Chapter 32
Viewers 5k

🏡 Chapter 32

ဟယ်မိသားစု



ဟယ်မိသားစုက ကွန်မြူနတီအနားတွင် နေ၏။ အမေဟယ်က ပိုးစာကောင်မွေးရာ၌ ကျွမ်းကျင်ပြီး အဖေဟယ်က ဝါးကုလားထိုင်နှင့် ဝါးခြင်းများလုပ်ရာတွင် တော်သောကြောင့် သူတို့မိသားစုက အတော်လေးချမ်းသာကာ ကျယ်ဝန်းသည့်တိုက်အိမ်ထဲ၌ နေကြလေသည်။


ဟယ်မိသားစု၏သားနှစ်ယောက်က အလုပ်ကောင်းများရှိသည်။ တစ်ယောက်က အမွေးဖြူကြက်များမွေးကာ တစ်ယောက်က ကွန်မြူနတီ၏ စက္ကူစက်ရုံ၌အလုပ်လုပ်၏။ သားနှစ်ယောက်လုံးက အခြေအနေကောင်းကာ သမီးနှစ်ယောက်ကလည်း အိမ်ထောင်ကျသွားပြီဖြစ်သည်။


သို့သော် အဖေဟယ်တို့လင်မယားက သူတို့၏သမီးငယ်လေးက ဆင်းရဲသည့်သူတစ်ယောက်နှင့် ကြိုက်သွားသည့်အပေါ် မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။


အစပိုင်းတွင် ဟယ်မိသားစုက ကျန်းလီဟိုင်အပေါ် အနည်းငယ်ကျေနပ်ခဲ့ကြသည်။ ကျန်းမိသားစုကအနည်းငယ်ဆင်းရဲသော်လည်း မောင်နှမသုံးယောက်လုံးကအလုပ်ရှိရာ ကျန်းမိသားစုအတွက် အိမ်ဆောက်ရန် ကြာမည်မဟုတ်ဟု ထင်ခဲ့ကြသည်။


ထိုအတွေးဖြင့် သူတို့က ဟယ်ချွန်းလင် ကျန်းလီဟိုင်နှင့်စတွဲသောအခါ မကန့်ကွက်ခဲ့ကြပေ။ သို့သော် အချိန်တစ်ခုထိကြာလာပြီးနောက် သူတို့က ဟယ်ချွန်းလင်အား သူတို့မိသားစုဘက်မှ အခြေအနေများကို ကျန်းလီဟိုင်အား ပြောပြခိုင်းလိုက်သည်။


သူတို့အစီအစဉ်အရဆိုလျှင် ဟယ်ချွန်းလင် ထိုသို့ပြောပြပြီးသည်နှင့် ကျန်းမိသားစုဘက်က အိမ်စဆောက်လိုက်သင့်ပေသည်။ အိမ်ဆောက်ပြီးသည်နှင့် ဟယ်ချွန်းလင်နှင့်ကျန်းလီဟိုင်က ချောမွေ့စွာလက်ထပ်နိုင်ပြီဖြစ်သည်။


သို့သော် သူတို့က စိုးရိမ်တကြီးစောင့်နေခဲ့သော်လည်း နှစ်ဝက်သာကြာသွားသည်၊ ကျန်းမိသားစုဘက်က မည်သည့်တိုးတက်မှုမှ ရှိမလာပေ။


သူတို့ထပ်မစောင့်နိုင်တော့သည့်အချိန်မှာပင် ကျန်းလီဟိုင်၏ညီမက အိမ်ထောင်ကျကာ မြို့ပေါ်သို့ပြောင်းသွားသည်။


ကျန်းမိသားစုက ကျန်းလီဖျင်လက်ထပ်ပြီးမှ ကျန်းလီဟိုင်ကိစ္စကို စီစဉ်ပေးဖို့ လုပ်ထားတာလား…


အဲ့လိုဆို အဓိပ္ပါယ်ရှိတယ်… တစ်ချိန်တည်း မင်္ဂလာပွဲနှစ်ခုလုပ်တာက အကုန်အကျအရမ်းများတယ်… ပြီးတော့ သူတို့က ကျန်းလီဖျင်ရဲ့လက်ထပ်ပွဲကနေ တင်တောင်းငွေတော့ရကြမှာပဲလေ…


သူတို့က ဆက်စောင့်ခဲ့သော်လည်း ကျန်းမိသားစုဘက်ကမည်သည့်လှုပ်ရှားမှုမှမရှိလာပေ။


ထိုအချိန်လောက်မှာပင် ကျန်းမိသားစု၏သမီးလတ်က ပိုက်ဆံတစ်ပြားပင်မရှိသည့် လူငယ်လေးကို ရွေးချယ်ခဲ့ရုံသာမကဘဲ အလုပ်ပါထွက်လိုက်သည်ကို ကြားလိုက်ရ၏။


