Chapter 52
သူ့၏ ချွန်ထက်လှသော သွားများက အရေပြားကို ဖြတ်ကာ စိမ့်ထွက်လာသော မွှေးပျံ့အေးစက်သည့် သွေးများကို နွေးထွေးသောလျှာဖြင့် လောဘတကြီး စုပ်ယူလိုက်သည်။
ကျီရွှမ် သူငယ်အိမ်များ တင်းကြပ်လာလေသည်။
သူ့ရင်ထဲရှိ ဆန္ဒက ပြင်းထန်စွာ တဟုန်ထိုး တက်လာသည်။ သူ့၏ထိန်းချုပ်နိုင်သော အကန့်အသတ်သို့ ရောက်လုနီးပါးဖြစ်သည်။
ဒီအတိုင်းသာဆက်သွားနေရင် သူ ထိန်းချုပ်မှုလွတ်သွားပြီး ပြန်ပြင်လို့မရတဲ့ အမှားတစ်ခုခုလုပ်မိတော့မယ်...
အမှန်တွင် ကျီရွှမ် တစ်ဖက်လူ သူ့အား စားနေခြင်းအား စိတ်ထဲမထားပေ။သို့သော် ယဲ့ကျား များများ စားလေလေ မကောင်းဆိုးဝါးဖြစ်ဖို့ ပိုနီးလာပြီး ဝေဝါးနေတဲ့ နယ်နိမိတ်နား ရောက်လာလေလေ အမေက သူ့ကို တစ်ဖက်ကို တွန်းပို့ဖို့ ပိုလွယ်လာလေလေပင်...
အရင်က သူ့သာဆိုရင် ဒါကို လုံး၀စိတ်မ၀င်စားဘူး...
မကောင်းဆိုးဝါးနှစ်ကောင် ရန်ဖြစ်တာ မကောင်းဘူးလား...
ဒါပေမဲ့ ဂိမ်းထဲမှာ သူ သေခါနီးဖြစ်ခဲ့တဲ့ အချိန်တုန်းက သူ လှုံ့ဆော်မှုတစ်ခုရခဲ့တယ်...တကယ်လို့ သူသာ အလောတကြီးနဲ့ ကြံမိကြံရာ ထပ်လုပ်လို့ရှိရင် တစ်ဖက်လူက သူ့ကို ဘယ်တော့မှ ထပ်ခွင့်လွှတ်တော့မှာ မဟုတ်ဘူး...
ပြီးတော့ သူ့နှလုံးသားမှာ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်လည်း ရှိသေးတယ်...
သူ မှန်ဝိညာဉ်ရဲ့ ပုံရိပ်ယောင်လောကမှာ နေခဲ့တဲ့အချိန်ကတိုပေမဲ့ သူတို့က သူ့ကို လေးနက်တဲ့ ခံစားချက်တွေ ဖြစ်စေခဲ့တယ်...
သူ အရင်က လုပ်ခဲ့သမျှအားလုံး လွဲချော်နေတာ တွေ့လိုက်ရပြီး ယဲ့ကျားကို သူ့ကိုယ်ပိုင်ကလေးတစ်ယောက်လို ဆက်ဆံခဲ့တာ တွေ့လိုက်ရတယ်...
ပုံရိပ်ယောင်လောကထဲမှာ တစ်ဖက်လူက သူ့ကို 'အားရွှမ်'လို့ နူးနူးညံ့ညံ့ခေါ်ခဲ့တယ်...
ကံမကောင်းစွာနဲ့ အဲ့အချိန်က သူ မတင်းတိမ်နိုင်သေးဘူး...
သူ ပိုလိုချင်တယ်...
သူ့ရဲ့ အတောမသတ်နိုင်တဲ့ ဆန္ဒက သူတို့ကို အဲ့လိုအခြေအနေရောက်အောင် တွန်းပို့လိုက်တာ...
အခုထိ သူ မပြောင်းလဲသေးဘူး...ဒါပေမဲ့ ကွာခြားသွားတာတစ်ခုက သူ့ရဲ့စိတ်ဆန္ဒက အရင်ကပိုပြီး ကျေနပ်လွယ်တာပဲ...
သူ ယဲ့ကျားကို အတ္တကြီးကြီးနဲ့ သူ့ဘေးမှာ ကြိုးနဲ့ချည်ထားပြီး ယဲ့ကျားကို စားတာပဲဖြစ်ဖြစ် ၊ ယဲ့ကျား စားတာခံတာပဲဖြစ်ဖြစ် သူ အားလုံးကို လက်ခံနိုင်တယ်...ကျေလည်း ကျေနပ်တယ်...
