ်ကိုင်လိုက်ကာ သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

ထိုအချိန်တွင် သူ့ထံသို့ လွှမ်းခြုံလာသော ထူးခြားသည့် စွမ်းအင်အချို့ကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်က သူ့ကို ထောက်လှမ်းလာခြင်းသာ ဖြစ်ပြီး မကောင်းသောရည်ရွယ်ချက် မရှိပေ။ တံခါးက တစ်၀က်လောက် ဖွင့်နေပြီး ထိုစွမ်းအင်က တံခါးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယဲ့ကျား တည်ငြိမ်စွာ တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် လျော့ရိလျော့ရဲ ၀တ်ဆင်ကာ ဆိုဖာပေါ်တွင် ခွေနေသော သက်လတ်ပိုင်း အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားက သူ့ကို ကြည့်ကာ ပျင်းရိစွာ မေးလာလေသည်။

"ဘာ၀ယ်ချင်လို့လဲ..."

“‌ ထောက်လှမ်းရေးကိရိယာ...ကျွန်‌တော် ခင်ဗျားရဲ့ ကိရိယာတွေက အရမ်းတိကျတယ်လို့ ကြားတယ်..."

ယဲ့ကျား ပြောလိုက်သည်။

သက်လတ်ပိုင်း အမျိုးသား ဗိုက်ကို ကုတ်ကာ ထထိုင်လိုက်ပြီး ဆိုဖာအောက်မှ အမည်းရောင် သေတ္တာတစ်လုံးကိုဆွဲထုတ်ကာ ယဲ့ကျားဆီတွန်းပေးလိုက်သည်။

"ရပြီ..."

သူ ကော်ဖီစားပွဲပေါ်မှ ညစ်ပတ်နေသော QRကုဒ်ကို ညွှန်ပြလိုက်သည်။

"ယွမ်လေးသောင်း...စကင်ဖတ်ရုံပဲ..."

ယဲ့ကျား၏ မျက်လုံးများ စူးရှလာလေသည်။ သူ တစ်ဖက်လူကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီးတွက်ချက်လိုက်သည်။

ကစားသမားလည်း မဟုတ်ဘူး...စွမ်းအားကြီးတစ္ဆေလည်း မဟုတ်ဘူး...သာမာန်လူပဲ...

ဒီလူက အရောင်းအ၀ယ်ကိစ္စမှာပါနေပေမဲ့ အဓိက အဖွဲ့၀င်မဟုတ်ဘူး...အရောင်းသမားလောက်ပဲ...

ယဲ့ကျား မျက်လုံးကို အောက်စိုက်ကာ QRကုဒ်ကို ဖုန်းဖြင့် စကင်ဖတ်လိုက်သည်။

'ဒင်'ခနဲ မြည်သံနှင့်အတူ ငွေလွှဲခဲ့ပြီး ဖြစ်သည်။

သက်လတ်ပိုင်းအမျိုးသား ဖုန်းကို စစ်ဆေးလိုက်‌သောအခါ ငွေပမာဏက ယွမ်လေးသောင်းငါးထောင် ဖြစ်နေလေသည်။

သူ သူ့ရှေ့မှ လူငယ်ကို သံသယရှိစွာ ကြည့်လိုက်သည်။

"ဒါက..."

“ခင်ဗျားနဲ့ ဒီနေ့ဆက်သွယ်လာကတည်းက ကျွန်တော်က သဘာ၀လွန်ဖြစ်ရပ်တွေရဲ့ အမာခံဖန်ဆိုတာ သိလောက်ရောပေါ့..."

လူငယ်လေး၏ မျက်နှာက အမှောင်ထဲတွင် ပုန်းကွယ်နေသော်လည်း သူ့၏ စိတ်နေစိတ်ထားကို
‌တော့ မဖုံးကွယ်နိုင်ပေ။ သူ တစ်ဖက်လူ၏လေသံထဲမှ ပျော်ရွှင်မှုကို ခံစားနိုင်ပေသည်။

“တကယ်လို့ ခင်ဗျားမှာသာ ဒီလိုမျိုးတွေ ထပ်ရှိရင်ကျွန်တော့်ကို ဆက်သွယ်ပေး... ပိုက်ဆံကပြဿနာမဟုတ်ဘူး..."

