Chapter 47
ကုန်လှောင်ရုံအတွင်းပိုင်းက အပြင်ဘက်သွင်ပြင်နှင့် မကိုက်ညီချေ။ အဖြူရောင်နံရံများက သန့်ရှင်းနေပြီး အလယ်ဗဟိုတွင် သတ္တုတွန်းလှည်းလေးခုရှိသည်။ တံခါးနှင့် နီးသော နေရာက လွတ်နေပြီး ၎င်းက သူတို့ တွန်းလှည်းပြန်ထားရမည့် နေရာဖြစ်သည်။
တံခါးကို ပြန်ပိတ်လိုက်၏။
သူတို့ထဲမှတစ်ယောက်က လိုက်ကာကို ဆွဲဖွင့်လိုက်သောအခါ နံရံ၏အနောက်ဘက်တွင်ရှိနေသော အလွန်ကြီးမားလှသည့်ရေတိုင်ကီတစ်ခု ပေါ်လာသည်။ ထိုရေတိုင်ကီထဲတွင် အမည်းရောင် အရည်များဖြင့် ပြည့်နှက်နေသည်။
သူ ထူထပ်သောအကာအကွယ်လက်အိတ်များကို ကျွမ်းကျင်စွာ၀တ်ဆင်လိုက်ပြီး ဘေးရှိအထူးညှပ်တစ်ခုကို ရေထဲဖြည်းညှင်းစွာ ထည့်လိုက်သည်။
ထိုအခါ ကြယ်ငါးနှင့်တူသော နက်မှောင်သည့် သတ္တဝါတစ်ကောင် ပေါ်လာလေသည်။ သူ့၏လက်တံငါးခုက အချိုးမကျသော အဖုအထစ်များရှိပြီး ၀မ်းဗိုက်တွင် ချွန်ထက်သော သွားများနှင့် ပြည့်နေပြီး ရွံ့စရာကောင်းသော အရည်များ တစိမ့်စိမ့်ထွက်နေသော ပါးစပ်တစ်ခုရှိသည်။ ထိုလက်တံငါးခုက တွန့်လိမ်ရုန်းကန်နေပြီး သူ့ကို ချုပ်နှောင်ထားသော ထူးဆန်းသည့် သတ္တုညှပ်မှ လွတ်မြောက်ချင်နေလေသည်။
ထိုလူ ရုပ်ဆိုးသောသတ္တဝါကို ဂရုတစိုက်သယ်လာပြီး ပြောလိုက်သည်။
“သူ့ကိုထိန်းထား...”
သူ လှည့်ကြည့်လိုက်သောအခါ သူ့ဆက်ပြောမည့်စကားများက လည်ချောင်းထဲတွင်ပျောက်ကွယ်သွားလေသည်။
သူ တွန်းလှည်းပေါ်ရှိသတိမေ့နေသည့်လူငယ် ထထိုင်နေသည်ကိုမြင်လိုက်ရသည်။ သူ့၏ ခေါင်းစွပ်ကို ပြန်မစွပ်ထားသောကြောင့် သူ့၏ အနည်းငယ် ရှုပ်ပွနေသော ဆံနွယ်များက နဖူးပေါ် ကျဆင်းနေပြီး ချောမောသော မျက်နှာက အလင်းရောင်အောက်တွင် ပိုမို ဖြူဖျော့နေသလို ထင်ရလေသည်။ သူ ထိုလူငယ်ဘေးတွင် သတိမေ့နေသော သူ့အဖော်ကို မြင်လိုက်ရသည်။
ထိုလူ ၎င်းမြင်ကွင်းကို အံ့ဩစွာ ကြည့်နေပြီး သူ မြင်လိုက်ရသည့်မြင်ကွင်းကို မယုံနိုင် ဖြစ်နေလေသည်။
ဤအချိန်တွင် တစ်ဖက်လူ၏ ပယင်းရောင် မျက်လုံးက ရွှေရောင်ဖျော့ဖျော့ သန်းနေပြီး ယခင်ကနှင့် မကွာခြားပေ။ ထွားကြိုင်းလှသော သူ့အဖော်ကို တိုက်ခိုက်ခဲ့သူက သူ မဟုတ်သလိုပင် ဖြစ်၏။
ကြောင်တစ်ကောင်အမြင့်မှ ပေါ့ပါးစွာဆင်းလာသကဲ့သို့ ယဲ့ကျား တွန်းလှည်းပေါ်မှ ပေါ့ပါးစွာခုန်ဆင်းလိုက်သည်။
ထို့နောက် သူ ပြုံးကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာ ညချမ်းပါ..."
တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ လျှို့ဝှက်နေရာကို အပြင်လူတစ်ယောက် ၀င်လာတာကို ခွင့်ပြုဖို့ မဖြစ်နိုင်ဘူး...
သူ့ရဲ့ ပထမဖြစ်နိုင်ချေ အေးအေးဆေးဆေး၀င်ခိုင်းတာကို ပယ်လိုက်ပြီ...
အဲ့အတွက် အဖြေကတော့ ရိုးရှင်းတယ်...သူ နောက်မှ တိတ်တိတ်လေး ၀င်သွားရမှာ...
ဒုတိယဖြစ်နိုင်ချေက တစ်ဖက်လူကို သူက အန္တရာယ်ပေးနိုင်တဲ့လူ မဟုတ်တာကို ၊ ပြဿနာတက်မဲ့လူ မဟုတ်တာကို စစ်ဆေးတာပဲ...
ဒီဟာက ပိုတောင်းကောင်းသေး...
ခိုးကြောင်ခိုးဝှက် ၀င်စရာမလိုလို့ အချိန်ကုန် သက်သာတယ်...
သနားစရာကောင်းတာက သူ့ကိုယ်သူ သာမာန်လူသားတစ်ယောက်လို ရုပ်ဖျက်ဖို့ ခေါင်းစွပ်လေးပဲ သုံးနိုင်တာပဲ...
ဒါပေမဲ့ ပြဿနာတော့ မရှိပါဘူး....သူ နောက်ဆုံး သတိလက်လွတ်ဖြစ်အောင် လုပ်နိုင်တာပဲ...
ယဲ့ကျား ပခုံးကို ဆန့်ကာ တစ်ဖက်လူထံ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး ပြုံးကာ မေးလိုက်သည်။
"မကြောက်နဲ့...ငါ မင်းကို မေးခွန်းနည်းနည်း မေးရုံပဲ..."
ထိုလူ၏ ခြေလက်များ တော့တင်းလာပြီး အလိုအလျောက် နောက်ကို ဖြည်းညှင်းစွာ ဆုတ်သွားရာ ရေတိုင်ကီနှင့် သွားထိမိသည်။
နောက်တစ်ခဏတွင် တစ်ဖက်လူ၏ မျက်နှာပေါ်၌ ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ့ဗိုက်ပေါ်တွင်ကြီးမားသော ခေါင်းကြီးတစ်ခု ပေါ်လာသည်။ ထိုခေါင်းက ဗိုက်မှ လွတ်ထွက်လာပြီး ယဲ့ကျားကို ပါးစပ်ဖွင့်လျက် တဟုန်ထိုး တိုက်ခိုက်လာသည်။
ဒီလူက ကျိန်းသေပေါက် ကစားသမားပဲ...
ယဲ့ကျား မျက်လုံးများ အေးစက်လာပြီး လက်ချောင်းထိပ်တွင် အလင်းရောင်ဖျော့ဖျော့ ပေါ်လာသည်။
ဒါက တားမြစ်နည်းပညာပဲ...သရဲတစ္ဆေတွေကို အသုံးပြုပြီး သန်မာအောင်လုပ်တာ...ဒီနည်းကဘ၀ကို စွမ်းအားကြီးတစ္ဆေတွေကို ထိန်းချုပ်ခိုင်းတာနဲ့တူတူပဲ...ဂိမ်းထဲမှာဆိုရင်တောင် ဒီနည်းသုံးတဲ့ကစားသမား အရမ်းနည်းတယ်...
ထိုခေါင်းက ပါးစပ်ကျယ်ကျယ်ဖွင့်ထားပြီး ရွံ့စရာကောင်းသော အရည်များက ကြမ်းပြင်ပေါ်သို့ တစ်စက်စက် ကျနေသည်။ အရည်ကျဆင်းသွားသည့် ကြမ်းပြင်နေရာက ယိုယွင်းပျက်စီးသွားလေသည်။
အမြန် ဖြေရှင်းမှရမယ်...
