အပိုင်း ၆၇
Viewers 10k

Chapter 67



သူ အရုပ်တွေနဲ့ ဆော့ရတာ နှစ်သက်တဲ့အပေါ် မအံ့ဩတော့ပါဘူး…

သို့သော် တစ်ဖက်လူ၏ အစစ်အမှန်သွင်ပြင်အား မြင်တွေ့ရစေကာမူ ယဲ့ကျားက သူ့ရှေ့ရှိ အငြိုးကြီးတစ္ဆေအပေါ် ငဲ့ညှာမပေးနိုင်ချေ။

သူက အငြိုးကြီးတစ္ဆေနှင့် လူသားကြားရှိ ခြားနားချက်ကို ကောင်းစွာသိရှိလေသည်။ သူ့ရှေ့ရှိ ကလေးက ရှစ်နှစ်၊ ကိုးနှစ်အရွယ်သာ ရှိသေးသော်လည်း နှစ်ပေါင်း ၈၀၀ ကျော် ၉၀၀ ခန့် သက်တမ်းရှိလောက်ပြီ ဖြစ်၏။ ထို့အပြင် ထိုအငြိုးကြီးတစ္ဆေနှင့် တစ်ကြိမ်ထက်မနည်း ရင်ဆိုင်ပြီးပြီဖြစ်ရာ ၎င်းအား ဒီအတိုင်းလွှတ်ပေးသည်ထက် ရှင်းလင်းခြင်းက ပို၍ကောင်းမွန်ကြောင်း သူသေချာသိလေသည်။

သူ့လက်တွင်းရှိ တံစဉ်က လင်းလက်သွားခဲ့၏။

ယဲ့ကျားက သူ့ရှေ့ရှိ ကလေးငယ်အား အေးစက်စက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်လာခဲ့၏။ သူ၏ ပယင်းရောင်မျက်ဝန်းများထဲတွင် ရက်စက်ရိပ်က ထင်ဟပ်သွားခဲ့သည်။

“မင်းဘယ်လို အရသာရှိမလဲ ငါသိချင်နေပြီ…”

တံစဉ်က လေကိုခွင်း၍ ကျဆင်းလာခဲ့၏။

ရုပ်သေးသခင်က ကြောက်ရွံ့နေခြင်း မရှိချေ။ သူက ဟားတိုက်ရယ်လိုက်သည်။

“ဟား…ဟား…ဟား…မင်းငါ့ကို သတ်သတ်၊ နှိပ်စက်စက် အမေက နောက်ထပ် အငြိုးကြီးတစ္ဆေတွေ ထပ်လွှတ်ဦးမှာပဲ…”

ယဲ့ကျား ကြောင်အသွားခဲ့၏။

သူက တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်။

“မင်းမှန်တယ်…”

ရုပ်သေးသခင် : “…”

ယဲ့ကျားက တံစဉ်ကို ဖယ်ရှားလိုက်သည်။

“မင်းကို နည်းနည်းနှိပ်စက်သင့်တယ်…”

သူက ကလေးကို ညွှန်ပြကာ ကျီရွှမ်အား ပြောလိုက်သည်။

“ငါသူ့ကို မင်းဆီအပ်လိုက်မယ်…အမေ့ရဲ့ နောက်ထပ်အကြံအစည်ကို သေချာစစ်မေးလိုက်…”

ရုပ်သေးသခင် : “…”

ထိုအချိန်မှာပင် မနီးမဝေးမှ စွမ်းအင်အတက်အကျကို ခံစားလိုက်ရသည်။

ကျီရွှမ် : “ကောရဲ့ ဗြူရိုက လူတွေရောက်လာပြီ…”

ထိုအချိန်မှာပင် မိန်းမပျိုလေးတစ်ဦး၏ နူးညံ့သောအသံက ပဲ့တင်ထပ်လာခဲ့သည်။ “ဟဲလို…ဒီမှာ ဘယ်သူရှိလဲ…”

ထိုအသံနောက်တွင် သံဖြတ်လွှကြီး၏ အသံနှင့်အတူ တံခါးလက်ကိုင်က ထက်ခြမ်းခွဲခံလိုက်ရသည်။

ယဲ့ကျား : “…”

