အပိုင်း ၆၆
Viewers 10k

Chapter 66


ဘာဖြစ်နေတာလဲ…

......

အခြားတစ်ဖက်တွင်…

ယဲ့ကျားက မျက်ခုံးများ တွန့်ကွေးလိုက်သည်။

ဧရာမ မကောင်းဆိုးဝါးကြီး၏ တိုက်ခိုက်မှုများက ပို၍ပင် ပြင်းထန်လာခဲ့၏။ သို့သော် သူက ၎င်းအား ထိခိုက်အောင် မည်သို့မျှ မလုပ်နိုင်ပဲဖြစ်နေလေသည်။ မကောင်းဆိုးဝါးကြီးက ရွှံ့ဗွက်အိုင်ကြီးတစ်ခုကဲ့သို့ သူ၏ တိုက်ခိုက်မှုအားလုံးကို ဝါးမြိုပစ်လျှက်ရှိလေသည်။

ထို့အပြင် ပို၍ထူးဆန်းသည်မှာ

ယဲ့ကျားက မကောင်းဆိုးဝါးရုပ်သေး၏ တိုက်ခိုက်မှုကို ရှောင်ရှားရင်း အပေါ်သို့ မော့ကြည့်လိုက်သည်။

ရုပ်သေးသခင်က ဂိမ်းထဲမှ ဇာတ်ကောင်ဖြစ်ရာ သူ့လက်နှက်နှင့် ဖြတ်၍ရရမည် ဖြစ်သည်။ သို့သော် ရုပ်သေးသခင်၏ လက်အား ဖြတ်ရန်ကြိုးစားခဲ့စဉ်က ယဲ့ကျား သူ၏လက်နက်မှတဆင့် မည်သည်ကိုမှ မခံစားခဲ့ရချေ။ ထိုအချက်သည် အကြောင်းရင်းနှစ်ခုအား ထောက်ပြနေလေသည်။ ရုပ်သေးသခင်က ထိုနေရာတွင် အမှန်တကယ် ရှိမနေခဲ့ခြင်း၊ သို့မဟုတ် သူရောက်နေသည့် နေရာမှာ လက်ရှိနေရာမဟုတ်ခြင်းပင် ဖြစ်လေသည်။

ယဲ့ကျားက တိုက်ခိုက်မှုများကို ရှောင်ရှားရင်း သူ၏ ဦးနှောက်ကို လျှင်မြန်စွာ အလုပ်ပေးနေခဲ့၏။

သူက ဆိုင်ထဲသို့ ဝင်လာချိန်မှစ၍ အသေးစိတ်ပြန်တွေးကြည့်လိုက်သည်။ သူနှင့် ကျီရွှမ်အား လူချင်းခွဲလိုက်သည်မှလွဲ၍ အရာအားလုံးက မျှော်လင့်ထားခဲ့သည့် အတိုင်းသာ ဖြစ်လေသည်။

ဘာလို့ သူတို့ကို လူချင်းခွဲလိုက်တာလဲ…

သမာရိုးကျ ဆိုရမည်ဆိုပါက သူတို့နှစ်ဦးအား တစ်ဦးချင်းစီ ရင်ဆိုင်လိုခြင်း ဖြစ်ပေလိမ့်မည်။

ယဲ့ကျားက တစ်စုံတစ်ရာအား သဘောပေါက်သွားခဲ့၏။ သူက ကောင်းကင်ပေါ်သို့ ကြည့်လိုက်လေသည်။

လက်နှစ်ဖက်က သူ့အပေါ်တွင် လွင့်မျောနေဆဲဖြစ်၏။ ပိန်ပါးသော လက်ချောင်းများက ကခုန်နေသည့်နှယ် လွင့်မျောလျှက်ရှိလေသည်။