ဒီလိုကစားသမားတွေက တစ်ယောက်တည်းနေမှာ မဟုတ်ဘူး....တကယ်လို့ တခြားကစားသမားတွေရဲ့ အာရုံကိုဆွဲဆောင်လိုက်ရင် သူ့ရဲ့လျှို့ဝှက်ထိုးဖောက်၀င်ရောက်မဲ့ အစီအစဉ်ပျက်စီးသွားလိမ့်မယ်...
ယဲ့ကျား သူ့၏ တံစဉ်းကို ဆွဲထုတ်လိုက်ရုံသာ ရှိသေးသော်လည်း ခေါင်းနောက်မှ လူ၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
ယဲ့ကျား ထိတ်လန့်သွားလေသည်။
သူ့ရှေ့မှ ခေါင်းတွင်လည်း နာကျင်သော အမူအရာ ပေါ်လာကာ လေထဲ၌ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ယဲ့ကျား အရှေ့ကို ကြည့်လိုက်သည်။
သူ ထိုအမျိုးသား ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည်။ သူ့လက်ထဲရှိ သတ္တုညှပ်က ရေတိုင်ကီထဲသို့ကျသွားပြီး ကြယ်ငါးသဏ္ဍာန် မကောင်းဆိုးဝါးက ထိုအမျိုးသားမျက်နှာပေါ်သို့ တက်လာသည်။ သူ့၏ လက်တံငါးခုက ခေါင်းကို တင်းကြပ်စွာရစ်ပတ်ထားကာ တစ်ဖက်လူ၏ ပါးစပ်ထဲသို့ လူးလွန့်သွားနေလေသည်။
ထိုအမျိုးသား အပြင်းအထန်လှုပ်ခါနေပြီး နောက်ဆုံးတွင် သတိလစ်သွားလေသည်။
လက်မဲလေး ယဲ့ကျားဘေးတွင် လွင့်မျောလာပြီး ဒေါသတကြီး ပြောလိုက်သည်။
"သူနဲ့ ထိုက်တန်တယ်..."
ရှင်းလင်းစွာဖြင့် ထိုခေါင်း ယဲ့ကျားအား တိုက်ခိုက်သည့်အချိန်ကို အခွင့်ကောင်းယူကာ သူ့လက်ထဲရှိညှပ်မှ ရုပ်ဆိုးသည့်မကောင်းဆိုးဝါးကို လွတ်အောင် လုပ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုမကောင်းဆိုးဝါးက တစ်ဖက်လူကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ယဲ့ကျား တံစဉ်းကိုပြန်သိမ်းလိုက်ပြီး တစ်ဖက်လူထံချဉ်းကပ်သွားလိုက်သည်။ သူ မကောင်းဆိုးဝါး ဖုံးအုပ်နေသော မျက်နှာကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်သည်။
"မှတ်ဉာဏ်ပိုး...”
ယင်းက ဂိမ်းထဲတွင် ကစားသမားများ၏ မှတ်ဉာဏ်ကိုဝါးမျိုကာ အသက်ရှင်သော မကောင်းဆိုးဝါးဖြစ်သည်။
လက်မဲလေး ယဲ့ကျားပခုံးပေါ်တွင် အနည်းငယ် တုန်ရီနေကာ ပြောလိုက်သည်။
"အာ...ကျွန်တော် အခြေအနေဆိုးအောင် မလုပ်ခဲ့မိဖို့ မျှော်လင့်တယ်..."
နောက်ဆုံးမှာ ဒီလူက စစ်မေးတာကို ဖြေနိုင်မဲ့ အခြေအနေမရှိဘူး...
ယဲ့ကျား ခေါင်းခါလိုက်သည်။
"ဒီလူက တစ္ဆေကို သူ့ခန္ဓာကိုယ်အသုံးပြုခိုင်းထားတာ...ခန္ဓာကိုယ်ကပျက်စီးနေပြီ...ငါ သူ့ကိုဖမ်းနိုင်ရင်တောင်မှ သူ့ဆီကဘာမှထွက်လာမှာ မဟုတ်ဘူး..."
သူ့ အကြည့်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းစွပ် ပြန်၀တ်လိုက်သည်။
ယင်စွမ်းအင်အလွှာတစ်ခုပေါ်လာပြီး သူ့အနံ့ကို ဖုံးအုပ်ပေးလိုက်သည်။
“သွားကြရအောင်...”
