အပိုင်း ၅၀
Viewers 10k

Chapter 50



ဝူဆုက အရှေ့ဆုံးတွင် ဦးဆောင်ပြေးနေပြီး အလွန်ပင်ပန်းနွမ်းနယ်နေကာ နဖူးတွင် ချွေးများရွှဲနေလေသည်။ သူ့၏ မျက်နှာနှင့် နှုတ်ခမ်းက ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများက ‌တောက်ပနေလေသည်။

“အစ်ကို၀ူ...”

တိုက်ခိုက်ရေး၀န်ထမ်းတစ်ဦး ထိတ်လန့်စွာ ပြောလိုက်သည်။

"ဘာလို့ဒီရောက်လာတာလဲ...တာ၀န်ကျတဲ့နယ်မြေကရော..."

“အားလုံးရှင်းလင်းပြီးပြီ...ငါတို့ ဖြတ်လာခဲ့တဲ့ နယ်မြေနှစ်ခုကိုလည်း ရှင်းပြီးပြီ..."

ဝူဆု၏ အသက်ရှူသံ လေးလံမြန်ဆန်နေပြီး သူ့ပါးပြင်က စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေ၏။

သူ မေးလိုက်သည်။

"မင်းတို့ရော ဘယ်လိုလဲ...အကူအညီ လိုသေးလား..."

ဟုတ်ပါတယ်...သူတို့ နယ်မြေသုံးခုကို ရှင်းလင်းခဲ့ပြီးပြီ...

ဝူဆု ယခင်က အေ့စ်နှင့် တစ်ဖွဲ့တည်း ဖြစ်ခဲ့ဖူးသောကြောင့် တစ်ဖက်လူ၏ တိုက်ခိုက်သည့် စတိုင်ကို သိလေသည်။

ရှင်းလင်းတယ်...ကျစ်လစ်တယ်...ရိုးရှင်းတယ်...

တုံ့ဆိုင်းမှုမရှိ သေးငယ်အားနည်းသော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို လျစ်လျူရှုပြီး သူ့မျက်လုံးထဲတွင် အသန်မာဆုံးနှင့် အခက်ခဲဆုံး တစ်ကောင်ကို ရွေးချယ်ပြီးနောက် ထိုသေးငယ်အားနည်းလှသော တ‌စ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ၏ ကျောရိုးမဏ္ဍိုင်ကို လျင်မြန်ကျွမ်းကျင်စွာ ကိုင်တွယ်လေသည်။ သူက ဆန်းကြယ်ရှုပ်ထွေးသော ခွဲစိတ်မှုတွင် အထက်ဆုံးခွဲစိတ်ဓားတစ်ချောင်းနှင့် တူသည်။

တ‌စ္ဆေသရဲများ၏ အဆင့်တစ်ဆင့်နှင့် တစ်ဆင့်ကြား ကြီးမားသော ကွာခြားမှုရှိသည်။

Aအဆင့် တစ္ဆေသရဲများ၏ ဖိနှိပ်နိုင်စွမ်းနှင့် ခွန်အားက Bအဆင့်‌တစ္ဆေသရဲ တစ်ရာထက် များစွာ ဆိုးရွားသည်။ ထို့ကြောင့် ပြဿနာအရှိဆုံးတစ်ကောင်ကို ချေမှုန်းလိုက်လျှင် ကျန်ရှိနေ‌သော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို ကိုင်တွယ်ရန် ခက်ခဲမှုအဆင့် နည်းသွားလေသည်။

အေ့စ်ပါ၀င်ပြီးနောက် ဝူဆု သူ့အဖွဲ့ပေါ်ရှိ ဖိအားများ ချက်ချင်းမြင့်တက်လာကြောင်း ခံစားမိသည်။

စိတ်ဓာတ်က ချက်ချင်းမြင့်တက်လာတယ်...

