Chapter 7
Viewers 519

နောက်တစ်နေ့ လန်စီ နိုးနိုးလာချင်း ဝင်ဆာအား တောင်းဆိုလေသည်။

"ငါးအမြီးသုံးနည်းကို သင်ပေးပါနော်။"

ဝင်ဆာက လန်စီ ကို ကြည့်ပြီး ထိုင်ခိုင်းလိုက်သည်။ သူသည် ရှေ့သို့သွား၍ လန်စီ ၏လက်ကို ဆွဲကာ လန်စီ ၏လက်မှ ပင်လယ်ရေမှော်ပတ်တီးကို ဖြည်လိုက်ပြီး ဘေးမှ ခရုခွံငယ်တစ်ခုကို ကောက်ယူလိုက်သည်။

 

လန်စီ ကြည့်လိုက်တော့ ခရုခွံအတွင်း၌ အစိမ်းရောင် ပင်လယ်ရေမှော် ရွှံ့နွံ အစုအပုံလိုက်ကြီးကို တွေ့လိုက်ရ၏။

" ပင်လယ်ရေမှော်တွေကို ဘယ်ကရလာတာလဲ"

လန်စီ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သော်လည်း အပင်တစ်ပင်မျှ မတွေ့ပေ။

ဝင်ဆာ၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားကာ လက်ထဲတွင်ရှိသော ခရုခွံကို ငုံ့ကြည့်၍ နှုတ်ခမ်းကိုစေ့လိုက်၏။

 

"စကားမစပ်၊ ရေဘဝဲ ထပ်ဝင်လာပြန်ပြီလား။ ဒီပင်လယ်မှော်တွေကို ရေဘဝဲ လာထည့်သွားတာ ဟုတ်တယ်မလား။"

လန်စီသည် အကြောင်းရင်းကို ချက်ချင်းရှာဖွေတွေ့ရှိသွားသည်။

ဝင်ဆာက သက်ပြင်းတစ်ချက်ချပြီး လန်စီ ၏ ငါးမြီးကို ထိရန် လက်ကို ဆန့်ထုတ်လိုက်သည်။

"လျှောက်ပြေးမနေနဲ့၊ လာခဲ့၊ ဆေးလာယူ"

 

"ဒီနေ့တော့ ရေဘဝဲ သူ့ခြေလက်တွေ မဆုံးရှုံးတော့ဘူးပေါ့။"

လန်စီ သည် အမြီးဆွဲခံရမည်ကို ဂရုမစိုက်ဘဲ စူးစမ်းစွာတစ်နေရာကို ကြည့်နေ၏။

ထိုနေရာမှာ အများအားဖြင့် လတ်ဆတ်သော လက်နှင့် ခြေထောက်အသားစိုင်များကို ရေဘဝဲ ထားနေကျ နေရာဖြစ်သော်လည်း ယနေ့တွင် ဘာမှမရှိချေ။

အနာဂတ်၌ သူ့တွင် အသားအလုံအလောက် မရှိနိုင်တော့ဟု တွေးကာ လန်စီ အနည်းငယ် စိုးရိမ်သွား၏။

 

"ဘာလုပ်ရမလဲ၊ ရှေ့လျှောက် တွင်းအဝကို အကာလုပ်ဖို့ မရှိတော့ရင်ဘယ်လိုလုပ်မလဲ"

ဝင်ဆာသည် လန်စီ၏အမြီးကို သူ့ဘက်သို့ဆွဲယူလိုက်ပြီး သူ၏အမူအရာမှာလည်း အလွန်ရှုပ်ထွေးနေ၏။

"မင်း အကာတစ်ခုလိုတယ် ဟုတ်လား"

"မှန်တယ်။"

 

လန်စီသည် ရှင်သန်လို စိတ်အနည်းငယ်မျှ မရှိတော့ပေ။

"အရသာလည်းရှိသလို အပေါက်ကိုလဲ ဖုံးထားချင်တယ်"

ဝင်ဆာ ၏ မျက်လုံးများ တွန့်သွားပြီး  အံကြိတ်ကာ ပြောလိုက်၏ ။

"ဒါဆို ဒီငါးလေးတွေ ရှိတယ်၊ မင်းကိုယ်တိုင်လိုက် ဖမ်းပေတော့။"

