အပိုင်း (၄၀)
Viewers 31k

part-40


စုန့်ထင်ရှန်း၏ကုမ္ပဏီသည် ဌာနခွဲပေါင်းများစွာရှိသည့် ကုမ္ပဏီကြီးတခုဖြစ်သည်။အကယ်၍ယွမ်ရှသာ ထိုကုမ္ပဏီ၌သက်တောင့်သက်သာအလုပ်တခုလိုချင်ပါကအလွန်ပင်လွယ်ကူသွားပေမည်။သူမသာဆန္ဒရှိလျှင်မနက်ဖြန်မှာပင် အလုပ်သစ်တခုစတင်နိုင်မည်ဖြစ်သည်။


"လောလောဆယ်တော့ ရှင့်ရဲ့အကူညီကိုမလိုသေးပါဘူး..."


ယွမ်ရှခေါင်းခါလိုက်သည်။သူ၏မူရင်းဘဝတွင် အားလပ်ချိန် သို့မဟုတ် ပိုလျှံငွေမရှိသောကြောင့် သူမ လုပ်ချင်သည့်အလုပ်နောက်ကိုမလိုက်နိုင်ခဲ့ပေ။သို့သော်လဲ ယခုမူကွဲပြားခြားနားသွားလေပြီ။ယခုသူမကချမ်းသာသောသူဌေးတယောက်၏ဇနီးတစ်ဦးဖြစ်လာလေပြီ။ငွေနှင့်အချိန်ကသူမတွင်အပေါများဆုံးဟုပင်ဆိုရပေမည်။

ထို့ကြောင့် ၎င်းအခြေအနေကိုအသုံးချကာသူမ၏ဘဝကိုအားလပ်ရက်အဖြစ်သဘောထားပြီး အသစ်အဆန်းများကိုလေ့လာသင်ယူပေမည်။


အကယ်၍ အနာဂတ်တွင်သူမ၏မူလကမ္ဘာကိုပြန်သွားခဲ့ရလျှင်လဲ သူမ၏သင်ယူမှုအတွေ့အကြုံအသစ်များက နေထိုင်မှုဘဝကိုသက်တောင့်သက်သာဖြစ်လာအောင်ကူညီနိုင်ပေလိမ့်မည်။


ဒါကတကယ့်ကိုအကျိုးရှိလှသည် အကယ်၍သူမ၏ကမ္ဘာကိုဘယ်‌တော့မှမပြန်နိုင်တော့လျှင်လဲ အသစ်အသစ်များကိုသင်ယူခြင်းကအကျိုးမရှိသောအရာမဟုတ်ပေ။


"အင်း တကယ်လို့ မင်းတခုခုအကူညီလိုရင်လဲ ငါ့ကိုပြောလိုက်လေ..."


စုန့်ထင်ရှန်း၏စကားကြောင့်ယွမ်ရှ ပို၍စိတ်ကျေနပ်သွားသည်။စုန့်ထင်ရှန်းကအမြဲတမ်းလိုလိုသူမနှင့်တတ်နိုင်သမျှစကားမပြောဖြစ်ရန် ရှောင်လေ့ရှိသော်လဲ သူက တကယ်တမ်းရက်ရောကူညီလှပေသည်။


ယွမ်ရှခဏမျှစဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။


"တကယ်လို့ ရှင်လဲ ကျွန်မရဲ့အကူညီတခုခုလိုတယ်ဆိုရင် ကျွန်မကိုပြောနိုင်တယ်..."


စုန့်ထင်ရှန်းတွင် မူလယွမ်ရှဆီမှလိုအပ်ချက်တစုံတရာမရှိကြောင်းသူမသိပေသည်။အကယ်၍လိုအပ်ခဲ့သည်ဆိုလျှင်လဲ ကလေးနှင့်ပတ်သတ်သည်သာဖြစ်လိမ့်မည်။


စုန့်ထင်ရှန်းကလဲ ယွမ်ရှ၏စကားကိုယဉ်ကျေးမှုအရပြန်လည်ပြောသည်ဟုသာ သဘောထားလိုက်ပြီးစိတ်ထဲထားမနေပေ။


"ကောင်းပြီ...ဝမ်လေးကိုကျောင်းကိုခေါ်သွားလိုက်ဦး ရက်အနဲငယ်အတွင်းမှာပဲကျောင်းပြန်ဖွင့်တော့မယ်..."


ယွမ်ရှကလျှင်မြန်စွာပင်သဘောတူလိုက်သည်။အကယ်၍သူမ၏မူလကမ္ဘာသို့ပြန်မသွားနိုင်တော့ဘူးဆိုလျှင် စုန့်ထင်ရှန်းနှင့်ပြေလည်သည့်ဆက်ဆံ‌ရေးတခုတည်ဆောက်ထားရပေမည်။ပြောရမည်ဆိုလျှင်သူတို့နှစ်ယောက်လုံးကတရားမျှတစွာပြုမူဆက်ဆံတတ်သူများဖြစ်သည်။အကယ်၍ သူတို့၏ရည်ရွယ်ချက်များပြောင်းလဲမသွားသရွေ့ 

ဤအိမ်ထောင်ရေးကိုပျော်ရွှင်စွာဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပေသည်။


...


သူမ၌အချိန်နှင့်ငွေ ရှိနေသောကြောင့် အလုပ်ရှာရာ၌ ယွမ်ရှအလောတကြီးရှာဖွေခြင်းမလုပ်ပေ။သူမကနောက်ထပ်အသစ်သစ်သောအရာများကိုစူးစမ်းလေ့လာသင်ယူရန်စိတ်အားထက်သန်နေပေသည်။


နောက်ရက်၌...

