ရှချီချီသည် စာအုပ်ထဲသို့ မကူးပြောင်းမီတွင် အထက်တန်းကျောင်းမှ ဘွဲ့ရပြီးခါစဖြစ်ပြီး သူ(မ)၏ယခင်ဘဝ၌ သူ(မ)ဟာ သာမန်မိန်းကလေးတစ်ဦးသာသာပင် ဖြစ်ခဲ့သည်။
သူ(မ)သည် လူတို့၏မျက်နှာကို မဖတ်တတ်သည့်အပြင် သူ(မ)၏ အဆင့် S စိတ်စွမ်းအင်ကို အသုံးပြုခြင်း၌လည်း မကျွမ်းကျင်ပေ – သူ(မ)သည် ဤနေရာတွင် မကြီးပြင်းခဲ့ဘဲ စိတ်စွမ်းအင်အသုံးပြုခြင်းကိုလည်း ကျင့်သားရခြင်းမရှိ။ သူ(မ)တွင် စိတ်စွမ်းအင် ရှိနေသည်ကိုပင် အမြဲမေ့လေ့ရှိသည်။
သူ(မ) ကူးပြောင်းပြီးနောက် အရာအားလုံးက ချောမွေ့နေခဲ့သည်။
မူလပိုင်ရှင်က ရှအိမ်တွင် နှစ်သက်မခံခဲ့ရသော်ငြား သူ(မ) ကူးပြောင်းပြီး သူ(မ)၏စွမ်းရည်ကို ပြသပြီးချိန်မှစ၍ ရှအိမ်တွင် သူ(မ)၏အဆင့်အတန်းက ပိုပိုပြီး မြင့်မားလာသည်။ ရှအိမ်ရှိ လူတိုင်းက သူ(မ)ကို အလွန်အလေးထားကြသည်။
သူ(မ) ဖုဖေးနှင့် စတင်သိကျွမ်းချိန်၌ ဖုဖေးသည် Cossack ၏ အသိအမှတ်ပြုခြင်းကို မရရှိသေးဘဲ မိဘမဲ့တစ်ဦးသာ ဖြစ်နေသေးသည်။ ထို့ကြောင့် အစကတည်းက ဖုဖေးတွင် သူ(မ)အပေါ် ကောင်းမွန်သော ထင်မြင်ချက် ရှိနေခဲ့သည်။ အစပိုင်းတွင် သူ(မ)သည် အနည်းငယ် အေးစက်စွာ ဆက်ဆံခံခဲ့ရသော်လည်း နောက်ပိုင်းတွင် သူ(မ)ကို ပိုပိုပြီး ကောင်းမွန်စွာ ဆက်ဆံလာခဲ့၏။
ထို့ကြောင့် ရှချီချီသည် ရိုးစင်းနုံအနေဆဲဖြစ်ပြီး စာအုပ်ပါ အကြောင်းအရာများကို အလွန်ယုံကြည်သည်။
ရှဝေချန် မသေသေးတဲ့ မတော်တဆ ဖြစ်လာပေမယ့် Marshal ဖြစ်တဲ့ ဖုဖေးရဲ့အဖေကတော့ ဘာမှမဖြစ်ဘူး!
ရှချီချီသည် ဖုဖေးကို ချစ်ခင်စွာ ကြည့်သည်။
ဖုဖေး၏မျက်နှာအမူအရာဟာ အေးခဲသွားသည်။
လူအများ၏စိတ်စွမ်းအင်ကို ရှဇီရှိူ့ ကူညီဖြေရှင်းပေးချိန်တွင် ဖုဖေးသည် လွန်စွာဒေါသထွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့သော ကိစ္စမျိုးကို ရှချီချီ မလုပ်သင့်ကြောင်း ရှချီချီရှေ့တွင် အကြိမ်ပေါင်းများစွာ ပြောခဲ့မိသည်။
ရှချီချီက သဘောတူသောအခါ သူသည် အလွန်ကျေနပ်ခဲ့သော်လည်း ယခုမူ...
