အပိုင်း ၅၇
Viewers 10k

Chapter 57



“ဘာလို့ နောက်တစ်ယောက်က ကိုယ့်ခြေထောက်နဲ့ကိုယ် ဝင်လာပြန်ရတာလဲ…”

ဝူစူးက သူ့အပေါ်ထပ်အင်္ကျီကို ကောက်ဝတ်လိုက်ပြီး မြန်မြန်ထွက်သွားလေသည်။ 

ယမန်နေ့ညက ဖြစ်ပေါ်လာသည့် သရဲနှင့် မကောင်းဆိုးဝါးများ၏ ကိစ္စမှာ ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။ သတင်းများမှာပေါက်ကွဲမှုတစ်ခုအလား အင်တာနက်ပေါ်တွင် နောက်ဆက်တွဲ ဆက်တိုက် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ မရေမတွက်နိုင်အောင် များပြားလှသည့် ပူးပေါင်းကြံစည်မှု သီအိုရီများနှင့် ယူဆချက်များ၊ လူအများမှ ဖန်တီးထားသော မှတ်တမ်းများမှာ လူမှုကွန်ရက်ပေါ်တွင် စိုးမိုးသွားခဲ့ပြီး အစိုးရ၏ လျှို့ဝှက်အဖွဲ့အစည်း ဖြစ်သည့် သဘာဝလွန်ဆိုင်ရာ ကိစ္စရပ်များ စုံစမ်းစစ်ဆေးရေးနှင့် စီမံခန့်ခွဲမှုဗျူရိုကို အာရုံစိုက်လာကြသည်။

ဝန်ထမ်းအားလုံးကို အင်တာနက်ပေါ်တွင် မည်သည့်မှတ်ချက်များမဆို ချန်ထားခဲ့ခြင်း မပြုလုပ်ရန် သို့မဟုတ် တရားဝင် မထုတ်ပြန်မချင်း မည့်သည့်မီဒီယာကိုမှ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် တာဝန်ရှိသူများက ဆုံးဖြတ်ချက် ချခဲ့သည်။

M City တိုက်ခိုက်ရေးအဖွဲ့၏ အမြင့်ဆုံးအဖွဲ့ဝင် ဝူစူးအနေဖြင့် သူ၏ အထက်လူကြီးများနှင့် လက်အောက်ငယ်သားများထံမှ ဖိအားအများစုကို ခါးစည်းခံနေရ၏။

ယမန်နေ့ညက ကမောက်ကမဖြစ်ရပ်များ ပြီးဆုံးသွားသော်လည်း သူလုပ်ရမယ့်အလုပ်များမှာ အဆပေါင်းများစွာ တိုးလာ၏။ 

နေ့ရောညပါ မရပ်မနား အလုပ်လုပ်ပြီးနောက် ဝူစူး၏ မျက်လုံးများသည် သွေးထွက်နေသကဲ့သို့ နီရဲလာပြီဂ ဂရုမစိုက်ဘဲ ပစ်ထားမိသော မုတ်ဆိတ်မွေးများမှာလည်း ရှုပ်ပွနေတော့သည်။ သို့သော်လည်း သူ့ပုံစံမှာ အားအင်အပြည့်ပင်။

“ဒီကိစ္စမှာလည်း အေ့စ်နဲ့ ထပ်ပြီး ပတ်သက်နေနိုင်လား…”

စီးကရက်ကိုမီးညှိရင်း မေးလိုက်သည်။

“အရင်တုန်းက သုန့်ကွာလိုဘဲလား”

“ဒီတစ်ခေါက်တော့မဟုတ်ဘူး…” ဟု ခဲ့ကျန်းက ပြန်ဖြေလိုက်သည်။

သူ တစ်ခဏလောက် တွေးတောလိုက်၏။ သို့သော် ယခု ဖြစ်နေသည့် အခြေအနေကို ပုံဖော်ပြောရန်အတွက် အလွန်ခက်ခဲလှပေသည်။ သူက စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် နေခြင်းဖြင့်သာ အဖြေပေးနိုင်သည်။

“အမ်… ညီအစ်ကိုဝူ… မင်း အဲ့ဒီကိုရောက်တဲ့အချိန်သိမှာပါ…”

