Chapter 56
ကျောက်ကွမ်းချန်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းကာ အနီးအနားတွင် သူတို့ပြောနေသည်ကို နားထောင်မည့်သူမရှိကြောင်း သေချာစေရန် ဘေးဘီဝဲယာကိုလှည့်ကြည့်ရင်း အသံကိုနိမ့်ကာ ပြောလိုက်သည်။
“ငါ အဲ့ဒီကျောင်းမှာ ဘယ်လို တိုက်ခိုက်ခံရတယ်ဆိုတာ မင်းမှတ်မိသေးလား”
“ငါမှတ်မိတာပေါ့” ချန်စဲကျစ်သည် ခေါင်းအမြန်ငြိမ့်ရင်း ဖြေလိုက်သည်။
ကျောက်ကွမ်းချန်က လျှို့ဝှက်သိုသိပ်စွာ စတင်ပြောတော့၏။
“ငါထင်တာတော့ အဲ့ဒီတုန်းက ငါ့ကို ကယ်ခဲ့တဲ့သူက မနေ့ညက ထူးဆန်းတဲ့လူနဲ့ တစ်ယောက်တည်းပဲ …. ကြမ်းကြုတ်တဲ့ တစ္ဆေကြီးက သူ့ကို အေ့စ်လို့ ခေါ်တာကြားလိုက်တယ်... အမည်ဝှက်လား ဘာလား တစ်ခုခုပဲ...”
“ငါတွေးတာတော့ သူက ကမ္ဘာကို ကာကွယ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုခုက ဖြစ်နိုင်တယ်... ဒါပေမဲ့ အဖွဲ့အစည်းတွင်း သဘောထားကွဲလွဲမှုတွေကို မကြိုက်လို့ အဖွဲ့ထဲကထွက်ပြီး တစ်ယောက်တည်း ကမ္ဘာကြီးငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးနေတာထင်တယ်...”
ချန်စဲကျစ်သည် ချက်ချင်းနားလည်သွားပုံရကာ “မင်းပြောတာ ဖြစ်နိုင်တယ်...” ဟု ပြောလိုက်သည်။
နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြကာ ပြိုင်တူ သဘောတူလိုက်ကြသည် “အရမ်းမိုက်တာပဲ...”
ယဲ့ကျား : “...........”
သူတို့၏ စိတ်ကူးများမှာ အတော့်ကို ကောင်းလွန်းနေ၏။
ထိုအချိန်တွင် ချန်စဲကျစ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ယဲ့ကျားဘက်သို့လှည့်ရင်း မေးလိုက်သည်။
“အာ ပြောရင်းနဲ့မှ အကိုယဲ့ရော အဲ့ဒီကျောင်းကို မသွားခဲ့ဘူးလား တစ်ခုခုကို မမြင်ခဲ့ဘူးလား”
ယဲ့ကျား : “...........”
ဘာကိုမြင်ရမှာလဲ။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းရင်း “မမြင်ပါဘူး” ဟု ပြန်ဖြေလိုက်သည်။
“အား...” ချန်စဲကျစ်က သက်ပြင်းချရင်း “မနေ့ညက ငါတာဝန်ကျတဲ့ ခရိုင်မှာ သူ့ကို မတွေ့လိုက်ရတာ ဆိုးလိုက်တာ...” ဟု ရေရွတ်လိုက်လေသည်။
ကျောက်ကွမ်းချန်သည် သူ့ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးရင်း “ဟေး ဗျူရိုက အခြားသူတွေလည်း ဒီနေ့ပဲ အဲ့အကြောင်းကို ပြောနေကြတာ အဲ့ဒီဆရာကျတဲ့တစ်ယောက်က လုံးဝအဆင့်မြင့်တဲ့ တစ္ဆေရိုင်းတွေကိုပဲ သုတ်သင်တာ... ဒီတော့ မင်းသူနဲ့ မတွေ့ကြုံလိုက်ရတာလည်း ကောင်းတဲ့အရာတစ်ခုပဲ ဆိုလိုချင်တာ... မင်းတို့ခရိုင်က အန္တရာယ်နဲ့ သိပ်မကြုံလိုက်ရဘူးလေ....”
