Chapter 8
Viewers 504

အချိန်ဘယ်လောက်ကြာသွားသည်မသိ လန်စီ နိုးလာချိန်တွင် မျက်လုံးကိုဖွင့်ပြီး အပေါ်ကိုမော့ကြည့်လိုက်သည်။

ပင်လယ်ကြီးကနက်ပြာရောင်ဖြစ်နေတုန်းပင်။

လန်စီ စိတ်ဓာတ်ကျစွာ အဆုံးမဲ့သည့် ပင်လယ်အောက်ခြေကို ငုံ့ကြည့်လိုက်သည်။

လူသားတစ်ဦးအနေဖြင့် ကုန်းမြေပေါ်တွင်နေထိုင်ပြီး နေထွက်ခြင်းနှင့် နေဝင်ခြင်းတို့ကို ကြာရှည်စွာ ကျင့်သားရနေခဲ့ပြီး ဤနေရာကတော့ ဘယ်အချိန်ကြည့်ကြည့်အမြဲတမ်း အတူတူပင်။ လန်စီအတွက် ၎င်းသည် ငရဲနှင့် ပိုတူနေ၏။

လန်စီ ထထိုင်လိုက်ပြီး အနီမိုနီထဲ တွင် သူတစ်ဦးတည်းရှိကြောင်း သဘောပေါက်သွားသည် ။

"ဝင်ဆာ"

လန်စီက ဝင်ဆာကို မမြင်ရသဖြင့် အနည်းငယ်ထူးဆန်းနေ၏။ သူသည် အနီမိုနီထဲမှ ကူးခတ်ထွက်လိုက်ပြီးနောက် ဝင်ဆာသည် သန္တာအရိုးများစုအပေါ်ရှိ အပေါက်ကို စိုက်ကြည့်နေပြီး သူ့အပေါ်မှ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ။

လန်စီတစ်ယောက် အနည်းငယ် စူးစမ်းချင်လာပြီး သူ၏ ငါးမြီးကို လှုပ်ယမ်းကာ ဝင်ဆာ ဘက်သို့ ဒယီးဒယိုင်သွားကာ မေးလိုက်သည်။

"မင်း ဘာကြည့်နေတာလဲ"

 ဝင်ဆာက သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ကာ ခေါင်းခါလိုက်သည်။

 "ဘာမှမဟုတ်ပါဘူး"

လန်စီက မျက်တောင်ခတ်လိုက်ပြီး ဝင်ဆာရဲ့ အကြည့်နောက်သို့ လိုက်ကာ အပြာရောင်ငါးလေးတွေကို ရှာနေ၏။ 

 

ဒါပေမယ့် ကြည့်ပြီးနောက် လန်စီက ပြဿနာတစ်ခုကို သဘောပေါက်လိုက်သည်

 "ဝိုး၊ သူတို့အားလုံး ဒီထဲရောက်နေပြီ။ သူတို့ထဲက တစ်ကောင်မှ ထွက်မသွားဘူးလား?"

 

 သန္တာအရိုးများကြားတွင် ကွက်လပ်များရှိနေသော်လည်း သူနှင့် ဝင်ဆာ မစားခဲ့လျှင်ပင် ဤငါးလေးများသည် ကွက်လပ်များမှတစ်ဆင့်အပြင်သို့ ထွက်မသွားကြချေ။ 

 

ဝင်ဆာသည် လန်စီ၏ အမူအယာပြောင်းလဲမှုကို တစ်ချိန်လုံးစောင့်ကြည့်နေပြီး သူ့မျက်ဝန်းများမှာ တောက်ပပြီး နက်နဲကာ လန်စီ၏အဖြူရောင်ရုပ်ပုံသဏ္ဍာန်က သူ၏မျက်ဝန်းထဲတွင် ရောင်ပြန်ဟပ်နေသည်။

 

