အပိုင်း ၅၅
Viewers 10k

Chapter 55



အခန်းထဲတွင် မီးမထွန်းထားပေ။ သွေးအရိုးငါး၏ ဦးခေါင်းခွံမှာ အမှောင်ထဲတွင် မှိန်ဖျော့ဖျော့ အလင်းရောင်ဖြင့် ရောင်ပြန်ဟပ်နေသည်။ 

ယဲ့ကျားက ဒူးထောက်လိုက်ပြီး ၎င်း၏မေးစေ့ကို ဖြေးညင်းစွာ ပွတ်သပ်ပေးလိုက်သည်။ 

လက်မဲလေးက သူ၏ကျောနောက်ဘက်မှခေါင်းထုတ်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းရှည်တခု ချလိုက်သည်။ သူကား ကြောက်ရွံ့မှုမှ နလန်ထူစပင်။


“ ဘုရားရေ........” 


လွန်ခဲ့သော နာရီပိုင်းအချိန်များမှာ ရိုလာကိုစတာစီးခဲ့ရသလိုပင် ခံစားနေရသည်။ 


မူလက တိုက်ပွဲမြေပြင်သို့ မရောက်ခင်အထိ ယဲ့ကျား သူ့ကို ထားခဲ့ချင်သည်။ သို့ရာတွင် သူ၏ သစ္စာရှိမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို သက်သေပြဖို့အတွက် လက်မဲလေးမှာ ယဲ့ကျား၏ပုခုံး‌မှ ဖယ်ထုတ်ခံရမည့်အစား အသေသာခံလိုက်ပေလိမ့်မည်။ 

ကံကောင်းထောက်မစွာ သူတို့နှစ်‌ယောက်က တိုက်ခိုက်ခြင်းဖြင့် အဆုံးမသတ်ခဲ့ပေ။ သို့မဟုတ် လက်မဲလေးအနေဖြင့် အပြင်းအထန်တိုက်ခိုက်မှုကို မစခင်ကပင် သေခြင်းတရားကို ကြောက်ကောင်း ကြောက်နေနိုင်ခဲ့လိမ့်မည်။ 

သွေးအရိုးငါးက ခေါင်းမော့လာကာ ယဲ့ကျားပုခုံးပေါ်က လက်မဲလေးကို ကြည့်နေလေသည်။သူကိုကြည့်ရတာ တခုခုကို လုပ်ချင်နေပုံပင်။ 

လက်မဲလေးမှာ တုန်တက်သွားပြီး ဖြည်းညင်းစွာ ယဲ့ကျား၏ ခေါင်းစွပ်အောက်တွင် ပုန်းလိုက်လေသည်။ 

“တော်သေးတာပေါ့......” 

သူ၏မသဲမကွဲအသံ ခေါင်းစွပ်အောက်မှ ပေါ်ထွက်လာလေသည်။ 

“ ဒါပေမဲ့ သခင်......ဘာလို့ ရုတ်တရက် စိတ်ကူးပြောင်းသွားရတာလဲ” 

လက်မဲလေးက နောက်ဆုံးရလဒ်ကို လုံးဝစိတ်ကျေနပ်သော်လည်း သိချင်စိတ်ကိုတော့ အောင့်မထားနိုင်ပေ။ လွန်ခဲ့တဲ့အခိုက်အတန့်အတွင်း နောက်ဆုံးတွင် မည်သည့်အရာကမှ ယဲ့ကျား၏စိတ်ကို ပြောင်းလဲပစ်နိုင်မည်မဟုတ်ဟု ထင်ခဲ့ရသည်။ 

သို့သော် နောက်ဆုံးအချိန်တွင် သူက ဤအတွေးကို ရုတ်တရက် လက်လျော့ဖြစ်ခဲ့သည်။လက်မဲလေးကတော့ ဤကိစ္စနှင့် ပတ်သက်ပြီး နားမလည်နိုင်ပေ။

ယဲ့ကျား၏ သွေးအရိုးငါးကို ပွတ်သပ်ပေးသည့် အမူအရာမှာ ၎င်းကို ခဏတာ အေးခဲသွားစေသော်လည်း ဤသည်ကို အထူးတလည် တုံ့ပြန်မှု ပြုလုပ်မနေပေ။ 

