အပိုင်း ၆၅
Viewers 10k

Chapter 65


ကျီရွှမ်၏ မျက်ဝန်းများက မှောင်မိုက်သွားခဲ့သည်။

သူက တစ်ဖက်လူ မည်သည့်အရာကို ပြောနေမှန်း နားလည်လိုက်၏။  သို့သော် ထိုအရာက သူလက်မလျှော့လိုသည့် တစ်ခုတည်းသော အရာဖြစ်ပေသည်။

ရုပ်သေးသခင် စကားဆုံးသည်နှင့် လေကို ချွန်မြသော အရာဖြင့် ပိုင်းဖြတ်လိုက်သံက တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်လေသည်။

လျှပ်စီးသဖွယ် မြန်ဆန်ပြီး ဓားကဲ့သို့ ထက်မြသော မရေမတွက်နိုင်သည့် ရုပ်သေးချည်မျှင်များစွာက သူတို့ထံ ဦးတည်လာကြ၏။

ယဲ့ကျားက သတိကြီးသော အခြေအနေတွင် ရှိနေခဲ့၏။

သူ၏ လခြမ်းသဏ္ဍာန် တံစဉ်က ချက်ချင်းထွက်ပေါ်လာကာ လေထဲတွင် ခမ်းနားသော စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။ ကျယ်လောင်သော ပြတ်တောက်သံများနှင့်အတူ မရေမတွက်နိုင်သည့် ရုပ်သေးချည်မျှင်များက နှင်းကျလာသည့်သဖွယ် အပိုင်းပိုင်း ကျဆင်းလာကြ၏။

“ဟီးဟီးဟီးဟီး…”

ရုပ်သေးသခင်က ထိုအရာအား မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။ သူ၏ ထူးဆန်းသော ရယ်သံက နေရာအနှံ့အပြားအား ပဲ့တင်ထပ်သွားခဲ့လေသည်။

ရုပ်သေးချည်မျှင် အပိုင်းအစများက အသက်ရှိနေဟန်ဖြင့် ကြမ်းပေါ်တွင် ရွေ့လျားနေခဲ့သည်။ ထို့နောက် အနီးရှိ စင်များသို့ ရွေ့လျားသွားကာ အသက်မဲ့နေသည့် အရုပ်များအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြ၏။

မကြာခင်မှာပင် သွားလာလှုပ်ရှားသံများက အမှောင်ထုအတွင်း ထွက်ပေါ်လာခဲ့၏။

ထိုအသံများမှာ အရိုးပေါ်အရိုးထပ်၍ ပွတ်တိုက်နေသကဲ့သို့ရှိပြီး အသံအား ကြားရသူအဖို့ ကျောရိုးတစ်လျှောက် အေးစက်လာစေ၏။

အရုပ်အားလုံး စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။

သူတို့၏ ခန္ဓာကိုယ်များက ပိုမိုကြီးထွားလာကြပြီး ဖြူဖျော့သော မျက်နှာပေါ်တွင် ချောက်ချားဖွယ် အပြုံးကြီးများ ရှိနေလေသည်။

“ဒီလောက် အချိန်တွေကြာတာတောင်…” သရော်မှုများ ပြည့်နှက်နေသည့် အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။

“ဒီလို လှည့်ကွက်ဟောင်းတွေကိုပဲ အသုံးပြုနေတုန်းလား…”

ကြက်သွေးရောင်လှိုင်းများက မြေပေါ်တွင် ဖြန့်ကျက်လာခဲ့ကာ အရုပ်များထံသို့ ဦးတည်သွားကြ၏။

သွေးပင်လယ်ထဲတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေခဲ့သည်။ ကြက်သွေးရောင် လှိုင်းများဖြင့် ထိသည်နှင့် အရုပ်အားလုံး ကျေမွပျက်ဆီးသွားခဲ့ကြသည်။ သူတို့၏ အဆစ်များ ကျိုးပဲ့သံက မှောင်မိုက်နေသည့် နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့လေသည်။

