အပိုင်း ၆၄
Viewers 10k

Chapter 64




ပတ်ဝန်းကျင်ရှိ သူတို့အား အကဲခတ်နေသူများက အံ့အားသင့်သွားကြသည်။

ဝိုး…မိုက်တယ်ဟ…

ယဲ့ကျားက လိုင်းပေါ် ပြန်တက်(သတိပြန်ဝင်လာ)လာခဲ့ပြီဖြစ်သည်။

သူ့တစ်ကိုယ်ရှိ အမွှေးများအားလုံး ကြက်သီးထလျှက်ရှိသည်။ သူက တစ်ဖက်လူ၏ ဆန္ဒအား ဂရုမစိုက်တော့ပဲ ပွေ့ဖက်ထားမှုမှ ရုန်းထွက်ရန်သာ ကြိုးစားလိုက်၏။

ကျီရွှမ်၏ မျက်နှာမှာ ပုံမှန်သာဖြစ်သော်လည်း အားကုန်သုံးကာ ယဲ့ကျားကို ဖက်ထားခြင်းဖြစ်သည်။

သူက ယဲ့ကျား၏ နားရွက်နားသို့ ခေါင်းလေးစောင်းကာ သူ၏ အေးစက်စက် နှုတ်ခမ်းများဖြင့် တစ်ဖက်လူ၏ နားသံသီးလေးအား ပွတ်တိုက်လိုက်သည်။ ထို့နောက် ဩရှကာ အေးဆေးသော ယောက်ျားသံဖြင့် ဆိုလာခဲ့၏။ “ကျွန်တော် သဲလွန်စ ရခဲ့ပြီ…”

ယဲ့ကျား ထိတ်လန့်သွားခဲ့သည်။

သူက တစ်ဖက်လူကို ကြည့်လိုက်၏။

ကျီရွှမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြကာ သူ့အား ကလူကျီစယ်လာခဲ့သည်။

ယဲ့ကျား : “…”

ရုတ်တရက်ဆိုသလို တစ္ဆေအား သတ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ရ၏။

သို့သော် သူက အသက်ပြင်းပြင်းရှူရင်း ရင်တွင်းရှိ ဒေါသများကို ဖိနှိပ်လိုက်သည်။

ယဲ့ကျားက စတင်၍ သံသယဝင်နေပြီဖြစ်သော ဝေ့ရွှယ်ချူးကို ကြည့်ရင်း အားတင်းပြုံးပြလိုက်သည်။

“ကျွန်တော်နဲ့…ဒီ…”

“ကျွန်တော့် ချစ်သူက…” ထိုစကားလုံးသည် ခက်ခက်ခဲခဲ ထွက်သွားခဲ့သည်။ “အပြင်မှာ စကားပြောဖို့ လိုအပ်နေလို့ပါ…”

ဝေ့ရွှယ်ချူးက လက်ခံလိုက်သည်။ “ကောင်းပြီလေ…”

ယဲ့ကျားက ကျီရွှမ်အား ဆွဲခေါ်လာခဲ့၏။

သူ့ ခြေလှမ်းများက တစ်စုံတစ်ခု အနောက်မှလိုက်လာသကဲ့သို့ မြန်ဆန်နေခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူ့နောက်ရှိ မိန်းမပျို၏ ခြေလှမ်းများကမူ ကျော့ရှင်းနေခဲ့သည်။

သူမက သူတို့ဘက်လှည့်၍ လက်ပင်ပြလိုက်သေး၏။

စက်ရုံ အပြင်ဘက်သို့ ရောက်သည်နှင့် ယဲ့ကျားက ကျီရွှမ်၏ လက်ကို လွှတ်လိုက်သည်။

ကျီရွှမ်၏ မျက်လုံးများက အန္တာရယ်ရှိစွာဖြင့် ကြက်သွေးရောင် ပြောင်းသွားခဲ့သည်။

သူက နံရံကို ကျော့ရှင်းစွာမှီရင်း ရှည်လျားနက်မှောင်သော ဆံနွယ်များဖြင့် ဆော့ကစားနေခဲ့၏။ “နှလုံးသားမဲ့လိုက်တာ…ဒါလင်ရယ်…”