ချန်စဲကျစ်သည် ယဲ့ကျားကို လှည့်ကြည့်ပြန်ကာ မေးသည်။
“အကိုယဲ့ရော မနေ့ညက သူ့ကိုတွေ့လိုက်လား”
ယဲ့ကျား : “.........ဟင့်အင်း”
မနေ့ညက ဗျူရိုမှ အဖွဲ့ဝင်တိုင်း တိုက်ပွဲအတွင်း ရှိနေခဲ့ခြင်း မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ အဖွဲ့သား ၄၀% လောက်သာ တိုက်ပွဲတွင် ရှိနေခဲ့ကြသည်။ ဤသည်မှာ ပုံမှန်သာ ဖြစ်၏။ အမှန်တကယ် ပြောရမည်ဆိုပါက ဤကဲ့သို့ ပြင်းထန်မှုမျိုးဖြစ်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အချို့မှာ သူတို့၏အိမ်တွင်ပင် တိုက်ခိုက်မှုများကိုကြုံခဲ့ရသည် သို့မဟုတ် လူစုရန်ခေါ်သည့် အကြောင်းကြားစာကို မရရှိခဲ့ကြခြင်းကြောင့် ဖြစ်ပေမည်။
ဤအကြောင်းအရင်း နှစ်ချက်ကြောင့်သာ မဟုတ်ခဲ့ပါက ထိုလူများမှာ အကြောက်လွန်ပြီး ရောက်မလာခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် နားလည်ပေးနိုင်၏။ ဗျူရိုထဲရှိ အဖွဲ့ဝင်အများစုတွင် တိုက်ခိုက်ရေးသမား မဟုတ်သူများလည်း ထည့်သွင်းခြင်းခံထားရပေသည်။
ယခုလို အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် သူတို့ကို တောင်းဆိုရန်မှာလည်း လွန်လွန်းလှ၏။ အကယ်၍ မနေ့ညက သူ့ကို ဆက်သွယ်သူအဖြစ် မရွေးချယ်ခဲ့လျှင်ပင် သူ ထိုနေရာသို့ အကူအညီပေးရန် သွားခဲ့ခြင်းမဟုတ်ဟုသာ ပြောချင်တော့သည်။
ချန်စဲကျစ်နှင့် ကျောက်ကွမ်းချန်က ပြိုင်တူ ညှိုးငယ်စွာ သက်ပြင်းချရင်း ပြောလိုက်ကြသည်။
“အဆင်ပြေပါတယ် အဆင်ပြေပါတယ် အနာဂတ်မှာ နောက်ထပ် အခွင့်အရေးတွေ ရှိဦးမယ်ဆိုတာ သေချာတယ်”
ယဲ့ကျား : “.........”
သူတို့သုံးယောက် စကားပြောနေစဉ်တွင် သူတို့တွင်ရှိသည့် ခြေရာခံစက်များထံမှ သတိပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ချန်စဲကျစ်က ခြေရာခံစက်ကိုထုတ်ကာ လှည့်ကာထောက်လှမ်းရင်း သေချာသော ဦးတည်ရာတစ်ခုတွင် ရပ်လိုက်လေသည်။
“ဒီလမ်းပဲ...”