သွေးနီရောင် လှိုင်းလုံးကြီးက စင်များပေါ်အထိ ဖြန့်ကျက်သွားခဲ့ပြီး နေရာတစ်ခုလုံးကို အနက်ရောင်နှင့် အနီရောင်များအဖြစ် ပြောင်းလဲသွားစေ၏။ ၎င်းရောက်ရှိသွားသော နေရာတိုင်းပင် ဝါးမြိုခံလိုက်ရသည်။

အခန်းအလယ်တွင် ရပ်နေသည့် ယဲ့ကျားသာလျှင် ထိုသွေးလှိုင်းများမှ လွတ်ကင်းနေခဲ့လေသည်။

“ရိုင်းစိုင်းလိုက်တာ…”

ရုပ်သေးသခင်၏ အသံမှာ အနည်းငယ် မကျေမချမ်းဖြစ်လာခဲ့သည်။

သူက စိတ်အခြေအနေ မကောင်းတော့ချေ။

“မင်းက ငါ့ရဲ့စုဆောင်းမှုတွေကို ဖျက်ဆီးလိုက်ရင် ပြီးပြီထင်တာလား…”

“ငါဒီကိုမလာခင် အမေက လက်ဆောင်တစ်ခုပေးလိုက်တယ်…ဒါလေးနဲ့ဆို မင်းဆီက ခြိမ်းခြောက်ခံရမှာ စိုးရိမ်စရာမလိုဘူးတဲ့…ဒါက မင်းဆီက ဆင်းသက်လာတာလို့ ပြောရမယ်ထင်တယ်…” ရုပ်သေးသခင်၏ အသံက စူးရှလာခဲ့သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း “ဟား…ဟား…ဟား...အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလေ…အရမ်းအံ့ဩစရာကောင်းတယ် မဟုတ်လား…”

နောက်တစ်စက္ကန့်တွင် ယဲ့ကျား၏ အမြင်က ဝေဝါးသွားခဲ့သည်။

ကျီရွှမ်နှင့် သွေးပင်လယ်ကြီး တစ်ခုလုံး ပျောက်ဆုံးသွားခဲ့၏။

အမှောင်ထုသာ ကျန်ရစ်တော့ပြီး အဆုံးမသတ်နိုင်တော့ဟု ထင်ရသည့် စင်ပေါ်ရှိ အရုပ်များက သူ့ကို ခြားနားသော အမူအရာများဖြင့် ကြည့်နေခဲ့သည်။

နေရာတစ်ခုလုံး တိတ်ကျသွားခဲ့၏။

ယဲ့ကျားက တံစဉ်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာ အကဲခတ်လိုက်၏။

စိတ်ထဲတွင်မူ လျှင်မြန်စွာ သုံးသပ်နေခဲ့သည်။

အမေ၏ လက်ဆောင်က မည်မျှစွမ်းအားကြီးနေပါစေ၊ ကျီရွှမ်ကဲ့သို့ တစ္ဆေဘုရင်အား ပျောက်ဆုံးသွားစေသည်အထိ အစွမ်းမထက်နိုင်ချေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူနှင့်တစ်ဖက်လူအား မတူညီသည့် နေရာများသို့ ရွှေ့ပြောင်းလိုက်ခြင်းသာ ဖြစ်နိုင်လေသည်။

ယဲ့ကျားက သူ့ရှေ့ရှိ စင်ကို ကြည့်ရှုလိုက်သည်။

သူအနည်းငယ် အံ့ဩသွားခဲ့ရ၏။

စင်ပေါ်ရှိ အရုပ်များက စောစောက အရုပ်များနှင့် မတူညီချေ။

စောစောက အရုပ်များတွင် ပီပြင်သည့် လက္ခဏာရပ်များရှိသော်လည်း သူတို့အားလုံးသည် ထူးဆန်းသည့်အပြုံးနှင့် လူရုပ်များသာ ဖြစ်သည်။ သို့သော် ယခုမူ လူရုပ်များအပြင် ကိုးရို့ကားယားနိုင်လှသည့် တစ္ဆေအရုပ်များနှင့် မကောင်းဆိုးဝါးအရုပ်များပါ တွေ့နေရလေသည်။ သူတို့၏ အမူအရာများသည်လည်း ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းနှင့် စိတ်အားငယ်ခြင်းတို့ကို သရုပ်ဖော်လျှက် ရှိကြသည်။

