အပိုင်း ၆၂
Viewers 10k

Chapter 62


ယဲ့ကျားက အမှောင်ထဲတွင်တိတ်တဆိတ် ရပ်နေသည်။

သူ့ခေါင်းကိုမော့ပြီး စက်ရုံကိုကြည့်ကာ လေကိုတရှုံ့ရှုံ့နှင့် အနံ့ရှူကြည့်နေသည်။ ဤအနံ့ကို‌ အတော်လေး ရင်းနှီးနေ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဤစွမ်းအားကြီးတစ္ဆေမှာ သူနှင့်ကျီရွှမ်တို့ တွေ့ခဲ့ကြသည့် ဘောစ့်ဖြစ်သည်။

ယင်းတစ္ဆေကြီးမှာ အဆင့် သိပ်မမြင့်သော်လည်း ရင်ဆိုင်ရန် ခက်ခဲလှ၏။

တိုက်ခိုက်ရေးဌာနမှ အဖွဲ့ဝင်များက ရင်ဆိုင်နိုင်ပါ့မလားဟု ယဲ့ကျား သေချာ မပြောနိုင်ချေ။

ဤနေရာမှ ထွက်ရန် အကြောင်းပြချက် ရှာပြီး တစ်ဖက်လူကို သူကိုယ်တိုင်ပင် သွားကယ်ရမလားဟု တွေဝေနေမိသည်။

ထိုစဉ် သူ အနည်းငယ် ထိတ်လန့်သွား၏။

အထဲမှအနံ့က.....ပြောင်းသွားသည့်ပုံစံပင်။

ဆယ်မိနစ်ခန့်အကြာတွင် လက်နက်များနှင့် တိုက်ခိုက်ရေးဌာနမှ လူများ ရောက်လာကြ၏။ တိုက်ခိုက်ရေးအစီအစဉ် မဆွဲရသေးမီပင် စက်ရုံတံခါး ဖြည်းဖြည်းချင်း ပွင့်လာသည်ကို တွေ့လိုက်ရသည်။

ချန်စဲကျစ်က မျက်နှာပြုံးလျက် ပျော့ခွေနေသည်။

သူ့ကို မိန်းကလေးတစ်ယောက်က တွဲထားသည်။

ဝူစူးက နောက်ကိုဆုတ်သွား၏။ “မင်း......”

မိန်းကလေးက ပြုံးပြသည်။

“အထဲက စွမ်းအားကြီးတစ္ဆေက ထွက်ပြေးသွားပြီ ရှင် လိုက်လို့တော့ရသေးတယ် ဒါပေမယ့် ကျွန်မအထင် ရှင်ဖမ်းလို့မိမှာမဟုတ်ဘူး…”

ဝူစူး၏မျက်လုံးများ အပြူးသား ဖြစ်သွားလေ၏။

“မင်းက....”

မိန်းကလေးက ခေါင်းငြိမ့်ပြလိုက်သည်။

“မင်္ဂလာပါ ကျွန်မ မိတ်ထ် ပါ…”

ဦးဆောင်သူစာရင်း အဆင့် ၁၅ မှ အပျိုစင် ဖြစ်သည်။

သူမက အလိုမကျသည့်ဟန်ပန်ဖြင့် မျက်မှောက်ကျုံ့ရင်း ဘေးနားတွင် ရပ်နေသည့် ချန်စဲကျစ်ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

“ တကယ်တော့ ကျွန်မလည်း သူ့ကိုဖမ်းချင်တာ စွမ်းအားမြင့်တစ္ဆေက လက်ဦးသွားတာ…”

ချန်စဲကျစ် : ?????

ဘာကြောင့်လဲ…။

ဘာလို့လဲ…။

သူ့စိတ်အခြေအနေကို အတိုင်းသား မြင်နေရသည့်အတိုင်း မိန်းကလေးက တခစ်ခစ် ရယ်ရင်း ပြောသည်။

“ဘာလို့လဲဆိုတော့ ရှင်က ဌာနတစ်ခုလုံးမှာ အားအနည်းဆုံးမလို့လေ…”

ချန်စဲကျစ် : ‘...........’