ဝူစူးက နားမလည်နိုင်ပေ။

သူ၏ဒု-ကပ္ပတိန်ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် မေးမြန်းခြင်းမရှိဘဲ တစ်ဖက်သား လက်ညှိုးထိုးပြသည့် နေရာသို့ ကူးသွားလေသည်။ 

စစ်ဆေးမေးမြန်းသည့် အခန်းတံခါးကို သူဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဝူစူး၏ လှုပ်ရှားမှုများကို မသိစိတ်က ရပ်တန့်လိုက်လေသည်။

စစ်ဆေးရေးအခန်းမှာ မကျယ်ဝန်းလှပေ။ အပေါ်စီးမှ အလင်းရောင်မှာ အေးစက်ပြီး တောက်ပစူးရှနေသည်။ အခန်းတစ်ခန်းလုံး၏ ဒီဇိုင်းမှာ အလွန် ရိုးရှင်းပြီး ငြီးငွေ့စရာ ကောင်းလှချေ၏။ 

အခန်း၏ အလယ်တွင် ထိုင်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့နေရသည်။ ထိုလူက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး ထိုင်ခုံပေါ်၌ သက်တောင့်သက်သာ ထိုင်နေ၏။ ထိုလူမှာ လူသတ်သမား တစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားကာ သူ၏ မျက်လုံးများမှာ နက်မှောင်လှပြီး မှေးနေသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။ သွေးမရှိသော ဖြူဖျော့ဖျော့ လက်ဖဝါးများကို စားပွဲခုံပေါ်တွင် တင်ထား၏။ သူ၏ လက်ကောက်ဝတ်တစ်ဝိုက်တွင် ဝတ်ဆင်ထားသော ငွေရောင်လက်ကောက်လေးမှာ မျက်လုံးထဲတွင် ထင်းခနဲ ပေါ်လွင်နေပေသည်။ သူ့လက်ကောက်ဝတ်တစ်ဝိုက်တွင် အထူးချုပ်နှောင်ထားသည့် လက်ထိပ်ပါရှိသော သတ္တုစားပွဲနောက်တွင် ထိုင်နေရသော်လည်း သူ့ပုံစံမှာ အိမ်တွင် နေထိုင်နေသကဲ့သို့ သက်တောင့်သက်သာ ဖြစ်နေ၏။ ဖိနှိပ်ချုပ်ချယ်မှုက သူ့အရိုးတွင်းနက်မှ ထွက်လာပြီး အခြားသူများကို အလိုလိုကြောက်လန့်စေသည်။ 

အခန်း၏အခြားထောင့်တွင် ရောက်နေသည့် ဝူစူးက သူ့ကို မှတ်မိသွားသည်။ ထိုနေရာတွင် ထိုင်နေသည်မှာ ပြီးခဲ့သည့် အကြိမ်က သူ့ကို ကူညီခဲ့သော ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ဝန်ထမ်း ဖြစ်နေသောကြောင့်ပင်။

လူငယ်လေး၏ ပယင်းမျက်လုံးများမှာ မျက်လွှာချထားပြီး ချောမောလှပ၍ ဖြူဖျော့သော မျက်နှာတွင် အမူအရာ တစ်ခုမှ မရှိသောကြောင့် ကမ္ဘာကြီးနှင့် အလွန်အလှမ်းဝေးနေပုံ ရသည်။ သူက ဤရာထူးကို တမင်ရွေးချယ်ထားပုံ ရလေသည်။ သတ္တုစားပွဲနောက်တွင် ထိုင်နေသည့် လူကြီးနှင့် သိပ်မဝေးသလို အရမ်းလည်းမနီးလှချေ။ သူက မည်သူမဆိုနှင့် အနီးကပ်နေခြင်း မရှိချေ။ သူနှင့် အခြားသူတစ်ယောက်ကြားရှိ အကွာအဝေးကို လွန်စွာ ထိန်းသိမ်းတတ်ပေသည်။

အခန်းတွင်းရှိ လေထုမှာ မွန်းကျပ်သလိုဖြစ်ပြီး အသက်ရှူရ ခက်ခဲသွားသည့် အခြေအနေထိ ဖြစ်နေသည်။ 

အကြောင်းတစ်ခုခုကြောင့် နှစ်ယောက်သား အပြန်အလှန် စိမ်းကားသွားခဲ့သော်လည်း ဝူစူးက နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ကောင်းကောင်းသိနေနိုင်သည်ဟု ထင်မှတ်သွားသည်။

ဝူစူး: "……….." 