 "သူတို့အတွက်က အပြင်ထွက်သွားတာထက် ဒီမှာပဲနေတာက ပိုကောင်းလို့ ဖြစ်မှာပေါ့။"

 

 စောင့်ကြည့်ခံနေရတာကို ရေသူထီးလေးက မသိပေ။ အဖြူရောင် ဇာအမြီးနဲ့တူတဲ့ ဆူးတောင်က ပင်လယ်ထဲမှာ လွင့်မျောနေကာ ကခုန်နေသလိုပင်။ လန်စီက သူ့နှုတ်ခမ်းကို ထော်လိုက်ရင်း မှတ်ချက်ချလိုက်၏" မိုက်မဲလိုက်တဲ့ ငါးလေးတွေပဲ"

 

 လန်စီသည် သန္တာအရိုးများ တစ်လျှောက် ဂရုတစိုက် လှည့်လည်ကြည့်နေသည်။ သန္တာအရိုးများရဲ့ ကွပ်လပ်များကြားမှတစ်ဆင့် လန်စီဟာ “ရေဘဝဲ” ၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူ အနည်းငယ် ပဟေဠိဖြစ်သွားပြီး ဝင်ဆာကို မေးလိုက်၏။

 

" ဝင်ဆာ ၊ရေဘဝဲကို တွေ့မိလား "

 ဝင်ဆာအနည်းငယ် အံ့အားသင့်လျက်"မင်း သူ့ကို မုန်းနေတာ မဟုတ်ဘူးလား၊ ဘာလို့ ထပ်မေးနေတာလဲ?" 

 

"ငါ နည်းနည်းထူးဆန်း နေတယ် ထင်လို့ပါ" 

လန်စီက လေပူဖောင်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီး "အရင်က ငါတစ်ယောက်တည်းရှိတုန်းက ဒီရေဘဝဲက နေ့တိုင်း ငါ့ကို လာကြည့်တယ်... အခု မပေါ်လာတာ ကြာပြီ... သူဘာလုပ်နေတယ်လို့ မင်းထင်လဲ"

 ဝင်ဆာသည် တိတ်ဆိတ်နေ၏။ 

 

ခဏအကြာတွင် ဝင်ဆာက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီးတည်ငြိမ်စွာပြော၏။

 "ဒါက တစ်ခုခုမှားနေတာဖြစ်မယ်"

 ထို့နောက် ဝင်ဆာသည် အကြောင်းအရာကို ပြောင်းလိုက်ကာ "မင်း အမြဲတမ်း အပြင်ထွက်ချင်တယ်လို့ ပြောတယ်လေ၊ အပြင်ထွက်ပြီးရင် မင်းကြုံတွေ့ရမယ့် အရာတွေကို မင်းစဉ်းစားဖူးလား။ မင်းဘာဆက်လုပ်မှာလဲ" 

 

လန်စီသည် ခေါင်းကိုလှည့်၍ တုံ့ဆိုင်းနေပြီးနောက် ဝင်ဆာ အား ပြုံးပြကာ "ငါမသိဘူး... ဒါပေမယ့် သမုဒ္ဒရာကို ငါကိုယ်တိုင်မြင်ချင်တယ်" 

 

ဝင်ဆာသက်ပြင်းချလိုက်သည်။ ဆိုးသွမ်းသည့် ကလေးတစ်ယောက်လိုမျိုး ကြည့်နေရင်းဖြင့်

 

“ပင်လယ်ကြီးရဲ့အန္တရာယ်တွေက မင်းထင်ထားတာထက် အများကြီးပိုများတယ်... ဒီမှာပဲနေ၊ မင်းနဲ့ငါ အရာရာ ရင်ဆိုင်ကြမယ်လေ၊ မကောင်းဘူးလား”


လန်စီက သူ့အမြီးကို လှုပ်ယမ်းရင်း ဝင်ဆာအနီးသို့ ကူးခတ်လာကာ ရယ်ရင်း ဝင်ဆာ ၏ ခန္ဓာကိုယ်ပေါ်ကို သူ၏အမြီးနှင့် ပွတ်တိုက်နေ၏။