ပြောပြီးနောက် လူငယ်လေးက ပြန်လှည့်ထွက်သွားလေသည်။

နောက်တစ်ခဏတွင် ယဲ့ကျား သူ့နောက်မှ သက်လတ်ပိုင်း အမျိုးသား၏ ကြမ်းတမ်းသော အသံကို ကြားလိုက်ရသည်။

"ဟေ့...ဟေ့...ဟေ့...မသွားနဲ့ဦး..."

သူ နောက်ကိုပြန်လှည့်ကြည့်လိုက်ပြီး သံသယဖြစ်ဟန်ဆောင်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

“ဒီ‌နေရာမှာ ဒီပစ္စည်းပဲ ရှိတယ်..."

သက်လတ်ပိုင်းအမျိုးသား ခေါင်းကုတ်လိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်း စိတ်မရှိရင် ငါ မင်းကို တခြားနေရာ ခေါ်သွားပေးမယ်...အဲ့ဒီမှာပစ္စည်းတွေပိုများတယ်..."

ယဲ့ကျား နက်ရှိုင်းစွာ ပြုံးလိုက်ပြီး သူ့အသံက အလွန်ရိုးသား နေလေသည်။

"တကယ်လား...အရမ်းကောင်းတာပဲ..."

..........

ဗီဒီယို တစ်ခု ပွင့်နေလေသည်။

"သူငယ်ချင်းတို့...ငါမင်းတို့ကို ကတိပေးတယ်...နောက်ပြောမဲ့စကားတွေအားလုံးက အမှန်တရားတွေပဲ..."

လူငယ်၏ အသံက အနည်းငယ် တုန်ရီနေပြီး ခံစားချက် အချို့ကို ဖိနှိပ်ထားကြောင်း သိသာလေသည်။ စခရင်ပေါ်မှ အသံက အနည်းငယ်စိတ်ကူးယဉ်ဆန်နေသည်။

ချက်ချင်းဆိုသလို ဖုန်း လှုပ်ရှားသွားကာ မည်းမှောင် မှုန်မှိုင်းသော အ‌ဆောက်အအုံကြီး ပေါ်လာလေသည်။

"အဲ့‌နေရာပဲ...ဒီဗီလာက Mမြို့ရဲ့ ဆင်ခြင်ဖုံး ရပ်ကွက်မှာရှိပြီး..."

လူငယ်လေး စကား တတွတ်တွတ်ပြောနေစဉ် ပွင့်နေသော ဗီလာတံခါးမှ ပုံရိပ်နှစ်ခု ထွက်လာလေသည်။

‌‌အနောက်မှ ထွက်လာသော လူငယ်က မှုန်မှိုင်းနေသော နောက်ခံထက်၌ အလွန်မျက်စိဖမ်းစားနေလေ၏။

လူငယ်လေးက အရပ်ရှည်ပြီး သေးသွယ်သည်။ သူက ပိန်ပါးနေသော်ငြားလည်း ခြေလှမ်းများကပေါ့ပါးပြီး ခိုင်မာလေသည်။ ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသည်ဟုပင် ထင်ရသည်။

လူငယ်၏ အသားအရေက အလွန်ဖြူဖျော့နေသောကြောင့် ညအမှောင်တွင် တောက်ပနေလေသည်။ သူ့၏မျက်လုံးများက အေးဆေးတည်ငြိမ်ပြီး ‌ဆွဲဆောင်နိုင်သော စိတ်နေစိတ်ထား‌ကို ပေးစွမ်းနေလေသည်။ ကျော့ရှင်းသည်၊ စိတ်လွင့်နေသည်၊ နတ်ဆိုးနှင့်တူကာ ပျင်းရိနေသည်။ အဆင့်နိမ့် တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပင် ထိုလူငယ်က အလွန်ချောမောနေလေသည်။ သူ့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လူများ၏မျက်လုံးများက သူ့အပေါ် ကူရာမဲ့စွာ ကျဆင်းသွားရပေသည်။