အိုး မဖြစ်ဘူး…

“ဘယ်သူမှမရှိရင် ကျွန်မ ဝင်လာပြီနော်…”

သူက ကျီရွှမ်နှင့်အတူ ထွက်လာခဲ့ခြင်းဖြစ်ရာ ခေါင်းစွပ်အား စွပ်မလာခဲ့မိချေ။

သူ၏ တစ္ဆေပိုင်နက်အား အသက်သွင်းရန်မှာလည်း အလွန်နောက်ကျသွားပြီ ဖြစ်၏။

ထို့အပြင် တစ္ဆေပိုင်နက်အား အသက်သွင်းခြင်းအား ဗြူရိုရှိလူများ သတိပြုနိုင်မှာ မဟုတ်သော်လည်း အဆင့်မြင့် ကစားသူများရှေ့တွင်မူ ဖုံးကွယ်နိုင်မည်မဟုတ်ချေ။

ကျီရွှမ်က လက်ကိုမြှောက်ကာ ယဲ့ကျား၏ခါးကို ညှင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်အား လက်မောင်းများနှင့် ပွေ့ဖက်လိုက်သည်။ ထို့နောက် သူ၏ အေးစက်စက်ရင်ဘတ်နှင့် ဖိကပ်ထားလိုက်၏။

သူက ခေါင်းကိုငုံ့ကာ ယဲ့ကျား၏ နားရွက်များအား သူ့နှုတ်ခမ်းပါးများဖြင့် နီးကပ်စေလိုက်သည်။ ထို့နောက် အပြုံးဖျော့ဖျော့ဖြင့် ဆိုလာခဲ့၏။

“ကောကော…ဘာတွေစိတ်ပူနေတာလဲ…ကျွန်တော် ဒီမှာတယ်လေ…”


ဝေ့ရွှယ်ချူးက ဆိုင်တွင်းသို့ ဝင်လာခဲ့သည်။


သူမက သူမ၏ သေးသွယ်သော ပုံရိပ်နှင့် မလိုက်ဖက်သော သံဖြတ်လွှကြီးကို ကိုင်ထားခဲ့လေသည်။ ၎င်းက အဆက်မပြတ် မြည်ဟည်းနေကာ ညမှောင်မှောင်ထဲတွင် ထိုသံဖြတ်လွှ၏ ပွတ်တိုက်သံက ပဲ့တင်ထပ်လျှက်ရှိ၏။


ယဲ့ကျားက အမြန်နောက်ဆုတ်လိုက်သည်။ သို့သော် သူ့နောက်ကျောက တစ်ဖက်လူ၏ ရင်ဘတ်နှင့် တိုက်မိသွားခဲ့၏။ သူက ရပ်လိုက်ပြီး ကျီရွှမ်အား လှည့်ကြည့်လိုက်သည်။


တစ်ဖက်လူက သူ့ကို ငုံ့ကြည့်နေခဲ့၏။ သူ၏ ကြက်သွေးရောင် မျက်ဝန်းများသည် ကျီစားလိုရိပ်များဖြင့် တောက်ပနေခဲ့သည်။

သူက လက်ကိုမြှောက်ကာ လက်ညှိုးဖြင့် နှုတ်ခမ်းကို ကန့်လန့်ဖြတ် ပိတ်ပြရင်း ရှူး ဟူသည့် အမူအရာအား ပြုလုပ်လိုက်လေသည်။

ယဲ့ကျား : “…”

နည်းနည်းပိုပြီး ရင့်ကျက်ပေးလို့ရမလား…

ဝေ့ရွှယ်ချူးက ပရမ်းပတာ ဖြစ်နေသော စတိုးဆိုင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူမ၏ အကြည့်က သူတို့အပေါ် ကျရောက်လာခဲ့သော်လည်း သူတို့နှစ်ဦးအား မြင်တွေ့သွားခဲ့ခြင်း မရှိခဲ့ချေ။ သူမက ဆိုင်အတွင်းထဲရှိ ဧရာမရုပ်သေးကြီးရှေ့တွင် ရပ်လိုက်၏။

ချည်မျှင်များအား ဆုံးရှုံးလိုက်ရပြီ ဖြစ်သော အသက်မဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် တောင်လေးတစ်လုံးသဖွယ် အပုံလိုက်ကလေး ရှိနေလေသည်။