လက်မဲလေးကလည်း ဤအကြောင်းကို စိတ်ထဲမထားတော့ပေ။ယဲ့ကျားက ပြန်မဖြေသည်ကို တွေ့တဲ့အခါ လက်မဲလေးကလည်း ဆက်၍ မေးမနေတော့ဘဲ ယဲ့ကျားပုခုံးအောက်ကို တိတ်တိတ်လေး တိုးဝင်ကာ သွေးအရိုးငါးနှင့် ဝေးနိုင်သလောက် ဝေးဝေး ထောင့်တနေရာကို ကပ်၍သာ ပုန်းနေတော့သည်။ 

မည်သို့ဆိုစေ သူ့အသက်ကသာ ပို၍အရေးကြီးလေသည်။ 

ထို့ပြင် ယင်းငါးကြီးကလည်း ကြောက်ဖို့ကောင်းလွန်းလှသည်။

လက်မဲလေးမှာ မျက်ရည်မရှိဘဲ ငိုချင်နေမိ၏။ ငါးတကောင်၏ အစာ.....တော့ သူ အဖြစ်မခံနိုင်ပေ။

ဤအခိုက်တွင် ယဲ့ကျားက မျက်လွှာချ၍ တွေးနေမိသည်။ သူ၏အတွေးများမှာ အနည်းငယ် တောင်စဉ်ရေမရ ဖြစ်နေ၏။

အစောပိုင်းက တွေးမိသည့် ပြင်းထန်ပြီး သေလောက်သော အကြံမှာ ဖြေလျော့သွားခဲ့ပြီးနောက် သေချာ စဉ်းစားချင့်ချိန်လာနိုင်ခဲ့သည်။

ကိစ္စတခုမှာ လုံးဝရှင်းနေပေပြီ ဖြစ်၏။

ကျီရွှမ်သည် မသေနိုင်ပေ။ 

ယဲ့ကျားက ကျီရွှမ် မည်သည့်ရာထူးလဲဆိုတာ မဆုံးဖြတ်နိုင်သေးသော်လည်း အကယ်၍ သူ၏ လက်အောက်ငယ်သားများမှာ မနေ့ညက အနောက်ခရိုင်ရှိ ပုန်ကန်မှုကို မနှိမ်နင်းရသေးပါက လူသားများအတွက် တစ္ဆေနှင့် မကောင်းဆိုးဝါးစစ်တပ်များကို ရင်ဆိုင်တိုက်ပွဲဝင်ရန်မှာ ခက်ခဲကောင်းခက်ခဲလာနိုင်သည်။

လူသားများ ယခုလို ထိခိုက်စေမည့်အကြောင်းကပင်... ယဲ့ကျားအတွက် သူ၏ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်စေရန် လုံလောက်နေပေသည်။ 

ပို၍အရေးကြီးသည်မှာ ကျီရွှမ် ယခု တိုက်ခိုက်နေသည့်နေရာသည် M မြို့တော်နှင့် မဝေးလှချေ။ 

အကယ်၍ ကျီရွှမ်သေသွားခဲ့လျှင် အမေသည် မနေ့ညက သူမ၏ အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်ကာ M မြို့တော်ကို တိုက်ရိုက် နောက်ထပ်တိုက်ခိုက်မှု ပြုလုပ်ရန် အမိန့်ပေးမည်လားတော့ ယဲ့ကျားမသိပေ။ 

M မြို့တော်၏ ယခုလက်ရှိအခြေအနေအရ ထပ်၍လာမည့် တိုက်ခိုက်မှုလှိုင်းများကို မတောင့်ခံနိုင်တော့သည်မှာ သေချာနေပေသည်။ 

သူနှင့်ကျီရွှမ်တွင် မည်သို့ပင် နာကြည်းချက်တွေ ရှိစေကာမူ အနည်းဆုံးတော့ ယခုတွင် သူတို့နှစ်ယောက်လုံး၏ တည်ရှိမှုဟာ အရေးပါနေသည်။ 