အေးစက် ဖျော့တော့သော လက်ချောင်းများက ဖုန်းမျက်နှာပြင်ကို တိတ်တဆိတ် ထိတွေ့လိုက်သည်။

ကျီရွှမ်၏ နီညိုရောင် မျက်လုံးများထဲ၌ တစ်ဖက်လူ၏ ပုံရိပ်ထင်ဟပ်နေလေသည်။

သူ ဖုန်းမျက်နှာပြင်မှတစ်ဆင့် လူငယ်လေး၏ ပါးကို ညင်သာနူးညံ့စွာ ထိတွေ့လိုက်သည်။

သွေးအရိုးငါးက သူ့၏ နှာခေါင်းဖြင့် ဖုန်းမျက်နှာပြင်ကို သံသယရှိစွာ ပွတ်လိုက်သည်။ အဘယ်ကြောင့် သူ့သဘောကျသည့်လူသားက သေးသွားပြီး သေတ္တာနက်လေးအထဲ ရောက်နေမှန်း နားမလည် နိုင်‌တော့ပေ။

ကျီရွှမ် သွေးအရိုးငါးကို ကျန်လက်တစ်ဖက်ဖြင့် နူးညံ့စွာ ပွတ်သပ်ပေးလိုက်ပြီး ကျန်လက်တစ်ဖက်က ဖုန်းမျက်နှာပြင်ထက်မှ လူငယ်လေးကို ထိုးပြလိုက်သည်။

"မင်း သူ့ကို အရမ်းကြိုက်တယ်မလား..."

သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာပြီး အသံအက်ရှရှနှင့် ပြောလိုက်သည်။

"ငါရောပဲ..."

သူ ထိုလူငယ်လေးကို မည်သူမှ မမြင်အောင်သော့ခတ်ထားလိုက်ချင်သည်။

သူ့လူကို လာကြည့်ရဲတဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး လာထိရဲတဲ့ လက်တွေကို သူ့အိမ်‌‌မွေးတိရစ္ဆာန်ဆီ ကျွေးပစ်လိုက်ချင်တယ်...

ကျီရွှမ် ခေါင်းငုံ့ကာ ဗီဒီယိုကို ပြန်ကျော့ကြည့်လိုက်သည်။

"သူငယ်ချင်းတို့...ငါမင်းတို့ကို ကတိပေး..."

ဖုန်းမျက်နှာပြင်ပေါ်မှ ထုတ်လွှင့်မှုကို ကြည့်ပြီး ကျီရွှမ်မျက်လုံးထဲမှ လိုအင်ဆ‌န္ဒများ လျှံကျလာလေသည်။

မဟုတ်ဘူး...

သူထိန်းထားရမယ်...

ဖုန်းမျက်နှာပြင်က အားသက်ရောက်မှုကြောင့် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်ပေါက်လာပြီး လျှပ်စစ်သံ တဖျပ်ဖျပ် မြည်လာကာ မျက်နှာပြင် မည်းမှောင်သွားလေသည်။

ကျီရွှမ် နောက်ထပ်ဖုန်းတစ်လုံးကို အဝေးသို့ လွှတ်ပစ်လိုက်ပြီး မျက်လုံးမှိတ်ကာ ထိုင်ခုံ လက်ရန်းကို လက်ညှိုးဖြင့် စိတ်မရှည်စွာ ပုတ်လိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်လုံးပြန်ပွင့်လာကာ သူ့အကြည့်က မနီးမဝေးမှ စာအုပ်တစ်အုပ်ဆီ ရောက်သွားသည်။

စာအုပ်အဖုံးက ဆုတ်ပြဲနေသော်လည်း အထဲရှိ စာရွက်များက ကောင်းမွန်နေသေးလေသည်။
ယင်းစာအုပ်တွင် အကြိမ်များစွာ ဖတ်ရှုခံထားရသော အရိပ်‌အယောင်များ ရှိနေသည်။

ကျီရွှမ် ခဏလောက် ရပ်တန့်သွားပြီး လက်ညှိုးကို ကွေးလိုက်သည်။

ထိုအခါ စာအုပ်က သူ့လက်ထဲသို့ ပျံသန်းလာလေသည်။ စာမျက်နှာများ လျင်မြန်စွာ လှန်သွားပြီးနောက်ဆုံးတွင် စာအုပ်အလယ်လောက်၌ ရပ်တန့်သွားသည်။

【ကိုယ့်ခံစားချက်ကို အတည်ပြုပြီးရင် ဘာဆက်လုပ်သင့်လဲ...

