အပိုင်း ၆၁
Viewers 10k

Chapter 61



ဤအဖြစ်အပျက်များက သူ့ကို ဤဝဲဂယက်အလယ်သို့ ပြန်ခေါ်လာနေသည်ဆိုသော်လည်း အားလုံး ပြီးဆုံးသွားပြီး ငြိမ်းငြိမ်းချမ်းချမ်း နေရမည့် အချိန်ကို မျှော်လင့်နေသေးသည်။ သူက လူတိုင်း အာရုံစိုက်ကြသည့် ကယ်တင်ရှင် မဖြစ်ချင်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ကိုယ်ရေးအချက်အလက်ကို သာမန်ထောက်ပံ့ပို့ဆောင်ရေး ဝန်ထမ်းတစ်ယောက်လိုသာ ဖြစ်စေချင်ပေသည်။

ထို့ကြောင့် သူက အားလုံး၏ အရှေ့တွင် အေ့စ်အနေနှင့် ပေါ်လာပြီး ဤတိုက်ပွဲတွင် ပါဝင်ခဲ့လျှင်ပင် သူ၏ ကိုယ်ရေးအချက်အလက်ကို “ယဲ့ကျား”အနေဖြင့်သာ ဖုံးကွယ်ထားချင်သည်။

ကျီရွှမ်က ဤခံစားချက်ကို အလွန်သဘောကျ၏။

ဤကမ္ဘာကြီးတွင် သူတစ်ယောက်တည်းသာ သူ့ကောကော၏ ကမ္ဘာနှစ်ခုလုံးတွင် နေနိုင်ခြင်းပင်။

ဤသည်မှာ အတွေးနှင့်ပင် အလွန် စိတ်ကျေနပ်စရာ ကောင်းလှသည်။

ထို့ကြောင့် ကျီရွှမ်က သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်မည်မဟုတ်ဟု သေချာနေခဲ့သည်။

သူမီးစာထပ်ထည့်လိုက်၏။

“ပြီးတော့ ဒီနေ့ကစပြီး မင်းငါ့ရဲ့တစ်ဦးတည်းသော အဓိကအဆက်အသွယ်ဖြစ်သွားပြီ… ဒါကြောင့် ငါဗျူရိုက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ လုံးဝထွက်လာမှာမဟုတ်ဘူး ငါ့ရဲ့တည်ရှိမှုကိုလည်းသူတို့သိမှာမဟုတ်ဘူး…”

ထင်ထားသည့်အတိုင်းပင် ယဲ့ကျားက အတွေးထဲတွင် မျောနေသည်။

အကြာကြီးနေတော့မှ ခေါင်းငြိမ့်၏။ “....ကောင်းပြီလေ…”

ကျီရွှမ်၏ မျက်နှာပေါ်မှ အပြုံးမှာ ပိုမိုနက်ရှိုင်းသွားလေသည်။

သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ပြော၏။

“ပျော်ရွှင်စရာ ပူးပေါင်းမှုပါပဲ…”

ယဲ့ကျားက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူကို လက်ဆွဲနှုတ်ဆက်လိုက်ရင်း စကားလေးလုံး ပေါင်းထည့်ကာ ပြောလိုက်သည်။

“အချိန်တစ်ခုအထိ ပျော်ရွှင်စရာပူးပေါင်းမှုပေါ့…”

သူ့လက်ကိုပြန်မရုတ်လိုက်ခင်မှာပင် သူ့လက်ထဲက လက်ဖဝါး သေးသွားသလို ခံစားရသည်။

ယဲ့ကျား အံ့အားသင့်သွား၏။ လက်လွှတ်ရန်ကိုပင် တစ်ခဏလောက် မေ့သွားသည်။

သူ့ရှေ့မှ လူငယ်လေးက သူ့လက် နောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး မျက်လုံးများ ကွေးညွှတ်သွားအောင် ပြုံးလိုက်ကာ လက်နှစ်ဖက်လုံးနှင့် ယဲ့ကျား ၏လက်မောင်း ကိုဖွဖွလေးလှုပ်ရင်း ပြောသည်။

“.......အကြာကြီးဆိုလည်းမဆိုးပါဘူး…”

ယဲ့ကျားက အပူလောင်သွားသကဲ့သို့ သူ့လက်မောင်းများကို ရုတ်လိုက်သည်။ ထို့နောက် သူ့မျက်ခုံးများကို စုကုတ်နေအောင် ကြုတ်လိုက်၏။