သူတို့အားလုံး ကြက်‌သွေးအထိုးခံရသကဲ့သို့ တဟုန်ထိုး ပြေးလွှားနေကြပြီး တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန် အတွေ့အကြုံမရှိသည့် သာမာန်အဖွဲ့၀င်များပင်လျှင်ကြောက်စိတ်များ ‌ပျောက်ကုန်ကြလေသည်။ သူတို့ ‌ဟစ်ကြွေးပြီး လမ်းပေါ်ရှိ ဖုတ်ကောင်များကို စိတ်အားထက်သန်စွာ တိုက်ခိုက်ခဲ့ကြသည်။

ယနေ့ညတွင် သူတို့က ပထမဆုံး အောင်ပွဲခံလိုသည့် ဆန္ဒများဖြင့် တိုက်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်ကြလေသည်။

ပိုင်နက်များကဲ့သို့ တစ်ခုပြုတ်ကျလျှင် ကျန်တစ်ခုလည်း ပြုတ်ကျပြီး မကြာခင်မှာပင် နယ်မြေတစ်ခု၊နှစ်ခု၊သုံးခု ရှင်းလင်းပြီးဖြစ်သည်။

အတော်အားနည်းကြသော သူတို့အဖွဲ့က အခြေအနေကို ပြောင်းပြန်လှည့်လိုက်နိုင်ပြီး ယခု အနိုင်ရရန် အခွင့်အရေးရှိလာပြီဖြစ်သည်။

လူသားမျိုးနွယ်က တန်ပြန်တိုက်စစ် စတင်ခဲ့တယ်...

သူတို့ နယ်မြေအတွင်း ကျန်ရှိနေသေးသည့် သေးငယ်အားနည်းသော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို ရှင်းလင်းရန် အဖွဲ့၀င်အနည်းငယ်ကျန်ထားခဲ့ပြီး ကျန်လူများက အောင်ပွဲအတွက် အေ့စ်နောက်သို့ အမှီလိုက်ကြလေသည်။

အေ့စ်က ဘယ်သောအခါမှ ‌နောက်ပြန်မကြည့်၊ ဘယ်သောအခါမှ မရပ်တန့်သော်လည်း အားပေးမှုသဖွယ် လူများ၏ ရှေ့တွင် နေပြီး သူ့နောက်မှ ရဲဘော်ရဲဖက်များကို တိတ်တဆိတ် ကာကွယ်ပေးမည်ဖြစ်သည်။

အလှမ်းဝေးပေမဲ့ ခိုင်မာတည်ငြိမ်တယ်...

သွေးရောင်ကောင်းကင်ကြီးက ယခင်အတိုင်း တိတ်ဆိတ်နေဆဲဖြစ်သော်လည်း အောက်တွင်တစ်စုံတစ်ရာက လျင်မြန်စွာ တလိပ်လိပ်တက်လာလေသည်။ လက်ရှိအခြေအနေ စီးဆင်းမှုပြောင်းလဲသွားပြီဖြစ်သည်။

တစ်ဖက်လူက သူတို့၏ ကျဆုံးနေသော အခြေအနေကို သတိပြုမိပုံပေါ်သည်။

“ပေါက်...”

အကွာအဝေးတစ်ခုရှိ မြို့လယ်ခေါင်တွင် တစ်ခုခု ကျနေသောအသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ အသံက မကျယ်သော်လည်း အကြောင်းအချို့ကြောင့် အားလုံးရှင်းလင်းစွာကြားလိုက်ရသည်။

အသံကြားလိုက်ရသည့်အခိုက်အတန့်တွင် ဝိညာဉ်အမြင်မရှိသော သာမာန်လူများပင်လျှင် ခံစားလိုက်ရသည်။

တစ်ခုခု ပြောင်းလဲသွားပြီ...

လေထုထဲရှိ အပူချိန်က လျင်မြန်စွာ ကျဆင်းလာပြ အလွန်အေးလာလေသည်။ အသိဉာဏ်မရှိ ခြေဦးတည့်ရာ သွားလာနေသော ဖုတ်ကောင်များ ရုတ်တရက်ရပ်တန့်သွားကြသည်။ သူတို့၏ အရေပြားအတွင်းမှ တစ်ခုခုက တွန့်လိမ်လူးလိမ့်နေပြီး မကြာမီ သူတို့၏ သွေးကြောများမှ ထူထဲသော အဝါရောင်သွေးများ ပေါက်ထွက်လာကြလေသည်။

ခါးတွင် ချိတ်ဆွဲထားသော ကိရိယာများ ရုတ်တရက် စူးစူးဝါးဝါး မြည်လာလေသည်။

“သူတို့ Eအဆင့်ပဲ ရှိသေးတယ်...အ...အခု Dအဆင့်ကို ချိုးဖျက်သွားပြီး Cအဆင့်နီးနီး ဖြစ်နေပြီ..."