9.ခွေးလားကြောင်လား: ဆက်ဆံရန် အခွင့်အရေးများ ဖန်တီးခြင်း

မင်း ချစ်တဲ့လူက က ခွေးကို ကြိုက်တဲ့လူလား...ကြောင်ကို ကြိုက်တဲ့လူလား...

တကယ်လို့ ကြောင်ကို ကြိုက်တဲ့လူဆို သူ့ကို ကြောင်ကဖေးကို ခေါ်သွားလိုက်ပါ...ကြောင်ချစ်သူတွေက ဒီလို အခွင့်အရေးကို ငြင်းဆန်မည် မဟုတ်ပါ...】

ကျီရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ညှိုးကို အနည်းငယ်ပင့်မလိုက်သည်။

ထိုအခါ စာမျက်နှာ အနည်းငယ် ဆက်လှန်သွားသည်။

【တကယ်လို့ ခွေးကို ကြိုက်တဲ့လူဆို မင်းမှာ ဒါမှမဟုတ် မင်း ချစ်တဲ့လူမှာ ခွေးတစ်ကောင်ရှိရင် ခွေးကို လမ်းလျှောက်ပေးရင်း တွေ့အောင်ကြိုးစားပါ...နေသာနေတဲ့ ပန်းခြံတစ်ခုမှာ တစ်ဖက်လူရဲ့ အံ့ဩသွားတဲ့အမူအရာ၊ ခွေးက မင်းတို့ခြေရင်းမှာ တက်ကြွနေမယ်...အချစ်မျိုးစေ့ပျိုးဖို့ ဒီထက် သင့်‌တော်တဲ့ အခြေအနေ မရှိဘူး... 】

“ဘုတ်...”

ကျီရွှမ် စာအုပ်ကို ပိတ်လိုက်သည်။

သူ ဒီစာအုပ်ကို နောက်ဆုံးဖတ်ကတည်းက သိလိုက်တယ်...ဒီစာအုပ်က အမှိုက်စာအုပ်ပဲ...

ခေါင်းစဉ်က ဗန်းပြထားရုံပဲ...ပါတဲ့ အကြောင်းအရာ ၉၀%လောက်က လုံး၀ အမှိုက်ဆန်တယ်...သီအိုရီတွေက ပေါက်ကရ...စာရေးသူရဲ့ အရေးအသားကလည်း ရှုပ်ထွေးပြီး တစ်ခါ‌တစ်လေ စာလုံးပေါင်း အမှားတွေ‌‌တောင် ပါသေး...

ဒါပေမဲ့...

ကျီရွှမ် မျက်လုံး အောက်စိုက်ထားကာ အတွေးနက်နဲနေပုံ ပေါ်လေသည်။

အချိန်အတော်ကြာပြီးနောက် သူ့အကြည့်က ခြေရင်းတွင် ရှိနေသော သွေးအရိုးငါးဆီ ရောက်သွားသည်။ သူ့မျက်လုံးထဲရှိ အကြည့်များက နားလည်ရခက်လေသည်။

ခွေးဆိုရင်...

သူတို့(သွေးအရိုးငါးနဲ့ေခွး)က ဆင်တူ‌ကြတယ်...ဟုတ်တယ်မလား...

သခင်၏ အကြည့်ကို သတိထားမိသော သွေးအရိုးငါး ခေါင်းမော့လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“?????”

.............