ယဲ့ကျားက ဖြည်းညင်းစွာ အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ အမှောင်စွမ်းအင်မှာ သူ့မှိန်ဖျော့ဖျော့ မျက်လုံးများ၏ အနက်ရှိုင်းဆုံးထိ တဟုန်ထိုး ဝင်ရောက်လာလေသည်။ 

ကျီရွှမ်နှင့် စာရင်းရှင်းစရာကိစ္စများကိုမူ နောင်တစ်ချိန်ထိ ရွှေ့ထားနိုင်သေးသည်။ 

ယခုကတော့ ထိုအတွက် အချိန် မဟုတ်သေးပေ။ 

သွေးအရိုးငါးသည် သူ့ထံပါး၌ ပျော်ပျော်ရွှင်ရွှင်ဖြင့် အပွတ်သပ်ခံနေလေသည်။ ၎င်းက ခန္ဓာကိုယ်ပါ လှည့်လာကာ အမြီးကိုလည်း ပို၍မြန်မြန် လှုပ်ရမ်းပြလာသည်။ 

ထိုအချိန် ရုတ်တရက် သတိပေးခြင်း မရှိဘဲ…

“ကလက်...” “ခွပ်...” 

အဝေးတစ်နေရာရာတွင် တစ်စုံတစ်ခု တိုက်ချခံလိုက်ရပုံပင်။ ထွက်လာသည့်အသံမှာ အမှောင်ထုထဲတွင် အတော်လေး ကျယ်လောင်နေသည်။ 


ဤအခိုက်တွင် လူတစ်ယောက်နှင့် ငါးတစ်ကောင်မှာ တောင့်သွားလေတော့သည်။ 


ယဲ့ကျားကား ရုတ်တရက် မကောင်းသည့် ခံစားချက်များ ရလာ၏။ သူသည် ခေါင်းကို ဖြေးဖြေးမော့ကာ အသံလာရာအရပ်သို့ ကြည့်လိုက်သည်။ 

ထို့နောက် ယဲ့ကျားသည် သူ့မျက်လုံးသူ မယုံနိုင်စွာဖြင့် မျက်လုံးစုံမှိတ်ကာ ဧည့်ခန်းထဲတွင် မီးဖွင့်ရန် လိုက်ရှာကြည့်တော့သည်။ 

မီးများပွင့်သွားသည်နှင့်တစ်ပြိုင်နက် အခန်းထဲတွင် အရှုပ်များ ပေါ်ပေါက်လာတော့၏။

လေဆင်နှာမောင်းတစ်ခု ဝင်မွှေ့သွားသလိုပင် အခန်းတွင်းရှိ ကျိုးပဲ့နိုင်သည့် အရာအားလုံး ကျိုးပဲ့ပျက်စီးနေလေသည်။ ခြေထောက်တစ်ဖက်မရှိတော့သည့် စားပွဲမှာလည်း ကြမ်းပေါ်တွင် ရွဲ့စောင်းနေကာ စားပွဲအစွန်းများတွင် သွားရာများကို ထင်ထင်ရှားရှား မြင်နေရသည်။ 

မူလက သပ်သပ်ရပ်ရပ်နှင့် အစီအစဉ်တကျရှိသည့် ဧည့်ခန်းမှာ ယခုလောလောလတ်လတ်ကပင် ဖောက်ထွင်းခံထားရပုံနှင့်တူနေသည်။ဧည့်ခန်း၏မူလပထမပုံစံ မည်သို့ရှိခဲ့သည်ကိုပင် ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ 

ယဲ့ကျားသည် ခေါင်းကို အောက်သို့ ဖြည်းဖြည်းနိမ့်ရင်း။ သူ၏ခြေထောက်ဘေးရှိ သွေးအရိုးငါးကို ကြည့်လိုက်သည်။ 

လူတစ်ယောက်နှင့် ငါးတစ်ကောင်.....ကြီးမားတဲ့မျက်လုံးအစုံက သေးငယ်တဲ့မျက်လုံးအစုံကို ကြည့်နေသည်။ 

သွေးအရိုးငါးက သူ၏ခေါင်းကို မော့လာပြီး ယဲ့ကျားကို သူ၏မည်းနက်ပြီး အခေါင်းပေါက်ဖြစ်နေတဲ့ မျက်လုံးများနှင့် ကြည့်လိုက်သည်။ ၎င်းသည် သူ၏အမြီးကို ဂရုတစိုက် ဝှေ့ယမ်းနေလေ၏။


“ချလွင်........” 


