နာနေတော့ကော ဘာများ ထူးလာမှာ မို့လို့လဲ၊ သူ့မှာ လက်သည်း ငါးချောင်းတောင် ကျန်သေးတာပဲ၊ အပေါက် ဆက်တူးတာပဲ ကောင်းပါတယ်လေ။
ဒီလိုမျိုး စဉ်းစားကြည့်လိုက်တော့လည်း သူသည် အမှန်တကယ် ရဲရင့်ပြီး ကြမ်းတမ်းသည်ဟု ခံစားမိသည်။
ရေသူထီးတစ်ကောင် ဖြစ်လာတော့ရော ဘာဖြစ်သေးလဲ။ ရေဘဝဲရဲ့ အိမ်မွေးတိရစ္ဆာန် အနေနဲ့ အကျဉ်းချခံ နေရတော့ရော ဘာဖြစ်လဲ။ လက်သည်းတွေ ကွဲအက်သွားတော့ရော ဘာအရေးလဲ။ အရာအားလုံးက ပြဿနာမဟုတ်ဘူး!
ဒါပေမယ့် တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ အားတင်းထားနေပါစေ။ ခန္ဓာကိုယ်က အဆင်မပြေမှုတွေကတော့ ရောင်ပြန်ဟပ်နေ၏။
လန်စီ၏ အရေပြားနဲ့ ဆက်နေသည့် လက်သည်းများ ရောင်ရမ်းလာ၏။
လက်သည်းများ ရောင်ရမ်း လာခြင်းကြောင့် လန်စီသည် အစာစားရန် စိတ်မ၀င်စားတော့ဘဲ လှုပ်ရှားမှုလည်း တဖြည်းဖြည်းနည်း သွားသည်။
ဒီလိုနဲ့ တစ်နေ့ ရေဘဝဲရောက်လာပြီး အစာထပ်ကျွေးသည့်အချိန်တွင် သူ့ငါးလေး ပျောက်နေတာကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ရေဘဝဲ ပထမဆုံး တုံ့ပြန်လိုက်သည်မှာ သွားပြီ၊ သူ့ငါးကလေး ထွက်ပြေးသွားပြီ။
သန္တာအရိုးများ ပတ်ပတ်လည်တွင် စိုးရိမ်တကြီး လှည့်ပတ်သွားကာ နောက်ဆုံးတွင် လန်စီသည် ယခင်က သူကိုယ်တိုင် လွတ်မြောက်ရာလမ်းကို တူးခဲ့ကြောင်း သတိရမိသွားသည်။
ရေဘဝဲသည် အသားစိုင်များဆီသို့ အလျင်အမြန်တက်ကာ ၎င်းတို့ကို အဝေးသို့ ရွှေ့လိုက်သော်လည်း မမျှော်လင့်ဘဲ အပေါက်အတွင်းမှ အဖြူရောင်ဇာအလွှာအမြီးလေးနှင့်တူသော ဆူးတောင်လေး တစ်ချောင်း ပေါလောပေါ်နေသည်ကို တွေ့လိုက်ရသည်။
ရေဘဝဲသည် သက်ပြင်းချပြီး အကြာကြီး ငြိမ်နေ၏။
လန်စီကို ရှာတွေ့ပြီးနောက် ရေဘဝဲ သည် လန်စီ၏အမြီးဆူးတောင်လေးကို ထိရန် ကြိုးစားခဲ့ပြီး လန်စီကို သူ့ဘာသာသူ ထွက်လာစေလိုသည်။
သို့သော် သူထိလိုက်သည့်အခါတိုင်း လှုပ်လှုပ်ယွယွဖြစ်လေ့ရှိသောာ ငါးလေးသည် ဤတစ်ကြိမ်တွင် ရေဘဝဲကို လုံးဝ မတုံ့ပြန်ခဲ့ပေ။
မျောနေသော အမြီးဆူးတောင်လေးသည် တွဲလောင်းကျနေပြီး သေဆုံးနေသကဲ့သို့ ရေစီးကြောင်းနှင့်အတူ လွင့်မျောနေသည်။
ရေဘဝဲသည် အဆိုးဆုံးရလဒ်ကို တွေးလိုက်မိ၏။
စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ရေဘဝဲသည် သေးငယ်သော လက်တံများကို အပေါက်အတွင်းသို့ ထည့်လိုက်၏။
ရေဘဝဲသည် ကျဉ်းမြောင်းသော အပေါက်ထဲမှ ငါးလေးကို ဂရုတစိုက် ဆွဲထုတ်လိုက်သည်။
လန်စီ နေမကောင်းပေ။
ဤသည်မှာ ရေဘဝဲ၏ ကောက်ချက်ချမှုပင်။
အဖြူရောင် ရေသူထီးငယ်လေးသည် အမြဲတမ်း တက်ကြွပြီး စူးစမ်းချင်စိတ် အပြည့်ရှိသည်။ ထိတ်လန့်နေရင်တောင် သူလုပ်သင့်တယ် ထင်တာကို ဇွတ်လုပ်ဖို့ ကြိုးစားလိမ့်မည်။
အချိန်ကာလများတိုက်စားသွားပြီးနောက် ဤအသက်ဝင်လှုပ်ရှားနေသော အဖြူရောင် ရေသူထီးလေးသည် သူ၏စိတ်ကို အလွန်ဆွဲဆောင်နိုင်စွမ်းရှိ၏။
ယခုတော့ ဤလန်းဆန်းနေသည့်ဘဝလေးသည် တဖြည်းဖြည်း ခြောက်သွေ့ညှိုးနွမ်းလာသည်။
အဖြူရောင် ရေသူထီးလေးသည် အဖြူရောင်ပင်လယ်သဲပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ပန်းရောင်ဖျော့ဖျော့ ရှိနေသည်။
သာမန်ဆိုလျှင် အဖြူရောင်ရေသူထီးလေးသည် အဖြူစွတ်စွတ်ရှိကာ စင်းလုံးချောနေပြီး အကြေးခွံတိုင်းတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်နေလေ့ရှိကာ ယခုအခါ သူ၏ငါးလေးသည် အဖျားရှိရုံသာမက ခါးရှိ အကြေးခွံများမှာလည်း အနည်းငယ်ကွာကျနေကာ အသားနှင့် သွေးကြောများကိုပင်မြင်နေရ၏။
ရေဘဝဲ သည် လန်စီ၏နောက်ကျောကိုမဝံ့မရဲ ထိလိုက်သော်လည်း လန်စီနိုးမလာသေးချေ။
စစ်ဆေးပြီးနောက် နောက်ဆုံးတွင် လက်သည်တရားခံမှာ လန်စီ၏ လက်ချောင်းထိပ်တွင် ဖြတ်ထုတ်ခံထားရသော လက်သည်းများကြောင့် ဖြစ်ကြောင်း တွေ့ရှိသွား၏။
ဒီခေါင်းမာတဲ့ငါးလေးဟာ သူ့ကိုယ်သူ နာကျင်စေတာတောင်မှ ကြီးစွာသော အကြောင်းတရားကနေ လွတ်မြောက်ချင်နေတုန်းပင်။
အခု လက်သည်းတွေ သွေးထွက်နေတာတောင် သူ လုံးဝ ဂရုမစိုက်ဘူး။
အခုတော့ လန်စီက သူ့ကိုယ်သူဆက်ပြီး မတောင့်ခံနိုင်တော့ပေ။
လုံခြုံရေးအသိကြောင့် ဖြစ်နိုင်သည်။ လန်စီသည် သတိမေ့မြောမသွားမီ အပေါက်ငယ်ထဲတွင် တိတ်တိတ်လေး ပုန်းနေခဲ့သည်။
ရေဘဝဲသည် အခြားသက်ရှိများ၏ သေးငယ်မှုနှင့် နုနယ်မှုတို့ကို တစ်ဖန်ခံစားရမိ၏။
"အိ--ရ"
မေ့မြောနေစဉ်တွင် လန်စီသည် စကားအနည်းငယ်ကို မသိစိတ်ကရေရွတ်လိုက်ရာ ရေဘဝဲက ကြားသွားပြီး လှည့်ပတ်သွားကာ လန်စီ၏မျက်နှာကို အသာအယာထိလိုက်သည်။