အကယ်၍ သူတို့နှစ်ဦးအား တစ်ဦးချင်းစီ သီးသန့်ခွဲထားပါက ရုပ်သေးသခင်သည် သူ့ဘက်တွင် ရှိမနေသင့်ချေ။ ကျီရွှမ်သည် တစ္ဆေဘုရင်ဖြစ်၏။ ရုပ်သေးသခင်က သူ့အား ကျီရွှမ်ထက်ပို၍ ဂရုစိုက်လိမ့်မည်ဟု ယဲ့ကျား မထင်ချေ။

ဖြစ်နိုင်တာက…သူတို့နှစ်ယောက်ကို တကယ်သီးသန့်ခွဲမထားခဲ့တာများလား…



ကျီရွှမ် ရှောင်တိမ်းလိုက်သည်။

ပတ်ဝန်းကျင်ရှိ သွေးလှိုင်းများသည် သူတို့တစ်ဦးချင်းစီ၏ ခေါင်းပေါ်တွင် ရှိနေကြကာ တစ်လှိုင်းပြီးတစ်လှိုင်း ဖြတ်သန်းလာပြီး လူရွယ်၏ တိုက်ခိုက်မှုများကို ရှောင်ရှားလျှက် ရှိလေသည်။

သူက သတိကြီးစွာ ရှောင်ရှားလျှက် လူရွယ်နှင့် ခပ်ခွာခွာနေရင်း တစ်ဖက်လူအား ဆန်းစစ်လိုက်၏။

ရုပ်သေးလား…

မဖြစ်နိုင်ဘူး…

အကယ်၍ ရုပ်သေးသခင်က ရုပ်သေးပြုလုပ်လိုလျှင် တစ်ဖက်လူ၏ ဝိဉာဉ်အား အရုပ်အတွင်းသို့ ထည့်သွင်းရမှာဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်က ရှုပ်ထွေးလှပြီး ဝိဉာဉ်နှုတ်ခံရသူ စိတ်ပိုင်းဆိုင်ရာ အားအနည်းဆုံး အခြေအနေတွင်သာ အောင်မြင်လေ့ရှိသည်။ ထို့ကြောင့် ပြုလုပ်ခံရသူ၏ စိတ်ဝိဉာဉ်က ပိုမိုသန်မာလေလေ ပို၍ အချိန်ကြာလေလေ ဖြစ်လေသည်။

ရုပ်သေးသခင်က ယဲ့ကျား၏ ဝိဉာဉ်အား နှုတ်ယူကာ ဤမျှတိုတောင်းသည့် ကာလအတွင်း ထိုလုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်နိုင်လိမ့်မည်ဟု ကျီရွှမ် မထင်ချေ။

သို့သော် သူက ယဲ့ကျား၏ ရနံ့အား တစ်ဖက်လူထံမှ ရရှိနေလေသည်။ ရနံ့မှာ မှိန်ဖျော့သော်လည်း တုပနိုင်သည့်အရာ မဟုတ်ချေ။

ကြည့်ရသည်မှာ ထိုအရာအား ဖြစ်ပေါ်စေသည့် အကြောင်းရင်းသည် အမေ၏ လက်ဆောင် ဖြစ်ပုံရသည်။

ကျီရွှမ် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်၏။

သွေးလှိုင်းများက သူ၏ ဆန္ဒအတိုင်း လိုက်ပါရွေ့လျားလာကာ ထက်မြသော ဓားသဖွယ် သိပ်သည်းသွားခဲ့သည်။ ၎င်းက လေကိုထိုးခွင်းကာ လူရွယ်ထံသို့ ဦးတည်သွားခဲ့သည်။

