အပိုင်း ၄၉
Viewers 10k

Chapter 49



ညသန်းခေါင်တွင်...

ဝူဆုတစ်ယောက် နားအူမတတ် ဆူညံသော ဖုန်းသံကြောင့် နိုးလာပြီး ခေါင်းအုံးကို စမ်းတိစမ်းတမ်းလုပ်ကာဖုန်းကိုင်လိုက်သည်။

သို့သော်ငြားလည်း တစ်ဖက်မှ ထွက်လာသောအသံက လူသားအသံမဟုတ်ချေ။

ဖုန်းစပီကာမှ အနက်ရောင်ဆံခြည်မျှင်များ ထွက်လာပြီး ဝူဆု လက်ကောက်၀တ်ကို ရစ်ပတ်လာလေသည်။

အေးစက်စိုထိုင်းသော အထိအတွေ့ကြောင့် ဝူဆု နှိုးကြားလာပြီး ခေါင်းအုံးအောက်မှ သေနတ်ကိုယူကာ ဖုန်းကို အချက်ပေါင်းများစွာ ပစ်ခတ်လိုက်သည်။ အထူးကျည်ဆန်များက ဖုန်းမျက်နှာပြင်ကို ကြေမွစေပြီး ရှည်လျားသော ဆံချည်မျှင်များ တဖြည်းဖြည်း ပြန်၀င်သွားလေသည်။

ဝူဆု အိပ်ရာဘေးတွင် ရပ်လိုက်ကာ အသက်ကို ပြင်းထန်စွာ ရှူနေရသည်။

ဘာဖြစ်နေတာလဲ...ဘာလို့ သူ့ဖုန်းထဲကနေ သရဲထွက်လာရတာလဲ...

သူ ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်သောအခါ လိုက်ကာကို ဖြတ်၍ သူမြင်လိုက်ရသည်မှာမူလက မှောင်မိုက်နေသော ကောင်းကင်ကြီးက သွေးရောင်များသဖွယ် စွန်းထင်းနီရဲနေခြင်း ဖြစ်သည်။ ထိုအရာက ကြီးမားသော ပိုက်ကွန်ကြီးကဲ့သို့ မြို့ကို ဖုံးအုပ်ထားလေသည်။

အဆင့်နိမ့်ဖုတ်ကောင်များသည်လည်း မြေကြီးအောက်မှာ ထွက်လာပြီး လမ်းမီးရောင်အောက်တွင် ဖြည်းညှင်းစွာ ခြေဦးတည့်ရာ သွားလာနေကြသည်။

‌ဖြူဖျော့နေသော အသားအရေများနှင့် တ‌စ္ဆေသရဲများသည်လည်း နံရံထဲမှ ထွက်လာကြပြီး လူသားများကို မုန်းတီးနေ‌သော အကြည့်များနှင့်ကြည့်နေကြသည်။

အော်သံများက နေရာအနှံ့မှ ထွက်ပေါ်လာနေသည်။

ဝူဆု သွေးများအေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ အိပ်ရာဘေးရှိ စားပွဲသို့ လျင်မြန်စွာ သွားပြီး အေ့စ် သူ့ကို ပေးထားခဲ့သော စာရွက်ကိုထုတ်လိုက်သည်။

မမျှော်လင့်စွာဖြင့် တစ်ဖက်လူ၏ တုံ့ပြန်မှုက အလွန်မြန်လေသည်။

“ခင်ဗျားရဲ့ အထက်လူကြီးဆီ ချက်ချင်း ဆက်သွယ်လိုက်...”

လူငယ်၏ အသံက အလောတကြီး ဖြစ်နေသော်လည်း တည်ငြိမ်စွာ အမိန့်ပေးနေလေသည်။

"ပြီးတော့ အကူအညီတွေကို တတ်နိုင်သမျှ စုစည်းပြီး စေလွှတ်လိုက်...လူတွေကို အရင်ကယ်..."

“‌ အေ့စ်က‌ရော...”

ဝူဆု အလျင်စလို မေးလိုက်သည်။

တစ်ဖက်လူ ပြန်မဖြေတော့ပေ။

မိနစ်နှစ်ဆယ်ကြာပြီးနောက်...