သူတို့သည် ထောင့်ချိုးအချို့ကို ဖြတ်ပြီးနောက် လူနေတိုက်ခန်းဧရိယာတစ်ခုသို့ ရောက်ရှိလာကြ၏။
အဝင်ဝရှိ အစောင့်ခန်းတွင် ဘယ်သူမှမရှိသလို ဂိတ်တံခါးသည်လည်း ကျိုးပဲ့နေကာ ကျိုးနေသည့်နေရာတွင် ခြောက်သွေ့နေပြီဖြစ်သည့်သွေးများ စွန်းထင်းနေပေသည်။
ခြေရာခံစက်မှာ လူနေအဆောက်အဦများထဲမှတစ်ခုကို ညွှန်ပြနေလေသည်။
အဆောက်အအုံတွင်းသို့ ဝင်နိုင်သည့်တံခါးမှာ ပွင့်နေသော်လည်း အထဲရှိလူသွားလမ်းက မှောင်မည်းနေ၏။ သူတို့ရပ်နေသည့်နေရာမှ အထဲကို ဘာမှမမြင်ရသလောက်ပင်။
ကျောက်ကွမ်းချန်က သူ၏သေနတ်ကို ထုတ်လိုက်ကာ သူ့လူနှစ်ယောက်ကို ပြောလိုက်သည်။
“သတိထားပြီး ငါ့နောက်ကနေလိုက်လာကြ”
ပြောပြီးနောက် သူသည် အဆောက်အအုံအတွင်းသို့ ဝင်သွားသည်။
သူတို့၏အပေါ်တွင် ပျက်စီးနေသည့်မီးလုံးများမှာ ရံဖန်ရံခါ မှိတ်တုတ်မှိတ်တုတ်နှင့် လင်းနေလေသည်။ အေးစိမ့်နေသည့် လေထုက အမှောင်ထဲမှ ညှီစို့စို့ သွေးညှီနံ့ကို သယ်ဆောင်လာ၏။
ခြေရာခံစက်မှာ မြေညီထပ်တွင် တုံ့ပြန်ချက် တစ်စုံတစ်ရာ မပြသော်လည်း အပေါ်ထပ်သို့တက်မည့် လှေကားများကို ချိန်လိုက်သည့်အခါတွင်တော့ နံပါတ်များ စတင်မြင့်တက်လာလေသည်။
သူတို့ ဒုတိယထပ်သို့ ရောက်လျှင်ရောက်ချင်းပင် အနံ့က ပြင်းသထက်ပြင်းလာကာ မွန်းကျပ်လာလေသည်။
တံခါးများထဲမှတစ်ချပ်မှာ တစ်ဝက်တစ်ပျက် ပွင့်၍နေ၏။
သေးငယ်ပြီး မပြတ်သားသည့်အသံတစ်သံသည် ဖွင့်ထားသည့် တံခါးကြားမှ ထွက်ပေါ်လာသည်။
“ဒုတ်…ဒုတ်… ဒုတ်…”
အသံမှာ လေးပင်ပြီး စည်းချက်ကျကျထွက်နေသော်လည်း မည်သည့်အသံဖြစ်ကြောင်း မခန့်မှန်းနိုင်ပေ။
သူတို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းစုံကာ ခေါင်းငြိမ့်လိုက်သည်။
လက်တစ်ဖက်တွင် သေနတ် ကိုင်ထားသည့် ကျောက်ကွမ်းချန်သည် အခြားလက်တစ်ဖက်ဖြင့် တံခါးကို ဂရုတစိုက် တွန်းဖွင့်လိုက်သည်။
တံခါးသည် ကျွီခနဲ အသံနိမ့်နိမ့်ဖြင့် ပွင့်သွားသော်လည်း တိတ်ဆိတ်နေသည့် အဆောက်အအုံတစ်ခုလုံးကို ထိုးဖောက်သွားလေ၏။
တံခါးနောက်တွင် စောင့်ကြိုနေသည့်မြင်ကွင်းကြောင့် သုံးယောက်လုံး ပြောစရာစကား ပျောက်ဆုံးကာ ကြက်သေသေသွားတော့သည်။
အခန်းတွင်းရှိ နံရံပေါ်တွင် သွေးကွက်ကြီးများ စွန်းထင်းနေကာ မျက်နှာကြက်တွင်ပါ သွေးများပေကျံနေလေသည်။
သွေးများ တစ်စက်စက် စီးကျနေသေးသည့် ဆွဲဆုတ်ခံထားရသော အသားစများ ကိုယ်တွင်းအင်္ဂါများသည် မျက်နှာကြက်ရှိမီးချောင်းမှ တွဲလောင်းကျနေသည်။
နေရာတစ်ခုလုံးသည် ရှုပ်ပွနေပေသည်။
ဧည့်ခန်းအလယ်တွင် ဖြူဖျော့ဖြူလျော်သော အသားအရည်ရှိသည့် အမျိုးသမီးတစ်ယောက်သည် တံခါးဆီသို့သာ စိုက်ကြည့်နေသည့် အသက်မဲ့သောမျက်လုံးသေများနှင့် သွေးအိုင်ထဲလဲနေလေသည်။