Mမြို့သည် တောင်များ၊ ပင်လယ်များနှင့် နီးလေသည်။

ည ပိုမှောင်လာသောအခါ Mမြို့ထဲရှိမီးအများစု ပိတ်သွားပြီး မီးအလင်းအချို့သာ ကျန်တော့သည်။

တစ်ဖက်တွင် ပင်လယ်ပြင်က တည်ငြိမ်နေပြီး အလင်းရောင် အနည်းငယ်မျှမရှိ လုံး၀မှောင်ပိန်းကျနေလေသည်။ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီး ခပ်‌ဖျော့ဖျော့လှိုင်းပုတ်သံများကိုသာကြားရ၏။

သင်္ဘောကုန်လှောင်‌ရုံနားတွင် ကားတစ်စီးရပ်သွား၏။

ဆိပ်ခံတံတားနားတွင် ကုန်လှောင်ရုံများစွာရှိရာ အမှောင်ထဲတွင် အနည်းငယ်ကျောချမ်းစရာကောင်းနေ၏။

ကားတံခါးပွင့်လာပြီး စွပ်ကျယ်လက်ပြတ်နှင့် ဘောင်းဘီတို၀တ်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဆင်းလာသည်။ ထိုအမျိုးသား မေးစေ့ကို ကုတ်လိုက်ကာ နောက်လှည့်လိုက်ပြီး ကားထဲမှ လူကို ပြောလိုက်သည်။

"ခဏစောင့်...ငါသူတို့နဲ့အရင်ပြောလိုက်ဦးမယ်..."

ကားထဲမှ လူငယ် ခေါင်းငြိမ့်လိုက်သည်။

"အင်း..."

သက်လတ်ပိုင်းအမျိုးသားက ကုန်လှောင်ရုံများကြားတွင် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သူ့ပုံရိပ်က ချက်ချင်းပျောက်ကွယ်သွားလေသည်။

ယဲ့ကျား ကားတံခါးဖွင့်ကာ အပြင်ထွက်လိုက်၏။

ဤနေရာက မြို့ထဲကနှင့်စာလျှင် အနည်းငယ် ပိုအေးသည်။

ဆားဓာတ်ပြည့်၀နေသော ပင်လယ်လေညှင်းက သူ့ဆံပင်ကို ပွရောင်းရောင်း ဖြစ်စေလေသည်။

ယဲ့ကျား၏ အကြည့်က ကုန်လှောင်ရုံများပေါ် ရောက်သွားပြီး နက်နဲစွာ ‌တွေးနေသည်။ သူ့ခေါင်းထက်ရှိ မည်းမှောင်နေသော ကောင်းကင်ကြီးက သူ့မျက်လုံး အနက်ပိုင်းတွင် ရောင်ပြန်ဟပ်နေ၏။

အရှေ့မှာ ဘာမှမရှိဘူး...

ဒါပေမဲ့ ဒီဘာမှမရှိတာက သူ အဲ့ဒီလူအပေါ် ခံစားရတုန်းကနဲ့ လုံး၀ ကွာခြားတယ်...အဲ့ဒီလူဆီမှာ ယင်စွမ်းအင် ဒါမှမဟုတ် သာမာန်လူတစ်ယောက်ရဲ့ အနံ့ရစေတဲ့ ကိရိယာ...ဒါမျိုးတွေရဲ့ အရိပ်‌အယောင် လုံး၀မတွေ့ရဘူး...

ဒီနေရာက ကွာခြားတယ်...

သူ ဘာမှ မခံစားနိုင်ဘူး...

ယင်စွမ်းအင်လည်း မရှိဘူး...အသက်လက္ခဏာလည်း မရှိဘူး...ပင်လယ်ထဲက စိုထိုင်းနေ‌တဲ့ လေထု အနံ့တောင် မရှိဘူး...လုံး၀ဗလာပဲ...

ဒီနေရာက သီးခြားကမ္ဘာတစ်ခုလို ဖြစ်နေတယ်...

ကိရိယာကို သုံးထားတာလား...

ယဲ့ကျား စိတ်ထဲတွင် တည်ငြိမ်စွာ ချင့်ချိန်တွေးတောနေသည်။

သူ့ထင်မြင်ချက်သာ မှန်ခဲ့ရင် တစ်ဖက်လူက အရမ်း သတိကြီးကြီးထားပြီး လှုပ်ရှားတာ ဖြစ်နိုင်သလို သူတို့ အဖမ်းခံရတော့မှာကို သိလို့လဲ ဖြစ်နိုင်တယ်...