ဖုဖေးသည် ဤအခိုက်အတန့်တွင် မည်သို့တုံ့ပြန်ရမည်ကို မသိပေ။ သူ့ဖခင်က တစ်ခုခုဖြစ်သွားသည်။ သူ့အဖေရဲ့ စိတ်စွမ်းအင်အဆင့် ကျသွားရင် သူ့အဖေက တပ်မရှစ်ရဲ့တပ်မှူး ဆက်ဖြစ်နိုင်ဦးပါ့မလား?
ဤအချိန်တွင် ဖုဖေးဟာ သူ့ဖခင်က တပ်မရှစ်၏တပ်မှူး မဟုတ်တော့သည်ကို မသိသေးချေ။
“ ချီချီ၊ ကိုယ် မနောက်ဘူး! ” ဖုဖေးက ပြောသည် : “ မင်း ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ။ ”
ရှချီချီက ပြုံးကာ ဆိုသည် : “ ကျွန်မလည်း နောက်နေတာ မဟုတ်ပါဘူး... ”
“ ဖွီး ” ရယ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
ဖုဖေးနှင့်ရှချီချီတို့သည် ခေါင်းလှည့်၍ အတူကြည့်လိုက်ကြပြီး ယန်ကျင်းဇီနှင့် ရှဇီရှိူ့တို့ကို တွေ့လိုက်ရသည်။
ရှချီချီ ရောက်မလာမီ ရှဇီရှိူ့သည် ရှချီချီနှင့် မတွေ့ချင်သောကြောင့် ယန်ကျင်းဇီကို ဆွဲပြီး ပုန်းအောင်းခဲ့ကြသည်။ သူတို့နှစ်ဦးသည် သူတို့၏စိတ်စွမ်းအင်ကိုလည်း လျှော့ချထားသည်။ ရလဒ်ကမူ သူတို့ ပုန်းနေကြစဉ်တွင် ဖုဖေးက ရုတ်တရက် ရောက်လာပြီး သူတို့သည် ဖုဖေးနှင့် ရှချီချီတို့ကြား စကားဝိုင်းကို ကြားလိုက်ကြရ၏။
ယန်ကျင်းဇီသည် မထိန်းနိုင်ဘဲ ရယ်ခဲ့သည်။
ဤအချိန်တွင် ဖုဖေး မည်သို့တွေးနေမည်ကို သူ အနည်းငယ် သိချင်သွားသည်... ဟားဟားဟားဟားဟား!
ယန်ကျင်းဇီကို ဖုဖေး တွေ့သောအခါ သူ့မျက်ဝန်းများတွင် ဒေါသများ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ရှဇီရှိူ့က သူ့ရည်းစားစာကို မရရှိခဲ့ကြောင်းနှင့် ယခင်က အရာအားလုံးမှာ နားလည်မှုလွဲခြင်းသာ ဖြစ်ကြောင်းကို သိလိုက်ရသောအခါ သူသည် ရှဇီရှိူ့နှင့်ပတ်သက်ပြီး မတူညီစွာ ထပ်မံထင်မြင်မိကာ ရှဇီရှိူ့၏ နှောင်ကြိုးသွယ်လက်တွဲဖော်ကိုလည်း အထင်သေးမိသည်။
သူက ဂြိုဟ်စွန်ဂြိုဟ်ဖျားက မိုင်းပိုင်ရှင်လေးပဲ၊ ဘာကြောင့် သူက ရှဇီရှိူ့ကို ရခဲ့တာလဲ?