သူမ၏ မျက်နှာအမူအရာသည် မျှော်လင့်ချက်ပျောက်ဆုံးမှု ကြောက်လန့်မှုများဖြင့် မှင်တက်နေသည်။
သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသည် မူလအသွင်အပြင်ကိုပင် မမှတ်မိနိုင်လောက်အောင် လုံးဝ ဖျက်ဆီးခံထားရပေသည်။
သူမဘေး၌ လက်ထဲတွင် မီးဖိုချောင်ဓားတစ်ချောင်းကိုင်ထားကာ တစ်ကိုယ်လုံးသွေးများပေကျံနေသည့် လူတစ်ယောက် ဒူးထောက်ထိုင်နေသည်။
ယခုအချိန်ထိတိုင်အောင် ထိုလူက အမျိုးသမီး၏ ပုံပျက်နေသည့် ခန္ဓာကိုယ်ကို ဓားဖြင့် အဆက်မပြတ် ဆက်ထိုးနေသေးသည်။
ဓားက ပဲ့နေပြီဖြစ်သော်လည်း သူက အမျိုးသမီး၏ ခန္ဓာကိုယ်ကို ‘ဇွပ်’ ‘ဇွပ်’ ဇွပ်’ စည်းချက်ညီညီ အသံများဖြင့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဆက်လက်ထိုးသွင်းနေသေးသည်။
မည်သည့်အချိန်က စတင်ခဲ့မှန်း မသိရသော်လည်း ချန်စဲကျစ်၏လက်ထဲရှိ ခြေရာခံစက်အသံများသည် ရပ်သွားလေပြီ။
ထိုလူက သူတို့ရှိနေသည်ကို သတိပြုမိသွားပုံရကာ သူ၏ခေါင်းကို ဖြည်းညင်းစွာမော့ရင်း သွေးများ ဖုံးလွှမ်းနေသည့် ကြောက်စရာမျက်နှာကို ပြသလေတော့သည်။
သူ၏နှုတ်ခမ်းသည် အပြုံးဟုထင်ရသည့်ပုံစံအဖြစ်သို့ တွန့်သွားလေ၏။
မီးဖိုချောင်သုံးဓားကို ကိုင်ရင်း သူက ကို့ရို့ကားရား မတ်တပ်ရပ်လိုက်ကာ နှောင့်နှေးခြင်းမရှိဘဲ အရှေ့တွင်ရပ်နေသည့် ကျောက်ကွမ်းချန်ဆီသို့ ဦးတည်ကာ ပြေးလာတော့သည်။
ဒီအချိန်တွင်ပဲ ယဲ့ကျား၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားတော့သည်။
ထိုလူ၏မျက်နှာသည် သူ၏အမြင်အာရုံ အနက်ရှိုင်းဆုံးတွင် ထင်ဟပ်လာတော့သည်။ ထိုသို့ ကောက်ကျစ်ပြီး ဆိုးရွားလွန်းသည့် အကြည့်သည် သူ၏မှတ်ဉာဏ်အတွင်းရှိ အခြားမျက်နှာတစ်ခုနှင့် တစ်ထပ်တည်း ဖြစ်နေသည်။
ညတစ်ည၏ညလယ်ပိုင်း အပြင်ဘက်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့သည်။
တံခါးသည် တစ်ဝက်တစ်ပျက် ပွင့်နေလေ၏။
ထိုတံခါးဝသို့ လူငယ်တစ်ယောက် ရောက်လာကာ အသာလေး တံခါးကို တွန်းဖွင့်လိုက်သည်။
အပြင်ဘက်ရှိ မိုးကြိုးလျှပ်စီးရောင်က အခန်းကို ခဏတာ လင်းသွားစေခဲ့သည်။ အခန်းအလယ်တွင် သွေးအိုင်ထဲ လဲနေသည့် ဖြူဖျော့သောမျက်နှာနှင့် အမျိုးသမီးတစ်ယောက်က တံခါးရှိရာသို့ အသက်မဲ့နေသောမျက်လုံးများဖြင့် ငေးကြည့်နေသည်။
သူမမသေခင် တစ်ခုခုပြောချင်ခဲ့သလိုပင် သူမ၏နှုတ်ခမ်းများမှာ ပွင့်ဟနေသည်။
စည်းနေကျဆံပင်သည်လည်း လျော့ရဲစွာ ဖြန့်ကျဲလျက် သွေးများဖြင့် စွန်းထင်းနေလေ၏။
သူမအကြိုက်ဆုံး ပုလဲဆွဲကြိုးသည်လည်း ပြတ်ထွက်နေကာ ပုလဲလုံးလေးများမှာ ယခုအခါတွင် ကြမ်းပြင်ပေါ်၌ သွေးအလိမ်းလိမ်းဖြင့် ပြန့်ကြဲနေတော့သည်။