သူ၏အမြီးက တစ်စုံတစ်ခုကို တိုက်မိသွားသည်။ပန်းအိုးတစ်လုံး ပြုတ်ကျလာပြီး ကြမ်းပေါ်သို့ ရောက်လျှင်ရောက်ချင်း အပိုင်းပိုင်းအစစ ကွဲကြေသွားလေတော့သည်။ 


ယဲ့ကျား: “..........” 

သူကား အသက်ငယ်ရွယ်သေးသော်လည်း နှလုံးဖောက်ပြန်မှုမှာ မည်သို့ဖြစ်ကြောင်း တွေ့ကြုံလိုက်ရပေပြီ။ 

“အရွယ်အစားကို ချုံ့လိုက်...” “မင်းရဲ့အရွယ်အစားကိုချုံ့လိုက်...” 

ချန်စဲကျစ်က လှေကားမှ အပေါ်သို့ တက်လာနေရင်း ရပ်တန့်သွားသည်။ သူက ခေါင်းမော့ကာ အသံလာရာဆီသို့ ကြည့်လိုက်၏။ ပစ္စည်းများ ပြုတ်ကျသံမှာ ပိတ်ထားသော လုံခြုံရေးတံခါးများကို ဖြတ်ကာ တိုးညင်းစွာ ကြားနေရသည်။ 


ချန်စဲကျစ်: “???” 

သူနှင့် သူ့နောက်ကလိုက်လာသည့် ကျောက်ကွမ်းချန်မှာ စိတ်ရှုပ်ထွေးနေပုံရသည့် အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ထို့နောက် သူတို့က သတိကြီးစွာ တံခါးနားသို့ ချဉ်းကပ်ကာ တံခါးခေါက်လိုက်ကြသည်။ 

အထဲတွင် နောက်ထပ် ဂလောက်ဂလောက်မြည်သံတွေ ကြားနေရသေး၏။

မကြာခင်မှာပင် တံခါး ပွင့်လာခဲ့သည်။

အနည်းငယ်သာဖွင့်ထားသည့် တံခါးပေါက်မှ ယဲ့ကျား၏မျက်နှာ ပေါ်လာသည်။ မည်သူများ ရောက်လာကြောင်း‌ တွေ့သောအခါမှ သူက ဟန်ဆောင်ပြုံးရင်း မေးလိုက်သည်။ 


“......ဘာများလဲ?” 

အကြောင်းအချို့ကြောင့် ချန်စဲကျစ်သည် သူ့အသံမှ ဒေါသသံကို သတိထားမိလိုက်သည်။ 

ချန်စဲကျစ်သည် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။


“အ-အမ် ငါတို့ မင်းကို တမနက်လုံး ဆက်သွယ်လို့မရလို့ တခုခုများဖြစ်နေလားလို့ လာကြည့်တာ” 


သူသည် နှာရှုပ်ရင်း အနည်းငယ် အက်နေသောအသံဖြင့် “ငါတို့ဌာနက သေကြေဒဏ်ရာရတဲ့သူတွေက တိုက်ခိုက်ရေးဌာနခွဲလောက် မပြင်းထန်ပေမဲ့ အချို့လုပ်ဖော်ကိုင်ဖက်တွေကတော့ ဆေးရုံပို့ထားရပြီး အထူးကြပ်မတ်ဆောင်မှာပဲရှိသေးတယ်...”


ချန်စဲကျစ်သည် ယဲ့ကျားကို မျက်ရည်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်ရင်း “မင်းအဆင်ပြေနေတာတွေ့ရတာ ငါတကယ် ဝမ်းသာပါတယ်...” 