ပုံရိပ်ယောင်လောကထဲမှာ သုံးရက်လောက် နေလိုက်တာက သူ့ကို ပိုပြီး လောဘကြီးလာစေပြီးကျေနပ်ဖို့လည်း ပိုခက်လာတယ်...
သူ အရင်ကလို နေရတာကို မကျေနပ်တော့ဘူး...
ရက်စက်ပြီး ဖိအားပေးတဲ့ နည်းလမ်းတွေထက်စာရင် သူ တစ်ဖက်လူက သူ့ဘေးမှာ ဆန္ဒရှိလို့ တစ်သက်လုံးအတူနေသွားတာပဲ ဖြစ်စေချင်တယ်...
လိပ်ပြာတစ်ကောင်က ပင့်ကူအိမ်မှာ ဖမ်းမိတဲ့အခါ သူ့ရဲ့ လှပတဲ့အတောင်တွေက ပင့်ကူအိမ်မှာ ကပ်ငြိနေပြီး မလွတ်မြောက်နိုင်တော့သလိုပေါ့...
ကျီရွှမ် မျက်လုံးကိုမှေးကျဥ်းလိုက်ပြီး တစ်ဖက်လူကို တွန်းလိုက်သည်။
ယဲ့ကျား၏ အနက်ရောင်မျက်လုံးများက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။
ထိုအချိန်တွင် သွေးများကြောင့်ကြက်သွေးရောင်တောက်နေသော ယဲ့ကျား၏ လှပသေးငယ်သောနှုတ်ခမ်းက တစ်၀က်လောက် ဟသွားလေသည်။ ယင်းမြင်ကွင်းက ဖိတ်ခေါ်နေသကဲ့သို့ပင် ဖြစ်၏။
ကျီရွှမ်လည်ချောင်းခြောက်လာသည်။
အတိုင်းအတာတစ်ခုလောက်ထိ ကြံ့ကြံ့ခံပြီးလျှင် သူတို့၏ ဆန္ဒများကို အနိုင်ပေးလိုက်ရစမြဲဖြစ်၏။
ကျီရွှမ် လက်မြှောက်လိုက်ပြီး သူ့၏ အေးစက်ကြီးမားသော လက်ဖဝါးက တစ်ဖက်လူ၏ လည်ပင်းကို ဖိလိုက်ကာ နမ်းလိုက်သည်။
အနမ်းက ပြင်းထန်ပြီး ချစ်စိတ်ပြင်းပြလေသည်။ ချွန်ထက်သောသွားများက တစ်ဖက်လူ၏ ပါးစပ်ထဲမှ အရေပြားကို ထိုးဖောက်လိုက်ပြီး သတ္တုအရသာသွေးများကြားတွင် လျှာများနှင့်နှုတ်ခမ်းများ လိမ်ယှက်နေကြလေသည်။
အစောပိုင်းက ယဲ့ကျား သတ်ဖြတ်ခြင်းမှစုဆောင်းထားသော ယင်စွမ်းအင်များကို တစ်ဖက်လူက နမ်းရှိုက်ကာ နည်းနည်းချင်းစီ စုပ်ယူ နေလေသည်။
သူ့၏ ဘေးတွင်ကျနေသော အေးစက်နေသည့် လက်ချောင်းများက လူသားခန္ဓာကိုယ်တွင် ရှိသင့်
သော အနွေးဓာတ်ကို ပြန်လည်ရရှိလာလေသည်။ အစောပိုင်းက နှေးကွေးစွာ ခုန်နေသော နှလုံးခုန်နှုန်းကလည်း လူသားတစ်ယောက်၏ ပုံမှန် နှလုံးခုန်နှုန်း ဖြစ်လာသည်။
ကျီရွှမ် တစ်ဖက်လူ၏ နှလုံးခုန်သံကို ကြားလိုက်ရသည်။
“ဒုတ်...ဒုတ်...ဒုတ်...ဒုတ်..."