သူ့နှုတ်ခမ်းများက တစ်ခုခုကို ပြောချင်နေသလို လှုပ်ရှားသွားသော်လည်း အစောပိုင်းက သဘောတူထားသည်ကို သတိရသွားပြီး စကားလုံးများကို ထုတ်မပြောတော့ဘဲ မြိုသိပ်ထားလိုက်သည်။

ကျီရွှမ်ကတော့ သတိထားမိပုံမပေါ်ချေ။ စုတ်ပြတ်နေသည့် နေရာကို လှည့်ပတ်ကြည့်လိုက်ပြီး အံ့အားတကြီးဖြင့် မျက်ခုံးများပင့်တက်သွားသည်။

“မင်းနေရာကဘာဖြစ်သွားတာလဲ…”

ယဲ့ကျားက သူကြည့်တဲ့နေရာကို လိုက်ကြည့်လိုက်သည်။

သူ့နေရာ၏ အခြေအနေကို ယခုမှ သတိရသွားပုံပေါ်ကာ သူ့အမူအရာမှာ ချက်ချင်းပင် မှောင်မိုက်သွားလေသည်။

သူငြီးတွားကာ ယခုလို ပြောလိုက်၏။

“.......အဲ့တာမင်းငါးကြောင့်လေ…”

အိုး…။ သူက ဒီလောက်တောင် ကောင်းကောင်း လုပ်ခဲ့တာလား…။

ကျီရွှမ်၏ မျက်လုံးများ တောက်ပသွား၏။ သူက သူ့ပျော်ရွှင်မှုကို ဖုံးကွယ်လိုက်ပြီး အပြစ်ရှိ၍ နောင်တရနေသည့် ပုံစံလုပ်လိုက်သည်။

“တောင်းပန်ပါတယ် ငါ့အမှားပါ…”

ယဲ့ကျားက မျက်မှောင်ကြုတ်ပြီး သူ့ကိုသေချာကြည့်နေလိုက်သည်။

ကျီရွှမ်က ဆက်ပြီး ပြောသည်။ “ငါ့နာမည်နဲ့ တိုက်ခန်းတွေရှိတယ် မင်း လိုက်ကြည့်ပြီး ဘယ်မှာနေချင်လဲ...”

သူ့စကားမဆုံးသေးခင်မှာပဲ ယဲ့ကျားက တုန့်ဆိုင်းခြင်းမရှိ ဟန့်တားလိုက်သည်။

“မလိုဘူး အလျော်ပေးရင်ရပြီ…”

ကျီရွှမ်က နောက်မှလိုက်လာပြီး ခေါင်းငြိမ့်လိုက်သည်။

“ဒါပေါ့ အလျော်ပေးရမှာပေါ့…”

သူ့စကားကိုပြောင်းလိုက်ပြီး “ဒါပေမယ့် မင်းနေရာကိုပြင်နေတုန်းတော့ နေဖို့နေရာရှာရမှာပေါ့…”

ယဲ့ကျား : “......ဟိုတယ်မှာနေလိုက်မယ်…”

“မင်းငါ့ကိုမနှောင့်ယှက်စေချင်ရင် မင်းနယ်နိမိတ်ထဲကိုခြေတစ်လှမ်းတောင်မဝင်ဘူး…” ကျီရွှမ်ကပြုံးလိုက်ပြီး ပြောသည်။

“ဟိုတယ်မှာနေတာနဲ့ ဘာမှမကွာပါဘူး…”

အများကြီးကွာခြားတာပေါ့…။

ယဲ့ကျားက သူနှင့် ပတ်သတ်မနေချင်ပေ။ သူတို့နှစ်ယောက် ဝေးနေလေကောင်းလေ ဖြစ်သည်။

ကျီရွှမ်ပိုင်ဆိုင်သည့်နေရာတွင် နေခြင်းက သူ့ရည်ရွယ်ချက်များကို ဆန့်ကျင်ခြင်းပင်။

သူခေါင်းခါလိုက်ပြီး “မလိုပါဘူး ကျေးဇူးတင်ပါတယ်…” ဟု ပြောလိုက်သည်။

ကျီရွှမ်က စည်းရုံးရန် ကြိုးစားလိုက်လေ၏။

“မင်းငါ့ကိုဒီလိုမျိုးစောင့်ကြည့်နေလို့ရတယ်လေ…”

ယဲ့ကျားက အကျယ်ကြီး ထရယ်လိုက်သည်။ သို့သော် မျက်လုံးထဲတွင် မည်သည့်ခံစားချက်မှ ရှိမနေပါ။

