Chapter 48
ယဲ့ကျား သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။
"လိမ္မာလိုက်တဲ့ ကလေး..."
သို့သော် ယုတ္တိကျကျ ပြောရလျှင် သွေးအရိုးငါးက ဤနေရာတွင် ပေါ်လာသည့်အတွက် သူ့သခင်က အဝေးတွင် မရှိသင့်ပေ။
ယဲ့ကျား ခေါင်းကို မော့ကာ ကုန်လှောင်ရုံကို တစ်ချက်ကြည့်လိုက်သည်။
သို့သော် သူ ကျီရွှမ်ကို မတွေ့မီ သူ့အာရုံကို တစ်စုံတစ်ခုက ဆွဲဆောင်ခဲ့လေသည်။
ယခုအခါ သေတ္တာများက ပျက်စီးသွားပြီး ဖြစ်သောကြောင့် အထဲမှ အရာများကို မြင်ရပြီဖြစ်သည်။
အထဲတွင်အ၀တ်ချိတ်များရှိပြီး ၎င်းတို့က အ၀တ်များကိုချိတ်ဆွဲထားခြင်းမဟုတ်ပေ။ လူ့အရေပြားများကို ချိတ်ဆွဲထားခြင်းဖြစ်သည်။
ဆံပင် ၊ မျက်နှာ၊ လက်ချောင်း တစ်ခုမှ ပျောက်ဆုံးခြင်းမရှိပေ။ အချို့က ထိတ်လန့်စရာကောင်းသော လည်သာ၀တ်စုံများနှင့် တူပြီး ၎င်းတို့ကိုသေသပ်စွာ ချိ်ဆွဲထားခြင်းဖြစ်သည်။
ယဲ့ကျား အံ့အားသင့်သွားသည်။
သူ လည်သာ၀တ်စုံများ(လူအရေပြား) ထဲမှ တစ်ခုကို စိုက်ကြည့်နေပြီး ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။
ထိုပုံစံက ဖြူဖျော့သော အသားအရေ၊ အညိုရောင် ဆံပင်၊ သွယ်လျသော လက်ချောင်းများနှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်။
ယဲ့ကျား ထိုမိန်းကလေးကို သူ့ဖိုင်ထဲတွင် မြင်ဖူးသည်။
သူက ပျောက်ဆုံးနေသည့် မိန်းကလေးဖြစ်သည်။
သူက အဆောက်အအုံတစ်ခုထဲ ၀င်ပြီးနောက် ဆန်းကြယ်စွာ ပျောက်ဆုံးသွားသော မိန်းကလေးဖြစ်သည်။ စီစီတီဗီက သူ အဆောက်အအုံထဲသို့ ၀င်သွားသည်ကို ရိုက်ကူးထားမိသော်လည်း ပြန်ထွက်လာသည်ကို ရိုက်ကူးမိထားခြင်း မရှိပေ။
တစ်ပတ်ကြာပြီးနောက် ထိုအဆောက်အအုံတွင် နေထိုင်သူများက အနံ့အသက်ဆိုးများနှင့် ပတ်သက်ပြီး တိုင်ကြားခဲ့ကြပြီးနောက် အခန်းနံပါတ်၄၀၄တွင် အရေခွံ ချွတ်ခံထားရသော သူ့၏ ခန္ဓာကိုယ်ကိုသာ တွေ့ရှိခဲ့ကြသည်။
သူ့၀မ်းဗိုက်က ဖူးရောင်နေပြီး မျက်နှာအမူအရာက အေးချမ်းနေလေသည်။ ရုန်းကန်ထားသောလက္ခဏာများလည်း မရှိချေ။(စစချင်းမှာပါခဲ့တဲ့မိန်းကလေး)
ယဲ့ကျား လက်ဆန့်ကာ လူ့အရေပြား၏ လက်ကောက်၀တ်ကို ဖြည်းညှင်းစွာ ထိတွေ့လိုက်၏။
မျက်နှာပြင်က ရာဘာထက် နူးညံ့ကာ ခပ်ဖျော့ဖျော့ နွေးထွေးမှုလည်း ရှိနေလေသည်။ ဤအရာက မိန်းကလေးဆီမှ ခွာထားသည်မှာအချိန်မကြာသေးပုံ ပေါ်လေသည်။
ယဲ့ကျား မျက်လုံးပင့်ကာ ချိတ်ထားသော လူ့အရေပြားများကို ကြည့်လိုက်သည်။
စုစုပေါင်း နှစ်ဆယ့်ငါးခု...