ဖုဖေး၏ဒေါသသည် သိသာထင်ရှားပြီး ရှဇီရှိူ့သည် ယန်ကျင်းဇီရှေ့တွင် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
တစ်ဖက်တွင်မူ ယန်ကျင်းဇီသည် သူ့ချစ်သူ၏ ဤချဥ်းကပ်မှုကို အလွန်နှစ်သက်သည်။ စစ်သည်တော်တစ်ဦး ဖြစ်သော သူသည် ရှဇီရှိူ့ထက် အရပ်မြင့်သည်။ ဤအခိုက်အတန့်၌ သူသည် အနည်းငယ် ခြေဖျားထောက်ရပ်ပြီး သူ့မေးစေ့ကို ရှဇီရှိူ့၏ခေါင်းပေါ်တွင် တင်လိုက်ကာ ဖုဖေးကို ပြောလိုက်သည် : “ ငါ ကြားထားတာ၊ မင်းရဲ့အကူဆရာက သူများတွေကို စိတ်စွမ်းအင်ဖြီးသင်ပေးမှာကို မင်း လက်မခံနိုင်ဘူးဆိုလားပဲ? မင်းအကြိုက် အကူဆရာတစ်ယောက်ကို ရှာဖို့ မလွယ်ဘူးဆိုတော့ မင်း လူကို ကောင်းကောင်းထိန်းသိမ်းထားရမယ်နော်! ”
ဖုဖေး၏မျက်နှာ မည်းမှောင်သွားပြီး သူက ယန်ကျင်းဇီကို စိုက်ကြည့်ကာ ဆိုသည် : “ မင်းရဲ့အကူဆရာက အခြားသူတွေရဲ့ စိတ်စွမ်းအင်ကို ကူပြီး သွယ်ပို့ပေးတာကို မင်း လက်ခံနိုင်လား? ကူညီခံနေရတဲ့ အဲ့ဒီစစ်သည်တော်တွေက ဘာရွံစရာကိစ္စတွေကို တွေးနေမှန်း မင်း သိလား? ”
ယန်ကျင်းဇီ ဆွံ့အအံ့ဩသွားသည် : “ မင်းဘာသာမင်း တစ်ယောက်တည်း ရွံစရာကောင်းနေတာ၊ သူများတွေကို မင်းလို ရွံစရာလို့ မထင်နဲ့။ ပြီးတော့... မင်း သူများတွေရဲ့ အကူဆရာတွေဆီက အကူအညီမတောင်းဘဲ တစ်သက်လုံး နေနိုင်တာ သေချာရဲ့လား? ”
ဖုဖေး၏အမူအရာ ပြောင်းလဲသွား၏။ သို့ရာတွင် ရှချီချီက ပြောလာသည် : “ ဒါပေါ့၊ ဖုဖေးက သူများရဲ့အကူဆရာဆီက အကူအညီကို ဘယ်တော့မှ မတောင်းရဘူး။ ငါ သူ့ကို ဂရုစိုက်မယ်! နင်ကရော၊ လူတွေရဲ့စိတ်စွမ်းအင်ကို ကူညီဖြေရှင်းပေးတဲ့အချိန်မှာ အကူဆရာက သူ ကူညီပေးတဲ့ လူတွေရဲ့ ခံစားချက်တွေကို ခံစားနိုင်တယ်ဆိုတာ နင် သိလား? အဲ့ဒါက တကယ် အရမ်းနီးကပ်လွန်းတယ်! ”
ထိုအခါ ယန်ကျင်းဇီက ပြောသည် : “ ရှချီချီ၊ ဒါဆိုရင် စစ်သည်တော်တွေ အချင်းချင်း စိတ်စွမ်းအင်တွေနဲ့ တိုက်ခိုက်တဲ့အခါမှာ အချင်းချင်းရဲ့ စိတ်ခံစားချက်တွေကို ခံစားနိုင်တာ မင်း သိလား? တကယ်ကြီး အရမ်းနီးကပ်နေတာလေ။ မင်း မင်းရဲ့ဖုဖေးကို ပိုပြီးကောင်းကောင်းလေး ထိန်းထားသင့်တယ်။ အနာဂတ်မှာ သူ့ကို တခြားစစ်သည်တော်တွေနဲ့ မတိုက်ခိုက်ခိုင်းနဲ့တော့! ”
မနေ့က ဖုဖေး၏ဖခင်ကို ရိုက်နှက်ရန် သူ့စိတ်စွမ်းအင်ကို အသုံးပြုသောအခါ သူ့တွင် ရွံရှာမှုများနှင့် ဒေါသများ ပြည့်နှက်နေခဲ့သည်။ ဖုဖေး၏ဖခင်က ၎င်းကို ခံစားရမည်ဖြစ်ပြီး သူသည်လည်း ဖုဖေး၏ဖခင်ထံမှ ကြောက်ရွံ့မှုကို ခံစားမိသည်...