၎င်းက လူရွယ်၏ နှလုံးသားထံသို့ ဦးတည်လျှက်ရှိလေသည်။



ယဲ့ကျားက ဧရာမ မကောင်းဆိုးဝါးကြီး၏ ပြောင်းလဲလိုက်သော တိုက်ခိုက်ပုံကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်း၏ ဖြူဖတ်ဖြူလျော်ဖြစ်နေသော ခြေလက်များသည် ဓားသဖွယ် ပြောင်းလဲသွားခဲ့ကာ သူ့နှလုံးသားထံသို့ ချိန်ရွယ်လာခဲ့၏။ တိုက်ခိုက်မှု အားလုံးက သေကွင်းသေကွက်များ ဖြစ်သည့်အလျှောက် ယဲ့ကျားတစ်ယောက် တွေးချိန်ပင်မရပဲ အဆက်မပြတ် ရှောင်တိမ်းနေရင်း တန်ပြန်ထိုးစစ်ဆင်လိုက်၏။ သို့ရာတွင် သူက မကောင်းဆိုးဝါးအား မည်သို့မှ မထိခိုက်စေပဲ ရှိနေလေသည်။

သူ့အပေါ်ဘက် အမှောင်ထဲတွင် ရုပ်သေးသခင်က ပုန်းခိုရင်း သဘောကျနေလေသည်။

သူက ဤမျှလောက် တစ်ခါမှ မပျော်ရွှင်ခဲ့ဖူးချေ။

သူ့လက်ထဲမှ အကြိမ်များစွာ လွတ်မြောက်နိုင်ခဲ့သော အေ့စ်သာမက တစ္ဆေဘုရင်ကိုပါ သူ့လက်ခုပ်ထဲထည့်၍ လှည့်စားနိုင်ခဲ့ပြီ ဖြစ်သည်။ မည်မျှ အံ့ဩစရာကောင်းလိုက်သနည်း။ မည်မျှ လန်းဆန်းစေသည့် ကိစ္စဖြစ်သနည်း။

အမေက သူတို့နှစ်ဦးအား ကောင်းစွာသိရှိလေသည်။ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး မညှာမတာ သတ်ဖြတ်နေကြပြီ ဖြစ်၏။

လှည့်စားမှု သေးသေးလေးဖြင့် သူတို့နှစ်ဦးလုံးသည် သူ၏ ရုပ်သေးရုပ်များ ဖြစ်လာကြတော့မှာပင်။

ဟီးဟီးဟီး…

ကျီရွှမ်က မျက်ဝန်းများကို မှေးကျဉ်းလိုက်လေသည်။

သူက တစ်ဖက်လူ သူ၏တိုက်ခိုက်မှုအား ကာကွယ်သည့် ဟန်ပန်ကိုကြည့်ရင်း ကိစ္စတစ်ခုကို အတည်ပြုလိုက်လေသည်။

တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်စွမ်းရှိ၏။

ထိုသို့ဆိုပါက သူခန့်မှန်းထားသည့် အတိုင်းဆိုလျှင် ယဲ့ကျား တိုက်ခိုက်နေရသည့် ရန်သူသည်လည်း အလားတူတိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့ပုံပေါ်လေသည်။

လူရွယ် ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ရုပ်သေးသခင်သည် သူ၏လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း သိနိုင်၏။

ထို့ကြောင့် သူသည် ယဲ့ကျား၏ ရန်သူကိုသာ ထိန်းချုပ်နေခြင်း ဖြစ်ပေမည်။

ယဲ့ကျား၏ တိုက်ခိုက်မှုများ သက်ရောက်နိုင်စေရန်အတွက် ရုပ်သေးသခင်က ရန်သူ၏ အနေအထားကို ကျီရွှမ်၏ ယဲ့ကျားအား တိုက်ခိုက်သော အနေအထားနှင့် လိုက်ပါ ချိန်ဆထားရပေမည်။ တစ်နည်းအားဖြင့် ဆိုရသော် ရန်သူက ကျီရွှမ်၏ အနေအထားကို မလွဲစေအောင် ကြီးမားရမည်ဖြစ်၏။

အရမ်းကို ပါးနပ်တာပဲ…

ဒါကို ဘယ်လိုရှင်းရမလဲ…

ကျီရွှမ် တိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ၊ တစ်ဖက်ရှိ ရန်သူက တိုက်ခိုက်ခြင်းကို ရပ်တန့်မည် မဟုတ်ချေ။

