အပိုင်း ၆၀
Viewers 10k

Chapter 60



“ဒါပေမယ့် မင်းဒါကိုသေချာပြန်စဉ်းစားရမယ်…ပြီးတော့ ဒီအမှတ်အသားက ကစားသမားတွေကို ဆွဲဆောင်ရုံတင် မဟုတ်ဘူး…”


ဤစကားလုံးများက အေးစက်သော ရေစက်များအလား ဝူစူးကို လှုပ်နှိုးလိုက်သည်။

အေ့စ်က ဂိမ်းထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ရန်သူလည်း များပြားလှပေသည်။ ဂိမ်းမပြိုကွဲမီ တစ္ဆေကင်းကျီရွှမ်က ဆုလာဘ်ကို တောင်းဆိုခဲ့ပြီး အမုန်းဦးဆောင်သူစာရင်း၏ ထိပ်ဆုံးကိုလည်း အောင်မြင်စွာ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ 

သူ သဘောထားကွဲလွဲစပြုလာသည်။

ဂိမ်းက ပြိုကွဲခဲ့ပြီး ဖြစ်၍ ကစားသမားများကြားမှ ပြိုင်ဆိုင်မှုများလည်း မရှိတော့ချေ။ ထို့ကြောင့် ယင်းက ကစားသမားများအတွက် အရေးမပါတော့ပါ။

သို့သော် စွမ်းအားကြီးတစ္ဆေများအတွက်ကျ မတူချေ။

ဝူစူးကတစ္ဆေတစ်ကောင်မဟုတ်ပေ။ ထို့ကြောင့် ဂိမ်းမှထွက်သွားသည့် တစ္ဆေများက သူတို့၏ အမုန်းဦးဆောင်သူစာရင်းကို မှတ်မိကြသေးလားဆိုတာ သူမသိပါ။

ယဲ့ကျားခနလောက်စဉ်းစားလိုက်သည်။

“မင်းအမုန်းဦးဆောင်သူစာရင်းကိုစိတ်မပူပါနဲ့…”

ဝူစူးက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။

သို့သော် တစ်ဖက်လူပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် ဆွံ့အသွားလေ၏။

“မင်းစိုးရိမ်ရမှာက ငါ့ကို မုန်းတီးဆန့်ကျင်နေတဲ့ စွမ်းအားကြီးတစ္ဆေတွေ လာမှာလားဆိုတာပဲ…”


ဝူစူး ‘...............’

နှလုံးခုန် မြန်ပြီး လက်များ တုန်နေသည်။ ဝူစူး ယခုလိုဖြစ်နေသည်ကို မြင်သောအခါ ယဲ့ကျားက သူ နားလည်ကြောင်း ပြလိုက်သည်။

“မင်းအခုဖြေဖို့မလိုပါဘူး…ပြန်ပြီးတော့စဉ်းစားလိုက်ပါဦး…ဆုံးဖြတ်ပြီးတော့မှ ငါ့ကိုပြော…”

ဝူစူးထွက်သွားပြီးနောက် ယဲ့ကျားက နဂိုသွားခဲ့သည့် ကုန်လှောင်ရုံကို ‌သေချာစစ်ဆေးရန် သွားရောက်ခဲ့သည်။ အထဲတွင် မိစ္ဆာထည့်ထားသည့် ရေကန်ကြီးနှင့် လူသားအရေပြားစင်ကြီး အပါအဝင် မည်သည့်အရာမှ မရှိတော့ချေ။

သွေးအရိုးငါးအတုကို တိုက်ခိုက်တုန်းကကျန်ခဲ့သည့် ခြေရာလက်ရာများကိုပါ ရှင်းပြီးသားဖြစ်သည်။

တစ်ဖက်က ဤကဲ့သို့ လုပ်ဆောင်ရန် မြို့တွင်းမငြိမ်မသက်မှုကို အခွင့်ကောင်းယူခဲ့ကြောင်း ထင်ရှားပေသည်။

မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့စေရန် သေချာ ဖြေရှင်းထားခဲ့၏။ ယဲ့ကျားက ဂိုဒေါင်နံပါတ်ကို မှတ်ထားလိုက်ပြီး မနက်ဖြန် စီမံခန့်ခွဲရေးဗျူရိုသို့ သွားကြည့်ရန် အဆင်သင့် ပြင်ထားလိုက်သည်။


ယဲ့ကျားက ဆိပ်ကမ်းမှထွက်ပြီး တိုက်ခန်းဆီသို့ ပြန်သွားခဲ့သည်။

သူက လွန်ခဲ့သောရက်ပိုင်းတည်းက မရပ်မနား အလုပ်လုပ်လာခဲ့ရခြင်း ဖြစ်ရာ သူ့တစ်ခန်းလုံး ရှုပ်ပွနေသော်လည်း ရှင်းလင်းရန်  အင်အား မရှိတော့ချေ။

သူမြန်မြန်ရေချိုးလိုက်ပြီး အကောင်းအတိုင်းရှိနေသေးသည့် အိပ်ယာဆီသွားလိုက်သည်။

သူထိုင်ချလိုက်တာနဲ့ လက်မဲလေးကရောက်လာပြီး အသိပေး၏။ 

“အဲ့ဒီလူသား စာပြန်ပြီ…”

နှစ်နာရီပဲရှိသေးတာကို တစ်ဖက်လူက ဆုံးဖြတ်ချက်တောင် ချပြီးပြီလား…။

လက်‌မဲလေးကစာရွက်ကိုကမ်းပေးလိုက်သည်။

“မင်းရဲ့အကြံဉာဏ်တွေကို အထက်လူကြီးကိုတင်ပြလိုက်တယ် သူတို့ကဖြစ်နိုင်တယ်လို့ထင်တယ်…”

ဝူစူးရဲ့အသံက ထိုစာရွက်ကနေ ထွက်လာ၏။

“ပြီးတော့ မင်းကျားဂူထဲကိုမဝင်ရင် ကျားကိုဖမ်းလို့ရမှာမဟုတ်ဘူး တကယ်လို့ ငါတို့အင်အားကို မစုစည်းနိုင်ဘူးဆိုရင် လူသားတွေက ဂိမ်းထဲကမိစ္ဆာတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး… ပြီးတော့ အမေကလည်း အကုန်လုံးကို စောင့်ကြည့်နေတာ... အရမ်းအန္တရာယ်များတယ်ဆိုပေမယ့် ရွေးချယ်စရာမရှိတော့ဘူး…”

ယဲ့ကျားကမေးလိုက်သည်။ 

“ဒါဆိုငါက စာချုပ်ချုပ်မထားတဲ့ဝန်ထမ်းလို့ သတ်မှတ်ရမှာလား…”

ဝူစူးကအံ့ဩသွားလေ၏။

“.......အဲ့လိုများလား…"

ယဲ့ကျားကပြုံးပြီးပြောလိုက်သည်။

“ဒါဆို အခကြေးငွေအကြောင်းဆွေးနွေးကြရအောင်…”

ကျီရွှမ်၏ အကျွင်းအကျန်များမှ အပိုဝင်ငွေ ရရှိရန် လုံးဝ မဖြစ်နိုင်တော့‌။ ထို့ပြင် အလုပ်နှစ်ခု လုပ်ရပြီး ဝင်ငွေတစ်ခုတည်းသာ ရရှိခဲ့သည့် ထိုစဉ်ကနေ့ရက်များဆီသို့လည်း ပြန်မသွားချင်ပါ။


ဝူစူး ‘............’


