အပိုင်း ၅၈
Viewers 10k

Chapter 58



ယဲ့ကျား က ဝူစူးဘက်သို့ မျက်နှာမူပြီး စကားတစ်ခွန်း လှည့်ပြောလိုက်သည်။ 


“သူ့ကို အရမ်းကြီး ပေါ့ပေါ့တန်တန် သဘောထားမနေနဲ့… သူ့ကိုချည်နှောင်ထားတဲ့အရာက သူ့အပေါ် အများကြီးသက်ရောက်မှုရှိမယ်လို့ ငါမထင်ဘူး… တစ္ဆေအားလုံးက ကလိမ်ကကျစ် ကျတတ်တယ် နောက်ပြီး သူက စွမ်းအားကြီးတစ္ဆေလေ… သူ့ကို တော်တော်လေး သတိထားသင့်တယ်… သူ တစ်ခုခုကို ကြံစည်နေတာလည်း ဖြစ်နိုင်တယ်…”


ဝူစူးက ဤသို့ ပြန်ပြောလိုက်၏။


“မင်းပြောတာမှန်တယ်…နောက်ပြီး ငါကသူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာ မသိဘူး… သတိထားတာ ပိုကောင်းပါတယ်…” ဟုပြောလိုက်သည်။

“ဒါပေမယ့် သူပေးခဲ့တဲ့ အချက်အလက်တွေက ငါတို့အတွက် အရမ်းကိုမှအရေးကြီးနေတယ်…” 


သူက ယဲ့ကျား၏ပခုံးကို ပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်၏။

ယဲ့ကျား: “………..”


မင်းရဲ့အထက်လူကြီးက ဘယ်သူလဲဆိုတာ ငါသိတယ်ထင်တယ်…။

သူ အခု မင်းရှေ့မှာ ရပ်နေပြီး မင်းကို အကြံပေးနေတာလေ…။

ဝူစူး ပြောသည့်အရာများက အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်နေသည်။

ယခု လူသားများအတွက် ကျီရွှမ်မှပေးသော အချက်အလက်များမှာ အလွန်အရေးပါနေ၏။

သူက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သို့သော် ယခုအချိန်တွင် သူအစိုးရိမ်ဆုံးအရာမှာ ဤကိစ္စ မဟုတ်ပေ။ 

“ဝူစူး မင်းငါ့ကို စာတစ်စောင်ရေးပေးနိုင်မလား…” ဟု ပြောလိုက်သည်။

ဝူစူး: “ဟင်…”

“ဒီနေ့ နေ့လည်က သန့်ရှင်းရေးလုပ်ရင်း ပြဿနာတစ်ခု နဲ့တွေ့ခဲ့ရလို့…”

ယဲ့ကျားက သေနတ်နှင့် ပစ်သည့်ပြဿနာကို အတိုချုံး ရှင်းပြလိုက်သည်။

“ငါရဲ့ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခုကြောင့် ရဲစခန်းကိုသွားချင်တယ်… အဲ့မှာ ငါနဲ့ဆင်တူတဲ့ အမှုများ ရှိမလားလို့ စုံစမ်းချင်လို့…” ဟု ပြောလိုက်လေသည်။ 

သူ၏ တစ္ဆေစွမ်းအားကို အသုံးပြု၍ ထိုနေရာသို့ သွားနိုင်သော်လည်း မနေ့ညက သရဲတစ္ဆေများ၊ မကောင်းဆိုးဝါးများနှင့် ဖြစ်ခဲ့သော အဖြစ်အပျက်ကြောင့် ရဲစခန်းမှာ အလွန် ရှုပ်ထွေးနေမည်ဟု တွေးမိလိုက်သည်။ ယဲ့ကျားက အချိန်တိုလေးအတွင်း အလောင်းနှင့် ဆက်စပ်သတင်းများကို ရှာတွေ့နိုင်မလား မသေချာဖြစ်နေသဖြင့် အချိန်ကုန်သက်သာပြီး အမြန်ဆုံး ဖြတ်ကျော်နိုင်ရန် ဆုံးဖြတ်လိုက်သည်။ 

