အပိုင်း ၅၉
Viewers 10k

Chapter 59



သွေးအရိုးငါးက သနားစရာကောင်းစွာ ပြန်လှည့်သွားပြီး အသေအချာပိတ်ထားတဲ့ တံခါးကိုကြည့်နေသည်။

တစ်ဖက်လူက တံခါးကို နောက်ဘယ်တော့မှ ထပ်မဖွင့်တော့ဘူးဟု ယုံကြည့်ထားပုံဖြင့် အမြှီးကို စိတ်ပျက်စွာ ယမ်းရင်း သူ့နဂိုပုံစံအတိုင်း ပြန်သွားကာ အဆောက်အဦး၏ နံရံမှ ဖောက်ထွက်ပြီး အဝေးသို့ ကူးသွားလေသည်။

ကောင်လေးကသာ မည်သူမှမရှိသော လျှောက်လမ်းတွင် တစ်ယောက်တည်း ရပ်ကျန်ခဲ့သည်။

ကျီးရွှမ်က သူ့လည်ပင်း‌ပေါ်မှအနာကို ညင်သာစွာ ထိကြည့်လိုက်၏။

သွေးတိတ်သွားပြီ ဖြစ်သော်လည်း အရုပ်ဆိုးသော ပြတ်ရှရာကြီး ကျန်နေခဲ့သေးသည်။

ထိုစဉ် အနာမှ တဒုတ်ဒုတ်နှင့် နာကျင်ကိုက်ခဲမှုကို ခံစားနေရ၏။ ယင်းက သူ့ကို ဆွပေးနေသည့်အလား တစ်ကိုယ်လုံးရှိ သွေးကြောများမှာ စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ်တုန်နေသည်။

သူက လက်ထိပ်ရှိသွေးများကို လျှာနှင့် ညင်ညင်သာသာ လျက်လိုက်လေသည်။

ကောင်လေး၏နှုတ်ခမ်းပေါ်မှ အပြုံးမှာ ပိုမိုနက်ရှိုင်းသွား၏။ သူ၏ မှောင်မိုက် နီရဲနေသော မျက်လုံးများမှာ  ပိုမိုကျဉ်းမြောင်းသွားပြီး ရူးသွပ်မိုက်မဲမှုတို့ ဘွားခနဲ ပေါ်လာသည်။

ကောင်းသောညပါ ကောကော…။

.......

တိုက်ခန်းထဲတွင် ဖြစ်သည်။

ရေပိုက်ခေါင်းကရေများမှာ ဘေစင်ထဲသို့ အသံကျယ်လောင်စွာ တစက်စက် ကျနေ၏။ ယဲ့ကျားမှာ အသက်မပါသော မျက်လုံးများနှင့် အောက်ကို စိုက်ကြည့်နေပြီး စိတ်အလိုမကျမှုတို့ကြောင့် မျက်ခုံးနှစ်ဖက်မှာလည်း ကျုံ့နေသည်။

အမြဲလိုလို ဖြူဖျော့နေတတ်သော သူ့လက်ဖမိုးမှာ ယခုအခါ ပွတ်ထားသဖြင့် နီရဲနေ၏။

ကြောက်လန့်သဖြင့် ထောင့်တွင် ကပ်ပြီး ကျုံ့နေသော လက်မဲလေးမှာ သတိတကြီးဖြင့် ခေါင်းအနည်းငယ် ထွက်ကာ ပြူကြည့်လိုက်သည်။

အခု မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း သူ မသိချေ။

ယဲ့ကျားရပ်သွားသည်နှင့် အလွန် စွမ်းအားမြင့်သည့် စွမ်းအားကြီးတစ္ဆေရှိနေသည်ကို သတိထားလိုက်မိသည်။

ယခင်တစ်ခေါက်က ကျီးရွှမ်၏ခြိမ်းခြောက်မှုကိုသတိရပြီး ချက်ချင်းပင် နံရံမှ ဖောက်ထွက်သွားလေသည်။ သခင်နှစ်ယောက် သူတို့ပြဿနာတွေကို သူတို့ဘာသာရှင်းပါစေ။ ဆွဲထည့်မခံရစေရန် ယခုကတည်းက လွတ်အောင်ပြေးရပေမည်။

