အပိုင်း ၅၃
Viewers 10k

Chapter 53


နောက်ဆုံးတွင် ယဲ့ကျား ‌စွမ်းအင်များ အဆက်မပြတ်ဖြာထွက်နေ‌သော သွေးအရိုးငါး၏နွေးထွေး သည့် အလယ်အူတိုင်ကို ခံစားမိလိုက်သည်။

သူ လက်ချောင်းများတွင် စွမ်းအားအချို့အသက်သွင်းလိုက်ပြီး အာရုံခံလိုက်သည်။

နောက်တစ်ခဏတွင် ယဲ့ကျားမျက်လုံးများ ကျယ်လာပြီး အသက်ရှူရပ်သွားလေသည်။ သူမမျှော်လင့်ထားသော တစ်စုံတစ်ရာကြောင့် အံ့ဩထိတ်လန့်သွားခြင်း ဖြစ်သည်။

‌သွေးအရိုးငါးရဲ့ အလယ်အူတိုင်မှာ အစက်တစ်စက်မဟုတ်ဘူး...နှစ်စက်ရှိနေတာ...

တစ်စက်က စွမ်းအားကြီးတစ္ဆေတစ်ကောင်ရဲ့သွေး...

ကျန်တစ်စက်က လူသားတစ်ယောက်ရဲ့...

မျက်ရည်...

ဤအကြောင်းအရာကို သိလိုက်ရပြီးနောက် ယဲ့ကျား ချက်ချင်း လက်ပြန်ရုတ်လိုက်ပြီး နောက်ကို လဲကျသွားသည်။

သူ့ မျက်လုံးများ တင်းကြပ်နေပြီး ရင်ဘတ်က လေးလံနေလေသည်။

သူ့မှတ်ဉာဏ်ထဲမှ မြင်ကွင်းတစ်ခု ပြန်ပေါ်လာသည်။

ဆံပင်အနက်ရောင်၊ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ပိန်ပါးပြီး ဖြူဖျော့တဲ့ ကောင်လေးတစ်ယောက် သွေးပင်လယ်ထဲမှာ ရပ်နေတယ်...

သူ့ရင်ဘတ်မှာ ချွန်ထက်တဲ့ လက်နက်တစ်ခုခုနဲ့ ထိုးဖောက်ခံ‌နေရသလို အပေါက်ကြီးရှိနေခဲ့တယ်...

မျက်နှာဖြူဖျော့နေပြီး အသက်ရှူသံပုံမှန်မဟုတ်တဲ့ လူငယ်လေးတစ်ယောက် သေးငယ်တဲ့ နှုတ်ခမ်းကို ဖိထားပြီး ရပ်နေပေမဲ့ သူ့ရဲ့ တုန်ရီနေပြီး အထိန်းအကွပ်မဲ့နေတဲ့လက်နဲ့ ချွန်ထက်တဲ့အရာတစ်ခုခုကို သူ့ရှေ့က ပိန်ပါးတဲ့ ကောင်လေး ဆီ ထိုးနေခဲ့တယ်...

ကောင်လေးရဲ့ ရင်ဘတ်ကနေ သွေးတွေ စီးကျလာပြီး ကောင်လေးက ရင်ဘတ်က ဒဏ်ရာကို စူးစိုက်ကြည့်နေပြီး ဖြူဖျော့တဲ့ လက်ချောင်းတွေကလည်း သွေးတွေနဲ့ စိုရွှဲနေတယ်...

ကောင်လေး ခေါင်းမော့လာပြီး သူ့ရှေ့က လူငယ်ကို ကြည့်နေတယ်...သူ့ရဲ့ တည်ငြိမ်နေတဲ့ အမူအရာ ပုံပျက်လာပြီး နီရဲနေတဲ့ မျက်လုံးတွေက တင်းကြပ်လာတယ်...

ကောင်လေး အနည်းငယ် မှင်သက်နေပြီး သူ့ရှေ့က လူငယ်ဆီ လက်လှမ်းလိုက်တယ်...