တစ်ယောက်ယောက်က ထိတ်လန့်စွာ အော်လိုက်သည်။

ဤသည်မှာ သူတို့ တည်ဆောက်ထားသော စိတ်ဓာတ်ကို အကြီးအကျယ် ဖျက်စီးလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးတွင် သူတို့တွင် အေ့စ်သာရှိပြီး သူက အဆင့်မြင့်စွမ်းအားကြီးတစ္ဆေများကို ကိုင်တွယ်ရမည်ဖြစ်သည်။

အဆင့်နိမ့် တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို သူတို့ ကိုင်တွယ်နိုင်ရုံမျှသာ ရှိသော်လည်း ယခု အဆင့်မြင့်သွားကြသောအခါ အားလုံး ပြောင်းလဲကုန်ပြီဖြစ်သည်။

တစ်ဖက်လူက အေ့စ်ကို အရေအတွက်နှင့် လွှမ်းမိုးချင်ပုံရသည်။

ယဲ့ကျား ရပ်တန့်သွားသည်။

အမြင့်တစ်နေရာတွင် ရပ်နေသော သူ့၏ အရပ်ရှည်ပြီး သွယ်လျသော ပုံရိပ်က သွေးရောင်ကောင်းကင်ကြီးအောက်တွင် ကောင်းကင်ကြီး၏ ပြတ်ရှရာတစ်ခုနှင့် တူလေသည်။

ယဲ့ကျား မြို့လယ်ခေါင်ကို လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင်...

သူ ထိုနေရာတွင် ပျံ့နှံ့နေသော သန်မာသည့်စွမ်းအားကို ခံစားလိုက်ရသည်။ အချိန်မီ မရပ်လျှင် အခြေအနေက နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ပေ။

ဒါပေမဲ့...

ယဲ့ကျား ခေါင်းငုံ့လိုက်ပြီး သူ့အကြည့်က လမ်းပေါ်တွင် ရုန်းကန်နေသော လူသားများအပေါ် ရောက်သွားလေသည်။

ယခုမှ ဖွဲ့စည်းခဲ့ကြသော လူသားအဖွဲ့က ရုတ်တရက် အဆင့်မြင့်သွားသော မကောင်းဆိုးဝါးများကို ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။ သူတို့ ရန်သူ၏ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရပေသည်။

သူတို့ ဂိမ်းနှင့် အလွန်ဝေးကွာနေပြီ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ သူတို့၏ ‌တော့တင်းသော နှလုံးသားက ပျော့ပျောင်းလာပြီဖြစ်သည်။

ယဲ့ကျား၏ လက်ဆစ်များ အနည်းငယ် ဖြူလာပြီဖြစ်သည်။

မမျှော်လင့်ဘဲ သူ သူတို့ကို ဂရုစိုက်နေတုန်းပါလား...သူတို့ကို ကာကွယ်ဖို့ ဂရုမစိုက်နိုင်ဘူး သိတယ်...

မနေ့ညက အိမ်မက်အပိုင်းအစတွေ သူ့ မျက်လုံးထဲ ထပ်ပေါ်လာပြန်ပြီ...

အဆုံးအဆမရှိတဲ့ ညမှာ သနားစရာကောင်းတဲ့ အော်သံတွေကို ကြားနေရပြီး ဖြူဖျော့သွေးစွန်း
နေတဲ့ မျက်နှာက သူ့ရှေ့ကို ရောက်လာပြီး"ကူညီပါ...ကူညီပါ..."လို့ ပြောနေတယ်...ဒီအသံကို သူ့နားထဲမှာ ထပ်ခါထပ်ခါ ကြားနေရတယ်...