“ဒီလိုနေရာမျိုးမှာနေပြီး မင်းကိုစောင့်ကြည့်လို့ရမယ်ဆိုရင် ငါတို့ပူးပေါင်းနေဖို့တောင်မလိုဘူးထင်တယ်…”

ဝမ်းနည်းစရာကောင်းသော်လည်း ကျီရွှမ်က နောက်ဆုံးတွင် လက်လျော့လိုက်ရလေသည်။

ယနေ့ညအတွက် သူ့ပန်းတိုင်ကို ရရှိထားပြီ ဖြစ်ရာ ထပ်ပြီး ကြိုးစားနေမည်ဆိုပါက အခြေအနေများ ပို၍ ဆိုးရွားကုန်ပေလိမ့်မည်။

“ပြီးရောလေ…”

ကျီရွှမ်က လေဆင်နှာမောင်းတိုက်သွားသလိုဖြစ်နေသည့် တိုက်ခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေရာကို ပြင်ဖို့အတွက် ငါလူရှာဖို့တာဝန် ယူလိုက်ပါ့မယ်… ပြီးတော့ ဒါငါ့အမှားပဲလေ မင်းအတွက် ပြဿနာမဖြစ်သင့်ဘူးမလား…”

ယဲ့ကျားက ခဏလောက် စဉ်းစားပြီး စိတ်မပါ့တစ်ပါနှင့် လက်ခံလိုက်သည်။

“ကောင်းပြီလေ…”

နှစ်ဖက်လုံးက တစ်ထစ်ဆီ လျှော့ပြီးတော့ သဘောတူညီမှုရပြီလို့ ယူဆရပေမည်။

ကျီရွှမ်ဆီသို့ သော့ကို ပစ်ပေးလိုက်၏။

“တတ်နိုင်သမျှမြန်မြန်လုပ်ပေး…”

ကျီရွှမ်၏နှုတ်ခမ်းပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းသွားလေသည်။

“ဒါပေါ့…”

ထို့နောက် ယဲ့ကျားက သူ့တစ်ကိုယ်ရည်ပစ္စည်းများကို ထုတ်ပိုးလိုက်ပြီး သိပ်မဝေးတဲ့ ဟိုတယ်တစ်ခုဆီသို့ ပြောင်းသွားလိုက်သည်။

ထင်ထားသည့်အတိုင်းပင် နောက်တစ်နေ့၌ အထက်မှ အမိန့်တစ်ခု ထွက်လာသည်။ ယင်းမှာ ပူးပေါင်းဆောင်ရွက်ချင်နေသည့် စွမ်းအားမြင့်တစ္ဆေတစ်ကောင်ကို တာဝန်ယူရန်အတွက် အလုပ်တာဝန်ပေးအပ်ခြင်းပင်။

ယင်းမှာ အမှန်တကယ်ပင် လျှို့ဝှက်ကိစ္စတစ်ခု ဖြစ်၏။ တစ်နည်းပြောရမည်ဆိုပါက M မြို့တော်ရှိ ဌာနခွဲတစ်ခုလုံးတွင် သူနှင့် ဝူစူးနှစ်ယောက်တည်းသာ စွမ်းအားကြီးတစ္ဆေက စီမံခန့်ခွဲရေးဗျူရိုနှင့် ပူးပေါင်းမည် ဆိုသော ကိစ္စကို သိရှိထားပြီး ယဲ့ကျားတစ်ယောက်တည်းသာ တစ်ဖက်လူနှင့် ဆက်သွယ်ခွင့်ရှိသည်။

သေတ္တာထဲမှာ နောက်ထပ်ဖုန်းအသစ်တစ်လုံး ရှိနေ၏။

ယဲ့ကျားက ထုတ်ကြည့်ပြီး ကလိလိုက်သည်။

သူက ခေတ်မီနည်းပညာများကို သိပ်ပြီး မကျွမ်းကျင်သော်လည်း ဤဖုန်းမှာ လျှိုကျောက်ချန် ယခင်က ပေးခဲ့သည့် ဖုန်းထက် ပို၍ ကောင်းမွန်ပြီး ပို၍ ကာကွယ်နိုင်စွမ်း ရှိကြောင်း ပြောနိုင်ပေသည်။