ကျီရွှမ်က နှုတ်ခမ်းထောင့်များ တွန့်ကွေးကာ ပြုံးလိုက်လေသည်။ အမှောင်ထုကို ကြည့်ရင်း အပြုံးမမည်သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာခဲ့သည်။

ယဲ့ကျားသည်လည်း သူ့ကိုယ်သူ ကာကွယ်ရန်လိုအပ်ရာ ရပ်တန့်၍မရနိုင်ချေ။

နောက်တစ်စက္ကန့်တွင် ကြီးမားသော သွေးလှိုင်းကြီးက လူရွယ်ထံ ဦးတည်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ သွေးလှိုင်းများကလည်း ဓားများအသွင်သို့ ပြောင်းလဲသွားကြ၏။ လူရွယ်၏ ပတ်ဝန်းကျင်တွင် ဝန်းရံနေခဲ့ပြီး လူရွယ်အား ဝါးမြိုပစ်တော့မည့်ဟန် ရှိနေကြလေသည်။

ရုပ်သေးသခင်က စိတ်လှုပ်ရှားလာခဲ့၏။

တစ္ဆေဘုရင်က အတည်ကြီး တိုက်ခိုက်တော့မှာလား…

သူက တစ်ဖက်လူကို မစစ်ဆေးတော့ပဲ ဒီတိုက်ပွဲကို အဆုံးသတ်ချင်နေပြီပေါ့လေ…

သူက သူ့ရှေ့ရှိ တစ်ခုနှင့်တစ်ခု ထပ်လျှက်တည်ရှိနေသော နေရာများကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်လျှက်ရှိ၏။

သူတို့နှစ်ဦးအား တစ်ချိန်တည်း တိုက်ခိုက်နေစေရန်အတွက် သူက ယဲ့ကျားကို ပုံတူပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ကျီရွှမ်၏ ရပ်တည်မှုကမူ ကွဲပြားလှ၏။

ကျီရွှမ်နှင့် ပြုလုပ်ထားသည့် တစ်ခုတည်းသော ဆက်သွယ်ချက်မှာ သူ၏ တည်နေရာသာဖြစ်၏။ မကောင်းဆိုးဝါး၏ တိုက်ခိုက်မှုများ ကမူ ရုပ်သေးသခင်၏ ထိန်းချုပ်မှုသာ ဖြစ်ချေသည်။

၎င်းက သူတို့အား တစ်ချိန်ထဲတွင် ရပ်တန့်စေကာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိစေသည်။

သို့သော် သူတို့နှစ်ဦးက အလွန်စွမ်းအားကြီးသည့်အလျှောက် ရုပ်သေးသခင်သည် သူတို့အား တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်စွမ်းမရှိချေ။ ယခုကဲ့သို့ တိုက်ခိုက်မှုများကိုလည်း ခဏသာ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ သူတို့ တိုက်ပွဲအတွင်း နစ်မြုပ်သွားသည်နှင့် သူက ထိန်းချုပ်မှုကို လျှော့ချကာ ရုပ်သေးများကို သူ့အလိုလို လှုပ်ရှားခွင့် ပေးလိုက်မည်ဖြစ်၏။

ယခုမူ ကျီရွှမ်က ရှောင်တိမ်းနေခြင်းအား ရပ်တန့်ကာ စတင်၍ ပြန်လည် ထိုးစစ်ဆင်လာပြီ ဖြစ်သည်။

သူနှင့် အမေ၏ ရည်ရွယ်ချက်သည် အထမြောက်တော့မှာ ဖြစ်လေသည်။

ဤနည်းလမ်း တစ်ခုတည်းသာလျှင် ကျီရွှမ်အား ပျက်စီးဆုံးရှုံးစေမည် ဖြစ်သည်။ ဤနည်းလမ်း တစ်ခုတည်းသာလျှင် ထိုအငြိုးကြီးတစ္ဆေ၏ မာနအား ရိုက်ချိုးနိုင်မည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူလိုချင်နေခဲ့သည့် လူသားကိုလည်း စိတ်အားငယ်သည့် အခြေအနေသို့ တွန်းပို့နိုင်ပေလိမ့်မည်။