ကွာပြားသော မျက်နှာများနှင့် အသားအရေ အမျိုးမျိုး ရှိကြလေသည်။ သူတို့ထဲမှ အများစုက သတင်းထဲ၌ သို့မဟုတ် အမှုဖိုင်များထဲ၌ တွေ့ဖူးသော်လည်း အချို့ကိုမူ ၎င်းတို့က လူထုထဲ တစ်ခါမှ မပေါ်ခဲ့ဖူးသကဲ့သို့ပင် ရင်းနှီးမှုမရှိချေ။
ရင်းနှီးမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့အားလုံး ငယ်ရွယ်ကြလေသည်။
ယဲ့ကျား မျက်လုံးကို အောက်စိုက်လာကာ သူ့အကြည့်က ပို၍ မည်းမှောင်လာလေသည်။
ဂိမ်းထဲတွင် အချိန်များစွာ ရှင်သန်ခဲ့ပြီးနောက် သူ့၏ ကရုဏာတရားက အတော်လျော့နည်းသွားခဲ့သည်။
သို့သော်ငြားလည်း ဤကဲ့သို့သော ကုန်ပစ္စည်းများ ရောင်းချသည့် မှောင်မည်းနေသော ကုန်လှောင်ရုံထဲ၌ မိန်းကလေးများ၏ အရေပြားများကို မြင်သောအခါ သူ့ရင်ထဲ၌ ပြင်းထန်ပြီး တိတ်ဆိတ်သည့် လှိုင်းလုံးတစ်ခု လှိမ့်တက်လာသကဲ့သို့ ခံစားနေရသည်။
ထိုအချိန်တွင် သူ့ပခုံးပေါ်မှ လက်မဲလေး ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။
"ဒါ...ဒါက..."
ယဲ့ကျား မေးလိုက်သည်။
“မင်း သူ့ကို မှတ်မိသေးလား..."
လက်မဲလေး လူ့အရေပြားကို ဂရုတစိုက် ကြည့်ကာ အတည်ပြုပေးလိုက်သည်။
"ဒါက သူပဲ..."
“သူက အဆောက်အအုံထဲက ဝိညာဉ်လေ...သူ့၀ိညာဥ်မှာ အရမ်းကြောက်စရာကောင်းတဲ့ အနံ့ရှိနေတာကို မှတ်မိနေသေးတယ်..."
လက်မဲလေး တစ်ခုခုကို သတိရသွားပြီး တုန်ရီလာလေသည်။
"သူက ကျွန်တော့်ကို စားဖို့ ကြိုးစားသေးတယ်...ဒါပေမဲ့အဆုံးမှာ ကျွန်တော် စားတာပဲ ခံလိုက်ရတယ်...စားပြီးတော့ တစ်ခုခု လွဲနေသလို ခံစားလိုက်ရတယ်...ပြီးတော့ သူ့ရဲ့ ညစ်ညမ်းတဲ့ ဝိညာဉ်ကြောင့် ကျွန်တော် စိတ်လွတ်ခဲ့သွားတယ်...ကျန်တာကတော့ ဘော့စ်လည်း သိပါတယ်..."
သိတယ်....
ယဲ့ကျား မှတ်မိသေးသည်။ သူ လက်မဲလေးနှင့် ပထမဆုံးတွေ့သည့်အချိန် လက်မဲလေးက လုံး၀စိတ်လွတ်နေပြီး သတ်ဖြတ်စားသောက်ချင်သည့်ဆန္ဒသာ ကျန်တော့လေသည်။ သူ့၏ စွမ်းအားကတစ္ဆေပိုင်နက် ဖန်တီးနိုင်သည့်အထိ မသန်မာသော်လည်း စိတ်လွတ်နေချိန်၌ ပိုသန်မာလာပြီး တစ္ဆေပိုင်နက် ဖန်တီးနိုင်ခဲ့သည်။
ဘယ်လို စွမ်းအားကြီးတစ္ဆေမျိုးက သားကောင်အပေါ် ကြောက်စရာကောင်းတဲ့ သက်ရောက်မှုတွေ လုပ်နိုင်တာလဲ...