သို့သော် အနည်းငယ် ရယ်စရာကောင်းလှ၏။ စွမ်းအားကြီးတစ္ဆေတစ်ကောင်ကို ဖုန်းဖြင့် ဆက်သွယ်ရန်မှာ လွန်ခဲ့သော ၁၀ နှစ်က စိတ်ကူးပင် မယဉ်နိုင်ခဲ့သည့် အရာ ဖြစ်ပေသည်။

ဖုန်းထဲတွင် ဖုန်းနံပါတ်တစ်ခုတည်းကိုသာ မှတ်ထား၏။

တစ်ဖက်လူ၏ ပရိုဖိုင်ပုံမှာ တံစဉ်းကိုင်ထားသည့် သေမင်းတမန် ပုံသေးသေးလေးဖြစ်ပြီး အလွန် ချစ်စရာကောင်းလှသည်။

ယဲ့ကျား မျက်လုံးများကိုမှေးလိုက်သည်။ ဒီပုံနောက်ကွယ်မှာ အဓိပ္ပာယ်တစ်ခုခုရှိမယ်ဆို ခံစားနေရသည်။

သူပုံကိုကြည့်နေတုန်းမှာပဲ တစ်ဖက်လူဆီက စာဝင်လာသည်။

ယင်းစာမှာ ခုန်ဆွခုန်ဆွန်နှင့်ပျော်နေသည့် အီမိုဂျီ အရုပ်လေးပင်။

ယဲ့ကျား : '.............:

သူ့လက်များကို အရမ်းလှုပ်ရှားချင်နေ၏။

သူ့လက်များမှာ ဘလော့ခလုတ်ပေါ်တွင် အချိန်အကြာကြီးရှိနေပြီးမှ မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ အလုပ်အတွက်ပဲလေ ထားလိုက်ပါတော့။

သူက ဖုန်းကိုပိတ်လိုက်ပြီး ဘေးကိုပစ်လိုက်သည်။

တစ်ဖက်တွင်မူ…

ကျီရွှမ်က သူ့လက်ထဲမှ လင်းနေသည့် ဖုန်းကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းက အပြုံးကိုထိန်းမရတော့ပေ။

တစ်ဖက်လူက စာမပြန်ဘူးဆိုသော်လည်း သူ့စာကို ကြည့်တော့ကြည့်ပြီးသွားကြောင်း သေချာနေပြီဖြစ်သည်။

ကျီရွှမ်က အရင်ကအမှိုက်ဟု ယူဆထားသည့် စာအုပ်ကို ကြည့်လိုက်သည်။

ထိုစဉ် စာတစ်ကြောင်းက မျက်လုံးထဲ ထင်းကနဲ ဝင်လာ၏။

“တစ်ဖက်လူရဲ့ ဆက်သွယ်ထားတဲ့အချက်အလက်တွေကို ယူရမယ်…”

ဤမျှပင်မကဘဲ သူတစ်ယောက်တည်းကသာ တစ်ဖက်လူ၏ ဖုန်းထဲမှ တစ်ခုတည်းသော ဖုန်းနံပါတ် ဖြစ်ပေသည်။

ဤသည်မှာ တစ်ဖက်လူကို မောင်ပိုင်စီးချင်နေသည့် သူ၏ ထိန်းချုပ်မရသော ဆန္ဒကို စိတ်ကျေနပ်စေ၏။

ကျီရွှမ်က ပျော်ရွှင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ဖုန်းကိုအဝေးမှာထားလိုက်သည်။

တံခါးဝတွင် ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသည့် အရိပ်တစ္ဆေက အလွန် ကြောက်ရွံ့နေသည်။ သူက စိုးရိမ်ထိတ်လန့်စွာဖြင့် နောက်သို့ မြန်မြန် ပြန်ဆုတ်လာခဲ့၏။

စွမ်းအားကြီးတစ္ဆေများက သူ့ဘေးနားတွင် ဝိုင်းလာကြပြီး လေသံတိုးတိုးဖြင့် သတိထားရင်း မေးလိုက်ကြသည်။

“ဘယ်လိုလဲ…”

အရိပ်တစ္ဆေက တွေဝေရင်း ခေါင်းခါပြီး “...အရမ်းဆိုးတယ်…” ဟု ပြန်ဖြေလိုက်သည်။

ကင်းက ပြိုင်ဘက်ခေါင်းဆောင်ကို သတ်ပြီးတဲ့နောက်တွင် ကျန်ရစ်သည့် မိစ္ဆာများအကုန်လုံး ဖုန်မှုန့်ဖြစ်သွားပြီး တိုက်ပွဲလည်း ပြီးဆုံးသွားခဲ့သည်။

သို့ရာတွင် ထိုအချိန်တည်းက ကင်း၏ပုံစံမှာ ထူးဆန်းလာသည်။

အေစ့်၏ ဆုလာဘ်ကို ထုတ်ယူရုံတင်မကဘဲ သူက တကယ့်ကို...တကယ့်ကို....