သူမက အဖေဟု ခေါ်ခဲ့သည့်သူမှာ သူမ၏ ခန္ဓာကိုယ်ဘေးတွင် ဒူးထောက်ထိုင်ကာ သူမ၏ ပုံပျက်နေသည့် ရုပ်အလောင်းကို ဓားဖြင့် ထပ်ကာထပ်ကာ ထိုးသွင်းနေလေသည်။
လူငယ်လေးက ထိတ်လန့်မှုဖြင့် တံခါးဝတွင် တောင့်တင်းစွာ ရပ်နေမိခဲ့သည်။
အသက်ရှုဖို့ မေ့လောက်သည့်အထိပင်။
ခဏအကြာတွင် ထိုလူက တံခါးဝတွင် ရပ်နေသည့် လူရွယ်ကို သတိပြုမိသွားပုံပေါ်သည်။
သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ လက်ထဲတွင် ရှိနေသေးသည့် မီးဖိုချောင်သုံးဓားဖြင့် လူရွယ်ဆီသို့ တလှမ်းချင်း ချည်းကပ်လာလေသည်။ သူ့ခြေထောက်အောက်ရှိ သွေးများကတော့ တလှမ်းလှမ်းတိုင်း ‘တစွပ်စွပ်’ မြည်လျက်။
နောက်ထပ် လျှပ်စီးကြောင်းတစ်ခုက အခန်းကို တစ်ဖန် လင်းသွားစေပြန်ကာ နောက်ဆုံးတော့ ထိုလူ၏မျက်နှာကို မြင်ခဲ့ရပေပြီ။
သူ၏ ဖြူဖျော့နေသည့်မျက်နှာသည် သွေးများစွန်းနေပြီး လူငယ်ကို ရူးကြောင်ကြောင်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ သူ၏ နှုတ်ခမ်းများသည်လည်း ဆိုးဆိုးဝါးဝါးအပြုံးတစ်ခုကို ဖန်တီးထားကာ ဤကဲ့သို့ မိုးရွာနေသော နေ့တစ်နေ့တွင် အလွန်ခြောက်ခြားစရာကောင်းနေသည့် မြင်ကွင်းတစ်ခုပင်။
“ဝုန်း...”
နောက်ထပ် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
“ဒိုင်း______ဒိုင်း”
သေနတ်သံနှစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ ယဲ့ကျားကို သူ၏မှတ်ဉာဏ်များထဲမှ ပြန်လည်ဆွဲထုတ်လိုက်လေသည်။
သူ့ရှေ့တွင် လူတစ်ယောက်သည် မြေပေါ်သို့ ခွေခနဲကျသွားကာ သူ့ကိုယ်မှ သွေးများဖြာထွက်လာသည်။
ကျောက်ကွမ်းချန်သည် ပြင်းထန်စွာ ဟောဟဲလိုက်ရင်း ထိတ်လန့်နေပုံရသေးသည့်မျက်နှာဖြင့် ပြောသည်။
“သူဘာဖြစ်သွားတာလဲ”
“မင်းသူ့ကိုသတ်လိုက်တာလား” ချန်စဲကျစ်အသံမှာ စိုးရိမ်မှုကြောင့် အနည်းငယ်မြင့်နေသည်။
ကျောက်ကွမ်းချန်သည် ကပျာကယာ ခေါင်းခါရင်း “မ-မဟုတ်ဘူး ငါချက်ကောင်းနေရာတွေ ရှောင်ပြီး ပစ်လိုက်တာ......” ဟု ငြင်းဆန်လေ၏။
ယဲ့ကျားက ရှေ့ထွက်ပြီး ကုန်း၍ စစ်ဆေးလိုက်သည်။
အမှန်တကယ်ပင် ပစ်ချက်နှစ်ချက်က သူ၏ ပုခုံးနဲ့ လက်မောင်းကို ထိသွားခြင်း ဖြစ်သည်။ သေစေလောက်သည့် ဒဏ်ရာများ မဟုတ်ပေ။
ထိုလူ၏မျက်လုံးများမှာ ပြူးထွက်နေပြီး ထိုကောက်ကျစ်သည့်အပြုံးဖြင့် မျက်နှာကြက်ကို ဆက်တိုက် ငေးကြည့်နေလေသည်။
ယဲ့ကျားက သူ၏လက်ကို ထိုသူ၏ လည်ပင်းတွင် ထားကာ စမ်းကြည့်လိုက်သည်။
သွေးခုန်နှုန်းမရှိတော့ပေ...။
ယဲ့ကျားက အသက်ပြင်းပြင်းရှုလိုက်ကာ သူ့နောက်ရှိ ချန်စဲကျစ်နှင့် ကျောက်ကွမ်းချန်တို့ကို လှည့်ကြည့်ပြီး ပြောသည်။
“ရဲကိုခေါ်လိုက်တော့...”