တော်ပါပြီ…။ မဟုတ်ရင်သူစိတ်ဆိုးတော့မှာ…။

ဆေးဝန်ထမ်းများနှင့်အတူစောင့်နေသည့် ‌ကျောက်သုန်က ချန်စဲကျစ်ကို ကူညီတွဲခေါ်ပြီး ခေါ်သွားလေသည်။

မိန်းကလေး၏အကြည့်က ဝူစူးပေါ်ရောက်သွား၏။

“ရှင်ကျွန်မကိုမှတ်မိနေပြီဆိုတော့ ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို‌ဖုံးကွယ်မထားတော့ပါဘူး… အေစ့်ဘယ်မှာလဲ…”

ဝူစူးက ဤမေးခွန်းအတွက် ပြင်ဆင်ထားပြီးသားပင်။

သူက အသက်ကိုပြင်းပြင်း ရှူလိုက်ပြီး ဖြေးဖြေးချင်း ပြောသည်။

“မင်းဘာလို့သူ့ကိုရှာချင်ရတာလဲ…”

သူမက ရှက်ရွံ့သွားသည့်ဟန်ပန် ဖြစ်သွားပြီး မြေကြီးကို ခြေမနှင့် ထိုးနေရင်း ပြောလိုက်သည်။

“ဝန်ခံမလို့…”

အဝေးမှာ ရပ်နေသည့်ယဲ့ကျားက ပြောစရာစကား မရှိအောင်ပင် ဆွံ့အသွားသည်။

ချန်စဲကျစ်က လုံခြုံသွားပြီဖြစ်ရာ သူ ဤနေရာတွင် ရှိနေရန် မလိုတော့ပါ။

သူက နောက်ပြန်လှည့်ကာ ထွက်သွားရန် အဆင်သင့်ဖြစ်နေသည်။

ရုတ်တရက် ယဲ့ကျားက သူနှင့်ရင်းနှီးနေသည့် အရာတစ်ခု နောက်တွင် ရောက်လာသည်ဟု ခံစားလိုက်ရသည်။

အေးစက်စက်သွေးနံ့များ တစ္ဆေပိုင်နက်တွင် ထွက်ပေါ်လာသည်။

ယဲ့ကျားက တောင့်တောင့်ကြီး နောက်သို့ဆုတ်သွား၏။

လူငယ်လေး၏ နူးညံ့အက်ကွဲသော အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ သူကတည်ငြိမ်စွာပြောသည်။

“ကောကော သူကဘယ်သူလဲ…”

အကြောင်းရင်း တစ်ချို့ကြောင့် ထိုစကားများကို တစ်ဖက်လူပြောသည့် အခါ ယဲ့ကျား ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

သူက ခေါင်းကိုငုံ့ကာ သူ့ဘေးရှိ ကျီရွှမ်အား ကြည့်လိုက်၏။ 

ထိုကောင်လေးက သူ့အား ပြန်ကြည့်လာခဲ့သည်။

သူ၏ မျက်နှာက ဖြူလျော်၍ ပိန်ပါးနေကာ အပြုံးဖျော့ဖျော့က ထင်ဟပ်နေပြီး သူ့အား တည်ငြိမ်ပြီး အပြုအမူကောင်းရှိသူ တစ်ဦးသဖွယ် ဖြစ်နေစေသည်။ ပုံမှန်မေးခွန်း တစ်ခုအား မေးနေသကဲ့သို့ပင်။

ယဲ့ကျား : “…”

သူများ မှားသွားတာလား…

“အင်း…သူမက ငါသိခဲ့ဖူးတဲ့ တစ်ယောက်ပါပဲ…” ယဲ့ကျားက ခဏတွေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ “ အမှတ်မထင် တွေဖြစ်ကြရုံပါ…”

မကြာခင်မှာပင် တစ်စုံတစ်ခုအား တွေးမိသွားဟန်ဖြင့် ခေါင်းငုံ့ကာ မေးလိုက်၏။ “မင်းဘာလို့ လာခဲ့တာလဲ…”

လူငယ်လေးက သူ၏ အေးစက်စက်လက်ချောင်းများဖြင့် ယဲ့ကျား၏ လက်ကို ဆုပ်ကိုင်လာခဲ့သည်။ သူ၏ အသံက ညှင်သာသော်လည်း ခပ်ဩဩဖြစ်နေ၏။  ထို့အပြင် အလိုမကျဟန်လည်း ပေါ်နေခဲ့သည်။ “ကျွန်တော် ဒီမှာ ရှိလို့မရဘူးလား…”