ချန်စဲကျစ်က တောင်ရောက်မြောက်ရောက် ပြောနေပြီး အဓိကအချက်ကို မရောက်သေးတဲ့အတွက် ကျောက်ကွမ်းချန်သည် ရှေ့တိုးလာပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။ 


“.......အဲ့ဒါအပြင် အခြားတစ်ခု ရှိသေးတယ်အထက်လူကြီးတွေက ငါတို့သုံးယောက်ကို ဒီအနီးတဝိုက်က ခရိုင်သုံးခုကို ရှင်းလင်းပေးဖို့ တာဝန်ပေးထားတယ်” 

ယဲ့ကျားသည်ခေါင်းငြိမ့်ကာ “အိုကေ” ဟုပြောလိုက်သည်။ 

ထိုသို့ပြောလိုက်ပြီးနောက် အပြင်ကနှစ်ယောက် ဆက်ပြောမည်ကို စောင့်မနေတော့ဘဲ “ငါမြန်မြန် အဝတ်အစား သွားလဲလိုက်ဦးမယ်...” ဟုထပ်ပေါင်းပြောလိုက်သည်။ 

ထို့နောက် သူက ထိုလူနှစ်ယောက်ကို အပြင်မှာထား၍ တံခါးကို ဆောင့်ပိတ်လိုက်သည်။ 


ချန်စဲကျစ်နှင့်ကျောက်ကွမ်းချန် : “.........” 

ဤသည်မှာ အကြင်နာတရား ခေါင်းပါးလွန်းလှပေသည်။

 
တံခါးပိတ်ပြီးနောက် ယဲ့ကျားက နောက်ပြန်လှည့်လာခဲ့၏။ 

သူသည် နဂိုအရွယ်တွင်သာရှိသေးသည့် သွေးအရိုးငါးက သူ့ဘက်သို့ ဖြည်းဖြည်းချင်း ကူးလာနေတာကြည့်ရင်း စိတ်ပျက်မှုဖြင့် မျက်ခုံးကို ဆိတ်နေသည်။ 

သွေးအရိုးငါးကို သူ့နေရာတွင် မထားခဲ့ခင် ယဲ့ကျားမှာ ၎င်းက သူ့နေရာကို ယခုလိုဖျက်ဆီးထားလိမ့်မည်ဟု မစဉ်းစားမိခဲ့ပေ။ 

ထို့အပြင် သူက ဤအခြေအနေကို ကြိုမျှော်လင့်ထားသင့်ပေသည်။

အမှန်တကယ်တမ်းတွင် သူ့နေရာမှာ ကျီရွှမ်၏နေရာနှင့် ယှဉ်ပါက အတော့်ကို သေးလွန်းလှ၏။


သို့သော်...... 

ယခု ဤနေရာတွင် ဖြစ်ပျက်နေသည့် အခြေအနေမှာ အလွန်ဆိုးရွားလွန်းလှပေသည်။ 


သူက ခေါင်းကိုမော့ရင်း ဖရိုဖရဲဖြစ်နေတဲ့အခန်းကို ပတ်ကြည့်လိုက်သည်။အရှုပ်ထုပ်များကို သူ့အနေဖြင့် ရဲရဲဝင့်ဝင့် မကြည့်ရဲသလောက်ပင်။ 


အစောပိုင်းတည်းက သိပ်ပြီးမချမ်းသာသော သူ့အတွက် ဤအခြေအနေက ပို၍ဆိုးဝါးသွားစေသည်။

ယဲ့ကျားသည် ဤအ‌ခြေအနေကို စတင်လျစ်လျူရှုရင်း ခါးကုန်းလိုက်ကာ 

“မင်းဘာလို့မင်းသခင်ဆီပြန်မသွားတာလဲ” 

သူ့ကို အနောက်ခရိုင်က လိုအပ်ကောင်းလိုအပ်နေနိုင်၏။

သွေးအရိုးငါးသည် သူ့၏အမြီးကိုလှုပ်ရမ်းရင်း ယဲ့ကျားဒူးပေါ်တွင် ခေါင်းတင်လိုက်သည်။၎င်းကိုကြည့်ရသည်မှာ ထွက်သွားရန် သဘောမတူကြောင်း ပြနေသည့်ပုံပင်။ 

