အပိုင်း ၅၁
Viewers 10k

Chapter 51



အရှေ့ရှိ အမှောင်ထုထဲအတွင်းမှ သူ့ကို ခေါ်နေသော စွမ်းအားကို ခံစားမိလေသည်။

ပေါက်...

ပေါက်...

အရည်တစ်ခုခု ကျနေသံက အလွန်တိုးသော်လည်း ရှင်းလင်းစွာ ကြားနေရသည်။ မရေမတွက်နိုင်သော တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ အော်ဟစ်ငိုကြွေးနေသံများကို ဖြတ်ကာ သူ့ဘေးတွင် ကျနေသကဲ့သို့ ရှင်းလင်းစွာ ကြားနေရလေသည်။

ယဲ့ကျား အဆောက်အအုံတစ်ခုရှေ့တွင် ရပ်လိုက်သည်။

မမျှော်လင့်စွာနှင့် အ‌ဆောက်အအုံ၏ ရှေ့ခန်းမကမှောင်မိုက်ပြီး သန့်ရှင်းနေလေသည်။ စွမ်းအားကြီးတစ္ဆေများ၏ အရိပ်အယောင်လည်း မတွေ့ရချေ။ ကျယ်ဝန်းပြီး မှောင်မိုက်နေခြင်းက အလွန်ပုံမှန်ဖြစ်နေသောကြောင့် မူမမှန်ဟု ခံစားရပေသည်။

ပေါက်...

အသံ ထပ်ကြားလိုက်ရသည်။

ယဲ့ကျား သူ့ပတ်၀န်းကျင်ရှိ အရာအားလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သတိထားမိလိုက်သည်။

သူ နောက်လှည့်ကြည့်လိုက်သောအခါ သူ့နောက်ရှိ တစ္ဆေသရဲများ၊ မကောင်းဆိုးဝါးများ မရှိတော့သည်ကို တွေ့လိုက်ရသည်။

ဒီနေရာကို သူတို့ မကပ်ရဲသလိုပဲ...

ယဲ့ကျားနောက်သို့ လိုက်လာသော သွေးအရိုးငါးက ယဲ့ကျား၏ ဘောင်းဘီကို ပါးစပ်ဖြင့် ကိုက်ဆွဲထားပြီး ဆက်မသွားရန် တားမြစ်နေပုံပေါ်သည်။


ယဲ့ကျား ခါးကိုင်းကာ ခေါင်းကို ပုတ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့..."

သွေးအရိုးငါးက မလွှတ်ပေး‌ချေ။

ယဲ့ကျား သူ့ဘောင်းဘီစကို ပါးစပ်မှ ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။

"ငါသွားမှ ရမယ်..."

ဒီနေရာက အဓိကနေရာပဲ...

ဒီအဓိကနေရာကို မဖျက်စီးနိုင်ရင် ဒီမြို့ပေါ်ကျနေတဲ့ ဖြစ်ရပ်ဆိုးကြီးက ပြီးသွားမှာ မဟုတ်ဘူး...

ယဲ့ကျား ပြန်လှည့်လိုက်ပြီး အဆောက်အအုံထဲသို့ တည်ငြိမ်စွာ ၀င်သွားလိုက်သည်။

သွေးအရိုးငါးက တံခါးရှေ့တွင် စိုးရိမ်တကြီး လှည့်ပတ်နေကာ တိုးညှင်းစွာ ငိုနေလေသည်။ သို့သော် သူ အမှောင်ထုတွင်းသို့ ၀င်သွားသော ယဲ့ကျား၏ ပုံရိပ်ကို ကြည့်နေရုံသာတတ်နိုင်သည် ။

ခန်းမက လွန်စွာ တိတ်ဆိတ်နေလေသည်။

ကောင်းကင်ထက်မှ သွေးရောင်အလင်းများက ဖန်တံခါးကို ဖြတ်ကာ အဆောက်အအုံကြမ်းပြင်ကို အနီရောင် တောက်ပစေပြီး ကြည့်ရသည်မှာ လူသတ်မှုမြင်ကွင်းနှင့် တူလေသည်။

ပေါက်...