လေထဲတွင် သွေးနံ့ပြင်းပြင်းက ရောယှက်လျှက်ရှိလေသည်။ ၎င်းက သူမအရှေ့ရှိ မြင်ကွင်းကို အိမ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာစေလျှက် ရှိလေသည်။

မိန်းမပျိုလေးက အမူအရာတစ်ချက်ပင် ပြောင်းလဲခြင်းမရှိပဲ ရှေ့သို့ ဆက်လက်လှမ်းလာခဲ့သည်။ သူမက ခေါင်းကိုငုံ့ကာ ရုပ်အလောင်းကို ဆန်းစစ်လိုက်သည်။

ထို့နောက် အလောင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ဒဏ်ရာအား စစ်ဆေးလိုက်၏။ ကြည့်ရသည်မှာ ထက်မြသောအရာတစ်ခုဖြင့် မကောင်းဆိုးဝါး၏ ကြံ့ခိုင်သော ခန္ဓာကိုယ်အား အလွယ်တကူ ပိုင်းဖြတ်ထားပုံ ပေါ်လေသည်။

ထိုအချိန်မှာပင် ကားစက်သံများက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။

ဝေ့ရွှယ်ချူးက မတ်တပ်ရပ်ကာ အပြင်သို့ပြန်လျှောက်လာသည်။

ဝူစူးက ကားထဲမှ အမြန်ထွက်လာခဲ့၏။ “ဘယ်လိုလဲ…”

“တိုက်ပွဲက ပြီးသွားတာကြာပြီ…” ဝေ့ရွှယ်ချူး သက်ပြင်းချကာ သူမလက်ထဲရှိ သံဖြတ်လွှကြီးအား ပိတ်လိုက်သည်။

ဝူစူး : “…” ခင်ဗျားက ဘာကို စိတ်ပျက်နေတာတုန်း…

ဝေ့ရွှယ်ချူးက နောက်ကိုပြန်လှည့်ကာ မှောင်မဲနေသည့် ဆိုင်ကို ကြည့်လိုက်သည်။

“အဲဒါ အေ့စ်ပဲ…”

“အေ့စ် လား…” ဝူစူးက ကြောင်အသွားခဲ့၏။

ဝေ့ရွှယ်ချူးက လေသံမာမာဖြင့် မေးလာခဲ့သည်။

“ရှင် အေ့စ်နဲ့ တကယ်ပဲ အဆက်အသွယ်ရှိတာလား…”

ဝူစူး : “သေချာတာပေါ့…” အပျိုစင် ပေါ်ထွက်လာကတည်းက သူ အေ့စ်အား ထိုကိစ္စကို တင်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်လူက ဘာမှ ပြန်ပြောမလာခဲ့ချေ။

ဝေ့ရွှယ်ချူးက ခေါင်းကိုငုံ့ကာ သူမခြေထောက်နားရှိ ကျောက်ခဲအား ကန်လိုက်သည်။ သူမက မကျေမနပ်ဆိုလာခဲ့၏။

“ဒါဖြင့် သူဒါကို ကိုင်တွယ်ဖို့ရှိတာတောင် ဘာလို့ ကျွန်မတို့နဲ့ လာမတွေ့ရတာလဲ…”

ဝူစူးက နှစ်ထောင်းအားရ ဖြစ်စွာဖြင့် ပြန်ဖြေလာ၏။ “ဖြစ်နိုင်တာ ခင်ဗျားနဲ့ အေ့စ်ကြားက ဆက်ဆံရေးက ခင်ဗျားထင်ထားသလောက် အဆင်မပြေတာလား…”

ဝေ့ရွှယ်ချူးက မျက်ဝန်းများကို မှေးကျဉ်းကာ ဝူစူးအား သတ်ဖြတ်လိုရိပ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဘာပြောတယ်…”

ဝူစူးက သူမလက်တွင်းရှိ သံဖြတ်လွှကြီးကို ကြည့်ကာ သူ့အမြင်ကို ချက်ချင်း ပြောင်းပြောလိုက်သည်။