ယဲ့ကျား “…”

မင်းဟာမင်း ဒါလင်နေလိုက်…။

သူက ဒေါသအား မထိန်းနိုင်မည် စိုးသဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် အံကြိတ်လျှက် တစ်လုံးချင်း ဖိပြောလာခဲ့၏။ “မင်း ဘာသောက်ချိုးချိုးနေတာလဲ…”

သူ ဆဲရေးသည်မှာ အလွန်ရှားပါးလှသည်။

သို့သော် ဤတစ်ကြိမ်၌မူ သူ သည်းမခံနိုင်တော့ချေ။

သူ့ရှေ့ရှိလူက သူ၏ သည်းခံနိုင်စွမ်းအား နည်းလမ်းသစ်များဖြင့် မရိုးရလေအောင် အကြိမ်ကြိမ် စမ်းသပ်လေ့ရှိသည်ပင်။

ကျီရွှမ်၏ အပြုံးက ပိုမိုနက်ရှိုင်းလာခဲ့သည်။ သို့သော် သူက အပြစ်ကင်းစွာဖြင့် ရှင်းပြလာ၏။

“ကျွန်တော် ကောရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ပေါ်မလာဘူးလို့ ကတိပေးခဲ့ပေမယ့် ကောကို စိတ်ပူလာလို့…”

ယဲ့ကျားက ပေါက်ကွဲလုနီးနီး ဖြစ်သွားခဲ့သည်။ “ဒါနဲ့ မင်းငါ့ကို လာရှာခဲ့တယ်ပေါ့…”


“ဘာလို့လဲ…” ကျီရွှမ်က ကိုယ်ကို တစ်ပါတ်လှည့်ပြလိုက်သည်။ “ကျွန်တော် ကြည့်မကောင်းဘူးလား…”

ယဲ့ကျား : “…”

အသက်ပြင်းပြင်းရှူ…အသက်ပြင်းပြင်းရှူ…

သူက မျက်လုံးကိုပိတ်လိုက်ရင်း စကားလုံးအနည်းငယ်ကို အားစိုက်ကာ ပြောလိုက်၏။

“မင်း ဘာကိုလိုချင်တာလဲ…”

တစ်ဖက်လူ အမှန်တကယ် ပေါက်ကွဲတော့မည်ကို သိလိုက်ရသဖြင့် ကျီရွှမ်သည်လည်း သတိအပြည့် ဖြစ်သွားခဲ့သည်။

သူက လည်ချောင်းရှင်းလိုက်ပြီး အလေးအနက်ဆိုလာခဲ့သည်။

“ဒီနေ့မနက်စောစောမှာ ကျွန်တော့် လက်အောက်ကလူတစ်ယောက်က အငြိုးကြီးတစ္ဆေကို ဖမ်းမိခဲ့တယ်…ပြီးတော့ တစ်ခုခုရှိနေတာ တွေ့ခဲ့တယ်…”

ကျီရွှမ် လက်ဆန့်လိုက်သည်။

ပင့်ကူမျှင်ကဲ့သို့ သေးငယ်သည့် ချည်မျှင်က နေရောင်ထဲတွင် တောက်ပလျှက်ရှိသည်။ ၎င်းက အသက်ရှိနေသည့်အလား လွတ်မြောက်ရန် ရုန်းကန်နေဟန်ဖြင့် လေထဲတွင် မျောလွင့်နေ၏။

“ရုပ်သေးချည်မျှင်လား…” ယဲ့ကျား ထိတ်လန့်သွားခဲ့သည်။

သူထိုအရာမျိုးအား မမြင်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အငြိုးကြီးတစ္ဆေများ အသုံးပြုလေ့ရှိသော အရာဖြစ်လေသည်။

ယဲ့ကျား မျက်ခုံးပင့်လိုက်၏။ “ရုပ်သေးသခင်လား…”

“မှန်တယ်…” ကျီရွှမ် ခေါင်းညှိတ်လိုက်သည်။ သူက မျက်ဝန်းများကို ကျဉ်းမြောင်းလျှက် အေးစက်စွာ ဆို၏။