အိမ်မက်ထဲမှာ သူက ခံစားချက်မရှိဘဲ လမ်းလျှောက်နေတယ်...

ယဲ့ကျား လက်ချောင်းထိပ်များ ဖိအားကြောင့် အရောင်ပင် မရှိတော့ချေ။

ဘယ်သူမှ သူတို့ကို မကယ်နိုင်ဘူး...

သူ ထွက်သွားသင့်တယ်...

အရာအားလုံး နောက်မကျသွားမီ သူ မြို့လယ်ကိုသွားပြီး တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို ရူးသွပ်စေသော စွမ်းအားကို ဖျက်ဆီးရမည်ဖြစ်သည်။

ယဲ့ကျား အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူ့အကြံအတိုင်း လှည့်ထွက်သွားလိုက်သည်။

ထိုစဉ် လက်လေးဖက်နှင့် ဖုတ်ကောင်တစ်ကောင်က ထောက်ပံ့ပို့ဆောင်ရေး ၀န်ထမ်းတစ်ယောက်၏ ပခုံးကို တဟုန်ထိုးပြေးကိုက်တော့မည်ဖြစ်သည်။

"အားးးးးးး"

စိတ်အားငယ်စွာ အော်ဟစ်သံက မှောင်မိုက်နေသော လမ်းများပေါ် ပဲ့တင်ထပ်သွားသော်လည်းမည်သူမှ သူ့ကို မကယ်နိုင်ကြပေ။ အားလုံး ၎င်းတို့၏ အသက်အတွက် ‌တိုက်ခိုက်နေကြရလေသည်။

ယဲ့ကျား ရုတ်တရက် ရပ်သွားသည်။

သူ ထိုအသံကို မှတ်မိသည်။ ရုံးတွင် ထိုအသံပိုင်ရှင်က သူ့ကို ပြုံးကာ မေးခွန်းများ မေးဖူးလေသည်။

အစ်ကိုယဲ့ ကော်ဖီတစ်ခွက်လောက် လိုချင်လား...

အစ်ကိုယဲ့ အလုပ်ဆင်းတော့မှာလား...

အစ်ကိုယဲ့ ညစာသွားစားရအောင်လေ...

ထို့အပြင် သူက ပြုံးကာ ခေါက်ပိုက်ဆံအိတ်ထဲမှ ဓာတ်ပုံထုတ်ကာ ယဲ့ကျားကို ပြဖူးသည်။

"ကြည့်...ကျွန်တော့်သမီးလေ...သူက ချစ်စရာမကောင်းဘူးလား..."

သေစမ်း....

ချွန်ထက်သည့် တံစဉ်းကို လက်ထဲတွင် ကိုင်ထားလျက် ယဲ့ကျား နောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

သို့သော် သူ အောက်ကို မခုန်ချမီ အောက်ရှိ မြေကြီးက ရုတ်တရက် ရွှံ့နီရောင်ပြောင်းသွားကာ ဖောင်းပွလာလေသည်။ မကြာမီ ‌ဆိတ်ခေါင်းခွံကြီးတစ်ခု မြေကြီးပေါ်တွင် ပေါ်လာပြီးနောက် သူ့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးပါ တစ်ဆက်တည်းပေါ်လာလေသည်။ ယင်းက မြေကြီးပေါ်တွင် တင့်တယ်စွာ လွင့်မျောနေ၏။

အားလုံး၏ ကိရိယာများမှ ကြောက်စရာကောင်းသော အချက်ပေးသံမြည်လာသော်လည်း သူတို့မည်သည်မှ မလုပ်နိုင်ကြချေ။ သူတို့သည် ကြောက်စရာကောင်းသော မကောင်းဆိုးဝါးကြီး သူတို့ပတ်ပတ်လည်တွင် ဖြည်းညှင်းစွာ ကူးခတ်နေသည်ကိုသာကြည့်နေရပြီး ယင်းက မမြင်ရသော အားတစ်ခု ထုတ်လွှတ်နေလေသည်။