Mမြို့အနှံ့အပြားတွင် တိုက်ခိုက်ရေး၀န်ထမ်းများ စေလွှတ်ထားပြီး ဖြစ်ကာ ကိရိယာကို အသုံးပြု
ကာ တိုက်ခိုက်နိုင်သည့် ထောက်ပံ့ပို့ဆောင်ရေး၀န်ထမ်းများကိုလည်း အရေးတကြီး ဆင့်ခေါ်ထားလေသည်။

ဝူဆု ထိုအဖွဲ့များကို အခြေအနေအား အတိုချုံ့ရှင်းပြလိုက်ပြီး သက်ဆိုင်ရာနယ်မြေများ ခွဲဝေတာ၀န်ပေးခဲ့သည်။

"ငါတို့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်...”

ဝူဆု ရှေ့ရှိ ဖြူဖျော့နေသော မျက်နှာများနှင့်လုပ်ဖော်ကိုင်ဖက်များ ကြည့်လိုက်ကာ စကားလုံးများကို အလေးပေး ပြောခဲ့သည်။

"စွမ်းအားကြီးတစ္ဆေတွေကို ‌ချေမှုန်းပြီး အရပ်သားတွေကို ကာကွယ်ဖို့ပဲ..."

“ဟုတ်...”

အားလုံး တစ်သံတည်း အော်လာလေသည်။

တိုက်ခိုက်ရေးအဖွဲ့များ လျင်မြန်စွာ ထွက်ခွာနေကြသည်ကို ကြည့်ပြီးနောက် ဝူဆု နောက်မှ ၀န်ထမ်းက သူ့ကို မေးလာသည်။

"လက်ရှိအခြေအနေအရ ကျွန်တော်တို့ ကြာကြာမတောင့်ခံနိုင်လောက်ဘူး..."

သူတို့ ဤမျှလောက် များပြားသည့် စွမ်းအားကြီးတစ္ဆေများကို မမြင်ဖူးပေ။

သူတို့က အသိုက်ကို စွန့်ခွာလာသည်ဟုပင် ထင်ရသည်။

ဂိမ်းထဲတွင် ဖြစ်စေ၊ လက်တွေ့ကမ္ဘာ‌တွင် ဖြစ်စေ စစ်တပ်တစ်တပ်နှင့်ပင် ညီမျှသော စွမ်းအားကြီးတစ္ဆေများက မြို့ကို ဖျက်စီးရန် လုံလောက်လေသည်။

“အကူအညီဘယ်တော့ရောက်မှာလဲဗျ...”

ဝူဆု ပြန်မဖြေပေ။

တကယ်တော့ သူ ပြင်ပအကူအညီကို မတောင်းနိုင်ခဲ့ဘူး...

မြို့ထဲရှိ လိုင်းများကောင်းမွန်နေသေးသော်လည်း မြို့ထဲရှိ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစု၀င်များနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သူတိုင်း တစ်ဖက်မှ တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် စားသောက်နေသံကိုသာ ကြားရသည်။ ထို့ကြောင့် မည်သူမှ မြို့အတွင်းအပြင် ဖုန်းမခေါ်နိုင်ကြပေ။ ပြင်ပကမ္ဘာနှင့် သူတို့ကြား ဆက်သွယ်မှုများ ပြတ်တောက်သွားသည်မှာ ကြောက်စရာကောင်းသော ဟာသတစ်ခုလိုပင် ဖြစ်သည်။

ဤသို့ဖြင့် ပြင်ပအကူအညီတောင်းရန် ဖြစ်နိုင်ချေများ အဆုံးသတ်သွားလေသည်။

Mမြို့က အထီးကျန်ပြီး ကူရာမဲ့နေပြီဖြစ်သည်။

ဝူဆု အသက်ပြင်းပြင်းရှူကာ သူ့နောက်မှ ၀န်ထမ်းကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သွားရအောင်..."

ဟုတ်တယ်...အခုချိန်မှာတော့ သူတို့တတ်နိုင်သမျှ လုပ်ဖို့ပဲ တတ်နိုင်တယ်...