ဒါဆို ဒီလိုထူးဆန်းတဲ့ အငွေ့အသက်တွေက ဘာတွေလဲ…။

ဝူစူးရောက်လာသည်ကို သတိပြုမိသွားသည်နှင့် ထိုလူ၏ အကြည့်မှာ ဝူစူးထံသို့ ရောက်လာပြီး တစ်ခဏအတွင်းမှာပင် ဝူစူးမှာ သူ့နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာမှ ကြောက်ရွံ့စိတ်များ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။ သူ့ကျောပြင်တွင် ချွေးစေးများ စီးကျလာ၏။

အဲ့ဒီလူကြီးကို ကြည့်ရင် ဘာလို့ ကြက်သီးထသွားရတာလဲ…။ တစ်ကိုယ်လုံး ဘာလို့ တုန်လှုပ်သွားရတာလဲ…။

သူကား လူသားမဟုတ်ပေ။

တစ်ဖက်လူကလည်း ယင်းကို ဖုံးကွယ်ထားလိုသည့် ဆန္ဒ မရှိကြောင်း မြင်သာလှသည်။ သူက သူ၏ အင်အားနှင့် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းခြင်းကို ဖုံးကွယ်ရန် မကြိုးပမ်းလိုသဖြင့် လူသားမဆန်သော သူ၏ အရည်အချင်းများကို ဆက်လက် ထုတ်ဖော်ပြသနေ၏။

ဝူစူး၏ နှလုံးသားမှာ တင်းမာသွားလေသည်။

သူ၏ မသိစိတ်မှ လှုံ့ဆော်မှုကြောင့် ခါးကြားက သေနတ်ဆီသို့ လက်လှမ်းသွားပြီး “မင်းကဘယ်သူလဲ…” ဟု ပြင်းပြင်းထန်ထန် မေးလိုက်လေသည်။

သူ ရှေ့တိုးလာသည်ကို ရင်ဆိုင်ရသော်လည်း တစ်ဖက်လူက တည်ငြိမ်နေဆဲပင်။

ကျီရွှမ်က သူ့လက်ကိုမြှောက်လိုက်၏။ ထို့နောက် သူရဲ့လက်ကောက်ဝတ်ကို စားပွဲခုံပေါ်သို့ တင်လိုက်ပြီး “စိတ်လှုပ်ရှားမနေပါနဲ့…” ဟု ပြောလိုက်သည်။

ဝူစူးက ယခုအချိန်မှသာ တုံ့ပြန်နိုင်တော့လေသည်။

တစ်ဖက်သားကို ယခုလောလောဆယ်တွင် သူတို့မသုတ်သင်နိုင်သော စွမ်းအားကြီးတစ္ဆေများကို ထိန်းချုပ်သည့် သံကြိုးများဖြင့် ချုပ်နှောင်ထား၏။ ၎င်းတို့ကို ချည်နှောင်ထားနိုင်သရွေ့ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိသော ယင်စွမ်းအင်များကို ဖိနှိပ်ထားနိုင်ပြီး လူအများကို အန္တရာယ်ပြုနိုင်တော့မည် မဟုတ်ပေ။


သို့သော် ဝူစူးက စိတ်မသက်သာနိုင်သေးပါ။

တစ်ဖက်လူ၏ စိတ်သဘောထားက ပို၍ ပေါ့ပေါ့ပါးပါး ရှိနေသလားဟု သူ့မသိစိတ်က တွေးနေမိသည်။ ဝူစူး၏ စိတ်ထဲတွင် တင်းမာမှုများ ပို၍ များပြားလာခဲ့၏။ သူက သူ့မျက်လုံးများကို မှိတ်လိုက်ပြီး အေးတိအေးစက် အသံဖြင့် မေးလိုက်သည်။

“မင်းရည်ရွယ်ချက်ကဘာလဲ…”

ကျီရွှမ်က ရယ်လိုက်၏။ 

“ငါ့ရည်ရွယ်ချက်က ရှင်းနေတာပဲ မဟုတ်ဘူးလား…”