ရုတ်တရက်ကြီး ခေါင်းစဉ်ကဘာလို့ပြောင်းသွားတာလဲ…။

ဝူစူးနှင့်ဆွေးနွေးပြီးနောက် စာရွက်ကလက်ထဲမှာ သူ့အလိုလိုလောင်ကျွမ်းသွားသည်။ အနီရောင်မီးတောက် တစ်ခုသာ လူငယ်လေး၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေ၏။ ရွှေနီရောင် လိပ်ပြာတစ်ကောင်က သူ့အတောင်ပံများကို တဖျတ်ဖျတ် ခတ်နေသလိုပင်။

မီးက တဖြည်းဖြည်းငြိမ်းသွားခဲ့သည်။

အခန်းမှာ တစ်ဖန်မှိန်ကျသွားပြန်၏။ မှင်ရောင်အလား နက်မှောင်နေတဲ့ ပြတင်းပေါက်အပြင်ရှိ ကောင်းကင်အစွန်းက နက်ပြာရောင် ပြောင်းလာသည်။ အရုဏ်တက်ချိန်ရောက်လာတော့မှာ ဖြစ်သည်။

မီးခိုးပြာရောင်အလင်းတစ်ခုက အခန်းထဲကျလာပြီး အခန်းလေးမှာ မှုန်ရီဝိုးတဝါး ဖြစ်သွားလေ၏။

ယဲ့ကျားက ခေါင်းငုံ့ပြီး လက်ဖဝါးပေါ်က ပြာများကိုဖယ်ရင်း တိုးတိုးသက်ပြင်းချလိုက်သည်။

ယခုဝူစူးက သူ၏ ကမ်းလှမ်းချက်ကို သဘောတူလိုက်ပြီ ဖြစ်ရာ အမုန်းဦးဆောင်သူစာရင်းနှင့် ရင်ဆိုင်ရပေတော့မည်။

သူ့ထံတွင် ရန်သူများစွာ ရှိ၏။ အကယ်၍ မိစ္ဆာများသာ သူ့ကြောင့် မြို့ထဲ ထပ်၍ ဝင်လာခဲ့မည်ဆိုပါက ဖြေရှင်းရန် ပို၍ ခက်ခဲသွားတော့မည် ဖြစ်သည်။

သူက ထိုစိတ္တဇကောင်၏ အဝေးတွင် နေမည်ပြော၍ ညတစ်ဝက်လောက်မှာပင် သူ့စကားများကို သူ ပြန်ပြီး ဆန့်ကျင်နေမိသည်။

သူတို့နှစ်ယောက် လျှောက်လမ်းမှာ ထိပ်တိုက်တွေ့ကြတဲ့ မြင်ကွင်းက သူ့စိတ်ထဲပြန်ပေါ်လာ၏။ ယဲ့ကျား ခေါင်းကိုက်လာသည်။

“ဘယ်လိုလုပ်.....ဒီကိစ္စကိုနောက်မှာထားလိုက်ရမှာလား…”

မည်သို့ပင်ဖြစ်စေ ဝူစူးက ကြေညာချက်ကို ချက်ချင်း လုပ်ဆောင်မည် မဟုတ်ပေ။

ထို့ပြင် သူအရမ်းအိပ်ချင်နေသည်။

ယဲ့ကျားက သမ်းလိုက်၏။ မှုန်ဝါးပြီး အိပ်ချင်နေတဲ့ မျက်လုံးများကို ပုတ်ခတ်လိုက်ပြီး အိပ်ယာပေါ်သို့ လှဲချလိုက်သည်။

ခဏအကြာတွင် ကုတင်မှာ ကွဲအက်ပြီး ခြေလေးချောင်းလုံး ကျိုးသွား၏။

ယဲ့ကျားက ထိုအပျက်အစီးများပေါ်တွင် လှဲနေပြီး မျက်နှာကြက်ကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။