နီညိုရောင်ကောင်းကင်ကြီးက သွေးနံ့များ ပေးစွမ်း နေလေသည်။ နေရာအနှံ့မှ အော်သံများလည်း ကြားနေရ၏။

မှောင်မိုက်သောညက သွေးရောင်ဖြင့် တောက်ပနေပြီး အရုဏ်မတက်သေးပေ။

မြို့အ‌ရှေ့ပိုင်းရှိ လမ်းများ၌...

ဒိန်းခနဲ မြည်သံတစ်ခု တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်လေသည်။

ဝူဆု အခြားဖုတ်ကောင်တစ်ကောင်၏ ခေါင်းကို ပစ်လိုက်သည်။ ထိုအခါ သူ့၏ ခန္ဓာကိုယ်က
ပြုတ်ကျသွားပြီး အနက်ရောင်သွေးများ မြေကြီးပေါ်သို့ ယိုစိမ့်ကျလာလေသည်။ သူ့ပတ်၀န်းကျင်တွင် နောက်ထပ်ဖုတ်ကောင်များ ပေါ်လာသည်။

“‌ ဖာ့ခ်...”

ဝူဆု စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး သေနတ်ထဲသို့ ကျည်အသစ်များကို သွေးစွန်းနေသော လက်ဖြင့်ဖြည့်လိုက်သည်။

ဖုတ်ကောင်များက ဂိမ်းထဲတွင် အဆင့်အနိမ့်ဆုံးမကောင်းဆိုးဝါးများဖြစ်ပြီး သူတို့က အသိဉာဏ်မရှိ၊ ဗီဇအရ သွားလာလှုပ်ရှားနေကြသောအလောင်းကောင်များသာ ဖြစ်ကြသော်လည်း ဤကဲ့သို့ အရေအတွက်များပါက ကိုင်တွယ်ရန် ခက်ခဲလေသည်။

ဝူဆု သူ့အဖွဲ့ကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်ပြီး လမ်းဘေးတွင် ရပ်ထားသောကားကို အကာအကွယ်အဖြစ်သုံးကာ လက်ပစ်ဗုံးကို ပစ်လိုက်သည်။

လက်ပစ်ဗုံးကို အထူးထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းက ယင်စွမ်းအင်ကို သယ်ဆောင်ထားသောတ‌စ္ဆေများနှင့် မကောင်းဆိုးဝါးများကို ပြင်းထန်စွာ ထိခိုက်စေပေသည်။

နောက်တစ်ခဏတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ကြားလိုက်ရသည်။ ခြေလက် အကျိုးအပဲ့များ၊ အသားစများနှင့် နံ့ဟောင်နေသော သွေးများ လမ်းတစ်လျှောက် ပျံ့နှံ့သွားလေသည်။

ဝူဆု စိတ်သက်သာရာရစွာ သက်ပြင်းမချမီ ကလေးမလေးတစ်ယောက်၏ မူးမေ့မတတ် ငိုကြွေးအော်ဟစ်သံကို အရှေ့ မနီးမဝေးမှ ကြားလိုက်ရသည်။

“အားးးးးးငါ့ခြေထောက်...ငါ့ခြေထောက်...”

ဝူဆု နှလုံးသား နစ်မြှုပ်သွားသည်။

အရပ်သားတစ်ယောက် ထိခိုက်သွားတာလား...

သူ တဟုန်ထိုး ပြေးထွက်လိုက်သည်။

နံ့ဟောင်‌နေ‌သော သွေးများ ၊ ဖုတ်ကောင်အသားများနှင့် အိုင်ထဲတွင် ကလေးမလေးတစ်ယောက် လဲနေကာ ၀မ်းနည်းစရာကောင်းသောအခြေအနေတွင် ရှိနေလေသည်။ သူ့၏ ခြေသလုံးက သွေးများ ထွက်နေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အသားအောက်မှ အရိုးကို မည်သူမဆို မြင်နိုင်ပေသည်။ သူက နာကျင်စွာ ဆက်လက်အော်ဟစ်နေသည်။

"နာတယ်...အရမ်းနာတယ်...ဒယ်ဒီ...မာမီ..."