အဝေးတွင်ထိုင်နေသည့် ယဲ့ကျားက သူ့ကို ကြည့်လိုက်လေသည်။ ထိုလူငယ်၏ မျက်နှာအမူအရာမှာ ယခုချိန်အထိ စိတ်အေးလက်အေး ဖြစ်နေပြီး သူ့ရဲ့အကြည့်မှာ ဓားသွားသကဲ့သို့ ထက်မြနေသည်။ 


နောက်ဆုံးတွင် ထိုလူငယ်မှာ တစ်ဖက်သား၏ အာရုံစူးစိုက်မှုကို ခံလိုက်ရသည်။


ကျီရွှမ်က သူ့နှုတ်ခမ်းများကို မလှုပ်တလှုပ်လုပ်ပြီး ပြောလိုက်၏။


“ပူးပေါင်းဆောက်ရွက်မှု…”

“ပူးပေါင်းဆောင်ရွက်မှု ဟုတ်လား…” ဟု ဝူစူးက အံ့အားသင့်စွာ ပြောလိုက်သည်။

ကျီရွှမ်က အနောက်ကိုမှီ၍ အေးအေးလူလူ ထိုင်လိုက်သည်။ ထို့နောက် ဆက်ပြော၏။

“အမှန်ပဲ… အဲ့ဒီလွတ်မြောက်လာတဲ့တစ္ဆေတွေဆီမှာ ခေါင်းဆောင်ရှိမရှိ၊ ရည်ရွယ်ချက်ရှိမရှိ မင်း မသိချင်ဘူးလား…” ဟု မျက်နှာပေါ်တွင်အပြုံးလေးဖြင့်ပြောလိုက်သည်။

“ဒါမှမဟုတ် မနေ့ညကဖြစ်သွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်ကိစ္စကို မသိချင်ဘူးလား…”

ထိုလူ၏ အကြည့်ကြောင့် ဝူစူး ကျောချမ်းသွားရလေသည်။

သို့သော် ယခု တစ်ဖက်လူက ပြောနေသည့်စကားတိုင်းမှာ အမှန်ပင် ဖြစ်၏။ ယခုအချိန်တွင် လူသားမျိုးနွယ်စု အနေဖြင့် သူတို့ မည်သည့်အရာနှင့် ရင်ဆိုင်နေရကြောင်း၊ မည်သူက သူတို့၏ ရန်သူဖြစ်ကြောင်း မသိကြချေ။ 

သူတို့လိုချင်တာဘာလဲ...။

ကစားပွဲမှ ထွက်သွားသည့် စွမ်းအားကြီးတစ္ဆေများမှာလည်း စိတ်ထဲတွင် ရည်ရွယ်ချက်တစ်ခု ရှိနေပုံရသည်။ အချို့မှာ ပြန့်ကျဲနေသည့်အချိန် အချို့မှာ ပျောက်ကွယ်သွားကြ၏။ နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်ရာ ထူးဆန်းဖြစ်ရပ်များ တိုးပွါးလာသည်နှင့်အမျှ ထိခိုက်နစ်နာသူများ ပေါများလာခဲ့သော်လည်း နစ်နာသူ၏ ပုံစံကိုမူ သတ်မှတ်ထားခြင်းမရှိချေ။

သို့သော် ကစားသမားဟောင်း တစ်ယောက်ဖြစ်သည့် ဝူစူးက ထိုအရာများကို တစ်စုံတစ်ခုက ပြုလုပ်နေသည်ဟု ထင်မိသော်လည်း သက်သေပြရန်ခိုင်လုံသောအချက်မရှိပေ။

အခုမူ အင်အားကြီးပြီး စွမ်းအားမြင့်သည့် တစ္ဆေက သူ့အရှေ့တွင် ပေါ်ထွက်လာပြီဖြစ်သည်။ ထို့ပြင် အရာအားလုံး၏ နောက်ကွယ်မှအမှန်တရားကိုလည်း သူ သိထားပုံရပေသည်။