မျက်စိတစ်မှိတ်အတွင်း လက်မောင်းလေးဖက်နှင့် ဖုတ်ကောင်များ အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

သွေးအရိုးငါးက လမ်းများထက်တွင် တိတ်တဆိတ် ကူးခတ်နေပြီး သူ ဖြတ်သွားသည့်နေရာတိုင်းတွင်အ‌လောင်းများ ကျန်ခဲ့လေသည်။ သို့သော် လူများကို ထိခိုက်မှုမရှိချေ။

သွေးအရိုးငါးက အမြီးကိုလှုပ်ယမ်းနေပြီး ခေါင်းကိုမော့ကာ အမှောင်ထုထဲတွင် ရပ်‌နေသော ယဲ့ကျားကို မျက်လုံးချိုင့်များဖြင့် စိုက်ကြည့်လိုက်သည်။

ယဲ့ကျား အံ့ဩသွားပြီး သူ့လက်ဆစ်ဖြူများက အရောင်ပြန်သန်းလာလေသည်။

သူ သတိပြန်၀င်လာပြီး ကူရာမဲ့စွာ ပြုံးလိုက်သည်။

"လိမ္မာလိုက်တဲ့ ကလေး...”

အကျပ်အတည်းကို ဖြေရှင်းပြီးကြောင်း အတည်ပြုပြီးနောက် ယဲ့ကျား ခေါင်းစွပ်ကို သေချာဆွဲချလိုက်ကာ မြို့လယ်ခေါင်သို့ ပြေးသွားလိုက်သည်။

သူ့၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

အလင်းရောင်တစ်ချက်နှင့် အတူ Aအဆင့် စွမ်းအားကြီးတစ္ဆေများ ကျသွားပြီး သူတို့၏ စွမ်းအားများကလည်း တံစဥ်းသွား၏ စုပ်ယူမှုကို ခံလိုက်ရကာ ဓားသွားက ပို၍ ပို၍ တောက်ပလာလေသည်။

သွေးအရိုးငါးက ‌လမ်းများပေါ်မှတစ်ဆင့် ယဲ့ကျားနောက်သို့ လိုက်သွားသည်။

ကြောက်စရာကောင်းသော မကောင်းဆိုးဝါးကြီး ကူးခတ်လာသည်ကို လူသားများ ဗလာသက်သက် စိုက်ကြည့်နေကြလေသည်။ သူ့၏ အရိုးများက သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြီးမားလှသော ဆိတ်ခေါင်းခွံကြီးကလည်း လူများကို ကြောက်ရွံ့အောင် ပြုလုပ်နေပေသည်။ သို့သော်ထိုမကောင်းဆိုးဝါးကြီး ဖြတ်သန်းလာရာ လမ်းတစ်လျှောက်ရှိ တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများသည် ချက်ချင်းဆိုသလို အပိုင်းပိုင်းပြတ်သွားကြလေသည်။

ကျီရွှမ် မေးလိုက်သည်။

“အားလုံးရောက်ပြီလား...”

အားမီ ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့...”

တစ်စုံတစ်ခုက နောက်က ဆွဲထားသကဲ့သို့ ၎င်း၏ ဝေဝါးဝါးသွင်ပြင်က အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေလေသည်။

ယင်ကောင်ဘုရင် အသုံးပြုခဲ့သောအရာ၏ သက်ရောက်မှုကြောင့် မြို့ထဲတွင် ပုန်းကွယ်နေသော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်လာရုံသာမက ခုခံနိုင်စွမ်းလည်း ပိုမို သန်မာလာလေသည်။

သို့သော် သူတို့၏ သတ်ဖြတ်လိုသည့် ဆန္ဒကို ဖိနှိပ်ရန် အလွန်ခက်ခဲနေဆဲဖြစ်သည်။

“အရမ်း‌ကောင်းတယ်...သွားပြီး ဒီပုန်ကန်မှုကို ချေမှုန်းပစ်..."

“လူသားတွေကလွဲပြီး ကျန်တဲ့တည်ရှိမှုတွေအားလုံး မင်းတို့ရန်သူတွေပဲ..."