သို့သော် သူသည် အမှန်တကယ်ပင် ဖုဖေး၏ဖခင်နှင့် လုံးဝ မရင်းနှီး၊မနီးကပ်ခဲ့ပါပေ။
ဖုဖေးနှင့်ရှချီချီတို့နှစ်ဦးစလုံးသည် အလွန်ကျော်ကြားကြပြီး အစပိုင်းတွင် သတိထားမိသူ မရှိခဲ့သော်လည်း ဤအချိန်တွင်မူ ပွဲရပ်ကြည့်နေသူများ ရှိနေပြီဖြစ်သည်။
ယန်ကျင်းဇီ၏စကားများမှာ ကျယ်လောင်ပြီး ၎င်းတို့ကို ကြားလိုက်သူများမှာ ပို၍များကာ လူတိုင်းက ရယ်ချင်ပက်ကျိဖြစ်နေကြသည်။
လူအများစုသည် သူတို့၏အကူဆရာများက အခြားစစ်သည်တော်များ၏ စိတ်စွမ်းအင်များကို ကူညီသွယ်ပို့ပေးခြင်းမှာ ပြဿနာမရှိဟု လက်ခံနေကြဆဲဖြစ်သည်။ သို့သော်ငြား သူတို့ကိုယ်သူတို့ သာလွန်မြင့်မြတ်သော အထက်တန်းလွှာ စစ်သည်တော်များဟု စဉ်းစားသူများဟာ သူတို့၏အကူဆရာကို အလွန်အကျွံ မူပိုင်သတ်မှတ်ချင်လှကြသည်။
ရှဇီရှိူ့သည် မရယ်မိအောင် ကြိုးစားခုခံနေသည်။ ဒါပေမယ့် ယန်ကျင်းဇီရဲ့ စကားတွေက... သူ့စိတ်ထဲက စကားတွေပဲ!
ပြီးတော့... သူ့ခေါင်းပေါ်က ယန်ကျင်းဇီရဲ့မေးစေ့က သူ့အတွက် နည်းနည်းအဆင်မပြေဘူး!
ရှဇီရှိူ့သည် ထိုသို့တွေးလိုက်မိပြီး ယန်ကျင်းဇီသည် ၎င်းကို ချက်ချင်း ခံစားမိကာ ရှဇီရှိူ့ခေါင်းပေါ်မှ သူ့ခေါင်းကို အမြန်ဖယ်လိုက်သည်။ ထို့နောက် သူသည် ရှဇီရှိူ့၏ပခုံးကြားတွင် သူ့ခေါင်းကို ထုတ်ထားပြီး ဖုဖေးကို ပြောလိုက်၏ : “ မင်းတို့ ငါတို့ကို တိုက်ခိုက်လို့မရဘူး! မင်းတို့ ငါတို့ကို တိုက်ခိုက်တာနဲ့ မင်းတို့ရဲ့ခံစားချက်တွေကို ငါတို့ ခံစားရလိမ့်မယ်။ ငါ မင်းတို့နဲ့ လုံးဝ မနီးကပ်ချင်ဘူး! ”
ရှဇီရှိူ့သည် ဖုဖေးကို အမှန်တကယ်ပင် အနည်းငယ် ကြောက်နေခဲ့သည်။ ဖုဖေး၏အဆင့်အတန်းက မနိမ့်ချေ။ ဖုဖေးက သူ့ဖခင်ကို ပြဿနာလာရှာမည်အား သူ စိုးရိမ်မိသည်။
သို့သော် ဤအချိန်တွင်မူ... သူ မရယ်ပဲ မနေနိုင်တော့ပေ။
သူက ရုပ်ရည်ချောမောပြီးသားဖြစ်ပြီး သူ့အပြုံးက ပို၍ပင် တောက်ပလို့နေသည်။ သူ့ပတ်ဝန်းကျင်မှ လူများသည် သူ့ကို ကြည့်ပြီး အားလုံး အံ့အားသင့်သွားကြသည်။
ထို့အပြင် လူအချို့က လက်ခုပ်တီးကာ ရယ်မောကြသည်။
“ ဟုတ်တယ်! ဟုတ်တယ်! အမှန်ပဲ! ဖုဖေး၊ နင် နောင်မှာ သူများတွေနဲ့ ဘယ်တော့မှ မတိုက်ခိုက်သင့်တော့ဘူး! ပြီးတော့ ရှချီချီ၊ နင် အနာဂတ်မှာ ဘာပဲ ကြုံတွေ့ကြုံတွေ့၊ ခုခံကာကွယ်ဖို့ နင့်ရဲ့စိတ်စွမ်းအင်ကို မသုံးရဘူးနော်! နင် လူတွေနဲ့ အရမ်းနီးကပ်သွားမှာ စိတ်ပူရတယ်! ”