ဝူဆု သေနတ်ကို သိမ်းကာ ကလေးမလေးဆီသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။

"အ...အဆင်ပြေလား..."

ကလေးမလေး၏ ရှည်လျားသော အနက်ရောင်ဆံနွယ်ရှည်ကြီးက လျော့ရဲရဲ ကျနေပြီး ‌သေးငယ်သောပခုံး‌လေးက တုန်ရီနေ‌ကာ ငိုကြွေးနေလေသည်။

ဝူဆု၏ အသက်ရှူသံ အနည်းငယ် မတည်မငြိမ် ဖြစ်နေလေသည်။

"ဦလေး သွေးထွက်နေတာကို တိတ်အောင် လုပ်ပေးမယ်..."

သို့သော် သူ့စကားမဆုံးမီ ကလေးမလေးက ရုတ်တရက် ခေါင်းမော့လာကာ သူ၏ အနက်ရောင်ဆံပင်များက ရွေ့လျားလာပြီး မရေမတွက်နိုင်သော ချွန်ထက်‌သည့် သွားများရှိသည့် ကြီးမားသော ပါးစပ်ကြီးနှင့် ထူးခြားသော မျက်နှာကို ပြသလာလေသည်။ ထို့နောက် ကလေးသံလေးတစ်သံ ကြားလိုက်ရသည်။

"ဒါပေမဲ့ ဦးလေး သမီးက ဗိုက်ပိုဆာနေတာ..."

ချက်ချင်းပင် သူ့ပါးစပ်ထဲမှ လျှာက ဝူဆုမျက်နှာကို ရိုက်လိုက်သည်။

အနည်းဆုံး Aအဆင့်ပဲ...

ဝူဆု စိတ်ထဲတွင် ချက်ချင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ရှည်လျားပြီး ငါးညှီနံ့ နံ့သော လျှာကြီးက သူ့ရှေ့တွင် ရောက်နေပြီဖြစ်ကာ နောက်တစ်စက္ကန့်တွင် သူ့ခေါင်းကို ဖြတ်တော့မည်ဖြစ်သည်။

“အားးးးးးးးး”

ကြောက်စရာကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံတွင် မချိမဆန့် နာကျင်မှုနှင့် ခါးသီးသော ခံစားချက်များ ပါ၀င်နေလေသည်။

ဝူဆု၏ မျက်လုံးများ ပြူးကျယ်နေကာ အလွန် အံ့အားသင့်နေ၏။ သူ သူ့မြင်လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင်ပေ။

အေးစက်သော အဖြူရောင်အလင်းတန်းတစ်ခုက သူ့မျက်နှာရှေ့တွင် လေပြင်းသဖွယ် လျင်မြန်စွာ ဖြတ်သွားပြီး ဘာမှမဖြစ်ခဲ့သလို ပြန်‌ပျောက်ကွယ်သွားလေသည်။

သူ့ရှေ့မှ လျှာမှာ အဖြတ်ခံလိုက်ရသည်။ ၎င်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ပင်မခန္ဓာကိုယ်မှ ဖြတ်တောက်ခံရသည့်တိုင် တွန့်လိမ်နေလေသည်။

ကလေးမလေးထံမှ အနက်ရောင်သွေးများ ပန်းထွက်လာပြီး လည်ချောင်းထဲမှ စူးစူးဝါးဝါးအော်ဟစ်ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလို သူ့၏ သေးသွယ်‌လှသော လည်ပင်း ပတ်ပတ်လည်တွင် သွေးကြောင်းတစ်ခုပေါ်လာပြီး ခေါင်းပြတ်သွားကာ အော်သံများ ရပ်တန့်သွားလေသည်။ သူ့၏ သေးငယ်သော ခန္ဓာကိုယ်က မြေကြီးပေါ်တွင် အကြိမ်အနည်းလောက် တွန့်လိမ်နေပြီး ပျော့ဖတ်သွားကာ အနက်ရောင်သွေးပျစ်ပျစ်များ လည်ပင်းမှ စီးကျလာ၏။ ထို့နောက် တူညီသော အရောင်နှင့် မြေကြီးပေါ်တွင် သေဆုံးသွားလေသည်။

ဝူဆု ကလေးမလေး၏ အလောင်းကို ထိတ်လန့်စွာ ရှောင်ရှားရင်း မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

“ခင်ဗျားဘာလို့‌‌နှေးကွေးနေတာလဲ...”