ဒါပေမဲ့ ဘယ်ဟာမှန်တာပဲဖြစ်ဖြစ် သူ အခုချိန်မှာ သေချာမသိနိုင်ဘူး ..

ယဲ့ကျား မျက်လုံးများကို မှေးစင်းကာ အတွေးထဲ နစ်မောနေပုံ ပေါ်လေသည်။

သူ လက်မဲလေးကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။

"အနံ့ရလား..."

လက်မဲလေး: "အနံ့လား...ဘာအနံ့လဲ..."

“မင်း မခံစားရဘူးလား...”

ယဲ့ကျား မျက်ခုံးကို ပင့်ကာ ရှေ့မှ အမှောင်ထုကို ညွှန်ပြလိုက်သည်။

"ဒီနေရာက နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား..."

လက်မဲလေး တွန့်ဆုတ်စွာ ပြောလိုက်သည်။

"မ...မထင်ဘူး..."

''ဟုတ်လား...”

ယဲ့ကျား ခေါင်းငြိမ့်ကာ လက်မဲလေးကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

"မင်းကို မလိုတော့ဘူး..."

အိတ်ကပ်ထဲမှ လက်မဲလေး : "........"

ငါက မင်းအတွက် ကိရိယာတစ်ခုပဲလား...

.............

ဆယ်မိနစ်ကြာပြီး‌နောက်...

သက်လတ်ပိုင်းအမျိုးသား ကသုတ်ကရက် လျှောက်လာပြီး သူ့မျက်နှာပေါ်တွင် ခံပြင်းမှု အချို့ ရှိနေလေသည်။

"ဘာဖြစ်လို့လဲ..."

ယဲ့ကျား မေးလိုက်သည်။

“ဟာ...ဘာမှ မမေးနဲ့...”

ထိုအမျိုးသား၏ အသံထဲတွင် မပြီးပြတ်သေးသော ဒေါသများ ပြည့်နှက်နေလေသည်။

သူ ပြောလိုက်သည်။

"ဘာပစ္စည်းမှ မရခဲ့တဲ့အပြင် ငါ့ကို လာကြိမ်းမောင်းနေတယ်...သူတို့ပြောတာ ငါက ပေါ့တီးပေါ့ဆနိုင်လွန်းတယ်တဲ့...သေစမ်း..."

ယဲ့ကျား ပြောလိုက်သည်။

"အဆင်ပြေပါတယ်...ကျွန်တော် နားလည်တယ်...နောက်ဆုံးတော့ ဒီနေရာက မကောင်းတဲ့ နေရာပဲ..."

သူ နွေးထွေးစွာ ပြုံးပြလိုက်ပြီး ကားဘက် လှည့်လိုက်သည်။ ထိုအခါ သူ့နောက်မှ အမျိုးသား၏ စကားသံကို ကြားလိုက်ရသည်။

"တောင်းပန်ပါတယ်...ကောင်လေး..."

သက်လတ်ပိုင်းအမျိုးသားက လက်မြှောက်လိုက်သောအခါ သူ့လက်ဖဝါးပေါ်တွင် တင်းတင်းကြပ်ကြပ် ကပ်တွယ်နေသော အနက်ရောင် မကောင်းဆိုးဝါး တစ်ကောင်ပေါ်လာသည်။ သူ့၏လက်တံရှစ်ခုက လက်ဖမိုးကို တင်းကြပ်စွာ တွပ်ကပ်နေပြီး စုပ်ခွက်သဏ္ဍာန် ပါးစပ်မှ အနံ့မရှိသော အရည်အချို့ထွက်လာကာ ထိုအရည်က လူငယ်၏ ‌နောက်ကျောပေါ်သို့ သဲလွန်စပင် မကျန်‌ စိမ့်၀င်သွားလေသည်။

ချက်ချင်းဆိုသလို လူငယ်လေး ယိမ်းထိုးသွားကာ မြေပြင်ပေါ်သို့ အားနည်းစွာ ပစ်လဲကျသွားသည်။