လက်မဲလေးက ဘာတွေဖြစ်ပျက်နေမှန်း မသိပေသော်လည်း ယဲ့ကျား ဤမျှလောက် စိတ်ဓာတ် ပြင်းထန်နေသည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။

သူ သတိထားပြီးမေးလိုက်သည်။ 

“ဘာ...ဘာတွေဖြစ်နေတာလဲ…အဆင်ပြေရဲ့လား…”

ယဲ့ကျားက ရေပိုက်ခေါင်းကိုလှည့်ပိတ်ပြီး လက်ကိုပဝါနဲ့သုတ်လိုက်သည်။

သူ ထိုစကားကိုကြားသောအခါ လူသတ်ချင်နေသည့်အကြည့်နှင့် လက်မဲလေးကို ငုံ့ကြည့်လိုက်သည်။

လက်မဲလေးကတသိမ့်သိမ့်တုန်နေ၏။ ထို့နောက် သူ့ဘာသာ နံရံဘက်ကို လွင့်စင်ပြီး တိုက်မိသွားသည်။

ယဲ့ကျားက လှောင်ပြုံးပြုံးပြီး ပြောလိုက်၏။

“ငါအရမ်းအဆင်ပြေတယ်…”

လက်မဲလေး : “...........”

သို့သော် အဘယ်ကြောင့် သူပြောသလို မဟုတ်ဟု ထင်နေရပါသနည်း။

လက်မဲလေးက ခြေတစ်ဖက်ကျိုးနေသည့် ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး တစ်ခဏလောက် လေးလေးနက်နက် စဉ်းစားခန်း ဝင်နေခဲ့သည်။

ယခုအခြေအနေအရ ကင်းက အေ့စ်ကို ခံစားချက် ရှိနေဆဲပင်။ လက်မဲလေးက ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိသော်လည်း သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို ကြိုးစားပြီး ပြေလည်သွားအောင် လုပ်ပေးသင့်ပေသည်။ နတ်ဘုရားများကြားတွင် တိုက်ပွဲဖြစ်လာပါက လူသားများသာ ဒုက္ခရောက်ကြမည် မဟုတ်ပါလော။

သူက ဦးနှောက်ခြောက်အောင်စဉ်းစားပြီးနောက် ဤအခြေအနေများကို ကြိုးစားပြီး ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

သူက ပြော၏။


“...တကယ်တော့..ကင်းကအဲ့လောက်မဆိုးပါဘူး...”

ယဲ့ကျား၏မျက်ခုံးများပင့်တက်သွားပြီး မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းတစ်ခု လက်သွား၏။

“အဲ့လောက်မဆိုးဘူး ဟုတ်လား…”

လက်မဲလေး: ‘.............’

သူက တိတ်တဆိတ် ကျုံ့သွား၏။

ငါစကားမှားသွားပြီထင်တယ်။ အီး ဟီး ဟီး…

(Nt : ငိုသံ )


ယဲ့ကျားက ဒေါသများကိုမျိုချနေရတဲ့ပုံစံဖြင့် သက်ပြင်းချလိုက်ပြီး အံကြိတ်ရင်း စကားပြောလိုက်သည်။

“သူကစိတ္တဇကောင်…”


သူက အတိတ်တုန်းကလည်း တစ်ယောက်တည်း ဖြစ်ခဲ့ပြီးတော့ အခုထိလည်း တစ်ယောက်တည်းပဲ…။

ပြီးတော့ နှစ်တွေအကြာကြီးမတွေ့ခဲ့ရတော့ အခုသူ့အခြေအနေကပိုပြီးပြင်းထန်နေသလိုပဲ…။

လက်မဲလေးက အန္တရာယ်များသည့်ခေါင်းစဉ်ကို ရှောင်တိမ်းရန် စဉ်းစားလိုက်ပြီး ဆက်ပြောသည်။

“အခု....ဘာဆက်လုပ်မှာလဲ…”

ယဲ့ကျား : ‘စိတ္တဇကောင်နဲ့ဝေးဝေးမှာနေမယ်…”

လက်မဲလေး : ‘.....................’