“ကျွန်တော် သူ ဒီမြို့ကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး…”

ရုပ်သေးသခင်။ S အဆင့် အငြိုးကြီးတစ္ဆေ။

သူ၏ လက်နက်မှာ ရုပ်သေးချည်မျှင်ဖြစ်သည်။ ၎င်းက တိုက်ခိုက်နိုင်စွမ်း မမြင့်မားသော်လည်း ရင်ဆိုင်ရခက်လှ၏။ ရုပ်သေးသခင်က သူတို့၏ အားနည်းချက်အား ဆုပ်ကိုင်နိုင်သည်နှင့် အငြိုးကြီးတစ္ဆေဖြစ်စေ၊ ကစားသူဖြစ်စေ ဝိဉာဉ်နှုတ်ခံရမှာဖြစ်ပြီး ရုပ်သေးအဖြစ် ချက်ချင်း ပြောင်းလဲသွားမှာ ဖြစ်သည်။ ရုပ်သေးသခင်တွင် ရုပ်သေးများ ထောင်နှင့်ချီ၍ ပိုင်ဆိုင်ထားလေရာ ဂိမ်းထဲရှိ မည်သူမှ သူနှင့် ရင်မဆိုင်ချင်ကြချေ။

ကျီရွှမ်က ချည်မျှင်ကို ခပ်ဝေးဝေးထားကာ ဆက်ပြောသည်။

“ ကျွန်တော် ကောရဲ့နောက်ကို လိုက်နေတဲ့ နောက်ထပ်  အဆင့်မြင့်နီးနီး အငြိုးကြီးတစ္ဆေတစ်ကောင်ကိုလည်း ဖမ်းမိထားသေးတယ်…အဲဒီ့တစ္ဆေရဲ့ကိုယ်မှာလည်း ဒီလိုချည်မျှင်မျိုး တွေ့တယ်…”

သူက ယဲ့ကျားကို ကြည့်ကာ ထပ်ပြောလိုက်သည်။ “သူ သူ့ရဲ့ရုပ်သေးတွေကို ဘယ်လောက်ဂရုစိုက်သလဲ အားလုံးသိတာပဲလေ…ကောတို့ကြားထဲမှာ ရန်ကြွေး ဒီလောက်ရှိနေမယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး…”

ယဲ့ကျား : “…”

သူ မျက်လုံးလှန်လိုက်မိသည်။ ထိုအကြောင်းအရာကို သူပြောချင်စိတ် မရှိချေ။

“မင်းသူ့ကို ခြေရာခံပြီးပြီလား…”

ကျီရွှမ်က ရယ်မောကာ ထိုအကြောင်းအရာအား ထပ်မမေးတော့ချေ။

“သဲလွန်စတော့ ရှာတွေ့ထားတယ်…”

သူက ဆက်မေးလိုက်၏။ “ဒီည တူတူအမဲလိုက်ကြမလား…”

ယဲ့ကျား ခဏတွေးလိုက်ပြီးနောက် သဘောတူလိုက်၏။

သူက အခြားတည်ရှိမှုများကို ထိန်းချုပ်နိုင်သည့် S အဆင့် အငြိုးကြီးတစ္ဆေအား မြို့ကို အကြီးအကျယ် ဖျက်စီးရန် ခွင့်မပြုနိုင်ချေ။

ထို့အပြင် ရုပ်သေးသခင်က သူ့ကိုရှာရန်အတွက် မြို့ထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယဲ့ကျား သူ့ကို သေချာပေါက် သွားတွေ့ရမည်ဖြစ်၏။

ယဲ့ကျားက သူ့မျက်ဝန်းများအတွင်းရှိ အေးစက်မှုကို ဖုန်းကွယ်ရန် မျက်လွှာချလိုက်သည်။

ကျီရွှမ် ခပ်တိုးတိုးရယ်လိုက်၏။ “ကျွန်တော် မျှော်လင့်နေပါ့မယ်…”

အတူတကွ တိုက်ခိုက်ခြင်း။

နောက်ဆုံးတစ်ကြိမ် သူတို့အတူတိုက်ခိုက်ခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပြီ ဖြစ်သနည်း။