အရေပြားခွာခံလိုက်ရတဲ့ သားကောင်ရဲ့ ဝိညာဉ်မှာ ဒီလို တခြားဝိညာဉ်အပေါ်ပါ သက်ရောက်နိုင်တဲ့ ပြင်းထန်တဲ့ အငြိုးတွေရှိနေရတာလဲ...
သူ အရေပြားကို လွှတ်ချလိုက်သည်။
ထောက်ပံ့မှု မရှိတော့သည့် လက်ကောက်၀တ် ပျော့ပျောင်းစွာ ပြန်ကျသွားလေသည်။
မြူထဲမှာ စွမ်းအားကြီးတစ္ဆေများကို သယ်ဆောင်နေတဲ့ ဘတ်စ်ကားလည်းရှိတယ်...
အနည်းဆုံး တစ်ခုတော့ ရှင်းလင်းသွားပြီ...
စွမ်းအားကြီးတစ္ဆေတွေနဲ့ ကစားသမားတွေ တူတူလုပ်နေကြတာပဲ...
ရုတ်တရက် ယဲ့ကျား အနည်းငယ် ထိတ်လန့်သွားပြီး ခေါင်းမော့ကာ ဖွင့်ထားသော ကုန်လှောင်ရုံ တံခါးဆီ လှမ်းကြည့်လိုက်သည်။
ထိုအခါ သူ မှောင်မည်းနေသော ည၌ မီးခိုးရောင်မြူများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ယင်းက ရေထဲသို့ မှင်တစ်စက် ကျသွားသ့သို့ လျင်မြန်စွာ ပျံ့နှံ့လာလေသည်။
ကုန်လှောင်ရုံအစွန်းအဖျားများမှတစ်ဆင့် ကုန်လှောင်ရုံထဲသို့ ပျံ့နှံ့လာပြီး ယင်းတို့က လူများကို ဖော်မပြနိုင်သော ယုတ်ညံ့သည့် ခံစားချက်များကို ခံစားရစေသည်။
ကျိုးပဲ့နေသော သတ္တုအလွှာကို ဖြတ်၍ ယဲ့ကျား ကုန်လှောင်ရုံအနီးသို့ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရပြီး ယောကျာ်းမိန်းမ မသဲကွဲသော လူ၏ စကားသံကိုလည်း ကြားလိုက်ရသည်။
“ပစ္စည်းတွေ ပို့တာလို ရိုးရှင်းတဲ့ အလုပ်ကိုတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး..."
ထိုအသံက နိမ့်ကျ နူးညံ့ပြီး ထူးဆန်းသည့် တဝီဝီအသံလည်း ရောထွေးနေလေသည်။ ထိုလူက အလွန်မာနကြီးသော အသံဖြင့် ပြောလာသည်။
"ဟက်...ကစားသမားတွေက အသုံးမ၀င်တဲ့ လူသားတွေပဲ..."