"ငါတစ်ယောက်တည်း ထွက်သွားမယ်လို့ မပြောပါဘူး၊ ငါမင်းနဲ့ အတူတူသွားမှာ... ငါတို့ အတူတူရှိနေရင်  ဘာကိုမှ မကြောက်ဘူး။"

ဝင်ဆာသည် ဤအဖြေမျိုးကို ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် သူ့ရှေ့မှ လန်စီကို စိုက်ကြည့်ရင်းမေး၏။
"မင်း ငါနဲ့ အတူနေ မှာလား။"

"အိုး  အသေအချာပဲပေါ့။ ဒီလို ကမ္ဘာကြီးမှာ အဖော် တစ်ယောက်တော့ရှိရမယ်လေ။ မဟုတ်ရင် အရမ်းအထီးကျန်နေလိမ့်မယ်။"

ထိုသို့ပြောနေစဉ်မှာ လန်စီဟာ မနေ့က ဝင်ဆာ သင်ပေးခဲ့တဲ့ အရာတွေကို ပြန်မှတ်မိဖို့ ကြိုးစားနေ၏။

သူ လှည့်ကြည့် လိုက်ပြီး ဝင်ဆာကို တွေ့လိုက်ရသည့်အခါ သူကြက်သေသေသွား၏။ ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားသလိုမျိုး တအံ့တသြနှင့် ပြောလိုက်၏။

"ဝင်ဆာ မင်းအမြီးက အနီရောင်ပြောင်းနေတယ်"

ဝင်ဆာက ငြိမ်သက်သွားပြီး အမြီးကို လှုပ်ယမ်းကာဖြေသည်။

"အလင်း ရောင်ပြန်ဟပ်တာ၊ မင်း ထင်ယောင်ထင်မှား ဖြစ်နေတာပါ"

"အိုး။"

လန်စီသည် သူ၏အဖြူရောင်အမြီးကို ငုံ့ကြည့်ကာ တစ်ဖက်လူ၏အနက်ရောင်အမြီးသည် သူ့ထက် အများကြီးပိုလှသည်ဟု တွေးကာ သက်ပြင်းချလိုက်သည်။

"ဘယ်တော့ ငါ သင်တန်းဆင်း လို့ရမှာလဲ"

လန်စီက ဟိုဟိုသည်သည် ကူးခတ်နေရင်း မေး၏။

ဝင်ဆာသည် တဒင်္ဂခန့် စိတ်ထဲညည်းညူလိုက်ရင်း အနီးနားရှိ အပြာရောင်မီးတောက်လေးများကို တစ်ချက်ကြည့်ကာ

"မင်းအမဲလိုက်ဖို့ သင်ယူရမယ်... ဒီငါးတွေကို မင်းကိုယ်တိုင် ဖမ်းနိုင်ရင် မင်းက ဆရာတစ်ဆူ ဖြစ်ပြီသွားပြီလို့ သက်သေပြပြီးသား ဖြစ်လိမ့်မယ်"

"အိုကေ"
လန်စီသည် သူ့အမြီးကို စိတ်အားထက်သန်စွာ လှည့်လိုက်ပြီး  ငါးအုပ်ထဲသို့ ထိုးဆင်းလိုက်သည် ။ အပြာရောင်မီးတောက်ငါးလေးများသည် လန်စီကြောင့် ချက်ချင်းပျံ့ကျဲသွားပြီး ကျဉ်းမြောင်းသောနေရာလေးတွင် အလင်းရောင် မှိန်ဖျော့ဖျော့ တောက်နေသည်။

"အရမ်းအသက်ဝင် လှုပ်ရှားနေတာပဲ။"

သန္တာအရိုးများထဲတွင် လန်စီ၏ "ကသောင်းကနင်း ဖျက်ဆီးနေသည့်"ပုံရိပ် ကို ကြည့်ရင်း ဝင်ဆာ၏ နှုတ်ခမ်းများ အနည်းငယ် ကော့တက်သွား၏။