ကျန်းမိသားစုက ဘာတွေတွေးနေတာလဲ…


ကျန်းလီဟိုင်ကအနာဂတ်မှာ သူ့ရဲ့အဲ့ဒီညီမလေးကိုပါထောက်ပံ့ပေးရမှာလား…


အဖေဟယ်တို့လင်မယားက ဒေါသထွက်ထွက်ဖြင့် ချောင်းထိုရွာသို့ရောက်လာပြီး ကျန်းမိသားစုအခြေအနေကိုသတိထားပြီး စုံစမ်းကြည့်လိုက်ကာ သူတို့၏အိမ်ကိုပင်သွားကြည့်လိုက်သည်။


ဝူရှောင်ချွန်းသာမက၊ ကျန်းမိသားစု၏ သမီးအငယ်ဆုံးကပါ ကျန်းမာရေးမကောင်းဖြစ်နေပြီး သူတို့အိမ်ကလည်းအတော်လေး စုတ်ပြတ်နေ၏။ ထို့အပြင် အဖေကျန်းကလည်း ထော့ကျိုးဖြစ်နေသည်။


ကျန်းမိသားစုဘက်က ဘာမှမလုပ်လာတာက သူတို့မှာပိုက်ဆံမရှိလို့များလား…


ဒီလိုဆိုရင် ငါတို့သမီး ကျန်းမိသားစုထဲဝင်တာက ဒီလိုအိမ်ထောင်စုကြီးကို တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပါယ်လား…


အဖေဟယ်နှင့်အမေဟယ်က မကျေနပ်ကြပေ။ သူတို့ကချက်ချင်းပင် သူတို့သားအား ကျန်းလီဟိုင်ဆီသွားကာ ဟယ်ချွန်းလင်နှင့်ဆက်မပတ်သက်တော့ရန် တဲ့တိုးပြောခိုင်းလိုက်သည်။


သူတို့က ဤအကြောင်းကို ဟယ်ချွန်းလင်ကို အသိမပေးထားပေ။


ယခုချိန်တွင် ဟယ်မိသားစုက နေ့လယ်စာစားနေပြီး အမေဟယ်က ဟယ်ချွန်းလင်အား ကြင်ဖက်တွေ့ရန် လောဆော်နေ၏။

“အဲ့ဒီကျန်းလီဟိုင်က မျက်နှာတစ်ခုထဲရှိတာပါ… ကျိုးကျင်းဖူက သူ့ထက်အများကြီးသာတယ် သူ့အိမ်က လှလှပပကိုဆောက်ထားတာနော်… ပြီးတော့ သူက အရည်အချင်းရှိတဲ့ ပန်းရန်သမားပဲ…”


“သမီး ကျိုးကျင်းဖူကို မကြိုက်ပါဘူး…”

ဟယ်ချွန်းလင်က ပြန်ဖြေသည်။ ကျိုးကျင်းဖူက ဆွဲဆောင်မှုမရှိပေ။ သူ၏သွားဝါဝါများကလည်း သူမကို ရွံရှာစေ၏။


“ဒါဆိုရင် ရှဲ့ဇူကန်းဆိုရင်ရော ဘယ်လိုလဲ ရှဲ့မိသားစုကအစပိုင်းမှာ ကြေးများခဲ့ပေမယ့် အခုတော့ သူတို့က ကြေးသိပ်မများတော့ဘူး… သူတို့က တစ်ယောက်ယောက်ကို နေရာတိုင်းမှာ ရှာနေကြတယ်ဆိုပဲ…”


ဟယ်ချွန်းလင်က လန့်သွားသည်။

“ရှဲ့ဇူကန်းက အရပ်ပုပြီးရုပ်ဆိုးတယ်… သမီးသူ့ကိုမလိုချင်ဘူး…”


“ယောက်ျားတစ်ယောက်ကို လက်ထပ်တာက စားဝတ်နေရေးအတွက်ပဲလေ… နင်က ဘယ်လိုဖြစ်နေတာလဲ ဘာလို့ရုပ်ရည်ကိုပဲ အာရုံစိုက်နေရတာလဲ…”

အမေဟယ်က မကျေမနပ်ဖြစ်လာသည်။


ရှဲ့ဇူကန်းက အခြေအနေကောင်းများရှိလေသည်။ သူမသမီးသာ ရှဲ့ဇူကန်းနှင့်လက်ထပ်လိုက်ပါက စားဝတ်နေရေးအတွက် ပူစရာမလိုတော့ပေ။


“အမေ သမီးကို ကြင်ဖက်မတွေ့ခိုင်းနဲ့တော့… သမီးမှာ လူရှိနေပြီလေ…”