ရုပ်သေးသခင်က ကျီရွှမ်၏ ကိုယ်ပေါ်သို့ နောက်ထပ် ချည်မျှင်တစ်ခု ထုတ်လွှတ်လိုက်သည်။

သူက ဖြစ်လာမည့် အရာကို မျှော်လင့်ရင်း ပျော်ရွှင်စွာပြုံးလိုက်၏။

ယဲ့ကျားက ကြီးမားသော ရုပ်သေးကြီးအား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။

အကြောင်းရင်း တစ်ချို့ကြောင့် ၎င်းသည် တိုက်ခိုက်ပုံ ပြောင်းလဲလိုက်ဟန်ရ၏၊ မရေမတွက်နိုင်သည့် ဒဏ်ရာရနေသော ခြေလက်များက ချွန်မြသော ထိပ်ဖျားများဖြင့် လေထဲတွင် လွင့်မျောနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ရှိ အဆစ်များအားလုံးမှ ကြီးမားသော ပွတ်တိုက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ့ထံသို့ ဦးတည်လာခဲ့လေသည်။

ယဲ့ကျားက လက်ရှိအခြေအနေကို ကြည့်ရင်း သံသယအချို့ကို အတည်ပြုနိုင်သွားခဲ့သည်။

သူက ထိုတိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုပဲ ကျွမ်းကျင်လိမ္မာစွာဖြင့် နောက်ဆုတ်လိုက်သည်။

သွေးလှိုင်းများ ဝန်းရံနေသည့်အလယ်တွင် ဖျော့တော့သော အပြုံးက ကျီရွှမ်၏ နှုတ်ခမ်းထက်၌ ချိတ်ဆွဲလာခဲ့လေသည်။ စွဲလမ်းရူးသွပ်သော အရိပ်က သူ၏ ကြက်သွေးရောင် မျက်ဝန်းများတွင် ထင်ဟပ်လာခဲ့၏။ တိုက်ခိုက်မှုများ နီးကပ်လာချိန်တွင် သူက တစ်ဖက်လူ၏ ဓားကို သူ့လည်ပင်းဖြင့် ထိလိုက်သည်။

ယဲ့ကျား ထိတ်လန့်သွားခဲ့သည်။

သူ့ရှေ့ရှိ ရုပ်သေးက တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ပြီး သူ၏ ဓားပေါ်သို့ ၎င်း၏ လည်ပင်းကို တင်လာခဲ့သည်။

အဆိုပါ အနေအထားသည် ယဲ့ကျားအတွက် အလွန်ရင်းနှီးလှ၏။

သူ့အား အရာတစ်ခုကို ပြန်လည်သတိရစေလေသည်။

ရုတ်တရက်ဆိုသလို အားလုံး အဓိပ္ပာယ်ရှိသွားခဲ့၏။

ယဲ့ကျား၏ မျက်ဝန်းအိမ်များက ကျုံ့ဝင်သွားခဲ့သည်။ သူက တွေးရန်ပင် မလိုအပ်ပဲ ဗီဇအလျှောက် ရိုးရှင်းစွာ တုံ့ပြန်လိုက်လေသည်။

ထက်မြသော တံစဉ် က သူ့ခေါင်းပေါ်သို့ ဦးတည်ချက်ပြောင်းသွားခဲ့၏။

“ရွှပ်…”

ရုပ်သေးချည်မျှင် ပြတ်တောက်သံက မှောင်မဲပြီး တိတ်ဆိတ်နေသည့်နေရာတွင် ကျယ်လောင်စွာ ပဲတင်ထပ်သွားသည်။

“မဟုတ်ဘူး…” ရုပ်သေးသခင်က နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်အထိ အော်ဟစ်လိုက်လေသည်။