အေးစက်ပြီး စေးကပ်တဲ့ ခံစားချက်က လန်စီကို အိပ်ပျော်နေချိန်မှာတောင် မျက်မှောင်ကြုတ်သွားစေ၏။
ရေဘဝဲသည် ခဏလောက် "ကြည့်" ပြီး နောက်ဆုံးတွင် ညင်သာစွာ ထွက်ခွာသွားလေသည်။
…
အချိန်မည်မျှကြာသွားသည်မသိ လန်စီနိုးလာသည်။
မေ့မြောနေချိန်တွင် လန်စီသည် အမြဲတမ်း စိတ်မသက်မသာ ခံစားခဲ့ရ၏။ သူသည် ဝမ်းနည်းစရာကောင်းစွာပင် တစ်စုံတစ်ယောက်က သူ့အား မီးပုံပေါ်မှာ ကင်နေပုံရသည်။
သူ့ကို ကင်တဲ့သူက အပူချိန်ကို မညှိထားပေ၊ လန်စီက တစ်ဖက်က အရမ်းပူပြီး၊ နောက်တစ်ဖက်က အရမ်းအေးတယ်လို့ အမြဲခံစားနေရ၏။
လန်စီသည် အလွန်စိတ်ရှုပ်ထွေးနေပြီး သူ့စိတ်ထဲတွင် အကောင်းဆုံးငါးကင်နည်းကို သတိရှိရှိ မတွေးနိုင်တော့ပေ။
သူ့ကိုရွှေ့နေသည်ဟု သူခံစားရသည်။ ငါးကို ဟိုဘက် သည်ဘက်လှည့် ကင်ပြီးသွားပြီလား။
ဒီအချိန်မှာ ဇီယာမရှိရင် ဘာထည့်ရမလဲ။
ထို့နောက် သူ့လက်သည် ရုတ်တရက် နာကျင်သွားသည်ကို ခံစားလိုက်ရသော်လည်း အဖျားကြောင့် အာရုံများ မှုံဝါးနေသဖြင့် ငါးကင်၏ ဆူးတောင်များကို ဖြတ်ရန် အချိန်တန်ပြီဟု လန်စီက မှင်တက်စွာ တွေးလိုက်မိ၏။
နောက်ဆုံးတွင် အနည်းငယ် အေးမြမှုက သူ့လက်ချောင်းထိပ်များကို ဖုံးလွှမ်းသွားပြီး ထိုအေးစက်မှုလေးသည်အပူရှိန်ကို ဖယ်ရှားလျှက် လက်ချောင်းထိပ်များမှ တစ်ဆင့် သွေးကြောများထဲ စီးဆင်းသွားပြီး ခန္ဓာကိုယ်ထဲသို့ရောက်ရှိသွား၏။
နောက်ဆုံးတွင် လန်စီ သက်ပြင်းရှည်ကြီးချလိုက်သည်။
ငါးကင်ပြီးပြီလား။
အိုက်ယား ဒီအချိန်မှာ ရေခဲအပြည့်နဲ့ ကိုလာတစ်ခွက် သောက်လိုက်ရရင် တကယ်ကို ပျော်စရာအကောင်းဆုံးဖြစ်မှာပဲ။
အဲဒီနောက်မှာတော့ လန်စီရဲ့ အသိစိတ်က ပြေလျော့သွား၏။ ငါးလေးတစ်ကောင်လို ဖြစ်သွားပြီး အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
နိုးထလာတော့ လန်စီတစ်ယောက် သူ့ကိုယ်သူ အနီမိုနီ ထဲတွင်တွေ့လိုက်ရသည်။
သူ့လက်ကို မသိစိတ်က မြှောက်လိုက်ပြီး နီရဲပြီး ရောင်ရမ်းနေသော လက်ချောင်းထိပ်များကို အညိုရောင် ပင်လယ်ရေမှော်အလွှာဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။
လန်စီ ရှူရှိုက်ကြည့်လိုက်ရာ သူ့လက်ချောင်းထိပ်များမှ လန်းဆန်းသောရနံ့တစ်ခု ထွက်ပေါ်လာသည်။