ရက်စက်သော အပြုံးတစ်ခု နှုတ်ခမ်းထက်တွင် ပေါ်လာလေသည်။

"ငါ မင်းတို့ကို ခွင့်ပြုတယ်...ဒီတစ်ခါ‌ အကန့်အသတ်မရှိ ကြိုက်သလောက်စားကြ..."

အဆင့်မြင့်စွမ်းအားကြီးတစ္ဆေများ တစ်ကောင်ပြီး တစ်ကောင် ထွက်သွားကြသည်။ အားမီ သတိကြီးကြီးထားပြီး မေးလိုက်သည်။

“ကျွန်‌တော် တစ်ခုလောက်မေးပါရစေ ကင်း...သွေးအရိုးငါးကရော..."

ဤကဲ့သို့သော ကြီးမားသည့် AOEတိုက်ခိုက်မှုအတွက် သွေးအရိုးငါးက ဘယ်လောက်သင့်တော်ကြောင်း သူသိသည်။ သို့သော် အကြောင်းအချို့ကြောင့် ကင်းနှင့် တပူးပူးတတွဲတွဲရှိနေသော သွေးအရိုးငါးက ယခု ကင်းဘက်တွင် မရှိချေ။

ယခင်ကဆိုလျှင် အားမီ ထိုမေးခွန်းကို မမေးရဲပေ။

သို့သော် တစ်စုံတစ်ခု၏ သက်ရောက်မှုကြောင့် အားမီ သတ္တိရှိလာလေသည်။

ကျီရွှမ် မျက်လုံးကို ပင့်လိုက်ပြီး သူ့အကြည့်က အားမီပေါ်သို့ ကျရောက်သွားသည်။

အားမီ နောက်ဆုတ်လိုက်သည်။

“မပါဘူး...”

ကျီရွှမ်အသံက တည်ငြိမ်နေပြီး ဒေါသထွက်ပုံ မပေါ်ချေ။

“သူ့မှာ ဒီထက်အရေးကြီးတာ လုပ်စရာရှိတယ်...”

သူလည်း အရေးကြီးတာ သွားလုပ်ရမှာ...

...........

ရေဆိုးပိုက်ထဲတွင်...

ထူထပ်‌သော ယင်ကောင်အုပ်ကြီးက အမှောင်ထုကို ဖြတ်ကာ မြေအောက်ပိုက်လိုင်းထဲသို့ ၀င်ရောက်လာကြသည်။

မကြာမီ ယင်ကောင်ဘုရင်၏ ပုံရိပ် ပို၍ ထင်ရှားလာလေသည်။

သူ စိတ်သက်ရာရစွာ သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာနှင့် သူ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး အဝေးမှထိန်းချုပ်နိုင်သော ကိရိယာများကို မြို့လယ်ခေါင်တွင် ထားခဲ့သည်။ အကယ်၍ သူသာ ထိုသို့မလုပ်ခဲ့မိလျှင် ထိုနေရာမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။

သူ ကျီရွှမ်နှင့် အမေကြားမှ ဆက်ဆံရေးကို သိခဲ့သော်လည်း သူနှင့် ကျီရွှမ်ကြား စွမ်းအား ဤမျှလောက် ကွာခြားလိမ့်မည်ဟု မထင်ခဲ့ပေ။

အရမ်းကြောက်စရာကောင်းတာပဲ...

တကယ်လို့ ကျီရွှမ်က အမေရဲ့ တည်ရှိမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မနေရင် သူ အဲ့နေရာမှာ တကယ်အသတ်ခံရမှာပဲ...

အခုကစပြီး သူ သတိကြီးကြီးထားပြီး လုပ်သင့်တယ်...

သူ ကျီရွှမ်နဲ့ ထပ်မရင်ဆိုင်ချင်တော့ဘူး...