ရေကျသံ ပိုမိုကျယ်လောင်လာပြီး ခန်းမလွတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။

ယဲ့ကျား၏စိတ်ကဝေဝါးလာပြီး သံချေးတက်နေသော စက်တစ်လုံးကဲ့သို့ ကောင်းစွာ အလုပ်မလုပ်တော့ချေ။

သူ ရေကျနေသည့်အသံမှလွဲ၍ ကျန်အသံများ မကြားရတော့ပုံပေါ်သည်။

ပေါက်...

သူ့ခြေထောက်များက အလိုအလျောက် ရှေ့သို့ ရွေ့သွားသည်။

ထိုနေရာနှင့် နီးလာလေလေ ဆွဲငင်အားက ပိုပြင်းလာလေလေဖြစ်သည်

အချိန်တစ်ခုကြာ လျှောက်ပြီးနောက် ယဲ့ကျားအသံလားရာ ရင်းမြစ်ကို တွေ့လိုက်ရသည်။

အမှောင်ထုထဲတွင် အနီရောင်အသားလုံးတစ်လုံးက လေထဲတွင် တိတ်တဆိတ် လွင့်မျောနေလေသည်။ ယင်းက လက်သီးဆုပ်အရွယ်လောက်သာ ရှိသော်လည်း ယင်း၏ မညီညာသော မျက်နှာပြင်မှ အရည်များ အလွန်များပြားစွာ စိမ့်ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ တစ်စက်စက်ကျနေလေသည်။

ပေါက်...ပေါက်...

သေးငယ်သော အနီရောင်အိုင်တစ်ခု ကြမ်းပြင်တွင် ဖြစ်ပေါ်လာလေသည်။

ထိုထူးဆန်းပြီး ကြောက်စရာကောင်းသော မြင်ကွင်းကို မြင်သောအခါ ယဲ့ကျား ရှင်းမပြနိုင်သည့် ငြိမ်းချမ်းမှုကို ခံစားရလေသည်။

ထိုခံစားချက်က ခြေဦးတည့်ရာ သွားလာနေသော လူတစ်ဦး သူ့၏ မွေးရပ်မြေသို့ ပြန်ရောက်သွားသကဲ့သို့ပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ပင်ပန်းနွမ်းနယ်မှုများ တစ်ဖန်ပြန်ပေါ်လာပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားလေသည်။

ယုံကြည်စိတ်ချရတယ်...နွေးထွေးတယ်...ရင်းနှီးကျွမ်း၀င်တယ်...ကာကွယ်ပေးတယ်...

အမေတစ်ယောက်လိုမျိုး ခံစားရတယ်...

မြန်မြန်သွား...မင်း အိမ်ကို ပြန်ရောက်တော့မယ်...

အတွင်းမှ အသံတစ်ခု သူ့ကို တိုက်တွန်းနေလေသည်။

သူ့ကို ငြိမ်းချမ်းသည့် ခံစားချက်ပေးစွမ်းနေသည့် အရာသို့ရောက်ရန် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရန် လိုတော့သည်။

လက်မဲလေးသည် ထိတ်လန့်မှုနှင့် ဖိနှိပ်ခံရမှုများကြောင့် မွန်းကြပ်လာလေသည်။ သူ အထဲမ၀င်ချင်ပေ။ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်များက ‌မ၀င်ချင်ကြောင်း အော်ဟစ်နေကြလေသည်။

သို့သော်ငြားလည်း သူက ယဲ့ကျားနှင့် ချည်နှောင်ထားသည့်အတွက် အဆောက်အအုံထဲသို့ အတူ ၀င်သွားရန်သာ တတ်နိုင်လေသည်။

ထိုအရာနှင့် ပိုနီးလာသည်နှင့်အမျှ လက်မဲလေး ပိုကြောက်ရွံ့လာသည်။

လက်မဲလေးက ယဲ့ကျား၏လည်ပင်းကိုလှုပ်ယမ်းကာ အော်လိုက်သည်။

"ပြေးရအောင်...အမြန်ပြေးကြရအောင်...နိုးပါတော့..."