ဟယ်ချွန်းလင်က ပြောလိုက်သည်။


ကျန်းလီဟိုင်က အကောင်းဆုံးပဲ… သူက ကြည့်ကောင်းရုံတင်မကဘူး ကဗျာလည်းရေးတတ်တယ်…


ချီရှီးပွဲတော်ကဆိုလျှင် ကျန်းလီဟိုင်က သူမအတွက် ကဗျာတစ်ပုဒ်စပ်ပေးခဲ့ပြီး သူမက ယခုဆိုလျှင် ထိုကဗျာကို အလွတ်ရနေပြီဖြစ်သည်။


ချွဲ့ချောင်တံတားမှာဆုံလို့၊ မျက်ရည်မြစ်တစ်စင်းနဲ့ ကြာရှည်ကွဲနေခဲ့တဲ့ချစ်သူတွေက ဝမ်းနည်းမှုတွေကိုဝေမျှကြတယ်… ရက်ကန်းသမနဲ့ နွားကျောင်းသားလေးဟာ အဝေးကသာ ဆုံနိုင်ကြပြီး အချင်းချင်းနူးညံ့စွာ ငေးမောနေကြရဲ့…


ကျန်းလီဟိုင်က ဤကဗျာကိုရေးနေချိန်တွင် သူမကိုလွမ်းနေခဲ့သည်ဟု ဆို၏။


ကဗျာများအပြင် ကျန်းလီဟိုင်က သူမဆီသို့ စာများလည်းရေးပို့တတ်သည်။ 

ကျိုးကျင်းဖူနဲ့ ရှဲ့ဇူကန်းတို့က အဲ့လိုလုပ်နိုင်လို့လား… သူတို့က ဘာမှမလုပ်နိုင်ပါဘူး…


“ဒါပေမယ့် ကျန်းလီဟိုင်က တကယ်ကို အဆင်မပြေနေဘူးလေ… သူ့မိသားစုထဲမှာ ဘယ်လိုနေရမလဲဆိုတာကို ငါဖြင့် တွေးတောင်မတွေးနိုင်ဘူး… နင့်အစ်ကိုကြီးကို သူနဲ့စကားသွားပြောခိုင်းပြီးသွားပြီ… ဒါပေမယ့် သူကတော့သစ်သားတုံးကြီးလိုပဲ ဘာကိုမှ မတုံ့ပြန်လာဘူးလေ…”

အမေဟယ်က ပို၍ပင်ဝမ်းနည်လာသည်။


“အမေ အစ်ကိုကြီးကို သူ့ဆီသွားခိုင်းလိုက်တာလား…”

ဟယ်ချွန်းလင်က စိုးရိမ်သွားကာ သူမအစ်ကိုကြီးကိုကြည့်လိုက်သည်။

“အစ်ကိုကြီး သူ့ကိုဘာတွေပြောခဲ့တာလဲ…”


အမေဟယ်တို့က အမှန်တိုင်းပြောပြမည် မဟုတ်ပေ။ သူတို့က ဟယ်ချွန်းလင်အား သူမအစ်ကိုကြီးသည် ကျန်းလီဟိုင်ကို စေ့စပ်မည့်ကိစ္စသွားပြောခဲ့သည်ဟု ဆိုလိုက်ကြသည်။


“အိမ်မှာပဲစောင့်နေ… သူသာ နင့်ကိုတကယ်ကြိုက်ရင် သေချာပေါက်စေ့စပ်ဖို့ ကမ်းလှမ်းလိမ့်မယ်…”


“ဟုတ်တယ် နင်စောင့်နေရတာ အရမ်းကြာနေပြီလေ လက်ထပ်သင့်တဲ့အချိန်ရောက်နေပြီ… သူ့ဘက်က စေ့စပ်ဖို့ရောက်မလာရင် နင့်ကိုတန်ဖိုးမထားဘူးလို့ ဆိုလိုတာပဲ…”


“စကားချိုချိုလေးတွေပဲ ပြောတတ်တဲ့ယောက်ျားတစ်ယောက်က အားကိုးလို့မရဘူး… သူ့ဘက်က လက်တွေ့လုပ်ပြဖို့လိုတယ်…”


ဟယ်မိသားစုဝင်များက အချင်းချင်း စကားဖလှယ်လိုက်ကြသည်။


“ဒါပေမယ့် သူ့မိသားစုမှာက ပိုက်ဆံမရှိဘူးလေ…”

ဟယ်ချွန်းလင်က ပြန်ပြော၏။


“ပိုက်ဆံမရှိတာက လက်ထပ်လို့မရဘူးလို့ မဆိုလိုဘူးလေ… ပြီးတော့ သူက အနည်းဆုံးတော့ အပြုအမူတချို့လာပြသင့်တယ်…”

အဖေဟယ်က ပြောသည်။


သူတို့ကို ဒေါသအထွက်စေဆုံးသောအရာမှာ အချိန်ဤမျှကြာပြီးသော်လည်း ကျန်းမိသားစုဘက်မှ ဘာမှမတုံ့ပြန်လာခြင်းပင်ဖြစ်သည်။