ခေါင်းစွပ်အောက်တွင် သူ့မျက်လုံးများ မည်းမှောင်သွားသည်။
သူ ဒီဂိမ်းထဲက ကိရိယာတွေ ရောင်းနေတဲ့ ကိစ္စက မရိုးရှင်းဘူးလို့ ထင်တယ်...
ယဲ့ကျား သတိမေ့နေသောလူ၏ အိတ်ကပ်ထဲမှ သော့တွဲကိုယူလိုက်ပြီး ကုန်လှောင်ရုံတံခါးကိုပြန်ပိတ်ကာ ပုံမှန်အတိုင်း ထားထားလိုက်သည်။
အပြင်တွင် ညက မှောင်မည်းနေဆဲဖြစ်သည်။
ယဲ့ကျား ကျဉ်းမြောင်းသော လမ်းများကို ဂရုတစိုက် လျှောက်လာသည်။ ၀င်္ကဘာကဲ့သို့ ဖြစ်နေသော လမ်းကြိုလမ်းကြားများနှင့် ဤနေရာကို ကြီးမားသော ကန့်လန့်ကာကြီးနှင့် အုပ်ထားသကဲ့သို့ အားလုံးက အမှောင်ထဲတွင် ဝိုးတိုးဝါးတားဖြစ်နေ၏။
ကုန်လှောင်ရုံ အများစုမှာ ပုံမှန်ဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများ တစ်ပုံကြီး ရှိပြီး လျစ်လျူရူခံထားရသော ကုန်ပစ္စည်းအချို့လည်း ရှိသည်။
ယဲ့ကျား ခေါင်းမော့ကာ မျက်လုံးပိတ်လိုက်ပြီး တစ်ခုခုကို အာရုံခံနေသည်။
တစ်ဖက်လူက ကိရိယာတွေကို သုံးပြီး သူတို့ကိုယ် သူတို့ ဖုံးကွယ်ထားတာကြောင့် သူ သူတို့ရဲ့ အနံ့နဲ့ လိုက်မရှာဘဲ သီးခြားဖြစ်နေတဲ့နေရာ၊ ဘာမှ မရှိတဲ့နေရာကို လိုက်ရှာလိုက်သည်...
ဘာမှ မရှိတဲ့နေရာက သူရှာနေတဲ့ နေရာပဲ...
သူ မျက်လုံးပြန်ဖွင့်လိုက်ပြီး အကြည့်က အကွာအဝေးတစ်ခုရှိ နေရာတစ်ခုအပေါ် ရောက်သွားသည်။
အဲ့မှာပဲ...
အရှေ့ဘက်ရှိ ကုန်လှောင်ရုံများက အကြီးဆုံးကုန်လှောင်ရုံများ ဖြစ်သည်။
တံခါးများက တင်းကြပ်စွာ ပိတ်နေပြီး ညအချိန်တွင် အသက်မဲ့ကာ အုပ်မှိုင်းနေလေသည်။
ယဲ့ကျား သူတို့ထဲမှ တစ်ခုရှေ့တွင် ရပ်လိုက်သည်။
သူ သူ့၏တစ္ဆေပိုင်နက်ကို သုံးရန် အစီအစဉ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူတွင် ယင်စွမ်းအင်နှင့် တစ္ဆေစွမ်းအင်ကို ထောက်လှမ်းနိုင်သည့် ကိရိယာများ ရှိနိုင်ပြီး ရုတ်တရက် စွမ်းအင်တိုးလာလျှင် မလွဲမသွေ အချက်ပေးသံ မြည်လာမည် ဖြစ်သည်။
ယဲ့ကျား ယူလာသော သော့တွဲကို ထုတ်ကာ စမ်းကြည့်သောအခါ သော့တစ်ချောင်းက တံခါးနှင့် ကိုက်ညီသွားလေသည်။
သူ တံခါးကို ဖွင့်ကာ အထဲသို့ ၀င်လိုက်သည်။