--၎င်းက ရုပ်သေးသခင်၏ အစစ်အမှန် စုဆောင်းမှု ဖြစ်ပုံရလေသည်။

“ကြည့်စမ်း…” ကြီးမားသော လက်ကြီးနှစ်ဖက်က အမှောင်ထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုလက်ကြီးနှစ်ဖက်တွင် အသားရော အရေပြားပါ မရှိနေခဲ့ချေ။ အရိုးများနှင့် အပ်များနှင့်တူသည့် လက်ချောင်းများသာ ရှိနေခဲ့လေသည်။ လက်တစ်ဖက်၏ လက်ဖဝါးပေါ်၌ လက်ဖဝါး တစ်ဝက်မျှရှိသော အရုပ်တစ်ရုပ် ထိုင်လျှက်ရှိနေလေသည်။

ထိုအရုပ်တွင် အရောင်ဖျော့ဖျော့ဆံနွယ်များ၊ ပယင်းရောင် မျက်ဝန်းများ ရှိ၏။ ၎င်းက တံစဉ်ကို ကိုင်လျှက်ရှိကာ ယဲ့ကျားကို သနားစဖွယ် ငေးကြည့်နေခဲ့လေသည်။

“အပြီးသတ်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်…”

ရုပ်သေးသခင်၏ အသံက စိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်နေခဲ့၏။

“မင်းက ငါ့ရဲ့တန်ဖိုးဖြတ်မရတဲ့ စုစည်းမှုထဲက တစ်ခုဖြစ်လာလိမ့်မယ်…”

ယဲ့ကျား နှာခေါင်းရှုံ့လိုက်သည်။ “ငရဲကိုဒိုးလိုက်…”

“ဟီးဟီးဟီး…” ရုပ်သေးသခင်က အရုပ်ကို ဖြည်းညှင်းစွာ ပြန်သိမ်းသွားခဲ့သည်။ သူ၏ အသံက တိုးညှင်းပြီးသွေးဆာနေခဲ့၏။

“နောက်ဆုံးတစ်ခေါက်က ငါမင်းကို လွှတ်ပေးလိုက်ရတယ်…အခုတော့ အဲဒီ့လို ဖြစ်မှာမဟုတ်တော့ဘူး…”

သူက ထိုသို့ပြောပြီးသည်နှင့် ပါးလွှာသော ရုပ်သေးချည်မျှင်က သူ့အပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး စင်ပေါ်မှလည်း မရေမတွက်နိုင်သည့် ချည်မျှင်များက တီးတိုးစကားဆိုကာ ထွက်ပေါ်လာကြလေသည်။

ယဲ့ကျား ခေါင်းမော့ကြည့်လိုက်မိသည်။

အရုပ်သေတ္တာအား ဖုံးထားသည့် အဖုံးက ဖယ်ရှားခံလိုက်ရကာ အရိုးစုလက်ကြီးက အပေါ်ဘက်ရှိ အမှောင်ထုတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။ မရေမတွက်နိုင်သည့် ရုပ်သေးချည်မျှင်များသည် စင်ပေါ်ရှိ အရုပ်များပေါ်သို့ ကျဆင်းလာကြ၏။

သွားလာလှုပ်ရှားသံများက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော အငြိုးကြီးတစ္ဆေများက စတင်ရွေ့လျားလာကြ၏။

သူတို့က ပါးစပ်ကြီးများကိုဖြဲ၍  ယဲ့ကျားနှင့် မျက်နှာချင်းဆိုင်လိုက်ကြသည်။ “ကြိုဆိုပါတယ်…”

......