သူ မှတ်ပင် မမှတ်မိတော့ချေ။

ကျီရွှမ်က အကြည့်ပြန်ရုတ်လိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်၏။

သူ လှည့်ထွက်လိုက်သည့်အချိန်တွင် ယဲ့ကျား၏ တားမြစ်သံကို ကြားလိုက်ရသည်။ “နေဦး…”

ကျီရွှမ်က အံ့ဩဟန်ဖြင့် ယဲ့ကျားကို ပြန်ကြည့်လိုက်သည်။

တစ်ဖက်လူက သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် အကြည့်ပြန်လွှဲကာ ခက်ခက်ခဲခဲဖြင့် မေးလာခဲ့၏။

“မင်း…ဒီည ဒီတိုင်းနေမလို့လား…”

ကျီရွှမ်က နက်ရှိုင်းစွာ ပြုံးမိလုနီးနီးဖြစ်သွားခဲ့သည်။ သူက စိတ်ပျက်ဟန်ဆောင်ကာ မေးလိုက်၏။

“အိုး…ကော အဆင်မပြေဘူးလား…”

“ဒါဆို…” သူက ချိုသာသော မိန်းကလေးသံလေးဖြင့် ပြန်မေးလိုက်၏။

“ကောကော…ဘယ်လိုပုံစံမျိုးကို သဘောကျလဲဟင်…”

ယဲ့ကျား ကြက်သီးများပင် ထသွားခဲ့ရသည်။

သူက မြွေတစ်ကောင်နှင့် ရင်ဆိုင်ရသည့်နှယ် နောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်သည်။

“အရင်…အရင်အတိုင်းပဲကောင်းပါတယ်…”

ဆွဲဆောင်မှုရှိသော အမျိုးသမီးက အကြိမ်ရေအနည်းငယ်ခန့် မျက်တောင်ခတ်လိုက်သည်။

“လူကြီးပုံလား…ကလေးပုံလား…”

ယဲ့ကျား ရှက်လာခဲ့၏။ “လူကြီးပုံ…”

သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကာ ပါးလွှာသည့် အရေပြားက ပန်းရောင်သမ်းလာခဲ့သည်။

တစ်ဖက်လူ၏ နားရွက်နီနီကလေးများကြောင့် ကျီရွှမ်၏ အကြည့်များက မှောင်မိုက်လာခဲ့ရသည်။ သူ၏ နှုတ်ခမ်းထောင့်များက ဖြည်းညှင်းစွာ မြင့်တက်လာခဲ့ပြီး ယောက်ျားသံဖြင့် ပြောလိုက်၏။

“ကိုယ်နားလည်ပြီ…”

ကျီရွှမ်အား နှင်ထုတ်ပြီးနောက် ယဲ့ကျားက စွန့်ပစ်စက်ရုံအတွင်း ပြန်ဝင်လာခဲ့၏။

သူဦးဆောင်နေရသည့် လူသစ်များက သူ့အနားသို့ ဝိုင်းအုံလာကြသည်။

သူတို့က ယဲ့ကျားနှင့် အလုပ်လုပ်နေသည်မှာ အနည်းငယ်ကြာပြီ ဖြစ်ပြီး တစ်ဖက်လူသည် ဘဝင်မြင့်ပြီး အထာကိုင်သူ မဟုတ်ကြောင်း သေချာသိထားကြသည်။ သူတို့၏ မျက်လုံးများက အတင်းပြောချင်စိတ် အပြည့်ဖြင့် တောက်ပနေကြပြီး စတင်မေးမြန်းလာကြ၏။

“ဟေး…အစ်ကိုယဲ့...ခုနက ဘယ်သူလဲ…”

“အစ်ကို့ ကောင်မလေးလား…မိုက်တယ်ဗျာ…”

“ဟုတ်တယ်…ဟုတ်တယ်…သူမ အရမ်းလှတာပဲ…အစ်ကိုယဲ့က ဒီလိုအလှမျိုးကို ကြိုက်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး…”