လန်စီ သည် သူ၏အမြီးကို တွဲလောင်းချကာ သူ့နားရွက်ဆူးတောင်များ ငိုက်စိုက်ကျလျှက် သူ၏အမူအရာမှာ စိတ်ဓါတ်ကျလျှက်-

"အိုး ဒါဆို ငါ့ပါးစပ်လေးကိုဟပြီး မင်းခွံ့ကျွေးတာကို စားလို့ မရတော့ဘူးပေါ့"

သူ့ရဲ့ဝမ်းနည်းတဲ့လေသံက ဝင်ဆာရဲ့နဖူးမှာ သွေးပြန်ကြောစိမ်းစိမ်းများ ထင်းခနဲ ဖြစ်လာစေ၏။

ဝင်ဆာအနီးတစ်ဝိုက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာသည်ကို လန်စီ အထူး တလည်သတိထားမိသည်။ ဘာကြောင့်မှန်း မသိပေမယ့် လန်စီထပ်ပြီး စကားမပြောတော့ပေ။ ဝင်ဆာ ဒေါသထွက်သွားမည်ကို သူကြောက်၏။

 

ဝင်ဆာသည် လန်စီ ကို ဘေးတိုက် ကြည့်လိုက်ပြီးနောက် လန်စီ ၏လက်ကို ဆွဲယူကာ ယခင်ပင်လယ်ရေမှော် ရွှံ့နွံများကို သန့်စင်ပေးလေသည်။

လန်စီ သည် စူးစမ်းကြည့်ရာ ကောက်ကွေးနေသော လက်သည်းများကို ဖယ်ရှားထားပြီး လက်သည်းအသစ်များ ထွက်ပေါ်လာသည်ကို တွေ့ရှိ၏။

 

"မေ့မြောနေတဲ့အချိန် ငါ့လက်တွေ နည်းနည်းနာထားပုံပဲ။"

လန်စီ က မော့ကြည့်ပြီး ဝင်ဆာကိုမေးလိုက်၏ "မင်းငါ့လက်သည်းတွေကို ဆွဲထုတ်ပေးခဲ့တာလား"

"အင်း။"

 

ဝင်ဆာသည် ဒဏ်ရာကို ဖုံးအုပ်ပေးရန် ခရုခွံမှ ပင်လယ်ရေမှော် ရွှံ့များကို ထုတ်ယူကာ ရေစီးကြောင်းထဲတွင် ရွှံ့နွံများမျောပါသွားခြင်းမှ ကာကွယ်ရန် ပင်လယ်ရေမှော်ဖြင့် ပတ်တီးစည်းပေးလိုက်သည်။

"အံ့သြဖွယ်ပါလား။"

လန်စီ သည် ဝင်ဆာ၏ ဆေးထည့်ပေးသည့် လုပ်ငန်းစဉ် တစ်ခုလုံးကို ကြည့်နေပြီး အဆိုပါ ပင်လယ်ရေမှော်ရွှံ့နွံများသည် ရေကို ထိမိသောအခါတွင် ပြန့်ကျဲသွားသည့် သာမာန်ဆေးမြစ်များနှင့် မတူဘဲ ရေထဲတွင် အမှန်တကယ်တည်ရှိ နေနိုင်အောင် ထူပြီး စေးကပ်သည်ကို တွေ့ရှိရ၏။

 

လန်စီ က စိတ်အားထက်သန်စွာ မေးလိုက်လေသည်။

"ဝင်ဆာ၊ ပင်လယ်ရေမှော်ရွှံ့နွံကို ဘယ်လိုလုပ်တာလဲ။"

ဝင်ဆာသည် နောက်ဆုံး ပင်လယ်ရေမှော် ကြိုးထုံးကို ချည်လိုက်သည်။ ဒီမေးခွန်းကို ကြားတော့ သူက လန်စီကို အဓိပ္ပါယ်ပါတဲ့ အကြည့်တစ်ချက်ပေးလိုက်၏။

ကျန်ရှိသော ပင်လယ်ရေမှော်ညိုညိုအားလုံးကို လန်စီ၏ ပါးစပ်ထဲသို့  ထည့်လိုက်လေသည်။

"စားလိုက်။"

 