ယဲ့ကျားကို အားကုန်သုံးကာ နိုးနေသော်လည်း တစ်ဖက်လူက အိမ်မက်ဆိုးထဲတွင် နစ်မြှုပ်နေပုံ
ပေါ်လေသည်။

ယဲ့ကျားက ‌အရှေ့သို့သာ ဖြည်းညှင်းစွာ ဆက်လျှောက်နေ၍ ထိုအရာနှင့် ခြေတစ်လှမ်းပိုနီးလာလေလေ လက်မဲလေး၏ ကြောက်ရွံ့မှု ပိုတိုးလာလေလေဖြစ်သည်။

သူ ယဲ့ကျား မျက်နှာရှေ့ လွင့်မျောကာ သူ့ကို နိုးရန် ကြိုးစားလိုက်သည်။ သို့‌သော် လက်မဲလေးဘာမှမပြောမီ သူ့အသံက လည်ချောင်းထဲတွင် တစ်ဆို့သွားလေသည်။

သူ သူ့ကို စိုက်ကြည့်နေသော ယဲ့ကျားကို မြင်လိုက်ရသည်။ သူ့၏ ပယင်းရောင်မျက်လုံးများက အနက်ရောင်သို့ ပြောင်းနေပြီး အလွန်နက်ရှိုင်းသည့် ချောက်နက်ကြီးနှင့်တူလေသည်။အန္တရာယ်များပြီး ကြောက်စရာကောင်းသော တစ်စုံတစ်ခုက မျက်၀န်းထဲတွင် အရာအားလုံးကို ဝါးမျိုရန်အဆင်သင့်ဖြစ်နေသည့် ရေဝဲသဖွယ် ထိုချောက်နက်ထဲတွင် လှည့်ပတ်နေလေသည်။

ထိုအမှောင်ထု‌‌ချောက်နက်အလယ်တွင် အနီရောင်အစက်တစ်စက် ရောင်ပြန်ဟပ်နေသည်။

အနီရောင်အသားလုံးက လက်တစ်ကမ်းအကွာတွင် ရှိနေလေသည်။

ရေစက်များက ကြမ်းပြင်ပေါ်သို့ ပိုမိုကျဆင်းနေသည်။

ပေါက်...ပေါက်...ပေါက်...

တစ်စက်စက်ကျသံများက ယဲ့ကျားကို တွန်းအားပေးနေသကဲ့သို့ ပိုမြန်လာလေသည်။

ယဲ့ကျား လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သူ့၏ လက်ချောင်းများက သွယ်လျဖြူဖျော့နေပေသည်။ တဖြည်းဖြည်း ရှေ့သို့တိုးတိုးလာလေသည်။

သူ အနီရောင်အသားလုံးကို ထိတော့မည် ဆဲဆဲတွင်...

ရုတ်တရက် အခြားလက်တစ်ဖက်က ယဲ့ကျား၏လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်သည်။ ထိုလက်က အနည်းငယ်ပိုကြီးပြီး လက်ဆစ်များကလည်း လှပပေသည်။ ထိုလက်က ယဲ့ကျား၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ယဲ့ကျား၏ အနက်ရောင်မျက်လုံးများ အနည်းငယ် လှုပ်ရှားလာပြီး ဘာဖြစ်သွား‌ကြောင်းကိုနားမလည်နိုင်သည့် အရိပ်အယောင်များ ရှိနေလေသည်။