ဝူစူးက ခဏစဉ်းစားပြီးနောက် “ကောင်းပြီလေ” ဟု သဘောတူလိုက်သည်။

“မင်းငါ့ကို ပြောတာကို ကြားရတာ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း တစ်ခုခုတော့ ရှိပုံရတယ်… စက်ကိုယူသွားပြီး မင်းပြန်လာတဲ့အခါ ငါ့ကို အစီရင်ခံစာလေးတော့တင်ပေးပါ…”

ယဲ့ကျား: “ဟုတ်ပြီ…”

မထင်မှတ်ပဲ သူ့အလုပ်က တိုးလာခဲ့၏။

ယမန်နေ့ညက အခင်းဖြစ်ပြီးနောက်တွင် ရဲနှင့် မှုခင်းဆရာဝန်များအားလုံး အလုပ်များနေပြီး ရေခဲတိုက်တွင် ကြိတ်ကြိတ်တိုးနေကြသည်။ ပို့ဆောင်ခံရသည့် အလောင်းအများစုမှာလည်း အအေးခန်းထဲ၌ သိမ်းဆည်းမခံရခင် စစ်ဆေးရန်ပင် အချိန် မရှိသလို အချို့အလောင်းများမှာ အံဝင်ခွင်ကျ မဝင်ဆံ့နိုင်လောက်အောင် များနေသဖြင့် သိမ်းဆည်းရန် နေရာ ငှားရမ်းရသည်အထိပင် ဖြစ်ပျက်ခဲ့သည်။

အလုပ်သင်တစ်ယောက်ဟာ ယဲ့ကျားကို ငှားထားသော အအေးခန်းများထဲမှ တစ်ခုသို့ ခေါ်ဆောင်သွားပြီး အကန့်တစ်ခုကို လက်ညှိုးထိုးပြကာ “ဟိုမှာ…” ဆိုပြီး ပြောလိုက်သည်။

ထို့နောက် သူမက ကမန်းကတန်း လှည့်ထွက်သွား၏။ သူမထံတွင် အလုပ်လုပ်စရာများ တစ်ပုံတစ်ပင် ရှိနေပုံ ရသည်။

ယဲ့ကျားက အအေးခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့၏။ သူက ထိုအလောင်းအနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး အလောင်းပေါ်ရှိ ပိတ်စကို ဖယ်ရှားကြည့်လိုက်သည်။ ၎င်း၏ ကိုယ်ပေါ်တွင် ရှိနေသည့် ကျည်ဆန်ဒဏ်ရာ နှစ်ချက်မှာ သွေးထွက်ခြင်း မရှိတော့ချေ။ ဤကဲ့သို့ အေးခဲနေသည့် နေရာတွင် သိမ်းဆည်းထားသောကြောင့် အရေပြားမှာ ပြာနှမ်းနေ၏။ အလောင်း၏ မျက်နှာပေါ်ရှိ သွေးထွက်သံယို ဖြစ်နေသော မျက်လုံးများကို ဖုံးကွယ်ရန် မျက်ခွံများကို ပိတ်ထားခဲ့သော်လည်း သူ့နှုတ်ခမ်းထောင့်မှာ အပေါ်သို့ မြောက်တက်နေပြီး ရူးသွပ်သော အပြုံးမျိုး ရှိနေဆဲပင်။

ယဲ့ကျားနှင့်အတူ ယူဆောင်လာသည့် စက်ပစ္စည်းက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ချေ။ ထိုအရာမှာ သူ နောက်ဆုံးအကြိမ် သရဲခြောက်သည့် အိမ်ကြီးတွင်ရှိသော ဘိုးဘွားများဆီမှ ယူလာသော ပစ္စည်း ဖြစ်သည်။

ယင်းမှာ တစ်စုံတစ်ခုကို ထောက်လှမ်းနိုင်လောက်သည်အထိ အသုံးဝင်သော အရာ ဖြစ်သည်။

ထို့ပြင် ယဲ့ကျားကိုယ်တိုင်မှာလည်း ဤခန္ဓာကိုယ်ပေါ်တွင် ယင်စွမ်းအင် အနည်းငယ်မျှကိုပင် မတွေ့ရချေ။ ၎င်းမှာ သာမန်လူသေအလောင်း တစ်ခုလိုသာ ဖြစ်၏။ ထူးခြားဆန်းပြားသော သဲလွန်စ လုံးဝ မရှိပေ။

ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည့် ဖရိုဖရဲဖြစ်စဉ်ကြောင့် ယင်စွမ်းအင် အကြွင်းအကျန် အနည်းငယ်ကို နေရာတိုင်း နီးပါးတွင် တွေ့မြင်နိုင်ပေသည်။ ယဲ့ကျားက တစ်ခဏလောက် စဉ်းစားပြီးနောက် လက်မဲလေးကို ဆွဲထုတ်လိုက်၏။

“မင်း တစ်ခုခု ခံစားမိလား…”

လက်မဲလေးက သူ့လက်ချောင်းများကို ခါလိုက်ပြီး “မခံစားရဘူး”

ယဲ့ကျားက မျက်လုံးပြူးသွား၏။ သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားသော်လည်း ခြေလှမ်းအနည်းငယ် ထပ်မလှမ်းမီ ဘေးက အခန်းတစ်ခန်းကို ရုတ်တရက် အာရုံစိုက်မိသွားလေသည်။ ယဲ့ကျားက ထိုနေရာနားသို့ ဖြတ်လျှောက်သွား၏။ သူ့ရှေ့တွင် နောက်ထပ် အလောင်းတစ်ခု ပေါ်လာပြီး သွေးစွန်းနေသော မျက်နှာ၊ စိတ်ပျက်အားငယ်သော အကြည့်မျိုး ရှိနေသည်။

ထိုအလောင်းက သွေးစွန်းသောဝတ်စုံနှင့် ပျက်ဆီးနေသော ပုလဲလည်ဆွဲတစ်စုံကို ဆင်ယင်ထားသည်။ ယဲ့ကျားက မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုစဉ် သူ့လက်ထဲက ကိရိယာမြည်သံ အနည်းငယ် ထွက်လာ၏။ ထို့ကြောင့် သူက မျက်လုံးဖွင့်ကာ သူ့လက်ထဲမှ ကိရိယာကို ငုံ့ကြည့်လိုက်လေသည်။ ဒိုင်ခွက်မှာ တစ်ခဏမျှ ယိမ်းထိုးလှုပ်ရှားသွားပြီးနောက် နောက်ဆုံးတွင် သုညသို့ ဆင်းသက်သွား၏။

ယင်းနောက်တွင်မူ အသံမြည်ခြင်းမှာလည်း ရပ်တန့်သွားလေသည်။ လက်မဲလေးက ယဲ့ကျား၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ အလောင်း၏ ပွင့်ထွက်နေသော ဒဏ်ရာများအနားသို့ ရောက်လာသည်။

“ဒါက ထူးဆန်းနေပါလား…”

နှစ်မိနစ်အကြာတွင် သူက “သူမရဲ့နှလုံး မရှိတော့တာဘဲ…” ဟုပြောပြီး ပြန်လာခဲ့လေသည်။ ယဲ့ကျားက သူ့မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ပြီး သူ၏ နက်ရှိုင်းသော မျက်လုံးတစ်လျှောက်တွင် အလင်းတန်းလေးတစ်ခု လင်းလက်သွားကာ “မင်း တစ်ခုခု အနံ့ခံနေတာလား…” ဟု မေးလိုက်သည်။ လက်မဲလေးက ခဏလောက် စဉ်းစားပြီးနောက် “အင်း… ဟုတ်တယ်… ဒါပေမယ့် အခု ပျောက်ကွယ်သွားပြီ…” ဟု ပြောလိုက်လေသည်။

ယဲ့ကျား: “အဲ့ဒါဘာလဲ…”

လက်မည်းလေးက ပုံဖော်ပြီး ပြောဆိုနိုင်ရန် ကြိုးစားလိုက်သည်။

“အဲ့ဒီဝိညာဉ်ကို စားတုန်းက ငါ ခံစားခဲ့ရသလိုမျိုးပဲ…” 