ဝူစူးက တုန်လှုပ်နေမိ၏။ သူ့စိတ်ထဲတွင် တစ်ဝက်က စိတ်လှုပ်ရှားနေသော်လည်း ကျန်တစ်ဝက်မှာ ကြောက်ရွံ့မှုနှင့် ပြည့်နှက်နေသည်။ သူက အသက်ဝဝ ရှူလိုက်ပြီး ခုံတစ်လုံးပေါ်တွင် ထိုင်ချလိုက်၏။ ထို့နောက် နှုတ်မှ ဖြည်းညှင်းစွာဖြင့် မေးသည်။

“ကဲ အစကနေစပြောရအောင်… မင်းရဲ့ခေါင်းဆောင်ကဘယ်သူလဲ…”

“အမေ…” ဟု ကျီရွှမ် ဖြေလိုက်သည်။

“သူမက မကောင်းဆိုးဝါး၊တစ္ဆေတိုင်းရင်းပင်မ ဖြစ်သလို အကုန်လုံးရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်…”


ဝူစူးက သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။


“ငါကစားပွဲထဲ ရောက်နေတုန်းက စွမ်းအားကြီးတစ္ဆေမှာ အမေရှိတယ်လို့မကြားဖူးပါဘူး…”

“အဆင့်နိမ့်တဲ့ သရဲ တစ္ဆေတွေက ယင်စွမ်းအင်ကနေ ပေါက်ဖွားလာတဲ့ ယုတ်ညံ့တဲ့သတ္တဝါတွေဘဲ… အဆင့်မြင့်တဲ့ သရဲတစ္ဆေမှာသာ အမေ ဆိုတာရှိပြီးတော့ သူတို့ဘယ်ကနေလာကြတယ်ဆိုတာသိနိုင်တာ…” ဟု ကျီရွှမ်က ရယ်ရင်း ပြောလိုက်သည်။


“ကျီရွှမ်ကရော ဘယ်လိုလဲ…” ဝူစူးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“သူက မင်းရဲ့ဘုရင် မဟုတ်ဘူးလား…”


ယဲ့ကျား:”…….”


သူအောက်ကိုငုံ့ကြည့်နေလိုက်သည်။ ကျီရွှမ်က သူ့မျက်နှာအမူအရာ မပြောင်းဘဲ ပြောလိုက်၏။

“ဟုတ်တယ် ဒါပေမဲ့ ဘုရင်ဆိုတဲ့လူကလည်း သူ့အမေရဲ့ အသေးအမွှားလေးဘဲ…”

“အသေးအမွှား ဟုတ်လား… ဘာလို့လဲ…”

ကျီရွှမ်၏ နှုတ်ခမ်းမှာ ပြုံးနေ၏။ နီညိုရောင်မီးအလင်းက သူရဲ့စူးရှုတဲ့မျက်လုံးတစ်စုံပေါ် ကျရောက်နေပြီး သူရဲ့အသံမှာ နက်ရှိုင်းလှသည်။ ထိုအချက်များကြောင့် ကြက်သီးထစရာ ကောင်းနေပေသည်။

“ဘာလို့လဲဆိုတော့ အမေကလူ့လောကကိုထွက်လာလို့မရသေးတာကြောင့်ဘဲ...”

ဝူစူးက စိတ်လှုပ်ရှားနေ၏။ 

“ဒါဆို မင်း ပြောနေတာက အခုဒီကိစ္စတွေအားလုံးက သူမကိုလူ့လောကထဲကိုဝင်လာနိုင်အောင်လို့ လုပ်နေကြတာလား… သူမသာရောက်လာရင်ဘယ်လိုတွေဖြစ်ကုန်မှာလဲ…”


ကျီရွှမ်ကပြန်မဖြေချေ။


ယင်းအစား သူ့လက်ချောင်းများဖြင့် သတ္တုစားပွဲကို တတောက်တောက် ခေါက်နေသည်။


“အမေက ငါတို့အကုန်လုံးကို သွေးထဲကနေတောင် ထိန်းချုပ်ထားတယ်… ဆိုလိုတာက တချို့မင်းမေးတဲ့ မေးခွန်းတွေကို မဖြေနိုင်ဘူး…အဲ့ဒါကြောင့် နောက်တစ်ခါမင်းမေးခွန်းမေးမယ်ဆိုရင် ဆင်ခြင်ပါ…”


“ဟုတ်ပြီလေ…” 