“ဟမ့်…ဘာတွေပြောနေတာလဲ…ငါ့မှာ အဲဒီ့လောက်လှတဲ့ ကောင်မလေးရှိရင် မနက်တိုင်းပြုံးပြုံးကြီးနဲ့ ထလာမိမှာပဲ…”

“ဒါပေမယ့် နှမြောစရာကြီး…တစ်ခြားဌာနက ကောင်မလေးတွေက အစ်ကိုယဲ့ရဲ့ wechat ကို လာတောင်းနေကြတာ…ခုလို ပိုင်ရှင်ရှိပြီးသားမှန်းသိသွားရင် သူတို့ စိတ်မကောင်းဖြစ်ကြတော့မှာပဲ…”

ယဲ့ကျား : “…”

သူ့အနားရှိ အတင်းပြောသံများကို ကြားချိန်တွင် ယဲ့ကျားက သစ်တုံးကြီးကဲ့သို့ တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့သည်။ သို့သော် စိတ်ထဲတွင်မူ ကျီရွှမ်၏ အမည်ဘေးတွင် ကြက်ခြေခတ်တစ်ခု ခြစ်ချလိုက်သည်။

အနှေးနဲ့အမြန်…ငါမင်းကို သတ်မယ်…

......


ထိုနေ့ညတွင်…

ယဲ့ကျားက ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

သူ၏ တစ္ဆေပိုင်နက်အတွင်းမှ ထွက်လိုက်သည်နှင့် တဟုန်ထိုးပြေးဝင်လာသည့် သွေးအရိုးငါးအား ရိုက်မိလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

သွေးအရိုးငါးနှင့်မတွေ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။ ၎င်းက သူ့အား ထပ်တွေ့ရခြင်းအပေါ် အလွန် စိတ်လှုပ်ရှားနေပုံပေါ်ပြီး ယဲ့ကျားအနီးတွင် လှည့်လည်ကူးခတ်နေလေသည်။ ခဏအကြာတွင် ၎င်းက ယဲ့ကျား၏ လက်ဖဝါးအား အရိုးခေါင်းခွံဖြင့် တိုးဝှေ့လိုက်ကာ ပွတ်သပ်ပေးရန် တောင်းဆိုနေသကဲ့သို့ ရှိနေ၏။

ယဲ့ကျားက အရေးကြီးကိစ္စအတွက် ရောက်လာခြင်းဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးနေခဲ့သော်လည်း သွေးအရိုးငါး၏ အပြုအမူအား တောင့်မခံနိုင်ခဲ့ချေ။ သူက ပြုံးလိုက်ပြီး ငါး၏ မေးရိုးကို ကုတ်ပေးလိုက်၏။

ကျီရွှမ်က ဘေးဘက်တွင် မတ်တပ်ရပ်နေခဲ့သည်။

သူက အစစ်အမှန် ပုံသဏ္ဍာန်သို့ ပြန်ပြောင်းထားလေသည်။ နက်ရှိုင်းထင်ရှားသော မျက်နှာသွင်ပြင်၊ ပုခုံးကျယ်ကျယ်များ၊ မြင့်မားသောအရပ်၊ ရှည်သွယ်သော ခြေထောက်များနှင့် အမျိုးသားက ရပ်ရုံရပ်နေခြင်း ဖြစ်သော်လည်း ဖိနှိပ်သည့်လေထုအား ထုတ်လွှတ်နေခဲ့၏။

သူက မျက်လွှာချထားကာ ကြက်သွေးရောင်မျက်ဝန်းများကို မျက်တောင်ရှည်များဖြင့် ဖုံးကွယ်ထားခဲ့သည်။ သူ၏ အကြည့်က ငါးကိုပွတ်သပ်ပေးနေသည့် ယဲ့ကျားထံတွင် ကျရောက်နေခဲ့သည်။

အမျိုးသား၏ အမူအရာက ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသော်လည်း လေထုသည် ချက်ချင်းနူးညံ့သွားခဲ့၏။