အစောပိုင်းက အိပ်ချင်နေသည်မှာလည်း အစအနမရှိ ပျောက်ကုန်လေသည်။

ယခုမူ သူ့အတွက် ကျီးရွှမ်ကိုရှာရန် ဒုတိယအကြောင်းပြချက်တစ်ခု ရှိလာပြီ…။

ယဲ့ကျားက မျှော်လင့်ချက်မဲ့စွာ ထရပ်လိုက်သည်။

လေဆင်နှာမောင်းတိုက်သွားသလို ဖြစ်နေသည့် သူ့တိုက်ခန်းကို လှည့်ပတ်ကြည့်လိုက်၏။ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုဆောင်အထိ လုံးဝကိုရှုပ်ပွနေပြီး ရေချိုးခန်းတစ်ခုသာ အကောင်းအတိုင်းကျန်သည်။

အမှန်တကယ် ပြောရမည်ဆိုပါက လူနေရန်နေရာပင် မဟုတ်တော့ချေ။

ယဲ့ကျား သက်ပြင်းချပြီး မျက်ရိုးကိုဖိနှိပ်လိုက်သည်။

ပြန့်ကျဲနေသည့် ပရိဘောဂများပေါ်ကို ကျော်သွားလိုက်ပြီး စင်္ကြသို့လျှောက်သွားကာ တံခါးဖွင့်လိုက်သည်။

ပုံရိပ်တစ်ခု ကျလာ၏။

သူက တစ်ချိန်လုံး တံခါးကိုမှီပြီး ထိုင်နေသောကြောင့် သူ့နောက်မှ နောက်မှီမရှိတော့သည်နှင့် ဟန်ချက်ပျက်ပြီး လဲကျသွားသည်။

မြေကြီးပေါ်လဲကျနေသည့် ကောင်လေးက သူ၏ နီရဲနေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူ့အပေါ်က အံ့ဩနေသောလူ၏ မျက်နှာကိုကြည့်လိုက်ပြီး လေသံတိုးတိုးနှင့်ပြောလိုက်သည်။

“.........မင်္ဂလာမနက်ခင်းပါ…”

ယဲ့ကျား : '............'

နောက်တစ်ကြိမ် ထပ်မံ၍ သူ ခေါင်းကိုက်လာပြန်သည်။

အသက်ကိုပင့်ရှူလိုက်ပြီး “မင်းဒီမှာရောက်နေတာဘယ်လောက်ကြာပြီလဲ…” ဟု မေးလိုက်သည်။

ကျီရွှမ်က မြေကြီးပေါ်မှ မတ်တပ်ထလိုက်ပြီး ခေါင်းခါပြလိုက်သည်။ သူ့ပုံစံမှာ တမူထူးကဲစွာ အသိတရားရှိပြီး ယဉ်ကျေးနေကာ အနည်းငယ်ပင် သနားစရာကောင်းနေတော့သည်။

“သိပ်မကြာသေးပါဘူး…”

တံခါးလက်ကိုင်ကို ကိုင်ထားသည့် ယဲ့ကျား၏လက်များက ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ဟန်ဆောင်နေစမ်း…။ ဆက်ပြီးဟန်ဆောင်နေ…။

သူမော့ကြည့်လိုက်ပြီး နောက် သူ့အကြည့်က ကျီရွှမ်ဘေးရှိ မြေကြီးပေါ်သို့ ရောက်သွားလေသည်။

မြေကြီးပေါ်တွင် ဘီစကစ်ပုံးနှစ်ပုံး၊ ပန်းသီးတစ်လုံး၊ နွားနို့နှစ်ပုလင်း နှင့် သစ်သီးဖျော်ရည် သေတ္တာတစ်လုံးတို့ကို သပ်သပ်ရပ်ရပ်စီထည့်ထားသည်။

ယဲ့ကျား မှင်သက်နေမိ၏။

“.......ဒါတွေကဘယ်ကရောက်လာတာလဲ…”

ကျီရွှမ်က ယဲ့ကျားကြည့်နေသည့် နေရာကို လိုက်ကြည့်လိုက်သည်။

“ဪ ဒါတွေလား…”

သူစဉ်းစားနေ၏။

“အိမ်နီးချင်းတွေပေးတာ…”