ဝူစူးက အသက်ဝဝရှုပြီး မေးခွန်းပြောင်းမေးလိုက်သည်။


“မင်းက အဆင့်မြင့်တစ္ဆေထဲကတစ်ယောက် ဖြစ်သလို မင်းအမေရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်…  ဒါပေမယ့် ဘာလို့လူသားတွေဘက်က ကူညီပေးနေရတာလဲ…”


ကျီရွှမ်ကမျက်မှောင်ကြုံ့ပြီးဖြေလိုက်တယ်။


“အမ်.. ငါတို့အကုန်လုံးမှာကွဲပြားတဲ့အတွေးအခေါ် ယူဆမှုတွေရှိတယ်လေ…”


သူ့အကြည့်က ဘေးနားတွင် ထိုင်နေသည့် ယဲ့ကျားဆီသို့ ပြောင်းသွား၏။ ထို့နောက် ဆက်ပြောလေသည်။


“သူမက ငါ့ကို မဖြစ်နိုင်တဲ့ အလုပ်တစ်ခုကိုပြီးအောင်လုပ်ခိုင်းခဲ့တယ်လေ…”

အနေအထားမှာ ပိုမိုထူးဆန်းလာခဲ့၏။

ဝူစူးက တစ်ခုခု မူမမှန်သည်ကို သတိထားမိပြီး ဘာမှဆက်မမေးတော့ချေ။

သူက တစ်ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။

“မြို့တော်က ငါတို့ထက် ပင်မနေရာနဲ့ပိုနီးတယ်…အဲ့မှာအရည်အချင်းရှိတဲ့လူတွေပိုများလိမ့်မယ်…”

M မြို့တော်ရှိနေရာမှာ ပင်မဌာနချုပ်ထက် သေးငယ်ပြီး ထင်သာမြင်သာ မရှိသော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်လိုပါက မြို့တော်တွင် ရှိသည့် ပင်မဌာနချုပ်သို့ သွားခြင်းက ပို၍ အကျိုးရှိမည်ဟု ပြောလိုက်လေသည်။ ဝူစူး၏ စိတ်ထဲတွင် ထိုလူ့အတွက် အကွာအဝေးမှာ ပြဿနာမရှိဟု တွေးလိုက်သည်။

ထောက်ပံ့ပို့ဆောင်ရေးဌာနက ဝန်ထမ်းတစ်ဦးထံ တမင်တကာ တက်ရန် အဘယ်ကြောင့် သူ့လမ်းမှ ထွက်သွားသည်ကို သူ နားမလည်ပါ။ မည်သို့ပင် တွေးပါစေ ထူးဆန်းလှသည်။ ဝူစူးက ယဲ့ကျားကို တိတ်တဆိတ် စိုက်ကြည့်ပြီး ဝေ့ဝိုက် မေးလိုက်၏။

"မင်းဘာလို့ ငါတို့နဲ့ ပူးပေါင်းချင်ရတာလဲ…” 

ယခုတစ်ကြိမ်တွင် ကျီရွှမ်၏ အပြုံးမှာ ပို၍ နက်နဲလာသည်။ 

“အကြွေးပြန်ဆပ်ဖို့လေ…” ဟု ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်၏။

ယဲ့ကျား၏ ပခုံးပေါ်တွင်တင်နေသော အနက်ရောင်လက်တစ်စုံမှာ ယဲ့ကျား၏ စွမ်းအားကို အသုံးပြု၍ ပုန်းကွယ်နေ၏။ ထိုတစ္ဆေက ယဲ့ကျားနှင့် အနီးကပ်ဆုံးသော နေရာတွင် ရှိသောကြောင့် သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားနေရနိုင်သည်။ 

လေထုမှာ လွန်စွာ အေးစက်လာခဲ့၏။

ထိုစဉ်က သူ ကျီရွှမ်ကို သတ်ဖြတ်ရန် စိတ်ကူးနေသည့် အချိန်လိုပင်။ ထိုလက်မည်းသေးသေးလေးက အလွန် ကြောက်လန့်နေ၏။ အသက်ပင် မရှူဝံ့ချေ။