အားမီက အမှန်တကယ် လေးနက်သည့် အမူအရာနှင့် ပြောနေသည်။

“ငါ.....ငါ တွေ့လိုက်တယ် သူဖုန်းကိုကြည့်ပြီးပြုံးနေတာ…”

အခြား စွမ်းအားကြီးတစ္ဆေများမှာ အံ့ဩသွား၍ အသက်ရှူပင်မှားကုန်ကြသည်။

“ဘယ်လို…”

“ကင်းက ကျိန်စာ မိနေတာများလား…”

အားမီက စကားမဆုံးသေးခင်မှာပဲ နောက်ကျောချမ်းသွားသည်။

သူဖြေးဖြေးချင်းလှည့်ကြည့်လိုက်သည်။

သူ့နောက်မှတံခါးက ပွင့်နေ၏။ သွေးအရိုးငါးကနောက်မှာရှိနေပြီး သူ၏ မျက်လုံးမပါတဲ့ မျက်လုံးပေါက်ကြီးနှင့် စွမ်းအားကြီးတစ္ဆေအုပ်စုကိုကြည့်နေသည်။

ခပ်လှမ်းလှမ်းတွင် ပလ္လင်ပေါ်ထိုင်နေသည့် ကျီရွှမ်က သူ၏ နီဆွေးဆွေး မျက်လုံးများကို မှေးကြည့်ရင်း မေးလိုက်သည်။

“ပျင်းနေကြတာလား…”

စွမ်းအားကြီးတစ္ဆေများအားလုံး တုန်တုန်ရီရီ ဖြစ်ကုန်ကြ၏။

“.....ကင်း…”

ကျီရွှမ်က သူ့နှုတ်ခမ်းများကို ကွေးလိုက်ပြီး ပြောသည်။

“ဒါဆို မင်းတို့အတွက် လုပ်စရာတစ်ခုရှာပေးမယ်…”

သွေးအရိုးငါးနှင့် အချိန်တစ်နာရီလောက် ကစားခိုင်းပြီးနောက် စွမ်းအားမြင့်စ္ဆေများအားလုံး မျက်ရည်မကျဘဲ ငိုချင်သွားသည်။

အထူးသဖြင့် သေချာ စောင့်ရှောက်ပေးရသည့် အားမီမှာ အလွန်ပင်ပန်းပြီး ကြမ်းပြင်ပေါ်တွင် မလှုပ်နိုင်မယှက်နိုင် ဖြစ်နေလေသည်။

သူတို့ အရမ်း အ ကြတာပဲ…။

ထင်ထားသည့်အတိုင်း ကင်းက ယခင်ကလို ကြောက်စရာကောင်းသည့် တစ္ဆေဘုရင်ပင်။ ကျိန်စာသင့်ခြင်း စသည့်တို့မှာ အမှန်တကယ် အဓိပ္ပာယ်မရှိ‌သော စကားများသာ ဖြစ်သည်။

ပထမအသုတ် လူသစ်ခေါ်သည့် လက်ကမ်းစာစောင်များ ထုတ်ပြန်ပြီးနောက် စီမံခန့်ခွဲရေးဗျူရိုမှာ မြန်မြန်ဆန်ဆန်ပင် လူသစ်များ အများအပြား ရရှိလိုက်သည်။

တစ္ဆေများနှင့် မိစ္ဆာများ၏ဆူပူမှုများ ပြီးဆုံးသွားပြီးနောက် နောက်ဆက်တွဲအလုပ်များကို မစီမံရသေးသော်လည်း တပ်ဖွဲ့ဝင်အသစ်များက ဝန်ထမ်းအဟောင်းများ၏ဖိအားများကို လျော့ချနိုင်ရန် များစွာ အကူအညီဖြစ်စေခဲ့သည်။

ဤဖြစ်ရပ် မဖြစ်ခင်ကနှင့် နှိုင်းယှဉ်ပါက ယခုအခါ သူတို့၏ လုပ်အားမှာ ပို၍ပင် စီစဉ်ရလွယ်ကူနေသည်။