အခြားတစ်ဖက်တွင်

ကျီရွှမ်က အေးစက်စက်အမူအရာဖြင့် ဆက်လက် လှမ်းနေခဲ့သည်။ သူ့ပတ်လည်ရှိ သွေးပင်လယ်က သူ၏ ခြေလှမ်းများအတိုင်း လိုက်ပါလျှက် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမြိုနေလေသည်။

“သူဘယ်မှာလဲ…”

အမျိုးသား၏ ကြက်သွေးရောင်မျက်ဝန်းများတွင် သတ်ဖြတ်လိုရိပ်က ထင်ဟပ်လျှက်ရှိလေသည်။ အမှောင်စွမ်းအင်က မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးနေရာမှ စတင်ပျံ့နှံ့လာကာ စကားတစ်လုံးချင်းအား ဖိ၍ပြောလိုက်သည်။ “သူ ဘယ်မှာလဲ…”

ပတ်ဝန်းကျင်ရှိ အရုပ်များက ကြိုးစားတောင့်ခံပါသော်လည်း သွေးပင်လယ်၏ ဝါးမြိုခြင်းခံလိုက်ရလေသည်။

“ဟီးဟီးဟီး…” ရုပ်သေးသခင်က ရယ်မောလိုက်သည်။ “သူက ငါ့အပိုင် ဖြစ်သွားပြီ…”

ကျီရွှမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။

သူ၏ အမူအရာက တစ်ခါမှ ဤကဲ့သို့ ကြောက်မက်ဖွယ် မကောင်းခဲ့ချေ။ ခြောက်ခြားဖွယ် တစ္ဆေစွမ်းအင်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဓားသဖွယ် ပိုင်းဖြတ်လာခဲ့၏။

အမှောင်ထုပင် ထိုစွမ်းအားကြောင့် စုတ်ဖြဲခံလိုက်ရလေသည်။

ယောက်ျားပျိုတစ်ဦး၏ ပုံရိပ်က ပေါ်ပေါက်လာခဲ့၏။

အရောင်ဖျော့ဖျော့ ဆံနွယ်များနှင့် ပယင်းရောင်မျက်ဝန်းများ၊ သူက ကျီရွှမ်အား စိတ်မကောင်းဟန်ဖြင့် ကြည့်လာခဲ့သည်။

“အားရွှမ်…”

သူက ခေါ်လိုက်၏။

...........

ယဲ့ကျားက ရုပ်သေးသခင်အား နှစ်ကြိမ် တွေ့ဖူးခဲ့သည်။

ပထမတစ်ကြိမ် ဆုံတွေ့ကြစဉ်က သူ့တွင် Ace ဟူသော အမည်ပင် မပိုင်ဆိုင်သေးချေ။ သူနှင့် အဖွဲ့သားများက ရုပ်သေးသခင်၏ ပိုင်နက်အတွင်း ဝင်ရောက်ခဲ့ကြရာ အဖွဲ့ဝင် ၁၅ ဦးအနက် ၆ ဦးသေဆုံးခဲ့ပြီး ၈ဦးသည် ရုပ်သေးများ ဖြစ်သွားခဲ့ကြသည်။ ယဲ့ကျားတစ်ဦးထဲသာ လွတ်မြောက်ခဲ့၏။