ယဲ့ကျားက အံ့ဩသွားလေသည်။ သူက အလောင်းများဘေးတွင် ရပ်ရင်း တစ်ခဏတာမျှ မိန်းမောသွား၏။ သူ့နောက်တွင် ရေခဲတိုက်၏ တံခါးမှာ ပိတ်ထားလေသည်။ မှောင်မိုက်သော ညမှာ တစ်မြို့လုံးကို လွှမ်းခြုံသွားပြန်၏။ ယဲ့ကျား၏ အမူအရာမှာ တစ်နှစ်ပတ်လုံး မပျော်နိုင်သော ဆီးနှင်းခဲများကဲ့သို့ အလွန် အေးစက်နေပေသည်။


သူက ထိုအဖြစ်အပျက်ကို သူ့မိဘများအား တစ်ခါမှ မပြောပြဖူးပေ။ 

ဤဂိမ်းမှာ လွန်ခဲ့သော တစ်လမပြည့်မီ အချိန်က ပျက်စီးသွားခဲ့ပြီး ထိုအထဲတွင် ရှိနေသည့် သရဲတစ္ဆေနှင့် ဘီလူးများက လူသားတို့၏ ကမ္ဘာထဲသို့ လွတ်မြောက်စေရန် အခွင့်အရေး ရရှိခဲ့လေသည်။ သူ့အသက် ၈ နှစ်အရွယ်တွင် သူ့အမေရော အဖေပါ ဆုံးပါးသွားခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် သူက ဂိမ်းထဲသို့ ဝင်ရောက်ခဲ့၏။ 

တစ်ညတာလုံး ခြေဦးတည့်ရာ လျှောက်သွားပြီးနောက် ယဲ့ကျားက သူ့တိုက်ခန်းဆီသို့ ပြန်လာခဲ့သည်။ သူက အဆောက်အဦထဲသို့ ဝင်လာပြီးနောက် သူနေသည့် အလွှာသို့ ရောက်ခါနီးတွင် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ထို့နောက် အေးစက်သော လေသံဖြင့် “ဘယ်သူလဲ…” ဟု မေးလိုက်၏။

ထိုအခိုက် ခြေသံများနှင့်အတူ စင်္ကြံလမ်းရှိ မီးရောင်များ လင်းထိန်သွားကာ အရပ်ရှည်သော ပုံသဏ္ဌာန်ဖြင့် လူတစ်ယောက်၏ပုံရိပ် ပေါ်လွင်လာသည်။ ထိုလူမှာ ကျီရွှမ်ပင် ဖြစ်၏။ 

ကျီရွှမ်က သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်း မရှိချေ။ မီးရောင်အောက်တွင် သူ၏ မျက်လုံးများမှာ နီရဲပြီး သွေးများ စီးကျနေလေသည်။ သူက နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်ကာ အေးအေးလူလူပင် ပြောလိုက်သည်။

“မင်္ဂလာညနေခင်းပါ…”

ဘေးဘက်တွင် တွဲလောင်းချထားသည့် ယဲ့ကျား၏ လက်ချောင်းများမှာ အတူတကွ စုစည်းသွားကြသည်။

ဤသည်မှာ တိုက်ခိုက်မှုတစ်ခုခုကို မပြုလုပ်မီ သူ့အလိုလို ပြုလုပ်မိသော ယဲ့ကျား၏ အကျင့်ပင်။

သူက မျက်လုံးမှိတ်ထားပြီး ဘာမှပြန်မဖြေလိုက်ပေ။ 

ကျီရွှမ်က ရှေ့သို့ လှမ်းလာပြီး နှိမ်ချညင်သာသော အသံဖြင့် ဆက်ပြောလေသည်။


 “မတွေ့တာကြာပြီနော်… မင်း ငါ့ကို မလွမ်းဘူးလား ကောကော…”

ထိုစဉ်က ယင်းတိုက်တန်းလျား အဆောက်အဦတွင် မကောင်းဆိုးဝါးအဖြစ် အသွင်ပြောင်းသွားသည့် လူငယ်လေးက သူ့ရှေ့မှ လူအဖြစ်သို့ ဖြည်းဖြည်းချင်း ထပ်၍ ပြောင်းလဲသွားလေသည်။