ယဲ့ကျား : “…”

ဘာတွေဖြစ်နေတာလဲဟင်…

စကားဝိုင်းက ဘာလို့ ရုတ်တရက်ကြီး ထူးဆန်းလာရတာလဲ…

သူက လက်ကိုပြန်ဆွဲယူရန်ပင် မေ့လျော့သွားခဲ့ပြီး ရှုပ်ထွေးဟန်ဖြင့် အသံပြုလိုက်မိသည်။ “ဟမ်…”

ကျီရွှမ်က တစ်လက်မပိုတိုးလာသည့် အနေဖြင့် ယဲ့ကျားနှင့် သူ၏ လက်ချောင်းများကို အချင်းချင်း ယှက်နွယ်လိုက်သည်။

“ဒါမှမဟုတ်…ကောကောက ကျွန်တော့်ကို မလာစေချင်တာလား…”

ယဲ့ကျား : “…”

သောက်ကျိုးနည်း…

ယဲ့ကျား၏ လက်အား အောင်မြင်စွာ ဆုပ်ကိုင်ပြီးသည့်နောက် ကျီရွှမ်၏ သတ်ဖြတ်လိုရိပ်သည် ချက်ချင်းပြန်ကျသွားခဲ့သည်။

ကျီရွှမ်က မျက်ဝန်းများကို မှေးကျဉ်းလိုက်ကာ ညကောင်းကင်ယံ၏ မိုးကြိုးမုန်တိုင်းကဲ့သို့ အေးစက်သော အလင်းက ကြက်သွေးရောင် မျက်ဝန်းများအား ဖြတ်သန်းသွားခဲ့၏။ နွေးထွေးသော အပြုံးက သူ့နှုတ်ခမ်းများတွင် ထင်ဟပ်လာခဲ့သည်၊

သူက မျက်လွှာပင့်ကာ ခပ်ဝေးဝေးသို့ မျှော်ကြည့်လိုက်သည်။

…မထင်မှတ်တဲ့ တွေ့ဆုံမှုပေါ့လေ။

လူသူကင်းမဲ့နေသော စွန့်ပစ်ခံ စက်ရုံက ညအမှောင်ထုထဲတွင် ပိတ်ဖုံးကာဆီးလျှက်ရှိသည်။

သန်မာသော ယင်စွမ်းအင်က လွင့်ပါးပျောက်ကွယ်သွားခြင်း မရှိသေးရာ အနက်ရောင်တံခါးများနှင့် ပြတင်းပေါက်များအား ပိုမိုကြောက်မက်ဖွယ်ကောင်းနေစေသည်။

အဆောက်အအုံရှေ့တွင် အမျိုးသမီးငယ်တစ်ဦး မတ်တပ်ရပ်နေ၏။ သူမ၏ ကိုယ်ဟန်မှာ သွယ်လျှပြီး ရုပ်ရည်မှာလည်း နူးညံ့၍ ချစ်စဖွယ်ကောင်းလှသည်။ အိုဟောင်းသော အဆောက်အအုံနှင့် နှိုင်းယှဉ်ကြည့်ပါက ဆန့်ကျင်ဘက်အဖြစ် တည်ရှိနေလေသည်။

သူမ၏ မျက်နှာလေးက ရှက်သွေးဖြန်းနေကာ နှုတ်ခမ်းကို အသာကိုက်လိုက်သည်။ သူမက လုံးဝအန္တရာယ်မရှိသော နွေဦးရာသီ၏ မိန်းမပျိုကလေးနှင့် တူနေ၏။