လန်စီ သည် မသိစိတ်ဖြင့် ပါးစပ်ထဲတွင် အနည်းငယ်ဝါးပြီး သူ့ပါးစပ်မှာ ငါးညှီနံ့နှင့်စေးကပ်သည့် ခံစားမှုဖြင့် ချက်ချင်း နှိုးဆွခံလိုက်ရ၏။ သူ အမြန် ထွေးထုတ်လိုက်ပြီးနောက် အစိမ်းရောင် ပင်လယ်ရေမှော် ရွှံ့နွံတစ်စုသည် သူ့အပေါ်တွင် တွဲလောင်းကျနေသည်ကို တွေ့လိုက်ရကာ သူ့ရှေ့မှာ မျှောပြီး ပြုတ်ကျသွားလေသည်။

လန်စီ : "..."

ဝင်ဆာ သူ့ကို ကျပ်စည်းပေးတဲ့ ပင်လယ်ရေမှော်ရွှံ့နွံက ဘယ်ကလာတယ်ဆိုတာ သူအခုသိလိုက်လေပြီ။

ထိုအချိန်တွင် ဝင်ဆာသည် ဖြည်းညှင်းစွာ ကူးခတ်လားပြီး

"မင်းအဲဒါကို ထွေးထုတ်လိုက်တယ်၊ ထပ်စားကြည့်ပါဦး။"

 

လန်စီသည် ဆို့နင့်လာသဖြင့် ပါးစပ်ထဲရှိ ပင်လယ်ရေမှော်အမြှောင်းကို ဂရုတစိုက် တစ်ချောင်းချင်းဝါးနေရသည်။

သူ ထပ်အန်ထုတ်ရင် ဝင်ဆာ က သူ အန်တာတွေကို ဖမ်းပြီး ထပ်စားခိုင်းလိမ့်မယ်ဆိုတာ သူ့မသိစိတ်ကအလိုလိုပြောနေ၏။

 

ဝင်ဆာလက်ထဲရှိ ပင်လယ်ရေမှော်ရွှံ့နွံသည် ဤနည်းဖြင့် ရောက်လာသည်ဟု လန်စီ က တွေးကာ အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။

အထူးသဖြင့် သူက ဝင်ဆာကို သူ့ရဲ့ ခန့်မှန်းချက် မှန်သလားလို့ မေးချင်ပေမယ့် ဝင်ဆာရဲ့ မျက်နှာကို ကြည့်ပြီး သူမမေးရဲတော့ပေ။

 

ဟင့်..အရမ်းစပ်တယ်။

လန်စီ နင်သွားပြီး အကြိမ်များစွာ နှာချေလိုက်၏။

လန်စီ၏ပါးစပ်မှ ပူဖောင်းများ ဆက်တိုက်ထွက်လာပြီးနောက် ဝင်ဆာက ဘေးနားတွင် ဝင်ထိုင်ကာ သူ့မျက်လုံးများက ပြုံးနေသည်။

 

ခဏထိုင်ပြီးနောက် လန်စီ ဆက်မထိုင်နိုင်တော့ပေ။ သူက ဝင်ဆာဆီကို ရေကူးသွားကာ ထပ်ပြီး တောင်းဆိုလိုက်ပြန်၏။

"ရေကူးနည်းသင်ပေးပါဦး။"

ဒီတစ်ကြိမ်မှာတော့ ဝင်ဆာက ငြင်းဆိုဖို့ အကြောင်းပြချက်ရှာမတွေ့တော့၍ သူက လန်စီ၏လက်ကို အသာအယာ စိုက်ကြည့်ကာ "ကောင်းပြီ" ဟုပြောလိုက်သည်။

 

လန်စီ ၏ မျက်လုံးများ တောက်ပလာပြီး ဝင်ဆာအား စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို ပြလိုက်၏။

"ငါ ကြိုးစားလေ့လာပါ့မယ်"

 

ဝင်ဆာက ခေါင်းညိတ်ပြပြီး လန်စီထံသို့ ရွှေ့လာလိုက်သည် ။

"အရင်ဦးဆုံး မင်းငါ့ကို ရေကူးပြ"

 