“ကျွန်တော်ပြောချင်တာ သူအလုပ်ရှုပ်နေတာ နေမှာလို့…”

တစ်စုံတစ်ဦးသည် တပ်ဆုတ်ရမည့် အချိန်အား သေချာပေါက် သိရှိရန် လိုအပ်ပေသည်။

ဝေ့ရွှယ်ချူးက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ရင်း သူ့အား ဤတစ်ကြိမ်လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

သူမက ဆိုင်ကိုညွှန်ပြကာ ဆို၏။

“အဲဒီ့အထဲမှာရှိတာကို အေ့စ်ကရှင်းလိုက်ပြီ…အဲဒါကြောင့် ဘာခြိမ်းခြောက်မှုမျိုးမှ ထပ်ရှိလာမှာ မဟုတ်တော့ဘူး…ဒါပေမယ့် အခုကစပြီး ကစားသူတွေရော အငြိုးကြီးတစ္ဆေတွေရော ပေါ်လာနိုင်ချေရှိတယ်…ဒါ့ကြောင့် ရှင်ဒီနေရာကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတာပိုကောင်းလိမ့်မယ်…”

ဝူစူး : “ကောင်းပြီလေ…”

သူတို့အနောက်ဘက်တွင် ဗျူရိုရှိ အဖွဲ့ဝင်များက ရောက်ရှိလာကြကာ သူတို့၏အလုပ်များကို စတင်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ သူတို့က အဝါရောင်တိတ်များကို ယူကာ ဆိုင်တွင်းသို့ နေရာအားရှင်းလင်းရန် ဝင်လာခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ဝေ့ရွှယ်ချူးက တစ်စုံတစ်ခုအား သတိပြုမိသွားဟန်ဖြင့် လမ်းဆုံးသို့ လှည့်ကြည့်လိုက်၏။

လေးနက်သည့် ဟန်ပန်က သူမမျက်လုံးများတွင် အရိပ်ထင်လာခဲ့သည်။ “မဖြစ်နိုင်တာ…”

ကြက်သွေးရောင် အက်ကြောင်းများက ဟိုတယ် အခန်းလွတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ရုတ်တရက်ဆိုသလို ပုံရိပ်နှစ်ခုက အခန်းအလယ်တွင် ပေါ်ပေါက်လာခဲ့သည်။

သူတို့နှစ်ဦးလုံးက အရွယ်ရောက်ပြီးသူများ ဖြစ်ကြ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အခန်းတစ်ခုလုံးက စည်းချခံလိုက်ရသည်။

သူနေရာအတည်တကျ ဖြစ်သည်နှင့် ယဲ့ကျားက ကျီရွှမ်နှင့် ခပ်ခွာခွာနေလိုက်သည်။

သူက နှာခေါင်းကို အသာကုတ်လိုက်မိ၏။

အမှန်စင်စစ် ယခုစဉ်းစားလျှင်ပင် ဝေ့ရွှယ်ချူးအား ရှောင်ရှားနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိလေသည်။ သို့သော် ကျီရွှမ်ကြောင့် သူ ဘာမှမတွေးနိုင်တော့ပဲ အခန်းထောင့်သို့သွားကာ တစ်ဖက်လူ တစ္ဆေပိုင်နက်အား အသက်သွင်းသည်ကိုစောင့်၍ အတူလိုက်ပါလာမိခြင်း ဖြစ်လေသည်။

သူဘယ်လိုတောင် တုံးတာလဲ…

ယဲ့ကျား ပြန်၍ပင်တွေးချင်စိတ်မရှိချေ။

ကျီရွှမ် သူ့အနားရှိနေတိုင်း သူ၏ အတွေးနှင့်လှုပ်ရှားပုံများက တစ်နည်းနည်းဖြင့် သက်ရောက်ခံရလေ့ရှိသည်။ ထိုခံစားချက်က သူ့အား သက်တောင့်သက်သာမရှိ ဖြစ်စေလေသည်။

ကျီရွှမ်၏အနားမှ ဖယ်ခွာနေသရွေ့ သူ့တွင် အဆင်ပြေနေလိမ့်မည်။ သင်လည်းအဆင်ပြေ၊ ကျွန်ုပ်လည်း အဆင်ပြေ၊ အားလုံးအဆင်ပြေနေပေလိမ့်မှာပင်။