ဝူစူး က သူမရှေ့တွင်  ရပ်လိုက်မိချိန်၌ စိတ်ဖိစီးသလို ခံစားလိုက်ရသည်။

သူက ထိုနတ်ဘုရားလေးသည် မည်သူဖြစ်ကြောင်း ကောင်းစွာသိလေသည်။

_အပျိုစင်၊ အမှတ်စဉ်ဇယားရှိ ဆယ့်ငါးယောက်မြောက် မိန်းမပျို

သူမ၏ တိုက်ခိုက်မှုပုံစံက အလွန်လူမဆန်လှပြီး အနှစ်သက်ဆုံး လက်နက်မှာ သံဖြတ်လွှကြီးဖြစ်သည်။ ထိုသံဖြတ်လွှကြီးက ဂိမ်းထဲတွင် ကြောက်မက်ဖွယ်ကောင်းအောင် များပြားသော အမှတ်များဖြင့် ရွေးယူရခြင်းဖြစ်ပြီး ကြာရှည်ခံနိုင်စွမ်းမှာလည်း နည်းပါးလှသည့်အလျှောက် ကုန်ရကျိုးမနပ်သည့် လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည် ။ သို့သော် အပျိုစင် က ၎င်းကို အလွန်နှစ်သက်သည်။ သူမ၏ စကားအရဆိုပါက “သံဖြတ်လွှနဲ့ သွေးထွက်သံယိုတွေ မပါတဲ့ သရဲကားက သရဲကား မဟုတ်ဘူး..” ဟူ၍ဖြစ်သည်။

ထို့အပြင် အပျိုစင် ၏ ခန္ဓာကိုယ်က မိန်းမငယ်လေးအသွင်တွင် ရပ်တန့်နေသော်လည်း သူမ၏ အသက်ကမူ အေ့စ် ထက် ပိုကြီးလေသည်။

ဝူစူး က အေ့စ် ပေါ်လာကတည်းက အခြားအားကောင်းသော ကစားသူများသည်လည်း ပေါ်လာမည်ဟု မျှော်လင့်ထားသော်လည်း အပျိုစင် အရင်ပေါ်လာမည်ဟု မျှော်လင့်မထားခဲ့ချေ။

အေ့စ် ကဲ့သို့ပင် သူမသည်လည်း အသင်းလိုက် တစ်ခါတစ်ရံမှ ကစားလေ့ရှိသော တစ်ကိုယ်တော် ကစားသူဖြစ်သည်။ သူမက အဖွဲ့လိုက်ကစားစေကာမူ အမြန်ဆုံးအရှိန်ဖြင့် ပြေးသွားကာ အားလုံးကို တစ်ဦးထဲ လုပ်ဆောင်သွားလေ့ ရှိလေသည်။

ဝူစူး အတွက် Ace နှင့် သူမအား ဆက်စပ်ကြည့်ရန် အခက်အခဲဖြစ်နေခဲ့သည်။

အထူးသဖြင့် ယခုကဲ့သို့ အကြောင်းပြချက်နှင့် ဖြစ်၏။

“…ဖြောင့်ချက်ပေးမှာလား”  ဝူစူး က သူမ၏ စကားများကို ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

မိန်းမပျိုလေးက ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ်…”

သူမက မြေပြင်အား ရှူးဖိနပ်ထိပ်ကလေးဖြင့် အသာပုတ်လိုက်ရင်း တောက်ပပြီး ချစ်စရာကောင်းစွာ ပြုံးလိုက်၏။ “ပြဿနာရှိလို့လား…”

ဝူစူး က ထိတ်လန့်သွားခဲ့သည်။ သူက ခေါင်းအမြန်ခါလိုက်၏။ “မရှိပါဘူး…”

သူက တံတွေး ခက်ခက်ခဲခဲမြိုချလိုက်ရင်း “အမ်း…ကျွန်တော် အေ့စ်ကို ဆက်သွယ်ပြီး ခင်ဗျားရောက်ရှိလာကြောင်း ပြောလိုက်ပါ့မယ်…ကျန်တာကတော့ ကျွန်တော်နဲ့ မဆိုင်တော့ပါဘူး…”

မိန်းမပျိုလေးက သူမ၏ မျက်ဝန်းများအား မှေးကျဉ်းလိုက်ကာ ဝူစူး အား နှံ့နှံ့စပ်စပ် ကြည့်လိုက်သည်။ “ရှင့်ရဲ့ ကုဒ်နာမည်က ဘာလဲ…”

ဝူစူး : “မရသေးပါဘူး…”

ထိပ်ဆုံး အယောက် ငါးဆယ်သာလျှင် ဂိမ်းမှပေးသည့် ကုဒ်များကို ရရှိကြပြီး ဝူစူး က ငါးဆယ်နှင့် ခြောက်ဆယ်ကြားသာ ရှိ၏။