ကြည်လင်တဲ့ မျက်ရည်တစ်စက် လူငယ်လေးရဲ့ပါးပြင်ပေါ် လှိမ့်ကျလာပြီး ကောင်လေးရဲ့ သွေးတွေစိုရွှဲနေတဲ့လက်ပေါ် ကျသွားခဲ့တယ်...

အဲ့အချိန်မှာ ကောင်လေးရဲ့မျက်လုံးထဲက အေးစက်မှုတွေ၊ စိတ်ဖောက်ပြန်မှုတွေ၊ ရူးသွပ်မှုတွေက ရေခဲအရည်ပျော်သွားသလို ပျော်သွားပြီး သဲလွန်စမရှိ ‌‌ပျောက်ကွယ်သွားခဲ့တယ်...

ကောင်လေးက ပြုံးလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်တယ်...

"ဒါက အဆင်ပြေပါတယ်... ”

ပြီးတော့ ကောင်လေးရဲ့ မျက်လုံးတွေ မှိတ်သွားပြီး နောက်ကို လဲကျသွားခဲ့တယ်...

သွေးအရိုးငါး ယဲ့ကျားဆီသို့ တစ်ဖန် ပြန်ကူးခတ်လာကာ သူ့၏ ခေါင်းဖြင့် တစ်ဖက်လူ လက်ဖဝါးကို ပွတ်သပ်လိုက်သည်။

အဲ့ဒါကြောင့် မင်းက အရမ်းတော်နေရတာလား...

အဲ့ဒါကြောင့် မင်း ငါ့ကို သဘောကျနေတာလား...

ယဲ့ကျား အားတင်းပြီး ပြုံးလိုက်သည်။

သို့သော် နောက်တစ်ခဏတွင် အခြားထိတ်လန့်စရာအတွေးတစ်ခု စိတ်ထဲတွင် ပေါ်လာလေသည်။

သွေးအရိုးငါးက လူနှစ်ယောက်အပေါ်ပဲ ချစ်ခင်မှုကို ပြခဲ့တာ...

ကျီရွှမ်နဲ့ သူ့ကိုပဲ...

ပိုင်ရှင်ဖြစ်တဲ့ ကျီရွှမ်က သူ့တိရစ္ဆာန်ရဲ့ အလယ်အူတိုင်ကို မသိတာ မဖြစ်နိုင်ဘူး...

အမျိုးသားတစ်ယောက်၏ အသံနိမ့်နိမ့်ကို သူ့နားထဲတွင် တစ်ဖန် ကြားယောင်လာသည်။

"သူက မင်းကို ကြိုက်တယ်..."

"မင်း သူ့ကို ထိလို့ရတယ်..."

ထိုရုတ်တရက်ထွက်ပေါ်လာသော ထိတ်လန့်စရာအတွေးကြောင့် ယဲ့ကျား၏ ဦးနှောက် အလုပ်
မလုပ်တော့ပေ။ သူ့၏ ဗလာဖြစ်နေသော စိတ်ထဲတွင် စာကြောင်းတစ်ကြောင်းသာ ရှိတော့သည်။

ကျီရွှမ်သိတယ်...

.........

M မြို့တော်ရှိ ယခုညကဲ့သို့ ညတာရှည်လျားသော ညမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။


မိုးကုပ်စက်ဝိုင်းရှိ မနက်ခင်း နေရောင်ခြည်က မြို့တော်တစ်ခွင်နှင့် လုံးလုံးလျားလျား ပျက်စီးနေသော လမ်းမများပေါ် ဖြာကျနေသည်။ လမ်းများထက်ရှိ အခြားသော အရည်များနှင့် ရောယှက်နေသော သွေးနီနီများမှာ အငွေ့ပျံသွားပြီးနောက် မနှစ်မြို့ဖွယ်ကောင်းသော အနံ့အသက်ဆိုးများ စွဲထင်ကျန်ရစ်နေလေ၏။


သရဲတစ္ဆေများနှင့် နတ်ဆိုးစစ်တပ်ကြီး ထွက်ခွာသွားပြီ ဖြစ်သော်လည်း စီမံခန့်ခွဲမှုဗျူရိုအတွက်မူ သူတို့၏ လုပ်ငန်းမှာ ယခုမှ စတင်ခြင်းပင်။