လန်စီ အမဲလိုက်နေစဉ် ဝင်ဆာ သည် သန္တာအရိုးများ၏ အထက်ပိုင်းသို့ ဖြည်းညှင်းစွာ ကူးခတ်ကာ တစ်နေရာတွင် ထိုင်ရင်း ခေါင်းငုံ့၍ လန်စီ၏ လှုပ်ရှားမှုတိုင်းကို အထက်စီးက ကြည့်ရှုနေခဲ့သည်။

အစပိုင်းမှာတော့ လန်စီဟာ အရင်ကလို အသုံးမကျတဲ့အရာများကို လုပ်နေတုန်းပင်။ အပြာရောင်မီးတောက်များက သူ့လက်ဖဝါးကနေ အချိန်တိုင်း လွတ်ထွက်သွားနေ၏။

သူ့လုပ်ရပ်တွေက ကြမ်းတမ်းလွန်းတာကြောင့် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သန္တာအရိုးတွေနဲ့ အကြိမ်ပေါင်းများစွာ ဝင်တိုက်မိကာ ထိုအသံကြောင့် ဝင်ဆာက မနေနိုင်စွာ မျက်မှောင်ကြုတ်မိ၏။

သို့သော်လည်း ဝင်ဆာသည်  ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

သူ့ငါးလေးက အရွယ်ရောက်လာလေပြီ။

လန်စီသည် ဝင်ဆာ သင်ပေးထားခဲ့သလိုမျိုး ငါးအမြီးကို တဖြည်းဖြည်းလှည့်ကာ သူ၏ကိုယ်နေဟန်ထား ကိုးရိုးကားရား ကို ချိန်ညှိလိုက်၏။

သူ၏ သင်ယူနိုင်စွမ်းမှာ အလွန်အားကောင်း၏။ ဝင်ဆာ၏ လှုပ်ရှားမှုများကို မှတ်သားထားသည့် မှတ်ဉာဏ်များကို အသုံးချနေခြင်းပင်။

ယခုအခါ လန်စီသည် အတွေ့အကြုံနှင့် အချိန်အနည်းငယ်ယူရန်သာ လိုတော့သည်။

သုံးနာရီပြည့်ပြီးနောက် လန်စီသည် နောက်ဆုံးတွင် သူ၏အရှိန်ကို မြှင့်တင်နိုင်ခဲ့သည်။ ငါးအမြီးရှိ ကြွက်သားတိုင်းကို သူ့ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ  သူသင်ယူနိုင်ခဲ့လေပြီ။

အပြာရောင်မီးလျှံဆီသို့ တစ်ခဏချင်း ရွေ့လျားသွားသည်၊ ချွန်ထက်သော လက်သည်းများက အပြာရောင်မီးလျှံရှိရာ အရပ်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ငါးငယ်တစ်ကောင်ကို ဖမ်းမိသွားသည်။

ဒါဟာ သူ့ရဲ့ ပထမဆုံးသော အောင်မြင်မှုရသည့် အမဲလိုက်ခြင်းပင်။

လန်စီသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေ၏။ သူသည် ငါးကို လက်ထဲတွင် ဆုပ်ကိုင်ကာ အောက်ဘက်တွင် စက်ဝိုင်းပုံ လှည့်ပတ်ကူးခတ်နေသည်။

နောက်ဆုံးမှာတော့ ဝင်ဆာက သူ့ကို အပေါ်ကနေ ကြည့်နေတုန်းပဲဆိုတာကို သတိရပြီး ငါးသေးသေးလေးကို ဆွဲယူပြီး အပေါ်သို့ ကူးခတ်သွားကာ ရတနာပစ္စည်းတစ်ခုအား ပေးအပ်သလို မျိုး ငါးလေး အား ဝင်ဆာကို ပေးလိုက်၏။

" ငမည်းလေး၊ ကြည့်စမ်း " ။

"ဟမ်?"