နောက်လက်တစ်ဖက် ယဲ့ကျား၏ နောက်မှ ထွက်လာပြီး အေးစက်သော လက်ဖဝါးဖြင့် ယဲ့ကျား၏ မျက်လုံးကို နူးညံ့စွာ ကာပေးလိုက်သည်။

သန်မာသော ရင်ဘတ်က သူ့နောက်ကျောကို ဖိနေလေသည်။ တစ်ဖက်လူ၏ အသံနိမ့်နိမ့်က သူ့နားဘေးတွင် ထွက်ပေါ်လာသောကြောင့် အနည်းငယ်တုန်ရီသွားမိသည်။

“ရှူး”

“မကြည့်နဲ့...”


ယဲ့ကျား၏ လက်က လေထဲတွင် ရှိနေဆဲဖြစ်သည်။ လက်ဖျံပေါ်မှ သွေးပြန်ကြောများ အားစိုက်ထုတ်မှုကြောင့် ပိုမိုထင်ရှားလာပြီး အမှောင်ထုထဲရှိ သူ့၏ဖြူဖျော့ဖျော့လက်ချောင်းများ တုန်ရီနေလေသည်။ သို့သော်ငြားလည်း ပိုနီးကပ်အောင် သွား၍ မရသေးပေ။

ယဲ့ကျား၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်ထားသောကျီရွှမ်က အသားလုံးနှင့် ဝေးအောင် လက်ကို ပြန်ဆွဲနေသော်‌လည်း ဝေးလေလေ ယဲ့ကျားက ရုန်းကန်လာလေလေဖြစ်သည်။

သူ ဗီဇအရ ခုခံရုန်းကန်‌သော်လည်း တစ်ဖက်လူ၏ ဆုပ်ကိုင်ထားမှုမှ လွတ်အောင် မရုန်းနိုင်ပေ။သူ့၏ နောက်ကျောကို ရင်ဘတ်နှင့် ဖိထားသည်မှာ အကြမ်းခံသော ကျောက်တုံးကြီးအလားဖြစ်ပြီး သူ့ကို တင်းကြပ်စွာချုပ်ထားကာ အသားလုံးနား ကပ်သွားခြင်းမှ ကာကွယ်နေလေသည်။

“ရှူး...”

ကျီရွှမ် သူ့ကို နှစ်သိမ့်ရန် လေသံပျော့ပျော့ ပြောလိုက်သည်။

သူ ယဲ့ကျား၏ နား နားကပ်ကာ တိုးတိုးပြောလိုက်၏။

"အဲ့ဒါကို ထိလို့ မရဘူး..."

ဒါက အမေ့ရဲ့ အစိတ်အပိုင်းပဲ...

၎င်းကို သူ့ခန္ဓာကိုယ်မှ ဖယ်ရှားထားသော်လည်း သူ့အသားက အချိန်ကာလတစ်ခုအထိ အသက်ရှင်နိုင်လေသည်။ သန့်စင်သည့် အငြိုးများကိုမကြာခဏ သွန်ကျခြင်း၊ စွမ်းအားကြီးတစ္ဆေများကို စိတ်လွတ်အောင် ဖြားယောင်းသွေးဆောင်ခြင်းများ လုပ်နိုင်သည်။

သူက တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ၏မိခင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ယုတ်မာဆိုးယုတ်သောအတွေးများ၏ အရင်းအမြစ်လည်းဖြစ်သည်။

သူက ယဲ့ကျားရှေ့တွင် သဘောထားကြီးစွာနှင့် သူ့အစိတ်အပိုင်းတစ်ခု ထုတ်ပြပြီး စားရန်သွေးဆောင်နေခြင်းဖြစ်သည်။