သူက တစ္ဆေပိုင်နက်ကို အဝေးမှ အသက်သွင်းနိုင်သည်အထိ အဆင့်မြင့်သော စွမ်းအားကြီးတစ္ဆေဖြစ်သည်။
ယဲ့ကျား၏ မျက်လုံးများ အေးစက်လာလေသည်။ သူ ခေါင်းစွပ်ကို စွပ်လိုက်ပြီး အမှောင်ထဲတွင် ပုန်းကွယ်နေလိုက်သည်။
မြူများက နံရံအက်ကွဲကြောင်းများမှလည်း ထိုးဖောက် ၀င်လာကြပြီး ကုန်လှောင်ရုံတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။
ယဲ့ကျား မျက်လုံးများ ပိုမည်းမှောင်လာသည်။
သူ ဘတ်စ်ကား မောင်းနှင်သွားသည့် မြူများဖြင့် ပြည့်နှက်နေသော တစ္ဆေပိုင်နက်တွင်လည်း ယခုကဲ့သို့သော အနံ့ရှိကြောင်း မှတ်မိလိုက်သည်။
မြူခိုးများ ကုန်လှောင်ရုံထဲတွင် လုံး၀ပြည့်နှက်မသွားမီ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ၀င်လာလေသည်။
ထိုလူက အရပ်အမောင်း အလယ်အလတ်လောက်ရှိပြီး အကွာအဝေးတစ်ခုလောက် ခြားနေသောကြောင့် ထိုလူ ထူးခြားချက်တစ်စုံတစ်ရာရှိမရှိ လှမ်းမမြင်ရသော်လည်း ထိုလူ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပုံစံက ယဲ့ကျားကို ထူးခြားသည့် ခံစားချက် ပေးစွမ်းနေလေသည်။
ထိုလူ နီးကပ်လာသောအခါ ထိုလူကို ယင်ကောင်များစွာဖြင့် ဖွဲ့စည်းထားကြောင်း မြင်လိုက်ရသည်။ ယင်ကောင်များတွင် ရောင်စုံအစက်များနှင့် ယင်ကောင်၊ အညိုရောင်ယင်ကောင်၊ ကြေးနီရောင် ခန္ဓာကိုယ်နှင့် ယင်ကောင်၊ မီးခိုးရောင် တောင်ပံနှင့် ယင်ကောက်၊ အစိမ်းရောင် ယင်ကောင်၊ နက်ပြာရောင် မျက်လုံးများနှင့် ယင်ကောင် စသည်ဖြင့် ကာလာစုံရောင်စုံ ယင်ကောင်များဖြင့် လူသားခန္ဓာကိုယ်ကို ဖွဲ့စည်းထားလေသည်။
အသံတွင် တဝီဝီမြည်သံ ပိုကျယ်လောင်လာလေသည်။
“လူဖျင်းတွေ...”
ယဲ့ကျား မသိစိတ်အရ အသက်ရှူထုတ်လိုက်၏။
သူ ထိုလူကို သိသည်။
ယင်ကောင်ဘုရင်...
ဂိမ်းထဲတွင် Sအဆင့် စွမ်းအားကြီးတစ္ဆေဖြစ်သည်။ သူ့၏ဂုဏ်သတင်းနှင့် သန်မာမှုက အခြားသော Sအဆင့်စွမ်းအားကြီးတစ္ဆေများနှင့် မယှဉ်နိုင်သော်လည်း သူ့၏မနှစ်မြို့စရာကောင်းသော သွင်ပြင်လဏ္ခဏာကြောင့် တစ္ဆေများကြားတွင်အလွန်နာမည်ကြီးသော ခေါင်းဆောင်ဖြစ်သည်။
ယဲ့ကျား၏အကြည့်က မလှမ်းမကမ်းရှိ ကြမ်းပြင်ပေါ်တွင်ကျနေသော စမ်းသပ်ပြွန်ငယ်ပေါ်သို့ ရောက်သွားသည်။ အထဲမှ အစိမ်းရောင်သွေးစက်လေးကအမှောင်ထဲတွင် ခပ်ဖျော့ဖျော့တောက်ပနေလေသည်။
အဲ့ဒါက သူ ပိုင်တာများလား...
ကုန်လှောင်ရုံထဲရှိ အခြေအနေကို မြင်သောအခါ မရေမတွက်နိုင်သော ယင်ကောင်များဖြင့် ဖွဲ့စည်းထားသည့် ထိုလူ၏ မျက်နှာပေါ်တွင် အံ့ဩရိပ်များ ပေါ်လာလေသည်။
“ဟမ်...”
သူ့အကြည့်က ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ထဲတွင်ရှိနေသော သွေးအရိုးငါးတုဆီသို့ ရောက်သွားပြီးတစ်ဖန် ချိတ်ဆွဲထားသည့် ့အရေပြားများထံသို့ ရောက်သွားသည်။
သူ့အသံက အေးစက်လာလေသည်။
"ဒီလောက်အရေးကြီးတဲ့ အရာတွေက ပျက်စီးလုနီးနီး ဖြစ်နေပြီ...ဒီအရူးတွေကတော့..."