ငယ်ရွယ်နုပျိုသောအသံတစ်သံ အပေါ်မှ ထွက်လာသည်။

ဝူဆု ကြောင်အစွာ ကြည့်နေမိသည်။

သွယ်လျသော လူငယ်တစ်ယောက်က ‌သွေးရောင်ကောင်းကင်ကြီးအောက်တွင် ရပ်နေလေသည်။ သူက လခြမ်းသဏ္ဍာန် ကြီးမားသော တံစဉ်းကြီးကို ကိုင်ထားပြီး တံစဥ်းသွားက ကောင်းကင်အောက်တွင် ဝင်းလက်နေသည်။

ယဲ့ကျား မြေကြီးပေါ်တွင် ကြောင်အစွာ ထိုင်နေသော ဝူဆုကို အပေါ်စီးမှ ကြည့်လိုက်ပြီး ဖြူဖျော့‌သော နှုတ်ခမ်းကို ဖွင့်ကာ ပြောလိုက်သည်။

“ကျွန်‌တော့်နောက်လိုက်ခဲ့...”

ခြေလက်အပိုင်းအစများ၊ ‌သွေးများ၊ အသားစများ အလယ်တွင် လူငယ်၏ အရပ်ရှည်ပြီး ဖြောင့်စင်းသောပုံသဏ္ဍာန်က သတ်ဖြတ်ရန် ရည်ရွယ်ချက်နှင့် သွေးဆာနေသော ချွန်ထက်သည့် ဓားတစ်လက်သဖွယ် ဖြစ်နေလေသည်။ သူ့ကို ကြည့်လိုက်ရုံနှင့်ပင် သူတို့ မျက်လုံးများ ဖောက်ထုတ်ခံရသလို ခံစားရ၏။

ဝူဆု မြေကြီးပေါ်မှ ဖြည်းညှင်းစွာ ထလာကာ အံ့ဩနေသော သူ့အဖွဲ့သားများကို ကြည့်လိုက်သည်။ အားလုံး၏ အမူအရာမှာ ထိတ်လန့်အေးခဲနေပြီး အံ့ဩနေကြပေသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေမှ ပြန်လည်မကောင်းမွန်သေးမှန်းသိသာလှသည်။

ဝူဆု သူ့နှလုံးသားက အပြေးပြိုင်နေသကဲ့သို့ ခံစားရပြီး အစောပိုင်းက စိတ်ပျက်အားငယ်မှုများအားလုံး မှေးမှိန်‌ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ တုန်ရီနေသော အသံကို တည်ငြိမ်အောင် ကြိုးစားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်းတို့နဲ့ မိတ်ဆက်ပေးရဦးမယ်...ဒါက အေ့စ်ပဲ...”

အသင်းဖော်များကို ဦးဆောင်ကာ သူတို့ထက်အဆင့်မြင့်သော တစ္ဆေအုပ်စုကြီးကို တိုက်ခိုက်‌ချေမှုန်းခဲ့သည့် နတ်ဘုရားအဆင့်ကစားသမားဖြစ်ပြီး ဂိမ်းထဲရှိ ဦး‌ဆောင်သူဇယားတွင် မည်သူမှ မကျော်နိုင်သော ထိပ်တန်းအဆင့် ဒဏ္ဍာရီလာဇာတ်ကောင်ဖြစ်၏။

ကြောက်စရာအကောင်းဆုံးရန်သူဖြစ်ရုံသာမက အားအကိုးရဆုံး ရဲဘော်ရဲဘက်လည်းဖြစ်သည်။သူ့၏တည်ရှိမှုက တည်ငြိမ်စေသော စွမ်းအားတစ်ခုကဲ့သို့ပင် လူတိုင်း၏ ကြောက်ရွံ့စိုးရိမ်နေသော နှလုံးသားကို ချက်ချင်းတည်ငြိမ်စေသူဖြစ်၏။