အချိန်အတော်ကြာပြီးနောက် သူ တစ်ဖက်လူကို လိုလိုလားလားလွှတ်ပေးလိုက်သည်။
ယဲ့ကျား၏ အသက်ရှူနှုန်းက အောက်ဆီဂျင် ပြတ်လပ်မှုကြောင့်လေးလံ မြန်ဆန်နေလေသည်။ သူ့၏ တစ်၀က်ဖွင့်ထားသော မျက်လုံးများက မူလအရောင်ဖြစ်သော ပယင်းရောင်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် သူငယ်အိမ်များက အနည်းငယ် ကျယ်နေဆဲဖြစ်သည်။ သူ လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး စိတ်ရှုပ်ထွေးနေသည့် အခြေအနေတွင် ရှိနေလေသည်။
သူ့၏ ဝေဝါးနေသော မျက်လုံးများက တစ်ဖက်လူ၏ တောက်ပနီရဲနေသော နှုတ်ခမ်းကို ကြည့်နေလေသည်။
ကျီရွှမ် စိတ်မထိန်းနိုင်တော့ပေ။ ခေါင်းငုံ့ကာ တစ်ဖက်လူ၏ ဖူးရောင်နေသော နှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။
သို့သော် ဤတစ်ကြိမ်က အရသာမြည်းရုံမျှသာဖြစ်သည်။
တစ်ဖက်လူကို မကောင်းဆိုးဝါးအခြေအနေမှ သာမာန်လူဘ၀သို့ ပြန်ရောက်စေနိုင်သော နည်းလမ်းများစွာ ရှိသော်လည်း တစ်ကိုယ်ကောင်းဆန်စွာနှင့် ကျီရွှမ်က သူ့အတွက် အကျိုးရှိမည့် ဤနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကျီရွှမ် ပြုံးကာ တစ်ဖက်လူကို ကြမ်းပြင်ပေါ်သို့ နူးညံ့စွာ ချပေးလိုက်သည်။
ကျီရွှမ် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး အမှောင်ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်ကာ လက်ညှိုးကို ကွေးလိုက်သည်။
“အားးးးးး”
လက်မဲလေး ကျီရွှမ်လက်ထဲသို့ အော်ဟစ်ကာ ပျံသန်းရောက်ရှိလာလေသည်။
လက်မဲလေး မျက်လုံးကို စုံမှိတ်ကာ ကြောက်ရွံ့စွာ ဆက်လက်အော်ဟစ်နေလေ၏။
"အားးးးးးး"
ကျီရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
“ပါးစပ်ပိတ်ထား...”
ယဲ့ကျား လူသားအခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း လက်မဲလေးသာ ဆက်လက်အော်ဟစ်နေလျှင် ပြန်ုးထလာနိုင်ပေသည်။
လက်မဲလေး ချက်ချင်း ရပ်လိုက်သည်။
သူ ကင်းထံမှ ထွက်လာသော စွမ်းအားကို ခံစားမိပေသည်။ လွှမ်းခြုံနေသော စွမ်းအားက သူ့ကို
မလှုပ်ရှားစေရုံသာဖြစ်ပြီး ကင်း သူ့ကို မသတ်ချင်သရွေ့ တိုက်ခိုက်လာမည် မဟုတ်ချေ။
လက်မဲလေး ငိုကြွေးလာတော့မတတ် တုန်ရီနေလေသည်။
“က...ကင်း...”
ဒါက အရမ်းဆိုးတယ်...နောက်ဆက်တွဲဖြစ်ရပ်တွေက ပိုဆိုးသေး...
"ကျ...ကျ...ကျွန်တော် အခုဘာမှ မမြင်လိုက်ပါဘူး..."
ကျီရွှမ် ပေါ်လာချိန်တွင် လက်မဲလေး အမြီးကုပ်ကာ အမြန်နှုန်းနှင့် ပုန်းနေခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် သူ့၏ ဝိညာဉ်ရေးရာ ခန္ဓာကိုယ်က ယဲ့ကျားနှင့် ချည်နှောင်ထားသောကြောင့် အဝေးတစ်နေရာတွင် သွားမပုန်းနိုင်ပေ။ ကင်း သူ့ကို မမြင်ရန် ဆုတောင်းနေရုံသာ တတ်နိုင်သည်။
သို့သော် မည်မျှပင် ပုန်းနေစေကာမူ လက်မဲလေး ယခုဖြစ်သွားသော အဖြစ်အပျက်များကို သိလေသည်။
ကင်း...သူ့ရဲ့ဘော့စ်ကို ကယ်ခဲ့တဲ့ အချက်ကို မေ့လိုက်ရင် ဘော့စ်ကို အခွင့်ကောင်း ယူနေတာပဲ...