ကုန်လှောင်ရုံအတွင်းပိုင်းရှိ နေရာက အပြင်တွင် မြင်ရသည်ထက် များစွာကျယ်သော်လည်း နေရာလွတ်များပြားစွာ ရှိနေသည်။ ထောင့်ဘက်တွင်ကြီးမားလှသည့် ကတ်ထူသေတ္တာ အနည်းငယ်သာရှိပြီး ကြည့်ရသည်မှာ အထီးကျန်ပြီးသနားစရာကောင်းလေသည်။
ထိုကုန်လှောင်ရုံထဲတွင် ထူးဆန်းသော အနံ့တစ်ခုနှင့် ပြည့်နှက်နေသည်။
ပင်မ၀င်ပေါက်အနီးရှိထောင့်တွင် သူ့အရပ် တစ်၀က်လောက်ရှိသော စက်လုံးတစ်ခုရှိသည်။ မျက်နှာပြင်က ချောမွေ့နူးညံ့နေပြီး အရည်တစ်၀က်အခြေအနေ ရှိလေသည်။ ထိုအရာက ဆတ်ခနဲ ဆတ်ခနဲ လှုပ်ရှားနေလေသည်။ အထဲတွင်ရှိသောအရာက မကောင်းဆိုးဝါးလား ကိရိယာလား သေချာမသိသော်လည်း မည်သို့ပင်ဖြစ်စေကာမူ ယင်းက ယဲ့ကျား တစ်ခါမှ မမြင်ဖူးသော အရာဖြစ်သည်။
ယဲ့ကျား မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူ ခေါင်းကိုငုံ့ကာ ကြမ်းပြင်ပေါ်ရှိ အမှတ်အသားများကို ကြည့်လိုက်သည်။ယခင်က ပစ္စည်းအများအပြား ရှိခဲ့သော်လည်း ရွေ့ထားခြင်းဖြစ်မည် ကြမ်းပြင်ပေါ်ရှိ ခြစ်ရာများကို ကြည့်လျှင် မကြာသေးမီက ရွေ့ထားခြင်း ဖြစ်နိုင်သည်။
ယဲ့ကျား ကုန်လှောင်ရုံကို စစ်ဆေးနေစဉ် ရုတ်တရက် ရင်းနှီးနေသောအသံတစ်သံကို အပြင်ဘက်ဆီမှ ကြားလိုက်ရသည်။
သတ္တုတွန်းလှည်းက မြေပြင်ပေါ်တွင် လှိမ့်လာပြီး တလှိမ့်လှိမ့်သံ မြည်နေသည်။ ထိုအသံက တဖြည်းဖြည်း နီးကပ်လာလေသည်။
အပြင်ဘက်မှ အသံများကို တံခါးကို ဖြတ်၍ ကြားလိုက်ရသည်။
"မင်းတံခါးမပိတ်ခဲ့ဘူးလား...”
“ငါက နောက်ဆုံးထွက်လာတဲ့လူ မဟုတ်ဘူး...”
“ သေစမ်း...ဟိုအရူး စွန်းယွမ်ပဲ ဖြစ်ရမယ်...သူ နောက်တစ်ခါ ဒီလိုထပ်ဖြစ်ရင် ငါ သူ့ကို သတ်ပစ်မယ်..."
ယဲ့ကျား နောက်ဆုတ်ကာ သေတ္တာကြီးများနောက်တွင် ပုန်းနေလိုက်သည်။
သတ္တုတံခါးကို တွန်းဖွင့်နေသံ ပြင်းထန်စွာ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ချက်ချင်းဆိုသလို ငါးမီတာခြောက်မီတာလောက်မြင့်သော သေတ္တာတစ်လုံး တွန်း၀င်လာသည်။
“ဒါကုန်ရင် ကုန်ပြီလား...”
“ဟုတ်တယ်...ဒါက နောက်ဆုံးတစ်ခုပဲ...”