လန်စီ ခေါင်းညိတ်လိုက်သည်။ ဝင်ဆာ၏ရှေ့တွင် လန်စီ သည် သန္တာအရိုးများတစ်လျှောက် ဖြည်းညှင်းစွာ ကူးခတ်လိုက်သည်။ ဝိုးတဝါး အလင်းရောင်အောက်တွင် အပြာရောင်အလင်းများက သူ့အပေါ်ဖြာကျ တောက်ပလျှက် ပင်လယ်နက်ထဲရှိ ပုလဲတစ်လုံးလို နွေးထွေးသည့် အလင်းရောင်ကို ထုတ်လွှတ်နေ၏။

 

ဒီနေရာက အပြင်လူတစ်ယောက်ဆိုရင် ဒီမြင်ကွင်းကို မြင်ရပါက  ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို လက်တွေ့မြင်လိုက်ရသလို သက်မ ချမိမှာ သေချာပေ၏။

 

အဖြူရောင်ရေသူထီးလေး၏ လှုပ်ရှားမှုကအနည်းငယ် ကိုးရိုးကားရား နိုင်နေသော်လည်း အလွန်ကြော့ရှင်းနေ၏။

ဒါက သမုဒ္ဒရာရဲ့ အချစ်တော်လေးပဲ။

 

သတ္တဝါများသည်ပိုလှလေ၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အင်အားနည်းလေဖြစ်ပြီး  လူတွေရဲ့ ပိုင်ဆိုင်လိုမှုတွေကို ပိုဆွဲဆောင်လေပါပဲ။

ဝင်ဆာ ၏ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။

လန်စီ သည် ဟိုဟိုဒီဒီ ကူးခတ်ပြီး သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ဝင်ဆာက သူ့ကို တိတ်တဆိတ် ကြည့်နေတာကို တွေ့တော့ သိချင်စိတ်နဲ့ မေးလိုက်သည် ။

"ဝင်ဆာ"

"ဆက်ကူး။"

 

ဝင်ဆာ က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောသည် "မြန်မြန်လုပ်။"

လန်စီ က ခေါင်းညိတ်ပြီး စိတ်ကိုလွှတ်ချ၍ ငါးအမြီးကိုလှုပ်ကာ မြန်မြန်ကူးခတ်လိုက်၏။

ဒီခံစားချက်က တကယ်ကို အံ့သြစရာကောင်းသည်။ လန်စီ က သူ့ငါးမြီးအကြောင်းကို တွေးစရာမလိုတာကို တွေ့လိုက်ရသည်။

 

ငါးအမြီးကို ဘယ်လိုကူးခတ်ရမလဲဆိုတာ တမင်တကာ စဉ်းစားလိုက်တာနဲ့ သူ့ငါးမြီးက တောင့်တင်းပြီး အမိန့်ကို နားမထောင်တော့ပေ။

ဒါပေမယ့် သူ့အတွေးတွေကို လွှတ်ချလိုက်တာနဲ့ လှုပ်ရှားမှုများက အလွန်ချောမွေ့သွား၏။

လန်စီ၏လှုပ်ရှားမှုများ တရွေ့ရွေ့ မြန်လာသည်။

 

ဝင်ဆာ က ခဏလောက် စောင့်ကြည့်ပြီးနောက် သူလည်းကူးခတ်ပြီး သူ့နောက်ကိုလိုက်လာသည်။

"ဝင်ဆာလား"

 

လန်စီကူးခတ်ရင်း သန္တာအရိုးတွင် ဘာဖြစ်နေသည်လဲဆိုတာကို လိုက်ကြည့်ဖို့ ရည်ရွယ်ထား၏။ ဝင်ဆာသည် ဘာကြောင့် ရုတ်တရက် သူ့နောက်သို့ လိုက်လာပြီး ခန္ဓာကိုယ်ကို အုပ်မိုးကာ ခါးကို ဖက်လိုက်သည်ကို သူမသိပေ။

ဝင်ဆာသည် လန်စီ ၏ မေးစေ့ကို သူ၏မေးစေ့ဖြင့် ပွတ်တိုက်ပြီး သူ၏ အမူအရာသည် အင်မတန် စိတ်လှုပ်ရှားနေပုံပေါက်ကာ သူ၏ နီမြန်းသော လျှာဖျားကို ထုတ်ကာ လန်စီ ၏ နားရွက်များကို လျှာဖြင့် လျက်လိုက်လေ၏။