“ဒါပေမဲ့ ဒီကျူးကျော်သူတွေက...."
ယင်ကောင်ဘုရင် လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရရှိသွားသည်။
"ထိန်းမရသိမ်းမရတဲ့ သွေးအရိုးငါးကို တိုက်ခိုက်နိုင်ပြီး ငါတို့ကို ဒီလောက် ပြဿနာကြီးကြီး ပေးနိုင်တော့ သူတို့ကသန်မာကြလောက်တယ်..."
သူ၏ ရက်စက်သော မျက်လုံးများက ကုန်လှောင်ရုံကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လှောင်ရယ်လိုက်သည်။ သူ့အသံတွင် အမုန်းတရားများကို ဖုံးမကွယ်နိုင်ပေ။
"မင်း မထွက်သွားရသေးဘူးဆိုတာ ငါသိတယ်...ဟုတ်တယ်မလား..."
ယဲ့ကျား အသက်ရှုရပ်သွားသည်။
ယင်ကောင်ဘုရင် စကားပြောပြီးသည်နှင့် သိပ်သည်းသော မြူများက အသက်ရှင်လာသကဲ့သို့ထင်ရပြီး အက်ကွဲကြောင်းတိုင်း ထောင့်နေရာတိုင်းကို ပျံ့နှံ့သွားလေသည်။
နောက်တစ်ခဏတွင် ကြမ်းပြင်ပေါ်ရှိ သွေးအိုင်က ရုတ်တရက် ဆူပွက်လာလေသည်။
အလွန်ကြီးမားသော ဆိတ်ခေါင်းဖြူခွံ တစ်ခုပေါ်လာသည်။ သူ့၏ မျက်လုံးချိုင့်များက ယင်ကောင်ဘုရင်ကို စိုက်ကြည့်နေပြီး ပါးစပ်ဟလိုက်သောအခါ မရေမတွက်နိုင်သော ချွန်ထက်စူးရှသည့် သွားဖြူဖြူများ ထွက်ပေါ်လာလေသည်။ သူ့၏ အမြီးကို တရွှမ်းရွှမ်း ရိုက်ခတ်ကာယင်ကောင်ဘုရင်ထံသို့ မြှားတစ်စင်းကဲ့သို့ တဟုန်ထိုး ပြေးလာသည်။
ယင်ကောင်ဘုရင် အခြားသွေးအရိုးငါး တစ်ကောင် ရုတ်တရက် ပေါ်လာမည်ကို မမျှော်မှန်းထားပေ။
သွေးအရိုးငါး၏ တိုက်ခိုက်မှုကြောင့် သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။
သွေးအရိုးငါး၏ တဟုန်ထိုးတိုက်ခိုက်မှုကြောင့် မရေမတွက်နိုင်သော ယင်ကောင်များ အဘက်ဘက်သို့ ပျံ့နှံ့သွားပြီးနောက် လူသားခန္ဓာကိုယ် ပြန်လည်ရရှိရန် တဖြည်းဖြည်း ပြန်လည်စုစည်းလိုက်သည်။ ထိုအချိန် သွေးအရိုးငါးက သွေးအိုင်ထဲသို့ ပြန်ဆင်းသွားပြီဖြစ်သည်။
သူ့ရှေ့မှ သွေးအရိုးငါးကို ကြည့်ပြီး ယင်ကောင်ဘုရင်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာလေသည်။
“ဘာ...ဘာလို့ ဒီရောက်နေတာလဲ...မင်း ဒီကို ရောက်နေမှတော့..."
ထိုအချိန် ကုန်လှောင်ရုံ အပြင်ဘက်မှ တိုးညှင်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ရောက်နေမှတော့...ပြီးတော့ ဘာဖြစ်လဲ...”
မှောင်မိုက်နေသောည ပြန့်ကြဲပြိုကွဲသွားသည်။
ချွန်ထက်သော ဓားသွားပုံစံ အနီရောင်အလင်းလက်သွားပြီး လေကို ဖြတ်ကာ သူ့ရှေ့မှ မြူကို ဖြတ်တောက်လိုက်သည်။
အနီရောင် နောက်ခံကြားမှ အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။
“ယင်ကောင်ဘုရင်...”