မိန်းမပျိုလေးက စိတ်ပျက်ဟန်ဖြင့် အခြားနေရာသို့ အကြည့်လွှဲလိုက်သည်။ “ရှင် အရမ်းအားနည်းနေတာ အံ့ဩစရာမရှိပါဘူး…”

ဝူစူး : “…”

ဟုတ်…အဲဒီ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်…

ဝူစူး က မနေနိုင်ပဲ စပ်စုချင်လာခဲ့သည်။ “ခင်ဗျားနဲ့ Ace က ဘယ်လိုသိတာလဲ…”

အပျိုစင် က ကျောက်စရစ်ခဲကို ကန်လိုက်ရင်း “အသင်းတစ်ခုမှာ တွေ့တာ…”

ဝူစူး က ချက်ချင်းနားလည်သွားခဲ့သည်။ “ဒီတော့ ခင်ဗျားတို့က တစ်သင်းထဲသားတွေပေါ့…”

အမျိုးသမီးက ရှက်ရွံ့စွာ နှုတ်ခမ်းကိုက်လိုက်သည်။ “မဟုတ်ဘူး…”

ဝူစူး : “…”

သူတို့နှစ်ဦး၏ စကားဝိုင်းအား ခပ်လှမ်းလှမ်းမှကြည့်ရင်း ယဲ့ကျားသည် စကားပြောစရာမရှိ ဖြစ်သွားခဲ့သည်။

သူ ထိုအမျိုးသမီးအား ကောင်းကောင်း မှတ်မိလေသည်။

အပျိုစင် က ဂိမ်းထဲမှာပင် နားလည်ရခက်သည့် ဇာတ်ကောင်တစ်ဦးဖြစ်၏။

ထိုစဉ်က ယဲ့ကျားသည် သူ၏ ကုဒ်ဖြစ်သော အေ့စ် ဟူသည့်အမည်ကို ရခါစဖြစ်ပြီး အပျိုစင် ကမူ ကစားသူများကြားထဲတွင် ဂုဏ်သတင်း ကျော်ဇောနေခဲ့ပြီး ဖြစ်သည်။

၎င်းက ယှဉ်ပြိုင်သည့် ပွဲစဉ်တစ်ခု ဖြစ်လေသည်။ ပွဲစဉ်တွင် ပါဝင်ကြသည့် ကစားသူများအားလုံးက မြင့်မားသော အဆင့်များသာဖြစ်ပြီး အသင်းသုံးသင်းအနေဖြင့် ခွဲဝေထားကာ လူသူကင်းမဲ့သော ရွာတစ်ရွာထဲတွင် လွတ်လပ်စွာ စူးစမ်းခွင့်ပြုထားလေသည်။ ပွဲစဉ်အဆုံးသတ်သည့်အခါ အမှတ်နည်းသော အသင်းနှစ်သင်းက ကြောက်မက်ဖွယ်ကောင်းသည့် ရှင်းလင်းဖယ်ရှားခြင်း ပွဲစဉ်အား ဆက်လက်ဆင်နွှဲရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသော ကစားသူတစ်ဦးကမူ မည်သည့်အသင်းတွင် ပါဝင်ခဲ့သည်ဖြစ်စေ ပွဲစဉ်အား ကျော်ဖြတ်ပြီးသည်ဟု သတ်မှတ်မှာဖြစ်သည်။

ယဲ့ကျားနှင့် အပျိုစင် တို့က ကွဲပြားသော အသင်းနှစ်ခုတွင် တာဝန်ကျကြသည်။

ထိုစဉ်က ယဲ့ကျား၏ အသင်းတွင် သိုးမည်းတစ်ကောင် ပါခဲ့သည်။ ထိုကစားသူက ပွဲစဉ်အား မရှင်းလင်းချင်ပဲ အခြားကစားသူ၏ ရမှတ်များကိုသာ မျက်စိကျနေခဲ့၏။ သူ့အတွက် ကံမကောင်းသည်မှာ ထိုပွဲစဉ်တွင် ကစားသူများအချင်းချင်း အန္တာရယ်ပြုခွင့် မရှိခြင်းဖြစ်သည်။