မရေမတွက်နိုင်သော ယင်ကောင်များဖြင့် ဖွဲ့စည်းထားသော ယင်ကောင်ဘုရင်၏ ခန္ဓာကိုယ် ရေဆိုးပိုက်ထဲမှ ထွက်လာပြီးနောက် လမ်း‌ပေါ်တွင် လူသားသွင်ပြင် ပြန်ဖွဲ့စည်းလိုက်ပြီး ဘာဆက်လုပ်ရမည်ကိုဆုံးဖြတ်ပြီးချိန်၌ သူ့ခန္ဓာကိုယ်တွင် တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်သည်။

သူ့လက်မောင်းပေါ်ရှိ ယင်ကောင်များ လှုပ်လှုပ်ရွရွဖြစ်လာလေသည်။

နောက်တစ်ခဏတွင် အနီရောင်သွေးတစ်စက် ပျံထွက်လာပြီး ယင်ကောင်ဘုရင်ရှေ့တွင် လွင့်မျောနေလေသည်။

ယင်ကောင်ဘုရင်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

မကောင်းတော့ဘူး...

သို့သော် သူ ထွက်မပြေးမီ သွေးစက်က ရုတ်တရက် ပေါက်ကွဲသွားပြီး သူ့ရှေ့ရှိ နေရာလွတ်တွင် သွေးများစွန်းထင်းသွားလေသည်။

နောက်တစ်ခဏတွင် ကျီရွှမ်၏ပုံရိပ် ယင်ကောင်ဘုရင်ရှေ့တွင် ပေါ်လာလေသည်

ယင်ကောင်ဘုရင် သူ့ခန္ဓာကိုယ်ကို ချက်ချင်းပျံ့နှံ့စေသော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။

ထိုးဖောက်မြင်ရသော အနီရောင် အကာအကွယ်တစ်ခုက သူ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ပိတ်လှောင်လိုက်လေသည်။ ယင်ကောင်များ မည်မျှပင် ရုန်းကန်နေကာမူ မလွတ်မြောက်နိုင်ပေ။

ယင်ကောင်ဘုရင် တစ်ဖန်ပြန်ကြောက်ရွံ့လာလေသည်။

သို့သော် အကာအကွယ်က အလုံပိတ်ဖြစ်နေပြီး စွမ်းအားကွာခြားချက်ကြီးမားသောကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

ကျီရွှမ် ဖြည်းညှင်းစွာ လမ်းလျှောက်လာကာ အနီရောင်သွေးစက်က သူ့လက်ထဲတွင် လွင့်မျောနေလေသည်။

“ဘာလို့ဒီလောက်လောနေတာလဲ...”

သူပြောလိုက်သောအခါ အကာအကွယ် တဖြည်းဖြည်း ကျုံ့သွားပြီး ယင်ကောင်အုပ်ကြီးက နေရာကျဉ်းကျဉ်းလေးတွင် ကျပ်သိပ်နေလေသည်။ ယင်ကောင်ဘုရင် အံကြိတ်ကာ ပြောလိုက်သည်။

"ကျီရွှမ်...မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

“အရာအားလုံးကို လျစ်လျူရှုထားရင်တောင် ငါက ဘုရင်ဖြစ်နေတုန်းပဲ..."

ကျီရွှမ် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်း ဘုရင်ကို သစ္စာဖောက်ရင် ပေးရမဲ့ လျော်ကြေးကို မသိဘူးလား..."

ယင်ကောင်ဘုရင် :"မင်း...”

သူ မလွတ်မြောက်နိုင်ကြောင်း နားလည်သွားပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

ယင်‌ကောင်ဘုရင် အထင်သေးစွာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်း ဒီနေရာကို ရောက်လာပြီး ငါနဲ့ အချိန်ဖြုန်းနေတယ်ဆိုတော့ အမေရဲ့ အစီအစဉ်တွေ အလုပ်လုပ်ပုံပေါ်တယ်..."

ကျီရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

“ဟားဟားဟားဟား...ကြည့်ရတာ မင်းနားမလည်သေးပုံပဲ..."