ယဲ့ကျားက နောက်ဆုံးတွင် အလွန်အကျွံ ပျော်ရွှင်နေသည့် သွေးအရိုးငါးထံမှ ရုန်းထွက်နိုင်ခဲ့သည်။ ထို့နောက် ကျီရွှမ်အား ကြည့်လိုက်၏။ “ဘယ်လိုလဲ…ရုပ်သေးသခင်ကို ရှာတွေ့ပြီလား…”

ကျီရွှမ်က မနီးမဝေးရှိ မှောင်မဲနေသောလမ်းအား ညွှန်ပြလိုက်သည်။ “နီးစပ်နေပြီ…”

၎င်းသည် M မြို့ပေါ်ရှိ ထင်ရှားသော လမ်းတစ်လမ်းဖြစ်သည်။ လမ်းပေါ်ရှိ ကျောက်တုံးပြာပြာများက လရောင်အောက်တွင် မှိန်ဖျော့ဖျော့ တောက်ပနေကာ ဆိုင်ခန်းများက လမ်းဘေးတစ်ဖက်စီတွင် ရှိနေကြသည်။ မြို့၏ စီးပွားရေးမှာ ပြန်လည်နာလန်ထူလာခြင်း မရှိသေးသည့် အလျှောက် ဆိုင်ခန်းများ ပိတ်ထားသည်မှာ အတန်ကြာပြီဖြစ်ကြောင်း တံခါးဘောင်များမှ တွဲရရွဲကျနေသော တံခါးရွက်များကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။

ဤနေရာတွင် မူမမှန်သည့် ယင်စွမ်းအင် မတည်ငြိမ်ခြင်း မရှိချေ။ သို့သော် တစ်စုံတစ်ဦးတွင် လုံလောက်သည့် အတွေ့အကြုံရှိပါက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရှင်းရှင်းလင်းလင်း တွေ့နိုင်မည်ဖြစ်သည်။

သွေးအရိုးငါးက မြေကြီးထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် သွေးနီရောင်လှိုင်းများက မြေပေါ်တွင် ပေါ်ပေါက်လာပြီး သွေးအရိုးငါး၏ ဦးခေါင်းခွံသည်လည်း ပေါ်ပေါက်လာခဲ့၏။ ၎င်းက ကျီရွှမ်၏ လက်ဖဝါးကို သူ့ခေါင်းဖြင့် တိုးဝှေ့လိုက်သည်။

ကျီရွှမ်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ “သွားရအောင်…”

--သဲလွန်စ ရှာတွေ့ပြီထင်တယ်…

ယဲ့ကျား ခေါင်းညှိတ်လိုက်သည်။

သူတိုနှစ်ဦးက လမ်းထဲသို့ ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်ဝင်လိုက်ကြသည်။ သွေးအရိုးငါးကမူ သူတို့ဘေးတွင် ဖြည်းညှင်းစွာ ကူးခတ်လာခဲ့၏။ သို့သော် ငါးက မီတာအနည်းငယ် ကူးခတ်ပြီးသည်နှင့် ကျီရွှမ်၏ တားမြစ်ခြင်းခံလိုက်ရသည်။

“ငါတို့ကို ဒီမှာစောင့်နေ…”

သွေးအရိုးငါးက ယဲ့ကျားကိုကြည့်ကာ အသနားခံဟန်ဖြင့် အမြှီးကို ယမ်းပြလိုက်၏။

ယဲ့ကျား : “သူပြောတာမှန်တယ်…”

ရုပ်သေးသခင်သည် S အဆင့် အငြိုးကြီးတစ္ဆေ ဖြစ်သည့်အလျှောက် ကိုင်တွယ်ရခက်ခဲလေသည်။ သွေးအရိုးငါးသာ ထိန်းချုပ်ခံလိုက်ရပါက အခြေအနေများ ပို၍ခက်ခဲသွားပေလိမ့်မည်။ ရုပ်သေးသခင်အား ရင်ဆိုင်ရာ၌ လူနည်းနည်းနှင့် ရင်ဆိုင်ခြင်းက ပိုမိုကောင်းမွန်သော အကြံဖြစ်သည်။ မဟုတ်လျှင် တစ်ဖက်လူ ထိန်းချုပ်ရန် အခွင့်အရေးပေးရာ ကျပေလိမ့်မည်။