ယဲ့ကျားက သူ့ကို အမူအရာကင်းမဲ့သော မျက်နှာထားဖြင့် ကြည့်နေ၏။ သူ့အသံတွင် ဖုံးကွယ်၍ မရနိုင်သော အေးစက်မှုများ ရှိနေသည်။


“ဘေးနားကို ရွှေ့ဦး…”


ယဲ့ကျားက ပြောလိုက်၏။


ထိုစဉ် ကျီရွှမ်က အပြစ်ကင်းသော အမူအရာဖြင့် မျက်တောင်ခတ်လိုက်ပြီး သူ့လက်ကောက်ဝတ် တဝိုက်ရှိ စတီးလက်ကောက်များကို လှုပ်ယမ်းလိုက်သည်။ ထို့နောက် သူက ဆက်ပြော၏။

“မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထက်လူကြီးတွေက သဘောတူတယ်…”

ယဲ့ကျားက ထပ်ပြော၏။ “ဘေးနားကို တိုးဦး…”

ကျီရွှမ်က မှော်စွမ်းရည်တစ်ရပ်ကို ပြသလိုက်သည့်အလား စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ 

ထို့နောက် နှုတ်ခမ်းပေါ်မှ အပြုံးဖြင့် သူ၏ တိုးညှင်းသော အသံမှာ အနည်းငယ် အသံနှိမ့်ကာ ပြောလိုက်လေသည်။

“ကြည့်စမ်း… မင်းကို ငါ့ရဲ့ အဓိက အဆက်အသွယ် အဖြစ် တောင်းဆိုတာကို သူတို့ သဘောတူတယ်…”

“ဂုဏ်ယူပါတယ်…” 

ယဲ့ကျားက သူ့နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သော်လည်း သူ့အသံတွင် ပြုံးနေသည့် အရိပ်အယောင် လုံးဝ မပါချေ။

“ဒါပေမဲ့ ငါ မလုပ်ချင်ဘူး…”

သူက ရေခဲတိုက်မှ ပြန်လာခဲ့ပြီးမှ အစောပိုင်းမှ တုန်လှုပ်ခြောက်ခြားမှုမှာ ယခုအချိန်ထိတိုင်အောင် သူ့ကို သက်ရောက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စအပေါ် စိတ်ပါဝင်စားမှု မရှိချေ။

ယဲ့ကျားက သော့ကို အေးအေးဆေးဆေး ထုတ်ယူလိုက်ပြီး ကျီရွှမ်ကို ကျော်ဖြတ်ကာ အပေါ်ထပ်သို့ ဆက်၍ တက်သွားခဲ့လေသည်။ 

သို့သော် သူတို့နှစ်ယောက် ပုခုံးချင်းတိုက်မိခါနီးဆဲဆဲ ကျီရွှမ်က ရုတ်တရက် လှည့်ပြီး ယဲ့ကျား၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ရာ ယဲ့ကျားမှာ သူနှင့် နံရံအကြားတွင် ပိတ်မိသွားလေသည်။

သူတို့နှစ်ယောက်ကြားမှ အကွာအဝေးမှာ ချက်ချင်းပင် နီးစပ်သွား၏။ သူတို့နှာခေါင်းများမှာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့လုနီးပါး ဖြစ်နေသည်။

သို့သော် ယဲ့ကျားက နောက်မဆုတ်သွားချေ။

ယင်းအစား သူက အနားသို့ တိုးကပ်လာပြီး မျက်လုံးအစုံကို အန္တရာယ်ရှိသည့်အနေအထားဖြင့် မှေးကျဉ်းလိုက်သည်။

သူ့လက်ဖဝါးပေါ်တွင် ဓားမြှောင်၏ ထိပ်စွန်း ပေါ်လာကာ အေးစက်နေသည့် ဓားသွားက ညအမှောင်အောက်တွင် လှပသော နှင်းဖြူရောင် အလင်းတန်းကို တောက်ပစွာ ထုတ်လွှတ်လိုက်လေသည်။

သူ့အသံမှာ အေးစက်နေ၏။


“နောက်ဆုံးတစ်ကြိမ်တုန်းက အပြီးသတ် မလုပ်ဆောင်နိုင်ခဲ့တဲ့ အရာကို ပြီးအောင် လုပ်လိုက်ရတာ…”