စားပြီးလျှင် ယဲ့ကျားက သူ့ကလေးဖြစ်လာမည်ဖြစ်ပြီး သစ္စာရှိ‌အိမ်‌မွေးတိရစ္ဆာန်လေး ဖြစ်လာမည််ဖြစ်သည်။ ထို့အပြင် ယဲ့ကျားကို သူက အမှောင်ထုထဲသို့ ခေါ်သွားမည်ဖြစ်ပြီးသူ့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကျီရွှမ် ခေါင်းငုံ့ကာ သူ့၏အေးစက်စက်နှုတ်ခမ်းက တစ်ဖက်လူ၏ နွေးထွေးသော လည်တိုင်နှင့် ပခုံးပေါ် ရောက်သွားလေသည်။

တစ်ဖက်လူ၏ အရေပြားက ကျောက်စိမ်းကဲ့သို့ နူးညံ့အေးမြချောမွတ်လေသည်။ ထိုနီးကပ်လွန်း
သော အကွာအဝေးကြောင့် သူ တစ်ဖက်လူ၏ အရေပြားအောက်တွင် စီးဆင်းနေ‌သော သွေးနံ့ကိုပင် ရလုနီးနီးဖြစ်နေ၏။ ၎င်းက မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိလေသည်။ သူ ကူရာမဲ့စွာ တစ်ကိုက်လောက် ကိုက်ချင်မိ၏။

သူ အတွေးနှင့် အတူ လက်တွေ့လုပ်လိုက်သည်။

ကျီရွှမ် တစ်ဖက်လူ၏ လည်ပင်းနှင့် ပခုံးကြားမှ နူးညံ့သော အရေပြားကို နမ်းလိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ အနံ့ကို အဆုတ်ထဲထိ ရှူသွင်းလိုက်ကာ သူ့‌၏ အေးစက်နေသော ရင်ဘတ်ကို နွေးထွေးစေလိုက်သည်။

လက်ဖဝါးမှ တစ်ဆင့် တစ်ဖက်လူ၏ ရှည်လျားနူးညံ့သော မျက်တောင်များ အနည်းငယ်တုန်ရီနေသည်ကို ခံစားမိလေသည်။ ယင်းက သေးငယ်လှသော တိရစ္ဆာန်လေးတစ်ကောင်က သူ့လက်ဖဝါးကို အမွေးဖွာဖွာလေးများဖြင့် ပွတ်သပ်နေသကဲ့သို့ ဖြစ်သည်။

သူ့လက်ချောင်းများကို အားစိုက်ကာ ဤယားယံသော အထိအတွေ့ကို ခိုင်မြဲအောင် ထိန်းသိမ်းထားချင်သော်လည်း သူ အားအများကြီး သုံးမိပြီးတစ်ဖက်လူကို ဖျက်ဆီးမိမည်ကို စိုးရိမ်လေသည်။

ဖျက်ဆီးချင်သော ဆန္ဒနှင့် တန်ဖိုးထားထိန်းသိမ်းလိုသောဆန္ဒများ သူ့၏ အတွင်းစိတ်၌ အားပြိုင်နေကြသည်။

ကျီရွှမ် တစ်ဖက်လူ၏ ပခုံးပေါ် မေးတင်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူသာ ဒီလိုမျိုး အမြဲတမ်းနာခံနေရင်...

သို့သော် ဆန့်ကျင်ဘက်အနေနှင့် တစ်ဖက်လူ ပြန်သတိ၀င်လာလျှင် ရက်စက်ပြီး မလွှမ်းမိုးနိုင်သော အေ့စ်ပြန်ဖြစ်လာကာ သူ့ကို ရက်ရက်စက်စက် ဖြတ်ချမည်ကို သိနေသည်။

သနားစရာပဲ...