သူဘာပြန်ပြောရမှန်းမသိပါ။


ယဲ့ကျားက ရေချိုးခန်းထဲမှ ထွက်လာပြီး သွေးအရိုးငါးဖျက်စီးသွားသည့် တိုက်ခန်းကို လှည့်ပတ်ကြည့်လိုက်သည်။

ပရိဘောဂများ အားလုံးပျက်စီးသွားပြီး ကံကောင်းထောက်မစွာဖြင့် ရေချိုးခန်းမှာ သီးခြားအခန်း ဖြစ်နေသဖြင့်အထဲကပစ္စည်းများ လွတ်သွားခဲ့သည်။ 


ဘာပဲဖြစ်ဖြစ် သုံးလို့ရသေးတော့ တော်ပါသေးရဲ့…။


ယဲ့ကျားက နှာရိုးကို ဖိနှိပ်လိုက်၏။

အစောပိုင်းကမှ ရေအေးနှင့် ဆေးထားသည့် လက်များနှင့် မျက်ခုံးကို ဖိလိုက်ပြီး ပူလောင်နေတဲ့စိတ်ကို အေးမြအောင် လုပ်နေသည်။

ကျီးရွှမ်၏ နှောင့်ယှက်မှုကြောင့် ရင်ခွဲရုံထဲတွင် ကျန်နေခဲ့ပြီး မေ့မျောနေရာမှ ပြန်ထွက်လာနိုင်ခဲ့သည်ဟု ပြောနိုင်ပေသည်။

ယင်းကြောင့် ယဲ့ကျား သိလိုက်ရသည်မှာ သူ့မိဘများ ဖြစ်ပျက်ခဲ့သည့်ကိစ္စ၏ နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်ချင်သည်ဆိုလျှင်ပင် ၎င်းမှာ ဆယ်စုနှစ်တစ်စုထက် မနည်း ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ထိုစဉ်က သဲလွန်စများမှာလည်း ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

ထိုစဉ်က အဖြစ်အပျက်နှင့် ယခုလူသတ်မှု အဖြစ်အပျက် နှစ်ခု၏ ဆက်စပ်မှုမှာ အခွံလဲစွမ်းအားကြီးတစ္ဆေသာ ရှိသည်။ သို့သော် ၎င်းမှာလည်း ပုန်းကွယ်နေသည်မှာ အချိန် အတော်ကြာပြီ ဖြစ်၏။ ထို့ကြောင့် စောင့်ဆိုင်းနေရုံမှ လွဲ၍ ရွေးချယ်စရာ မရှိကြောင်း ယဲ့ကျား  သိထားပေသည်။

ထို့ပြင် အရေးတကြီး လုပ်ရမည့်အရာများက သူ့ကို စောင့်ဆိုင်းနေ၏။

ကျီရွှမ်ဆီမှ သတင်းအရ အကယ်၍ သူတို့ကိုသာ မလိမ်ခဲ့ဘူးဆိုပါက ကြီးမားသော ကိစ္စတစ်ခုခုကို အမေက လျှို့ဝှက်ကြံစည်နေမည် ဖြစ်ပြီး ရပ်တန့်ရန် ရည်ရွယ်ချက်လည်း ရှိတော့မည် မဟုတ်ပေ။

ထို့ပြင် ယင်းကိစ္စအတွက် ယခုလက်ရှိ လူသားများအနေဖြင့် ဘာမှမပြင်ဆင်ရသေးချေ။

ဉာဏ်ရည်မြင့်မားသည်ဖြစ်စေ၊ တိုက်ခိုက်ရည်မြင့်မားသည်ဖြစ်စေ သူတို့အတွက် သေချာပေါက် ဆိုးကျိုးသာ ဖြစ်နိုင်ပေသည်။

အကယ်၍ အမေသာ အခြားမြို့များတွင် ယခုလို ဆူပူသောင်းကျန်းမှုများ ပြုလုပ်မည်ဆိုပါက သူတို့အနေဖြင့် တိုက်ခိုက်နိုင်ကြတော့မည် မဟုတ်ချေ။

ယခုအခါ သူ၏ ပထမဦးစားပေးမှာ လူသားများ၏ ပြန်လည်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်ပင်။