သူ ထိုင်နေသည့်အချိန်အတွင်း ဖြတ်သွားဖြစ်လာလူတစ်ယောက်က သူ ဘာလို့ ဤနေရာတွင် ထိုင်နေကြောင်း မေးမြန်းခဲ့သည်။

ပိန်ပိန်ပါပါးကောင်လေးတစ်ယောက်က ပိတ်ထားသောတံခါးကို မှီပြီး တိတ်တိတ်လေးထိုင်နေ၏။ သူ့မျက်လုံးများမှာ ကြီးမား ဝိုင်းစက်ကာ တောက်ပနေပြီး သူ့သွင်ပြင်မှာ နူးညံ့လှသဖြင့် အသိတရားရှိပြီး လိမ္မာယဉ်ကျေးသည့်ပုံစံလေး ဖြစ်နေသည်။

“အမေကအိမ်ပေါ်ကနှင်ချလိုက်လို့ ကောကော ဆီလာနေတာ…”

ခံစားမိရသလောက် သူက လိမ်နေသည့်ပုံစံ မပေါ်ပေ။

“သူကအထဲဝင်ခွင့်မပေးဘူးလား…”

အိမ်နီးချင်းက စိုးရိမ်ပူပန်စွာ မေးလာသည်။

“အဲ့လိုမဟုတ်ပါဘူး…” သူ ဝမ်းနည်းစွာသက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

“အမှားလုပ်တာ ကျွန်တော့်အပြစ်ပဲပေါ့… ‌ကောကော စိတ်ဆိုးပြေအောင်စောင့်နေတာ…”

“ဒါပေမယ့် ကလေးကိုအပြင်မှာ ဒီလိုပစ်ထားလို့ဘယ်ဖြစ်မလဲ… အထူးသဖြင့် အခုဒီလိုတွေဖြစ်နေချိန်မှာလေ…”

အိမ်နီးချင်းက စိတ်တိုလာသည်။

“အကြီးဖြစ်ပြီးတော့ မသိတတ်လိုက်တာ…”

ထို့နောက် ယင်းအိမ်နီးချင်းက ကြင်ကြင်နာနာမေးလာသည်။

“ငါ့နေရာကို လိုက်ပြီးစောင့်မလား…”

ကောင်လေးက ပြုံးပြီး “ရပါတယ် မလိုက်တော့ပါဘူး… ကျေးဇူးတင်ပါတယ်…” ဟု ဖြေလိုက်၏။

ကြည့်ရသလောက် ကောင်လေးက ဤနေရာတွင်သာ နေရန် ဆုံးဖြတ်ထားသည့်ပုံစံပင်။ ထို့ကြောင့် အိမ်နီးချင်းက လက်လျှော့လိုက်ပြီး စားစရာများနှင့် ပစ္စည်းများသာ လာပေးထားလိုက်သည်။

တစ်ယောက်ဖြတ်သွားတိုင်း ယခုလိုပင် ပြောဆိုကြ၏။ ဤသို့ဖြင့် စားစရာများ များပြားလာခဲ့သည်။

ကျီရွှမ်က မှတ်ချက်ပေးလိုက်သည်။ “လူသားတွေက စိတ်နှလုံးနွေးထွေးကြတာပဲ…”

ယဲ့ကျား ဘာမှမပြောနိုင်တော့ပေ။

ကြည့်ရသလောက် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်း သူ ခန့်မှန်းမိသည်။

ယခုအချိန်တွင် သူ့ကို သေလူတစ်ယောက်လို ဆက်ဆံသည့်အတွက် သေဆုံးနိုင်ခြေများနေသည့် ပုံစံပင်။

ယဲ့ကျားကအံကြိတ်ပြီး အားနှင့် မာန်မဲလိုက်သည်။

“မင်းကလေးလိုဟန်ဆောင်ရတာကို တော်တော်စွဲလန်းနေတာလား…”