ဒုတိယအကြိမ် သူတို့တွေ့သည့်အခါ သူက အမှတ်စဉ်ဇယားတွင် အဆင့် ၂၃ ဖြစ်နေပြီ ဖြစ်ပြီး Dual Boss Instance ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အခြား Boss ၏ သေမင်းထောင်ချောက်မှ လွတ်မြောက်ရန်အတွက် ယဲ့ကျားသည် ရုပ်သေးသခင်၏ ထူးဆန်းသော ဝါသနာဖြစ်သည့် ရုပ်သေးစုဆောင်းခြင်းအား အသုံးပြုခဲ့သည်။ နောက်ဆုံးတစ်ခေါက်က သူ့လက်ထဲမှ လွတ်သွားခဲ့သည့် ရုပ်သေးအား ပြန်လည်ရယူလိုစိတ်ဖြင့် ရုပ်သေးသခင်က ယဲ့ကျားကို မျှားခေါ်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် ယဲ့ကျားက ရုပ်သေးသခင်၏ စုဆောင်းခန်းအား ပြောင်းပြန်လှန်ကာ သူနှစ်သက်သည့် ရုပ်သေးအချို့အား ဖျက်ဆီးခဲ့ပြီး လွတ်မြောက်ခဲ့ပြန်၏။

ဤသို့ဖြင့် သူတို့နှစ်ဦးကြားတွင် ရန်ငြိုးတစ်ခု အစပျိုးခဲ့လေသည်။

ထိုစဉ်ကတည်းက ယဲ့ကျားသည် သူ့နာမည်အား မုန်းတီးခြင်း အမှတ်စဉ်ဇယားပေါ်တွင် ရုပ်သေးသခင်၏ ဆုကြေးများနှင့်အတူ တွဲလျှက်တွေ့ရလေ့ရှိသည်။

သူ့ရှေ့ရှိ ကြောက်စရာရုပ်သေးများကို ကြည့်ရင်း ယဲ့ကျား မျက်ခုံးပင့်လိုက်မိသည်။

“ကြည့်ရတာ အရင်ကနဲ့ယှဉ်ရင် ခင်ဗျားအတော်လေး စုဆောင်းမိထားတာပဲ…”

“ဟီးဟီးဟီး…မင်းသဘောကျလား…” ရုပ်သေးသခင်၏ အသံက စွဲလမ်းမှုများဖြင့် ပြည့်နှက်လျှက်ရှိသည်။

“မင်းလည်း သူတို့ထဲက တစ်ယောက်ဖြစ်လာမှာပါ…”

ယဲ့ကျားက ခပ်တိုးတိုးရယ်လိုက်ရင်း သူ့ခေါင်းပေါ်ရှိ အနက်ရောင် ကောင်းကင်ပေါ်တွင် လွင့်မျောနေသော လက်ကြီးကို ကြည့်လိုက်သည်။

“ဘာလဲကွာ…ခုထိ သင်ခန်းစာ မရသေးဘူးလား…”

သူ့အသံက သက်တောင့်သက်သာ ဖြစ်နေသော်ငြား သူ့မျက်ဝန်းများကမူ သတိအပြည့်ဖြင့် ထက်ရှလျှက်ရှိလေသည်။

--ဂိမ်းထဲတွင်ပင် ရုပ်သေးသခင်သည် ရင်ဆိုင်ရလွယ်ကူသည့် ဇာတ်ကောင်မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူက ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သေးသည်။

ယဲ့ကျား၏ စကားဆုံးသည်နှင့် မမြင်နိုင်သော ချည်မျှင်များဖြင့် ထိန်းချုပ်ထားသည့် ရုပ်သေးများသည် အမှောင်ထုအလယ်တွင် မတ်တပ်ရပ်နေသည့် အမျိုးသားငယ်ထံ ဦးတည်လာကြလေသည်။

အလင်းတစ်ချက် လက်ကနဲ့ဖြစ်သွားကာ တံစဉ် က ရုပ်သေးချည်မျှင်များအား လျှင်မြန်စွာဖြင့် တိတ်တဆိတ် ပိုင်းဖြတ်လိုက်၏။ 

ချည်မျှင် ပြတ်တောက်သံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ချည်မျှင်များအား ဆုံးရှုံးလိုက်ရသည့် ရုပ်သေးအားလုံးသည် အရိုးမဲ့သတ္တဝါများသဖွယ် မြေပေါ်သို့ ယိုင်နဲ့စွာ လဲကျသွားကြ၏။