ရုတ်တရက် ယဲ့ကျားက တစ်ခုခုကို စဉ်းစားမိသွားပုံရ၏။

သူက ကုတင်ဘေးရှိ စားပွဲဆီသို့ ခပ်မြန်မြန် သွား၍ အံဆွဲကို ဖွင့်ကာ ဝူစူးနှင့် ဆက်သွယ်နေကျ စာရွက်ကို ထုတ်ယူလိုက်သည်။

အပေါ်မှ အချက်အလက်များမှာ လွန်ခဲ့သော နှစ်နာရီက ရင်ခွဲရုံသို့ သွားနေစဉ် ပို့လိုက်ခြင်း ဖြစ်ပြီး တွေ့ဆုံရန် ခွင့်တောင်းထားသည့် စာတစ်စောင် ဖြစ်သည်။

ယဲ့ကျား တိတ်ဆိတ်စွာ သက်ပြင်းချလိုက်၏။

........

ဆိပ်ကမ်းတွင်

ဝူစူးက ဤနေရာသို့ ကမန်းကတန်း လာခဲ့ရခြင်း ဖြစ်၏။

ဤအခိုက်တွင် ပင်လယ်ဆီမှ ရေလှိုင်းရိုက်ခတ်သံများကြားနေရသည်။ ကြယ်တွေ ဟိုတစ်လုံး ဒီတစ်လုံးကလွဲရင် ကောင်းကင်ကြီးမှာလည်း မဲမှောင်နေ၏။

အကွာအဝေးတစ်ခုမှ ကြည့်ပါက လမ်းအဆုံးတွင် ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက် တိတ်တဆိတ် ရပ်စောင့်နေသည်ကို တွေ့ရသည်။ သူ၏ ခပ်ရှည်ရှည်ပုံရိပ်မှာ မီးအလင်းရောင်အောက်တွင် ပုံရိပ်မည်း တစ်ခု အဖြစ်သာ တွေ့ရပြီး တိတ်ဆိတ်ငြိမ်းချမ်းနေပုံ ရ၏။ ယမန်နေ့ညက ပြတ်သားနေသော ပုံစံနှင့် တခြားစီပင်။ သို့သော် လူအများကို စိတ်သက်သာရာ ရစေသည်မှာ အတူတူပင်။

ဝူစူးက သက်ပြင်းအရှည်ကြီး ချလိုက်ရာ ငန်ကျိကျိ စိုစွတ်သော လေများ သူ့ရင်ထဲသို့ ဝင်ရောက်လာသော်လည်း ခပ်မြန်မြန် ခုန်နေသည့် နှလုံးသားကိုမူ တည်ငြိမ်အောင် လုပ်နိုင်စွမ်း မရှိချေ။

သူရှေ့ကို မြန်မြန် သွားလိုက်သည်။

အချိန်ခဏလောက် စကားပြောပြီးချိန်တွင် ဝူစူးက ယဲ့ကျားကို စွမ်းအားပိုမြင့်‌သော တစ္ဆေကြီးက သူတို့အဖွဲ့နှင့် ပူးပေါင်းချင်နေသည့်အကြောင်း ပြောပြလိုက်သည်။

“အထက်လူကြီးတွေက တောင်းဆိုချက်ကိုသဘောတူလိုက်ပြီ သူ့ကိုစောင့်ရှောက်ဖို့ လူတစ်ယောက်ကိုလည်းရှာနေတယ် ဒါပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး မင်းရဲ့အမြင်ကိုသိချင်လို့ပါ…”

ယဲ့ကျားက ခဏအကြာတွင် ခေါင်းငြိမ့်လိုက်သည်။

“သတိထားတာအကောင်းဆုံးပဲ…”

သူက ကျီးရွှမ်နှင့် မပူးပေါင်းချင်ပေ။ ထိုစိတ္တဇကောင်နှင့် မပတ်သက်ချင်သော်လည်း တစ်ဖက်လူ၏ ကမ်းလှမ်းချက်မှာ အချိန်ကောင်းတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။

စီမံခန့်ခွဲရေးဗျူရိုမှ လူများက ကျီးရွှမ်၏ပုံစံအစစ်ကို မသိကြသော်လည်း ယဲ့ကျားက သိထားသည်။