အညိုရောင် ပင်လယ်ရေမှော်များအောက်တွင် ပင်လယ်ရေမှော်ရွှံ့အလွှာတစ်ခုရှိသည်။
ဒါတွေအားလုံးက ရေဘဝဲ လုပ်ထားတာလား။
လန်စီ အံ့အားသင့်သွားသည်။ရေဘဝဲသည် ဤမျှသိမ်မွေ့သောအလုပ်ကို လုပ်ဆောင်နိုင်မည်ဟု မထင်ခဲ့ပေ။
ပင်လယ်ရေမှော်နဲ့ ကျပ်စည်းပေးထားတဲ့အပြင် လက်ချောင်းထိပ်ကို သေးသေးလေးတွေ ထုံးပေးထား၏။
သူ့စိတ်ထဲတွင် သံသယများ ပိုများလာသဖြင့် လန်စီသည် အနီမိုနီထံမှ ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။
ပထမဆုံး သူသည် အသားစိုင်များကို တစ်ချက်ကြည့်လိုက်ရာ၊ အသားစိုင်များ သူ့နဂိုမူလနေရာတွင် ရှိနေပြီးနောက် လန်စီသည် နောက်ဆုံးတွင် သူ့ နှလုံးသားကို စွန့်လွှတ်လိုက်ပြီးနောက် သူ့အကြည့်ကို လှည့်ကာ အပေါ်ကို တစ်ချက်ကြည့်လိုက်သည်။
တစ်ချက်အကြည့်တွင် လန်စီသည် အသက်ရှုရပ်သွားသည်။
သန္တာအရိုးတွေထက်မှာ အပြာရောင်မီးလျှံတွေ ဘယ်တုန်းက ရှိနေမှန်းသူမသိပေ။
အတိအကျပြောရလျှင် ၎င်းသည်ခန္ဓာကိုယ်တွင် အပြာရောင် အလင်းထွက်နေသော ဖောက်ထွင်း မြင်နိုင်သည့် ငါးတစ်ကောင်ဖြစ်၏။
အဝိုင်းပုံသဏ္ဍာန် သန္တာကျောက်တန်းအရိုးများဖြင့် ဝန်းရံထားကာ ငါး၏အရိပ်သဏ္ဏာန်က လွင့်မျောနေပြီး အပြာရောင်အလင်းတန်းသည် တိမ်တိုက်ကဲ့သို့ အရိပ်များ ဖြစ်ပေါ်နေကာ ဟိုသည်လှည့်ပတ်နေပြီး ဤနေရာအား ထူးဆန်းပြီး စိတ်ကူးယဉ်အိပ်မက်ဆန်သည့် Alice in Wonderland အဖြစ်သို့ ပြောင်းလဲသွားစေသည်။
ပြီးတော့ လန်စီသည် ဒီအပြာရောင် မီးတောက်အစုအဝေးကို မကြည့်ဘဲ မနေနိုင်ပေ ။
အဲ့ဒါရေသူထီး။
အနက်ရောင်အမြီးနဲ့ ရေသူထီး။
လန်စီ၏ မျက်လုံးများသည် ပြိုင်ဘက်၏ အနက်ရောင် ငါးမြီးပေါ်တွင် ကပ်ငြိနေ၏။
သူကဲ့သို့ပင် အခြားသူ၏ ဇာအမြီးနှင့်တူသော ဆူးတောင်သည် အလွန်ရှည်လျားသော်လည်း သူနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ပိုကြီးပြီး ပင်လယ်ထဲတွင် မျောပါနေပြီး အဝေးမှ ရေထဲတွင် လွင့်နေသော မှင်ကြိုးမျှင်ကဲ့သို့ ဖြစ်နေသည်။
ငါး၏အမြီးပေါ်ရှိ အနက်ရောင်အကြေးခွံများ ယိမ်းနွဲ့သွားသောအခါ၊ ၎င်းသည် ဆိုးသွမ်းသည့် အရိပ်အငွေ့များ ပေါင်းစပ်လျှက် ခရမ်းရောင် အလင်းအလွှာကို ရောင်ပြန်ဟပ်နေသည်။