အပိုင်းပိုင်းပြတ်နေသည့် ချည်မျှင်များက သူ့ခေါင်းပေါ်သို့ ကျဆင်းလာခဲ့၏။

အခြား ရုပ်သေးချည်မျှင်များနှင့် မတူညီသည်မှာ အဆိုပါချည်မျှင်များသည် ပို၍ ပါးလျှကာ ပျော့ပျောင်းနေပြီး အမှောင်ထုကို နောက်ခံပြုလျှက် သွေးနီရောင်ချည်မျှင်များအနေဖြင့် ကျဆင်းလာခြင်း ဖြစ်လေသည်။



သွေးလှိုင်းများက တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားကြပြီး အဖြူအမည်းနံရံများက တစ်ခုနှင့်တစ်ခု စတင်ရောယှက်လာကာ အရုပ်ဆိုင်၏ မူလသွင်ပြင်အား ဖြည်းဖြည်းချင်း ပုံပေါ်လာစေလျှက် ရှိလေသည်။

သူ့ရှေ့ရှိ လူရွယ်က ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ဘာမှမရှိသည့် နေရာလွတ်ထဲတွင် ရပ်နေသော ကျီရွှမ်က လက်ကို ဖြည်းဖြည်းချင်း ဖြန့်လိုက်သည်။

ချည်မျှင်ပြတ်တောက်သွားချိန်၌ သေးငယ်သော အရုပ်က သူ့လက်တွင်းသို့ ညှင်သာစွာ ကျရောက်လာခဲ့လေသည်။

အရောင်ဖျော့ဖျော့ ဆံနွယ်များ၊ ပယင်းရောင်မျက်ဝန်းများနှင့် တံစဉ် ကိုကိုင်ဆောင်ထားသည့် သေးငယ်သော လက်မောင်းများရှိသူသည် သူ၏မျက်နှာထက်တွင် ဝမ်းနည်းသည့်အမူအရာအား ချိတ်ဆွဲထားလျှက် ရှိလေသည်။

အရမ်းချစ်ဖို့ကောင်းတာပဲ…

ကျီရွှမ်က အရုပ်ကလေးအား ပွတ်သပ်လိုက်ကာ သေးငယ်သည့် တံစဉ် အား အသာအယာထိတွေ့လိုက်၏။ သူ့နှုတ်ခမ်းထောင့်များက အပေါ်သို့ မြင့်တက်လာခဲ့သည်။

သူက ယဲ့ကျားအသေးလေးဖြင့် ဆော့ကစားနေစဉ် ယဲ့ကျားအစစ်၏ အသံက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။ “ဟေး…”

ကျီရွှမ်က အရုပ်အား သူ့အိတ်ထဲအမြန်ထည့်လိုက်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။ “ဟင်…”

သူနောက်လှည့်လိုက်သည်နှင့် အနောက်ဘက်ရှိ လူထံမှ လက်သီးပြင်းပြင်းတစ်ချက် ပစ်ဝင်လာခဲ့သည်။

ကျီရွှမ် : “…”

သူအရုပ်နဲ့ဆော့နေတာကို မြင်သွားတာများလား...

သို့သော် သူမည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ကျား၏ အသံက ထွက်ပေါ်လာခဲ့၏။ “မင်း ငါ့ တံစဥ် ပေါ်လည်စင်းပေးရတာကို တအားသဘောကျနေတာလား…” 

သူက ကျီရွှမ်၏ ပုခုံးများကို ဆုပ်ကိုင်လျှက် တစ်ဖက်လူ၏ အစာအိမ်သို့ ချိန်ရွယ်ကာ ကန်လိုက်သည်။ “မင်းရူးနေလား…”

သူ့လက်ထဲတွင် တံစဉ် ထပ်ပေါ်လာခဲ့သည်။ သူက ကျီရွှမ့်ထံသို့ ချိန်ရွယ်လိုက်၏။ အေးစက်စက်အလင်းက အနက်ရောင်နေရာလွတ်ထဲတွင် အလင်းပြန်လျှက် ရှိလေသည်။