ကင်းအနေနှင့် သူက တခြားတစ္ဆေများထက် ပဟေဠိ၏ ဗဟိုချက်နှင့် ပိုနီးစပ်နေပြီ…။

ထို့ကြောင့် သူတို့လမ်းသို့ ရောက်လာသည့် ငြိမ်းချမ်းရေးအကိုင်းအခက်ကို ငြင်းပယ်ခြင်းမှာ ကမူးရှူးထိုး လုပ်ရာ ရောက်ပေလိမ့်မည်။

ယဲ့ကျားကမေးလိုက်သည်။

“မနေ့ညက တစ္ဆေတွေ နဲ့ မိစ္ဆာတွေရဲ့ ဆူပူသောင်းကျန်းကြတဲ့ ပွဲနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်မယ်စီစဉ်ထားလဲ…”

ဝူစူးက ဖြေ၏။

“မိစ္ဆာတွေရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားဖို့ကတော့မဖြစ်နိုင်ဘူး မနေ့ညကကိစ္စပြီးသွားတော့ တစ်နိုင်ငံလုံးမှာ တစ္ဆေတွေနဲ့ မိစ္ဆာ‌တွေ ပိုပြီးတက်ကြွလာကြတယ် ပြီးတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာတွေ အဆက်မပြတ်လာနေတယ် အထက်လူကြီးတွေကတော့ ဗျူရိုရဲ့တည်ရှိမှုကို ဖွင့်ချပြပြီးတော့ ဒီကိစ္စတွေကို ပိုပြီးထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ ဌာနခွဲတွေ ထပ်ဖွင့်မယ်လို့ ဆုံးဖြတ်ထားတယ်…”

“ဂိမ်းကရောဘယ်လိုလဲ…”

ယဲ့ကျား မျက်လုံးများကို မှေးလိုက်သည်။

ဝူစူးက ခေါင်းခါပြီး သက်ပြင်းချလိုက်၏။

“အထက်က အဲ့တာကို လူထုကိုချပြဖို့လုပ်မှာမဟုတ်ဘူး…”

သဘာဝလွန်သတ္တဝါများမှာ စိတ်ကူးယဉ်ဇာတ်လမ်းများထဲတွင်သာ ရှိနေခြင်း မဟုတ်ချေ။ မနေ့ညက အဖြစ်အပျက်ကြောင့် လူအများ၏ ကမ္ဘာကြီးအပေါ် နားလည်မှုမှာ လုံးဝ ပြောင်းလဲသွားသည်။

အန္တရာယ်ရှိနေသဖြင့် လူတိုင်းက စိုးရိမ်နေကြ၏။ လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း ပြိုကွဲလုနီးပါးပင်။

ထို့ကြောင့် ယခုအခါ  ဂိမ်းထဲမှ ဇာတ်ကောင်များ ပြိုကွဲပြီး လူသားတို့ကမ္ဘာသို့ ရောက်လာသည့် ကိစ္စကိုပင် မဆိုထားနှင့်၊ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်တည်းက လူသားများကို ၎င်းတို့၏ ကမ္ဘာထဲသို့ ဆွဲခေါ်သွားသည့် ထူးဆန်းသော ဂိမ်းတစ်ခု ရှိခဲ့ကြောင်းကိုပင် အစိုးရမှ လူထုထံသို့ မချပြနိုင်ပေ။

“ဘာဘဲဖြစ်ဖြစ်…” ဝူစူး ကဆက်ပြောသည်။ “အနည်းဆုံးတော့ အခု လူသိရှင်ကြား တပ်သားစုဆောင်းလို့ ရတာပေါ့…”

သူက သက်ပြင်းချလိုက်၏။

“ငါတို့ဌာန ပြင်းပြင်းထန်ထန်လုပ်နေတာ နှစ်လကျော်လောက်ရှိပြီ ပြီးတော့ မနေ့ကညကအဖြစ်အပျက်နဲ့ ငါတို့ လူသား စွမ်းအင်ပျက်လပ်မှုကို မျက်ကွယ်ပြုထားလို့မရတော့ဘူး ပြီး‌တော့ ငါတို့ လူသစ်စုဆောင်းတဲ့ နည်းလမ်းတွေက အခုလိုအပ်ချက်တွေအတွက်မလုံလောက်ဘူး…”