သယ်ယူပို့ဆောင်ရေးဌာနမှ ဝန်ထမ်းဟောင်းများမှာ ပုံမှန်အားဖြင့် တာဝန်အသစ်များ လုပ်စရာ မရှိပေ။ ယဲ့ကျားက ဌာနတွင် တပ်သားအသစ်များကို လေ့ကျင့်ပေးရန်နှင့် ပတ်သက်ပြီး အလုပ်တာဝန်များ အများအပြား လုပ်ကိုင်နေရပြီး ကျောက်သုန်က သယ်ယူပို့ဆောင်ရေးဌာနတွင် ကျန်နေခဲ့ကာ ကျန်ရစ်သည့် ကိစ္စအဝဝကို ဖြေရှင်းနေသည်။ ချန်စဲကျစ်ကမူ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် တာဝန်ကျပြီး အင်တာဗျူးကိစ္စများကို ကူညီပေးနေသည်။

အပြင်လောကကြီးမှာ ဝရုန်းသုန်းကား ဖြစ်နေသော်လည်း ယဲ့ကျားမှာ စိတ်ချမ်းသာနေပြီး တစ်ပတ်လုံး ငြိမ်းချမ်းနေသည်။ နေ့တိုင်း ဟိုတယ်မှ အလုပ်သွားပြီး တစ်ခါတစ်ရံ အပြင်မှာ အလုပ်ရှိပါက တပ်သားအသစ်များကို ခေါ်ဆောင်ပြီး သွားရလေသည်။

ထိုအချိန်အတွင်း၌ ယဲ့ကျားက ကျီရွှမ်၏ စာများကို တစ်ခေါက်မှ မပြန်ခဲ့သော်လည်း တစ်ဖက်လူက သူ့ကို နေ့တိုင်း အွန်လိုင်းပေါ်မှ ဒုက္ခပေးရသည်ကို ပျော်ရွှင်နေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုနှောင့်ယှက်မှုမှာ အွန်လိုင်းပေါ်ကသာ ဖြစ်၍ တော်ပါသေးသည်။ ထို့ပြင် ပြီးခဲ့သော ဆူပူသောင်းကျန်းမှုမှာ ကျီရွှမ်အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိ၏။ အမေ့အမိန့်ကို တိုက်ရိုက် ဖီဆန်ပြီးနောက်တွင် သူ ခေတ္တခဏတော့ အလုပ်ရှုပ်နေပေလိမ့်မည်။

ဤကိစ္စမှာ M မြို့တော်ဌာနခွဲကို လူသစ်ခေါ်ယူရန် ကြေညာရသည်အထိ ဖြစ်ပျက်ခဲ့သည်။

အကြောင်းအရာမှာ အနောက်ဘက်တွင် ခပ်မှိန်မှိန် ပုံတစ်ပုံ ပို၍ ပါဝင်လာသည်ကလွဲ၍ ပြီးခဲ့သော တစ်ခေါက်ကနှင့် ကွာခြားမှု မရှိချေ။ သေချာ မကြည့်ပါက မမြင်နိုင်ပါ။

နှင်းဆီကိုင်းများက ထူးထူးဆန်းဆန်းပုံစံ လိမ်ပတ်နေကြသော်လည်း အလွန်ကြည့်ကောင်းသည့်ပုံစံဖြစ်ပြီး ၎င်းတို့ကြားတွင် အေစ့် ဆိုသည့်စာလုံးသုံးလုံးပုံပေါ်နေသည်။

ထိုအမိန့်ကို ထုတ်ပြန်တဲ့နေ့ကလည်း အရာအားလုံး တိတ်ဆိတ်ငြိမ်းချမ်းနေ၏။ ဘာမှပြောင်းလဲပုံမပေါ်ပါ။

သို့သော် မည်သူမှမမြင်နိုင်သည့် နေရာတစ်ခုတွင် မကောင်းသော အငွေ့အသက်မှာ ဒီရေအလား တရိပ်ရိပ် တက်လာနေပြီး စိတ်မချမ်းမြေ့စရာ တီးတိုးရေရွတ်သံတို့ ပျံ့နှံ့နေသည်။

ရေဝဲ၏ အလယ်ဗဟိုတွင် ရှိနေသည်မှာ M မြို့တော် ဖြစ်သည်။

ညနက်လာသည်နှင့် အဝေးမှ ကောင်းကင်မှာ ထူထဲမှောင်ပိတ်လာပြီး လနှင့်ကြယ်များကို ဖြည်းဖြည်းချင်း ဝါးမျိုသွားလေသည်။