လန်စီ၏အကြည့်ကိုနေရာချဲ့လိုက်ရာ သူ၏ပြိုင်ဘက်က ငါးအမြီးကို ညင်သာစွာ လှုပ်ယမ်းနေသည်မှာ ပြိုင်ဘက်၏ခါး သို့မဟုတ် ငါးအမြီးရှိ မို့မောက်နေသည့် ကြွက်သားများသည် ကူးခတ်နေစဉ်အတွင်း ဆန့်ထွက်နေပြီး ပစ်လွှတ်ရန် အသင့်ဖြစ်နေသည့် လေးညှို့ပုံသဏ္ဍာန်နှင့်တူနေလေသည်။ သားရဲမှာ ပြိုင်ဘက်ကင်းသော စွမ်းရည်ရှိသည့် သူရဲကောင်း ဟန်ပန် အပြည် ရှိလေသည်။
လန်စီက သူ့ကို စိုက်ကြည့်ပြီးနောက် မကြာခင်မှာပဲ အနက်ရောင် ရေသူထီးက တစ်ခုခုကို ခံစားရသလို လန်စီကို ချက်ချင်း ငုံ့ကြည့်လာသည်။
အောက်မှ လန်စီသည် မျက်တောင်ခတ်ပြီး ကြောင်တက်တက်ဖြင့် ကြည့်နေသည်။ အချိန် အတော်ကြာအောင် သူထင်ယောင်ထင်မှား ဖြစ်နေတာလားလို့ တွေးနေမိ၏။
တစ်ဖက်လူကို သူ့နည်းသူ့ဟန်နဲ့ ခေါ်လိုက်ရမလားမသိချေ။
ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်က လန်စီကို အရမ်းစိတ်ဝင်စား နေ၏။ သူသည် တိတ်ဆိတ်နေပြီး အမြီးလှုပ်၍ ခန္ဓာကိုယ်ကို လှည့်ကာ ဖြည်းညှင်းစွာ ဆင်းလာနေသည်။
ဆင်းလာစဉ်တွင် အပြာရောင်မီးတောက်တစ်ခုလည်း ဆင်းသက် လာသည်။
အပြာရောင်မီးတောက်ကို ကိုင်ဆောင်ထားသော အနက်ရောင် ရေသူထီးသည် လန်စီထံသို့ ရောက်လာသည်။
လန်စီရှေ့မှာ သနားစရာကောင်းတဲ့ ငါးလေးတစ်ကောင်ဟာ အဖမ်းခံထားရသည်။ ငါးလေးက ပင်လယ်ထဲမှာ ဆက်လက် တောက်ပနေသည်။ အနက်ရောင် ရေသူထီးလေးက လွှတ်ပေးထားရင်တောင်မှ ငါးလေးက ထွက်မသွားရဲဘူး။ ယင်းအစား ၎င်းသည် လန်စီ၏ရှေ့တွင် ရှိနေသည်။ လှုပ်တောင်မလှုပ်ရဲပေ။
လန်စီ: "..."
သူ ခေါင်းစောင်းလိုက်ပြီး ငါးလေးထက် အနက်ရောင်ရေသူထီးကို ပိုစိတ်ဝင်စားနေ၏။
အပြာရောင်အလင်းတန်းသည် နောက်ဆုံးတွင် နီးကပ်လာပြီး လန်စီသည် အနက်ရောင်အမြီးနှင့် ရေသူထီး၏အသွင်အပြင်ကို ဂရုတစိုက်တွေ့မြင်နိုင်သည်။
ထိုသူတွင် လန်စီမဖော်ပြနိုင်လောက်သည့် မျက်နှာတစ်ခုရှိသည်။
မျက်နှာက သိပ်လှတာတော့ မဟုတ်ပေမဲ့ ဝန်ခံရရင် အနက်ရောင် ရေသူထီးဟာ လန်စီ မြင်ဖူးသမျှ လူသားတိုင်းထက် ပိုပြီးရင်သပ်ရှုမောဖွယ်ကောင်း၏။