"အာ မှားသွားလို့။"

လန်စီကလွှတ်ကနဲ ပြောထွက်လိုက်မိသဖြင့် စိတ်ကသိကအောက်ဖြစ်သွားပြီး ချက်ချင်း စကားလုံးကိုပြောင်းလိုက်၏။

"ဝင်ဆာ ကြည့်။"

"အင်း။"

ဝင်ဆာ၏ မျက်ဝန်းထဲတွင် အပြုံးပန်း ဆင်လျှက် လန်စီ၏လက်ထဲမှ ငါးကိုယူကာ အပိုင်းပိုင်း ပိုင်းလိုက်ပြီးနောက် တစ်ပိုင်းအား လန်စီကို ပေးလိုက်ပြီး တစ်ပိုင်းကို သူ့အတွက်ယူထားကာ ကျန်တာကို လွှင့်ပစ်လိုက်၏။

လန်စီသည် သူ့လက်ထဲတွင် ငါးအသားလွှာကို ကြောင်တက်တက်ဖြင့် ကိုင်ထားသည်။ ငါးကို  အသေအချာ စိတ်ပိုင်းထားကာ ငါးအသားအဖြူသည် တောက်ပနေ၏။ “ကျန်တာတွေကို မလိုချင်ဘူးလား? အဲဒါမကောင်းလို့လား။

ဝင်ဆာက သူ့လက်ထဲက ငါးအသားတုံးကို စားပြီး လန်စီကို သရော်ပြုံးပြုံးပြကာ

"ဘာလို့ ငါတို့ အဲ့လို မလုပ်နိုင်ရမှာလဲ?"

လန်စီ: "..."

သူ့လက်ထဲက ငါးအသားလွှာတွေကို တိတ်တဆိတ်ဝါးရင်း လန်စီက ရေသူထီးလေးရဲ့ အဆင့်အတန်းက သူထင်ထားတာထက် ပိုမိုမြင့်မားပုံရပြီး ဇွတ်တရွတ်နိုင်သည်ဟု ခံစားလိုက်မိသည်။


ဝင်ဆာသည် လန်စီ ငါးအသားလွှာများအား စားနေသည်ကို စောင့်ကြည့်နေသည်။ လန်စီစားပြီးသည်နှင့် ရုတ်တရက် ရှေ့ကို လှမ်းပြီး လန်စီရဲ့ ပခုံးကို ထိဖို့ သူ့လက်ကို ဆန့်ထုတ်ကာမေးလိုက်သည်။

"နာနေလား"

"ဘာကြီး?"

လန်စီသည် ဝင်ဆာ၏အကြည့်နောက်ကို ကြည့်လိုက်ကာ သူ့ပခုံးပေါ်တွင် ဒဏ်ရာသေးသေးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ သွေးထွက်ခြင်းမရှိပေ။ အတွင်းပိုင်းအသားကို မြင်နေရပြီး အဖြူရောင်အမြှေးပါးက စုတ်ပြဲနေသည့် ဒဏ်ရာကိုဖုံးအုပ်ထားသည်။

လန်စီ အံ့အားသင့်သွားပြီး လက်ကို ဆန့်တန်းကာ ထိလိုက်သောအခါတွင် အဖြူရောင်အမြှေးပါးမှာ ကွဲအက်သွားကာ အောက်ရှိ အသားအသစ် ထွက်ပေါ်လာလေသည်။

"ဝိုး ငါက အံ့သြစရာကောင်းတာဘဲ"

"အင်း။"

ဝင်ဆာ သည် လန်စီ၏ စကားကြောင့် သဘောကျကာ ပြုံးရယ်လိုက်သည်။ လန်စီထံသို့ ချဉ်းကပ်ပြီး လန်စီ၏ ပခုံးကို မြတ်နိုးစွာ ထိလိုက်သည်။

သူ့ပခုံးပေါ်ရှိ အပူချိန်ကို ခံစားလိုက်ရသဖြင့် လန်စီမျက်တောင်ခတ်ကာ သတိပြန်ဝင်လာ၏။ သူက ဝင်ဆာကို ခေါင်းမော့ ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

"ရေသူထီးတွေအားလုံး ဒီလိုပဲလား?"