သို့ပေမဲ့ ယဲ့ကျားမှာလည်း သွေးအရိုးငါးကို ပြန်ပေးရင်း “ရော့ ဒီမှာမင်းငါး မင်းပြန်ယူ” ဟုပြောဖို့ရန်အတွက်နှင့် တိုက်ပွဲမြေပြင်အလယ်တွင် ကျီရွှမ်ကိုသွားရှာရန် မဖြစ်နိုင်ချေ။ 

ယဲ့ကျားမှာ ဒုက္ခရောက်နေလေသည်။ 

အပြင်ကနှစ်ယောက်သည်လည်း သူ့ကို စောင့်နေသေး၏။ အဝတ်လဲရန်အတွက် ဤမျှ အချိန်အကြာကြီး မယူသင့်ပေ။ 

သို့ပေမဲ့ ယဲ့ကျားမှာ သွေးအရိုးငါးကို သူ့နေရာတွင် တကောင်တည်း မထားခဲ့ရဲတော့ချေ။ 

သူ နာရီပိုင်းလေးထွက်သွားတာတောင် သူ့ပရိဘောဂတွေ ယခုလိုဖြစ်ကုန်လျှင် အကယ်၍ သူသာ တနေ့လုံးထွက်သွားခဲ့ပါက ဤနေရာတခုလုံး ပျက်စီးသွားနိုင်ပေသည်။ 

ဤအခန်းမှာ ငှားရမ်းထားသည့်အခန်းဖြစ်သည့်အလျောက် အနည်းဆုံး သူ၏စရန်ငွေကိုတော့ ပြန်လိုချင်သေး၏။ မည်သို့ပင်ဖြစ်စေ သွေးအရိုးငါးကို သူနှင့်အတူ ခေါ်ဆောင်သွားရန်မှာလည်း မသင့်လျော်ပေ။

မနေ့ညက တစ္ဆေတံခါးများပွင့်လာပြီး ယင်စွမ်းအင်များ စုစည်းသွားစဉ်က လူဘယ်နှယောက်လောက် စိတ်ပိုင်းဆိုင်ရာအမြင်တွေ ရရှိသွားခဲ့သည်ကို ယဲ့ကျား ရုတ်တရက် အကြံတခုရသွားသည်။

သူသည် သွေးအရိုးငါးနှင့် ဆွေးနွေးရန် ကြိုးစားကြည့်လေတော့၏။


“မင်း တကယ်လို့ အရွယ်ချုံ့ပေးနိုင်မယ်ဆိုရင် ငါမင်းကို ငါနဲ့အတူ အပြင်ကို ခေါ်ထုတ်သွားနိုင်တယ်” 


သွေးအရိုးသည် ခေါင်းမော့ရင်း ဤတောင်းဆိုချက်ကို တော်တော်လေး စိတ်ဝင်စားနေပုံပေါ်သည်။ 


“မင်းဗိုက်ဆာနေပြီလား”  


ယဲ့ကျားသည် ပြုံးပြလိုက်ရင်း “ငါမင်းကို အရသာရှိတာတွေစားဖို့ ခေါ်သွားပေးမယ်လေ” ဆိုကာ ချော့ပြောလိုက်သည်။ 


သွေးအရိုးငါးသည် သူ့အမြီးကို ကသုတ်ကရက် လှုပ်ရမ်းလာ၏။ ၎င်းက ခဏတာ တွန့်ဆုတ်သွားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ 


မည်သူက  တစ္ဆေဘုရင်ဘေးတွင် အမြဲရှိနေသည့် သွေးအရိုးငါး၏ ဂုဏ်သိက္ခာကို ဂရုစိုက်နေပါမည်နည်း။


ဂုဏ်သိက္ခာဆိုသည်မှာ အပြင်ထွက်၍ အစားကောင်းစားရရန် ဖြားယောင်းမှုနှင့်ယှဉ်လျှင် အသေးအဖွဲသာ ဖြစ်သည်။ 