အလုပ်ကနေ ပြန်လာသည့် ယဲ့ကျားက ရုတ်တရက် ရပ်လိုက်သည်။

ထို့နောက် ခေါင်းကိုမော့လိုက်ပြီး အတွေးများဖြင့် ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် အိတ်ကပ်ထဲမှ ဖုန်းက နှစ်ကြိမ် တုန်ခါလာသည်။ ထို့ကြောင့် သူက ဖုန်းကို ထုတ်၍ ကြည့်လိုက်ရာ ချန်စဲကျစ်ဆီမှ မက်ဆေ့ချ်တစ်စောင် ဖြစ်သည်။

ယင်းမှာ လိပ်စာတစ်ခု ဖြစ်ပြီး အခြား ဘာမှမပါဝင်ချေ။

ထူးဆန်းလှ၏။

ယဲ့ကျားက မျက်မှောင်ကြုတ်လိုက်သည်။

ထိုနေရာကို သူ သိသည်။ ယင်းမှာ ချုံတောကြီး တစ်တောနှင့် သိပ်မဝေးလှပေ။ ညအချိန်တွင် ယင်းမှာ ကန္တာရတစ်ခုအလား သွားလာသူ အနည်းငယ်သာ ရှိသည်။ ချန်စဲကျစ်က အဘယ်ကြောင့် သူ့ဆီ ဤလိပ်စာကို ပို့လာပါသနည်း။

.......

M မြို့တော်ရှိ စွန့်ပစ်စက်ရုံတစ်ခုတွင် ဖြစ်သည်။

ပြင်းထန်သည့် ယင်စွမ်းအင်က နက်မှောင်နေသည့်ကောင်းကင်ထဲ ဖြည်းဖြည်းချင်း စီးဆင်းသွား၏။

အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ အပူချိန် ပို၍ နည်းနေသည်။ ဘာမှမရှိသော ဤနေရာမှ နမိတ်မကောင်းသည့် အနံ့အသက်များ ထွက်နေ၏။ မှောင်မည်းနေသည့် ပြတင်းပေါက်များနှင့် တံခါးများက ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ အလိုလို ဖြစ်ပေါ်စေသည်။

ယခင်က ဘာမှမရှိသော စက်ရုံကြီးမှာ ထူထဲနက်မှောင်သော အမွှေးအမျှင်များ ပြည့်နှက်နေသည်။ ထိုအရာများက တဖြည်းဖြည်း မြင့်တက်လာပြီး ရေလှိုင်းများကဲ့သို့ ဖြစ်လာ၏။

ချန်စဲကျစ်က သူ့ခါးလယ်လောက် ရောက်နေသည့် အမွှေးအမျှင်များဆီမှ ရုန်းထွက်ရန် ကြိုးပမ်းနေသည်။ သို့သော် နွံထဲနစ်နေသကဲ့သို့ပင်။ သူ ဘယ်လောက်ရုန်းရုန်း အမွှေးအမျှင်များက အသက်ရှိနေသည့်အလား သူ့လက်နှင့် ခြေထောက်များကို တင်းတင်းကြပ်ကြပ် ဆွဲထားလေသည်။ ထို့ကြောင့် သူက ကူကယ်ရာမဲ့နေပြီး ပိုးကောင်တစ်ကောင်ကဲ့သို့ လူးလွန့်နေရန်သာ တတ်နိုင်တော့သည်။

“အေစ့်ဘယ်မှာလဲ…”

စူးရှထက်မြက်သောအသံက အမွှေးအမျှင်များကြားမှ ထွက်လာ၏။

ချန်စဲကျစ်မှာ မျက်ရည်များ ကျလုနီးပါးဖြစ်နေလေသည်။

“မင်းပြောတဲ့ အေစ့်ကိုငါတကယ်မသိဘူး…”

ယနေ့ သူ နည်းနည်း နောက်ကျနေသည့်အတွက် ဖြတ်လမ်းမှ အိမ်ပြန်ခဲ့သည်။ သို့သော် အိမ်ပြန်လမ်းတွင် ယခုလို ပြန်ပေးဆွဲခံရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ဤသည်မှာ ဘီအဆင့် စွမ်းအားကြီးတစ္ဆေ ဖြစ်၏။ ပို့ဆောင်ရေးဝန်ထမ်းတစ်ယောက်အနေနှင့် သူ့တွင် ခုခံနိုင်စွမ်းမရှိပေ။