ယန်ကျင်းဇီ လှမ်းကြည့်လိုက်ပြီး အမျိုးသမီး စစ်သည်တော်တစ်ဦး ဖြစ်ပုံရသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက သူတို့ထံသို့ လာရောက်နေသည်ကို တွေ့လိုက်ရသည်။
ယခုလည်း အမျိုးသမီး စစ်သည်တော်က အလွန်သူရဲကောင်းဆန်သည့်ပုံဖြင့် ရယ်မောနေလေသည်။
“ မင်း... ” ဖုဖေးက ဒေါသတကြီး ဆိုသည်။
အမျိုးသမီး စစ်သည်တော်က ပြောသည် : “ ဖုဖေး၊ နင့်အဖေက အိမ်မှာ လှဲနေရတုန်းပဲ။ သူ့ကို ဂရုစိုက်မယ့်အစား နင်က ဒီနေရာမှာ အချိန်ဖြုန်းနေတာလား? ”
ဤအမျိုးသမီး စစ်သည်တော်၏ အထောက်အထားသည် ဖုဖေးနှင့် ဆင်တူပြီး တပ်မ ၅ တပ်မှူး၏ မြေးမလေး ဖြစ်သည်။
ဖုဖေးသည် သူ(မ)ကို ဘာမှမလုပ်နိုင်ဘဲ ယခု သူ(မ)က သူ့ကို ပြက်ရယ်ပြုနေလျှင်ပင် သူသည် ရှချီချီကို ဆွဲခေါ်ကာ ထွက်သွားခဲ့သည်။
ဖုဖေး ထွက်သွားသောအခါ သိသိသာသာ ဒေါသထွက်နေခဲ့သည်။ ရှဇီရှိူ့သည် အစောက သူ့ရယ်မောမှုကို မထိန်းနိုင်ခဲ့သဖြင့် ယခု စိတ်ပူသွားမိသည်။
“ စိတ်မပူနဲ့၊ ဖုဖေးရဲ့အဖေ တစ်ခုခုဖြစ်သွားလို့ တပ်မရှစ်ရဲ့ တပ်မှူးကို ပြောင်းကြတော့မှာ။ ” အရပ်ရှည်ရှည် အမျိုးသမီး စစ်သည်တော်က ပြောပြလာသည်။
ရှဇီရှိူ့၏မျက်နှာတွင် ပျော်ရွှင်မှုများ ထွက်ပေါ်လာသည်။ သူသည် ဖုဖေးကို မကောင်းမြင်ပြီး ဖုဖေး၏ဖခင်ကိုလည်း ထပ်တူညီစွာ မကောင်းမြင်သည်။
အရင်က သူ့အဖေ တပ်သားသုံးထောင်နဲ့ ပျောက်သွားတာတောင် တပ်မရှစ်က ဘာမှမလုပ်ခဲ့ဘူး!
ထို့အပြင် တပ်သားများစွာ ပျောက်ကွယ်သွားပြီးနောက်တွင်ပင် တပ်မရှစ်က လျော်ကြေးငွေပေးခြင်း သို့မဟုတ် တပ်သားများ၏ လစာငွေများကို သူတို့၏မိသားစုများထံသို့ ပို့ပေးခြင်းတို့ကို မလုပ်ဆောင်ခဲ့ချေ။ မိသားစုများဘက်မှ သူတို့၏ချစ်ခင်ရသူများကို သေစာရင်း သွားရောက်ထုတ်သည့်အခါမှသာ တပ်သား၏မိသားစုသည် ယခင်လများအတွက် လစာငွေများကို ရရှိပြီး လျော်ကြေးငွေကိုလည်း လက်ခံရရှိကြတော့သည်။
သူသည် သူ့ဖခင်ကို သေစာရင်း မထုတ်ချင်ခဲ့သောကြောင့် နောက်ဆုံးတွင် သူ တစ်ပြားမျှ မရလိုက်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် အခြားတပ်မတွေမှာ ဒီလိုအခြေအနေနဲ့ ကြုံတွေ့ရရင် သူတို့က တပ်သားရဲ့မိသားစုကို ပုံမှန်အတိုင်း လစာပေးလေ့ရှိပြီး လျော်ကြေးငွေအပုံလိုက်ကိုလည်း ချက်ချင်း ပေးတယ်!