နောက်တစ်စက္ကန့်တွင် မထင်မှတ်ပဲ သူ့ရှေ့မှလူက ရုတ်တရက် တုန်လှုပ်သွားလေသည်။

ယဲ့ကျားက အံ့အားသင့်သွား၏။

သူ ဘာမှမတုံ့ပြန်နိုင်မီ တစ်ဖက်လူက သူ၏ မှတ်ဉာဏ်ထဲမှ ငယ်ရွယ်သော လူငယ်လေးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူက ထိုလူ၏ သေးငယ်ပြီး ဖြူဖျော့နေသော မျက်နှာလေးကို ဆွဲမော့လိုက်ပြီး သွယ်လျသော လည်တိုင်ကို သိုင်းဖက်ထားရင်း သူ၏ ကြက်သွေးရောင် မျက်လုံးများမှာ အလင်းရောင်အောက်တွင် လင်းလက်နေသည်။

“ကောင်းပြီလေ…”

ထိုလူ၏ ကလေးဆန်သော အသံမှာ အနည်းငယ် ဩရှရှနှင့် ကလူ၏၊ မြှူ၏ လုပ်နေသည့်အလား နူးညံ့လွန်းလှသည်။

“ကောကော ပျော်မယ်ဆိုရင် ပြီးတာပါပဲ…”

လူငယ်လေးက သူ့ခေါင်းကို‌ မော့လိုက်သည်။


သူ၏နီရဲနေတဲ့ မျက်လုံးများမှာ နက်မှောင်နက်ရှိုင်းနေပြီး သူငယ်အိမ်များ၌ လူငယ်လေး၏ အေးစက်စိမ်းကားသော မျက်နှာကို ရောင်ပြန်ဟပ်နေလေ၏။ သူ့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးက သူ၏ ကမ္ဘာတစ်ခုလုံးလိုပါပင်။


သူက ကျိုးနွံစွာပင် တံစဉ်း၏ အသွားပေါ်သို့ လည်ပင်းကိုတင်လိုက်ပြီး မျက်နှာမှာလည်း အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။

သူက တစ်ပါးသူကို သူ့ရဲ့သေခြင်း ရှင်ခြင်း ဘဝတစ်ခုလုံးကို ထိန်းချုပ်ခွင့်ပေးပြီး စိတ်ကျေနပ်သလိုသာလုပ်‌ဆောင်ရန် အခွင့်ပေးလိုသည့်ပုံစံအတိုင်းပင် ထင်မှတ်နေရလေ၏။


နှစ်ယောက်စလုံး မျက်နှာချင်းဆိုင်နေကြပြီး ပတ်ဝန်းကျင်အနေအထားမှာ လေးလံနေသဖြင့် အသက်ရှူရန်ပင် ခက်‌ခဲနေသည်။


ယဲ့ကျားသည် အေးစက်စွာပင် မျက်လုံးများကို မှေးလိုက်သည်။


“ဒီလိုလုပ်လို့ ငါပျော့ပြောင်းလာမယ်ထင်လို့လား…”


ဓားသွားက ပိုပြီးနီးကပ်လာလေသည်။ ဓားသွားမှာ အလွန်ထက်လှ၏။


လူငယ်လေး၏ လည်ပင်းလေးကိုတော့ အလွယ်တကူပင်ဖြတ်လိုက်နိုင်သည်။


ပါးလှပ် နီမြန်းသော အရာတစ်ခုလည်‌ပင်းပေါ်တွင်ပေါ်လာလေသည်။ လျှောက်လမ်း၏မှိန်ဖျဖျ မီးရောက်အောက်တွင် ပို၍ထိတ်လန့်စရာကောင်းနေသည်။ သွေးထွက်နေသော အနာလေးမှာ အနီရောင်မြွေတစ်ကောင်နှင့်တူနေတော့သည်။


ကောင်လေး၏လည်ပင်းမှ သွေးများ ဖြည်းဖြည်းချင်း စီးကျလာပြီး ရင်ညွန့်သို့ရောက်သွား၏။


တစ်ဖက်လူကား ရှောင်တိမ်းခြင်း မပြုချေ။


ကောင်လေး၏နူးညံ့တဲ့အသံဟာ တိုးလျှ နေပြီး ထိခိုက်နာကျင်သော လေသံဖြင့် ‘ ငါဘယ်လိုလုပ်...’ ဟု ရေရွတ်လိုက်သည်။