“မင်းဒါကို ကြိုက်နေတာမဟုတ်လား…လာလေ…ဘာလို့ထပ်မစမ်းကြည့်တာလဲ…”

ကျီရွှမ် ခေါင်းငုံ့လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်လျှက်ရှိ၏။

သို့သော် ခေါင်းပြန်မော့လိုက်ချိန်တွင် သူ့အမူအရာက မူလအတိုင်းပင် အပြစ်ကင်းသည့် ဟန်ပန်သို့ ပြောင်းလဲသွားခဲ့၏။

“ကော တစ်ခုခုကို သတိပြုမိမယ်ဆိုတာ ကျွန်တော်သိတယ်လေ…ကျွန်တော်က အရိပ်အမြွက်ပေးလိုက်ရုံပါ…”

ယဲ့ကျား၏ မျက်ဝန်းများက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားခဲ့သည်။ “အရိပ်အမြွက်လား…”

အမှန်စင်စစ် သူ့အနားရှိ မြင်ကွင်း ပျောက်ကွယ်သွားခြင်းနှင့်အတူ အရုပ်ဆိုင်၏ မူလသွင်ပြင် ပေါ်လာချိန်ကတည်းက ရုပ်သေးသခင် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ယဲ့ကျားသိခဲ့လေသည်။

သူနှင့်ကျီရွှမ်က သီးသန့်ခွဲခံလိုက်ရခြင်း မဟုတ်ခဲ့ပဲ တစ်ခုနှင့်တစ်ခု ထပ်လျှက်ရှိနေသည့် နေရာများထံသို့ အသီးသီးရောက်ရှိသွားခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ရုပ်သေးသခင်သည် သူနှင့်ကျီရွှမ်အား တပြိုင်နက်ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။

ထို့အပြင် အမေ၏ လက်ဆောင်ဟူသည်မှာ သွေးနီရောင် ရုပ်သေးချည်မျှင် ဖြစ်လောက်သည်။

၎င်းက ပြုလုပ်ခံရသူ၏ စိတ်အား သက်ရောက်ခြင်းမရှိပဲ ထိုသူ၏ တိုက်ခိုက်မှုနှင့် အနေအထားအား တုပပေးမည့် အစားထိုးတစ်ဦးကို ဖန်တီးနိုင်လေသည်။ ထိုအစားထိုးရုပ်သေး လက်ဆောင်နှင့် ထပ်လျှက်ရှိသော တစ္ဆေပိုင်နက်က လိုက်ဖက်ညီလှပေသည်။ သူတို့က တစ်ခုနှင့်တစ်ခု ချောမွေ့စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်၏။

ရုပ်သေးသခင်သည်လည်း အခြေအနေတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ကာ သူစီစဉ်ထားသည့်အတိုင်း အရာအားလုံး ဖြစ်ပေါ်လာခဲ့သည်ဟု ပြောနိုင်ပေသည်။

သို့်သော် ကျီရွှမ်၏ အပြုအမူကမူ အလွန်မိုက်မဲလှသည်။

တစ္ဆေဘုရင်တစ်ဦးအနေဖြင့် သူ့တွင် အရိပ်အမြွက်ပေးရန် အခြားနည်းလမ်း သေချာပေါက် ရှိနေမည်ဖြစ်သည်။ ထိုကဲ့သို့ အန္တရာယ်များသော နည်းလမ်းအား မဖြစ်မနေလုပ်ရန် မလိုအပ်ချေ။

“စိတ်ဝေဒနာကောင်…”

ယဲ့ကျားက အေးစက်စက်ဖြင့် ထိုသို့ပြောလိုက်ပြီး တံစဉ်အား ပြန်လည်သိမ်းဆည်းကာ ဆိုင်တွင်းသို့ လှမ်းဝင်လိုက်လေသည်။