ခဏအကြာတွင် ယဲ့ကျား လက်မခံနိုင်သည့် အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နေပါဦး…ဒါက…

မဖြစ်နိုင်တာ…

မြေပေါ်ရှိ ချည်မျှင်အပြတ်များက တွန့်လိမ်လျှက် ရုပ်သေးများ၏ ခန္ဓာကိုယ်တွင်းသို့ ပြန်လည် ဝင်ရောက်သွားကြလေသည်။

အရေပြားနှင့်အသားများကို ထိုးဖောက်သွားသံက ပဲ့တင်ထပ်လျှက်ရှိသည်။ မသိပါက တစ်စုံတစ်ခုအား အပ်နှင့်ချုပ်နေသကဲ့သို့ပင်။

အဆိုပါ မရေမတွက်နိုင်သည့် လိမ်ကောက်နေသည့် ခြေလက်များသည် မမြင်နိုင်သည့် အားတစ်ခုက ဆွဲယူနေသည့်အတိုင်းပင် တစ်နေရာထဲသို့ ဦးတည်လာကြသည်။ မကြာခင်မှာပင် ဖြူဖတ်ဖြူလျော်နှင့် ကိုးရို့ကားယားနိုင်လှသည့် ခန္ဓာကိုယ်များက အတူတကွ စုစည်းသွားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်ပေါ်လာခဲ့လေသည်။

ယဲ့ကျားက ထိုမကောင်းဆိုးဝါးအား ကြည့်ရန် ခေါင်းကိုမော့လိုက်ရ၏။

“ဟီးဟီးဟီး…” ရုပ်သေးသခင်၏ အသံက မလှမ်းမကမ်းမှ ထွက်ပေါ်လာခဲ့သည်။ သူ့အသံထဲတွင် ဂုဏ်ယူနေမှုများ စွက်လျှက်ရှိ၏။

“ဒါက ငါ့ရဲ့နောက်ဆုံးပေါ် လက်ရာပဲ…အံ့ဩစရာမကောင်းဘူးလား…”

ယဲ့ကျား : “…”

သူက ဧရာမမကောင်းဆိုးဝါးကြီးထံမှ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ရသည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ မေးလိုက်၏။

“ဒါက ရုပ်သေးတွေကို ပေါင်းလိုက်ရုံပဲမဟုတ်လား…”

ရုပ်သေးသခင် : “…”

သူ၏ အသံက ရုတ်တရက်ဆိုသလို အလွန်ဒေါသကြီးသွားဟန်ဖြင့် စူးရှလာခဲ့သည်။ “မင်းဒါကို မြင်ပြီးသွားရင် အရင်လိုမောက်မာနိုင်ဦးမလား ကြည့်ကြသေးတာပေါ့…”

ယဲ့ကျားအပေါ်ရှိ ပိန်ပါးသော လက်ချောင်းများက စတင်ရွေ့လျားလာကြသည်။

ရုတ်တရက်ဆိုသလို ဧရာမ မကောင်းဆိုးဝါးကြီးကလည်း လှုပ်ရှားလာခဲ့၏။ ထိုအရာကြီး ခြေလှမ်းလှမ်းလိုက်တိုင်း မြေပြင်သည် သိမ့်သိမ့်တုန်သွားခဲ့ကာ ပတ်ဝန်းကျင်ရှိစင်များအား တစ်ခုပြီးတစ်ခု ပြိုကျလာစေခဲ့သည်။

ယဲ့ကျားက တံစဉ် အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ သူနှင့်နီးကပ်လာသည့် ဧရာမ မကောင်းဆိုးဝါးကြီးအား သတိကြီးကြီးဖြင့် စိုက်ကြည့်နေခဲ့သည်။