သွေးအရိုးငါးက စိတ်ဓာတ်ကျဟန်ဖြင့် ခေါင်းကလေးစောင်းလိုက်သည်။ ၎င်းက လမ်းထိပ်တွင်သာ နာခံစွာကျန်ရစ်ခဲ့ပြီး ဆက်လိုက်လာခြင်း မရှိတော့ချေ။

ကျီရွှမ်က အကြည့်ကို ပြန်ရုတ်လိုက်ရင်း မျက်ခုံးပင့်လိုက်၏
“ကိုယ်နဲ့ယှဉ်ရင် မင်းပြောတာကို ပိုပြီးနာခံသလိုပဲ…”

ယဲ့ကျားက သူ့ကိုမကြည့်ချေ။ သူက အေးစက်စက်ပြောလိုက်၏။ “မင်းလည်း သူ့ကို အတုယူသင့်တယ်…”

ကျီရွှမ် : “…”

.......

သူတို့နှစ်ဦးက ဘေးချင်းယှဉ်လျှက် လမ်းလျှောက်လာကြသည်။ ညလေအေးအေးက လူသူကင်းမဲ့နေသည့် ဆိုင်ခန်းများကို ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ သူတို့ခေါင်းပေါ်ရှိ အေးစက်ကာ တသီးတခြားရှိနေသည့် လမင်းသည် တိမ်တိုက်ကြားထဲတွင် ပေါ်တစ်လှည့် မြုပ်တစ်လှည့် ဖြစ်နေခဲ့ပြီး လမ်းကို ပိုမို၍ မှောင်မိုက်နေစေ၏။

နေရာတစ်ခုလုံး တိတ်ဆိတ်လျှက်ရှိကာ သူတို့၏ ခြေသံများကိုသာ ကြားနေရလေသည်။

ရုတ်တရက်ဆိုသလို မနီးမဝေးမှ ပြင်းထန်သည့် ကျွီကနဲ့မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။  တံခါးရွက်နှစ်ခုက ဖြည်းညှင်းစွာ ပွင့်ဟသွားခဲ့၏။ တံခါးအတွင်းပိုင်းရှိ အမှောင်ထုသည် လရောင်ပင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။

တံခါးအတွင်းရှိ တစ်စုံတစ်ခုက သူတို့အား ဖိတ်ခေါ်နေပုံပေါ်၏။

သူတို့နှစ်ဦးက ပွင့်နေသည့် တံခါးထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့ကြသည်။

သူတို့ တံခါးဘောင်အား ဖြတ်ကျော်လိုက်သည်နှင့် မှိန်ဖျော့ဖျော့ အလင်းက ဆိုင်ခန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

ဆိုင်အတွင်းပိုင်းသည် အလွန်ကျယ်ဝန်းသော်လည်း မမျှော်လင့်ထားလောက်အောင်ပင် ပြည့်ကျပ်နေခဲ့သည်။ အမိုးမှ ကြမ်းပြင်အထိ၊ စားပွဲများ၊ စင်များပေါ်တွင် အရုပ်များဖြင့် ပြည့်နှက်နေပြီး အလယ်တွင် ကျဉ်းမြောင်းသည့် လမ်းလေးတစ်လမ်းသာ လှစ်ဟ၍နေလေသည်။ ထိုအရုပ်များထဲရှိ တစ်ချို့သည် လှဲလျှက်အနေအထား ရှိနေကာ တစ်ချို့ကမူ ထိုင်လျှက် အနေအထားဖြင့် ရှိနေကြ၏။ သို့သော် အရုပ်အားလုံး၏ မျက်နှာပေါ်၌ တူညီသည့် ထူးဆန်းသော အပြုံးကြီးများရှိနေကာ ဆိုင်ခန်းအတွင်းရှိ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်ဝယ် ချောက်ချားဖွယ် ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

“ဒါက တကယ့်ကို သူလုပ်နေကျ ပုံစံပဲ…” ကျီရွှမ်က စားပွဲပေါ်တွင် ထိုင်နေကြသည့် အရုပ်တန်းကို ကြည့်ရင်း ပြောလိုက်သည်။