တစ်ညတာလုံး တိုက်ပွဲဖြစ်ပွားပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ အဖွဲ့ဝင်များမှာ ထိုမတည်ငြိမ်မှု၏ နောက်ဆက်တွဲပြဿနာကို ဖြေရှင်းရန်အတွက် မြို့တော်၏ ထောင့်အသီးသီးသို့ ပို့ဆောင်စေလွှတ်ခြင်း ခံကြရသဖြင့် အနားယူရန်ပင် အခွင့်အလမ်း မရခဲ့ကြပေ။


သရဲတစ္ဆေများနှင့် နတ်ဆိုးများ၏ ကြွင်းကျန်ရစ်သော အလောင်းများကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ယူဆောင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ၎င်းတို့ထဲရှိ ယင်းစွမ်းအင်နှင့် ရန်ငြိုးများက လေထဲတွင် ပျံ့နှံ့သွားမည် ဖြစ်ပြီး သူတို့မကိုင်တွယ်နိုင်လောက်သည့် လျှို့ဝှက်အန္တရာယ်များကို ပိုမို သယ်ဆောင်လာပေလိမ့်မည်။


ထို့ပြင် သူတို့အနေဖြင့် ကျန်ရှိနေသေးသည့် သရဲတစ္ဆေများနှင့် နတ်ဆိုးများကို ရှင်းထုတ်ပြီး အသေအပျောက်စာရင်းကို ကောက်ယူရမည် ဖြစ်သည်။


ရဲစခန်းများနှင့် ဆေးရုံများရှိ ဖုန်းများမှာ အဆက်မပြတ် ဖုန်းလက်ခံဖြေဆိုနေကြရသည်။ ကုသမှုနှင့် အကူအညီ လိုအပ်နေကြသော အရပ်သားများမှာ နေရာအနှံ့တွင် ရှိနေကြ၏။


ထို့ပြင် ဤဖြစ်ရပ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာမှာ အင်မတန် ကြီးမားလွန်းလှ၏။ မြို့တော်တစ်ခုလုံးမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ညတွင်းချင်း ခြောက်ခြားဖွယ်မြို့တော်တစ်မြို့ ဖြစ်လာလေသည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။


ထူးခြားဆန်းကြယ်သော သတ္တဝါများ၏ ဖြစ်တည်မှုမှာ ယခုအခါ လုံးဝ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပြီး ဤကဲ့သို့သော အသစ်ပေါ်ထွက်လာခြင်းကြောင့် လူသားမျိုးနွယ်၏ ကမ္ဘာတစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ရသည်။ လူသားများအနေဖြင့် သူတို့၏ ယခင်ကလို ငြိမ်းချမ်းသော ဘဝမျိုးကို နောက်ထပ် ပြန်မရနိုင်တော့ပေ။


ဒိုမီနိုများကဲ့သို့ပင် ပထမဆုံးသော အစိတ်အပိုင်း ပြုတ်ကျသွားသည်နှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ကွင်းဆက်တုံ့ပြန်မှုကို မည်သူမှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါ။


စီမံခန့်ခွဲရေးဗျူရိုရှိ ဖုန်းများ အဆက်မပြတ် တဂွမ်ဂွမ် မြည်နေကြ၏။ M မြို့တော်ဌာနခွဲရှိ အထက်အရာရှိများက ပင်မဌာနချုပ်သို့ စိတ်ပျက်လက်ပျက် သတင်းပို့လျက် ရှိကြပြီး သူတို့ထဲမှ အချို့က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော ဤသတင်းကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် အခြားသော အေဂျင်စီများနှင့် လူမှုကွန်ရက်ကို ဆက်သွယ်နေကြသည်။


အခင်းဖြစ်ပွားပြီးနောက် အစီရင်ခံစာများနှင့် နောက်ဆက်တွဲ သတင်းအများအပြား ရုံးသို့ ရောက်ရှိလာခဲ့သည်။ ထိုအစီရင်ခံစာများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ဖြစ်တည်မှုတစ်ခုက တစ်ကြိမ်ထက်မက ပေါ်ထွက်လာခဲ့၏။