ကျီရွှမ် သူ့၏တစ္ဆေပိုင်နက်ကို ချဲ့လိုက်သည်။

လေထဲတွင် နီရဲနေသော အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး အသားလုံးကို ဂရုတစိုက် ချဉ်းကပ်ပိတ်လှောင်ကာ နောက်‌ဆုံးတွင် ယင်းကို လုံး၀ ချိတ်ပိတ်နိုင်လိုက်လေသည်။

အမေ့၏ လွှမ်းမိုးမှု မရှိတော့သောကြောင့် မြို့ထဲရှိ ပြောင်းလဲမှုများ ရပ်တန့်သွားလေသည်။

သွေးရောင်ကောင်းကင်ကြီးက တဖြည်းဖြည်း အရောင်ပြန်မှိန်လာကာ မူလအရောင်သို့ ပြန်ရောက်သွားသည်။

မြေပြင်ပေါ်ရှိ တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများ သွေးရူးသွေးတန်းအခြေအနေတွင် မရှိ‌တော့ချေ။ လမ်းပေါ်တွင် ခြေဦးတည့်ရာသွားလာနေသော ဖုတ်ကောင်များ၏ ခြေလက်အပိုများ ပြုတ်ကျလာကာ မြေအောက်သို့ ပြန်လည်ပျောက်ကွယ် သွားကြလေသည်။

အမှောင်ထုထဲတွင် ပုန်းအောင်းနေရသည်ကို နှစ်သက်သော သတ္တဝါအားလုံး အမှောင်ထုထဲသို့ လျှော်တိုက်ပြန်၀င်သွားကြလေသည်။

လူများကို မဆင်မခြင်တိုက်ခိုက်ရသည်ကို ကြိုက်သော ဝိညာဉ်ဆိုးများမှလွဲ၍ ကျန်တစ္ဆေသရဲများနှင့် မကောင်းဆိုးဝါးများအားလုံး ယခင်ကဲ့သို့ အန္တရာယ်မရှိတော့ပေ။

မကောင်းဆိုးဝါးတပ်သည် ချက်ချင်းဆိုသလို ပြိုကွဲသွား‌လေသည်။

ထိုအချိန်တွင် ၎င်းတို့ကို ရင်ဆိုင်တိုက်ခိုက်နေကြသော လူများ အချင်းချင်း ရှုပ်ထွေးစွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လူတိုင်း၏ မျက်နှာများက ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြူဆွတ်နေကြပြီး သူတို့၏ အ၀တ်အစားများက သွေးများ၊ အရောင်စုံ‌သော မကောင်းဆိုးဝါးခန္ဓာကိုယ်မှ အရည်များဖြင့် ဖုံးလွှမ်းနေလေသည်။ သူတို့က ၀မ်းနည်းစိတ်ပျက်နေသောအခြေအနေတွင် ရှိနေပြီး သူတို့၏ လက်များတွင် ခွန်အားအနည်းငယ်သာ ကျန်တော့လေသည်။ သူတို့အားလုံး တစ်နေရာကို ဗလာသက်သက် စိုက်ကြည့်လိုက်ကြသည်။

သွေးရောင်က မှိန်လာပြီ...

မိုးကုတ်စက်ဝိုင်းမှ ‌‌တောက်ပ‌သော နေရောင်ခြည်က တိမ်များကြားမှ ရွှေချည်မျှင်များသဖွယ် စိမ့်ထွက်လာလေသည်

မိုးလင်းပြီ...

........

အဆောက်အအုံထဲတွင်...

မနက်ခင်းအလင်းရောင်က ဖန်များကို ဖြတ်ကာ ချောမွေ့သော ကြမ်းပြင်ပေါ်သို့ ကျဆင်းလိုက်ပြီးအတွင်းထဲရှိ အမှောင်ထုအချို့ကို လွင့်ပြယ်စေလေသည်။

သို့သော် အဆောက်အအုံအနက်ပိုင်းတွင် အလင်းရောင်မကျရောက်နိုင်သော ထာ၀ရအမှောင်ညကဲ့သို့ မှောင်မိုက်နေဆဲဖြစ်သည်။