ယဲ့ကျား စကားဝိုင်းကို နားထောင်နေပြီး သူ့ရှေ့မှ ကတ်ထူသေတ္တာကြီးကို စစ်ဆေးလိုက်သည်။
သူ့လက်ညှိုးထိပ်က နူးညံ့စွာ လှုပ်ရှားလာပြီး အလင်းရောင် ဖျော့ဖျော့တစ်ခု ပေါ်လာသည်။ သေတ္တာအစွန်းနားလေး အနည်းငယ် ပြဲသွား၏။
အထဲတွင် ပထမကုန်လှောင်ရုံနှင့် တူသော ရေတိုင်ကီတစ်ခုရှိပြီး တိုင်ကီထဲတွင် ခြေလက်အပိုင်းအစများကို စေးကပ်နီရဲသော ရေထဲ၌ စိမ်ထားသည်။ အချို့တစ်၀က်ကပုပ်ပွနေပြီး အချို့တစ်၀က်က ခြေရာလက်ရာမပျက်သေးပေ။ အရိုးများကလည်း ဆွေးမြေ့ပျက်စီးနေပြီး ကြောက်စရာကောင်းလေသည်။
ယဲ့ကျား အနည်းငယ်အံ့ဩသွားသည်။
ရေတိုင်ကီထဲရှိ လက်သီးဆုပ်အရွယ် ဦးခေါင်းခွံလေးက လှည့်ကြည့်လိုက်သောအခါ ယဲ့ကျား၏ မည်းမှောင်နေသော မျက်လုံးများနှင့် ဆုံသွားပြီး နောက်တစ်ခဏတွင် စူးရှစွာ အော်ဟစ်လိုက်၏။
ထို့နောက် သူ့ခေါင်းကို ရေတိုင်ကီနှင့် ဝင်တိုက်နေသောကြောင့် အက်ကြောင်းများထလာသည်။
"ဘယ်သူလဲ..."
အပြင်ဘက်မှ လူနှစ်ယောက် ရုတ်တရက် သတိရှိစွာ မေးလိုက်သည်။
သေစမ်း...
ယဲ့ကျား တိုးတိတ်စွာ ကျိန်ဆဲလိုက်သည်။
နောက်တစ်ခဏတွင် အပြင်မှ လူတစ်ယောက်၏ လက်မောင်းမှ သူနှင့် ချွတ်စွပ်တူသော ကြီးမားသည့် မျက်နှာတစ်ခု ထွက်လာပြီး အသံကြားရာထံသို့ ၎င်း၏ ပင်လယ်ရေမှော်နှင့် တူသော ဆံပင်ကို သုံးကာ ရက်စက်စွာ တိုက်ခိုက်လိုက်သည်။
သို့သော် မမျှော်လင့်စွာဖြင့် ထိုနေရာတွင် မည်သူမှ မရှိချေ။ထိုအချိန်မှာပင် ရေတိုင်ကီ ကွဲထွက်သံကို ကြားလိုက်ရသည်။
ကုန်လှောင်ရုံ ကြမ်းပြင်တွင် စေးကပ်နီရဲနေသောသွေးရည်များ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သောခြေလက်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း လူးလွန့်ပျံ့နှံ့သွားလေသည်။ အလယ်ဗဟိုရှိ လက်သီးဆုပ်အရွယ် ဦးခေါင်းခွံလေးက ပတ်၀န်းကျင်ရှိ အစိတ်အပိုင်းများကို တဖြည်းဖြည်းပေါင်းစပ်လိုက်ကာ တဖြည်းဖြည်းနှင့် ပုံပျက်ဆင်းပျက်ဖြစ်နေသော မကောင်းဆိုးဝါးကြီးဖြစ်လာသည်။
“ ဖာခ့်...”
တိုက်ခိုက်မှုတစ်ခုက ထိုလူ၏မျက်နှာဘေးမှ ဖျတ်ခနဲ ဖြတ်သွားလေသည်။ သူ ထိုကဲ့သို့ တိုက်ခိုက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
“ သေစမ်း...မင်း ဘာရပ်လုပ်နေတာလဲ...ပြေးလေ...မင်း အဲ့ဒီ သောက်ဟာကြီးကို မမြင်ဘူးလား..."
တစ်ဖက်လူ လျင်မြန်စွာ သတိပြန်၀င်လာသည်။
သူတို့ အမှောင်ထုထဲသို့ ထွက်ပြေးသွားကြသည်မှာ ခြေရာလက်ရာပင် မကျန်တော့ချေ။
ယဲ့ကျား သွေးအိုင်အလယ်တွင် ရပ်နေကာ သူ့လက်ထဲတွင် တံစဉ်းကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ရက်စက်သောအကြည့်နှင့်ကြည့်နေသည်။
သူ အဲ့ဒါ ဘာလဲဆိုတာ သိတယ်...
သွေးအရိုးငါး...