၎င်းမှာ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသည့် ခေါင်းစွပ်စွပ်ထားသော လူငယ်တစ်ယောက်ပင်။ လခြမ်းပုံသဏ္ဌာန် ဓားကောက်ကြီး တစ်လက်ကို ကိုင်ဆောင်ထားပြီး ထိုလူ၏ တည်နေရာကို မှန်းဆမရသော်လည်း သူ၏ ခွန်အားမှာမူ အေအဆင့် အစွမ်းထက်သော တစ္ဆေတစ်ကောင်ကဲ့သို့ အားကောင်းလှပေသည်။ ဤပုဂ္ဂိုလ်ကား ထိုညတွင် အဓိကထောက်ပံ့ပေးသော မဏ္ဍိုင်တစ်ခု ဖြစ်ပုံရသည်။


လူတိုင်း၏ စိတ်ထဲတွင် တူညီသော မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာကြသည်။


ထိုလူမှာ မည်သူဖြစ်သနည်း။


သူက အဘယ်ကြောင့် ရုတ်တရက် ပေါ်လာပြီး ပြန်ပျောက်သွားရပါသနည်း။


ထို့ပြင် ပို၍ အရေးကြီးသည်မှာ…


ယခုအခါ ထိုလူ မည်သည့်နေရာတွင် ရှိနေပါသနည်း။

-

မြို့လည်ခေါင်ရှိ အဆောက်အဦတစ်ခုထဲတွင် ဖြစ်သည်။


ပုံမှန်အားဖြင့် ယခုလိုအချိန်တွင် အလုပ်သမားများမှာ အလုပ်တက်နေကြပြီ ဖြစ်သောကြောင့် စီးပွားရေးနယ်မြေ တစ်ခုလုံးနီးပါး ပျားပန်းခတ်မျှ အသက်ဝင်လှုပ်ရှားနေလေ့ရှိသော်လည်း ယခုအခါတွင် အဆောက်အဦ တစ်ခုလုံးရော အပြင်ဘက်ရှိ စီးပွားရေးနယ်မြေ တစ်ခုလုံးပါ ဗလာဖြစ်နေသည်။


မရေမတွက်နိုင်သော ဆိုးရွားသည့်ပုံသဏ္ဌာန်ဖြင့် ပျက်စီးနေသော နတ်ဆိုးအလောင်းများမှာ မီးခိုးရင့်ရောင်အငွေ့များ အဖြစ် ပြောင်းလဲသွားပြီး နေရောင်အောက်တွင် ပြန့်ကျဲနေသဖြင့် အနံ့အသက် ဆိုးရွားလှသော ဧရိယာတစ်ဝိုက်တွင် ဖုံးလွှမ်းထားလေသည်။

သို့သော် ထိုအဆောက်အဦမှာ ကွာခြားနေ၏။

၎င်းမှာ အလယ်ဗဟိုအနေဖြင့် လေဆင်နှာမောင်း တစ်ခု၏ မျက်လုံးကဲ့သို့ ဗလာကျင်းနေသည့် စက်ဝိုင်းတစ်ခု ဖြစ်သည်။ မြေပြင်မှာ သန့်ရှင်းနေပြီး သွေးစွန်းနေသော အကြွင်းအကျန်များ လုံးဝ မရှိချေ။

အဆောက်အဦ၏ အတွင်းပိုင်းတွင် ချောမွေ့သော ကြမ်းပြင်မှာ အပြစ်အနာအဆာ လုံးဝ မတွေ့ရပေ။

နေရောင်ခြည် တောက်ပနေသည့် အပြင်ဘက်နှင့် နှိုင်းယှဉ်ကြည့်ပါက ထိုနေရာမှာ အတော်လေး အေးစက်ပြီး ခပ်မှိုင်းမှိုင်း ဖြစ်နေသည်။

လေထဲတွင် တိတ်ဆိတ်စွာ မျောပါနေသော သွေးအရိုးငါးကြီးက ၎င်း၏ ကြီးမားလှသော ဆိတ်ခေါင်းကြီးကို လှည့်ကာ သူ့ရှေ့မှ လူသားကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်နေသည်။