ငါတို့သမီးကို ဘယ်လိုများ ထင်နေကြတာလဲ…


ကံဆိုးစွာဖြင့် သူတို့သမီးငယ်က ကျန်းလီဟိုင်ကိုသာ စွဲလမ်းနေ၏။


ဟယ်ချွန်းလင်က သူတို့ပြောသည်ကို နားထောင်ပြီးနောက် ၎င်းကအဓိပ္ပါယ်ရှိသည်ဟု ခံစားမိသွားသည်။


ကျေးလက်ဘက်မှာက စောစောစီးစီးလက်ထပ်ကြတယ်… ငါ့သူငယ်ချင်းတချို့ဆိုရင်လည်း အိမ်ထောင်ကျသွားကြပြီ…

ဟယ်ချွန်းလင်က တွေးရင်းဖြင့် တံခါးဘက်ကို ကြည့်လိုက်မိသောအခါ ကျန်းလီဟိုင်ကိုမြင်သွား၏။


ကျေးလက်ဘက်တွင် လူများကအိမ်ခန်းမကြီးထဲ၌ ထမင်းစားလေ့ရှိကြကာ ထမင်းစားနေချိန်၌ အခန်းထဲလင်းနေစေရန် တံခါးမကြီးကို ဖွင့်ထားလေ့ရှိသည်။


ဤအချိန်တွင် ကျန်းလီဟိုင်က စက်ဘီးစီးကာ ရောက်လာပြီး စက်ဘီးလက်ကိုင်တွင်လည်း လက်ဆောင်များစွာကိုချိတ်ဆွဲထား၏။


ရုတ်ချည်းဆိုသလိုပင် ဟယ်ချွန်းလင်က ပျော်သွားပြီး တွေးမနေဘဲ သူ့မိဘများအား လွှတ်ခနဲပြောမိသွားသည်။

“အဖေ အဖေ သူကစေ့စပ်ဖို့ရောက်လာပြီ…”


အဖေဟယ်နှင့် အမေဟယ်တို့မျက်နှာများက မဲမှောင်သွားသည်။


ကျန်းလီဟိုင်က တစ်လမ်းလုံး စိတ်လှုပ်ရှားလာခဲ့ပြီး ဖုန်းရီကိုပါ စက်ဘီးပေါ်မှ ပြုတ်ကျစေလုနီးပါး ဖြစ်စေခဲ့သည်။ဟယ်မိသားစုဆီမရောက်မီတွင် သူက ဘာပြောရမည်မသိဖြစ်နေမည်ဟု ထင်ထားခဲ့ကာ အခြေအနေကို မည်သို့ကိုင်တွယ်ရမည်မသိ ဖြစ်နေခဲ့သည်။


ဟယ်မိသားစုက သူ့အပေါ်အထင်သေးကာ ဟယ်ချွန်းလင်က အခြားသူတစ်ယောက်နှင့်လက်ထပ်သွားမည်ကို စိုးရိမ်နေခဲ့၏။


သို့သော် သူ ဟယ်မိသားစုဆီသို့ရောက်လာပြီး ဟယ်ချွန်းလင်၏ ပြုံးပျော်နေသောမျက်နှာကို မြင်လိုက်ရသောအခါ မကြောက်တော့ပေ။


ထို့နောက် သူက ကျန်းလီယွင်ကို တွေးမိသွားသည်။


ယနေ့ သူက ကျန်းလီယွင်နောက်လိုက်သွားပြီး သူမကအရာအားလုံးကို ချောမွေ့စွာလုပ်ဆောင်နိုင်ခဲ့သည်ကိုမြင်ခဲ့၏။ သူက မထိန်းနိုင်ဘဲ မနာလိုဖြစ်မိသည်။


ကျန်းလီဟိုင်က သူ့ကိုယ်သူ မည်သို့လုပ်လိုက်မိမှန်းပင် မသိပေ။ သူက လက်ဆောင်များကိုသယ်ကာ ဟယ်အိမ်ထဲသို့ဝင်သွားပြီး ပြောလိုက်လေသည်။

“ဦးလေးဟယ် ‌ဒေါ်လေးဟယ် ကျွန်တော်ချွန်းလင်နဲ့သိနေတာ တော်တော်ကြာခဲ့ပေမယ့် တစ်ခါမှ အလည်မလာမိခဲ့ဘူး တကယ်ကို တောင်းပန်ပါတယ်…”


အမှန်တွင် ကျန်းလီဟိုင်က အတော်လေးဉာဏ်ကောင်းပြီး ကျန်းလီယွင် သင်ထားပေးသမျှအရာအားလုံးကို မှတ်မိနေသည်။


သူ ရောက်မလာမီက စိုးရိမ်လွန်းသဖြင့် လမ်းတစ်ဝက်တွင်လှည့်ပြန်လုနီးပါးဖြစ်ခဲ့၏။ သို့သော် ဟယ်မိသားစုသို့ရောက်လာသောအခါ သူက အရာအားလုံးကို သင့်တော်စွာကိုင်တွယ်ခဲ့လေသည်။