ထိုအခိုက်အတန့်တွင် ဝူဆု ပထမဆုံးအကြိမ် စောစီးစွာထွက်ပေါ်လာသော အရုဏ်တက် အလင်းရောင်ကို မြင်လိုက်ရကဲ့သို့ ခံစားလိုက်ရသည်။

သွေးရောင်ကောင်းကင်ကြီးက ကြယ်ကင်းစင်ပြီး လလည်း မရှိချေ။ အရုဏ်တက်မည့် အရိပ်အယောင်လည်း မရှိချေ။ တစ်မြို့လုံးကို ခြောက်ခြားစရာကောင်းသော အနီရောင်ကြီးကလွှမ်းခြုံထားလေသည်။

လမ်းများပေါ်နှင့် အဆောက်အအုံများအတွင်းရှိ အမှောင်ထုအတွင်းမှ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများနှင့် တစ္ဆေသရဲများ ထွက်လာကြကာ ကမ္ဘာကြီးက ငရဲသဖွယ် ဖြစ်လာလေသည်။

ယင်းက သာမာန်ထက် လွန်ကဲပြီး အဓိပ္ပာယ်မရှိ ရက်စက်သည့် အိမ်မက်တစ်ခုအလားပင်ဖြစ်သည်။

ရဲလေယာဉ်တစ်စီး လေထဲတွင် ပျံဝဲနေလေသည်။

“နေထိုင်သူများအားလုံး ကျေးဇူးပြုပြီး အိမ်မှာနေပေးကြပါ...တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားကြပြီး အိမ်အပြင်မထွက်ကြပါနဲ့..."

ဘယ်လောက်ပဲ အားနည်းပြီး အကျိုးမရှိပါစေ...

အားလုံးသည် နံရံနှင့် တံခါးများက မကောင်းဆိုးဝါးများနှင့် တစ္ဆေသရဲများကို ဟန့်တားရန် မလုံလောက်ကြောင်း သိသော်လည်း အပြင်ဘက်လမ်းပေါ်ရှိ မကောင်းဆိုးဝါးများနှင့် တ‌စ္တေသရဲများက ပိုကြောက်စရာကောင်းလေသည်။ ထွက်ပြေးခြင်းထက် ပုန်းအောင်းနေခြင်းက လွတ်မြောက်ရန် သေးငယ်လှသော အခွင့်အရေးလေးဆိုလျှင်ပင် သူတို့ သေချာပေါက် လုပ်‌ဆောင်ကြမည်ဖြစ်သည်။

အခြေအနေ မမှန်တော့ကြောင်း နားလည်သောအခါ ဗျူရိုက ရဲများ၊ စစ်တပ်များကို အကူအညီတောင်းခံရန် ချက်ချင်း ဆက်သွယ်ခဲ့ပြီး တိုက်ခိုက်ရေး၀န်ထမ်းများကိုလည်း မြို့နေရာအသီးသီးသို့ စေလွှတ်ခဲ့သည်။ ၀န်ထမ်းများအားလုံးကို တိုက်ခိုက်ရေး၀န်ထမ်းများအား အကူအညီပေးရန် ပို့ပေးခဲ့ပြီး မကောင်းဆိုးဝါးများနှင့် တစ္ဆေသရဲများကို တတ်နိုင်သမျှ မြန်မြန် တိုက်ခိုက်နိုင်ရန် လက်နက်များနှင့်ကိရိယာများ မည်သို့အသုံးပြုရမည်ကို သင်ပေးခဲ့သည်။

သို့သော်ငြားလည်း လူများက ထိုကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံဖူးသလို သက်ဆိုင်ရာ လေ့ကျင့်ရေးများ ဆင်းခဲ့ခြင်းလည်းမရှိကြချေ။ ထို့အပြင် သူတို့ကလေးဘ၀က စိတ်ကူးခဲ့ကြသော အမှောင်ထဲမှ သတ္တဝါများ တကယ်ရှိကြောင်း သိလိုက်ရသည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