ဘ...ဘာ...ဘာတွေဖြစ်နေတာလဲ...
လက်မဲလေး ပျံ့နှံ့နေသည့် ကောလဟလများက မှားယွင်းနေကြောင်း နားလည်သွားလေသည်။
ဘာကို လက်စားချေဖို့ လိုက်ရှာနေတာလဲ...ဒါက သူတို့ရဲ့ ခံစားချက်အဟောင်းတွေကို ပြန်အသက်သွင်းဖို့ဆိုတာ သိသာတယ်...
လက်စားချေရန် လိုက်ရှာနေသည့် ဇာတ်လမ်းက ခွေးသွေးများပြည့်နှက်နေသော ဇာတ်လမ်းသို့ရုတ်တရက် ပြောင်းသွားလေသည်။
လက်မဲလေး၏ မျက်နှာက မျက်ရည်များနှင့် ပေကျံနေလေသည်။
သူ အသတ်ခံရရုံသာမက ပြာများပင် ကျန်တော့မည် မဟုတ်ကြောင်း ခံစားမိနေလေသည်။
သူ့ဘ၀တော့ သွားပြီ...
ကျီရွှမ် မျက်ခုံးပင့်ကာ အနည်းငယ် စိတ်၀င်စားစွာ မေးလိုက်သည်။
"ဟမ်...မင်း ဘာမှ မတွေ့လိုက်ဘူးပေါ့..."
လက်မဲလေး : “…………”
လွဲကုန်ပြီ...
အို...မဟုတ်ဘူး...
သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
အရှိန်လွန်ကုန်ပြီ...
“ငါ မင်းကို တစ်ခါမှ မမြင်ဖူးဘူး...”
ကျီရွှမ် လက်ထဲမှ လက်မဲလေးကို ဖြည်းဖြည်း ကစားနေလေသည်။ သူ လက်မဲလေးကို အလုံးလုံးကာ ပြန်လွှတ်ပေးလိုက်ပြီး သူ့၏ မူလပုံစံပြန်ပြောင်းသွားသည်ကို ကြည့်ကာ မေးလိုက်သည်။
"သူက မင်းကို ကောင်းကောင်းဖွက်ထားခဲ့တာပဲ..."
“မင်းက သူနဲ့ အနီးကပ်ဆုံး တစ္ဆေနဲ့ တူတယ်...”
သူ့၏ စကားလုံးများက ပို၍ပို၍ အေးစက်လာလေသည်။
ကင်း နောက်ဆုံးစကားလုံးကို ပြောခဲ့သည့်အချိန် လက်မဲလေး တစ်ဖက်လူထံမှ သတ်ဖြတ်လိုစိတ်နှင့် သ၀န်တိုမှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူ့မှသာ ခြေထောက်တွေရှိရင် သူ့ကိုယ်သူ ကန်ပြီး သတိမေ့အောင် လုပ်လိုက်မှာ...
ကင်းထက် ပိုကြောက်ဖို့ကောင်းတာက သ၀န်တိုနေတဲ့ ကင်းပဲ...
ကျီရွှမ် လက်မဲလေးကို အထုံးထုံးလိုက်ပြီး တစ်ဖက်က ရုန်းကန်နေမှုကို တည်ငြိမ်စွာ ကြည့်နေသည်။ သူ့၏ နှုတ်ခမ်းထောင့်များက ကွေးညွှတ်လာလေသည်။
“သနားစရာပဲ...”
သူ သူ့ကို သတ်လိုက်ရင် ယဲ့ကျား အဲ့ဒါကို သိလိမ့်မယ်...
ပြီးတော့ သူ ဒီနေရာကိုရောက်လာတုန်းက ဒီအားနည်းတဲ့ တစ္ဆေလေးက ယဲ့ကျားကို အသားလုံးဆီကနေ ဆွဲနေတာကို တွေ့လိုက်ရတယ်...ပြောရရင် အဲ့ဒါက နည်းနည်းလောက်တော့ ချီးကျူးမှုနဲ့ထိုက်တန်တယ်...