သူ့လက်တွင် ပေနေသည့် သွေးများကို သုတ်လိုက်ရင်း သူက မတ်တပ်ရပ်ကာ လှည့်ထွက်လာခဲ့သည်။
အစမှအဆုံးထိအောင် ဝမ်းဗိုက်ပိုင်း ပုံပျက်နေသော အမျိုးသမီးကို လုံးဝမကြည့်ခဲ့ချေ။ သူ၏မျက်လုံးများကို ထိုဘက်သို့ တစ်စွန်းတစ်စမျှ မရောက်ရှိစေချင်ပုံပင်။
.
တဖြည်းဖြည်း ညနေစောင်းလာပြီး ညအချိန်သို့ ရောက်ပေတော့မည်။
ယဲ့ကျားနှင့် အခြားနှစ်ယောက်က ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ သတင်းပြန်ပို့နေကြသည်။
မြို့၏ယခုလက်ရှိအခြေအနေတွင် လူအင်အားလျော့နည်းမှုများနှင့်အတူ ဖြေရှင်းစရာ ပြဿနာများစွာ ရှိနေသေးသည်။ ဒဏ်ရာမရခဲ့သော ကျန်ရှိသည့် အဖွဲ့ဝင်အားလုံးက လက်ရှိ ရုံးထဲတွင် အလုပ်လုပ်နေကြသည်။
“ဟေး....” ချန်စဲကျစ်သည် ယဲ့ကျားကို တံတောင်ဖြင့်တို့ရင်း “ရော့ဒီမှာ စုဆောင်းရေးပစ္စည်း...”
ယဲ့ကျားသည် အခုမှ အာရုံပြန်စုစည်းနိုင်ပုံပေါ်ကာ “.....အိုး” ဟု ရေရွတ်လိုက်၏။
သူက စုဆောင်းရေးပစ္စည်းကို လျှိုကျောက်ချန်ဆီသို့လွှဲပေးပြီး မျက်လွှာချစဉ်းစားနေပြန်သည်။
ချန်စဲကျစ်က စိုးရိမ်တကြီးဖြင့် “အကိုယဲ့ ဘာဖြစ်နေလို့လဲ ကျွန်တော်တို့ ရဲကို ခေါ်ပြီးတည်းက ဘာလို့ နှုံးနေရတာလဲ” ဟု မေးလိုက်သည်။
ယဲ့ကျားသည် နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်ရင်း သူ၏ပုံမှန်တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်ပါဘူး နည်းနည်းပင်ပန်းသွားလို့ပါ”
ယဲ့ကျားသည် သူတို့နှစ်ယောက်နှင့်ခွဲကာ လမ်းလျှောက်ထွက်သွား၏။
ထို့နောက် သူ့မျက်နှာပေါ်မှ အပြုံးသည် နေရောင်ထဲမှ နှင်းပွင့်များကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ ခြေရာလက်ရာပင်မကျန် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ယဲ့ကျားက သူ၏ရုံးခန်းထဲရှိ စားပွဲဆီသို့ စိတ်ခံစားမှုမဲ့စွာ ချည်းကပ်ရင်း ထိုင်ချလိုက်သည်။
သူလုပ်ကိုင်ရမည့် ရုံးတွင်းဖိုင်တွဲပုံကြီးက စားပွဲပေါ်တွင် အသင့်စောင့်ကြိုနေလေ၏။ သူက ဖိုင်တွဲများကို တချက်ကြည့်လိုက်သော်လည်း စာရွက်များပေါ်ရှိ စကားလုံးများအစား အနက်ရောင်အစက်များသာ မြင်နေရသည်။ သူက အတွေးထဲတွင် ပျောက်ဆုံးနေပုံပေါ်ရလေသည်။