သူ့ လက်ကိုမြှောက်လိုက်ပြီး ရှပ်အင်္ကျီကြယ်သီးကိုတစ်လုံးချင်း ဖြုတ်နေသည်။ ဆက်ပြီး ရှပ်အင်္ကျီ၏အပေါ်ကို ဖွင့်ဟပြီး သူ၏ညှပ်ရိုး နဲ့ ရင်ဘတ် ပေါ်ထွက်လာသည်။


ဓားသွားမှာ ပိုမိုနက်ရှိုင်းစွာနစ်ဝင်သွား၏။ သွေးများလည်းစီးကျလာသည်။


ယဲ့ကျား ကြက်သေသေနေလေသည်။


ဤအခိုက်တွင် သူ၏ အေးစက် လွင့်ပျယ်နေသော အသံမှာ အနည်းငယ်တုန်ယင်နေသည်။


“.....မင်းဘာလုပ်နေတာလဲ…”


သူက လူငယ်လေး၏ ပိန်ပိန်ပါးပါးရင်ဘတ်နေရာ၌ နက်ရှိုင်းသော အမာရွတ်တစ်ခုကို တွေ့လိုက်ရသည်။ သူ၏ဖြူဖျော့ပါးလွှာတဲ့အရေပြားပေါ်တွင် အမာရွတ်မှာ အရုပ်ဆိုးအကျည်းတန်လှ၏။ အမာရွတ်နေရာက အမှန်တကယ်ကို သေစေနိုင်တဲ့ နေရာမှာ ဖြစ်သည်။ ဤဒဏ်ရာကို ဖြစ်စေခဲ့သူက မတွန့်ဆုတ်ခဲ့ကြောင်း မြင်သာလှပေသည်။


သွေးများ စီးကျလာပြီး ကျက်ပြီးသားအနာပေါ်ထိရောက်လာ၏။ ၎င်းမှာ သွေးမျက်ရည်နှင့်ပင် တူနေလေသည်။


ကျီးရွှမ်က လက်ကိုမြှောက်ပြီး သူ့ရဲ့ရင်ဘတ်ကို ကြင်နာစွာပွတ်သတ်လိုက်သည်။ ပို၍ နီးစပ်အောင် ကိုယ်ကိုကိုင်းလိုက်ပြီးနောက် သူ့နှုတ်ခမ်းပေါ်က အပြုံးမှာလည်း ပိုမိုတောက်ပလာသည်။

“ကြည့်ပါလား ငါ ကောကော ပေးတဲ့လက်ဆောင်ကို ဂရုတစိုက်သိမ်းထားခဲ့တာ…”

“မင်းသာတကယ်လို့စိတ်ပျော့သွားမယ်ဆို မင်းကငါသိတဲ့ ကောကော မဟုတ်တော့ဘူး…”

 လူငယ်လေးကခေါင်းငြိမ့်လိုက်သည်။ သူ့ရဲ့ အမူအရာများက ရိုးရှင်းပြီး ရက်စက်နေ၏။


ခဏအကြာတွင် သူက ယဲ့ကျား၏ဓားသွားနှင့် သူ့လည်ပင်းကို တုန့်ဆိုင်းခြင်းမရှိပဲ ထိုးလိုက်လေသည်။


ယဲ့ကျားမှာ အလွန်အံ့ဩသွား၏။


သူ့ထံတွင် လက်နက်ကို ဖန်တီးရန်သာ အချိန်ရခဲ့ပြီး ပြန်လည် ရုတ်သိမ်းရန်  လုံလောက်သည့် အချိန်ပမာဏ မရရှိခဲ့ပေ။


ကျီးရွှမ်ကပြုံးလိုက်ပြီး တစ်ဖက်လူ၏လက်ဖဝါးနှင့် ပါးကိုဖိကပ်လိုက်ကာ ဖြည်းဖြည်းချင်း ညင်ညင်သာသာ ပွတ်သပ်နေသည်။ သူ၏ အေးစက်ပါးလှပ်တဲ့နှုတ်ခမ်းများမှာ တစ်ဖက်လူ၏ နွေးထွေးသော အရေပြားပေါ်တွင် အချိန်ခနမျှ ရှိနေခဲ့သည်။