ယဲ့ကျားက ရုတ်တရက်ကြီး ရှေ့ကို တစ်လှမ်းတိုးကာ တစ်ဖက်လူကို ဓားနဲ့ထိုးလိုက်မှာ ကြောက်နေမိသည်။

...ကျွန်တော်အပြစ်ရှိရင် ဥပဒေအရ အပြစ်ပေးပါနော်… ဒီဆရာနှစ်ယောက်ကြားမထည့်ပါနဲ့…


ကျီရွှမ်က သိနေပုံမပေါ်သေးချေ။


သူက ယဲ့ကျားဘက်ကိုလှည့်ကာ ရယ်ပြလိုက်သည်။


“မင်းတို့လူသားတွေဆီမှာ ဆိုရိုးစကား ရှိတယ်မလား… ရေတစ်စက်ရဲ့တန်ဖိုးဟာ စမ်းရေပမာဏလောက်ဖြစ်သွားနိုင်တယ်တဲ့…”

(ဆိုလိုသည်မှာ : မိမိက အခြားသူများကို အကူအညီ အနည်းငယ်သာ ပေးထားသော်လည်း ကျေးဇူးသိတတ်သူက မိမိ ဒုက္ခရောက်နေချိန်တွင် သင် ကူညီထားသည်ထက် ပို၍ ကူညီပေးလိမ့်မည်။)

ယဲ့ကျား၏မျက်နှာမှာ ပိုမိုတောင့်တင်းလာ၏။

ဝူစူး၏ နားမလည်သော မျက်လုံးများကိုကြည့်ကာ သူတည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

“ဒါဟာ မတော်တဆမှုလေးတစ်ခုပါဘဲ…”

ယဲ့ကျား၏ မျက်လုံးတစ်စုံနှင့် ကျီရွှမ်၏ မျက်လုံးတစ်စုံတို့ စုံမိသွားသည့်အခိုက် ယဲ့ကျားမှာ ရေခဲသဖွယ် အေးစက်ပြီး ညအလား နက်မှောင်သွားလေသည်။

သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အကယ်လို့ ငါသာ အခွင့်အရေးတစ်ခေါက်ရခဲ့ရင် ခုလို တူညီတဲ့ဆုံးဖြတ်ချက်မျိုး ဘယ်တော့မှချမှာမဟုတ်ဘူး…”

ဝူစူး :”……….”

ခဏနေပါဦး… သူ ဒီလိုစကားမျိုးကို ဒဲ့ပြောလို့ အဆင်ပြေရဲ့လား…။

အထူးသဖြင့် စွမ်းအားကြီးတစ္ဆေနဲ့ မျက်နှာချင်းဆိုင်နေရတဲ့ အချိန်မှာလေ…။

သူက အကယ်၍ ဤစွမ်းအားကြီးတစ္ဆေသာ ဒေါသထွက်လာပါက မည်သို့ဖြစ်ကုန်မည်ကို တွေးပူနေမိသည်။


ဝူစူးက ထိုလူကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် ဒေါသထွက်နေသည့်ပုံစံအစား ပြုံးနေသည့်ပုံစံကိုသာ တွေ့ခဲ့ရသဖြင့် အံ့အားသင့်သွားလေသည်။


“ဟင်… ငါထင်တာတွေ မှားနေပါလား…” ဟု ဝူစူးက စိတ်ထဲတွင် တွေးနေမိ၏။


ဝူစူးက ချက်ချင်းဆိုသလို သူ့အတွေးများကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဤထူးဆန်းသည့် အနေအထားကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်လေသည်။


“ဒါဆိုလည်းလုပ်ကြတာပေါ့… ငါ့ရဲ့အထက်လူကြီးတွေကို ဒီအကြောင်းပြောပြလိုက်ပြီး အဖြေကိုစောင့်ကြည့်ကြတာပေါ့…”


ကျီရွှမ်က စကားဖြတ်ပြောလိုက်သည်။

“ငါ့ကိုစောင့်ကြည့်ချင်တဲ့လူကို ခန့်လိုက်ရမလား…”

ဝူစူးက အံ့ဩသွားလေ၏။ အကြောင်းမှာ တစ်ဖက်လူက ယခုလို ပြောလာမည်ဟု မထင်ထားသောကြောင့်ပင်။