သူ၏ မျက်နှာအသွင်အပြင်သည် သူ့နေရာနှင့်သူ လိုက်လျော ညီထွေဖြစ်ပြီး ရွှေအချိုးအစား စံသတ်မှတ်နှုန်းနဲ့ လုံးဝ ကိုက်ညီမှုရှိ၏။ ထက်မြက်မှုနှင့် ဂန္ထဝင်ဆန်မှုကို ကောင်းစွာ ရောစပ်ထားသည်။ သို့သော် အလွန်ပြည့်စုံလွန်းတာကြောင့် ဤမျက်နှာသည် လူသားမျက်နှာနှင့်တော့ မတူညီပေ။
အကြာကြီးကြည့်ပြီးနောက် လန်စီသည် ချီးကျူးရန် သင့်လျော်သောစကားလုံးများကို မစဉ်းစားနိုင်တော့ဘဲ မေးခွန်းတစ်ခု ပေါ်လာသည်။
အနက်ရောင် ရေသူထီးသည် သူ့ကို ငရဲသို့ ခေါ်ဆောင်ရန် အရေခွံလှလှလေးခြုံထားတဲ့ နတ်ဆိုးတစ်ဦးများလား။
အနက်ရောင်အမြီးနှင့်ရေသူထီးသည် ငါးငယ်ကိုဖမ်းမည့်အစား ကြောင်ငေး ကြည့်နေသည့် လန်စီကို တွေ့လိုက်ရသည်။ သူခေါင်းစောင်းလိုက်ပြီး လန်စီသည် ဇီဇာကြောင်နေသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူက အပြာရောင်တောက်နေသော ငါးလေးကို ကောက်ယူပြီး ဘယ်လက်ကို ပွတ်ဆွဲလိုက်သည်။ ထိုငါးလေးသည် ကြည်လင်သော ငါးအသားလွှာများဖြစ်သွား၏။
ချက်ခြင်းပင် လန်စီသည် အေးစက်ပြီး နူးညံ့သော တစ်စုံတစ်ခုက သူ့နှုတ်ခမ်းကို ထိလိုက်သလို ခံစားလိုက်ရသည်။
မသိစိတ်က သူ့ပါးစပ်ကို ဖွင့်ပြီး ထိုအရာကို စားလိုက်၏။
အေးမြသည့် ငါးအသားအရသာသည် ခံတွင်းထဲတွင်ပြည့်နှက်သွားပြီး ခဏမျှ ဝါးပြီးနောက် ထူးထူးခြားခြား ဖရဲသီးနှင့်သစ်သီး ရနံ့တစ်ခု ထွက်လာသည်။
အသားလွှာလား
ဤထူးဆန်းသော အရသာကို သိသွားချိန် လန်စီသည် အစာခွံ့ကျွေးခံရရန် စောင့်ဆိုင်းနေသော ငှက်တစ်ကောင်ကဲ့သို့ ပေးလာသည့် ငါးအသားပိုင်းကို ချက်ချင်းယူကာ စိတ်အားထက်သန်စွာ ကိုက်လိုက်သည်။
သူ့ရှေ့မှ မည်းနက်သောအသွင်က တခစ်ခစ်ရယ်ကာ အကြိမ်ပေါင်းများစွာ အစာကျွေးပြီးနောက် လန်စီ၏ မျက်နှာကို ထိရန် မဝံ့မရဲဖြင့် သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။
သူ့မျက်နှာ အနည်းငယ်အေးစက်သွား ပြီးနောက်လန်စီသည် သူဘာလုပ်သင့်သည်ကို သတိရသောကြောင့် အကြိမ်အနည်းငယ်ဝါးကာ ပါးစပ်ထဲရှိ အသားလွှာများကို မျိုချလိုက်ပြီး စိတ်အားထက်သန်စွာ မေးသည်။
"ဇီ-"
သင်ကဘယ်သူလဲ
အနက်ရောင် ရေသူထီးလေးသည် စကားလုံးအနည်းငယ်ကို ဖြည်းညှင်းစွာပြောလိုက်သည်။
အံ့ဩစရာမှာ သူနှင့်ဆင်တူသော အသံထွက် စကားလုံးအချို့ကို အနက်ရောင် ရေသူထီးထံမှ ကြားလိုက်ရသော်လည်း လန်စီ၏ နားထဲတွင် သူနှင့် စကားပြောနေသည့် အနက်ရောင် ရေသူထီး၏စကားသံသည် မန်ဒရင်းဘာသာသို့ ပြောင်းလဲသွားသည်။