အနီရောင်အသားလုံးပျောက်ကွယ်သွားသောကြောင့် နီမြန်းနေသော အလင်းရောင်များ ပျောက်ကွယ်သွားကာ ခန်းမတစ်ခုလုံး အေးစက်မှောင်မိုက်သွားလေသည်။

ကျီရွှမ်၏အမူအရာက များစွာပြောင်းလဲသွားခြင်း မရှိသော်လည်း သူ့၏ အသားအရေက ပိုဖြူဖျော့လာလေသည်။ သူ ကြည့်ရသည်မှာ အမှောင်ထုထဲမှ စိတ်မကြည်သော တ‌စ္ဆေတစ်ကောင်နှင့် တူလေသည်။

သူ့လက်မောင်းထဲရှိ ယဲ့ကျားက ချည်မျှင်အဖြတ်ခံရ‌‌သော ရုပ်သေးရုပ်ကဲ့သို့ ပျော့ဖတ်နေသည်။

ကျီရွှမ် ဤတစ်ကြိမ်တွင် ယဲ့ကျားကိုအောက်သို့ ဖြည်းညှင်းစွာ ချပေးလိုက်သည်။

သို့သော် သူ လက်ပြန်မရုတ်မီ တစ်ဖက်လူက ရုတ်တရက် မျက်လုံးပွင့်လာလေသည်။

ကျီရွှမ်၏ လှုပ်ရှားမှုများ အေးခဲသွားသည်။

“…….”

ယဲ့ကျား တစ်ခုခုကို တိုးတိုးပြောလိုက်သော်လည်း သူ မကြားလိုက်ပေ။

သူ့၏ ရှည်လျားသော မျက်တောင်မွေးများ လှုပ်လာပြီး တဖြည်းဖြည်း မြှောက်လာကာ အောက်ဘက်ရှိ အနက်ရောင်မျက်လုံးကို ထုတ်ဖော်လိုက်သည်။

"ဗိုက်ဆာတယ်..."

ထို့နောက် ယဲ့ကျား ကျီရွှမ်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်လေသည်။

“ဗိုက်ဆာတယ်...”

သူ့၏ အသံက တိုးညှင်းနူးညံ့နေပြီး နှာသံပေါက်နေသော်လည်း သူ့၏ လှုပ်ရှားမှုများက ပြင်းထန်ရက်စက်ပြီး အလွန်ကြမ်းကြုတ်လေသည်။ သားရဲတစ်ကောင်လိုပင် သူ့အောက်မှ သားကောင်ကို ဖိထားလေသည်။

ကျီရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။

သူ မျက်လုံးကို ပင့်ကာ သူ့ကို အပေါ်မှ ဖိထားသော ယဲ့ကျားကို ကြည့်လိုက်သည်။ သူ့၏ ရင်ဘတ်က မြန်ဆန်စွာ နိမ့်လိုက် မြင့်လိုက်ဖြစ်နေသော်လည်း သူ မရုန်းခဲ့ပေ။

ယဲ့ကျား အောက်ငုံ့ကာ တစ်ဖက်လူ၏ အောက်နှုတ်ခမ်းကို နမ်းလိုက်သည်

သူ့၏ အေးစက်နေသော နှာခေါင်းထိပ်က ကျီရွှမ်၏ လည်တိုင်တစ်လျှောက် လျှောဆင်းသွားပြီး တစ်ဖက်လူ၏ အရေပြားကို နူးညံ့စွာ ထိတွေ့နေသည်။

ကျီရွှမ် ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးတောင့်တင်းသွားလေသည်။ သူ့၏ နီညိုရောင်မျက်လုံးများက ‌နက်လာပြီး အမှောင်ထုဟင်းလင်းပြင်ထဲတွင် လှည့်ပတ်နေသော သွေးကန်သဖွယ် ဖြစ်နေလေသည်။

သူ လက်မြှောက်ကာ ယဲ့ကျား၏ ပခုံးကို ဖိလိုက်သည်။ သို့သော် အားအများကြီး မသုံးခဲ့ပေ။ အားပေးလိုက် သကဲ့သို့ပင်ဖြစ်၏။

ယဲ့ကျား စက္ကန့်အနည်းငယ်ကြာ တွေးပြီးနောက် ပါးစပ်ကို ဟကာ တစ်ဖက်လူ၏ လည်ပင်းကိုကိုက်လိုက်သည်။

ကျီရွှမ် အသံပြုလိုက်သည်။

ဒါပေမဲ့ ဒါက မနာပါဘူး...