ဝင်ဆာ ခေါင်းညိတ်ပြသည်။

“အရမ်းကောင်းတယ်။"

လန်စီ၏လေသံ မြင့်တက်သွားကာ အမြီးကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းလိုက်သည်။

"ဒါပေမယ့် ဒါကြောင့်နဲ့ မင်းဒဏ်ရာ ရလို့ရတယ်လို့ မဆိုလိုဘူး။"

ဝင်ဆာက သတိပေး၏။

"လူတိုင်းမှာ အသက်တစ်ခုပဲရှိတာ ငါသိပါတယ်။"

လန်စီ ပြုံးလိုက်၏။

လန်စီက ဝင်ဆာကို တစ်ချက်ကြည့်လိုက်ပြီး ဝင်ဆာကို တက်တက်ကြွကြွအကြံပြု၏-

"ဝင်ဆာ၊ ငါရေကူးနိုင်ပြီ၊ တကယ်လို့ ရေဘဝဲမရှိတဲ့အချိန် သန္တာအရိုးတွေပေါ်ကနေ ရေကူးပြီး ထွက်သွားရအောင်”

ဝင်ဆာ: "..."

ကြိုးစားချင်စိတ် ပြင်းပြနေသော လန်စီကို ကြည့်လိုက်ကာ ဝင်ဆာသည် သူ့ပုခုံးများကို ပွတ်သပ်၍  တိုးတိုးလေးပြောလိုက်သည်

"အလျင်လိုစရာ မလိုပါဘူး"

ဒီစကားတွေကို သူပြောနေချိန်မှာ သူ့လေသံက ပေါ့ပေါ့ပါးပါးပဲလို့ ထင်ရပေမယ့် တစ်ချိန်တည်းမှာပဲ သူ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားကာ သူ့မျက်နှာထက်ရှိ အပြုံးက ရွဲ့ပြုံးပြုံး နေသလိုပင်။

လန်စီ ခေတ္တ ရပ်တန့်သွား၏။

"အပြင်မှာ အဲ့ဒါမျိုးထက်.......... ပိုဆိုးတာတွေ အများကြီးပဲ..."

ဝင်ဆာ က ရပ်လိုက်ပြီး နောက်ဆုံးမှာတော့ "မွန်းစတား"ဆိုသည့်စကားလုံးကို သုံးလိုက်၏။

 “မင်းအပြင်မှာ အနက်ရောင် မုန်တိုင်းဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး”

"ဘာကြီး"

လန်စီက နားမလည်ပေ။ ပင်လယ်နက်ကြီးထဲမှာ ဘာဖြစ်လို့ မုန်တိုင်းတိုက်ရမှာလဲ။ ဝင်ဆာ က အဖြေပေးဖို့ အလျင်စလိုမလုပ်ဘဲ အပေါ်သို့မော့ကြည့်ကာ သူ့ကိုယ်သူ ပြောနေဟန်ဖြင့်

 "အဲ့ဒါရောက်ခါနီးနေပြီ"

 လန်စီ:..? 