ကျီရွှမ် ပေါ့ပါးစွာ တွေးလိုက်သည်။
လက်မဲလေး သေရတော့မည်ဟု တွေးနေချိန်တွင် တစ်ဖက်လူ သူ့ကို လွှတ်ပေးလာလေသည်။
လက်မဲလေး အံ့အားသင့်သွားပြီး အချည်ခံထားရဆဲ အခြေအနေဖြင့် ကင်းကို စိုက်ကြည့်နေသည်။
ကျီရွှမ်၏ မျက်လုံးများ အေးစက်လာပြီး သူ့နှုတ်ခမ်းထက်ရှိ အပြုံးက ပိုမို နက်ရှိုင်းလာလေသည်။
"တကယ်လို့ ငါ မင်းရဲ့အနံ့ကို သူ့ဆီကနေ ထပ်ရခဲ့ရင် ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးတော့မှာ မဟုတ်ဘူး...နားလည်လား..."
လက်မဲလေး ထိတ်ထိတ်ပျာပျာ ခေါင်းငြိမ့်လိုက်သည်။
ကျီရွှမ် ခေါင်းကိုငုံ့ကာ ယဲ့ကျားကို ကြည့်လိုက်သည်။
တစ်ဖက်လူက ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေဆဲဖြစ်သည်။ အိပ်ပျော်နေဆဲဖြစ်သောကြောင့် သူ့၏မျက်နှာ အမူအရာ တည်ငြိမ်နေကာ အသက်ရှူသံလည်း တည်ငြိမ်နေပြီး အနည်းငယ် ရှုပ်ထွေးနေသော ဆံနွယ်များက သူ့နဖူးကို များစွာ ဖုံးလွှမ်းထားလေသည်။ မနက်ခင်းအလင်းရောင်က မှောင်မိုက်နေသော ခန်းမထဲသို့ တရွေ့ရွေ့ ၀င်ရောက်လာကာ ကြမ်းပြင်ပေါ်သို့ ကျဆင်းနေပြီး သူ့မျက်နှာ အောက်တစ်၀က်ကို အလင်းပေးနေလေသည်။ ယင်းက အလွန်ကို လှပနေပေသည်။
ကျီရွှမ်၏ အေးစက်နေသော မျက်လုံးများ အရည်ပျော်သွားသည်။
သူ ခါးကိုင်းကာ လက်ညှိုးဖြင့် ယဲ့ကျား၏ အောက်နှုတ်ခမ်းကို ပွတ်လိုက်သည်။ တစ်ဖက်လူ၏ နှုတ်ခမ်းထက်မှ ဒဏ်ရာက ချက်ချင်းသက်သာသွားသည်။
နှမြောစရာကောင်းပေမဲ့ သူ့ခြေရာလက်ရာတွေကို ဖုံးကွယ်ဖို့ လုပ်ရမှာပေါ့...
နောက်ဆုံးတွင် ကျီရွှမ် တစ်ဖက်လူကို နက်ရှိုင်းလွမ်းဆွတ်စွာ ကြည့်လိုက်သည်။
ကောကော...အိမ်မက်လှလှ မက်ပါစေ...
သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး လှည့်ထွက်လိုက်သည်။
သွေးအရိုးငါးက အဆောက်အအုံ အပြင်ဘက်တွင် စောင့်ဆိုင်းနေဆဲဖြစ်ပြီး သူ့၏ မျက်လုံးချိုင့်များဖြင့် တံခါးကို စူးစိုက်စွာ ကြည့်နေလေသည်။ ကျီရွှမ် ပေါ်လာသည်နှင့် သူ ကျီရွှမ်ထံ အမြောက်ဆန်သဖွယ် ချက်ချင်းကူးခတ်သွားပြီး စိုးရိမ်တကြီးနှင့် အမြီးကို လှုပ်ယမ်းနေကာ ကျီရွှမ်ကို ဝိုင်းပတ်လျက် သူ့၏ဦးခေါင်းခွံဖြင့် ကျီရွှမ့်လက်ဖဝါးကိုထိလိုက်သည်။
“စိတ်မပူနဲ့...”
ကျီရွှမ် ခေါင်းပုတ်ပေးလိုက်သည်။
"သူ အဆင်ပြေပါတယ်..."
သွေးအရိုးငါး စိတ်သက်သာရာ ရသွားပုံ ပေါ်သည်။
သူ့၏ အမြီးကို စိတ်သက်သာရာရစွာ လှုပ်ယမ်းနေပြီး ပုံမှန်ကဲ့သို့ ကျီရွှမ်၏ လက်ဖဝါးကို ခေါင်းဖြင့် ပွတ်သပ်လိုက်သည်။
ကျီရွှမ် ယင်းကို ရှောင်လိုက်သည်။
“သူ့နောက် ရက်နည်းနည်းလောက် ဆက်လိုက်နေဦး...”