ထို့အပြင် ဤသတ္တဝါများကို ရင်ဆိုင်ရန် သူတို့အသုံးပြုနိုင်သော လက်နက်များနှင့် ကိရိယာများ‌ များစွာထောက်ပံ့ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် လူများက သာမာန်လက်နက်များကို ကိုင်ဆောင်ကာ မကောင်းဆိုးဝါးနှင့် တစ္ဆေသရဲမျိုးစုံ သွားလာနေကြသည်ကို ကြောက်ရွံ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။

Mမြို့တွင် ရှေ့တန်းတိုက်ခိုက်ရေး၀န်ထမ်းပေါင်း ၁၅၀ သာရှိပြီး ရှေ့တန်းမဟုတ်သော တိုက်ခိုက်ရေး၀န်ထမ်းဟုသာ ခေါ်နိုင်သည့် ဗျူရို၀န်ထမ်းများကို ထည့်တွက်လျှင်ပင် (၂၀၀) ထက် နည်းလေသည်။

ထိုလူဦးရေက အမှောင်ထုထဲမှ သတ္တဝါများ၏ဆူနာမီကဲ့သို့ လွှမ်းမိုးမှုကို ရင်ဆိုင်ပေသည်။

ကတ္တရာလမ်းများပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး မကြာမီ နံ့ဟောင်နေသော ရွှံ့ကဲ့သို့ မကောင်းဆိုးဝါးကြီး မြေအောက်မှ လျှောတိုက်ထွက်လာလေသည်။ ၎င်းက အထပ်သုံးထပ်စာလောက် မြင့်ပြီး ၎င်း၏ ရွှံ့လက်တံများက မြေကြီးပေါ်သို့ ကျနေကာ ချက်ချင်းဆိုသလို ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်လာလေသည်။

အောက်တွင် ၎င်းထက် သိသိသာသာ ‌သေးငယ်သော လူသားများဖြစ်သည်။

“မီး...”

ခေါင်းဆောင် အော်လိုက်သည်။

မီးသေနတ်များက ‌မှောင်မိုက်နေသော လမ်းကို လင်းထိန်စေသော်လည်း အထူးပြုလုပ်ထားသောကျည်ဆန်များက မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ထဲကို နစ်၀င်သွားကြပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ကြီးမား‌လှသော ဖိအားအောက်တွင် လမ်းက ကတ်ထူများသဖွယ် အစိတ်စိတ်အမွှာမွှာကွဲသွားကာ ၀န်းကျင်ရှိ အဆောက်အအုံများလည်း တုန်ခါလာကြလေသည်။

“ဆုတ်...ဆုတ်...”

လူတစ်ယောက် အော်လိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။

မရေမတွက်နိုင်သော ရွှံ့လက်တံများ ဆန့်လာကာ ကောင်းကင်ကို ဖြတ်၍ လူသားများအား သေစေနိုင်သော တိုက်ခိုက်မှုတစ်ခု ပေးလိုက်သည်

သို့သော် မကြာမီ သူတို့အားလုံး လေထဲတွင် အေးခဲသွားကြလေသည်။

ကြောက်ရွံ့ထိတ်လန့်နေကြသော လူသားများ ခေါင်းမော့ ကြည့်လိုက်သောအခါ မကောင်းဆိုးဝါးကြီး၏ အပေါ်၌ အနက်ရောင်အရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် ထိုအရိပ်က ပေါ့ပါး တိတ်ဆိတ်စွာ လေကို ဖြတ်၍ မကောင်းဆိုးဝါးကြီး၏ ကျောပေါ်သို့ ဆင်းလာသည်။

ချက်ချင်းဆိုသလို လခြမ်းသဏ္ဍာန် တံစဉ်းတစ်ခုပေါ်လာပြီး ကောင်းကင်ကြီး၏ သွေးရောင်ကဓားသွားပေါ်တွင် ရောင်ပြန်ဟပ်နေလေသည်။