အချို့သော အကြောင်းပြချက်များကြောင့် တစ်ဖက်သားမှာ အချိန်အတော်ကြာအောင် မလှုပ်ရှားနိုင်တော့ပေ။

ထိုလူငယ်က သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ့ခြေထောက်များမှာ မြေကြီးထဲသို့ အမြစ်တွယ်နေသည့်အလား ခန်းမကျယ်ကြီးထဲတွင် မလှုပ်မယှက် မတ်တပ်ရပ်နေသည်။ သူ၏ တုန်လှုပ် ခြောက်ခြားနေသော အတွေးများနှင့် ခံစားချက်များကို တမင်တကာ ဖုံးကွယ်ထားသည့်အလား ဖျော့တော့နေသော သူ့မျက်နှာပေါ်တွင် မလိုလားအပ်သော အမူအရာမျိုး မတွေ့ရချေ။ တည်ငြိမ်နေပုံရသော မျက်နှာအောက်တွင်မူ သူက မြင့်မားထူထဲသော နံရံတစ်ချပ် တည်ဆောက်ထားပြီး သူ၏ ခံစားချက် အစစ်အမှန် အားလုံးကို ဖုံးကွယ်ထားလေသည်။

သို့သော် သူက ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်တိုင်အောင် သွေးအရိုးငါးများက ပတ်ဝန်းကျင်ရှိ အပူချိန်ကို ဒီဂရီများစွာ ကျဆင်းသွားစေနိုင်သည့် တစ်ဖက်လူမှ လာသော အေးစက်ပြီး ထိုင်းမှိုင်းသော လေထုကို အားကောင်းစွာ အာရုံခံနိုင်ဆဲပင် ဖြစ်သည်။

သွေးအရိုးငါးကြီးက ရှေ့သို့ ကိုင်းလာပြီး ၎င်း၏ ဦးခေါင်းကို တစ်ဖက်လူ၏လက်ဖြင့်ထိထားလိုက်သည်။

နောက်ဆုံးတွင် ယဲ့ကျားမှာ သူ့အတွေးများမှ အသိစိတ် ပြန်ဝင်လာ၏။

သူက သူ့နံဘေးရှိ သွေးအရိုးငါးကြီးကို ငုံ့ကြည့်လိုက်ပြီး ၎င်း၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

မှောင်မိုက်သော ခံစားချက်များကို မုန်တိုင်းမတိုက်ခတ်မီ မီးခိုးရောင် ကောင်းကင်ကြီးအလား သူ့မျက်လုံးများထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားလေသည်။

အသေးစိတ်အချက်အလက်များ အားလုံးကို ဖယ်ထုတ်၍ ဂရုတစိုက် သုံးသပ်ပြီးနောက် ယခုအခါတွင် ယဲ့ကျားမှာ အလွန် သေချာနေပြီ ဖြစ်သည်။ 

မည်သို့မည်ပုံ ဖြစ်သည်ကို သူ မသိသော်လည်း ကျီရွှမ်က သူ့ကို အစကတည်းက မှတ်မိနေခဲ့၏။

သို့သော် ယဲ့ကျား နားမလည်နိုင်သည်မှာ သူ၏ သရုပ်မှန်ကို ရှာတွေ့ပြီးနောက် သူ အဘယ်ကြောင့် ဘာမှ မလုပ်ခဲ့ခြင်း ဖြစ်ပါသနည်း။

တစ်ဖက်သားနှင့် သူ၏ အပြန်အလှန် တုံ့ပြန်မှုများတွင် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဂရုတစိုက် စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်ပြီးနောက်မှာပင် သူ၏ ဤမေးခွန်းအတွက် ပြီးပြည့်စုံသော အဖြေတစ်ခု မရရှိလာခဲ့ပေ။