သွေးအရိုးငါးက ခေါင်းကို မော့လိုက်ပြီး သူ့သခင်ကို ငေးကြောင်ကြောင် ကြည့်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် သူ့သခင်က ပုံမှန်ထက် ဖြူဖျော့နေသလိုပဲ...
ကျီရွှမ် အကြည့်ကို ပြန်ရုတ်လိုက်သည်။
သူ အခုလုပ်ခဲ့တာက အမေ့ကို တိုက်ရိုက်ပုန်ကန်လိုက်သလိုပဲ...အချိန်ခဏလောက်တော့ သူ ဖရိုဖရဲ ဖြစ်နေလိမ့်မယ်...
ကျီရွှမ် ထိုကိစ္စကို စိတ်မပူခဲ့ပေ။ သူ့၏ အဆင့်အတန်းက 'မိသားစု ဆက်ဆံရေး'မှ ဆင်းသက်လာခြင်း မဟုတ်ပေ။ သူ့စွမ်းအားများကို သူ့ကိုယ်တိုင် သွေးစွန်းနေသော အလောင်းကောင်များကို နင်းခြေခြင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ရက်အနည်းငယ်ကြာ ထွက်သွားရန်လိုသည့်အတွက် ယဲ့ကျားကို စောင့်မကြည့်နိုင်ချေ။
သူ အမေက ယဲ့ကျားကို ထိုအချိန်အတွင်းတိုက်ခိုက်လာမည်ကို စိုးရိမ်သည်။
ပြီးတော့ အဲ့အသားလုံး...
သူ ၎င်းကို သူ့၏တစ္ဆေပိုင်နက်အတွင်း၌ ပိတ်လှောင်ထားရုံမျှသာ တတ်နိုင်ပြီး ထိရန် သို့မဟုတ်ချေဖျက်ရန် မကြိုးစားရသေးပေ။ အမေ့၏ စွမ်းအားများက ထင်ထားသည်ထက် ကိုင်တွယ်ဖြေရှင်းရန် ပိုခက်ခဲလေသည်။ သူ ၎င်းကို ကိုင်တွယ်ရန် အခြားနည်းလမ်းရှာရန် လိုအပ်သည်။
ကျီရွှမ် သွေးအရိုးငါးကို ကြည့်လိုက်သည်။
“သူ့ကို ကာကွယ်...”
စကားဆုံးသည်နှင့် အနီရောင်အက်ကွဲကြောင်းတစ်ခု လေထဲတွင် ပေါ်လာပြီး သူ ထိုထဲသို့၀င်သွားလိုက်သည်။
အဆောက်အအုံ ၀င်ပေါက်တွင် မည်သူမှ မရှိတော့ပေ။
........
အဆောက်အအုံထဲ၌...
ယဲ့ကျား ဖြည်းညှင်းစွာ နိုးလာသည်။
သူ အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်လိုက်ပြီး လက်မြှောက်ကာ သူ့မျက်လုံးကို ထိုးနေသော နေရောင်ခြည်ကို ကာလိုက်သည်။
ထိုအချိန်တွင် သူ ဘယ်ရောက်နေသည်ကို သူမသိခဲ့ပေ။
မနေ့ညက မှတ်ဉာဏ်များ သူ့စိတ်ထဲတွင် တစ်ပြုံကြီး လှိမ့်၀င်လာလေသည်။
တစ္ဆေတံခါးတွေ ပွင့်သွားပြီး တစ္ဆေသရဲတွေ ရာပေါင်းများစွာ ပေါ်လာတယ်...စွမ်းအားကြီးတစ္ဆေများ ဒီထက်ပိုပြီး ဆင့်ကဲမပြောင်းလဲဖို့ သူ မြို့လယ်ခေါင်ကို လာခဲ့တယ်...
ပြီးတော့ရော...
ယဲ့ကျား ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ သူ့အရိုးများက တကျွတ်ကျွတ်မြည်နေပြီး နာကျင်နေလေသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
တိုက်ပွဲအရိပ်အယောင်နည်းနည်းမှတောင် မရှိတဲ့သန့်ရှင်းနေတဲ့ ခန်းမ...
အားလုံးက ပုံမှန်ပဲ...အရမ်း ပုံမှန်ဖြစ်နေလို့ နည်းနည်း ထူးဆန်းနေတယ်...