ကျီရွှမ် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး သူ့မျက်လုံးက ပိုမို နီရဲလာလေသည်။
“မတွေ့ရတာ ကြာပြီ...”
သွေးအရိုးငါးက သခင်ဆီသို့ ဖြည်းညှင်းစွာ ကူးခတ်သွားသည်။
သူ့၏ ဦးခေါင်းဖြင့် ကျီရွှမ်၏ လက်ဖဝါးကို ပွတ်သပ်နေသည်မှာ နှုတ်ဆက်နေသည်ဟုပင် ထင်ရ
လေသည်။
ယင်ကောင်ဘုရင်၏ မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားပြီး ဦးညွှတ်ကာ အေးစက်ပြီး တဝီဝီမြည်သော အသံဖြင့် ပြောလိုက်သည်။
"တကယ့်ကို မတွေ့ရတာ ကြာပါပြီ...ကင်း..."
သူ့၏ နောက်ဆုံးစကားလုံးက အားစိုက်ပြောနေကြောင်း သိသာလှသည်။ ထိုစကားလုံးက မနာလိုမှုများ ပါ၀င်နေလေသည်။
“ဘာလို့လဲ...”
ကျီရွှမ် ခပ်ဖျော့ဖျော့ပြုံးကာ သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
"မင်း ငါ့ကို ဒီအကြောင်းမပြောပြဘူးနော်...ပြီးတော့ မင်းနေရာကို လာလည်တဲ့ဧည့်သည်ကို အနည်းဆုံး ဘာလိုလဲမေးသင့်တယ်..."
“ကိုယ်ရေးကိုယ်တာ ကိစ္စသေးသေးလေးမို့လို့ပါ..."
ယင်ကောင်ဘုရင်၏ မျက်နှာ တင်းမာလာလေသည်။
"ကင်းကို စိတ်အနှောင့်အယှက်ပေးဖို့ မလိုလို့ပါ..."
ကျီရွှမ် ခေါင်းမော့ကာ သူ့ရှေ့မှ ကုန်လှောင်ရုံကို စစ်ဆေးလိုက်သည်။
ဤနေရာတွင် ဟာရီကိန်းမုန်တိုင်း ဖြတ်သွားသကဲ့သို့ ဖြစ်နေပြီး နေရာတိုင်းတွင် သွေးများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် လွှမ်းခြုံနေကာ သေတ္တာထဲတွင် သွေးအရိုးငါးတု၏ အပိုင်းအစများ ရှိနေလေသည်။
သူ့အကြည့်က လူ့အရေပြားအစုံသို့ ရောက်သွားပြီး ပြောလိုက်သည်။
"ဟုတ်လား...ဒါပေမဲ့ မြင်ရသလောက်ဆိုရင် ကိုယ်ရေးကိုယ်တာ ကိစ္စလေး မဟုတ်လောက်ဘူးနော်..."
ကျီရွှမ် လက်ဆန့်ကာ လက်ညှိုးကို ကွေးလိုက်သည်။ ထိုအခါ အရည်များနှင့် ပြည့်နှက်နေသောချောမွေ့သည့် ဘောလုံးတစ်လုံး ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ ပေါ်လာလေသည်။
သူ နူးညံ့စွာ တခစ်ခစ်ရယ်လိုက်ပြီး ပြောလိုက်သည်။
"အကာအကွယ် ဘောလုံးကိုတောင် သုံးနေတာလား...အတော်ရက်ရောတာပဲ..."