သူ့အခြေအနေက မီတာရှစ်ရာပြေးရမည့်ကျောင်းသားတစ်ယောက်က ကိုယ့်ကိုကိုယ် မလုပ်နိုင်ဟု ထင်နေသလိုမျိုးဖြစ်သည်။ သို့သော် လက်တွေ့၌ ပြေးလမ်းပေါ်ဆွဲခေါ်ခံလိုက်ရပြီး စပြေးသောအခါ တစ်နည်းနည်းဖြင့်အဆုံးထိရောက်အောင် လုပ်နိုင်သွားလေသည်။


“ကျွန်တော့်မိဘတွေကို ချွန်းလင်နဲ့ကျွန်တော့်အကြောင်းပြောပြီးသားပါ… သူတို့ဂရုစိုက်ပေးမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ သူတို့က တစ်ချိန်လုံးပိုက်ဆံပဲစုနေပြီး ဘာတစ်ခုမှ မလုပ်ရ‌သေးဘူးဖြစ်နေတယ်…”


“ဒါက စက်ရုံမှာပဲ အလုပ်လုပ်နေပြီး အိမ်ကိုသိပ်မပြန်မိတဲ့ကျွန်တော့်အမှားလည်းပါပါတယ် အိမ်ကအခြေအနေကိုကျွန်တော်မသိခဲ့ဘူး…”


“မနေ့က အစ်ကိုကြီးကိုတွေ့ပြီးတာနဲ့ ကျွန်တော်ချက်ချင်းပဲ ခွင့်ယူပြီးအိမ်ပြန်သွားလိုက်တယ်… မနေ့ နေ့လယ်ကပဲကျွန်တော်ရွာထဲ အိမ်ဆောက်ဖို့နေရာ သွားကြည့်လိုက်ပါတယ်… မနက်ဖြန်ကျရင် အုတ်တွေဝယ်ပြီး အိမ်ဆောက်ဖို့စလုပ်တော့မှာပါ…”


“ပြီးတော့ ကျွန်တော်က အခုဆို သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲ ဝင်ရမယ်ဆိုတာကလည်း သေချာသွားပါပြီ… ကျွန်တော့်လစာက ယွမ်နှစ်ရာလောက်ဖြစ်လာလိမ့်မယ်…”


“ဒေါ်လေးတို့ဘက်က စိတ်ပူရင် ဒီနှစ်ကုန်တာနဲ့ကျွန်တော်တို့ အရင်စေ့စပ်ထားလို့ရပါတယ်…”


...


ဖုန်းရီက အချိန်အခါသင့်လေး ဝင်ပြောသည်။

“အစ်ကိုလီဟိုင်က မနေ့ကအိမ်ကို ကမန်းကတန်းပြန်လာပြီးကတည်းက အိမ်ဆောက်ဖို့ကိစ္စနဲ့ အလုပ်များသွားတော့တာပဲ…”


“ဒီကိစ္စက ဦးလေးကျန်း(အဖေကျန်း)အမှားလည်း ပါပါတယ် ဦးလေးကျန်းက ဒီလိုကိစ္စမျိုး တစ်ခါမှမလုပ်ဖူးတော့လေ အုတ်မြစ်ချဖို့ ကိစ္စကိုတောင် မသိနေဘူး…”


“အစ်ကိုလီဟိုင်လည်း သေချာပေါက်မှားတာပဲ… သူက ဦးလေးကျန်းတစ်ယောက် အစ်မလီဖျင်ရဲ့လက်ထပ်ပွဲကြောင့် အလုပ်များနေလို့ဆိုပြီး သူ့ကိစ္စကို မတိုက်တွန်းခဲ့မိဘူး‌လေ…”


“အစ်ကိုလီဟိုင်က အိမ်ဆောက်ဖို့တွေးထားတာ အတော်ကြာပါပြီ သူက ဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ကိုငှားရမလဲနဲ့ ဘယ်မှာဆောက်ရမလဲဆိုတာကိုတောင် တွေးပြီးနေပြီ…”


...


အကယ်၍ ဟယ်မိသားစုဆီသို့ ကျန်းလီဟိုင်တစ်ယောက်တည်း ရောက်လာပြီး ဟယ်ချွန်းလင်လည်း ရှိမနေပါက ဟယ်မိသားစုက သူ့ကိုပြက်ရယ်ပြုပြီးလောက်ပြီဖြစ်သည်။


သို့သော်ယခုတွင် ကျန်းလီဟိုင်က အပြင်လူခေါ်လာသလို ဟယ်ချွန်းလင်ကလည်း ဘေးတွင်ကြည့်နေ၏။ 


သူတို့က ခုဏလေးတင်မှ ဟယ်ချွန်းလင်ကို လိမ်ပြောထားခြင်းဖြစ်သည်။


ကျန်းလီဟိုင်က လက်ဆောင်များဖြင့် ဟယ်အိမ်ထဲသို့ဝင်သွားသည်ကိုလည်း အိမ်နီးချင်းများက မြင်သွားကြပြီဖြစ်သည်။