ယဲ့ကျားက ရုတ်တရက် အပူလောင်သကဲ့သို့ တစ်ဖက်လူကို တွန်းထုတ်လိုက်၏။


ကံကောင်းစွာနှင့် အခု ကျီးရွှမ်က အရွယ်မရောက်သေးပေ‌။ သူတွန်းလိုက်သဖြင့် နောက်သို့ သုံးလေးလှမ်း ရောက်သွားခဲ့သည်။


ယဲ့ကျားက သူ့ကိုမယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။ မနည်းကြာတော့မှ စကားထွက်လာ၏။


“စိတ္တဇကောင်…”


သူက ဤကဲ့သို့ ပြောပြီး သူ့တိုက်ခန်းထဲသို့ နောက်ပြန်လှည့်မကြည့်ဘဲ ဝင်သွားလေ၏။ 


ကျီရွှမ်မှာ နောက်မှ အမြန် လိုက်ပါသွားခဲ့သော်လည်း ဆောင့်ပိတ်လိုက်သည့် တံခါးဖြင့်သာ မညှာမတာ အရိုက်ခံလိုက်ရလေသည်။


ထို့နောက် တံခါးနှင့် တိုက်မိသွားသည့် သူ့နှာခေါင်းထိပ်ကိုသာ ကိုင်ကြည့်ရင်း စဉ်းစားနေမိသည်။ 


.......လွန်သွားလို့များလား…။


သို့သော် သူ အဖြေမထုတ်နိုင်မီပင် ရှေ့တံခါးက ရုတ်တရက် ပြန်ပွင့်လာသည်။


ကောင်လေးက ခေါင်းကိုမော့လိုက်ရာ သူ၏နီမြန်းသော မျက်လုံးများထဲ ပျော်ရွှင်မှု ရေးရေးလေး မြင်နေရ၏။


သို့သော် သူ ဘာမှမပြောနိုင်ခင် တံခါးဝမှ မဲမဲသဏ္ဌာန် ပစ္စည်းတစ်ခု လွှင့်ပစ်လိုက်သည်ကို မြင်လိုက်ရလေသည်။


ယဲ့ကျားက အေးစက်သောအသံနှင့် ပြောသည်။


“မင်းငါးကိုယူသွား…”


ချက်ချင်းပင် နောက်တကြိမ် ဒုန်းကနဲ အသံကြားလိုက်ရပြီး တံခါးမှာလည်း ကြမ်းကြမ်းတမ်းတမ်း ပိတ်သွားပြန်၏။


ကျီးရွှမ်က ခေါင်းငိုက်စိုက်ပြီး သူ့လက်ဖဝါးထဲက သွေးအရိုးငါးကို ကြည့်နေသည်။


“......ဘာလို့အဲ့လောက်တောင်သေးသွားရတာလဲ…”


ကျီးရွှမ်က သူ့လက်နှင့် ကွက်တိဖြစ်နေသည့် သွေးအရိုးငါးကို မျက်မှောင်ကြုတ် ကြည့်လေသည်။


သွေးအရိုးငါးမှာ အပြုအမူယဉ်ကျေးသော်လည်း မြင့်မြတ်ပြီး အပေါ်စီးဆန်သော အထက်တန်းကျသည့် မျိုးစိတ် ဖြစ်ပေသည်။ ယင်း၏ မူလပုံစံမဟုတ်တော့ပဲ သေးသွားရန်မှာ မဖြစ်နိုင်ချေ။

သွေးအရိုးငါးက သူ့အမြှီးကို ယမ်းရင်း လူငယ်လေးပုံစံ ယူထားသည့် သူ့သခင်ကို ကြည့်လိုက်သည်။

၎င်း၏မဲနက်သော မျက်လုံးများက တစ်ခုခုပြောနေသယောင်။

“သခင်လည်းအတူတူပဲ မဟုတ်ဘူးလား…”


ကျီးရွှမ်: ‘.......’



Xxxxx