သူက ရုပ်သေးသခင်အား လှောင်ပြောင်ခဲ့သော်လည်း သူရင်ဆိုင်နေရသည့် မကောင်းဆိုးဝါးကြီးသည် စောစောက ရုပ်သေးများထက် အစွမ်းပိုကြီးသည်မှာ သံသယဝင်ရန်ပင် မလိုအပ်ချေ။ ပို၍ဆိုးသည်မှာ ဤမကောင်းဆိုးဝါးကြီး၏ ရုပ်သေးချည်မျှင်များကို ယဲ့ကျား မမြင်ရချေ။ ချည်မျှင်အားလုံးကို သူ၏ကိုယ်တွင်း၌သာ နက်ရှိုင်းစွာ မြှုပ်နှံထားခြင်း ဖြစ်ပုံရ၏။ ၎င်းက ယဲ့ကျားအား ၎င်း၏အားနည်းချက်ကို ရှာရခက်ခဲစေသည်။

ယဲ့ကျားက အနည်းငယ် ကြိုးစားတိုက်ခိုက်ကြည့်လိုက်၏။

သို့သော် မကြာခင်မှာပင် သူဖြတ်တောက်ခဲ့သည့် ခြေလက်များက မကောင်းဆိုးဝါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ပြန်ဆက်လျှက်ရှိသည်ကို တွေ့လိုက်ရသည်။ သူက အဆိုပါရုပ်သေးအား မည်သို့မှ ထိခိုက်အောင်မလုပ်နိုင်ပဲ ရှိနေလေ၏။

--ဒီလိုဆိုမှတော့ ဓားပြကိုဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရမှာပေါ့…

ယဲ့ကျားက အမြန်တွေးလိုက်သည်။ ထို့နောက် သူ့ဘေးရှိ စင်ပေါ်သို့ ရုတ်ချည်း ခုန်တက်လိုက်၏။ သူ၏ ပုံရိပ်က လျှင်မြန်ပြီး ပေါ့ပါးလှသည်။ သူက မကောင်းဆိုးဝါးကြီး၏ ဖြူဖျော့ပြီးကြီးမားသော လက်ကြီးကို ရှောင်ရှားကာ လေပေါ်ခုန်တက်လိုက်သည်။

သူ့လက်တွင်းရှိ  တံစဉ် က လှပသော စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့၏။ သို့သော် သူ့ခေါင်းပေါ်ရှိ အမှောင်ထုတွင်းသို့သာ နစ်မြုပ်သွားခဲ့လေသည်။

သူက တစ်စုံတစ်ခုနှင့် ထိတွေ့သွားသည်ကို မခံစားလိုက်ရချေ။

ရုပ်သေးသခင်၏ လက်က သူ့ရှေ့တွင်ရှိနေခဲ့သည်။

ယဲ့ကျား ထိတ်လန့်သွားခဲ့၏။

--ဘာဖြစ်နေတာလဲ…

…......

ကျီရွှမ်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူ့ရှေ့တွင် လူရွယ်တစ်ဦးက အလင်းအမှောင်အား ပိုင်းဖြတ်လျှက် မတ်တပ်ရပ်နေခဲ့သည်။ လူရွယ်တွင် ပိန်ပါးရှည်သွယ်သော ကိုယ်ဟန်ရှိပြီး ပယင်းရောင်မျက်ဝန်းများက မလှမ်းမကမ်းရှိ ကြက်သွေးရောင် မျက်ဝန်းများတွင် အလင်းပြန်လျှက် ရှိလေသည်။

သူက ကျီရွှမ်ထံသို လက်လှမ်းလာခဲ့သည်။ သူ၏ လက်ချောင်းများက ရှည်သွယ်ကာ ဖြူဖျော့နေပြီး သူ၏နောက်ကွယ်မှ အလင်းရောင်အောက်တွင် နှင်းခဲများသဖွယ် အရည်ပျော်ကျသွားတော့မည်ဟု ထင်ရ၏။

“အားရွှမ်…”