ကျီရွှမ်က တိုက်ခန်းထဲသို့ ဝင်သွားလိုက်သည်။

မနက်ခင်း၏မှိန်ပျပျ အလင်းရောင်နှင့် လျှောက်လမ်းကမီးမှိန်မှိန်ကြောင့် ချက်ချင်းပင် သူ၏ အရိပ်ရှည်ရှည်မှာ မြေကြီးပေါ် ပေါ်လာခဲ့၏။

အရပ်ရှည်ရှည်နှင့်လူက မျက်လုံးများကို ငုံ့ကြည့်လိုက်ရာ နက်မှောင်အေးစက်သော မျက်လုံးများက အရိပ်ထဲတွင် တစ်ဝက်ခန့် ပုန်းကွယ်နေပြီး နီရဲသော ကြက်သွေးရောင် မျက်ဝန်းတို့မှာ မျက်တောင်ရှည်အောက်တွင် တစ်ဝက်ခန့် တိမ်မြုပ်နေသည်။

သူ့အရှေ့ကလူကို သေချာကြည့်လိုက်၏။

“ဒီတော့.......မင်းငါ့ကိုဒီလောက်တောင်သဘောကျတာလား…”

သူ့အသံမှာ တိုးတိတ်နိမ့်ဝင်နေ၏။ သူ့အသံအောအောမှာ အနည်းငယ်အက်ကွဲနေသည်။

“ကောကောကိုလား…”

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ချက်ချင်းပင် နီးကပ်သွား၏။ ထိုလူကြီး၏ ဆွဲဆောင်မှုရှိသော အနံ့အသက်က ပျံ့နှံ့သွားလေသည်။ ထို့ပြင် သူတို့၏နှာခေါင်းများမှာ ထိလုနီးပါးပင်။

ယဲ့ကျားက အသက်ပြင်းပြင်းရှုလိုက်ပြီး သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို ပိုဝေးသွားအောင် နောက်ဆုတ်လိုက်သည်။

သူ့မျက်လုံးများက ပယင်းရောင်တောက်နေပြီး အမှောင်ထဲမှာ ရန်လိုနေပုံပေါ်နေသည်။

ချက်ချင်းပင် ကြောက်အားလန့်အားနှင့် နောက်ဆုတ်သွားသည့်လူကို ကြည့်၍ ကျီရွှမ်က နောင်တရစွာ သက်ပြင်းချလိုက်သည်။

သူ၏ လူငယ်ပုံစံရော၊ လူကြီးပုံစံပါ နှစ်ခုလုံးက တစ်ယောက်တည်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး မည်သို့ပင် စိတ်မပျော့ပါဟု ပြောနေသော်လည်း သူ့အနေဖြင့် ကလေးတစ်ယောက်ကို မရက်စက်နိုင်ပေ။

ကောကောက အမြဲ ယခုလိုပင် ချစ်ဖို့ကောင်းလှသည်။

အဲ့ဒါကြောင့် အခွင့်အရေးယူမိတာကိုအပြစ်မတင်ပါနဲ့…။

ယဲ့ကျားက အေးစက်စွာ ပြောလိုက်သည်။

“မင်းဘာသာမင်း ဘယ်လိုပုံပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ဘူး…”

ကျီရွှမ်ကပြုံးပြီး ခေါင်းငြိမ့်သည်။

“နားလည်ပါတယ်…”

အဲ့လိုမျိုး…။

ယဲ့ကျားကသူ့ရှေ့မှာရှိတဲ့သူကို သေချာကြည့်ပြီး အန္တရာယ်မရှိတဲ့အကွာအဝေးကိုရောက်အောင် နောက်တစ်လှမ်းဆုတ်လိုက်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။

“မင်းလူသားတွေနဲ့ပူးပေါင်းရတဲ့ ရည်ရွယ်ချက်ကဘာလဲ…”

ကျီရွှမ်က အနည်းငယ် နာကျင်စွာနှင့် သူ့မျက်ခုံးများကို ကျုံ့လိုက်သည်။

“ကောကော မင်းငါ့ကိုတကယ်မယုံဘူးလား… ငါဗျူရိုမှာပြောခဲ့တာတွေက အကုန်အမှန်တွေပါ…”