ရုပ်သေးသခင်အား မဖမ်းဆီးနိုင်သေးရာ သူက ဤနေရာ၌ အချိန်ဖြုန်းစရာ အကြောင်းမရှိချေ။

ကျီရွှမ်၏ နှုတ်ခမ်းထောင့်များက ထိန်းမနိုင်သိမ်းမရ မြင့်တက်သွားခဲ့စည်။ သူက ယဲ့ကျားနောက်သို့ အမြန်လိုက်သွားခဲ့၏။ “ကောကော…”

“ကောကောလို့ ထပ်ခေါ်ရင် ငါမင်းလျှာကိုဖြတ်ပစ်မယ်…”

လူရွယ်က ပြန်လှည့်မကြည့်ပဲ သတိပေးလိုက်လေသည်။

ကျီရွှမ် : “…”

သူ ဤတစ်ကြိမ်တွင် အနည်းငယ်လွန်သွားပုံရ၏။

တစ္ဆေပိုင်နက် ပျောက်ကွယ်သွားသည်နှင့် ဆိုင်ခန်းသည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သို့သော် လတ်တလောက ဧရာမရုပ်သေးကြီးသည် တစ္ဆေပိုင်နက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။ ၎င်းက တစ္ဆေစွမ်းအင်များ ဝေ့ဝဲလျှက် ဆိုင်အတွင်းပိုင်းတွင် မတ်မတ်ရပ်နေခဲ့သည်။ ၎င်းက တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်လျှက်ရှိလေသည်။

ဧရာမရုပ်သေးကြီး၏ နောက်ကွယ်၌…

“ဘာလို့လဲ…ဘာလို့လဲ…” ရုပ်သေးသခင်က မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ သူက သူ၏တေစ္ဆ ပိုင်နက်အား ထပ်မံ၍ အသက်မသွင်းနိုင်တော့ကြောင်း တွေ့ရှိလိုက်ရ၏။

တစ်ချိန်ထဲမှာပင် သူ့ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်သည်လည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

သူ ယခုတစ်ကြိမ်၌ မလွတ်မြောက်နိုင်တော့ချေ။

တစ်စုံတစ်ခု ထိုးသွင်းသံနှင့်အတူ ဧရာမရုပ်သေးကြီးက တံစဉ်ဖြင့် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။ ၎င်း၏ ကျိုးကျေနေသော ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ပြိုလဲသွားခဲ့သည်။ ၎င်းနောက်ရှိ ရုပ်သေးသခင်သည်လည်း ထွက်ပေါ်လာခဲ့လေသည်။

ယင်စွမ်းအင်မရှိသည့်အလျှောက် သူဖန်တီးထားခဲ့သော ပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ရုပ်သေးနောက်ဘက်တွင် ကလေးတစ်ဦး မတ်တပ်ရပ်နေကာ သူတို့နှစ်ဦးအား မုန်းတီးဟန်ဖြင့် စိုက်ကြည့်နေလေသည်။ သူ၏အသံတွင် စောစောက ရင့်ကျက်မှုနှင့် အက်ရှရှနိုင်မှုများ မရှိတော့ချေ။ သို့သော် ကလေးဆန်သည့်အသံက ပို၍ပင် အမှောင်ဘက်သို့ ကျရောက်နေခဲ့သည်။

“မင်း ဘာကြည့်တာလဲ…ငါမင်းကို သတ်ပစ်မှာ…”

ယဲ့ကျား : “…”

သူက ရုပ်သေးသခင်၏ အစစ်အမှန်ပုံစံအား တစ်ခါမှ မမြင်ဖူးခဲ့ချေ။

တစ်ဖက်လူ ပေါ်လာသည့်အခါတိုင်း အပ်နှင့်တူသည့် လက်ချောင်းများရှိသော လက်အကြီးကြီးနှစ်ဖက်ကိုသာ မြင်ရလေ့ရှိ၏။ သူက ထိုအရာသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း မျှော်လင့်မထားခဲ့ချေ။


Xxxxx