ထို့ကြောင့် သူက မှောင်မိုက်အုံ့မှိုင်းနေသော ဤနေရာတွင် ပိတ်မိနေရုံသာမက သူမသိသော လူတစ်ယောက်၏ တည်နေရာကိုပါ အဆက်မပြတ် အမေးခံနေရသည်။

ဒီအဓိပ္ပာယ်မရှိတဲ့အခြေအနေကို ဘယ်သူမှမတွေ့ကြတော့ဘူးလား…။

“မင်း လိမ်တယ်…”

အသံ ရုတ်တရက် ဟိန်းထွက်လာ၏။ ထိုလေသံမှာ သိသိသာသာ ဒေါသထွက်နေသည်။

“ငါ မြင်လိုက်တယ်… သူ့ရဲ့အမှတ်အသားပဲ လုံးဝ မမှားနိုင်ဘူး… မင်းတို့စီမံခန့်ခွဲရေးဗျူရိုဆီကနေ လာတာ… မင်း သူ့ရဲ့ တည်နေရာကို သိတယ်…”

“ကောင်းပြီလေ မင်းသူ့ကိုသိတယ်ဆိုရင်..... သူတကယ်လာမှာပေါ့......အီးဟီးဟီးဟီး…”

စက်ရုံအပြင်ဘက်တွင် ဖြစ်သည်။

လူလေးငါးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။

ထိုစဉ် ကျောက်သုန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“မင်းတို့ဆီလည်း ဒီလိပ်စာရောက်လာတာလား…”

ဝူစူးကခေါင်းငြိမ့်ပြပြီး သူ့ဖုန်းကိုဖွင့်၍ ကျောက်သုန်ကိုပြလိုက်၏။ ဖုန်းမျက်နှာပြင်တွင် ဤနေရာ၏ လိပ်စာကို တွေ့လိုက်ရသည်။

သူက ယခုအခါ လူ့စွမ်းအားအရင်းအမြစ်ဌာနကို တာဝန်ယူထားရပြီး ချန်စဲကျစ်မှာ သူ့လက်အောက်မှလူ ဖြစ်သည်။

သူက ပြောသည်။

“သူ့မိသားစုကို ဆက်သွယ်ကြည့်သေးတယ်… အခုထိ အိမ်ပြန်မရောက်သေးဘူးတဲ့…”

အမှန်တကယ်တမ်းတွင် ဤအကြောင်းအရင်း တစ်ခုတည်းကြောင့် ဤနေရာသို့ ရောက်နေခြင်း မဟုတ်ပေ။ ဝူစူးက အလုပ်အရှုပ်ဆုံး တိုက်ခိုက်ရေးဌာနခွဲတွင် အလုပ်လုပ်နေခြင်း ဖြစ်ပြီး သူ့လမ်းကြောင်း မရှိပါက ဤနေရာသို့ ရောက်လာမည် မဟုတ်ပါ။ သူ့လက်အောက်မှလူက ဤလိပ်စာကို ပို့လိုက်သောကြောင့် ဖြစ်သည်။

သို့သော် ဒုတိယအသုတ် လူသစ်ခေါ်စာထုတ်ပြန်ပြီးနောက်တွင် အခြေအနေက ပြောင်းလဲသွားခဲ့သည်။

ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်ဌာနမှလူများက ပထမဆုံး ပစ်မှတ်ထားခံရမှာဖြစ်၏။

အမိန့်ထုတ်ပြန်ပြီးတည်းက ဤလူ့စွမ်းအားအရင်းအမြစ်ဌာနအသစ်ရှိ လက်အောက်ငယ်သားများ၏ လှုပ်ရှားမှုကို ဝူစူးက သေချာ ဂရုစိုက်ပေးလာခဲ့ပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် ပစ္စည်းများကိုလည်း ထုတ်ပေးထားခဲ့သည်။

သို့သော် ယခုလိုအရာမျိုးကို မပြင်ဆင်ခဲ့ရပေ။

“စိတ်မပူပါနဲ့…”

ဝူစူးက သူ့မုတ်ဆိတ်မွှေးများကိုဆွဲရင်း စိုးရိမ်မှုကင်းစွာ ပြောလိုက်သည်။

“တိုက်ခိုက်ရေးဌာနခွဲက တခြားလူတွေကို ဆက်သွယ်ပြီးပြီ သူတို့မကြာခင်ရောက်လာလိမ့်မယ်…”


Xxxxx