ယဲ့ကျားက သူ့မျက်စိရှေ့တွင် သွေးအရိုးငါး ဖြည်းဖြည်းချင်း အရွယ်ချုံ့သွားသည်ကို ကြည့်နေလိုက်သည်။ 

သွေးအရိုးငါး သူ၏အိတ်ထဲတွင် ဆန့်မည့်အရွယ်သို့ရောက်သောအခါ သူက ကျေနပ်မှုနှင့်ပြုံးလိုက်လေ၏။

“လိမ္မာလိုက်တဲ့ကလေးလေး” 

သူက သွေးအရိုးငါးကို သူ့အိတ်ထဲသို့ ထည့်ရင်း ဗီရိုထဲမှ ရှပ်အကျီအသစ်တစ်ထည်ထုတ်ကာ မြန်မြန်ဆန်ဆန် လဲဝတ်လိုက်သည်။ 

ချန်စဲကျစ်နှင့် ကျောက်ကွမ်းချန်တို့သည် သူထွက်လာသည်ကိုကြားသောအခါ လှည့်ကြည့်လာကြသည်။ 


ယဲ့ကျားသည်ပြုံးရင်း “လာသွားကြရအောင်...” ဆိုကာ ထွက်လာကြတော့သည်။ 

.....

တိုက်ပွဲနောက်ဆက်တွဲများကို ရှင်းလင်းရသည်မှာ အလွန်ပင် ရှုပ်ထွေးလွန်းလှ၏။

ထို့ပြင် ‌တစ္ဆေနှင့် မကောင်းဆိုးဝါးအများစုမှာ တပ်ဆုတ်သွားခဲ့ပြီ ဖြစ်သော်လည်း အချို့မှာ ကျန်ရစ်နေနိုင်ပြီး ထိုအထဲမှ တစ်ကောင်ကောင်နှင့် ရုတ်တရက် ဝင်တိုးမိမည့် အခြေအနေများကို ဂရုစိုက်ရပေမည်။ 

ချန်စဲကျစ်နှင့် ကျောက်ကွမ်းချန်တို့သည် ရှေ့မှသွားနေစဉ် ယဲ့ကျားက တမင်သက်သက် သူတို့နောက်မှ နည်းနည်း ခပ်ခွာခွာ လိုက်လာခဲ့သည်။ 

တစ္ဆေနှင့် မကောင်းဆိုးဝါးခန္ဓာကိုယ်များမှ ယင်စွမ်းအင်များကို စုယူကာ အထူးပြုလုပ်ထားသည့်ခွက်ထဲတွင် သိမ်းရပေသည်။ 

ယဲ့ကျား၏နည်းလမ်းမှာ ပတ်ဝန်းကျင်အတွက် လုံးဝအဆင်ပြေနေစေ၏။

သူက သွေးအရိုးငါး အိတ်ကိုမလှန်ပစ်ရန်အတွက် ယင်စွမ်းအင်အများစုကို ကျွေးပြီး ကျန်ရှိသည့် စွမ်းအင်အနည်းစုကိုသာ အထူးပြုလုပ်ထားသည့်ခွက်ထဲ ထည့်လာသည်။ 

သွေးအရိုးငါးကား သူ့အိတ်ထဲတွင် အစာစားရ၍ အလွန်ကျေနပ်ကာ ပျော်ရွှင်စွာ လှိမ့်နေလေတော့သည်။ 

အရှေ့မှနှစ်ယောက်ကတော့ လမ်းလျှောက်ရင်း စကားစမြည်ပြောနေကြသည်။ 

အခြားတစ်ဖက်တွင်မူ ယဲ့ကျားက ငါးကို အစာကျွေးရင်း သူတို့စကားစမြည်ပြောသည်ကို နားထောင်ရင်း လိုက်လာခဲ့လေသည်။ 

သူတို့က မနေ့ည ရုန်းရင်းဆန်ခတ်ဖြစ်သွားမှု၏ အကြောင်းရင်းနှင့် စီမံခန့်ခွဲမှုဗျူရိုက မည်သို့ဆက်လက် ဆောင်ရွက်မည်၊ ဤထိတ်လန့်စရာသတင်းအပေါ် လူထုရဲ့တုံ့ပြန်မှုက မည်သို့ဖြစ်မည်ကို ထင်ကြေးပေးနေကြသည်။ 