အဖေဟယ်နှင့်အမေဟယ်တို့၏ဆက်ဆံပုံက အလုံးစုံမနွေးထွေးသော်လည်း ကျန်းလီဟိုင်ပြောသည်ကိုနားထောင်ပြီးသောအခါ နူးညံ့သွားသည်။ ကျန်းလီဟိုင်က သူတို့သမီးအပေါ် အမှန်တကယ်စစ်မှန်သည့်ပုံပင်။


အဆုံးတွင် ဟယ်မိသားစုက တင်တောင်းမည့်ကိစ္စကို ကျန်းလီဟိုင်နှင့် ဆွေးနွေးလိုက်သည်။ သူတို့က အများကြီးမတောင်းဆိုသော်လည်း စက်ဘီးတစ်စီး၊ အပ်ချုပ်စက်တစ်လုံးနှင့် ဟယ်ချွန်းလင်အတွက် ရေဒီယိုတစ်လုံးကို ပေးရမည်ဟုပြောလေသည်။


ထိုပစ္စည်းများက ဟယ်ချွန်းလင်အတွက်ဖြစ်ကာ သူတို့အတွက်မဟုတ်ပေ။


ထိုပစ္စည်းများက ဈေးမပေါနေပေ။


သို့သော် လက်ထပ်သောအခါ လူအများစုက ထိုပစ္စည်းများကိုဝယ်ကြ၏။


ကျန်းလီဟိုင်က အနည်းငယ်စိုးရိမ်နေသော်လည်း ဖုန်းရီကပြန်ဖြေလိုက်သည်။

“ဦးလေးဟယ် အမှန်တိုင်းပြောရရင် ကျွန်တော်တို့တစ်ခါတည်းနဲ့ အကုန်လုံးကိုမတတ်နိုင်ပါဘူး… ဦးလေးကျန်းကလည်း ပိုက်ဆံစုတာနဲ့ပဲ အလုပ်များနေပြီး ဒီကိစ္စကိုဂရုမစိုက်ခဲ့မိဘူး… ဒါပေမယ့် စိတ်မပူပါနဲ့ အခုဆို အစ်ကိုလီဟိုင်က စက်ရုံက သယ်ပို့အဖွဲ့ထဲဝင်သွားပါပြီ… နောက်နှစ်လောက်ဆို သူက သေချာပေါက်ပိုက်ဆံအများကြီးရှိလာမှာပါ…”


 á€–ုန်းရဎကို ကျန်းလီယွင်က သီးသန့်သင်ပေးခဲ့သည်များလည်းရှိသဖြင့် သူက ယခုတွင် လက်တွေ့အသုံးချနေခြင်းဖြစ်သည်။


အဆုံးတွင် ဟယ်မိသားစုက ကျန်းလီဟိုင်၏စေ့စပ်ကြောင်းလှမ်းမှုကို လက်ခံလိုက်သည်။

“အရင်ဆုံး ဒီနှစ်ကုန်မှာ စေ့စပ်ထားပြီး နောက်နှစ်မှလက်ထပ်ကြတာပေါ့… အဲ့လိုဆို ငါတို့အတွက်လည်းအဆင်ပြေတယ်… ငါတို့က ချွန်းလင်အတွက် ဗီရိုတချို့လုပ်ဖို့လူရှာဖို့က အချိန်လိုသေးတယ်လေ…”


သူတို့၏ဓလေ့များအရဆိုလျှင် သတို့သမီးက ဗီရို၊ သေတ္တာ၊ စောင်နှင့် အခြားပစ္စည်းများကို ယူသွားရမည်ဖြစ်သည်။


ထို့ကြောင့် မိသားစုနှစ်စုက ဤအကြံကို လက်ခံလိုက်ကြသည်။


ကျန်းလီဟိုင်က ဟယ်ချွန်းလင်ကို ပြုံးပြနှုတ်ဆက်ပြီး စက်ဘီးကိုတွန်းထွက်သွားကာ ဟယ်ချွန်းလင်က တလက်‌လက်တောက်နေသောမျက်လုံးများဖြင့် သူ့နောက်ကျောကို ကြည့်ကျန်နေခဲ့သည်။


ခဏလန့် လမ်းလျှောက်ပြီးနောက် ထောင့်ချိုးတစ်ခုသို့ရောက်သောအခါ ကျန်းလီဟိုင်က ဖုန်းရီကိုပြောလိုက်သည်။

“ဖုန်းရီ ငါ့ခြေထောက်တွေက နည်းနည်းအားပျော့နေပြီ… စက်ဘီးမနင်းနိုင်လောက်တော့ဘူး အပြန်ကို မင်းနင်းသွားပါလား…”

 