ယဲ့ကျားက စဉ်းစားနေရင်း သွေးအရိုးငါးကြီး၏ မေးစေ့ကို ကုတ်ခြစ်လိုက်သည်။

ထိုငါးကြီးမှာ ၎င်း၏ အချစ်ဆုံးလူသားထံမှ အာရုံစိုက်ခံရမှုကို တစ်ဖန် ပြန်လည်ရရှိလာခဲ့ပြီးနောက် ၎င်းထံတွင် ရှိနေသည့် သံသယများကို အလျင်အမြန် ဖယ်ရှားကာ တစ်ဖက်သားကို ကုတ်ရလွယ်စေရန် သူ့ခန္ဓာကိုယ်ကို လှိမ့်ပေးလိုက်သည်။

သို့သော် ယဲ့ကျားမှာ မျက်လွှာချထားသော်လည်း သူ့မျက်လုံးများက ငါးကြီးကို ကြည့်နေခြင်း မဟုတ်ပေ။ သူက အတွေးထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေပုံရလေသည်။

သူ ထိုအခြင်းအရာကို နားမလည်ခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။

သူ့ကိုယ်သူ ရက်စက်စွာ မေးခွန်းထုတ်လိုက်သည်။

မင်းဘာလို့ ဒီလောက်ထိ မိုက်မဲပြီး တုံးအနေရသေးတာလဲ… အားကြီးတဲ့ သရဲတစ္ဆေတစ်ကောင်ရဲ့ အတွေးအခေါ်ကို မင်းအနေနဲ့ နားလည်နိုင်လိမ့်မယ်လို့ ထင်နေတာလား…”

ယဲ့ကျား၏ မျက်လုံးများမှာ ဆီးနှင်းအလွှာများ စုဝေးနေသကဲ့သို့ အနည်းငယ် အေးစက်နေ၏။

သူ့မှတ်ဉာဏ်ထဲတွင် ထိုခပ်ပိန်ပိန် ကောင်လေးက အမြဲတမ်း သူ့နောက်မှ ထပ်ကြပ်မကွာ နီးကပ်စွာ လိုက်ပါခဲ့ပြီး သူ၏ ကမ္ဘာကြီးတစ်ခုလုံးကို ကြည့်နေသည့်အလား ယုံကြည်မှုနှင့် အားကိုးစိတ်များ ပြည့်နှက်နေသည့် ကြည်လင်နက်မှောင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေခဲ့သည်။ သူက ယဲ့ကျား၏ ခါးလေးကို ပွေ့ဖက်ရန်အတွက် သူ၏ အေးစက်သော လက်များကို အသုံးပြုကာ သူ့ခန္ဓာကိုယ်လေးဖြင့် အနားသို့ တိုး၍ မှီထားပြီး “အစ်ကို” ဟု နူးညံ့စွာ ခေါ်ဆိုခဲ့သည်။

ကစားပွဲတစ်ခု၌ ယုံကြည်မှုကဲ့သို့သောအရာမျိုးမှာ ဘယ်သောအခါမှ မရှိခဲ့ပေ။

၎င်းမှာ သံမဏိစည်းမျဉ်းတစ်ခု ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူက ဤစည်းမျဉ်းကို လျစ်လျူရှုလိုက်ပြီး သူ့ကိုယ်သူ မသိလိုက်မသိဘာသာ ယုံကြည်မှု ပေးနေခဲ့သည်။  အစကတည်းကဖြစ်စေ သူ'ရာ' ကိုရပြီးချိန်မှာပဲဖြစ်စေ ကစားပွဲ၌ ကစားသမားတွေနောက်က လိုက်တာကိုခံနေရတဲ့အချိန်မှာရော သူနဲ့ပတ်သတ်ငြိစွန်းမိလို့ အပြစ်ရှိတယ်လို့ခံစားရပြီး နောင်တရနေတဲ့အချိန်မှာပါ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ကို 'ကောကော' ဟုခေါ်မည့် သည်ကလေးတစ်ယောက်ကိုတော့ ကာကွယ်ရပေလိမ့်မည်။

(Nt: 'ရာ' : သွား (တံစဉ်း (ယဲ့ကျားရဲ့လက်နက်)ကို ဆိုလိုခြင်း ဖြစ်သည်။)

သူက အဆိပ်ရှိမြွေတစ်ကောင်ကို ဘေးနားတွင် ထား၍ ရဲဘော်ရဲဘက်တစ်ယောက်ဟု အထင်မှားနေခဲ့သည်။