ယဲ့ကျားက စေ့စပ်သေချာစွာ ပြုလုပ်လိုသည့် လေယူလေသိမ်းဖြင့် တစ်ဖက်လူအား နှင်ထုတ်ရန် ကြိုးစားလိုက်သည်။

“ဒီတော့…မင်းဘာမှ လုပ်စရာမရှိဘူးလား…”

ကျီရွှမ်က ပြန်မဖြေခဲ့ချေ။

သူက အခန်းအလယ်တွင်ရပ်နေရင်း သူ၏ ကြက်သွေးရောင် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်၏။ မမြင်နိုင်သည့် စွမ်းအားမျှင်များက ပျံ့နှံ့လာခဲ့ကာ အခန်း၏ ချောင်ကြိုချောင်ကြားပါမကျန် စစ်ဆေးလိုက်သည်။

ကျီရွှမ်က အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ကော ဒီမှာနေမလို့လား…”

သူ့ အသံထဲရှိ အံ့ဩမှုက အလွန်သိသာလှသည်။

ယဲ့ကျား : “…”

သူက အသက်ပြင်းပြင်းရှူကာ တစ်လုံးချင်းပြောလာ၏။

“မင်းသာ ငါ့တိုက်ခန်းကို စောစောပြင်ပေးရင် ငါဒီမှာနေစရာလိုပါ့မလား…”

ကျီရွှမ်က တစ်ဖက်လူ၏ အသံထဲရှိချဉ်တင်တင်ဖြစ်မှုများအား မခံစားမိခဲ့ချေ။ သူက သူ၏ကိုယ်ပိုင်နေရာသို့ ရောက်နေသည့်အတိုင်း ကုလားထိုင်တစ်လုံးကို ဆွဲယူ၍ ထိုင်လိုက်လေသည်။

“ရုပ်သေးသခင်ကို ဘယ်လိုကိုင်တွယ်ကြမလဲ…”

ယဲ့ကျား : “ဘာလုပ်ရမယ်ဆိုတာ မင်းငါ့ထက်ပိုသိမှာပေါ့…”

ကျီရွှမ် မျက်ခုံးပင့်လိုက်မိ၏။

“ကိစ္စမရှိပါဘူး…”

သူက လက်ချောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်နှင့် ကလေးငယ်တစ်ဦးက သူတို့ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

အမျက်ဒေါသက အဆိုပါကလေးငယ်၏ မျက်ဝန်းများအတွင်း စီးဆင်းနေခဲ့ကာ ခြေထောက်တိုတိုလေးများဖြင့် ရုန်းကန်နေခဲ့သည်။ သူ့မျက်ဝန်းထဲရှိ ရက်စက်လိုရိပ်ကိုလည်း ဖုန်းကွယ်ထားခြင်း မရှိချေ။

“ဟမ့်…”

ကျီရွှမ်က စားပွဲခုံကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်လျှက်ရှိလေသည်။

သူက ဆက်ပြောလာ၏။

“S အဆင့် အငြိုးကြီးတစ္ဆေအကုန်လုံးက နှိပ်စက်ခံဖူးကြတာ ချည်းပဲ…ကော သူတို့အရိုးကိုဆွဲထုတ်ပြီး အရေခွံခွာရင်တောင် သူတို့ဆီက ဘာမှရလိမ့်မှာ မဟုတ်ဘူး…”

ကျီရွှမ်က မျက်ဝန်းများကို ကျဉ်းမြောင်းလျှက် မျက်စိရှေ့ရှိ ရုပ်သေးသခင်အား ကြည့်လိုက်ကာ ဖြည်းညှင်းစွာ မေးလိုက်၏။

“ဟုတ်တယ်မလား…”

ရုပ်သေးသခင် : “ဟမ့်…”

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်မိသည်။

၎င်းမှာ အမှန်ပင်ဖြစ်၏။

ကစားသူဖြစ်စေ၊ တစ္ဆေဖြစ်စေ ဂိမ်းထဲတွင် အချိန်များများ ကုန်ဆုံးပြီးသည့်အခါ သူတို့၏ နာကျင်မှုခံနိုင်ရည်သည်လည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ ပုံမှန်နှိပ်စက်သော နည်းလမ်းများက သူတို့အပေါ်တွင် အလုပ်မဖြစ်နိုင်ချေ။