သူ မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး အကဲခတ်နေသော်လည်း ဘာစကားမှ မပြောချေ။

သို့သော် သူ့ခန္ဓာကိုယ်၏ အမူအရာမှာ ကျီရွှမ်၏ မေးခွန်းကို ဖြေနေသည့်အလားပင်။

_______ဟုတ်တယ် သူ သူ့ကိုလုံးဝမယုံပေ…။

“ကောင်းပြီလေ…”

ကျီရွှမ်က သူ၏ အပြောင်အပျက်အကြည့်ကို ဘေးဖယ်ထားပြီး အလေးအနက် ဖြေလိုက်သည်။

“ငါ မင်းကို ယုံအောင်လုပ်လို့မရတာ သိပါတယ် ဒါပေယ့် အခု ငါတို့ရဲ့ရည်ရွယ်ချက်တွေကအတူတူပဲ…”

သူက သူ့နှုတ်ခမ်းထောင့်စွန်းကို တစ်ချက်ပင့်တင်လိုက်သည်။ အေးစက်စက် အပြုံးတစ်ခု မျက်နှာပေါ် ဖြတ်ပြေးသွား၏။

“ပြီးတော့ သူမအနားမှာ ငါလည်း ကင်းတစ်ယောက်အနေနဲ့ မလွယ်ကူဘူး…”

သူ့အပေါ်တွင် လှုပ်ကိုင်၍မရတဲ့ စွမ်းအားတစ်ခု လွှမ်းခြုံထားပြီး အခြားသော S -level စွမ်းအားကြီးတစ္ဆေများက သူ့အာဏာကိုစိန်ခေါ်ဖို့ လှုံဆော်နေသည့်အတွက်ကြောင့် မကြာခင်မှာ သူ့ကိုမနှစ်မျို့ဘဲ ထားခဲ့လိမ့်မည်။

ဤအကြောင်းပြချက်က ယဲ့ကျားကို စည်းရုံးသိမ်းသွင်းနေပုံပေါ်၏။

ကျီရွှမ်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးနောက် သူက နောက်ဆုံးတွင် လက်လျော့လိုက်သည်။

“ကောင်းပြီလေ…”

“ဒါပေမယ့် ငါ မင်းရဲ့ စိတ်ရင်းကိုတော့မြင်ဖို့လိုတယ်…” ယဲ့ကျားက ဆက်ပြောသည်။

“အမုန်းဦးဆောင်သူစာရင်းမှာ ရှိတဲ့ ငါ့ခေါင်းပေါ်က ဆုလာဘ်အကြောင်း…”

စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် ကျီရွှမ်က ချက်ချင်း ပြောလိုက်၏။

“ငါ အခုချက်ချင်းဖယ်လိုက်မယ်…”

အနည်းဆုံး ယခုညအတွက် ပန်းတိုင်ကို သူ ရရှိသွားပြီ ဖြစ်သည်။

ယဲ့ကျားက တံခါးကို ပိတ်ချင်နေ၏။

သို့ရာတွင် သူသတိမထားလိုက်မိသည့် အချိန်ကပင် တစ်ဖက်လူက တံခါးဘောင်ကို ကျော်ပြီး စင်္ကြံထဲသို့ပင် ခြေချခဲ့ပြီးပြီ ဖြစ်ကြောင်း သူ သတိပြုလိုက်မိသည်။

ယဲ့ကျား : “..............”