ယခု Cossack တစ်ခုခုဖြစ်သောအခါ ရှဇီရှိူ့သည် မသနားဘဲ အနည်းငယ် ဝမ်းသာလျက်ရှိသည်။
“ ရှဇီရှိူ့၊ ငါ နင့်ကို အရင်က သိပ်မကြိုက်ခဲ့ပေမယ့် အခု နင့်ကို စကြိုက်မိလာပြီ။ ဒါပေမယ့် ကံမကောင်းတာက အရမ်းနောက်ကျသွားတာပဲ။ ” အမျိုးသမီး စစ်သည်တော်က ရှဇီရှိူ့ကို ကြည့်ပြီး သက်ပြင်းချကာ ယန်ကျင်းဇီကို တစ်ချက်လှမ်းကြည့်သည် : “ ဒါပေမယ့် နင့်ရဲ့နှောင်ကြိုးသွယ် လက်တွဲဖော်က တော်တော်လေး ကောင်းပါတယ်။ နင် ပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်! ”
အမျိုးသမီး စစ်သည်တော်သည် စကားပြောပြီးနောက် ရှဇီရှိူ့ကို လေချွန်ပြကာ ထွက်ခွာသွားသည်။
ယန်ကျင်းဇီ : “ ... ”
သူ(မ) ထွက်သွားသည်ကို ကြည့်ပြီးနောက် ယန်ကျင်းဇီသည် ရှဇီရှိူ့ကို ခေါ်သွားကာ ပြောလိုက်သည် : “ ဇီရှိူ့၊ ဖုဖေးရဲ့အဖေကိစ္စ အောင်ပွဲခံဖို့... အဟမ်း၊ အဟမ်း၊ ကိုယ် မင်းအတွက် အဝတ်အစားတွေ ဝယ်ပေးမယ်။ ”
သို့သော် ရှဇီရှိူ့က သူ့ကို တားသည် : “ မင်း ငါ့အတွက် ဝယ်ပေးပြီးပြီ။ မလိုဘူး၊ ငါ မင်းကို ညစာဝယ်ကျွေးမယ်! ”
ရှဇီရှိူ့သည် ယန်ကျင်းဇီကို မရမက ညစာစားဖိတ်နေခဲ့သည်။
ယန်ကျင်းဇီ : “ ... ”
ယန်ကျင်းဇီသည် ဆက်သွယ်ကိရိယာကို ထုတ်ယူပြီး ဖွင့်လိုက်သည်။
စစ်ဘက်ဌာနထံမှ စစ်ဆေးမေးမြန်းမှုများကို လက်ခံရရှိနေသော ရှဝေချန်၏ ဆက်သွယ်ကိရိယာဟာ ရုတ်တရက် အသံထွက်လာသည်။
ရှဝေချန်ကို စကားပြောနေသူမှာ တပ်မ ၁ ၏ တပ်မှူး ဖြစ်သည်။ အခြားတပ်မှူးအားလုံးသည် အမှောင်ထဲတွင် ပုန်းလျက် ရှဝေချန်ကို ကြည့်နေကြသည်။
Marshal အရှင်၏ ကြည့်ရှုခြင်းကို ခံရသည့် ဤဗိုလ်ချုပ်က ဘာများ အလွန်ထူးခြားနေသည်ကို သူတို့ သိချင်ကြ၏။
သို့သော်လည်း ရှဝေချန်က အတော်ပုံမှန်ဆန်ပြီး အန္တရာယ်များသော ဂြိုဟ်ပေါ်တွင် နေထိုင်ခဲ့သည့် အတွေ့အကြုံကသာ အနည်းငယ် ကွဲပြားသည်။
မည်သို့ပင်ဖြစ်စေကာမူ တပ်မ ၁ ၏ တပ်မှူးသည် တစ်စုံတစ်ခုကိုလည်း ရှာတွေ့ထားသည် – ရှဝေချန်က ကယ်တင်ခံရပုံကို ပြောပြသောအခါ အနည်းငယ် ပြောင်းလဲသွားသည်။ သူက “အရှင် Marshal” ဟု ထည့်သွင်းပြောကြားသောအခါ ရှဝေချန်၏စိတ်စွမ်းအင်က မတည်မငြိမ် ဖြစ်သွား၏... ရှဝေချန်ကို အန္တရာယ်ရှိဂြိုဟ်ပေါ်မှ ကယ်တင်ခဲ့သူမှာ Marshal အရှင် ဖြစ်လောက်သည်။
Marshal အရှင်နဲ့ ရှဝေချန်တို့က ကြယ်မြို့တော်ဂြိုဟ်ကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတယ် မဟုတ်လား?