သူက တစ်ချိန်လုံးစိတ်ထဲတင်းကျပ်ကာ ချွေးများထွက်နေခဲ့ပြီး ဟယ်မိသားစုမှ ထွက်လာပြီးမှသာ သူ့ကိုယ်သူအသက်ပြန်ရှင်လာသလို ခံစားလိုက်ရ၏။


“ရတာပေါ့…”

ဖုန်းရီက တက်ကြွစွာဖြင့် စက်ဘီးပေါ်တက်လိုက်ပြီး ကျန်းလီဟိုင်ကို တင်နင်းသွားရန် အသင့်ဖြစ်နေ၏။


လှည်းပေါ်တွင် ကျန်းလီယွင်ကို တင်ဆွဲချင်သည့်အပြင် သူက ကျန်းလီယွင်နှင့် စက်ဘီးလည်း အတူစီးချင်၏။


သို့သော် သူက တစ်ခါမှလူမတင်ဖူးသလို သူ့စက်ဘီးစီးစွမ်းရည်ကလည်း မကောင်းသဖြင့် မလုပ်ရဲခဲ့ပေ။


ကျန်းလီဟိုင်နဲ့ အရင်လေ့ကျင့်လို့ရတာ အခွင့်ကောင်းပဲ…


ကျန်းလီဟိုင်က စက်ဘီးနောက်ခုံတွင်ထိုင်ပြီး နှောင့်နှေးနေသောစိတ်လှုပ်ရှားမှုကို ခံစားနေ၏။


သူက အမှန်တကယ် စေ့စပ်နိုင်မည်ဟု မထင်ထားခဲ့ပေ။


စေ့စပ်ကြောင်းလှမ်းပြီးနောက် သူကစက်ဘီး၊ အပ်ချုပ်စက်၊ရေဒီယိုနှင့် အခြားပစ္စည်းများ မဝယ်ပေးနိုင်မည်ကို စိုးရိမ်နေခဲ့၏။ သို့သော် ယခု သူက သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲ ရောက်သွားပြီဖြစ်ကာ သူ့လစာကလည်း သိသာစွာတိုးတက်လာသည်။ တစ်နှစ်လျှင် သူကယွမ်နှစ်ထောင်လောက် စုနိုင်လိမ့်မည်။


နှစ်နှစ်အတွင်းတွင် သူက လုံလုံလောက်လောက်စုနိုင်သွားလိမ့်မည်။


သူပျော်မြူးနေသည့်အချိန်မှာပင် လေတစ်ချက်တိုက်လာသည်။ အစောက ချွေးများစွာထွက်ခဲ့သဖြင့် သူကကြက်သီးထသွားကာ အင်္ကျီကို တင်းတင်းဆုပ်လိုက်မိသည်။


တစ်ဖက်တွင် ဟယ်မိသားစု၏ အိမ်နီးချင်းများက ကျန်းလီဟိုင်ယူလာသည့် လက်ဆောင်များကိုကြည့်ရန် စုဝေးလာကြသည်။


“သူက ချွန်းလင်လက်ထပ်မယ့်သူလား ချောလိုက်တာ…”


“အုတ်နဲ့ကြွေပြားစက်ရုံက သယ်ပို့အဖွဲ့မှာ အလုပ်လုပ်တယ်တဲ့လား… အဲ့ဒါဆို လစာကောင်းကောင်းရမှာပဲ…”


“လက်ဆောင်တွေက ဈေးမနည်းဘူးနော် အားလုံးပေါင်းယွမ်တစ်ရာကျော်လောက်တယ်… အရမ်းရက်ရောတာပဲ…”


“သူ့ရင်ထဲမှာ နင်တို့ချွန်းလင်ကို အလေးထားတာ သိသာပါတယ်အေ…”


ဟယ်မိသားစုမှာ အစောပိုင်းက ကျန်းလီဟိုင်ယူလာသည့်လက်ဆောင်များကို မကြည့်ခဲ့မိကြရာ ယခုမှသေချာကြည့်လိုက်ကြသည်။ ကျန်းလီဟိုင်ယူလာသည်များက များပြားရုံသာမက တန်ဖိုးလည်းကြီးသည်ကို မြင်လိုက်ရသောအခါ သူတို့၏ သူ့အပေါ်အမြင်များက နည်းနည်းတိုးတက်သွားသည်။


သူ အလွယ်တကူဝယ်လာသောအရာများမှာ အနည်းဆုံးယွမ်တစ်ရာကျော်လောက်ပြီး ၎င်းက အုတ်နှင့်ကြွေပြားစက်ရုံမှ သာမာန်အလုပ်သမားတစ်ယောက်၏ တစ်လ,လစာတန်ဖိုးဖြစ်သည်။


ဒီကောင်လေးက မဆိုးပါဘူး… အိမ်ဆောက်ပြီးတာနဲ့ သူ့ကိုချွန်းလင်နဲ့လက်ထပ်ပေးဖို့ဆိုတာ မကောင်းတာတော့မဟုတ်ဘူး…