နေထွက်လာပြီး ယင်စွမ်းအင်တွေ၊ သွေးနံ့တွေ လေထဲမရှိတော့လို့ အားလုံးပြီးသွားတာ ဟုတ်တယ်...
ဒါပေမဲ့ သူ မနေ့ညကဟာတွေကို ဘာမှ မမှတ်မိဘူး...
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးကို ကြည့်လိုက်သည်။
ထိုအခါ သူ့ဘေးနားရှိ ကြမ်းပြင်ပေါ်တွင် သွေးများကို တွေ့လိုက်ရသည်။ ၎င်းက ခြောက်သွေ့နေသော်လည်း အရောင်က သိသာလေသည်။
ယဲ့ကျား အံ့ဩသွားသည်။
ဒါက...
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ ဝိုးတိုးဝါးတားနှင့် အပိုင်းပိုင်းဖြစ်နေသော မြင်ကွင်းများစွာ ပေါ်လာလေသည်။
အမှောင်ထဲက နီရဲနေတဲ့အရာ...ကြမ်းပြင်ပေါ်က ထူပိန်းနေတဲ့ သွေးအိုင်...ပြီးတော့ ကြမ်းတမ်းပြီးပြင်းပြတဲ့ အနမ်း...
သို့သော် သူ ထိုမြင်ကွင်းများကို မဖမ်းဆုပ်ရသေးမီ အရိပ်အယောင်ပင်မကျန် သူ့စိတ်ထဲမှ ပျောက်ကွယ်သွားလေသည်။
ယဲ့ကျား အောက်နှုတ်ခမ်းကို ထိလိုက်သည်။
အေးစက်ပြီး ချောမွတ်နေတယ်...ဒဏ်ရာမရှိဘူး...
အိမ်မက်လား...
သူ လက်မဲလေးကိုသတိရသွားသည်။ အကြောင်းအချို့ကြောင့် သူ့ပခုံးပေါ်တွင် နေရသည်ကို ကြိုက်သည့် လက်မဲလေးက ယခု အဝေးတွင် ပုန်းနေလေသည်။
“မနေ့ညက ဘာဖြစ်သွားတာလဲ...”
ယဲ့ကျား၏ မေးခွန်းကို ကြားသောအခါ လက်မဲလေး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
"ကျ...ကျွန်တော်လည်း မသိဘူး...မနေ့ညက အဆောက်အအုံထဲ၀င်လိုက်တာနဲ့ ကျွန်တော် သတိလစ်သွားတာ..."
ဟုတ်တယ်...သူ တကယ်သတိလစ်သွားချင်တယ်...
ယဲ့ကျား သံသယရှိစွာ မျက်မှောင်ကြုတ်လိုက်ပြီး သူ ဆက်မမေးမီ သူ့လက်ဖျံကို တစ်ခုခု ထိတွေ့နေသည်ကို ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ သွေးအရိုးငါး၏ လှုပ်ယမ်းနေသော အမြီးဖြစ်လေသည်။
သွေးအရိုးငါး ယဲ့ကျား၏ အာရုံကို ဆွဲဆောင်နိုင်လိုက်ကြောင်း သိသောအခါ ရှေ့သို့ ကိုင်းကာ ပါးစပ်ဟလိုက်သည်။
ကလောက်...ကလောက်...
အထူးစမ်းသပ်ပြွန်ငယ် သူ့ပါးစပ်ထဲမှ ထွက်ကျလာခြင်းဖြစ်၏။
ယဲ့ကျား လျင်မြန်စွာ ကောက်ယူလိုက်သည်။
ယင်းက သွေးအရိုးငါးတု၏ အလယ်အူတိုင်ဖြစ်သည်။ စမ်းသပ်ပြွန်အတွင်းတွင် ပိတ်လှောင်ခံထားရသော အစိမ်းရောင်သွေးစက်တစ်စက်ရှိပြီး နေရောင်ထဲတွင် ထူးဆန်းသည့်အရောင် ၀င်းလက်နေလေသည်။
အထဲမှသွေးစက်က စွမ်းအားကြီးတစ္ဆေတစ်ကောင်ပိုင်ဆိုင်ကြောင်း သိသာသော်လည်း အပြင်ဘက်ရှိ ပြွန်ငယ်က လူသား၏ ပိုင်ဆိုင်မှုဖြစ်သည်။
ဤသဲလွန်စနောက် လိုက်နေသရွေ့ သူတို့ နောက်ထပ်သဲလွန်စများ ရှာတွေ့မည်ဖြစ်သည်။
ယဲ့ကျား ပြုံးလိုက်သည်။
“မင်းက အရမ်းတော်တာပဲ...”