ထို့ကြောင့် စီမံခန့်ခွဲမှုဗျူရို၏ ဖြစ်တည်မှုကို ဖော်ပြတော့မည်ဆိုပါက အထက်လူကြီးများအနေဖြင့် လူသစ်စုဆောင်းရန်လည်း ဆောင်ရွက်ရပေမည်။

စီမံခန့်ခွဲမှုဗျူရိုက နေ့လည်ခင်းကမှ ကြေငြာလိုက်ခြင်း ဖြစ်သော်လည်း လျှောက်လွှာများ အများအပြား ရောက်ရှိထားပြီး ဖြစ်သည်။

ဝူစူးက ဆက်ပြီး ပြော၏။

“လျှောက်ထားသူတွေအများစုဟာ သဘာဝလွန်ဖြစ်ရပ်တွေမှာစိတ်အားထက်သန်ကြသူတွေနဲ့ ပူးပေါင်းကြံစည်ကြတဲ့ အတွေးအခေါ်ပညာရှင်တွေဖြစ်ကြပေမယ့် ဗျုရိုမှာ အမှန်တကယ် ပါဝင်ချင်ကြတဲ့သူတွေလည်းရှိတယ်… ဒီနေ့နေ့လယ် လျှောက်လွှာတွေကို စစ်ပြီးတော့ မနက်ဖြန် အင်တာဗျူးစမယ် အသစ်ဝင်တဲ့တပ်သား တစ်သုတ်ကို လေ့ကျင့်ပေးပြီး လက်ရှိ တာဝန်ကို ကူညီပေးခိုင်းလို့ရပြီ…”

ယဲ့ကျားက စဉ်းစားရင်းခေါင်းငြိမ့်လိုက်သည်။ သူက ဝူစူးကို စာရွက်တစ်ရွက်ပေးလိုက်၏။

“တရားဝင်ကြေညာချက်ထုတ်ရင် ဒီဟာကို လူသစ်ခေါ်တဲ့ လက်ကမ်းစာစောင်ရဲ့ထောင့်မှာထည့်လိုက်…”

ဝူစူးက ယူပြီး ကြည့်လိုက်သည်။

ကြယ်ရောင်အောက်တွင် စာရွက်မှာ လုံးဝဖြူစွတ်နေပြီး ထိုစာရွက်ပေါ်ရှိ မျဉ်းကြောင်းများမှာလည်း အမှောင်ထဲမှာပင် ရှင်းလင်းပြတ်သားနေသည်။

ထူးဆန်းသည့် စာနှင့်တူပြီး စာလုံးများဘေးတွင် နှင်းဆီကိုင်းများ ငြိတွယ်နေသကဲ့သို့ ရှုပ်ထွေးဆန်းကြယ်နေ၏။

‌ဝူစူးက ဆွဲထားသောပုံ၏ထောင့်တစ်နေရာမှပုံသဏ္ဌာန်ကို သိထားသည်။ စာလုံးသုံးလုံးပုံ…။

အေစ့်…

သူထိတ်လန့်သွား၏။ ချက်ချင်းယဲ့ကျားကိုကြည့်လိုက်ပြီး ပြောသည်။

“ဒါ..ဒါက...”

ဂိမ်းထဲရှိ ထိပ်ဆုံးကစားသမား အယောက်တစ်ရာတွင်သာ ကုတ်နာမည်ရှိသည်။

လုံလောက်သော ပွိုင့်များ ရရှိလာခဲ့ပါက ယခင်က လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များကို ကြည့်၍  ဂိမ်းက ကုတ်နာမည်များကို ကျပန်း ရွေးချယ်ပေးပြီး သက်ဆိုင်ရာ ကစားသမားများကို ပေးခြင်း ဖြစ်သည်။ ကုတ်နာမည်မှာ ဦးဆောင်သူစာရင်းတွင် ပေါ်လာမည်ဖြစ်ပြီး ကစားသမားတိုင်း မြင်ရပေလိမ့်မည်။ ကုတ်နာမည်နှင့်အတူ ကစားသမား၏ ကိုယ်ပိုင်အမှတ်အသားနှင့် အလှဆင်နေသည့်ပုံစံ ရှိသည်။