 

လန်စီ သည် အလွန်အံ့အားသင့်ပြီး ရုန်းကန်ရန် အသင့်ပြင်လိုက်သည့်အခါ ဝင်ဆာ သည် သူ၏ငါးအမြီးကို ရုတ်တရက်လွှဲယမ်းကာ လျင်မြန်စွာ ကူးခတ်သွားသဖြင့် လန်စီ သည် သူ့စိတ်ထဲရှိ ရှက်ရွံ့မှုကို ချက်ချင်းမေ့သွားသည်။

 

ဝင်ဆာ သည် သူ့အောက်ရှိ လန်စီ ၏ အာရုံစိုက်ကာ ရှုပ်ထွေးနေသည့် အသွင်အပြင်ကို စိုက်ကြည့်ရင်း  အနည်းငယ် ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းများက လန်စီ ၏ နားဆူးတောင်များတွင် မှီကာ တိုးတိုးလေး ပြောလိုက်သည် ။

"ငါ့လှုပ်ရှားမှုတွေကို မှတ်ထား။"

 

စကားဆုံးတဲ့အခါ ဝင်ဆာရဲ့ခါးက ရုတ်တရက် လှည့်သွားသည်။

လန်စီ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝင်ဆာ၏ စည်းချက်အတိုင်း အမီလိုက်နိုင်ဖို့ ကူးခတ်ရန် ကြိုးစားသော်လည်း ထိုအရာကခက်ခဲသည်၊ ငါး အမြီးအချင်းချင်း အမြဲတမ်း ပွတ်မိပြီး တစ်ခုနဲ့တစ်ခု တိုက်မိနေ၏..။

 

အမြဲတမ်း ဘယ်လိုကြီးမှန်း မသိအောင် ထူးထူးဆန်းဆန်းခံစားမိနေသည်။

လန်စီ မထိန်းနိုင်ပဲ အော်ဟစ်လိုက်သည်။

"ရ-ယိ-"

ဝင်ဆာ မျက်လုံးကို ငုံ့ကြည့်ကာ လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်း အရှိန်လျော့လိုက်၏ ။

"အဆင်မပြေဘူးလား?"

 ချွဲကပ်ကပ် လည်ချောင်းတုန်ခါသံနှင့်အတူ ဝင်ဆာ ၏ပါးစပ်ရှိ စိုစွတ်သောအပူရှိန်သည် လန်စီ ၏လည်ပင်းသို့ ဖြန့်ကျက်သွားပြီး တုန်လှုပ်သွားစေသည်။

 

လန်စီ နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ ဝင်ဆာ၏ တဒင်္ဂ အာရုံစိုက်မှု လျော့သွားချိန်ကို အခွင့်ကောင်းယူ၍ လက်နှစ်ဖက်မှ ရုန်းထွက်ကာ ဘေးဘက်သို့ ကူးခတ်လိုက်ပြီးနောက် ဝင်ဆာအား ရှင်းပြသည်။

"ငါတောင်းပန်ပါတယ်... ဒီသင်ကြားနည်းကို မကြိုက်ဘူး"

 

အကယ်၍ ၎င်းတို့သည် လိင်တူသူများ မဟုတ်ပါက လန်စီ သည် တစ်ဖက်သူက တမင်ရည်ရွယ်ပြီးလုပ်နေသည်ဟု အမြဲခံစားရသည်။

ဝင်ဆာ မျက်တောင်ခတ်ပြီး အံ့သြတဲ့အမူအရာဖြင့်

"ဒီလိုသင်ပေးတာမကြိုက်ရင် ဘယ်လိုသင်ပေးရမှာလဲ"

လန်စီ : "..."