ထို့ကြောင့် သူက အားလုံးနှင့် ဝေးရာသို့သွားကာ ဂိမ်းအသုံးအဆောင်များကို အသုံးပြု၍ မကောင်းဆိုးဝါး နတ်ဘုရားအာ စွန့်ပစ်ရွာသို့ ဆင့်ခေါ်ခဲ့လေသည်။

ယဲ့ကျားက ပုံမှန်အားဖြင့် တစ်ကိုယ်တည်း လှုပ်ရှာလေ့ရှိသည့် အလျှောက် သူ ထိုအရာအား ရှာတွေ့သွားချိန်တွင် တစ်ဖက်လူက လုပ်ဆောင်ပြီးနေပြီ ဖြစ်သည်။

အစက သူတို့ အသင်းတွင် လူ ၅ ဦးရှိသော်လည်း ယခုမူ သူနှင့်ယဲ့ကျားသာ ရှိတော့သည်။

အပျိုစင် သည်လည်း အတွေ့အကြုံရှိသော စစ်မှုထမ်းကောင်း တစ်ဦးဖြစ်၏။ မကောင်းဆိုးဝါး နတ်ဘုရား ပေါ်လာချိန်တွင် သူမက သွေးခင်းသော တိုက်ပွဲကို ဆင်နွှဲနေခဲ့ပြီး နတ်ဘုရား၏ ဘုရားကျောင်းထဲတွင် သူမနှင့် ထိုကစားသူသာ ကျန်ရှိတော့သည်။ မကောင်းဆိုးဝါးများအားလုံး သေဆုံးသွားပြီဖြစ်သော်လည်း သူတို့နှစ်ဦးထဲမှ တစ်ဦးသာ အသက်ရှင်လျှက် ထွက်သွားနိုင်မည်ဖြစ်သည်။ သူတို့နှစ်ဦးသာ တစ်ဦးနှင့်တစ်ဦး မသတ်ဖြတ်ပါက အချိန်ပြည့်သည့်အခါ နတ်ဘုရားအား ဆင့်ခေါ်ခဲ့သူသည် အသက်ကို စတေးရပေလိမ့်မည်။

အပျိုစင် က စောင့်ဆိုင်းနေခြင်း မရှိခဲ့ချေ။

သူမ၏ အသင်းက ကျရှုံးသွားပြီဖြစ်သည့်အတွက် သူမက တစ်ဖက်လူအား အသေသတ်ရန် လိုအပ်ပေသည်။ ပြိုင်ပွဲအချိန်ပြည့်သွားပါက တစ်ဖက်လူ သေဆုံးသွားလျှင်ပင် သူမသည်လည်း ရှုံးထွက်ပြိုင်ပွဲ၌ ဆက်လက် ယှဉ်ပြိုင်ရလိမ့်မည်။

ယဲ့ကျား သူတို့အား တွေ့ချိန်တွင် နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်၌ သွေးများနစ်နေကြပြီ ဖြစ်သည်။

ကစားသူ၏ ခန္ဓာကိုယ်ပေါ်တွင် ပိန်းပိတ်အောင် မည်းနက်သည့် အရည်များရှိနေပြီး စားပွဲကိုမီ၍ ရပ်နေကာ လေးလံစွာ အသက်ရှူလျှက်ရှိ၏။

ထိုသူက နတ်ဘုရားအား ဆင့်ခေါ်ခဲ့သူ ဖြစ်သည့်အလျှောက် မကောင်းဆိုးဝါး၏ တိုက်ခိုက်မှုရန်မှ ကင်းလွတ်နေကာ တိုက်ပွဲတွင် ပါဝင်ခြင်းမရှိချေ။ ထို့ကြောင့် သူက အပျိုစင် ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်နေခြင်း ဖြစ်သည်။

အပျိုစင် က ကြမ်းတမ်းသော တိုက်ပွဲအား ဆင်နွှဲခဲ့ရခြင်းဖြစ်သည်။ သူမ၏ ခြေထောက်တစ်ဖက်က ကျိုးနေကာ သွေးများယိုစီးကျနေသော ဒဏ်ရာမှ အရိုးက ငေါထွက်နေလေသည်။ သူမ၏ မျက်နှာတစ်ခြမ်းမှာလည်း အရေခွံခွာခံထားရကာ မျက်လုံးတစ်ဖက်ကို ဆုံးရှုံးထားရ၏။ သို့သော် သူမ၏ ကျန်ရှိသော မျက်ဝန်းတွင် တောက်လောင်နေသည့် ဒေါသနှင့် အမုန်းများက  အနက်ရောင်ဘုရားကျောင်းထဲရှိ အေးစက်စက် ကြယ်တစ်ပွင့်သဏ္ဍာန် ရှိနေခဲ့သည်။