သူက ခဏတွေးကာ မေးလိုက်သည်။ “သူ့ရဲ့ ရုပ်သေးတွေရော…”

ကျီရွှမ်က ယဲ့ကျား၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်များက မြင့်တက်လာခဲ့၏။ “ကျွန်တော့်ကို အချိန်ခဏပေး…”

ရုပ်သေးသခင်သည်လည်း တစ်စုံတစ်ခုအား သတိပြုမိသွားဟန်ဖြင့် ယဲ့ကျားအား သတ်ချင်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဟမ့်…”

ရုတ်တရက်ဆိုသလို ယဲ့ကျားက တစ်စုံတစ်ခုအား သတိရသွားခဲ့သည်။ သူက ကျီရွှမ်အား လှည့်ကြည့်လိုက်၏။

“သွေးအရိုးငါးရော…”

ကျီရွှမ် : “…”

မေ့သွားခဲ့တာပဲ…

သူ၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိချေ၊၊ သူက လည်ချောင်းရှင်းကာ အကွာအဝေးတစ်ခုရှိ ညကောင်းကင်အား မော့ကြည့်လိုက်သည်။

“မကြာခင် သူရောက်လာမှာပါ…”

.......

လမ်းအဝင်ဝတွင် ဖြစ်သည်။

ညက မင်ရောင်ခြယ်ထားသည့်နှယ် မှောင်မိုက်နေ၏။ မြေကြီးထဲမှ သွေးအရိုးငါး၏ ဦးခေါင်းခွံက ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ နက်မှောင်ကာ ဟောင်းလောင်းပေါက်ဖြစ်နေသည့် မျက်လုံးများဖြင့် သူ့ရှေ့ရှိ လူသေးသေးလေးများကို ကြည့်ရှုနေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် သွေးများက ဝဲကတော့သဖွယ် လှည့်လည်စီးဆင်းလျှက်ရှိ၏၊၊ ၎င်းထံမှ ထုတ်လွှတ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှုက သာမန်လူတစ်ဦးကို ရပ်တည်နိုင်စွမ်းမရှိအောင် ဖိအားပေးလျှက်ရှိသည်။

ဝေ့ရွှယ်ချူးက သူမ၏သံဖြတ်လွှအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမ၏ သေးသွယ်သော လက်ဖဝါးများက ချွေးပျံနေကြ၏။

သူမက အသက်ရှူအောင့်ထားကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ သို့သော် သွေးအရိုးငါးက အတန်ကြာသည်အထိ သူမအား တိုက်ခိုက်မလာခဲ့ချေ။

၎င်းက တစ်စုံတစ်ရာအား ဝေခွဲမရဖြစ်နေဟန်ဖြင့် ခေါင်းကို မျှော်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို သွေးအရိုးငါးက တစ်စုံတစ်ခုအား အာရုံခံမိသွားပုံရ၏။ ၎င်းက ခေါင်းကိုမော့ကာ အနံ့ခံလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ၎င်းက မြေအောက်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ မာကျောသော မြေပြင်က ကြက်သွေးရောင်ရွှံ့နွံအဖြစ် ပြောင်းလဲသွားခဲ့ကာ သွေးအရိုးငါး၏ ပုံရိပ်တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။

အန္တာရာယ်ကြီးမားသော ဖိနှိပ်ချုပ်ချယ်မှုသည်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။

သို့သော် လေထုထဲတွင် သွေးနံ့ဖျော့ဖျော့က ပျံ့နှံ့နေဆဲ ဖြစ်လေသည်။

ဝေ့ရွှယ်ချူးက ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။ သူမကျောဘက်ရှိ ချွေးများအား ညလေအေးအေးက ဖြတ်တိုက်သွားသည့် အလျှောက် အေးစိမ့်စိမ့်ဖြစ်သွားခဲ့ရ၏။

သူမက ဂိမ်းထဲတွင် အတွေ့အကြုံ ကြွယ်ဝသော်လည်း သွေးအရိုးငါးနှင့် ရင်ဆိုင်ရလျှင်မူ သူမ အနိုင်ရမည်ဟု အတပ်မပြောဝံ့ချေ။