သူ့အနေဖြင့် ဒီကလေးကိုချစ်ခင်မြတ်နိုးခဲ့သလောက် သစ္စာဖောက်ခံရသောအခါတွင်လည်း နာကျင်ခံစားရပေလိမ့်မည်။
ဒီလိုတွေဖြစ်လာဖို့ အစကတည်းက စီစဉ်ထားခဲ့ပြီးသား ဆိုတာကို ယဲ့ကျားသိလိုက်ရတဲ့ နောက်ဆုံးအချိန်မှသာ ဖြစ်ပေလိမ့်မည် ။


သူမသိလိုက်ခင်မှာပင် သူကိုယ်တိုင် ဤထောင်ချောက်ထဲသို့ တွေဝေခြင်းမရှိ ခုန်ဆင်းပြီးသားဖြစ်နေခဲ့လေပြီ။

ထို့ပြင် သူတို့ရဲ့ထိပ်တိုက်တွေ့ဆုံပွဲ၌ သူက ကျီရွှမ်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့၏။

တစ်ချိန်ထဲမှာပင် သူဟာ နူးညံ့ပြီးရိုးစင်းသော သူ့ကိုယ်သူပါ သတ်လိုက်ပြီးခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် တဖက်လူမှာ မသေသည့်အပြင် အမှန်တကယ်ပင် ဒီဘက်ကမ္ဘာထိပါ နောက်ကလိုက်လာလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ခဲ့ပေ။

ယဲ့ကျားက သူနဲ့ တဖက်လူတို့ နောက်တစ်ကြိမ်တွေ့ဆုံပြီးနောက် ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို နောက်တစ်ကြိမ် သွားရောက်ကြည့်ရှုခဲ့သည်။

သူ၏ သတိနှင့် နောက်‌ကြောင်းပြန်ဆုတ်သော ကိုယ်ပိုင်ပုံစံအပြင် မျက်နှာဖုံးတုတပ်ထားတဲ့တစ်ဖက်လူရဲ့ ချည်းကပ်လာတဲ့ပုံအပါအဝင်ပင်။

ယဲ့ကျားရဲ့ အသံရှူသံများ အနည်းငယ် မတည်မငြိမ် ဖြစ်လာ၏။

သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းလေးများမှာ အပေါ်ကို ကော့ညွန့်တက်သွားပြီး အပြုံးတုတစ်ခုကို တပ်ဆင်လိုက်သည်။

သူရဲ့အပြုံးကို အဝေးကနေမြင်နေရသော လက်မဲလေးဟာ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်လာပြီး သူ့ဘာသာ နောက်ကိုဆုတ်ပြီး နံရံနှင့်ပြေးဆောင့်လိုက်လေသည်။

ယဲ့ကျားရဲ့မျက်လုံးတွေဟာပြုံးမနေချေ။ အေးစက်တဲ့ဒေါသများသာ  လောင်မြိုက်နေ၏။

တစ်ချိန်လုံး သူ့ကို ဘာလို့ဘာမှမလုပ်ခဲ့တာလဲ?

ဖြစ်နိုင်တာကတော့ သူ့ရဲ့အမုန်းတရားတွေကနေပေါက်ဖွားလာတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပြီး နောက်ထပ်ဒုက္ခခံစားနေရတာကို မြင်နိုင်ဖို့ပဲ။

ယဲ့ကျားက ဒူးထောက်ချလိုက်ပြီး ‌သွေးအရိုးငါးရဲ့ဗိုက်ကို ညင်ညင်သာသာလေး ပွတ်သပ်လိုက်သည်။ သူရဲ့ မျက်နှာပေါ်မှ အပြုံးမှာ ရွှန်းလက်တောက်ပနေ၏။

'အခုကစပြီး မင်းငါ့နောက်လိုက်ရမယ်'

သွေးအရိုးငါးကြီးက ခေတ္တမျှ ခေါင်းငြိမ့်လိုက်ပြီး နောက်တော့ စိတ်လှုပ်ရှားစွာနဲ့ နောက်ကိုတရွတ်တိုက်ဆုတ်သွားလေသည်။ သူ့ကို ကြည့်ရသည်မှာ ကမ်းလှမ်းချက်ကို ကျေနပ်သည့်ပုံပင်။