လူရွယ်၏ အသံက တည်ငြိမ်ကာ ဝမ်းနည်းနေပုံရသည်။ ၎င်းက အားငယ်ဝမ်းနည်းမှုအား သယ်ဆောင်လာခဲ့၏။

ကျီရွှမ်က မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်လေသည်။ အဆိုပါ ကြက်သွေးရောင်မျက်ဝန်းများက ဖတ်ရခက်သည့် ခံစားချက်များဖြင့် ပြည့်နှက်လျှက်ရှိ၏။

ထိုအချိန်မှာပင် သံမဏိသဖွယ်မာကျောသည့် ရုပ်သေးချည်မျှင်များက လူရွယ်၏ နောက်ကျောမှ ထွက်ပေါ်လာခဲ့သည်။ အဆိုပါရှုထောင့်သည် ရှောင်ရှားရန် လုံးဝမဖြစ်နိုင်ချေ။

သွေးပင်လယ်က ရုတ်တရက်မြင့်တက်လာကာ ရုပ်သေးချည်မျှင်များအား ဝါးမြိုလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကြီးမားသော တံစဉ် က လူရွယ်၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့ကာ အေးစက်ပြီး အန္တရာယ်ရှိသည့် အရိပ်က သူ၏ ပယင်းရောင်မျက်ဝန်းများ၌ ထင်ဟပ်လာခဲ့လေသည်။ လူရွယ်က တံစဉ် အား ပြင်းထန်စွာ လွှဲခုတ်လိုက်၏။

ကျီရွှမ်က လျှင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ထူးဆန်းသော အလင်းက သူ့မျက်ဝန်းများတွင် ဖြတ်ပြေးသွားခဲ့၏။

သူက ထိုလူရွယ်သည် ယဲ့ကျားမဟုတ်ကြောင်း ရိပ်စားမိခဲ့သည်။

ယဲ့ကျား၏ လက်ရှိသူ့အပေါ် အမြင်အရဆိုပါက ယခုကဲ့သို့ တံစဉ် နှင့်လွှဲခုတ်မည် မဟုတ်ချေ။ အားရွှမ်ဟု ခေါ်ရန်မှာ ပို၍ပင် မဖြစ်နိုင်သေးသည်။

သို့သော်…

ကျီရွှမ်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ရှောင်ရှားလိုက်ချိန်တွင် တစ်ဖက်လူ၏ ရနံ့အား ရရှိလိုက်လေသည်။

ထိုရနံ့မှာ အေးစက်ပြီး သွေးနံ့အချို့ ပါဝင်နေခဲ့၏။

ရနံ့မှာ အတော်လေးမှိန်ဖျော့သော်လည်း ယဲ့ကျား၏ ရနံ့အား သူသေချာသိလေသည်။

သူက မျက်ဝန်းများမှေးကျဉ်းကာ သူ့အားတိုက်ခိုက်နေသည့် ယဲ့ကျားကို အကဲခတ်လိုက်သည်။

လူရွယ်၏ မျက်ဝန်းများက အေးစက်ပြီးခက်ထန်လျှက်ရှိကာ သူ၏ လှုပ်ရှားပုံများသည်လည်း ထောင်နှင့်ချီသော တိုက်ပွဲများကို ရင်ဆိုင်ဖူးသူကဲ့သို့ ကျွမ်းကျင်မှုများဖြင့် သွက်လက်လျှက်ရှိ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထက်မြသည့် ဓားသဖွယ် အေးစက်သော အလင်းများ ထုတ်လွှတ်လျှက် ရှိလေသည်။

သို့သော် မမျှော်လင့်ထားစွာပင် လူရွယ်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ရင်း လေထဲသို့ခုန်တက်ကာ သူ့ခေါင်းပေါ်အား ခုတ်ပိုင်းလိုက်သည်။ ထို့နောက် မြေပေါ်သို့ ပြန်လည်ကျဆင်းလာခဲ့၏။

ကျီရွှမ် ကြောင်အသွားခဲ့သည်။



Xxxxxx