အဆုံးသတ်တွင် ထိုအရာပေါ်ပေါက်လာချိန်တိုင်း သေခြင်းနှင့် ကပ်ဘေးများကို ပူးတွဲသယ်ဆောင်လာတတ်မြဲသာ ဖြစ်သည်။ သွေးအရိုးငါး၏ စက်ကွင်းမှ ကစားသူအနည်းငယ်သာ လွတ်မြောက်လာခဲ့ဖူး၏။

သွေးအရိုးငါး ထွက်ခွာသွားသည်ကို မြင်ရသည့်နောက် သူမအနောက်ရှိလူက အမြန်ထွက်လာခဲ့သည်။

ဝူစူးက မေးလိုက်၏။ “အဲဒါ ဘာလဲ…”

ဝေ့ရွှယ်ချူးက သံဖြတ်လွှကို အားပြု၍ရပ်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“တစ္ဆေဘုရင်ကျီရွှမ်ရဲ့ သွေးအရိုးငါးလေ…”


သူမ၏ အမူအရာက အနည်းငယ် ဖြူဖျော့နေဆဲဖြစ်၏။ “ဘာလို့အဲဒါက ဒီမှာပေါ်လာပါလိမ့်…”

--တစ္ဆေဘုရင် ကျီရွှမ်၏ သွေးအရိုးငါးသည် A အဆင့်နားရှိသော မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်အနီးတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းက အခြေအနေတစ်ခုလုံးကို ရှုပ်ထွေးသွားစေခဲ့၏။


ဝူစူးက အံ့ဩသွားခဲ့သည်။ “အဲဒါက သွေးအရိုးငါးလား…”

ဝေ့ရွှယ်ချူးက ခေါင်းညှိတ်လိုက်သည်။

“သေချာတာပေါ့…”

သွေးအရိုးငါးသည် မကောင်းဆိုးဝါး အစိတ်အပိုင်းများစွာ ပါရှိသည့် သန္ဓေပြောင်းမျိုးစိတ်တစ်ခု ဖြစ်လေသည်။ ၎င်းတို့က လူမြင်ကွင်းသို့ ထွက်ပေါ်လာသည်မှာ အလွန်ရှားသော်လည်း တစ်ခါတွေ့ဖူးသည်နှင့် ထိုပုံသဏ္ဍာန်အား မေ့နိုင်တော့မည် မဟုတ်ချေ။ --အဆိုပါ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အားကောင်းသော တည်ရှိမှုမှာ သွေးအရိုးငါးဖြစ်ကြောင်း သံသယဝင်ရန်ပင် မလိုအပ်ချေ။

ဝူစူး၏ အမူအရာက အနည်းငယ် ထူးဆန်းသွားခဲ့သည်။ “အဲဒါက တစ္ဆေဘုရင်ကျီရွှမ်ရဲ့ သွေးအရိုးငါးလား…”

ဝေ့ရွှယ်ချူးက ရှုပ်ထွေးစွာ ပြန်ဖြေလာခဲ့သည်။ “ဟုတ်တယ်လေ…ဘာဖြစ်လို့လဲ…”

“ခင်ဗျား သေချာရဲ့လား…”

ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။ သူမက အနည်းငယ် စိတ်ဆိုးသွားဟန်ဖြင့် “ကျွန်မ ဂိမ်းထဲမှာရှိနေတာ ကြာပြီဆိုပေမယ့် သွေးအရိုးငါးတစ်ကောင်ပဲ မြင်ဖူးသေးတယ်…ဘယ်လိုလုပ် မှားနိုင်မှာလဲ…”

ဝူစူးက အသက်ပြင်းပြင်းရှူကာ ဖြည်းညှင်းစွာ ဆိုလာခဲ့၏။

“အင်း…M မြို့မှာ မကောင်းဆိုးဝါးတွေ သောင်းကျန်းခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိသေးလား…”

ဝေ့ရွှယ်ချူးက ခေါင်းညှိတ်လိုက်သည်။

“ကျွန်တော် အဲဒါကိုတွေ့ခဲ့တယ်…”


Xxxxxxxc