သူ အကြီးအကျယ် အမှားလုပ်လိုက်မိလေသည်။

ကျီရွှမ်က အထဲသို့ နောက်ထပ်ခြေတစ်လှမ်း ဖြည်းဖြည်းချင်း ထပ်လှမ်းလိုက်ရင်း “ဒါဆို ကောကော မင်းလည်း မင်းရဲ့စိတ်ရင်းကို ပြသင့်တယ်မလား…”

ယဲ့ကျား၏ကြွက်သားများမှာ ရုတ်တရက်တင်းမာသွား၏။

သူ့စကားလုံးများမှာ သူ့သွားများကြားမှ ညှစ်ထုတ်၍ ပြောနေရဟန် တူသည်။

“မင်းဘာလိုချင်တာလဲ…”

ကျီရွှမ်က ခဏလောက်ရယ်လိုက်သည်။

“မစိုးရိမ်ပါနဲ့…”

သူ့ဘေးတွင် အနီရောင်အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး စာရွက်တစ်ရွက်က သူ့လက်ဖဝါးပေါ်သို့ ဖြည်းဖြည်းချင်း ကျလာသည်။

သူက ယဲ့ကျားကို ထိုစာရွက်ပေးလိုက်သည်။

“ငါက မင်းကို ဗျူရိုမှာ ငါသတ်မှတ်ထားတဲ့ ငါ့ရဲ့အဓိကအဆက်အသွယ်ဖြစ်စေချင်တာ…”

ယဲ့ကျားက စာရွက်ထဲမှ အကြောင်းအရာကို တစ်ချက်ကြည့်လိုက်သည်။

ယမန်နေ့ညက သူ ထိုစာကို အကြမ်းဖျင်းလောက်သာ ဖတ်ခဲ့ရပြီး သေသေချာချာ ဖတ်ရန် အချိန် မရှိခဲ့ချေ။ ဤသည်မှာ စီမံခန့်ခွဲရေးဗျူရိုမှ အထက်လူကြီးများ တိုက်ရိုက်ထုတ်ပြန်ထားသည့်စာ ဖြစ်ပြီး အတု မဟုတ်ပေ။

“မင်းရဲ့အထက်လူကြီးက ဒီနေ့ ဒီအကြောင်းကိုသတင်းပေးသင့်တယ်…”

ကျီရွှမ်က ယဲ့ကျားကိုငုံ့ကြည့်ပြီး တိုးတိုးပြောလိုက်သည်။

“ငါက ဒီသတင်းကို မင်းနဲ့ဆက်ပြီးဆွေးနွေးချင်ရုံပါပဲ ကောကော...”

ယဲ့ကျားက အေးစက်စွာ ကြည့်လိုက်သည်။ သူ ဤကိစ္စနှင့်တော့ လှည့်စားခံလိမ့်မည် မဟုတ်ပေ။

“ကောင်းပြီလေ ဘာလဲ…”

ကျီရွှမ်က တိတ်တဆိတ် သက်ပြင်းချသည်။ သူ ထင်ထားသည့်အတိုင်းပင် ဤလှည့်စားမှုက သူ ကလေးလို ဟန်ဆောင်စဉ်ကသာ အလုပ်ဖြစ်ခဲ့လေသည်။

သူက သူ့အမူအရာကို မပြောင်းဘဲဆက်ပြော၏။

“ဒီနေ့ကစပြီး ငါ့အရင်က ကလေးပုံစံကိုသုံးပြီး မင်းနဲ့ဆက်သွယ်မယ်…”

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့လဲ…”

“လူတွေက အခုငါ့ပုံစံကို မမှတ်မိကြဘူးလေ… ဒါပေမယ့် တစ္ဆေတွေနဲ့ မိစ္ဆာတွေကတော့မတူဘူး…”

ကျီရွှမ်က ပေါ့ပေါ့ပါးပါးပင် ဆက်ပြောသည်။ “မင်းလည်း မင်းဘယ်သူဆိုတာ မကြေငြာချင်ဘူးမလား…”

သူ ဤအချက်ကို ကောင်းကောင်း သိထားသည်။ အမှန်တကယ်တမ်းတွင် ယဲ့ကျားမှာ ခန့်မှန်းရာတွင် တော်သည့် လူတစ်ယောက် ဖြစ်၏။


Xxxxxx