ထိုစကားများ ဆုံးသွားသည်နှင့် သူ့နောက်မှ အနီရောင် အလင်းက ပျံ့နှံ့လာပြီး လေထဲမှ မြူများကို လျင်မြန်စွာ ဝါးမျိုသွားလေသည်။
ယင်ကောင်ဘုရင်၏ ခန္ဓာကိုယ်က ပြိုကွဲနေကာ ထပ်ခါထပ်ခါ စုစည်းနေရပြီး သူ့၏ ခံစားချက်က နိမ့်လိုက် မြင့်လိုက် ဖြစ်နေလေသည်။ သူ ဤနေရာမှ ဆုတ်ခွာချင်သော်လည်း သူ့ကိုယ်သူ အားတင်းထားရသည်။
သူ သွားကြိတ်နေသကဲ့သို့ အသံနှင့် ပြောလိုက်သည်။
"လူသားတွေဆီမှာ စကားတစ်ခွန်းရှိတယ်...ဘယ်သူမဆို အမှားလုပ်နိုင်တယ်...တတ်နိုင်သမျှ ခွင့်လွှတ်ပေးရမယ်တဲ့.. "
ကျီရွှမ် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
"မင်းဘာတွေလုပ်ထားလို့ ငါ့ခွင့်လွှတ်မှု လိုချင်နေရတာလဲ..."
သူ့နောက်ရှိ အနီရောင်ပင်လယ်ကြီးက စတင်လှိမ့်တက်လာလေသည်။
ထိုနေရာက သူနှင့် ဝေးကွာနေသော်လည်း ယဲ့ကျား ထိုမှထွက်လာသော ကြောက်စရာကောင်းသည့် စွမ်းအင်များကို ခံစားနိုင်သည်။ ထို့အတွက် ကျီရွှမ်နှင့် နီးသော ယင်ကောင်ဘုရင်က ပိုမိုခံစားနေရမည်ဖြစ်သည်။
ယင်ကောင်ဘုရင်၏ ခန္ဓာကိုယ်က ပုံပြောင်းလာလေသည်။ ယင်ကောင်များ ပျံဝဲနေကာ လူသားအသွင်အပြင်ကို မထိန်းသိမ်းနိုင်တော့ပုံပေါ်သည်။ သူ့အသံက ပြင်းထန်လာပြီး ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။
“ကျီရွှမ် မင်း ငါ့ကို မသတ်နိုင်ဘူး...အမေက အနားမှာ ရှိနေသရွေ့ မင်းမလုပ်နိုင်ဘူး..."
ကျီရွှမ် မျက်လုံးအောက်စိုက် လိုက်သည်။ သူ့၏ နီရဲနေသောမျက်လုံးများက ယင်ကောင်ဘုရင်ကို ခံစားချက်မဲ့စွာ ကြည့်နေလေသည်။ ဖြူဖျော့ချောမောသော မျက်နှာပေါ်တွင် ခံစားချက်တစ်စုံတစ်ရာ မရှိပေ။
အနီရောင်အလင်း ပိုမိုပျံ့နှံ့လာပြီး ဖိအားလည်း ပိုတိုးလာလေသည်။ ယင်ကောင်များ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သော်လည်း ယင်ကောင်ဘုရင်က ကြောက်ရွံ့ပုံမပေါ်ချေ။
“အမေက မင်းကို အဲ့လူသားကို ပေးမယ်လို့ ကတိပေးထားတာ ငါသိတယ်..."
“ဒါပေမဲ့ မင်း အဲ့ဒါကို လုပ်နေတာ ကြာပြီ...ငါတို့ မင်းကို မကောင်းဆိုးဝါးလို ပြန်လာဖို့ စောင့်နေခဲ့ကြပေမဲ့ မင်း ဘာလုပ်လဲ...မင်းက ဆုထုတ်ပြီး ရှာနေတုန်းပဲ...ပြီးတော့ မင်း သူ့ကို ဘယ်သူမှ မနှောင့်ယှက်ဖို့ တားမြစ်ထားတယ်မလား... မင်း...မင်းမသိဘူး..."
ကျီရွှမ် ယင်ကောင်ဘုရင်၏ ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေပုံကို ခံစားချက်မဲ့စွာ ကြည့်နေလေသည်။
ယင်ကောင်ဘုရင်၏ အသံ ပြောင်းလဲသွားသော်လည်း ကြောက်စရာကောင်းနေဆဲဖြစ်သည်။
“အမေ့ရဲ့ ပထမဆုံးခြေလှမ်းက အဲ့လူသားကို သတ်ဖို့လေ..."
ယင်ကောင်ဘုရင်၏ ပြိုကွဲလာပြီး ဒေါသတကြီး
အော်ဟစ်လိုက်သည်။
"တကယ်လို့ သူ မသေရင် အမေက သူ့ရဲ့စွမ်းအားကို ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူး..."