ဂိမ်းထဲ၌ သွေးအရိုးငါးကကြောက်စရာ အကောင်းဆုံး မကောင်းဆိုးဝါးများထဲမှ တစ်ကောင်ဖြစ်သည်။ သူတို့က မှားယွင်းနေသည့်ဝိညာဉ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ ပေါက်ဖွားလာကြပြီး လူသေများကို ယကြားခံအဖြစ် သုံးသည့်မကောင်းဆိုးဝါးဖြစ်သည်။ အလွန်များပြားသော သွေးပမာဏနှင့်အငြိုးများ၌သာ ပေါက်ဖွားလာနိုင်သောကြောင့် ဂိမ်းထဲတွင် အလွန်ပမာဏ နည်းပါးလေသည်။
ထို့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းများကို အမိန့်ပေးနိုင်ရန် အလယ်ဗဟိုလည်း ရှိရမည်ဖြစ်သည်။
သွေးအရိုးငါးသည် ကြောက်စရာကောင်းသည့် သတ်ဖြတ်စက် ဖြစ်သည်။ သူတို့က အကြောင်းပြချက်မရှိ၊ ခံစားချက်မရှိ ၊ အသိဉာဏ်လည်းမရှိပေ။သူတို့၏ သတ်ဖြတ်စားသောက်လိုသော ဗီဇနောက်သာလိုက်ကြသည်။
စွမ်းအားကြီးတစ္ဆေများပင်လျှင် ထိုကဲ့သို့ အငြိုးများမှ ဖန်တီးထားသော သတ္တဝါကြီးကို အလွန် ကြောက်ရွံ့ကြပေသည်။
ယင်းအကြောင်းရင်းများကြောင့် ကျီရွှမ်၏ သွေးအရိုးငါးက ထူးခြားခြင်းဖြစ်သည်။
ပြီးတော့ ဒီတစ်ကောင်...
ယဲ့ကျား မျက်လုံးများ မှေးစင်းသွားပြီး သူ့အကြည့်က မရေမတွက်နိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ ၀န်းရံနေသည့် အလယ်အူတိုင်အပေါ် ရောက်သွားသည်။
သွေးထဲတွင် စမ်းသပ်ပြွန်ငယ် တစ်ခုရှိပြီး ထိုထဲတွင် အစိမ်းရောင်သွေးတစ်စက် ပါလေသည်။
သူ များပြားလှသော အစိတ်အပိုင်းများတွင် ဖားများ၊ ကြောင်များ၊ ခွေးများ၊ သမင်များ၏အစိတ်အပိုင်းများ သာမက အင်္ကျီလက်တစ်ဖက်နှင့် နာရီတစ်လုံးကိုပါ တွေ့လေသည်။
ဤအရာက လူလုပ်သွေးအရိုးငါးဖြစ်သည်။ သို့သော် မပြည့်စုံသေးပေ။
ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါင်းစပ်စုဝေးလိုက်သောအခါ ထိုမှ အပိုင်းအစငယ်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သားသတ်ရုံနှင့်ပင် တူလေသည်။
ယင်းလူလုပ်မကောင်းဆိုးဝါးကြီးက ယဲ့ကျားကို တိုက်ခိုက်ရန် ကြမ်းပြင်ပေါ်တွင် တဟုန်ထိုး တွားသွားလာလေသည်။
ယဲ့ကျား ဤတစ်ကြိမ်တွင် ရုန်းကန်နေရ၏။
သူ တံစဉ်းကို တတ်နိုင်သမျှနည်းနည်းလောက်သာ သုံးချင်သည်။
သွေးအရိုးငါးကို ခါးသီးသော ခံစားချက်များ၊ အငြိုးများနှင့်ဖန်တီးထားရာ သူ မစားချင်ဆုံးသောအရာဖြစ်သည်။
သို့သော် သူ့နားထဲတွင် အသံတိုးတိုးလေး တစ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။ ထိုအသံက သူ့ကို ဖမ်းစားသွေးဆောင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
မင်းရဲ့ လက်နက်ကိုသုံး...
သူ့ကို သတ်ပစ်...စားပစ်...
စားလိုက်ရင် ပိုသန်မာလာမှာ...
ယဲ့ကျား အံကြိတ်လိုက်သည်။
သူ့ခေါင်းထဲတွင် အသံကြားနေရဆဲဖြစ်ပြီး ထိုဆန္ဒများကိုခုခံရန် အာရုံပြောင်းရန်သာ တတ်နိုင်သည်။သူ အာရုံပျံ့လွင့်နေစဉ် လူလုပ်သွေးအရိုးငါးက ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ မဆိုင်းမတွ တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုကရက်စက်ကြမ်းတမ်းလေသည်။ ၎င်း၏ ပါးစပ်ကို ကျယ်ကျယ်ဟထားပြီး အထဲရှိ ချွန်ထက်စူးရှသော သွားများကို မြင်နေရသည်။ သူ တစ်ခုခုကို လည်ချောင်းထဲ၌ ခြေမွချင်နေပုံ ပေါ်နေသည်၊၊
သို့သော် ထိုအရေးကြီးနေသော အခိုက်အတန့်တွင်...