ယင်းမှာ အလုံးစုံတမူထူးခြားသည့် ကိုယ်ပိုင်အမှတ်အသား ဖြစ်ပြီး မည်သူမှ  ခိုးယူခြင်းဖြစ်စေ၊ အလွဲသုံးစားလုပ်ခြင်းဖြစ်စေ မပြုလုပ်ဝံ့ပေ။

ဂိမ်းထဲတွင် ဆုပေးသည့်စနစ်လည်း ရှိ၏။

ပွိုင့်ကိုရော ယင်စွမ်းအင်ကိုပါ ဆတူအချိုးဖြင့် ငွေသားအဖြစ် လဲလှယ်နိုင်ပေသည်။

စွမ်းအားကြီးတစ္ဆေဟာ သူ့ ယင်စွမ်းအင်ကို ငွေကြေးလဲလှယ်ဖို့အတွက်သုံးပြီး ထိုအရာများကို အမုန်းတရားဦးဆောင်သူစာရင်းကကစားသမားတစ်ယောက်၏အသက် ဒါမှမဟုတ် ခြေလက်အင်္ဂါစသည်အတွက် ဆုလဒ်အဖြစ်သုံးမှာဖြစ်ပြီး ဂိမ်းကလည်း တက်တက်ကြွကြွ နှင့် ကမ်းလှမ်းလာတဲ့ဆုကြေးငွေတွေကိုရှင်းပေးပြီးတော့ ဦးဆောင်သူစာရင်းကအဆင့်တွေကို ပြန်စီမှာဖြစ်သည်။

ကစားသမားတွေက ပွိုင့်တွေကို ငွေကြေးနဲ့လဲလှယ်ပြီး အလုပ်တာဝန်ပေးဖို့ အရောင်းအဝယ်လုပ်ဖို့ နှင့် အသင်းဖော်ရှာဖွေဖို့အတွက်သုံးနိုင်သည်။

ဤအရာအားလုံးမှာ လူသိရှင်ကြား ချပြထားခြင်း ဖြစ်၏။ ဆိုလိုသည်မှာ ကစားသမားတစ်ယောက်က တစ်ခုခုကို အဆင့်မြှင့်ရန်အတွက် သူ၏ အမှတ်အသားကို အသုံးပြုမည်ဆိုပါက၊ အမုန်းတရား ဦးဆောင်သူ စာရင်းတွင် ဆုကြေးငွေ ကမ်းလှမ်းထားပြီဆိုပါက စွမ်းအားကြီးတစ္ဆေမှာ သူ ချန်ထားခဲ့သည့် သဲလွန်စများနောက်သို့ သေချာပေါက် လိုက်လာမည် ဖြစ်သည်။

ကိုယ်ပိုင်အမှတ်အသားရှိသည့် ကစားသမားများမှာ အမုန်းဦးဆောင်သူစာရင်းတွင် အဆင့်မနိမ့်ကြချေ။

ဝန်ထုတ်ဝန်ပိုးဖြစ်၍ မည်သူမှကူညီမည် မဟုတ်ချေ။

ကစားသမားမှာ အဆင့်မြင့်လာလေလေ သူ၏ ကိုယ်ပိုင်အမှတ်အသားကို တစ်ခုခု အဆင့်မြှင့်ရန်အတွက် အသုံးမချသင့်လေလေ ဖြစ်သည်။ အကြောင်းမှာ ယင်းက သူ၏ တည်နေရာကို ကြေငြာသလို ဖြစ်နေသောကြောင့်ပင်။

နှစ်ပေါင်းများစွာ ဂိမ်းထဲတွင် ရှိနေခဲ့သည့်တိုင်အောင် ဝူစူးက အေ့စ်၏ အမှတ်အသားကို တစ်ခါမှမမြင်ဖူးပါ။

သူကလူသိများတဲ့ တစ်ကိုယ်တော်ကစားသမား ဖြစ်၏။

ထို့ပြင် ၎င်းက တစ်ခါမှ အသင်းဖော် မရှာဖူးသလို ဘာမှလည်း မတင်ခဲ့ဖူးပေ။

ယင်းအပြင် ဂိမ်းထဲတွင် လူသတ်၍ ပွိုင့်များလည်း ရရှိနိုင်သည်။

ထို့ကြောင့် အေ့စ်၏ ဦးဆောင်သူစာရင်းမှာ အဆင့်မြင့်သထက် မြင့်လာပြီး ကစားသမားများကလည်း သူ့ကိုသာ မျက်စိကျနေကြသည်။ သူ့အသက်နောက် လိုက်ပါနေသည့် စွမ်းအားကြီးတစ္ဆေများထက်ပင် များသေး၏။ ထို့ကြောင့် မည်သူကမှ သူ့အမှတ်အသားကို မတုပရဲကြပေ။