သူတို့အနောက်ဘက်ရှိ တံခါးက အရှိန်ပြင်းပြင်းနှင့် စေ့ပိတ်သွားခဲ့၏။

ယဲ့ကျားက ဆိုင်အတွင်းပိုင်းကို လှည့်ပတ်ကြည့်ရင်း ကောက်ချက်ချလိုက်သည်။

ဤနေရာ တစ်ခုလုံးသည် ယင်စွမ်းအင်ဖြင့် ပြောင်းလဲခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းက တစ္ဆေပိုင်နက် တစ်ဝက်နီးပါးရှိ၏။

တစ်ဖက်လူက ထိုအထဲတွင်ပုန်းကာ သူတို့ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ပေသည်။

ယဲ့ကျားက သူ၏ လက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျှက် စကားတစ်ခွန်းမှမဆိုပဲ ဆက်လက် လျှောက်ဝင်လိုက်သည်။ သူ ရှေ့သို့တိုးလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အရုပ်များက သူသွားရာလမ်းအား အသက်မဲ့နေသော မျက်ဝန်းများဖြင့် လိုက်ကြည့်နေကြလေသည်။

ထိုအချိန်တွင် သူ၏ ခေါင်းပေါ်မှ အက်ကွဲကွဲအသံက ထွက်ပေါ်လာခဲ့သည်။

“တစ္ဆေဘုရင်ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ငါမမျှော်လင့် ထားခဲ့ဘူး…”

“ဟီးဟီးဟီးဟီး…” ရုပ်သေးသခင်က ကျောချမ်းဖွယ် ရယ်မောလိုက်သည်။

“မင်းသိလား…အမေက မင်းကို အရမ်းစိတ်ဆိုးနေတာ…”

“ဒါပေမယ့် ငါတို့ချစ်ရတဲ့ အမေက မင်းလူတွေနဲ့အတူ နေနေတယ်ဆိုတာကို ခုထိ လက်မခံနိုင်သေးဘူး…သူမက မင်းတစ်ရက်မှာ သူမရဲ့ လက်မောင်းတွေထဲကို ပြန်ဝင်လာလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ…”

ရုပ်သေးသခင်၏ အသံက တစ်နေရာမှ အခြားတစ်နေရာသို့ ကူးပြောင်းသွားခဲ့သည်။

“ဟီးဟီးဟီး…ဒါပေမဲ့ ငါတော့ အဲဒီ့လို မထင်ပါဘူး…မင်းရဲ့ အပြုအမူတွေက အမေ့ကို အရူးလုပ်နိုင်ပေမယ့် ငါ့အပေါ်မှာတော့ အလုပ်မဖြစ်ဘူးလေ…မင်းနဲ့ငါတို့က ရည်မှန်းချက်ချင်း မတူပါဘူး…ဟုတ်တယ်မဟုတ်လား…”

ကျီရွှမ်၏ အမူအရာက တည်ငြိမ်နေခဲ့သည်။ သူက တစ်ဖက်လူ၏ စကားလုံးများကို မည်သို့မှမနေချေ။

သူက မျက်ခုံးပင့်လိုက်သည်။ “ဒီတော့ မင်းကို အမေက လွှတ်လိုက်တာလား…”

“ဟီးဟီးဟီးဟီး…” ရုပ်သေးသခင်က ခပ်တိုးတိုးရယ်လိုက်သည်။ “ဟုတ်တယ်…ဒါပေမယ့် မဟုတ်ဘူး…”

သူ့အသံက အခန်း၏ အခြားတစ်ဖက်သို့ ရွေ့လျားသွားခဲ့သည်။

“ငါတို့က တူညီတဲ့အရာကိုပဲ လိုချင်ကြတာဆိုတော့ ပန်းတိုင်တူတယ်လို့ ပြောလို့ရတယ်…မင်းလည်း အတူတူပဲ ဖြစ်မှာပါ…မဟုတ်သေးဘူး…”

ကျီရွှမ်၏ မျက်ဝန်းများက မှောင်မိုက်သွားခဲ့သည်။



Xxxx