သွေးအိုင်မှ ကြီးမားသော ဆိတ်ခေါင်းဖြူခွံတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။
ထိုအရာက ဟစ်ကြွေးကာ လူလုပ်သွေးအရိုးငါးထံသို့ တဟုန်ထိုး ပစ်၀င်လိုက်သည်။ ပြင်းထန်သော တိုက်ပွဲအလယ်တွင် သွေးအရိုးငါးနှစ်ကောင် ရောထွေးနေကြလေသည်။ သွေးနံ့များ လွှမ်းခြုံနေပြီး သွေးအိုင်ထဲမှ များပြားလှစွာသော ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ခြေလက်များကလည်း ရုန်းကန်နေကြသကဲ့သို့ လူးလွန့်နေကြလေသည်။
အရိုးများ ရိုက်ခတ်မိသံ၊ ဟိန်းဟောက်သံ၊ ကြမ်းပြင်ပေါ်သို့ သွေးများ ကျနေသံ။
ထိုအသံမျိုးစုံကကုန်လှောင်ရုံထဲတွင် ပဲ့တင်ထပ်နေလေသည်။
ယခုအချိန်တွင် ကုန်လှောင်ရုံ၏ သတ္တုနံရံက စက္ကူသဖွယ် နုနယ်နေပြီ ဖြစ်သည်။
နောက်ထပ်မမြင်နိုင်သော အားတစ်ခု ထပ်မံသက်ရောက်ခံလိုက်ရပြီး မကြာခင်တွင် နံရံက စုတ်ပြတ်သွားတော့မည် ဖြစ်သည်။
သွေးအရိုးငါးက လူလုပ်သွေးအရိုးငါးတုကို ရုတ်တရက်တိုက်လိုက်ပြီး ယင်းက နံရံနှင့် ထိမှန်သွားလေသည်။
နောက်တစ်ခဏတွင် ပုံရိပ်တစ်ခုက သူ့နားလျင်မြန်စွာ ရောက်လာပြီး သွေးအရိုးငါးတု၏ ရင်ဘတ်ကို တံစဉ်းဖြင့် တိကျစွာ ထိုးလိုက်သည်။
အစိမ်းရောင်သွေးစက်နှင့်စမ်းသပ်ပြွန်ငယ်က တစ်နေရာသို့ လှိမ့်သွားလေသည်။
“ကလောက်...”
၎င်းက အကွာအဝေးတစ်နေရာသို့ လှိမ့်သွားပြီးရပ်တန့်သွားသည်။
,လူလုပ်သွေးအရိုးငါးတု မလှုပ်ရှားတော့ပေ။
သွေးအရိုးငါးက သူ့ဆီသို့ဖြည်းညှင်းစွာ ကူးခတ်လာသည်။ ခန္ဓာကိုယ်က အလွန်လေးလံကာအရိုးမရှိသကဲ့သို့ ဖြစ်နေသောကြောင့် ၎င်း၏ ဘေးရှိ သေတ္တာများကိုပါ ရိုက်မိပြီး ကျယ်လောင်သော ဆုတ်ပြဲသံ ထွက်ပေါ်လာခဲ့သည်။
ယဲ့ကျား သူ့၏ ဖြူဖျော့ဖျော့မျက်နှာပေါ်မှ သွေးစက်များကို သုတ်လိုက်သည်။
သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ့၏ မည်းမှောင်နေသော မျက်လုံးထဲတွင် အလင်းရောင်ဖျော့ဖျော့ ပေါ်လာ၏။
သွေးအရိုးငါး ယဲ့ကျားထံသို့ ဖြည်းညှင်းစွာ ကူးခတ်လာပြီးနောက် ချီးမွမ်းမှုကိုတောင်းခံနေသကဲ့သို့ ခေါင်းဖြင့်လက်ဖဝါးကို ပွတ်သပ်လိုက်သည်။