သက်လတ်ပိုင်းအမျိုးသားက လက်ကို တွယ်ကပ်‌နေသော လက်တံများကို ဆွဲခွာလိုက်ပြီး ခြေရှစ်ချောင်း မကောင်းဆိုးဝါးကို ပုလင်းလေးထဲ သိပ်ထည့်လိုက်သည်။

ထို့နောက် လက်ကို အ၀တ်နှင့် သုတ်လိုက်ပြီး မြေကြီးပေါ်သို့ တံထွေး ထွေးလိုက်သည်။

“ဖာ့ခ်...ရွံ့စရာကောင်းလိုက်တာ...”

သက်လတ်ပိုင်း အမျိုးသား ခါးကိုင်းလိုက်ပြီး သူ့နောက်မှ အမှောင်ထုထဲသို့ ကုန်းအော်လိုက်သည်။

"ဟေ့...ပြီးပြီ..."

‌အမှောင်ထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။

ထိုပုံရိပ်က တွန်းလှည်းတစ်စီးကိုတွန်းလာသည် မြေကြီးပေါ်တွင်ဘီးလှိမ့်နေသံက အလွန်ပျင်းစရာ ကောင်းလေ၏။

တွန်းလှည်းက ယဲ့ကျားဘေးတွင်ရပ်သွားသည်။

ထိုပုံရိပ်နှစ်ခုက ခါးကိုင်းလိုက်ပြီး သတိမေ့နေသော လူငယ်ကို တွန်းလှည်းထဲ ထည့်လိုက်သည်။

ထိုအခါ ခေါင်းစွပ် ပြုတ်ကျသွားပြီး လူငယ်၏ ဖြူဖျော့နေသော မျက်နှာနှင့် ချွန်ထက်သော မေးစေ့ပေါ်လာသည်။ သက်လတ်ပိုင်း အမျိုးသား ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။

"အရမ်းကြည့်ကောင်းတာပဲ..."

ကျန်လူနှစ်ယောက် ဘာမှ မပြောပေ။

သူတို့ထဲမှတစ်ယောက်က အိတ်ကပ်ထဲမှ လက်ဝါးအရွယ် ကိရိယာလေးကို ထုတ်လိုက်ပြီး လူငယ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ စစ်ဆေးချိန် တစ်ချိန်လုံး ကိရိယာမှ မီးရောင်များ၊ အသံများ ထွက် မလာချေ။

“ဘယ်လိုလဲ...”

အခြားလူတစ်ယောက် မေးလိုက်သည်။

ထိုလူ ကိရိယာလေးကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ပြောလိုက်သည်။

"ပြဿနာမရှိဘူး...ကစားသမားလည်းမဟုတ်ဘူး...စွမ်းအားကြီးတစ္ဆေလည်းမဟုတ်ဘူး...သာမာန်လူပဲ..."

အခြားလူ စိတ်သက်သာရာရသွားသည်။

သက်လတ်ပိုင်းအမျိုးသားက သူတို့ကြားမှစကားဝိုင်းကို နားထောင်နေသော်လည်း တစ်လုံးချင်းစီကိုနားလည်ပြီး အားလုံးပေါင်းစပ်လိုက်သောအခါ နားမလည်တော့ချေ။

သူ မကျေမနပ် ပြောလိုက်သည်။

"မင်းတို့ ဘာတွေပြောနေကြတာလဲ..."

ဘာကစားသမားလဲ...ဘာစွမ်းအားကြီးတစ္ဆေလဲ...

ထိုလူနှစ်ယောက် ယခုမှ သက်လတ်ပိုင်းအမျိုးသားကို ပြန်သတိရသွားသည်။

သူတို့ထဲမှ တစ်ယောက်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်း နောက်ထပ် လူတစ်ယောက်ကို ဒီလိုပေါ့တီးပေါ့‌ဆခေါ်လာတာမျိုး မလုပ်နဲ့..."