ချွန်ထက်လှသော တံစဥ်းသွားက သေမင်း၏ အနမ်းတစ်ခုကဲ့သို့ ရွှံ့မကောင်းဆိုးဝါးကြီး၏ လည်ပင်းကို တို့ဟူးကို ဓားထက်ထက်ဖြင့် ဖြတ်လိုက်သကဲ့သို့ အတားအဆီးမရှိ ဖြတ်လိုက်လေသည်။

နောက်တစ်ခဏတွင် ရွှံ့မကောင်းဆိုးဝါးကြီး၏ခေါင်း ပြုတ်ကျလာပြီး ဧရာမခန္ဓာကိုယ်ကြီးကလည်း ပြိုပျက်သွားလေသည်။ ထိုအခါ စေးကပ်ကပ်ရွှံ့များ နေရာအနှံ့လွင့်စင်သွားပြီး လမ်းတစ်လျှောက် စီးကျနေလေသည်။

ကြောက်ရွံ့ထိတ်လန့်နေကြသော လူများ လက်မြှောက်ကာ မျက်နှာပေါ်မှ ရွှံ့များကို သုတ်လိုက်ကြသည်။ သူတို့ ထိုနေရာကို တစ်ဖန် ပြန်ကြည့်လိုက်သောအခါ ထိုအရိပ်က အရိပ်အယောင်မရှိ ‌ပျောက်ကွယ်သွားသည်မှာ ထိုနေရာ တစ်ခါမှ ‌မ‌‌ရှိခဲ့သကဲ့သို့ပင်ဖြစ်၏။ အကယ်၍ သူတို့ပတ်၀န်းကျင်များ ရွှံ့များကိုသာ မမြင်ရလျှင် ဖြစ်ခဲ့သမျှကို စိတ်ကူးယဉ်ပုံရိပ်ဟုသာ ထင်ကြမည်ဖြစ်သည်။

“မင်း...မင်းတို့ အဲ့လူကို မြင်လိုက်တယ်မလား..."

တစ်ယောက်ယောက် မရေရာစွာ မေးလိုက်သည်။

“ငါမြင်တယ်…”

“ငါလည်းမြင်တယ်...”

ထိတ်လန့်စရာကောင်းသော လက်နက်က လှလည်းလှပပြီး ရက်လည်း ရက်စက်ပေသည်။ ယင်းက လူတိုင်းကို အသက်ရှူရပ်မတန့် ဖြစ်စေ၏။ ထိုမြင်ကွင်းက သူတို့၏ ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ တောက်လောင်နေပြီး သူတို့ ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ပေ။

“မ‌ကောင်းဆိုးဝါးရဲ့ အဆင့်ကို တစ်ယောက်ယောက်တိုင်းလိုက်မိလား..."

“A…Aအ‌ဆင့်...”

တိတ်ဆိတ်သွားကြသည်။

သူတို့ လူများက Aအဆင့်မကောင်းဆိုးဝါးအားတိုက်ခိုက်နိုင်သည်ကို တစ်ခါမှ မကြားဖူးချေ။

တစ်ချက်တည်းနဲ့ သေ...

လူတိုင်း၏ စိတ်ထဲတွင် တူညီသောမေးခွန်းတစ်ခု ရစ်ဝဲနေလေသည်။

ဒီကြောက်စရာကောင်းလောက်အောင် သန်မာတဲ့လူက ဘယ်သူလဲ...

“ဗျူရိုက တစ်ယောက်ယောက်များလား...”

“မဖြစ်နိုင်တာ...”

တစ်ယောက်က သေချာစွာ ပြောလိုက်သည်။

"သူသာ အဲ့ကဖြစ်ရင် ငါတို့သိတာကြာရောပေါ့..."

အခြားလူများ ခေါင်းငြိမ့် သဘောတူလိုက်ကြသည်။

သူတို့ အခြားမကောင်းဆိုးဝါးများအား တိုက်ခိုက်ရန် ပြင်ဆင်နေကြစဉ် အရှေ့ရှိ‌ မှောင်မိုက်နေသော လမ်းထဲမှ အဖွဲ့ငယ်လေးတစ်ဖွဲ့ ရုတ်တရက် ထွက်လာလေသည်။




Xxxxx