အနက်ရောင် ရေသူထီးက ပြောသည် ။
"ငါ့ကို ဝင်ဆာ လို့ ခေါ်လို့ရတယ်။"
လန်စီက အံ့သြသွား၏။ ခဏကြာတော့ သူ့မျက်လုံးတွေ အရောင် တောက်လာပြီး
"ငါ့နာမည် လန်စီ"
သူသည် အရာအားလုံးကို မေ့သွားသည်အထိ အလွန်ဝမ်းသာသွားပြီး အနက်ရောင် ရေသူထီးလေးထံ ချက်ချင်း ကူးခတ်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မင်းလည်း ရေသူထီး... ငါလည်း ရေသူထီးပဲ... ညီအကို၊ မင်းလည်း လ..လူသားပဲလား... ငါတို့... "
လန်စီသည် စိတ်လှုပ်ရှားစွာဗလုံးဗထွေးပြောနေပြီးခွေးကလေးကဲ့သို့ ရွှင်မြူးနေကာ အနက်ရောင် ရေသူထီးလေးကို လှည့်ပတ် ကြည့်နေ သည်။
လူတွေက ဒီလိုမျိုးပဲ, အခြေအနေက ဘယ်လောက်ပဲ အန္တရာယ် များနေပါစေ တူညီတဲ့ အမျိုးအစားကို ရှာတွေ့သရွေ့ အန္တရာယ်နဲ့ အကြောက်တရားကို မျှဝေခံစားနိုင်ပုံပင်။
အနက်ရောင် ရေသူထီးလေး၏ မျက်လုံးများက အပြုံးတပွင့်ကို လှစ်ဟလိုက်ပြီး သက်ပြင်းချလိုက်သည် ။
"ရောဂါ သက်သာသွားပုံပဲ"
လန်စီသည် ခဏတာ အံ့အားသင့်သွားပြီး တုံ့ပြန်လိုက်သည်။
"ငါ့ကို ဆေးကုပေးခဲ့တာလား"
အနက်ရောင် ရေသူထီးလေး ဝင်ဆာ က ခေါင်းညိတ်ပြသည်။
လန်စီက သူ့လက်ချောင်းတွေကို ငုံ့ကြည့်လိုက်၏။
ခဏအကြာတွင် လန်စီသည် ခေါင်းငုံ့ကာ ရှည်လျားသော အဖြူရောင် အမြီးဆူးတောင်သည် သဲပြင်ပေါ်သို့ကျသွားကာ နှိမ့်ချသော အမူအရာဖြင့် ။
"ကျွန်တော် စိတ်မကောင်းပါဘူး။"
ဝင်ဆာက ခေါင်းကို စောင်းပြီး လန်စီ၏ ငါးမြီးကို အသာအယာ ထိလိုက်ပြီး မေး၏။
"ဘာဖြစ်လို့လဲ?"
လန်စီသည် ရုတ်တရက် ခေါင်းကို မြှောက်လိုက်ပြီး မျက်နှာ နီမြန်းသွားသည်။
"တောင်းပန်ပါတယ်။ ငါ့ကို ဆေးကုပေးဖို့အတွက် 'ရေဘဝဲ' က မင်းကို ဖမ်းခဲ့တာ ဖြစ်မယ်"
လန်စီ၏ယုတ္တိဗေဒအရ သူ့ကို ကုသရန်အတွက် "ရေဘဝဲ" သည် ဝင်ဆာကိုဖမ်းပြီး ဖိအားပေးခဲ့ပုံပင်။
ဤကိစ္စနှင့်စပ်လျဉ်း၍ လန်စီသည် ဝင်ဆာကို ဒုက္ခရောက်စေခဲ့ သည်ဟုယုံကြည်သည်။
ဒါကိုကြားတော့ ဝင်ဆာက မျက်တောင်ခတ်လိုက်ပြီး သူ့အမူအရာက ခဏတာ ဗလာဖြစ်သွားသည် ။
"..."
သူ့ငါးလေးက တကယ်ကို ထက်မြက်တာပဲ။
...........................