တပ်မ ၁ ၏ တပ်မှူးနှင့် အခြားတပ်မှူးတို့သည် အဖြေကို ခန့်မှန်းမိပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ဒါပေမယ့် ဒီအခိုက်အတန့်မှာ ရှဝေချန်ရဲ့ ဆက်သွယ်ကိရိယာက အသံမြည်လာတယ်!
ဤအခန်းကို ဆက်သွယ်ရေးစနစ် ဖြတ်ထားပြီး ရှဝေချန်က ဤအခန်းတွင် အပြင်ဘက်သို့ လုံးဝ မဆက်သွယ်နိုင်ချေ။ ဒါဆို ဘာလို့ သူ့ဆက်သွယ်ကိရိယာက အသံမြည်လာတာလဲ?
တပ်မှူးခုနစ်ဦးတို့သည် တချိန်တည်းမှာပင် လူတစ်ဦးကို တွေးမိလိုက်ကြသည် – အရှင် Marshal!
Marshal အရှင်၏ ဆက်သွယ်မှုကသာ စစ်ဌာနချုပ်တွင် အဟန့်အတားမရှိ ဝင်ထွက်နိုင်သည်။
တပ်မ ၁ ၏ တပ်မှူးသည် ရှဝေချန်၏ ဆက်သွယ်ကိရိယာကို အလျင်စလို လှမ်းကြည့်ခဲ့ပြီး ပုန်းနေကြသော အခြားတပ်မှူးများလည်း ချက်ချင်း ထွက်လာကြသည် – အရှင် Marshal က ဒီအချိန်မှာ ရှဝေချန်ကို ဆက်သွယ်တယ်၊ ရှဝေချန်က ဒီမှာ သူတို့နဲ့ ရှိနေတာကို သူ သိပြီး သူတို့ကို တစ်ခုခုပြောစရာရှိလို့များလား?
ဒီလိုမှမဟုတ်ရင် Marshal အရှင်က ရှဝေချန်လို ဗိုလ်ချုပ်တစ်ယောက်ကို ဘာအကြောင်းနဲ့ အထူးတလည် ဆက်သွယ်ပါ့မလဲ?
တပ်မှူးခုနစ်ဦးစလုံး ရှဝေချန်ကို စိုက်ကြည့်နေကြသည်။
ရှဝေချန်သည် ပုန်းနေသော တပ်မှူးများစွာ၏ ရုတ်တရက် ထွက်ပေါ်လာမှုကို မြင်သောအခါ အံ့အားသင့်သွားသည်။ တပ်မှူးများစွာဖြင့် ဝိုင်းရံခံရပြီးနောက် သူသည် လှုပ်ရှားရန်ပင် မဝံ့ရဲတော့ပေ။
“ မက်ဆေ့ခ်ျကို ကြည့်! ” တပ်မှူးအများအပြားက တညီတညွတ်တည်း ပြောကြသည်။
ဤလူများ၏စေခိုင်းမှုအောက်တွင် ရှဝေချန်သည် နံပါတ်စိမ်း ပို့ထားသော မက်ဆေ့ခ်ျကို နှိပ်လိုက်သည်။
ထိုနံပါတ်က သူ့ကို ခရက်ဒစ် (credit) သန်း ၁၀၀ လွှဲထားပြီး စာတစ်ကြောင်းလည်း ပါရှိသည် : “အဖေ၊ ဇီရှိူ့ကို မုန့်ဖိုးထပ်ပို့ပေးပါ! သူ့မှာ ကျွန်တော့်အတွက် သုံးစရာငွေ မရှိမှာကို စိုးရိမ်လို့!”
___