ကျန်းလီဟိုင်နှင့်ဖုန်းရီတို့ အိမ်ပြန်ရောက်လာသောအခါ ကျန်းလီယွင်က ညစာပြင်နေ၏။ သူတို့ ပြန်လာသည်ကိုမြင်သောအခါ သူမက အခြေအနေမေးလိုက်သည်။


ကျန်းလီဟိုင်က သူ ဘာပြောခဲ့မိသည်ကိုပင် မမှတ်မိတော့သော်လည်း ဖုန်းရီကမူ အားလုံးကို သေချာမှတ်မိနေပြီး သေချာအသေးစိတ် ပြန်ပြောပြလာသည်။


ကျန်းလီယွင်က ဟယ်မိသားစုဆက်ဆံပုံပြောင်းသွားသည်မှာ အပြင်လူများရှိနေရုံသာမက ဟယ်ချွန်းလင်လည်းရှိနေသောကြောင့်ဟု တွေးလိုက်မိသည်။ သို့သော် သူမက ထိုအကြောင်းအား ကျန်းလီဟိုင်ကို ပြန်မပြောပြလိုက်ပေ။

“အစ်ကို နင်လည်း ကိုယ်တိုင်မြင်ပြီးပြီနော်… သူတို့က နင့်အပေါ် တကယ်ကြီးမကျေနပ်နေတာမဟုတ်ဘူး… နင်က ချွန်းလင်နဲ့လက်ထပ်ဖို့ တွန့်ဆုတ်နေတယ်လို့ ထင်သွားလို့ စိုးရိမ်ပြီး စကားကြမ်းတွေပြောမိသွားတာ… နင်လည်း မနေ့က အဲ့လိုပြောခဲ့မိတယ်လေ…”


ချွန်းလင်အစ်ကို၏စကားများက ကျန်းလီဟိုင်၏မာနကို ပမာဏတစ်ခုအထိ ထိခိုက်စေခဲ့သော်လည်း ကျန်းလီယွင်၏ရှင်းပြချက်က သူ့ကိုဒေါသလျော့သွားစေသည်။


ကျန်းလီယွင်က ဆက်ပြောသည်။

“ဒီလိုဆိုမှ ငါမြို့ထဲမှာဈေးရောင်းနေတုန်း အစ်မလီဖျင်ရောက်လာပြီး ဖုန်းရီကိုဝေဖန်သွားသေးတယ်… သူက ဖုန်းရီကို မကောင်းတာတွေပြောသွားတာ…”


ထိုစကားကိုကြားသောအခါ ကျန်းလီဟိုင်က ချွန်းလင်အစ်ကိုပြောခဲ့သည့် ချွန်းလင်နှင့်မတန်ဟူသော ဝေဖန်ချက်များအပေါ် လုံးဝဒေါသပြေသွားသည်။ သူက ဖုန်းရီအပေါ်ကျေနပ်မှုမရှိသော်လည်း ကြမ်းကြမ်းတမ်းတမ်း ထုတ်ဖော်မပြခဲ့ပေ။


“ဟုတ်ပြီလေ အခုဒီကိစ္စလည်း ပြီးသွားပြီဆိုတော့ အစ်ကိုလည်း မနက်ဖြန်ကျရင် စက်ရုံမှာအလုပ်ပြန်ဝင်သင့်ပြီ… ညနေကျရင် အိမ်ပြန်လာဖို့မမေ့နဲ့…”

 

“သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲ ရောက်သွားပြီဆိုတော့ မြို့တော်ကိုသွားလို့ရပြီ… ငါ စာရင်းတစ်ခုရေးပေးလိုက်မယ် အစ်ကိုက ပစ္စည်းတချို့ဝယ်ဖို့ကူပေးဦး…”


“ရတာပေါ့…”

ကျန်းလီဟိုင်က လွယ်ကူစွာ သဘောတူလိုက်သည်။


ကျန်းလီယွင်က ဆက်ပြောသည်။

“အစ်ကို အဲ့မှာအသားကျသွားတာနဲ့ ကိုယ့်ဘာသာပိုက်ဆံရှာလို့ရပြီ… ပြောမရဘူး ဟယ်မိသားစုလိုချင်တဲ့ပစ္စည်းတွေကိုတောင် စောစောစုနိုင်လောက်တယ်… စွင်းကျင်ရှန်းကိုပဲကြည့် သူ့မှာပိုက်ဆံမရှားနေဘူး…”


ကျန်းလီဟိုင် စက်ရုံ၏သယ်ပို့အဖွဲ့ထဲ ရောက်သွားခြင်းက သူမအတွက် အကျိုးရှိ၏။ ကိစ္စများသာ ချောမွေ့ပါက သူမက ထိုမှတစ်ဆင့် ပိုက်ဆံရှာနိုင်လောက်သည်။



🏡🏡🏡