သူမလက်ထဲရှိ သံဖြတ်လွှက ကြာရှည်ခံခြင်းကို ဆုံးရှုံးသွားပြီ ဖြစ်ကာ ဂီယာများ ကျိုးပဲ့နေပြီ ဖြစ်သည်။ အရောင်ကင်းမဲ့နေသော အဝတ်အစားများနှင့် သူမပုံစံက ငရဲမှ တွားတက်လာသော မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေလေသည်။

မကောင်းဆိုးဝါး နတ်ဘုရားက အနက်ရောင်ကောင်းကင်ကို ပဲ့တင်ထပ်စေသည့် အသံဖြင့် ဆိုလာခဲ့သည်။

“တစ်ဦးပဲ အသက်ရှင်ခွင့်ရှိတယ်…”

အခြားကစားသူ၏ မျက်လုံးက တောက်ပလာခဲ့သည်။ သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်ပြောလိုက်၏။ “အေ့စ်…ငါတို့က တစ်သင်းထဲသားချင်းတွေပဲ…ငါ့ကို ကူညီပါဦး…”

သူက အံကြိတ်ကာ ဆက်ပြောလိုက်သည်။ “မင်းငါ့ကို ကယ်ပေးမယ်ဆိုရင် ဒီပြိုင်ပွဲမှာရတဲ့ ငါ့အမှတ်တွေရဲ့ တစ်ဝက်တိတိ ခွဲပေးမယ်…”

ဘုရားကျောင်း အပြင်ဘက်တွင် ပိန်ပါးသော လူငယ်တစ်ဦးက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

ကြီးမားသည့် အမှတ်စဉ်ပြဇယားက လေထဲတွင် လွင့်မျောနေ၏။

ပြိုင်ပွဲပြီးရန် သုံးမိနစ်သာ လိုတော့သည်။

အသင်းသုံးသင်းထဲတွင် တစ်သင်းက အမြစ်ဖြတ် သုတ်သင်ခံလိုက်ရပြီဖြစ်ပြီး ကျန်နှစ်သင်းကမူ မတိမ်းမယိမ်းအမှတ်များဖြင့် ရှိနေကာ ယဲ့ကျား၏ အသင်းက အနည်းငယ်ပို၍ မြင့်မားနေခဲ့သည်။

အပျိုစင် အား ဘုရားကျောင်းအတွင်းတွင် ချန်ထားနိုင်ခဲ့ပါက သူမ၏ အမှတ်များသည် အခြားကစားသူ၏ ရမှတ်များအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး ယဲ့ကျားတို့ အနိုင်ရရှိမှာဖြစ်သည်။ ကြောက်စရာကောင်းသည့် ရှုံးထွက်ပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ရန် မလိုအပ်တော့ချေ။

-  ရှုံးထွက်ပြိုင်ပွဲသည် အစစ်အမှန်ငရဲအဆင့် ဖြစ်သည်။ ပြိုင်ပွဲဝင်အားလုံးက တစ်ဦးနှင့်တစ်ဦး အသေသတ်ရမှာဖြစ်ပြီး အသန်မာဆုံး များသာ အသက်ရှင်ရက် လွတ်မြောက်နိုင်မည် ဖြစ်၏။

ထိုသို့သော ပြိုင်ပွဲကို မည်သူမှ မယှဉ်ပြိုင်လိုကြချေ။

ဘုရားကျောင်း အပြင်ဘက်တွင် လူငယ်က အကြည့်ကိုပြန်ရုတ်လိုက်သည်။

သူက ခေါင်းစွပ်စွပ်မထားသည့် အလျှောက် ဖျော့တောသော ဆံစများသည် သွေးနံ့ပြင်းသော လေနှင့်အတူ လွင့်မျောလျှက်ရှိသည်။ သူ၏ ဖန်သားပြင်သဖွယ် မျက်ဝန်းများသည်လည်း တည်ငြိမ်ကာ အေးစက်လျှက် ရှိသည်။