ကျီရွှမ်က သူ့လက်ကောက်ဝတ်ရှိ အရာများကို လှုပ်ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါပူးပေါင်း ဆောင်ရွက်ပါ့မယ်…”


ထိုစဉ် ရုတ်တရက် “ငါငြင်းတယ်…” ဟုယဲ့ကျား ကပြောလိုက်သည်။ 


"သူက အရမ်းအန္တရာယ်များတယ်ဆိုတာ သိသာပါတယ်… စည်းမျဉ်းအတိုင်း လိုက်နာခိုင်းပြီး သူ့ကို အထူးအချုပ်ခန်းမှာ ချုပ်ထားသင့်တယ်လို့ ထင်တယ်… သူ့အချက်အလက်တွေက မှန်တယ်ဆိုတာ အတည်ပြုပြီးရင် ဘာဆက်လုပ်မလဲဆိုတာကို ဆုံးဖြတ်ကြတာပေါ့…”

ဝူစူး: "………" 

ဒီလိုပြောတာ အရမ်းတဲ့တိုးမဆန်လွန်းဘူးလား…။

သူက တစ်ဖက်သား ဒေါသဖြစ်လာမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် သူ့နှလုံးသားမှာလည်း တင်းမာလာခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ကျီရွှမ်က စိတ်တိုသည့် အရိပ်အယောင် လုံးဝ မပြသလို “ကောင်းပြီ…” ဟု ပြောပြီး ခေါင်းငြိမ့်လိုက်လေသည်။

 ယခုအချိန်တွင် ဝူစူးမှာ မယုံကြည်နိုင်လောက်အောင် အံ့ဩနေ၏။

စွမ်းအားကြီးသည့် သရဲတစ္ဆေများနှင့် စကားပြောရသည်မှာ ဤမျှ လွယ်ကူပါသလော။

သူ့နောက်တွင် ရှိသော စစ်ကြောရေးအခန်းတံခါးမှာ ပိတ်သွားလေ၏။

ဝူစူးက စင်္ကြံလမ်းတွင် ခေတ္တရပ်တန့်သွားသည်။ ယခုအဖြစ်အပျက်များမှာ အိပ်မက်တစ်ခုအလားပင်။ သူ အနည်းငယ်မျှပင် မယုံကြည်နိုင်ချေ။

စွမ်းအားကြီးတစ္ဆေတစ်ကောင်က ရုတ်တရက် ပူးပေါင်းဆောင်ရွက်လိုသည်ဟုပြောလာပြီး စကားပြောရဆိုရသည်မှာလည်း လွယ်ကူနေခဲ့သည်။

ထိုပုဂ္ဂိုလ်က လူသားများ အချိန်အတော်အတန်ကြာအောင် ရှာဖွေနေခဲ့ရသော အဖိုးတန်အချက်အလက်များကို ထုတ်ဖော်ရန် ရောက်လာခဲ့၏။

ယခုလိုဖြစ်လာလိမ့်မည်ဟု စိတ်ကူးထဲပင် မတွေးခဲ့ဖူးချေ။


ယဲ့ကျားက သူ့အခန်းထဲမှ ထွက်သွားတော့မည်ဟု ကြံနေစဉ် ဝူစူးက သူ့နောက်မှ အမြန်လိုက်လာပြီး “ယဲ့ကျား…” ဟု အော်ခေါ်လိုက်သည်။ ယဲ့ကျားက ခေတ္တရပ်လိုက်ပြီး ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်၏။ သူ၏ ဖြူဖျော့သော အသားအရေမှာ မှောင်မိုက်သော စင်္ကြံတွင် ထင်းခနဲ ဖြစ်နေသည်။ “ဘာဖြစ်လို့လဲ…” ဟု ယဲ့ကျား ပြန်ဖြေလိုက်သည်။


ဝူစူးက ရှေ့သို့ လှမ်းလာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ 


“ဒါဆို ဒီစွမ်းအားကြီးတစ္ဆေကို မင်း ဘယ်လို ကယ်တင်ခဲ့တာလဲ…”


ယဲကျားက  “လူတိုင်း အမှားလုပ်မိကြတာဘဲလေ…”


ဝူစူးမှာ နားမလည်နိုင်အောင် ဖြစ်သွားရ၏။



Xxxx