အပေါက်ဝတွင် ရုတ်ရုတ်သဲသဲဖြစ်နေသော်လည်း ယဲ့ကျားသည် ကြားပုံမရချေ။
ရေနစ်နေသည့် လူတစ်ယောက်က ကြမ်းတမ်းလှသည့် ပင်လယ်လှိုင်းများကြားတွင် ရေပေါ်ပေါ်စေရန် ရုန်းကန်နေရသကဲ့သို့ သူသည်လည်း သူ၏ရှုပ်ထွေးလှသည့်အတွေးများထဲတွင် နစ်မွန်းနေပေသည်။
အပြင်လောကမှ မည်သည့်အသံမျှ သူနားထဲဝင်မလာချေ။သူ၏အတွေးများထဲမှ သူ့ကိုယ့်သူ ပြန်ဆွဲထုတ်ရန် အခက်တွေ့နေပေသည်။
ထိုအတွေးများသည် ယဲ့ကျား၏အိတ်အတွင်းရှိ သွေးအရိုးငါး အဆက်မပြတ် လူးလွန့်နေသည့်အချိန်မှပင် ပြတ်တောက်သွားတော့သည်။
ယဲ့ကျား မျက်မှောင်ကြုတ်ကာ သွေးအရိုးငါးကိုငုံ့ကြည့်ရင်း ၎င်းကို နှစ်သိမ့်စေရန်အလို့ငှာ အိတ်အပြင်ဘက်ကို ပွတ်သပ်ပေးလိုက်သည်။ ပွတ်သပ်ပေးခြင်းမှာ အထောက်အကူမဖြစ်ဘဲ သွေးအရိုးငါးသည် ပို၍ပြင်းထန်စွာ လူးလွန့်လာလေသည်။
ထိုအချိန်တွင် ယဲ့ကျားသည် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်သံများကို ကြားလိုက်ရသည်။ ထို့အပြင် ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လာသည့် အသံသည်လည်း နီးကပ်လာလေသည်။
ထိုအသံက သူ့စားပွဲရှေ့တွင် ရပ်တန့်သွား၏။
ယဲ့ကျားက သွေးများနှင့် အသားစများ ပေကြံနေသည့် အကောင်းစား အနက်ရောင် သားရေရှုးဖိနပ်ကို တွေ့လိုက်ရသည်။ သူက ထိတ်လန့်တကြား မော့ကြည့်လိုက်၏။
သူ့ရှေ့တွင် အရပ်ရှည်ရှည်လူတစ်ယောက် မျက်လွှာချကာ ရပ်နေလေသည်။
သူ၏သွင်ပြင်မှာ အားကောင်းလှပြီး နက်မှောင်လှသည့် မျက်ဝန်းနက်များထဲတွင် အနီရောင်အလင်းဖျော့ဖျော့ လက်သွားလေသည်။
ထိုသူက သူ၏နှုတ်ခမ်းထောင့်များကို ဖြည်းညင်းစွာ ပင့်တင်ရင်း ယဲ့ကျားဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်လေရာ အင်္ကျီလက်စမှာ နောက်သို့နည်းနည်း မြင့်တက်သွားကာ သူ၏ဖြူဖျော့သော လက်ကောက်ဝတ် ပေါ်လာလေသည်။
သူက ချစ်သူတစ်ယောက်၏ တီးတိုးသံကဲ့သို့ စွဲဆောင်မှုရှိလှသော အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ကိုယ်ဒီကို အဖမ်းခံဖို့လာတာ”
Xxxxx