 

သူ တကယ်ကို အတွေးလွန်နေတာများလား။

"အခြေခံအဆင့် လှုပ်ရှားမှုတွေကို ငါသင်ပေးပြီးပြီ"

ဝင်ဆာက သူ့ခန္ဓာကိုယ်ကို ဆန့်တန်းပြီး ပင်လယ်ထဲမှာ ကူးခတ်နေ၏။

ဝင်ဆာမှာ အလွန်လျင်မြန်စွာ ကူးခတ်သည်၊ သူ၏ လှပသော ငါးအမြီးသည် အားနှင့်မာန်နှင့် ရွေ့လျားနေကာ၊ လက်နှစ်ဖက်စလုံးမှ အခြားတစ်ဖက်သို့လှော်ခတ်နေပြီး အပေါ်ဘက်သို့ အားမစိုက်ရဘဲ သက်တောင့်သက်သာ ကူးခတ်နေသည်။

 

"ဒီနေ့ ဘာအသားမှရှိဘူး... မင်းကိုယ်တိုင် လိုက်ဖမ်းကြည့်။"

လန်စီသည် ခဏမျှ အံ့အားသင့်သွားသည်။ သူသည် ကောင်းကင်ရှိ ကြယ်များကဲ့သို့ လင်းလက်နေသည့် အပြာရောင်မီးတောက်များကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် သူ၏အဖြူရောင် ငါးမြီးကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ပြန်ကြည့်မိ၏။

 

နောက်သုံးနာရီကြာအောင် ဝင်ဆာ သည် မြင့်မားသောနေရာတွင် ထိုင်ပြီး အပြာရောင်မီးတောက်များကို ဖမ်းရန် ကြိုးစားနေသော အောက်ဘက်ရှိ လန်စီ ကို ကြည့်နေသည်။

 

ဤမျှကြီးမားသော စက်ဝိုင်းကြီးထဲတွင် ဟိုသည်ပြေးလွှား ပြီးနောက် လန်စီသည် အနည်းငယ် မောပန်းလာကာ သန္တာအရိုးများကို မှီကာ ဟောဟဲလိုက်နေပြီး ယခုအချိန်ထိ ငါးတစ်ကောင်မျှ မဖမ်းမိသေးချေ။

 

လန်စီ သည် ဇွဲလုံ့လပိုမို စိုက်ထုတ်ကာ လိုက်ဖမ်းတော့မည် အပြုတွင် ဝင်ဆာ ကူးခတ်လာပြီး တားဆီးလိုက်သည်။

"ဟုတ်ပြီ ဒီနေ့တော့ဒီလောက်ပဲ မင်းအနားယူဖို့လိုတယ်"

"ဒါပေမယ့် ငါအဆင်ပြေပါတယ်။"

 

လန်စီသည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး နားမလည်နိုင်ပေ။

"ငါးတစ်ကောင်မှ မဖမ်းရသေးဘူးလေ၊ငါ ဗိုက်ဆာနေပြီ"

ဝင်ဆာသည် စကားမပြောဘဲ မျက်ခုံးတစ်ချက်ပင့်ကာ "လွတ်မြောက်လမ်းကြောင်း" အပေါက်၏အဝင်ဝတွင် အသားစိုင်များကို ညွှန်ပြလိုက်သည်။

 

အသားစိုင်များက မနေ့ကတည်းကအရာဖြစ်ပြီး

သိပ်မလတ်ဆတ်တော့ပေမယ့် အဆိုးကြီးတော့မဟုတ်ပေ ။

ဝင်ဆာ တမင်သက်သက်ရည်ရွယ်ပြီး လုပ်နေတာလား။

 

လန်စီက ရှေ့ကို ငုံ့ပြီး မေးသည်-

"ဝင်ဆာ စားပြီးပြီလား"

ဝင်ဆာ ၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွားသည် ။

"စားပြီးပြီ။"

လန်စီ : "..."

 

လက်ကျန်တွေကို သူဘယ်လို စားရမှာလဲ။

ဝင်ဆာဆီမှ ငါးရနိုင်ဖို့ လမ်းမမြင်သဖြင့် လန်စီ သည် သက်ပြင်းချကာ အသားစိုင်များဆီသို့ ကူးခတ်သွားဖို့သာ တတ်နိုင်တော့သည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူ့ပါးစပ်ထဲထည့်လို့ရသည့် နေရာတစ်ခုကိုရှာတွေ့ရာ ဒေါသတကြီးဖြင့် ကိုက်လိုက်သည်။

 

တစ်ဖက်တွင် ဝင်ဆာသည် လန်စီ ၏ အသားစိုင်များကို ဒေါသတကြီးကိုက်နေသည်ကို စောင့်ကြည့်နေပြီး မနေနိုင်စွာပင် သူ၏ ငါး၏အမြီးကို လွှဲယမ်းနေ၏။