ကျီရွှမ်၏ လည်ချောင်းမှ အသံတစ်သံထွက်လာသည်။ သူ နောက်ထပ်စကားပြောထွက်ရန် အချိန်များစွာ ယူလိုက်ရသည်။ သူ မီးကျွမ်းသွားသကဲ့သို့ သူ့၏ လည်ချောင်းက ခြောက်သွေ့နေပြီး သူ့၏မူလအသံကိုပင် ခက်ခက်ခဲခဲ နားထောင်ရသည်။

"ဘိုးဘေးလေး....မင်း…”

ကောကော ကျွန်တော့်ကို ပြစ်မှုကျူးလွန်အောင် တွန်းအားပေးနေတာလား...

ယဲ့ကျား စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ သူ့၏စိတ်က မရေမတွက်နိုင်သော ဂွမ်းလုံးများဖြင့် ပြည့်သိပ်နေသလို ခံစားနေရပြီး ယင်းတို့ကအလွန်နက်ရှိုင်းသော ချောက်သို့ ပြုတ်ကျအောင် ဖိချနေပြီး ပြန်မတက်နိုင်အောင် လုပ်နေပေသည်။

“ဗိုက်ဆာတယ်...”

သူ အသံနိမ့်နိမ့် ပြောလိုက်သည်။

သူ့ကို သွေးဆောင်ဖြားယောင်းနေသည့် တည်ရှိမှုက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ အစောပိုင်း စားခဲ့သောစွမ်းအားများအားလုံး ထိန်းချုပ်မှု လွတ်ထွက်သွားလေသည်။ ၎င်းတို့က သူ့ခန္ဓာကိုယ်ထဲတွင် ပြေးလွှားကာ ထွက်ပေါက်ရှာဖွေနေကြသည်။

ယဲ့ကျား ခန္ဓာကိုယ်ထဲရှိ ‌သွေးနှင့် အရိုးများအားလုံး နာကျင်ကိုက်ခဲ‌နေ‌သော်လည်း ဆာလောင်မှုက သူ့၏ အခြားအာရုံများအားလုံးကို လွှမ်းမိုးထားလေသည်။ ဆာလောင်မှုက သူ့စိတ်ထဲတွင် ရှုးသွပ်စွာ အော်ဟစ်နေ၏။

ထိုအချိန်တွင် သူ သူ့ဘေးနားရှိ မက်မောစရာကောင်းသောအနံ့ကို သတိပြုမိလိုက်သည်။

သူ မျက်လုံးမဖွင့်ရသေးသော်လည်း တစ်ဖက်လူ၏ တည်ရှိမှုကို ခံစားမိလေသည်။ ယင်းက အမှောင်ထဲမှ အလင်းရောင်နှင့် အပူ ဖြာထွက်နေသော အလင်းရင်းမြစ်တစ်ခုနှင့် တူလေသည်။ မွှေးရနံ့က အလွန်ဆွဲဆောင်မှု ရှိလေသည်။

ယဲ့ကျား လည်ပင်းကို ကိုက်ထားသည်အား ဖြေလျှော့ပေးလိုက်ကာ ကျီရွှမ်၏ ညှပ်ရိုးကို တတိတိကိုက်လိုက်သည်။

ဤတစ်ကြိမ် ကိုက်ရသည်မှာ အနည်းငယ် ပိုခက်ခဲလေသည်။


Xxxx