ယဲ့ကျားရဲ့နှုတ်ခမ်းပေါ်ကအပြုံးဟာပိုမိုနက်ရှိုင်းလာ၏။


သူက သွေးအရိုးငါးကို အသိစိတ်မရှိဘဲပွတ်သပ်နေတဲ့အချိန်မှာပင် တခြားလက်တစ်ဖက်မှလည်း တံစဉ်းတစ်ချောင်း တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနေသည်။

မင်းရဲ့ တခြားသခင်အတွက်ကတော့.....

နောက်နေ့ကစပြီး သူ့ရဲ့တည်ရှိမှုဆိုတာရှိတော့မှာမဟုတ်ဘူး...

လက်မဲလေးဟာ သူ့ရဲ့ဘဝမှာ ဒီအရာတွေဟာ ဒီလို ဖြစ်နိုင်ခြေမရှိတဲ့လမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ဖူးပါ

ယဲ့ကျားဘာတွေတွေးနေခဲ့သလဲ ဆိုတာ သူမသိခဲ့ပါဘူး

သူသိထားသည်မှာ တစ်ဖက်သားက ခနလောက်ရပ်နေပြီးတဲ့နောက် ဘာကြောင့်မှန်းမသိ သူရဲ့ကိုယ်ထဲက ဒေါသတွေနဲ့ မကောင်းဆိုးဝါးစွမ်းအင် တွေဟာတရိပ်ရိပ်တက်လာပြီး သူ့ရဲ့တံစဉ်းကို ဆွဲထုတ်ခဲ့သည်ဆိုခြင်းသာ ဖြစ်သည်။

လက်မဲလေးဟာ ကင်းကပေးတဲ့သတိပေးချက်ကိုတောင်စိုးရိမ်ချိန်မရတော့ဘဲ လျင်လျင်မြန်မြန်နဲ့ ယဲ့ကျားရဲ့ ပခုံးပေါ် ခုန်ပြီး ကော်လာစကိုဆွဲကာ သတိထားပြီးမေးလိုက်သည်။ 

“သ..သခင် ဘယ်သွားကြမလို့လဲ…”

ယဲ့ကျားက ပြုံးပြီး ‌ပြန်ဖြေလိုက်သည်။ 


“တစ္ဆေတစ်ကောင်ကိုသွားသတ်မလို့…”


လက်မဲလေး ခေါင်းရှုပ်သွား၏။


 'ဘယ်..ဘယ်သူ့ကိုသတ်မလို့လဲ?'

ယဲ့ကျား: 'ကျီရွှမ်'

လက်မဲလေး : '.........................'

အဆုံးသတ်သွားလေပြီ…။

ဒီယုတ္တိမရှိတဲ့အရာတွေနဲ့ လမ်းကြောင်းမှားယွင်းနေတဲ့ ဇာတ်လမ်းပုံပြင်တွေဟာ လက်စားခြေမှုနဲ့ လူသတ်မှုအဖြစ်ပြောင်းလဲသွားတော့မယ်။


ယဲ့ကျားက ပထမဆုံးအနေဖြင့် သွေးအရိုးငါးကို သူ့ရဲ့နေရာဆီပြန်ခေါ်သွားပြီး ထိုနေရာ၌သာ နေခဲ့ရန် အမိန့်ပေးလိုက်သည်။

သွေးအရိုးငါးဟာ ကျီရွှမ်နဲ့ အချိန်အကြာကြီးအတူရှိခဲ့သည်။

ယဲ့ကျားက သူနဲ့ ကျီရွှမ် တိုက်ခိုက်ကြတဲ့ပွဲတွင် သွေးအရိုးငါးက သူ့ဘက်မှ ကူညီပေးလိမ့်မယ်လို့ မထင်ထားပေ။ ထို့ကြောင့် သူ့ကို တိုက်ပွဲ၏အပြင်ဘက်၌ ထားခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


Xxxxx