ယွမ်ရှကဝမ်လေးကိုခေါ်ကာအဂ်လိပ်စာသင်တန်းတက်ရန်အတွက် စာရင်းသွားပေးလိုက်သည်။


အကယ်၍သူမသာအဂ်လိပ်စကားပြောသင်ထားမည်ဆိုလျှင် သူမ၏မူလကမ္ဘာသို့ပြန်ရောက်သည့်အခါ၌အလုပ်ရှာရပိုမိုလွယ်ကူသွားပေလိမ့်မည်။နောက်ဆုံး၌ယွမ်ရှက သူမလက်ရှိဘဝအတွက်အသုံးဝင်မည့်သင်တန်းတခုကိုလဲစာရင်းပေးသွင်းခဲ့လေသည်။


မုန့်ဖုတ်ခြင်း...


ယခုလောလောဆယ်၌သူမထိုအရာနှစ်ခုကိုသာ သင်ယူရန်တွေးမိလေသည်။သူမနောက်ထပ်အရာများစွာကိုသင်ယူချင်နေသေးသော်လဲ သူမတွင်အချိန်ကအကန့်အသတ်ရှိနေသေးသည်။ထို့အပြင်အကယ်၍သူမကအရာများစွာကိုတပြိုင်ထဲ သင်ကြားရမည်ဆိုလျှင်လဲအာရုံစိုက်မှုကပြန့်ကားသွားမည်ဖြစ်ပြီး သာမာန်ရလဒ်သာရရှိမည်ဖြစ်သည်။


သူမကအရာနှစ်ခုထဲပေါ်တွင်သာအာရုံစူးစိုက်၍သင်ယူမည်ဆိုလျှင်ရလဒ်ကပို၍ကောင်းမွန်ပေလိမ့်မည်။


ဝမ်လေးက စကားများတတ်သောအကျင့်စရိုက်လေးရှိနေပေသည်။သူက သူ့၏ပါပါးမည်သည့်မေးခွန်းမှမေးမလာပဲနဲ့တောင် လွန်ခဲ့သည့်ရက်အနဲငယ်တွင်ဖြစ်ပျက်ခဲ့သည်များ အားလုံးကိုအကုန်အစင်ပြောပြလိုက်သည်။


"မာမားက အဂ်လိပ်စာသင်ဖို့လဲစာရင်းသွားပေးတယ်...ပြီးတော့လေ မာမားကကိတ်မုန့်ဖုတ်ဖို့လဲသင်မယ်တဲ့ ပြီးတော့သူကိတ်မုန့်ဘယ်လိုဖုတ်ရတယ်ဆိုတာသင်ပြီးသွားတာနဲ့ ပေါင်ပေါင့်အတွက်ကွတ်ကီးလေးတွေဖုတ်ပေးမှာ..."


ထိုစကားများကိုပြောသည့်အချိန်၌ သူ့၏မျက်နှာလေးကကျေနပ်ပြုံးရွှင်မှုများပြည့်နှက်နေလေသည်။၎င်းအမူအယာလေးက ယခုလက်ငင်းပင် ယွမ်ရှလုပ်ပေးသည့်ကိတ်မုန့်လေးကိုစားလိုက်ရသည့်အမူအယာမျိုးဖြစ်နေပေသည်။


"မာမားလုပ်ပေးတဲ့ ကိတ်မုန့်နဲ့ကွတ်ကီးတွေက ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်မှာသေချာတယ်..."


စုန့်ထင်ရှန်းက ကလေးလေးပြောနေသလိုမျိုးယွမ်ရှလုပ်လိမ့်မည်ဆိုသည်ကိုမယုံကြည်နိုင်ပင်ဖြစ်နေမိသည်။


အဂ်လိပ်စာ သင်မယ်ဟုတ်လား...ဒါကတော့မထူးဆန်းပါဘူး...ဒါပေမဲ့...ဘာ ကိတ်မုန့်ဖုတ်တာရောသင်မယ်...သူတို့တမိုးအောက်ထဲမှာလေးနှစ်တူတူနေခဲ့ရပေမဲ့ သူမမီးဖိုချောင်ကိုဝင်တာတခါမှမတွေ့ဖူးဘူး...တကယ်ကြီးကိတ်မုန့်ဖုတ်မယ်ပေါ့...သူမအခြေအနေကောင်းရဲ့လား...


တဖက်အခန်းထဲရှိယွမ်ရှက စုန့်ထင်ရှန်း၏အတွေးများကိုမသိပေ။သူမကသူမ၏အနာဂတ်ကိုသာတွေးတောနေလေသည်။သူမ၏ မူလကမ္ဘာသို့ပြန်ရောက်သွားမည့်အချိန်ကိုတွေးတောနေရင်းဖြင့် အူမြူးလာသလိုပင်ခံစားရသည်။သူမဒီကမ္ဘာတွင်အချိန်ကြာကြာနေရဖို့မျှော်လင့်မိသည် သို့မှသာလျှင် မူလကမ္ဘာသို့ပြန်ရောက်သည့်အခါ၌သက်တောင့်သက်သာဘဝမျိုးနေနိုင်ရန်အတွက်ကျွမ်းကျင်မှုအများအပြားကိုသင်ယူထားနိုင်ပေမည်။


မည်သို့ပင်ဆိုစေ ယခုလက်ရှိ၌သူမတွင်အချိန်နှင့်ငွေကြေးရှိနေလေရာ ထိုအခွင့်အရေးကိုအမိအရဖမ်းမဆုပ်နိုင်ခဲ့ပါက အနာဂတ်တွင်ဖြုန်းတီးမှုကြီးအတွက် ငိုကြွေးနေရပေလိမ့်မည်။