နောက်ဆုံးတွင် သူတို့က အခြားအကြောင်းအရာကို ဆက်ပြောကြတော့၏။


“မင်းမနေ့ညက အဲ့ဒါကို မြင်လိုက်လား? အဲ့ဒီ ထူးဆန်းတဲ့လူကိုလေ…” 


ချန်စဲကျစ်က စိတ်လှုပ်ရှားစွာ မေးလာသည်။ 


“ဒါပေါ့ ဒါပေါ့...” ကျောက်ကွမ်းချန်သည်လည်း လွန်စွာ စိတ်လှုပ်ရှားလာကာ “အဲ့အချိန်တုန်းက ငါ့အဖွဲ့နဲ့ငါက လမ်းတွေထဲမှာ အဆင့်နိမ့်တဲ့ မကောင်းဆိုးဝါးအချို့ကို ရှင်းလင်းနေတဲ့အချိန် လမ်းကြားထဲကနေ ဖြူဖျော့တဲ့မျက်နှာနဲ့ ကြီးမားပြီး ခက်ထန်တဲ့ တစ္ဆေကြီး ရုတ်တရက်ထွက်လာတယ်...” 


“ငါတို့ရဲ့ ခြေရာခံစက်တွေလည်း ချက်ချင်းကြီး အလုပ်မလုပ်တော့ဘူး အဲ့တုန်းက ငါတို့အားလုံးသေတော့မယ်လို့ တွေးနေတဲ့အချိန် အဲ့ဒီမှာ.......” 


ကျောက်ကွမ်းချန်က သူ၏ အတွေ့အကြုံကို လုံးဝ ကွက်ကွက်ကွင်းကွင်း ပြန်ပြောင်းပြောနေပေသည်။ 


ချန်စံကျစ်ကမူ ထိတ်လန့်စွာ တံထွေးမျိုချရင်း မေးလိုက်သည်။ 


“ပြီး..ပြီးတော့ရော ဘာဆက်ဖြစ်လဲ” 


ကျောက်ကွမ်းချန်၏မျက်နှာတွင် လေးစားအားကျမှု အရိပ်အယောင်များပေါ်လာကာ “ပြီးတော့ အဲ့ဒီ ထူးဆန်းတဲ့သူ ပေါ်လာတော့တာပဲ... ဘယ်သူမှ သူဘယ်ကရောက်လာတယ်ဆိုတာ မမြင်လိုက်ဘူး... မဟုတ်ရင် လေထဲကနေ ရုတ်တရက်ထွက်လာသလိုပဲ...”

“အဲ့အချိန်တုန်းက ငါကကြောက်စိတ်နဲ့ ကြောင်နေမိတာ... အဲ့အချိန်ကို ငါပြန်စဉ်းစားတိုင်း ငါမှတ်မိတာကတော့ သူနဲ့အတူတူပေါ်လာတဲ့ အဖြူရောင်အလင်းတန်းတွေပဲ...” 

“မနေ့ညက သေချာပေါက် လမထွက်ခဲ့ဘူး... ဒါပေမဲ့ အဲ့ဒီဓားက အရမ်းတောက်ပလွန်းတယ်... သူပေါ်လာတာနဲ့ တစ်ပြိုင်နက် ကြမ်းကြုတ်တဲ့တစ္ဆေကြီး နှိမ်နှင်းခံလိုက်ရတာပဲ...” 

“ငါကျိန်ရဲတယ် ငါ့ဘဝမှာ တစ်ခါမှ လူတစ်ယောက်က အဆင့်မြင့်တစ္ဆေတစ်ကောင်ကို ဒီလို လွယ်လွယ်ကူကူ နှိမ်နင်းတာမျိူး မမြင်ဖူးဘူး... အံ့ဩဖို့ကောင်းလွန်းတယ်.....” 


ချန်စဲကျစ်သည် အံ့ဩမှုဖြင့် နားထောင်ရင်း “ဝိုး........” ဟု လွှတ်ခနဲ ထွက်သွားမိသည်။


Xxxxxx