ယင်ကောင်ဘုရင် စူးစူးဝါးဝါး ရယ်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"ငါတို့ရဲ့ ပစ်မှတ်က အစကတည်းက အဲ့လူသားပဲ...အေ့စ်...သူ့ကိုသတ်မှ အမေပြန်ကောင်းလာမှာ...မင်း နှောင့်ယှက်တာကြောင့် အစီအစဉ်က ချောချောမွေ့မွေ့ မဖြစ်ရင်တောင် ငါ့မှာ ဒုတိယအစီအစဉ် ရှိသေးတယ်...သူသာ ငါတို့ထဲကတစ်ယောက်ဖြစ်လာရင် အားလုံးဖြေရှင်းပြီးသား ဖြစ်သွားမှာ...ဟုတ်တယ်မလား..."

သူ့အသံက ရက်စက်ပြီး ပျော်မြူးလာလေသည်။

"ကျီရွှမ် မင်းထက်‌တော့ ဘယ်သူမှ ပိုသိမှာမဟုတ်ဘူး...မင်း ဘာဆက်ဖြစ်မယ်ဆိုတာကို သိတာ ကျိန်းသေတယ်..."

တ‌စ္ဆေတံခါးများကို ဖွင့်ပြီး ထိုတစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများကို ထိန်းချုပ်ရန်။ လုပ်ဆောင်သမျှ အားလုံးက ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဖြစ်သည်။

ယင်းက သူ့ကို ပိုမိုသန်မာလာစေပြီး ပိုကြောက်စရာကောင်းလာစေကာ ကြာလျှင် လူသားပင် ဟုတ်တော့မည်မဟုတ်ချေ။

ယင်ကောင်ဘုရင်၏ ရယ်သံက အလွန်ခံစားချက်မကောင်းစေပေ။

“‌နောက်ဆုံးတော့ မင်းတို့နှစ်ယောက်လုံးက အမေ့ရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲ...

...............

မြို့လယ်ခေါင်၌...

ဤနေရာတွင်ရှိသော စွမ်းအားကြီးတစ္ဆေအရေအတွက်က အလွန်တရာများလွန်းလေသည်။

တံစဉ်းကို ဆွဲထုတ်လိုက်သည့် ယဲ့ကျား၏ ပုံရိပ်က ချွန်ထက်သော ဓားသွားတစ်ခုနှင့် တူလေသည်။ သူ တစ္ဆေများ၏ ထူထပ်သော ၀န်းရံမှုကို သေမင်းသဖွယ် ဖြတ်ကျော်ကာ စွမ်းအားကြီးတစ္ဆေများ၏ စွမ်းအားကို တစ်ကောင်ပြီးတစ်ကောင် စုပ်ယူနေလေသည်။

သူတို့၏ ခန္ဓာကိုယ်များကို သူ့၏လက်နက်နှင့် ဖျက်စီးပြီး‌နောက် ၎င်းတို့က မြူမှုန့်များသဖွယ် ကွဲကြေသွားပြီး ယဲ့ကျား၏ ကိုယ်ထဲသို့ ၀င်လာပြီး သူ့၏အစိတ်အပိုင်းတစ်ခုလို ဖြစ်လာကြလေသည်။

သူ ပိုစားလေလေ ပိုသန်မာလာလေလေဖြစ်သည်။သူ ပိုသန်မာလာကြောင်း သူ့ကိုယ်သူ ရှင်းလင်းစွာ ခံစားမိသည် ယင်းက အလွန်ကြောက်စရာ ကောင်းသော အရှိန်ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ လောဘကြီးသောမကောင်းဆိုးဝါးက ကျေနပ်သွားသည်။

ဆက်စား...ဆက်စား...

မူလက တိုက်ခိုက်မှုအနည်းငယ်ကို တောင့်ခံနိုင်သော မကောင်းဆိုးဝါးတစ်ကောင် မြေကြီးပေါ်သို့ စက္ကန့်ပိုင်းအတွင်း ပြုတ်ကျသွားသည်။

ယင်းက ယဲ့ကျား၏ခန္ဓာကိုယ်မှ အလျှံအပယ် လှိမ့်ထွက်လာသော စွမ်းအင်များကြောင့်ဖြစ်သည်။ သူဖြတ်သွားလိုက်သည့် နေရာတိုင်းမြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲသွားလေသည်။ မရေမတွက်နိုင်သော စွမ်းအားကြီးတစ္ဆေများ သူ့၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။



Xxxxxx