ဘုရားကျောင်းထဲတွင်…

မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရတော့သည့် မိန်းမပျိုက အံကြိတ်လိုက်သည်။ သူမ၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေကာ ထိုအမျိုးသားနှစ်ဦးအား အစိမ်းလိုက်ဝါးစားချင်သကဲ့သို့ ကြည့်နေခဲ့သည်။

သူမက ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ အသံက ဖုန်းကွယ်မထားသည့် ရွံရှာမှုများဖြင့် ပြည့်နှက်နေ၏။

လူငယ်က မျက်လွှာချကာ သွေးများလွှမ်းနေသည့် မြေပြင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ထိုအချိန်တွင် ပြိုင်ပွဲပြီးရန် တစ်မိနစ်သာ ကျန်ရှိတော့၏။

လူငယ်က မျက်လွှာပင့်လျှက် တည်ငြိမ်စွာ ဆိုလာခဲ့သည်။ “ငါ့ရဲ့ အသင်းသားကို ကယ်ပေးရမှာပေါ့…”

အံ့ဩစရာ မရှိချေ။

အပျိုစင် က ကျိုးပျက်နေသည့် သံဖြတ်လွှအား လွှင့်ပစ်ကာ သူမ၏ အားနည်းနေသော ခန္ဓာကိုယ်အား နံရံကိုမီ၍ ထိုင်ချလိုက်သည်။

ယဲ့ကျား ထိုစကားများကို ပြောလိုက်သည့် အချိန်မှစ၍ ပြိုင်ပွဲတွင် သူမ ရရှိခဲ့သော အမှတ်များက အခြားကစားသူဘက်သို့ ကူးပြောင်းသွားခဲ့သည်။

အမှတ်စဉ်ပြဇယားတွင် ယဲ့ကျား၏ အသင်းက ပထမနေရာကို ရရှိသွားခဲ့၏၊၊

-  ဂိမ်းပြီးဆုံးသည်နှင့် ဘုရားကျောင်းအတွင်းရှိ မိန်းမပျိုသည် နတ်ဘုရားထံသို့ ယဇ်ပူဇော်ခံရမည်ဖြစ်သည်။

အပျိုစင် ၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ ထင်ဟပ်လာခဲ့ပြီး နှာခေါင်းရှုံ့လိုက်မိသည်။

သူမက အကောင်းဘက်မှ တွေးလိုက်၏။ - ဤနေရာတွင် သေဆုံးသွားပါက ရှုံးထွက်ပြိုင်ပွဲ၌ ပါဝင်ရန် မလိုအပ်တော့ချေ။

မည်းညစ်သော အရည်ပျစ်ပျစ်များဖြင့် ဖုံးလွှမ်းနေခဲ့သော ကစားသူက မကောင်းဆိုးဝါး နတ်ဘုရား၏ ဘုရားကျောင်းအတွင်းမှ ထွက်လာကာ မျက်နှာမှ အရည်များကို သပ်ချလိုက်သည်။ ထို့နောက် ယဲ့ကျား၏ ပုခုံးအား ပျော်ရွှင်စွာ လှမ်းပုတ်လိုက်၏။ “ကျေးဇူးပဲ…ညီအစ်ကို…”

သို့သော် ယဲ့ကျားက ရှေ့သို့တစ်လှမ်းတိုးကာ သူ့ပုခုံးကို လာပုတ်သည့်လက်အား ရှောင်လိုက်သည်။

ကစားသူက အနည်းငယ် ထိတ်လန့်သွားခဲ့၏။

ထိုအချိန်မှာပင် အရောင်ဖျော့ဖျော့ ဆံနွယ်များရှိသည့် အမျိုးသားက ခေါင်းကိုငုံ့ကာ သူ၏ နာရီအား အကြိမ်ရေများစွာ ထိလိုက်သည်။

ကောင်းကင်ရှိ အမှတ်စဉ်ပြဇယားတွင် စာတစ်ခုက ဖြည်းညှင်းစွာ ပေါ်လာ၏။ “ကစားသူ အေ့စ်သည် ကစားသူ အပျိုစင် ထံသို့ သူ၏ ရမှတ်အားလုံး လွှဲပြောင်းပေးခဲ့သည်။


Xxxx