အသားစိုင်ပေါ်တွင်လဲလျောင်းနေတဲ့ ငါးလေးက တကယ်ချစ်ဖို့ကောင်းတာပဲ။

အနည်းငယ်ကိုက်စားပြီးနောက် လန်စီသည် ဗိုက်ပြည့်သွားကာ ခေတ္တစဉ်းစားပြီး အသားစိုင်များကို ဝင်ဆာဆီသို့ရောက်သည်အထိ တွန်းထုတ်လိုက်၏။

 

ဝင်ဆာ ခဏလောက် အံ့အားသင့်သွား၏။ လန်စီသည် အသားစိုင်များကို ရေဘဝဲ ဖယ်ထားရာနေရာသို့ တွန်းပို့နေသည်ကို မြင်ပြီး စူးစမ်းစွာမေးလိုက်သည်။

"အပေါက်ကို ပိတ်ဆို့ချင်နေတာမဟုတ်ဘူးလား"

 

လန်စီ ပြန်ကူးခတ်သွားပြီး ပြန့်ကျဲနေသော ပုလဲများကို ကောက်ယူကာအပေါက်ပေါ်တွင် စုပုံချထားလိုက်ပြီး ရှင်းပြသည်။

"ဒါက အရမ်း အန္တရာယ်များတယ်။ ရေဘဝဲက လာပြီး ဒီအသားစိုင်တွေကို ရှင်းလင်း ဖယ်ထုတ်လိုက်ရင် ငါ့ကိစ္စတွေပေါ်သွားလိမ့်မယ်။"

 

ထိုကဲ့သို့ ပေါ်ပေါက်သွားမည့်အစား လက်ဦးမှုယူ၍ အခြားအရာများကိုအသုံးပြုပြီး ဖုံးကွယ်ရန် အသုံးပြုခြင်းက ပိုကောင်း၏။

ဥပမာအားဖြင့် ဒေသထွက်ပစ္စည်းများဖြစ်သည့် ပုလဲများကို အသုံးပြုခြင်း။

 

ဝင်ဆာသည် လန်စီ ပုလဲများကို အရှေ့အနောက် လူးလာခတ်ကာ သယ်ယူနေသည်ကိုကြည့်ပြီး  ခဏတာ ဘာလုပ်ရမှန်းမသိပေ ။

"ငါက မင်း ပုလဲတွေကို ကြိုက်တယ်ထင်တာ"

"ကြိုက်တာတော့ ကြိုက်တာပေါ့"

 

ဝင်ဆာရဲ့ လေသံက အနည်းငယ် ဝမ်းနည်းသံပါဝင်နေတာကို လန်စီ က သတိမထားမိဘဲ၊

"ဒါပေမယ့် ဒီမှာက ပင်လယ်နက်ကြီးလေ၊ ပုလဲတွေက ဒီအတိုင်းနေရာယူလို့ ဒုက္ခများတယ်"

ဝင်ဆာ: "..."

 

ပုလဲများကို ရွှေ့ပြီးနောက် လန်စီသည် ပုလဲတစ်လုံးကို ချန်ထားသည်။

ဝင်ဆာ ၏ မျက်လုံးများ တောက်ပသွားပြီး။

"မင်းတစ်ခု သိမ်းထားတာလား"

လန်စီ က လက်ခုပ်တီးကာပြောသည် ။

"ဟုတ်တာပေါ့ ဒီရေဘဝဲက ငါ့ကို ပုလဲပစ်ဂိမ်း ထပ်ကစားခိုင်းမှာစိုးလို့ ငါတစ်ခုတော့ ချန်ထားရမှာပေါ့"

 

သူစကားကို ခေတ္တရပ်ပြီး  နိဂုံးချုပ်လိုက်သည် ။

"ရေဘဝဲက ဒီလောက်နုံအလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"

ဤပုလဲသည် ရေဘဝဲကို လှည့်စားရန် အထူးအသုံးပြုသည့်အရာဖြစ်သည်။

ဝင်ဆာ: "..."

"ဟေး ဝင်ဆာ မင်းမျက်နှာက သိပ်မကောင်းဘူး၊ ဘာဖြစ်လို့လဲ"

"…ဘာမှမဟုတ်ဘူး။"

.............................