ဤသည်မှာ ဝူစူးအတွက် အေ့စ်၏ အမှတ်အသားကို ပထမဆုံးမြင်တွေ့ရခြင်းဖြစ်သည်။

ကစားသမားတစ်ယောက်အနေနှင့် အခြားကစားတစ်ယောက်၏လုပ်ရပ်နောက်ကွယ်က အဓိပ္ပာယ်အားလုံးကို သိထားပေသည်။

သိထားရမည့်အရာတစ်ခုမှာ ကစားသမားများ ဂိမ်းထဲတွင် အဆင့်မြင့်လာလေလေ ဂိမ်းထဲတွင် ပို၍ အချိန်ကြာမြင့်လာလေလေ ကစားသမား၏ စိတ်မှာ တမူထူးခြားလာလေပင်။

ကစားသမားတချို့က ဝူစူးနှင့်အတူ စီမံခန့်ခွဲရေးဗျူရိုသို့ ဝင်ရောက်လာခဲ့ကြသော်လည်း ဦးဆောင်သူစာရင်းမှာတော့ အဆင့်မမြင့်ကြပေ။

စစ်မှန်သော သူဋ္ဌေးများကမူ ရုပ်ဖျက်ပြီး ပျောက်ကွယ်သွားကြသည်။

ထို့ကြောင့် စီမံခန့်ခွဲရေးဗျူရိုက လူသစ်စုဆောင်းရန် လုပ်ဆောင်နေသည့်တိုင်အောင် သူတို့ ထွက်ပေါ်လာရန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။ အများဆုံးမျှော်လင့်ထားသည်မှာ အသစ်ဝင်လာသူများက တောင်လိုပုံနေသည့် အလုပ်များကို ကူညီပေးပြီး သိပ်မခက်ခဲလှသော သဘာဝလွန်ဖြစ်ရပ်များကို ကူညီကိုင်တွယ်ပေးရန်သာ ဖြစ်သည်။ သူတို့က ပို၍ စွမ်းအားမြင့်သော တစ္ဆေကြီးများကို ရင်ဆိုင်ရန် အင်အား နည်းပါးလွန်းသေး၏။

သို့သော် ယခုလို အေ့စ်၏ အမှတ်အသားနှင့်ဆိုပါက အရာအားလုံး မတူညီတော့ချေ။

ဂိမ်းကိုရှင်းပစ်ခဲ့သည့်တစ်ဦးတည်းသောကစားသမားအနေဖြင့် သူ့အမှတ်အသား၏ အကျိုးသက်ရောက်မှုက ကြောက်မက်ဖွယ်ကောင်းလှသည်။

တစ်နည်းပြောရမည်ဆိုပါက သူတို့အနေဖြင့် ဂိမ်းထဲရှိ တစ္ဆေများနှင့် မိစ္ဆာများကိုရင်ဆိုင်ရန် အတွေ့အကြုံရှိသည့် အဖွဲ့ကို ခန့်အပ်နိုင်ပေသည်။

ဝူစူးက ထိုအချက်ကို တွေးရင်း ခေါင်းမူးလာ၏။

သူလက်ထဲမှ စာရွက်ကို ဂရုတစိုက်ကိုင်ထားရင်း နှလုံးခုန်သံများ ကျယ်လောင်ပြီး လည်ချောင်းပါ ခြောက်လာသည်။ 


“မင်း…”

ယဲ့ကျားက  သူ့ကို ကြားဖြတ်ပြောလိုက်သည်။

“ဒါပေမယ့် မင်းဒါကိုသေချာပြန်စဉ်းစားရမယ်…ပြီးတော့ ဒီအမှတ်အသားက ကစားသမားတွေကို ဆွဲဆောင်ရုံတင် မဟုတ်ဘူး…”


Xxxxxx