"ပြီးတော့ အခု…”
ယင်ကောင်ဘုရင် စူးစူးဝါးဝါး အော်ရယ်လိုက်သည်။
"အခု အမေက စိတ်မရှည်တော့ဘူး...”
“ဒါကြောင့် ငါတို့ မင်းကို ကူညီမယ်...မင်းက ပိုပြီးသေချာသိပါတယ်...မင်းဘယ်အဖွဲ့ထဲ ပါမှာလဲ..."
ယဲ့ကျား မျက်လုံးများ တုန်လှုပ်သွားသည်။
သတင်းအချက်အလက်တွေ အရမ်းများလွန်းတယ်...
အမေက ဘယ်သူလဲ...
ပြီးတော့ ဘာလို့ အမေက သူ့ရဲ့ အရင်စွမ်းအားပြန်ရအောင် သူ့ကို သတ်ချင်နေတာလဲ...
ယဲ့ကျား လက်မဲလေး ပြောခဲ့သည့် စကားကို ပြန်သတိရသွားသည်။
ဒီကမ္ဘာပေါ်မှာ ဘော့စ်ကို မရှာချင်တဲ့သူ မရှိဘူး...
မဖြစ်နိုင်တာ...
ယဲ့ကျား မျက်လုံးမှိတ်လိုက်သည်
သူ အာရုံခဏလွှဲနေချိန်တွင် ယင်ကောင်ဘုရင်၏ နာကျင်စွာ အော်ဟစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ ယင်ကောင်များကလည်း အရှေ့မှသွေးအကာအကွယ်ထဲသို့ အစုလိုက်အပြုံလိုက် ပြေးသွားကြလေသည်။
ယင်ကောင်ဘုရင်၏ အသံက ပိုပို အားနည်းလာသော်လည်း ပိုပို၍ ခံစားချက်မကောင်းလာစေပေသည်။
“ငါ မူလက ပစ္စည်းတွေကို အရင်ပို့ပြီး နောက်မှစဖို့ လုပ်ထားတာ...ဒါပေမဲ့...ဟီးဟီး...လူသားတွေဆီမှာ ငါ တကယ်ကြိုက်တဲ့ စကားစုတစ်စုရှိတယ်..."
"တစ္ဆေတစ်ရာ ညဉ့်ချီတက်ပွဲ..."
ထိုအခိုက်အတန့်တွင် ယဲ့ကျားပင်လျှင် ကောင်းကင်ထက်မှ မှောင်မိုက်သော အငြိုးများ အောက်သို့ ပျံ့နှံ့လာသည်ကို ခံစားမိပေသည်။ သူ သွေးနံ့လည်း ရသည်။
ချိုမြိန်လှပသော သွေးတစ်စက်က ငါးမန်းကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ အမှောင်ထု၏ သတ္တဝါအားလုံးကို ထိုအနံ့ရရာရင်းမြစ်အား လောဘတကြီး လိုက်ရှာရန် ဖြားယောင်းလှည့်စားလိုက်သည်။
မကြာမီ မြို့ထဲတွင် လျစ်လျူရှုမရသော ပြင်းထန်သည့် ယင်စွမ်းအင်များ တလှိမ့်လှိမ့် တက်လာပြီး မူလက မှောင်မိုက်နေသော ညကောင်းကင်ယံ၏ အနားသတ်များတွင် သွေးရောင်ဖျော့ဖျော့သဖွယ် နီမြန်းသောအရောင်များပေါ်လာသည် ။
ကျီရွှမ် ထိတ်လန့်သွားသည်။
နောက်တစ်ခဏတွင် ယင်ကောင်ဘုရင် တစ်ဖက်လူ၏ အာရုံထွေပြားမှုကို အခွင့်ကောင်းယူကာရေဆိုးပိုက်ထဲသို့ ချက်ချင်း ထွက်ပြေးသွားသည်။
တိတ်ဆိတ်နေသောမြို့သည် ရုတ်တရက် နိုးကြားလာပြီး ထိတ်လန့်မှုအောက် နစ်မြှုပ်သွားလေသည်။
Xxxxx