 

သူသံသယစိတ်ဖြင့် မော့ကြည့်လိုက်မိသည်။ အရင်က အပြာနုရောင် ရေပြင်မှာ ရုတ်တရက် မင်အနက်ရောင်ဖြင့် ပက်ဖြန်းလိုက်သကဲ့သို့ ဖြစ်သွားပြီး အမျိုးအမည်မသိသည့် အနက်ရောင် အရာဝတ္ထုတွေများက အဝေးမှ တဖြည်းဖြည်း ဝင်လာ၏။ 

 

သန္တာအရိုးအတွင်းရှိ အပြာရောင်မီးလျှံငါးများသည်လည်း ဂနာမငြိမ် ဖြစ်နေကြသည်။ သူတို့သည် သန္တာအရိုးများအတွင်း၌ အုပ်စုလိုက် အထက်အောက် ထိတ်ထိတ်ပျာပျာ ကူးခတ်နေကြပြီး မီးတောက်များက မှိန်ဖျော့ကာ မှိတ်တုတ်မှိတ်တုတ် လင်းနေသည့် ကြိမ်နှုန်းသည် ယခင်ကထက် ပိုမိုမြန်ဆန်လာသည်။ 

"သွားကြရအောင်။" 

 

ဝင်ဆာက ဘာမှရှင်းပြမနေဘဲ လန်စီကို အနီမိုနီ ထဲသို့ ပြန်ဆွဲချသွားသည်။ ရေဘဝဲ၏ အနီမိုနီ သည် အရင်ကထက် ပိုမာကျောလာပြီး ပင်လယ်ရေထဲတွင်ယိမ်းနွဲ့မနေတော့ဘဲ ပန်းအရိုးတိုင်များလို စုစည်းလာကြသည်။ 

 

လန်စီသည် အနီမိုနီကြားတွင် လဲလျောင်းနေကာ သူ့နှာခေါင်းဖျားတွင် ဆိုးရွားသည့် သံချေးနံ့များ တိုးဝင်လာပြီး သူ့အသက်ရှုသံကြား ပင်လယ်ရေသည်လည်း အရသာပြောင်းလဲကာ ချဉ်လာသည်။

 

 "ငါတို့ဆီလာနေပြီ။" ဝင်ဆာက လန်စီကို ရုတ်တရက် ပြောလိုက်၏။

 ကြည်လင်သောရေသည် တဝေါဝေါ မည်သံပြုလျက် အနက်ရောင်အပိုင်းအစများဖြင့် ဖွဲ့စည်းထားသော ဝဲကတော့သည် ဝင်ရောက်လာ၏။

 

 ဤအခိုက်အတန့်တွင် ပင်လယ်ရေသည် သွေးများဖြင့် ရွှဲရွှဲစိုနေသကဲ့သို့ အနီရောင်ပြောင်းသွားလေပြန်သည်။ 

 

အဖြူရောင်သန္တာအရိုးများသည် ဝဲကတော့၏ဒဏ်ကြောင့် တစ်စစီပြုတ်ထွက်သွားကာ မျက်နှာပြင်သည် တဖြည်းဖြည်း အနက်ရောင်ပြောင်းလာသည်။ ထင်ထင်ရှားရှား လင်းလက်နေသည့် ငါးလေးများအား ဝဲကတော့က ဝါးမြိုလိုက်ကာ ဝဲကတော့အတွင်းရှိ အနက်ရောင်အပိုင်းအစများက ဓားသွားများအလား ၄င်းတို့ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်ပြီး အသားစများကို အရိုးများတွင်ကပ်ငြိနေစေ၏။

 

လန်စီသည် အနီမိုနီအတွင်း၌ ပုန်းအောင်းနေကာ အပြင်ဘက်ရှိ အနက်ရောင် မုန်တိုင်း၏ အသံကို နားထောင်ရင်း လှုပ်ရှားရန်ပင် အလွန်ကြောက်နေမိသည်။  လန်စီရဲ့ဘေးမှာ သက်တောင့်သက်သာ လှဲလျောင်းနေတဲ့ ဝင်ဆာ က လန်စီရဲ့ ဆံပင်တွေကို ခပ်ဖွဖွသပ်ရင်း ရှင်းပြ၏ “အနက်ရောင်မုန်တိုင်း ဆိုတာ ဒါပဲ”

 

 ဤသည်မှာ ပင်လယ်ပြင်အောက်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်ကို လန်စီပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။