သက်လတ်ပိုင်း အမျိုးသား ကြိုးစား ရှင်းပြလိုက်သည်။

"ဒီကောင်လေး ငါ့နေရာ၀င်မဲ့လူ...မင်းပေးထားတဲ့ ကိရိယာနဲ့ ငါ သူ့ကိုစစ်ဆေးပြီးပြီ...အမှားအယွင်း မရှိဘူး...သူက ဒီအတိုင်း သဘာ၀လွန်ဖြစ်ရပ်တွေကို သဘောကျတဲ့ ချမ်းသာတဲ့ အရူးတစ်ယောက်ပဲ...ဒါကြောင့် ငါ..."

သူ စကားမဆုံးမီ အခြားလူတစ်ယောက် ရက်စက်စွာ စကားကို ဖြတ်ပြောလိုက်သည်။

"နောက်တစ်ခါ ဒီတွန်းလှည်းပေါ်မှ လဲနေရမဲ့ သူက မင်းပဲ...အဲ့အချိန်ကျရင် တွန်းလှည်းက မင်းကိုမှတ်ဉာဏ် ရှင်းလင်းတဲ့နေရာဆီ ခေါ်သွားမှာ မဟုတ်ဘူးနော်..."

သက်လတ်ပိုင်း အမျိုးသား ချက်ချင်းပါးစပ်ကို ပိတ်လိုက်ကာ သူ့၏ ရှုပ်ထွေးသော မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေလေသည်။

ဘီးလှိမ့်သံ ထပ်မံထွက်ပေါ်လာပြီး တွန်းလှည်းကို တွန်းနေသော လူနှစ်ယောက် အမှောင်ထုထဲတွင်ထပ်မံပျောက်ကွယ်သွားလေသည်။

ထိုလူနှစ်ယောက် ထွက်သွားရာ လမ်းကြောင်းကို ကြည့်နေပြီး သက်လတ်ပိုင်း အမျိုးသားက မြေကြီးပေါ် တံထွေး ထွေးလိုက်သည်။

"ဖာ့ခ်...ငါကတော့ ငါ့ဖင်ကိုပါစိုက်ပြီး အလုပ်လုပ်ရတယ်...နောက်ဆုံးသူတို့အတွက် ၀ယ်သူတစ်ယောက်ခေါ်လာပေးတာကို ဒီလိုဆက်ဆံခံလိုက်ရတယ်..."

သူ ကားဆီသို့ပြန်လှည့်လိုက်ပြီး ကားပေါ်တက်လိုက်သည်။

ခဏအကြာတွင် အင်ဂျင်သံ မြည်လာပြီး ကားမီးပွင့်လာကာ သူ ကုန်လှောင်ရုံမှ ဖြည်းညှင်းစွာမောင်းထွက်သွားသည်။

ကုန်လှောင်ရုံက တစ်ဖန် တိတ်ဆိတ်သွားပြီး လှိုင်းပုတ်သံများသာ ကြားရတော့သည်။

ကုန်လှောင်ရုံ အတွင်းပိုင်းတွင်...

လူနှစ်ယောက် တွန်းလှည်းကို အနည်းငယ် ရှုပ်ထွေးသော မြေကြီးပေါ်တွင် တွန်းလာသည်။ သူတို့ ထိုလမ်းကြောင်းကို အကြိမ်များစွာ သွားလာခဲ့သကဲ့သို့ အမှောင်ထဲတွင် ဘယ်ညာကျွမ်းကျင်စွာတွန်းနေကြသည်။

အချိန်တစ်ခုကြာပြီးနောက် နောက်ဆုံးတွင် သူတို့ ရပ်တန့်လိုက်ကြသည်။

လူတစ်ယောက်က ‌သော့ကိုထုတ်လိုက်ပြီး ကုန်လှောင်ရုံသတ္တုတံခါးကို ဖွင့်လိုက်သည်။

ပင်လယ်လေညှင်းကြောင့် တံခါးကသံချေးတက်နေပြီး တံခါးဖွင့်လိုက်သောအခါတကျွိကျွိမြည်သံ ထွက်ပေါ်လာလေသည်။

သူတို့ တွန်းလှည်းကိုအထဲတွန်းသွားပြီး မီးဖွင့်လိုက်သည်။

Xxxxx