သွေးအရိုးငါး သူ့၏ ချီးကျူးမှုကို နားလည်ပုံပေါ်ပြီး အမြီးကို ပိုမိုမြန်ဆန်စွာ လှုပ်ယမ်းနေလေသည်။
ထို့နောက် တလှုပ်လှုပ်နှင့် ပစ်လဲကာ သူ့၏ ၀မ်းဗိုက်အား ယဲ့ကျားကို ပြလာသည်။ ကြည့်ရသည်မှာ ဟန်ချက် ပျက်သွားပုံရသည်။
“အိုကေ...အိုကေ...အိုကေ...”
ယဲ့ကျား သက်ပြင်းချလိုက်ပြီး ကူရာမဲ့စွာ ပြုံးလိုက်သည်။
သူ လက်ကို ဆန့်ကာ နူးညံ့စွာ ပွတ်သပ်ပေးလိုက်သော်လည်း ကျွမ်းကျင်စွာ ပွတ်သပ်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် သွေးအရိုးငါးက ပျော်ရွှင်နေပြီး သူ့အမြီးကို ဆက်လက်လှုပ်ယမ်းနေလေသည်။
နေရောင်က ပိုမိုတောက်ပလာလေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ကျား ရောင်ပြန်ဟပ်နေသော အလင်းရောင်ကြောင့် မျက်လုံးစူးသွားလေသည်။
သူ အလင်းလာရာ နေရာသို့ ကြည့်လိုက်သောအခါ ဘေးတွင်ချထားသော စမ်းသပ်ပြွန်ငယ်၏ သတ္တုထိပ်ဖျားက နေရောင်ထဲတွင် ၀င်းလက်နေခြင်းဖြစ်သည်။
စမ်းသပ်ပြွန်ငယ်ထဲရှိ အစိမ်းရောင်သွေးစက်ကို လျစ်လျူရူလိုက်စဉ် သူ့စိတ်ထဲတွင် ရုတ်တရက်အတွေးတစ်ခုပေါ်လာလေသည်။
သွေးအရိုးငါးရဲ့ အလယ်အူတိုင်က စွမ်းအားကြီးတစ္ဆေတစ်ကောင်ရဲ့သွေး...
သူ့အကြည့်က သူ ပွတ်သပ်နေသော သွေးအရိုးငါးပေါ် ရောက်သွားကာ အတွေးနက်နဲနေသည်။
ဒီလိုဆိုရင် ဒီသွေးအရိုးငါးထဲမှာ ဘယ်စွမ်းအားကြီးတစ္ဆေရဲ့ သွေးရှိတာလဲ...
အဖြေပေါ်လာတော့မည်ဖြစ်သော်လည်း နောက်ထပ် မှန်းဆချက်တစ်ခု ပေါ်လာလေသည်။
သွေးအရိုးရဲ့ ၀မ်းဗိုက်က အရည်တစ်ပိုင်းပဲ...စေးကပ်တဲ့ သွေးတွေက မြင့်လိုက်နိမ့်လိုက် ဖြစ်နေတာ ဂျယ်လီပန်းကန်လုံးထဲ လက်ထည့်ထားသလိုပဲ...
ယဲ့ကျား လက်ဖဝါးတွင် အားအနည်းငယ် ပိုစိုက်လိုက်ကာ အစာအိမ်အထိ ဖြည်းညှင်းစွာ ဖိလိုက်သည်။
သွေးအရိုးငါးသည် တစ်ခုခု မူမမှန်သည်ကို သတိထားမိပြီး ယဲ့ကျားကို သူ့၏ မည်းမှောင်ကာ ဗလာနတ္တိဖြစ်နေသော မျက်လုံးချိုင့်ကြီးဖြင့် လှည့်ကြည့်လိုက်သော်လည်း ထိုလူသားက သူ့ကို ဒုက္ခမပေးကြောင်း ယုံကြည်သည့်အတွက် တိုက်ခိုက်ခြင်းမပြုပေ။
ယဲ့ကျား၏ လက်ကောက်၀တ် နစ်မြှပ်သွားသည်။
သူ သွေးအရိုးငါး၏ ရင်ဘတ်အခေါင်းပေါက်နေရာကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။